ယှဉ်ပြိုင်ခြင်းသည် အောင်မြင်ရေး၏သော့ချက်လော
“အနိုင်ရရေးသည် အဓိကမဟုတ်၊ ၎င်းသည် တစ်ခုတည်းသောအရာဖြစ်၏။” ယနေ့များစွာသောသူတို့သည် အမေရိကန်ဘောလုံးနည်းပြဆရာ ဗင့်(စ်) လမ်ဘာဒီပြောခဲ့သည်ဟု မကြာခဏဆိုကြသည့်ဤစကားအတိုင်း အသက်ရှင်ကြသည်။ ယခင်က ကွန်မြူနစ်ဖြစ်ခဲ့သောနိုင်ငံများပင် ယှဉ်ပြိုင်မှုသဘောတရားကို အကြီးအကျယ်အားပေးချီးကျူးခြင်း၌ ပါဝင်လာကြပြီဖြစ်သည်။ မိမိတို့၏ဈေးကွက်များတွင် ယှဉ်ပြိုင်ရေးဝါဒကိုသွတ်သွင်းကျင့်သုံးခြင်းသည် ချမ်းသာကြွယ်ဝရေးအတွက် အခရာဖြစ်သည်ဟု သူတို့ဆိုကြသည်။ အရှေ့တိုင်းနိုင်ငံများတွင် မိဘများစွာတို့သည် မိမိတို့၏ကလေးများကို အခြားသူများနှင့်ယှဉ်ပြိုင်စေကာ အချိန်တိုတိုနှင့်တွန်းဖိ၍သင်ပေးသော တစ်ပွဲတိုးကျူရှင်ကျောင်းများသို့ ပို့ ကြသည်။ ထိုကျောင်းများက စာမေးပွဲအောင်ရန် ဖြတ်လမ်းနည်းဖြင့်သင်ပေးကြသည်။ ဤကိစ္စအတွက် အလွန်အကြူးဂရုစိုက်သောမိဘများက ဂုဏ်သိက္ခာရှိသောကျောင်းသို့တက်ရောက်ခြင်းသည် နောင်ကြီးပွားချမ်းသာရေးအတွက် သော့ချက်ဖြစ်သည်ဟု သဘောပေါက်နားလည်ထားကြသည်။
ယှဉ်ပြိုင်ခြင်းသည် အောင်မြင်ရေး၏သော့ချက်ဖြစ်သည်ဟု များစွာသောသူတို့က အခိုင်အမာယုံကြည်ထားကြသည်။ သူတို့၏ယုံကြည်ချက်အရ လူသားများသည် အချင်းချင်းယှဉ်ပြိုင်ရာမှ တိုးတက်လာကြသည်ဟုဆို၏။ ဂျပန်နိုင်ငံစီးပွားရေးအသင်းအဖွဲ့များ၏ဖရက်ဒရေးရှင်းမှ ပြုလုပ်ခဲ့သော စစ်တမ်းကောက်ချက်အရ အကြီးစားကော်ပိုရေးရှင်းများမှ အမှုဆောင်အဖွဲ့များ၏ ၆၅.၉ ရာခိုင်နှုန်းက “ရာထူးတိုးမြှင့်ရေးအတွက် ယှဉ်ပြိုင်ခြင်းသည် ဂျပန်ကော်ပိုရေးရှင်းများ၏ စွမ်းအားရင်းမြစ်ဖြစ်သည်” ဟု ဆိုကြသည်။ အခိုက်အတန့်အားဖြင့်တော့ ဂျပန်ကုမ္ပဏီများလည်း အောင်မြင်မှုရရှိကြပုံပေါက်ပါ၏။ မည်သို့ပင်ဖြစ်စေ ယှဉ်ပြိုင်ခြင်းသည် အောင်မြင်ရေး၏သော့ချက်အမှန်စင်စစ်ဖြစ်ပါသလော။
တကယ်တမ်းအကျိုးပေးသလော
သူတစ်ပါးကိုယှဉ်ပြိုင်သူသည် တစ်ကိုယ်ကောင်းစိတ်၊ မိမိသာပထမဟူသောသဘောထားရှိ၏။ မိမိအတွက်အရေးသာမည်ကိုတွေးပြီး တစ်ဖက်သားရှုံးလျှင် သူတို့ဝမ်းသာကြသည်။ မိမိ၏အတ္တအကျိုးစီးပွားအတွက် သူတစ်ပါးကိုထိခိုက်နစ်နာစေနိုင်သော နည်းပရိယာယ်များကို သုံးကောင်းသုံးမည်ဖြစ်သည်။ အောင်မြင်ရေးအတွက် ယင်းသို့သောယှဉ်ပြိုင်ခြင်းမျိုးသည် အဘယ်ရလဒ်ကိုဖြစ်စေမည်နည်း။ သူအလုပ်လုပ်သောကုမ္ပဏီ၌ အရေးပါသောပုဂ္ဂိုလ်တစ်ဦးဖြစ်လာရန် မိမိကိုယ်ကိုယှဉ်ပြိုင်မှုတွင်နစ်မွန်းခဲ့သူ ယာဆူအိုက မိမိ၏နောက်ကြောင်းကို ဤသို့ ပြန်ပြောင်းပြောပြသည်– “အပြိုင်အဆိုင် စိတ်ဓာတ်၊ ရာထူးတိုးချင်တဲ့စိတ်ကူးတွေနဲ့ပြည့်နေတဲ့ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုသူတစ်ပါးနဲ့နှိုင်းယှဉ်ပြီး သာလွန်တယ်လို့ ယူဆခဲ့တယ်။ သူများတွေ ကျွန်တော့်ထက်အဆင့်မြင့်တဲ့ရာထူးမှာ ခန့်အပ်ခံရပြီဆိုရင် ကျွန်တော်ဟာ ပွစိပွစိနဲ့ ကုမ္ပဏီရဲ့စီမံအုပ်ချုပ်ပုံကို တဖျစ်တောက်တောက်ဝေဖန်တော့တာပဲ။ ကျွန်တော့်မှာ မိတ်ဆွေဆိုလို့ အဟုတ်တကယ်ကိုမရှိခဲ့ပါဘူး။”
အပြိုင်အဆိုင်စိတ်ဓာတ်သည် အချိန်မတိုင်မီ သေခြင်းသို့လည်းပို့ပေးနိုင်သည်။ မည်သို့အားဖြင့်နည်း။ ဂျပန်ပြည်တွင် အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသောသတင်းစာ မိုင်နီချီ နေ့စဉ်သတင်းက ကားရိုရှီ သို့မဟုတ် အလုပ်ဝန်ပိ၍သေဆုံးခြင်းကို အေ-အမျိုးအစားအမူအကျင့်နှင့်ဆက်စပ်ထားသည်။ အေအမျိုးအစားက ရန်လိုခြင်း၊ အပြိုင်အဆိုင်စိတ်ဓာတ်နှင့် အချိန်ကိုအကျိုးရှိရှိအသုံးပြုရန် အလွန်အမင်းစိတ်စွဲလမ်းခြင်းတို့ကြောင့် ဖြစ်ပေါ်သောဖိစီးမှုများနှင့်ဆိုင်သည့် အမူအကျင့်ပုံစံကို ဖော်ညွှန်းသည်။ အမေရိကန်လူမျိုး နှလုံးဘက်ဆိုင်ရာပါရဂူ ဖရိုက်မင်နှင့် ရိုဆင်မင်တို့က အေ-အမျိုးအစားအမူအကျင့်ကို နှလုံးသွေးကြောဆိုင်ရာရောဂါနှင့် ဆက်စပ်တင်ပြကြသည်။ မှန်ပေသည်။ အပြိုင်အဆိုင်စိတ်ဓာတ်သည် သေစေနိုင်သည်။
လုပ်ငန်းခွင်ယှဉ်ပြိုင်မှုသည် ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာရောဂါဝေဒနာများကိုလည်း ဖြစ်စေနိုင်သေးသည်။ ဥပမာတစ်ခုမှာဂျပန်နိုင်ငံရှိ အကြီးစားမော်တော်ကားအရောင်းကုမ္ပဏီမှ ထိပ်တန်းအရောင်းဈေးသည် ကေနိုဆကီဆိုသူဖြစ်သည်။ ကားအစီးပေါင်း ၁,၂၅၀ ရောင်းနိုင်သူအဖြစ် မှတ်တမ်းတင်ခံရသူပင်ဖြစ်သည်။ သူ၏ဓာတ်ပုံကို မှန်ပေါင်သွင်းပြီး ကုမ္ပဏီဌာနချုပ်ရှိ ဒါရိုက်တာများဘုတ်အဖွဲ့ရုံးခန်းနံရံပေါ်တွင် ချိတ်ဆွဲထားကြသည်။ ရာထူးတိုးမြှင့်ခံရရန်အတွက် လုပ်ဖော်ကိုင်ဖက်များအား ခုတုံးလုပ်ခြင်းကိုမနှစ်သက်သော်လည်း ကုမ္ပဏီ၏ဖိအားပေးမှုကြောင့် သူသည်ယှဉ်ပြိုင်ခြင်းကိုပြုခဲ့ရသည်။ အကျိုးရလဒ်အဖြစ် တစ်နှစ်အတွင်း သူသည် အစာအိမ်ရောဂါနှင့် အူသိမ်တွင်အနာပေါက်သောရောဂါရရှိခဲ့လေသည်။ ထိုနှစ်အတွင်း၌ပင် သူ၏ကုမ္ပဏီမှ အမှုဆောင်အဖွဲ့ဝင် ၁၅ ဦး ဆေးရုံတင်ရပြီး တစ်ဦးက မိမိကိုယ်ကိုသတ်သေခဲ့သည်။
လုပ်ငန်းခွင်ပြင်ပလောကကိုကြည့်ပြန်သော် သူများရှိတိုင်းလိုက်၍ရှိလိုသော အပြိုင်အဆိုင်စိတ်ဓာတ်၏ လှုံ့ဆော်မှုကြောင့် လူတို့သည် မိမိတို့၏ဥစ္စာရင်းမြစ်များကို ဝင့်ဝါဖို့သုံးကာ အတောမသတ်နိုင်သောဂုဏ်ပြိုင်ခြင်းတွင် သံသရာလည်နေကြသည်။ (၁ ယောဟန် ၂:၁၆) ဤသို့ ပြုခြင်းဖြင့် လောကီကုန်သည်များလက်ထဲသို့ ငွေများရောက်ရှိသွားပြီး စီးပွားရေးသမားများကိုသာအကျိုးခံစားစေသည်။—ဗျာဒိတ် ၁၈:၁၁ နှင့်နှိုင်းယှဉ်။
အပြိုင်အဆိုင်စိတ်ဓာတ်သည် လုပ်ငန်းခွင်ကျွမ်းကျင်မှုကိုဖြစ်ကောင်းဖြစ်စေမည်ဖြစ်သော်လည်း ရှောလမုန်မင်းကြီးက ဤသို့သတိပြုမိခဲ့သည်မှာ အံ့ဩစရာမဟုတ်ပေ– “တစ်ဖန် ကြိုးစားအားထုတ်ခြင်းအမှုနှင့်၊ ကောင်းမွန်စွာပြီးစီးသောအမှုအလုံးစုံတို့ကိုလည်းကောင်း၊ ထိုသို့သောအမှုတို့ကြောင့် သူတစ်ပါးငြူစူကြောင်းကိုလည်းကောင်း ငါဆင်ခြင်၏။ ထိုအမှုအရာသည် အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်၏။” (ဒေသနာ ၄:၄) သို့ဖြစ်ရာ အပြိုင်အဆိုင်လောကကြီးတွင် နေထိုင်နေရစဉ် စိတ်၏ငြိမ်သက်ခြင်းကို ကျွန်ုပ်တို့မည်သို့ထိန်းသိမ်းနိုင်မည်နည်း။ ဤအချက်ကိုရှာဖွေတွေ့ရှိနိုင်ရန် ယှဉ်ပြိုင်ခြင်းဝါဒသည် မည်သို့စတင်လာခဲ့ကြောင်း ရှေးဦးစွာလေ့လာကြစို့။