မကြာမီ—စစ်မှုမရှိသည့်ကမ္ဘာတစ်ခု!
၁၉၁၄ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ဂျင်မ် ပရင့်စ်အမည်ရှိ ဗြိတိသျှစစ်သားငယ်တစ်ဦးသည် ပိုင်ဆိုင်မဲ့ဒေသကိုဖြတ်ပြီး ဂျာမန်ခြေလျင်တပ်သားတစ်ဦးနှင့် စကားပြောဆိုခဲ့ပါသည်။ “ကျွန်တော်က ဆက်ဆုန်လူမျိုး။ ခင်ဗျားကျတော့ အင်္ဂလို-ဆက်ဆုန်လူမျိုးဖြစ်တယ်။ ကျွန်တော်တို့ ဘာကြောင့် စစ်တိုက်နေကြရတာလဲ” ဟုဂျာမန်စစ်သားက မေးမြန်းခဲ့သည်။ နောင်နှစ်ပေါင်းများစွာအကြာတွင်ပင် ပရင့်စ်က– “အဲ့ဒီမေးခွန်းရဲ့အဖြေကို အခုထိ ကျွန်တော်မသိသေးဘူး” ဟုဝန်ခံပါသည်။
၁၉၁၄ ခုနှစ် အလွန်ထူးခြားသောရက်သတ္တပတ် တစ်ပတ်တွင် ဗြိတိသျှနှင့် ဂျာမန်စစ်သားများသည် ညီရင်းအစ်ကိုပမာဘောလုံးကန်ရုံမက ခရစ္စမတ်လက်ဆောင်များကိုလည်း အချင်းချင်းလဲလှယ်ပေးကမ်းခဲ့ကြသည်။ ဤအပစ်အခတ်ရပ်စဲရေးမှာ အမှန်တော့ တရားဝင်မဟုတ်ပါ။ ဗြိတိသျှစစ်သား အဲလ်ဘတ်တ် မော်ရင်းန်က နောက်ကြောင်းကို ဤသို့ ပြန်ပြောပါသည်– “နောက်ထပ်တစ်ပတ်သာ အပစ်အခတ်ရပ်စဲခဲ့ရင် စစ်ပြန်စတိုက်ဖို့ အတော်ခဲယဉ်းခဲ့မယ်။”
ကျင့်သားရစစ်သားများပင်လျှင် စစ်မှုထက် ငြိမ်သက်မှုကိုလိုလားကြောင်း ထိုအလိုအလျောက်အပစ်အခတ်ရပ်စဲခြင်းအဖြစ်အပျက်က ထင်ရှားစေသည်။ ကမ္ဘာချီထင်မြင်ချက် မဲရွေးပွဲပြုခဲ့မည်ဆိုလျှင် စစ်မှုထက် ငြိမ်းချမ်းရေးကို လိုလားသူ ပိုများကြောင်း ထင်ရှားပါလိမ့်မည်။ သို့သော် တစ်လောကလုံး၏ ငြိမ်းချမ်းရေးလိုလားစိတ်က စစ်မှုကင်းသောကမ္ဘာအဖြစ်သို့ အဘယ်နည်းဖြင့် ပြောင်းလဲလာစေနိုင်မည်နည်း။
စစ်မှုကို မချုပ်ငြိမ်းနိုင်မီ စိတ်ထားများကို ပြုပြင်ပြောင်းလဲရန်လိုသည်။ ယူအဲန် ပညာရေး၊ သိပ္ပံနည်းကျနှင့်ယဉ်ကျေးမှုဆိုင်ရာအဖွဲ့၏ အခြေခံဥပဒေက ဤသို့ဆိုသည်– “လူ့စိတ်ထားကြောင့် စစ်မှုစတင်ခဲ့ရာ စစ်မှုကာကွယ်ရေးကို လူ့စိတ်တွင် တည်ဆောက်ပေးရန်လိုပါသည်။” သို့ဆိုလျက်ပင် မယုံသင်္ကာမှုနှင့် မုန်းတီးမှုနှံ့ပြားသော မျက်မှောက်လူ့အဖွဲ့အစည်းသည် ပိုမိုငြိမ်းချမ်းလာမည့်အစား ပိုကြမ်းကြုတ်ခက်ထန်လာပေပြီ။
မည်သို့ဆိုစေကာမူ ဖြောင့်မတ်ခြင်းတရားကိုမြတ်နိုးသူများစိတ်ထဲတွင် ငြိမ်းချမ်းမှုသည် တစ်နေ့နေ့စွဲထင်လိမ့်မည်ဟု ဘုရားသခင်ကိုယ်တော်တိုင် ကတိထားတော်မူသည်။ မိမိ၏ပရောဖက်ဟေရှာယမှတစ်ဆင့် ကိုယ်တော်ဤသို့မိန့်တော်မူသည်– “ထာဝရဘုရားသည် လူမျိုးတို့တွင် တရားစီရင်၍ များပြားသောလူတို့ကို ဆုံးမတော်မူသဖြင့် သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည် စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန်မသင်ရကြ။”—ဟေရှာယ ၂:၄။
စိတ်တွင်ငြိမ်းချမ်းမှုကို တိုးပွားစေခြင်း
အကြံအစည်များတွင် ဤသို့ထူးခြားသောအပြောင်းအလဲဖြစ်ပေါ်နိုင်ပါမည်လော။ လူတို့သည် စစ်မှုကို အမွှမ်းတင်မည့်အစား ငြိမ်းချမ်းမှုကို စောင့်ရှောက်ကာကွယ်ထားတတ်လာမည်လော။ ဗို့လ်ဂန် ကပ်စရို၏ပုံသက်သေကို သုံးသပ်ပါ။ ‘စစ်အတတ်ကို မသင်’ သည့်အတွက် ဤအသက် ၂၀ ရှိဂျာမန်အမျိုးသားကို နာဇီတို့သည် ၁၉၄၂ ခုနှစ်တွင် ခေါင်းဖြတ်သတ်ခဲ့သည်။ သူ အဘယ်ကြောင့်အသေခံရန် ရွေးချယ်ခဲ့ပါသနည်း။ သူကိုယ်တိုင်ရေးသည့် ဝန်ခံချက်တွင် “ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှ ချစ်ရမည်”၊ “ဓားကိုကိုင်သောသူရှိသမျှတို့သည် ဓားဖြင့် ဆုံးခြင်းသို့ရောက်ကြလိမ့်မည်” အစရှိသည့် ကျမ်းစာမူများကို သူကိုးကားတင်ပြထားသည်။ (မဿဲ ၂၂:၃၉; ၂၆:၅၂) ထိုနောက် သူဤသို့ အတိအလင်းမေးမြန်းပါသည်– “ဤပညတ်ချက်များကို ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် သစ်ပင်များအတွက် မှတ်တမ်းတင်စေခဲ့ပါသလော။”
သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် ဘုရားသခင့်နှုတ်ကပါဌ်တော်သည် “တန်ခိုးနှင့်ပြုပြင်” ခဲ့သောကြောင့် ဤယေဟောဝါသက်သေလုလင်အား သက်ရောက်မည့်အကျိုးကို ပမာဏမပြုဘဲ ငြိမ်းချမ်းမှုကိုသာ မီအောင်လိုက်စေရန် တိုက်တွန်းပေးခဲ့သည်။ (ဟေဗြဲ ၄:၁၂; ၁ ပေတရု ၃:၁၁) သို့သော် ဗို့လ်ဂန် ကပ်စရိုတစ်ဦးတည်းသာ ဤသို့ငြိမ်းချမ်းမှုကို မီအောင်လိုက်ခဲ့သည်မဟုတ်။ ၁၉၃၃-၄၅ အတွင်း ချာ့ချ်များကို နာဇီတို့၏ နှိပ်စက်ကလူပြုမှု စာအုပ်တွင် ဂျေ. အက်စ်. ကောန်ဝေးက ယေဟောဝါသက်သေများသည် အဖွဲ့လိုက် စစ်လက်နက်ကိုမကိုင်ဆောင်ကြောင်း သက်သေထူသည့် တရားဝင်နာဇီမှတ်တမ်းများကိုကိုးကားဖော်ပြခဲ့သည်။ ကောန်ဝေးတင်ပြသည့်အတိုင်းပင် ဤသတ္တိရှိသောရပ်တည်ချက်သည် မိမိသေတမ်းစာကိုမိမိ လက်မှတ်ရေးထိုးရာရောက်ပါသည်။
ယနေ့ ယေဟောဝါသက်သေများသည် လူမျိုးမရွေး၊ နိုင်ငံမရွေး ဆက်လက်၍ ငြိမ်းချမ်းမှုကို မီအောင်လိုက်နေကြပါသည်။ အဘယ်ကြောင့်နည်း။ ဘုရားသခင်၏ စစ်မှန်သောကျေးကျွန်များသည် ဓားများကို ထွန်သွားဖြစ်စေရမည်ဟု သမ္မာကျမ်းစာ၏သွန်သင်မှုကို သူတို့ခံယူထားသောကြောင့်ဖြစ်သည်။ ၁၉၈၇ ခုနှစ်က အစ္စရေးနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သူ အာဂျင်တီးနားနိုင်ငံသား လူငယ် အာလကန်ဒရိုကိုယ်တိုင် ယင်းဖြစ်ရပ်မှန်ကို သက်သေထူနိုင်ပါသည်။
တက္ကသိုလ်ကျောင်းတက်နေစဉ် သုံးနှစ်တိုင် အာလကန်ဒရိုသည် စုပေါင်းလယ်ယာတစ်ခုတွင်နေထိုင်၍ ဟိုတယ်နှင့်စားသောက်ဆိုင်များတွင် ဝမ်းစာရှာ အလုပ်လုပ်ကိုင်ခဲ့သည်။ ဤအချိန်အတွင်း ကျမ်းစာကို သူစတင်လေ့လာခဲ့၍ ဘဝတွင် ရည်ရွယ်ချက်တစ်ခုအတွက် စူးစမ်းရှာဖွေခဲ့သည်။ ထိုထက်မက ပျော်ရွှင်သောငြိမ်းချမ်းမှုနှင့် တရားမျှတမှုဖြင့် လူများနေထိုင်နိုင်သော ကမ္ဘာတစ်ခုကိုတွေ့မြင်ရန် သူတမ်းတမိသည်။ ဂျူးလူမျိုးဖြစ်သူ အာလကန်ဒရိုသည် ဂျူးနှင့်အာရပ်တို့နှင့်အတူတူ တွဲဖက်အလုပ်လုပ်ကိုင်ခဲ့သော်လည်း မည်သူ့ ဘက်မျှမလိုက်လိုခဲ့ပါ။
၁၉၉၀ ပြည့်နှစ်တွင် ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာနေသူ မိတ်ဆွေတစ်ဦးက ဟိုင်ဖာမြို့တွင်ကျင်းပသည့် တစ်ရက်အစည်းအဝေးသို့ အာလကန်ဒရိုကို ဖိတ်ခေါ်ပါသည်။ အစည်းအဝေးပွဲတွင် ဂျူးနှင့်အာရပ် ၆၀၀ ကျော် ပျော်ပျော်ရွှင်ရွှင်ပေါင်းသင်းနေခြင်းကို သူအံ့သြမိပြီး ‘ဒါဟာ လူတွေနေထိုင်ဖို့မှန်ကန်တဲ့ လမ်းစဉ်ဖြစ်တယ်’ ဟုသူစဉ်းစားခဲ့ပါသည်။ ခြောက်လအကြာတွင်ပင် သူကိုယ်တိုင် သက်သေခံတစ်ဦးဖြစ်လာပြီး ယခု သမ္မာကျမ်းစာ၏ ငြိမ်းချမ်းရေးသတင်းတရားဟောပြောခြင်းလုပ်ငန်း၌ အချိန်များစွာပါဝင်နေသူဖြစ်ပါသည်။
ငြိမ်သက်မှုကို ဘုရားသခင် ဖြစ်ပေါ်စေမည့်နည်း
ဤနမူနာများကို တွေ့ကြုံတတ်သော်လည်း မျက်မှောက်လောကတွင် တွေ့မြင်ရစမြဲမဟုတ်ပါ။ လက်ရှိအစီအစဉ်စနစ်သည် နှုတ်ဖြင့် ငြိမ်းချမ်းရေးအကြောင်း ပြောဆိုသည်မှန်သော်လည်း တစ်ချိန်တည်းတွင် စစ်မှုမျိုးစေ့ကို ရေလောင်းပေးနေပါသည်။ သူတို့ဝင်ငွေ၏ ၇ မှ ၁၆ ရာခိုင်နှုန်းကို သေနတ်များနှင့် အိမ်ကာကွယ်စောင့်ရှောက်ရေးအတွက်အသုံးပြုနေသူတို့နှင့် တစ်လမ်းတည်း နေထိုင်လိုပါသလော။ အမှန်မှာ တိုင်းနိုင်ငံတို့သည် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း စစ်အသုံးစရိတ်အတွက် ထိုအတိုင်းပင် ပြုလုပ်နေကြပါသည်။ ဘုရားသခင်သည် ‘များပြားသောလူတို့ကို ဆုံးမ’ မှသာ သူတို့၏ဓားလက်နက်များကို ထွန်သွားဖြစ်စေလိမ့်မည်ဟု ဟေရှာယပရောဖက်ပြုထားသည့်အတွက် များစွာသောလူများချီ၍ ထိုသို့ပြုလိမ့်မည်မဟုတ်သည်ကား အံ့ဩစရာမဟုတ်ပါ။ ထိုအမှုကို ကိုယ်တော် မည်သို့ပြုလုပ်တော်မူမည်နည်း။
လူတို့အား ဆုံးမတော်မူမည့် အဓိကနည်းကား ယေဟောဝါဘုရားသခင်၏နိုင်ငံတော်အားဖြင့်ဖြစ်သည်။ ‘ပျက်စီးခြင်းသို့မရောက်နိုင်သောနိုင်ငံကို . . . ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်’ မည်ဟု ပရောဖက်ဒံယေလကြိုပြောခဲ့သည်။ ဤနိုင်ငံတော်သည် “အထက်ဆိုခဲ့ပြီးသောနိုင်ငံ [လောကီအစိုးရများ] ရှိသမျှတို့ကို ချို့ဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်” ဟုထပ်ပြောထားပါသည်။ (ဒံယေလ ၂:၄၄) ဘုရားသခင့်နိုင်ငံတော်သည် မြေကြီးတစ်ခုလုံးကို အစဉ်အမြဲအုပ်စိုးလိမ့်မည်ဟု ဤစကားများက ဖော်ပြပါသည်။ နိုင်ငံတကာ၏နယ်နိမိတ်များကို ပယ်ဖျက်ခြင်းအားဖြင့် ဘုရားသခင့်နိုင်ငံတော်သည် ပြိုင်ဘက်ရှိတော့မည်မဟုတ်ပါ။ ထို့ပြင် ယင်း၏နိုင်ငံသားများသည် “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ဆုံးမသွန်သင်တော်မူသောသူ” များဖြစ်သောကြောင့် “များစွာသော စည်းစိမ်ချမ်းသာနှင့်ပြည့်စုံကြလိမ့်မည်။” (ဟေရှာယ ၅၄:၁၃) ယင်းကြောင့် “နိုင်ငံတော် တည်ထောင်ပါစေသော” ဟုဘုရားသခင်ထံ ဆုတောင်းကြရန် ယေရှုသွန်သင်ပေးခဲ့ခြင်းပါတကား!—မဿဲ ၆:၁၀။
ဘာသာရေးအတားအဆီးများကို ဖယ်ရှားပစ်ခြင်း
ဘုရားသခင်သည် ငြိမ်းချမ်းမှုကို တားဆီးသည့် ဘာသာရေးအတားအဆီးများကိုလည်း ရှင်းပစ်တော်မူမည်။ သမိုင်းတွင် အကြာရှည်ဆုံး လက်နက်ကိုင်အဓိကရုဏ်း—စီ.အီး. ၁၀၉၅ ခုနှစ်တွင် ပုပ်ရဟန်းမင်း အာဘန် ၂ စတင်ခဲ့သော ကရူးဆိတ်စစ်ပွဲများ သို့မဟုတ် “သန့်ရှင်းသောစစ်ပွဲများ”—သည် ဘာသာရေးကြောင့် ဖြစ်ပျက်ခဲ့ပါသည်။aကျွန်ုပ်တို့၏ရာစုနှစ်တွင် လောကီရေးနှင့်ဆိုင်သည့်စစ်မှုများကိုပင် လူအများထောက်ခံအားပေးရန် ဓမ္မဆရာများသည် ရှေ့တန်းမှ အကျိုးဆောင်ခဲ့ကြပါသည်။
ပထမကမ္ဘာစစ်အတွင်း ခရစ်ယာန်အမည်ခံ ချာ့ချ်များ၏ ကဏ္ဍနှင့်စပ်လျဉ်း၍ သမိုင်းဆရာ ပေါလ်ဂျွန်စင်က ဤသို့ရေးသားခဲ့သည်– “ဓမ္မဆရာများသည် လူမျိုးရေးစိတ်ဓာတ်ထက် ခရစ်ယာန်ယုံကြည်ခြင်းကို ဦးစားထားကြရန် အားမပေးနိုင်၍ အများအားဖြင့်လည်း အားမပေးလိုကြပါ။ အများစုက အလွယ်လမ်းကိုလိုက်၍ ခရစ်ယာန်ဘာသာတရားနှင့် လူမျိုးရေးသည် တန်းတူညီမျှဖြစ်သည်ဟု ဆိုကြသည်။ မိမိတို့၏ကယ်တင်ရှင်အမည်ဖြင့် အချင်းချင်းကို သတ်ဖြတ်ကြရန် ဘာသာဂိုဏ်းဂဏရှိရှိသမျှအား တိုက်တွန်းအားပေးခဲ့ပါသည်။” ဘာသာတရားသည် ငြိမ်းချမ်းမှုကို ပြုစုပျိုးထောင်သည်ထက် စစ်မှုကို မီးမွှေးလှုံ့ဆော်ခဲ့သည်က များပါသည်။ အမှန်မှာ ဗာဗုလုန်ဘာသာရေးကို သမ္မာကျမ်းစာက ကမ္ဘာ့အစိုးရမင်းများ၏အလိုသို့လိုက်သည့် “ပြည့်တန်ဆာ” တစ်ဦးအဖြစ်ပုံဖော်ထားပါသည်။ (ဗျာဒိတ် ၁၇:၁၊ ၂) ကမ္ဘာပေါ်မှာ ကွပ်မျက်ခံရသူအပေါင်း၏အသွေးသွန်းမှုအတွက် အဓိကတရားခံမှာ ထိုပြည့်တန်ဆာပင်ဖြစ်ကြောင်း ဘုရားသခင်အတိအလင်းကြေညာတော်မူခဲ့ပြီ။ (ဗျာဒိတ် ၁၈:၂၄) ယင်းကြောင့် ဤငြိမ်းချမ်းရေးအတားအဆီးကို ယေဟောဝါဘုရားသခင်သည် တစ်ကြိမ်တည်းနှင့်လုံးလုံးလျားလျားရှင်းပစ်ပါလိမ့်မည်။—ဗျာဒိတ် ၁၈:၄၊ ၅၊ ၈။
ဗာဗုလုန်ဘာသာ အစရှိသည့် ကွဲပြားစေသောအရာများ မရှိတော့သည့်တိုင် စစ်မှုလိုလားသူတို့တွင်အကြီးဆုံး—စာတန်မာရ်နတ်—ကိုမဖျက်ဆီးပါက ငြိမ်းချမ်းမှု တည်မြဲနိုင်လိမ့်မည်မဟုတ်ပါ။ ထိုကြောင့် ကမ္ဘာပေါ်တွင် ငြိမ်ချမ်းမှု လုံးလုံးလျားလျားရှိစေရေးအတွက် ဘုရားသခင့်နိုင်ငံတော်ဆောင်ရွက်မည့် နောက်ဆုံးအစီအစဉ်မှာ ထိုအမှုပင်ဖြစ်သည်။ စာတန်သည် “ကိုင်ဖမ်း” ခံရပြီး “ချည်နှောင်” ခံရသည့်နောက် “လူအမျိုးမျိုးတို့ကို မလှည့်ဖြားရမည်အကြောင်း အနက်ဆုံးသောတွင်းထဲသို့ ချပစ်လှောင်ထား” ခံရမည်ဟု ဗျာဒိတ်ကျမ်းစာစောင်က ရှင်းပြပါသည်။ ထို့နောက် သူသည် လုံးလုံးလျားလျား ဖျက်ဆီးခံရပါလိမ့်မည်။—ဗျာဒိတ် ၂၀:၂၊ ၃၊ ၁၀။
စစ်မှုအဆုံးတိုင်ရမည်ဟု သမ္မာကျမ်းစာ၏ကတိတော်သည် အိပ်မက်မျှမဟုတ်ပါ။ ငြိမ်းချမ်းမှုတည်ရှိရေးအတွက် ယေဟောဝါဘုရားသခင်၏အစီအစဉ်သည် စတင်လှုပ်ရှားနေပြီဖြစ်သည်။ ကိုယ်တော်၏နိုင်ငံတော်သည် ကောင်းကင်တွင် တည်ထောင်ပြီဖြစ်၍ ကမ္ဘာချီငြိမ်းချမ်းမှု အစစ်အမှန်ရှိရန် ထပ်ဆင့်ပြုလုပ်ဆောင်ရွက်စရာတို့ကို ထပ်မံလုပ်ကိုင်ရန် အသင့်ရှိနေပါသည်။ ဤအချိန်အတောအတွင်း ကောင်းကင်အစိုးရကိုထောက်ခံသည့် ယေဟောဝါသက်သေ သန်းပေါင်းများစွာတို့သည် ငြိမ်းချမ်းမှု၌နေထိုင်ရန်သင်ယူခဲ့ကြပါသည်။
ထိုကြောင့် စစ်မှုသည် မရှောင်လွှဲနိုင်ရာများမဟုတ်ကြောင်း ယုံကြည်ရန် ခိုင်လုံသောအကြောင်း ကျွန်ုပ်တို့၌ရှိပါသည်။ ထိုထက်ကောင်းမွန်သည်ကား မကြာမီ ယေဟောဝါရှင်သည် စစ်မှုကို ထာဝစဉ်ငြိမ်းစေတော်မူမည့် နေ့ရက်ကို ကျွန်ုပ်တို့စောင့်မျှော်နိုင်ခြင်းဖြစ်သည်။ (ဆာလံ ၄၆:၉) များမကြာမီ စစ်မဲ့ကမ္ဘာ တည်ရှိစေရန် ကိုယ်တော်အမှန်စီရင်တော်မူလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
a တစ်ခါတစ်ရံ ဘာသာရေးခေါင်းဆောင်များပင် စစ်သည်များ ဖြစ်ခဲ့ကြပါသည်။ ဟေးစတင်စစ်ပွဲ (၁၀၆၆) တွင် ဂိုဏ်းအုပ် အိုဒိုသည် ဓားမကိုင်ဘဲ သံချွန်တင်းပုတ်ကိုကိုင်ဆောင်ခြင်းဖြင့် မိမိ၏ပါဝင်ပတ်သက်မှုကို ဆင်ခြေပေးခဲ့သည်။ အသွေးမသွန်းလျှင် ဘုရားသခင့်လူသည် တရားဝင်သတ်ဖြတ်နိုင်ပါသည်ဟု သူဆိုသည်။ နောက်ငါးရာစုအကြာတွင် ဂိုဏ်းချုပ်ခီမဲနက်စ်ကိုယ်တိုင် မြောက်အာဖရိကတွင် စပိန် ကျူးကျော်မှုတစ်ခု၌ ဦးဆောင်ခဲ့သည်။
[စာမျက်နှာ ၇ ပါပုံစာ]
စစ်မှုမရှိသောကမ္ဘာသစ်တွင် သင်အသက်ရှင်နိုင်