“ဘုရားရေးရာ ကြောက်ရွံ့ခြင်း” ခရိုင်စည်းဝေးပွဲသို့ တက်ရောက်ကြလော့
မောရှေပညတ္တိကျမ်းအောက်ရှိ ယေဟောဝါ၏ ရှေးခေတ်ကျေးကျွန်များသည် ပွဲခံခြင်းငှာ နှစ်စဉ်သုံးကြိမ် စုဝေးကြရန်တောင်းဆိုခံခဲ့ရသည်။ ယင်းသည် ရွှင်လန်းစရာ၊ ဝိညာဉ်ရေးဘက် တည်ဆောက်မှုရရှိသည့်အချိန်အခါများ ဖြစ်ခဲ့ပါသည်။—တရားဟောရာ ၁၆:၁၆။
မျက်မှောက်အချိန်တွင်လည်း ယေဟောဝါကျေးကျွန်များသည် အလားတူ အထူးစည်းဝေးပွဲနေ့၊ နှစ်ရက်တာ တိုက်နယ်စည်းဝေးပွဲနှင့် သုံးရက် သို့မဟုတ် လေးရက်တာ ခရိုင်စည်းဝေးပွဲတွင် နှစ်စဉ် သုံးကြိမ် စုဝေးကြပါသည်။ ၁၉၉၄ လုပ်ငန်းတော်နှစ်အတွင်း ယေဟောဝါသက်သေများသည် “ဘုရားရေးရာကြောက်ရွံ့ခြင်း” ခရိုင်စည်းဝေးပွဲကျင်းပခြင်းငှာ စုဝေးကြဦးမည်။
ဘုရားသခင့်နှုတ်ကပါဌ်တော်က ဘုရားရေးရာကြောက်ရွံ့ခြင်း၏ အရေးကြီးမှုကို အတိအလင်းဖော်ပြထားပါသည်။ ထိုသို့သောကြောက်ရွံ့ခြင်းအကြောင်းကို သမ္မာကျမ်းစာတွင် အကြိမ်ပေါင်း ၂၀၀ ခန့် တင်ပြထားပါသည်။ ဘုရားရေးရာကြောက်ရွံ့ခြင်းသည် အကာအကွယ်ဖြစ်ကြောင်း သု. ၁၆:၆ ကဖော်ပြသည်– “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကြောက်ရွံ့သောသဘောအားဖြင့် ဒုစရိုက်ကို ရှောင်တတ်၏။” ဘုရားရေးရာကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာ၏ စတင်ရာဖြစ်ကြောင်း ဆာလံ ၁၁၁:၁၀ ကကြားသိစေသည်!
ဘုရားရေးရာကြောက်ရွံ့ခြင်း အသွင်အပြင်နှစ်ခုရှိသည်ဟု ဆိုနိုင်ပါသည်။ တစ်ခုကား ထိုသို့သောကြောက်ရွံ့ခြင်းသည် ချစ်ခြင်းမေတ္တာ၏ တိုက်တွန်းမှုအားဖြင့် ဖြစ်ပေါ်လာပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို အလွန်ချစ်မြတ်နိုးသောကြောင့် ကိုယ်တော့်စိတ်တော်အား ထိခိုက်မိမည်ကို စိုးရိမ်ကြသည်။ (သု. ၂၇:၁၁) နောက်တစ်ဖန် ကျွန်ုပ်တို့၌ဉာဏ်ပညာရှိပါက ဘုရားရေးရာကြောက်ရွံ့ခြင်းရှိနိုင်ရန် အထောက်အကူရရှိမည်။ အကြောင်းမူကား အပြစ်ကိုပြုလေ့ပြုထရှိသူတို့အပေါ် ဘုရားသခင်သည် “လောင်သောမီးဖြစ်တော်မူ” ကြောင်း ကျွန်ုပ်တို့သိနားလည်ထား၍ဖြစ်သည်။—ဟေဗြဲ ၁၂:၂၉။
ကျွန်ုပ်တို့၏ “ဘုရားရေးရာကြောက်ရွံ့ခြင်း” ခရိုင်စည်းဝေးပွဲတွင် ဘုရားရေးရာကြောက်ရွံ့ခြင်းတိုးပွားလာရန် သွန်သင်ချက်နှင့် အားပေးတည်ဆောက်မှု များစွာရရှိကြလိမ့်မည်။ ဤသွန်သင်ခြင်းသည် ဟောပြောချက်များ၊ သရုပ်ပြခန်းများနှင့် ပြဇာတ်တစ်ခုအပြင် တွေ့ကြုံမှုများ တင်ပြပြောဆိုခြင်းအားဖြင့် ကြားသိရပါလိမ့်မည်။
ရှေးဣသရေလလူမျိုးသည် စည်းဝေးပွဲများသို့ လက်ချည်းမလာကြရသည့်နည်းတူပင် ကျွန်ုပ်တို့စည်းဝေးပွဲများအောင်မြင်ပြီး ရွှင်လန်းမှုရှိရန် ကျွန်ုပ်တို့ ပေးကမ်းလှူဒါန်းသင့်သည်။ (တရားဟောရာ ၁၆:၁၇) ယေဟောဝါ၏စားပွဲတော်ကို လေးစားတန်ဖိုးထားကြောင်း တင်ပြခြင်းအားဖြင့် ယင်းကိုပြုလုပ်နိုင်ပါသည်။ မည်သို့အားဖြင့်နည်း။ အချိန်မီ ရောက်ရှိလာခြင်း၊ စင်မြင့်ပေါ်မှ ပြောဟောသမျှကို အာရုံစူးစိုက်နားထောင်ခြင်း၊ သီချင်းများကို အားရပါးရ သီဆိုခြင်းနှင့် စည်းဝေးပွဲအစီအစဉ်အတွင်း စကားပြောဆိုခြင်း၊ သွားလာနေခြင်းတို့ကို မပြုခြင်းအားဖြင့် ဖြစ်သည်။ လုပ်အားပေးကြခြင်းအားဖြင့်လည်း အတတ်နိုင်ဆုံး ပေးဆက်လိုကြပါလိမ့်မည်။ စည်းဝေးပွဲတစ်ခု ဖွဲ့စည်းစီစဉ်ရန် ဌာနမြောက်မြားစွာပါဝင်၍ ယင်းတို့တွင် လုပ်အားပေးမည့်သူများ လိုအပ်ပါသည်။ ထို့ပြင် ကျွန်ုပ်တို့အား ယေဟောဝါကောင်းချီးပေးသမျှကို ကျေးဇူးတင်စွာဖြင့် ငွေရေးကြေးရေးလှူဒါန်းပေးကမ်းခြင်းများကိုလည်း ပြုလိုကြမည်။
“ဘုရားရေးရာကြောက်ရွံ့ခြင်း” ခရိုင်စည်းဝေးပွဲ သုံးရက်အတွင်း သောကြာနေ့နံနက် အဖွင့်သီချင်းမှစ၍ တနင်္ဂနွေနေ့မွန်းလွဲပိုင်း နိဂုံးချုပ်သီချင်းအထိ ရောက်ရှိနေရန် ယေဟောဝါကျေးကျွန်တစ်ဦးစီသည် ယခုကတည်းက အစီအစဉ်များ ရေးဆွဲထားပါလေ။
မြန်မာနိုင်ငံအတွက် ၁၉၉၄ ခရိုင်စည်းဝေးပွဲနေရာများ
အောက်တိုဘာ ၂၁–၂၃
ရန်ကုန်
နိုဝင်ဘာ ၄–၆
တာဟန်း
နိုဝင်ဘာ ၁၁–၁၃
ဟားခါး
ဒီဇင်ဘာ ၂၃–၂၅
ပြင်ဦးလွင်