အပြိုင်အဆိုင်လောကကြီးတွင် စိတ်၏ငြိမ်သက်ခြင်း
“အရင်အဦးဖြစ်လိုသောသူမည်သည်ကား နောက်ဆုံးဖြစ်ရမည်။ အလုံးစုံတို့၏အစေခံလည်းဖြစ်ရမည်” ဟူ၍ ယေရှုခရစ်က မိမိ၏တမန်တော်တို့အား ဆုံးမခဲ့သည်။ တမန်တော်များက မိမိတို့အထဲတွင် မည်သူအကြီးမြတ်ဆုံးနည်းဟူ၍ အချင်းချင်းငြင်းခုံနေခဲ့ကြခြင်းဖြစ်သည်။ ဤစိတ်ထားမျိုးကို ယေရှုရွံမုန်းကြောင်း သူတို့သိကြသည်။ ဝိညာဏတိုးတက်မှုကိုမြှင့်တင်ပေးရန်ဟူ၍ ကိုယ်တော်သည် မိမိ၏နောက်တော်လိုက်များအား အချင်းချင်းယှဉ်ပြိုင်စေခြင်းမျိုး ဘယ်တော့မျှပြုတော်မမူခဲ့ဖူးချေ။—မာကု ၉:၃၃-၃၇။
မြေကြီးပေါ်သို့ကြွလာတော်မမူမီ ယေရှုခရစ်သည် ပထမဆုံးသောလူသားမောင်နှံကိုဖန်ဆင်းရာ၌ ပါဝင်ခဲ့သဖြင့် ၎င်းတို့မည်သို့ဖန်ဆင်းခံရသည်ကို သိတော်မူ၏။ (ကောလောသဲ ၁:၁၅၊ ၁၆) ပထမလူသားတို့သည် အကြင်နာကင်းမဲ့စွာယှဉ်ပြိုင်ရန်မလိုဘဲ တိုးတက်နိုင်သောအစွမ်းအစပါလျက် ဖန်ဆင်းခံကြရသည်။ မည်သူက သူတို့၏ဦးစီးဖြစ်သည်ကို သတ်မှတ်ရန်လူသားတို့သည် အချင်းချင်းတိုက်ခိုက်ရန်မလိုခဲ့သလို အသက်ရှင်ရေးအတွက် တိရစ္ဆာန်များနှင့်ယှဉ်ပြိုင်တိုက်ခိုက်ရန်လည်း ဘာမျှမလိုခဲ့ပါ။—ကမ္ဘာဦး ၁:၂၆; ၂:၂၀-၂၄; ၁ ကောရိန္သု ၁၁:၃။
အပြိုင်အဆိုင်စိတ်ဓာတ်၏မူလအစ
သို့ဖြစ်လျှင် အကြင်နာကင်းမဲ့သောအပြိုင်အဆိုင်စိတ်ဓာတ်သည် အဘယ်နည်းအားဖြင့် ဤလူ့ဘောင်တွင် ထိုသို့လွှမ်းမိုးသောအင်အားတစ်ရပ်ဖြစ်လာခဲ့သနည်း။ လူ့သမိုင်းတွင် ပထမဆုံးသောလူသတ်မှုဖြစ်ရပ်က အရိပ်အမြွက်ပြပါသည်။ ပထမဆုံးသောလူသားဇနီးမောင်နှံတို့၏ သားအကြီးဆုံး ကာဣနဆိုသူ၏ အပြိုင်အဆိုင်စိတ်ဓာတ်ကြောင့် အဆိုပါကြေကွဲဖွယ်ဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အာဗေလ၏ပူဇော်သက္ကာသည် ဘုရားသခင်၏စိတ်တော်နှင့်တွေ့ပြီး ကာဣန၏ပူဇော်သက္ကာမှာမူ ဘုရားသခင်၏စိတ်တော်နှင့်မတွေ့သောကြောင့် ကာဣနသည် ညီဖြစ်သူအာဗေလကို သတ်ဖြတ်ခဲ့လေသည်။ ဤသို့ဖြင့် ကျမ်းစာက “မာရ်နတ်နှင့်ဆိုင်၍ မိမိညီကိုသတ်သောကာဣန” ဟုဆိုထားလေသည်။—၁ ယောဟန် ၃:၁၂; ကမ္ဘာဦး ၄:၄-၈။
မှန်ပါသည်။ ဆိုးယုတ်သောသူတည်းဟူသော စာတန်မာရ်နတ်သည် ယှဉ်ပြိုင်ရေးစိတ်ဓာတ်ကို စထွင်ခဲ့သူနှင့် မြှင့်တင်ပေးသူပင်ဖြစ်တော့သည်။ အဆင့်မြင့်သောအခွင့်ထူး များရရှိထားသည့် ဘုရားသခင်၏ကောင်းကင်တမန်တစ်ပါးဖြစ်သော်လည်း သူသည် ပို၍လိုချင်ခဲ့သည်။ (ယေဇကျေလ ၂၈:၁၄၊ ၁၅ နှင့်နှိုင်းယှဉ်။) သူသည် ဧဝကိုလှည့်စားသောအခါ မိမိ၏သဘောထားကို လှစ်ဟပြခဲ့သည်။ တားမြစ်ထားသောအသီးကိုစားလျှင် သူမသည် “ဘုရားသခင်ကဲ့သို့ဖြစ်” လာမည် ဟုသူဆိုခဲ့သည်။ (ကမ္ဘာဦး ၃:၄၊ ၅) အမှန်မှာ ဘုရားသခင်နှင့်တူလာပြီး ယေဟောဝါရှင်အားယှဉ်ပြိုင်လိုသူမှာ စာတန်သာလျှင်ဖြစ်ပေတော့သည်။ ဘုရားသခင်အားဆန့်ကျင်ယှဉ်ပြိုင်လိုသောစိတ်ဓာတ်က သူ့အားပုန်ကန်မှုကျူးလွန်အောင် လှုံ့ဆော်တွန်းပို့ခဲ့ခြင်းဖြစ်သည်။—ယာကုပ် ၁:၁၄၊ ၁၅။
ဤစိတ်ဓာတ်သည် ကူးစက်တတ်သောသဘောရှိသည်။ စာတန်၏စိုးမိုးမှုအောက်တွင် မူလမိသားစုအစီအစဉ်၏ ဘုရားပေးငြိမ်သက်ခြင်းသည် ပျောက်ဆုံးခဲ့ရသည်။ (ကမ္ဘာဦး ၃:၆၊ ၁၆) ဘုရားရှင်ကိုပုန်ကန်ခဲ့ရာမှအစပြု၍ စာတန်မာရ်နတ်သည် လူ့လောကကိုစိုးမိုးလာခဲ့ပြီး အပြိုင်အဆိုင်စိတ်ဓာတ်ကို ပျိုးထောင်ပေးလာခဲ့သည်။ အကြင်နာကင်းမဲ့သောယှဉ်ပြိုင်ခြင်းသည် အောင်မြင်ရေး၏သော့ချက်ဖြစ်သည်ဟု ယုံကြည်လာစေရန်ပင် ယောက်ျားမိန်းမတို့ကို လှည့်ဖြားလာခဲ့သည်။ မည်သို့ပင်ဖြစ်စေ သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– “ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းရှိလျှင်၊ မငြိမ်မဝပ်ရုန်းရင်းခတ်ခြင်း၊ ဆိုးညစ်စွာပြုမူခြင်းအမျိုးမျိုးရှိတတ်၏။” (ယာကုပ် ၃:၁၄-၁၆) ဤသို့ဖြင့် စာတန်သည် လူ၏ပျော်ရွှင်မှုနှင့်စိတ်ငြိမ်သက်မှုကို ဓားပြတိုက်ယူခဲ့ချေပြီ။
မယှဉ်ပြိုင်ဘဲအောင်မြင်ခြင်း
စာတန်၏ဆွဲဆောင်ပုံနှင့်ခြားနားလျက် ယှဉ်ပြိုင်ခြင်းမပြုဘဲ အောင်မြင်မှုရယူခြင်းနှင့်ဆိုင်သောနမူနာများ သမ္မာကျမ်းစာကပေးထားပါသည်။ အဦးဆုံးမှာ ယေရှုခရစ်ပင်ဖြစ်သည်။ ကိုယ်တော်သည် ဘုရားရှင်၏သဏ္ဌာန်တော်တွင်တည်ရှိသော်လည်း ဘုရားရှင်နှင့်တန်းတူဖြစ်ရန် ဘယ်တော့မျှစိတ်ကူးတော်မမူခဲ့ပေ။ ထိုသို့ပြုမည့်အစား အစေခံ၏သဏ္ဌာန်ကိုခံယူကာ မြေကြီးသို့ကြွလာတော်မူခဲ့သည်။ ထိုမျှမက ညှဉ်းဆဲရာသစ်တိုင်ပေါ်အသေခံသည့်တိုင်အောင် နာခံမှုပြလျက် မိမိကိုယ်ကိုနှိမ့်ချတော်မူခဲ့သည်။ မည်သည့်အပြိုင်အဆိုင်စိတ်ဓာတ်နှင့်မဆိုကင်းစင်သည့် နာခံမှုနှင့်ပြည့်ဝသောဤစိတ်သဘောထားကြောင့် ကိုယ်တော်သည် ဘုရားရှင်၏မျက်နှာသာတော်ကို ရယူဆွတ်ခူးတော်မူနိုင်ခဲ့ပေသည်။ “ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကိုအလွန်ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက်ကြီးမြတ်သောဘွဲ့နာမကို ပေးသနားတော်မူ၏။” (ဖိလိပ္ပိ ၂:၅-၉) အဘယ်သတ္တဝါတစ်စုံတစ်ခုက ဤမျှကြီးမားသောအောင်မြင်မှုကို ရယူနိုင်သနည်း။ ကိုယ်တော်သည် အဘယ်သတ္တဝါတစ်စုံတစ်ခုမျှ မပြနိုင်စွမ်းသောအတိုင်းအတာဖြင့် မိမိခမည်းတော်၏စိတ်ဓာတ်ကို နူးညွတ်စေတော်မူခဲ့ပြီး ဤသည်ကိုလည်း အပြိုင်အဆိုင်သဘောတစ်စုံတစ်ရာမျှမပါဘဲ ပြုတော်မူခဲ့ပေသည်။—သု. ၂၇:၁၁။
ကောင်းကင်ဘုံတွင် များစွာသော သစ္စာရှိကောင်းကင်တမန်များကလည်း အလားတူသဘောထားမျိုးကို တင်ပြကြသည်။ ကောင်းကင်တမန်တို့၏ဦးစီးခေါင်းဆောင်ဖြစ်သောယေရှုသည် မြေကြီးပေါ်ကြွလာစဉ်က ၎င်းတို့ထက်အနည်းငယ်နိမ့်ကျခဲ့သော်လည်း ၎င်းတို့သည် ကိုယ်တော်၏လိုအပ်ရာများကို စိတ်ပါကိုယ်လျောက်ဆောင်ရွက်ပေးခဲ့ကြသည်။ အခြေအနေကိုအခွင့်ကောင်းယူကာ ကိုယ်တော်အား ကောင်းကင်တမန်မင်းအဖြစ်မှဖြုတ်ချရန် ဟူသောအကြံအစည်မျိုး ၎င်းတို့တွင်မဖြစ်ပေါ်ခဲ့ကြောင်း ထင်ရှားလှပေသည်။—မဿဲ ၄:၁၁; ၁ သက်သာလောနိတ် ၄:၁၆; ဟေဗြဲ ၂:၇။
“ကောင်းကင်တမန်တို့ကိုတရားစီရင်” ရန် မစုံလင်သောလူသားအချို့တို့အား သေခြင်းကင်းသောဝိညာဏဘဝအခြေအနေမျိုးသို့ ချီးမြှောက်ရန်တည်းဟူသော ဘုရားသခင်၏အကြံတော်အပေါ် ၎င်းတို့၏တုံ့ပြန်ပုံကို ကျွန်ုပ်တို့ဆင်ခြင်သုံးသပ်လိုက်သောအခါ အပြိုင်အဆိုင်စိတ်ဓာတ်အပေါ် ၎င်းတို့၏မနှစ်မြို့ပုံကို ပို၍ထင်ရှားစေလေသည်။ (၁ ကောရိန္သု ၆:၃) ကောင်းကင်တမန်များသည် ယေဟောဝါရှင်အားဝတ်ပြုရာတွင် အတွေ့အကြုံကြွယ်ဝကြပြီး ကောင်းမှုကိုပြီးမြောက်စေရန် မစုံလင်သောလူသားများထက် အဆပေါင်းများစွာပိုမိုအစွမ်းအစရှိကြပါသည်။ သို့လျက်နှင့်သူတို့သည် မြေကြီးပေါ်တွင် ဘိသိက်ခံများအား ဝမ်းမြောက်ဝမ်းသာအလုပ်အကျွေးပြုကြပေသည်။ သူတို့ရရှိမည့်အရာများကို မနာလိုဝန်တိုခြင်းလုံးဝမဖြစ်ကြပေ။ (ဟေဗြဲ ၁:၁၄) ၎င်းတို့၏ နူးညံ့၍ အပြိုင်အဆိုင်ကင်းမဲ့သည့်စိတ်သဘောထားကြောင့် ၎င်းတို့သည် ပိုင်သအုပ်စိုးရှင်ယေဟောဝါ၏ ပလ္လင်တော်ရှေ့တွင် ဆက်လက်အမှုတော်ထမ်းနိုင်ကြလေသည်။
တစ်ဖန်၊ မြေကြီးပေါ်တွင် ပြန်လည်ထမြောက်လာကြမည့် ဘုရားသခင်၏ရှေးသစ္စာရှိသူများအကြောင်းကိုလည်း စဉ်းစားကြည့်ပါ။ အာဗြဟံသည် ယုံကြည်ခြင်း၏ထင်ရှားသောစံပြတစ်ဦးဖြစ်ပြီး “ယုံကြည်ခြင်းလမ်းသို့လိုက်သောသူတို့၏အဘ” ဟူ၍ ခေါ်ဝေါ်ခြင်းခံခဲ့ရသည်။ (ရောမ ၄:၉၊ ၁၂) ယောဘဆိုလျှင် စစ်မှန်သောခံရပ်နိုင်ခြင်းအရည်အသွေးကို တင်ပြခဲ့သည်။ (ယာကုပ် ၅:၁၁) “မြေကြီးပေါ်မှာရှိနေသောသူအပေါင်းတို့ထက် သာ၍နူးညံ့သိမ်မွေ့” သောမောရှေသည် ဣသရေလလူမျိုးတို့အား လွတ်မြောက်ရေးသို့ပို့ဆောင်ပေးခဲ့သည်။ (တောလည်ရာ ၁၂:၃) ယုံကြည်ခြင်း၊ ခံရပ်နိုင်ခြင်းနှင့် နူးညံ့သိမ်မွေ့ခြင်းအရာတို့တွင် အဘယ်မစုံလင်သောလူသားတစ်စုံတစ်ယောက်သည် ၎င်းတို့ထက်သာ၍ကောင်းသောစံနမူနာကို တင်ပြခဲ့ပြီနည်း။ သို့ဖြစ်သည့်တိုင် ဤသူများသည် ဘုရားသခင့်နိုင်ငံတော်၏မြေကြီးနယ်ပယ်၌ အမွေခံမည့်သူများဖြစ်ကြသည်။ (မဿဲ ၂၅:၃၄; ဟေဗြဲ ၁၁:၁၃-၁၆) သူတို့သည် နှစ်ခြင်းဆရာယောဟန်ကဲ့သို့ပင် “ကောင်းကင်နိုင်ငံတော်တွင် အငယ်ဆုံးသောသူ” ထက် နိမ့်ကျသောအဆင့်တွင် ရှိကြမည်ဖြစ်သည်။ (မဿဲ ၁၁:၁၁) မိမိတို့၏ယုံကြည်ခြင်း၊ ခံရပ်နိုင်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့သည် အဆိုပါကောင်းကင်အသက်တာအပ်နှင်းခံရသူများနှင့်တူညီသည် သို့မဟုတ် အချို့ကိစ္စများတွင် သာလွန်သည်ဟုအခိုင်အမာပြောဆိုကာ သူတို့သည်မကျေမနပ်ဖြစ်ရန် စိတ်ကူးထဲပင်ထည့်ကြမည်လော။ ထည့်ကြမည်မဟုတ်သည်မှာ သေချာလှသည်! သူတို့သည် ဘုရားသခင့်နိုင်ငံတော်၏ ပျော်ရွှင်သောမြေကြီးဆိုင်ရာလက်အောက်ခံများ ဖြစ်ကြမည်သာဖြစ်သည်။
ယနေ့တွင်လည်း အပြိုင်အဆိုင်စိတ်သဘောနှင့်ကင်းစင်သောသူတို့ ကျွန်ုပ်တို့ပတ်လည်တွင်ရှိနေကြသည်မှာ ကြည်နူးဖွယ်ဖြစ်သည်။ ရှေ့ဆောင်းပါးဆိုခဲ့သည့် ယာဆူအိုသည် အမြတ်ကြီးကြီးမျှော်ကိုး၍ ရွှေတွင်စွန့်စားဈေးကစားရာမှ ရှိသမျှပစ္စည်းပြုတ်ကုန်ပြီး အကြွေးပင်လယ်ထဲနစ်မြုပ်ခဲ့လေသည်။ သူ၏ “မိတ်ဆွေများ” က သူ့ကိုစွန့်ခွာသွားကြသည်။ သူ၏ဇနီးသည်က ယေဟောဝါသက်သေများနှင့် ကျမ်းစာစတင်လေ့လာနေခဲ့သောကြောင့် သူသည် မိမိ၏မိသားစုအား အတိဒုက္ခရောက်စေခဲ့သည်ကို ယူကျုံးမရဖြစ်ပြီး ယေဟောဝါသက်သေများ၏ ဝတ်ပြုအစည်းအဝေးများကို တက်ရောက်ခဲ့သည်။ နောက်ဆုံးတွင် အပြိုင်အဆိုင်စိတ်ဓာတ်ကိုလုံးဝစွန့်လွှတ်ကာ ယေဟောဝါသက်သေတစ်ဦးဖြစ်လာလေသည်။ ယခုအခါ ဒုက္ခရောက်ချိန်တွင် လှိုက်လှိုက်လှဲလှဲကူညီလိုကြသည့် ခရစ်ယာန်မိတ်ဆွေများ၏အလယ်တွင် ရောက်ရှိနေသဖြင့် သူသည် လွန်စွာပျော်ရွှင်နေပေပြီ။
စိတ်ငြိမ်သက်ခြင်းကိုထိန်းသိမ်းနည်း
အကြင်နာကင်းမဲ့သော အပြိုင်အဆိုင်လောကကြီးတွင် စိတ်၏ငြိမ်သက်ခြင်းကိုထိန်းသိမ်းရန် အမြဲတမ်းမလွယ်ကူတတ်ပါ။ “ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊ သူ့အကျိုးကိုငြူစူခြင်း” တို့သည် လူတို့အား ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရအောင်ဟန့်တားသော “ဇာတိပကတိ၏အကျင့်များ” အဖြစ် ကျမ်းစာကရှုတ်ချထားကြောင်း သတိပြုကြပါက ကျွန်ုပ်တို့သည် ကောင်းစွာပြုရာရောက်မည်ဖြစ်သည်။ ဤအကျင့်အားလုံးတို့သည် အပြိုင်အဆိုင်စိတ်ဓာတ်နှင့် ဒွန်တွဲနေသည်။ တမန်တော်ပေါလုက ဂလာတိလူတို့အား ဤသို့သတိပေးခဲ့သည်မှာ အဆန်းမဟုတ်ပါ– “အချည်းနှီးသောကျော်စောကိတ္တိကိုတပ်မက်ခြင်း၊ အချင်းချင်းချုပ်ချယ်နှောင့်ယှက်ခြင်း၊ အချင်းချင်းငြူစူခြင်းတို့ကို ရှောင်၍နေကြကုန်အံ့။”—ဂလာတိ ၅:၁၉-၂၁၊ ၂၆။
ပေါလု၏ရှေ့နောက်စကားများက အတ္တစွဲယှဉ်ပြိုင်ခြင်းကို မည်သို့တွန်းလှန်နိုင်ကြောင်းပေါ်လွင်စေပါသည်။ “ဝိညာဉ်ပကတိ၏အကျိုးမူကား ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။ ထိုသို့သောအကျင့်ကို အဘယ်တရားမျှမမြစ်တား။” (ဂလာတိ ၅:၂၂၊ ၂၃) ဂုဏ်ပြိုင်ခြင်းကို ကျွန်ုပ်တို့စိတ်ထဲမှထုတ်ပစ်ရန် ဝိညာဉ်တော်အသီးကကူညီပေးပါသည်။ မေတ္တာဟူသောအရည်အသွေးကို ဥပမာအဖြစ်ကြည့်ပါ။ “မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ၊ မလျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကိုမရှာတတ်၊ ဒေါသအမျက်မထွက်တတ်” ဟုပေါလုကရှင်းပြပါသည်။ (၁ ကောရိန္သု ၁၃:၄-၇) မေတ္တာကိုပျိုးထောင်ခြင်းအားဖြင့် အပြိုင်အဆိုင်စိတ်ဓာတ်၏ လှုံ့ဆော်အားတစ်ခုဖြစ်သော မနာလိုခြင်းကို အမြစ်လှန်ဖယ်ရှားနိုင်ပါသည်။ ဝိညာဉ်တော်၏အခြားအသီးများကလည်း ကျွန်ုပ်တို့၏စိတ်နှလုံးထဲတွင် အကြင်နာကင်းမဲ့သည့်အပြိုင်အဆိုင်စိတ်ဓာတ်၏ ကျန်နေသေးသောအငွေ့အသက်ဟူသရွေ့ကို ဆေးကြောပစ်မည်ဖြစ်သည်။ စိတ်ရှည်ခြင်းအားဖြင့် အခြားသူများနှင့် သူသေကိုယ်ကြေယှဉ်ပြိုင်လိုသော စေ့ဆော်မှုခေါင်းထောင်လာခြင်းဟူသမျှကို လျင်မြန်စွာချိုးနှိမ်နိုင်ပါသည်!—သု. ၁၇:၂၇။
သို့သော် ကျွန်ုပ်တို့သည် ဤအရည်အသွေးများကို ပျိုးထောင်နိုင်ရန်အတွက် ဘုရားသခင်၏ဝိညာဉ်တော်အား ကျွန်ုပ်တို့အပေါ်အလုပ်လုပ်စေရန် ခွင့်ပြုရပါမည်။ ဆုတောင်းခြင်းတွင်စွဲမြဲလျက် ဘုရားသခင့်ဝိညာဉ်တော်၏အကူအညီကို တောင်းခံခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ အကျိုးပြုသောလှုပ်ရှားဆောင်ရွက်မှုကို ကျွန်ုပ်တို့အားပေးနိုင်ပါသည်။ (လုကာ ၁၁:၁၃) ကျွန်ုပ်တို့၏ဆုတောင်းပတ္ထနာကို တုံ့ပြန်သည့်အနေနှင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား မည့်သည့်အရာပေးသနားတော်မူမည်နည်း။ ကျမ်းစာက ဤသို့ဖြေဆိုပါသည်– “အဘယ်အမှုကိုမျှစိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အားကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။”—ဖိလိပ္ပိ ၄:၆၊ ၇။
ဤအချက်သည် ယေရှု၏တမန်တော်များအမှု၌ ပေါ်လွင်ထင်ရှားခဲ့သည်။ ယေရှုသည် မိမိ၏နောက်ဆုံးညတွင် တမန်တော်များနှင့်အတူ သခင့်ညစာစားပွဲကို စတင်တော်မူပြီးသည့်နောက်၌ပင် ၎င်းတို့အနက် မည်သူအကြီးဆုံးဖြစ်ဟန်ရှိသည်ကို သူတို့အငြင်းပွားနေကြဆဲဖြစ်သည်။ (လုကာ ၂၂:၂၄-၂၇) ၎င်းတို့တွေးခေါ်ပုံ မှန်ကန်လာရေးအတွက် ကူညီရန် အခါခါယေရှုကြိုးစားတော်မူခဲ့ဖူးသော်လည်း အပြိုင်အဆိုင်စိတ်သဘောသည် သူတို့တွင်နက်ရှိုင်းစွာစွဲမြဲလျက်ရှိခဲ့သည်။ (မာကု ၉:၃၄-၃၇; ၁၀:၃၅-၄၅; ယောဟန် ၁၃:၁၂-၁၇) မည်သို့ပင်ဖြစ်စေ ဆိုခဲ့သော၎င်းတို့၏နောက်ဆုံးငြင်းခုံပွဲပြီးနောက် အရက် ၅၀ ခန့်ကြာပြီး သန့်ရှင်းသောဝိညာဉ်တော်ကိုရရှိကြသောအခါ ၎င်းတို့၏စိတ်သဘောထားသည် ပြောင်းလဲသွားခဲ့ပေသည်။ ယင်းပင်တေကုတ္တေပွဲနေ့တွင် သိချင်စိတ်ပြင်းပြလျက် စုရုံးလာကြသောလူထုကြီးအား မည်သူကကိုယ်စားအဖြစ်ဟောပြောရမည်ကို အငြင်းပွားခြင်းမပြုကြတော့ပေ။—တမန်တော် ၂:၁၄-၂၁။
အဘယ်လူသားကြီးစိုးရေးအတွက်မျှ ခရစ်ယာန်အသင်းတော်၌ နေရာမရှိခဲ့ပါ။ သူတို့သည် အရေဖျားလှီးခြင်းနှင့်ပတ်သက်၍ ပြဿနာဖြေရှင်းရန်ရှိခဲ့သောအခါ ယေရှုကွယ်လွန်ချိန်က တပည့်တော်ပင်မဖြစ်သေးသောယာကုပ်သည် အရေးကြီးသောယင်းအစည်းအဝေးတွင် သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည်။ ခရစ်ယာန်အသင်းတော်အုပ်ချုပ်ရေးအဖွဲ့၏ ယင်းအစည်းအဝေးတွင် မည်သူကဦးဆောင်ရမည်နှင့်ပတ်သက်၍ ငြင်းခုံခြင်းလက္ခဏာစိုးစဉ်းမျှ မတွေ့ရပေ။ တမန်တော်များ အပြိုင်အဆိုင်စိတ်ဓာတ်နှင့်စွန်းထင်းခဲ့စဉ်အချိန်ကနှင့် ကွာခြားလိုက်သည့်ဖြစ်ခြင်း! သန့်ရှင်းသောဝိညာဉ်တော်၏မစမှုဖြင့် ယေရှု၏သွန်သင်ချက်များကို ပြန်လည်သတိရကြပြီး ကိုယ်တော့်သင်ခန်းစာများ၏အနက်အဓိပ္ပာယ်ကို သူတို့စတင်သဘောပေါက်လာကြလေသည်။—ယောဟန် ၁၄:၂၆။
ကျွန်ုပ်တို့လည်း အလားတူဖြစ်နိုင်ပါသည်။ အခြားသူများ၏ဆုံးရှုံးမှုမှ အမြတ်ထုတ်ရန် ၎င်းတို့နှင့်ယှဉ်ပြိုင်လိုသော ကျွန်ုပ်တို့၌ကိန်းအောင်းနေသေးသည့် အဘယ်စေ့ဆော်မှုကိုမဆို သန့်ရှင်းသောဝိညာဉ်တော်၏အကူအညီဖြင့် ကျွန်ုပ်တို့အောင်မြင်နိုင်ပါသည်။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် အဘယ်သူမျှကြံ၍မမီနိုင်သော စိတ်၏ငြိမ်သက်ခြင်းကို ရရှိနိုင်ပါသည်။ ယှဉ်ပြိုင်ရေးဝါဒ၏အရင်းအမြစ်ဖြစ်သော စာတန်မာရ်နတ်သည် မကြာခင် မလှုပ်ရှားနိုင်တော့အောင် တွင်းနက်ကြီးထဲသို့ ချပစ်ခံရတော့မည်ဟု သမ္မာကျမ်းစာကအာမခံထားသည်။ (ဗျာဒိတ် ၂၀:၁-၃) အိမ်နီးချင်းကြားဂုဏ်ပြိုင်ခြင်းမျိုး မရှိရတော့ပါ။ တိုးတက်မှုကင်းမဲ့သောလောကကြီး ဖြစ်သွားမည်လော။ လုံးဝမဖြစ်ပါ! လူသားများသည် အချင်းချင်းယှဉ်ပြိုင်ခြင်းအားဖြင့်မဟုတ်ဘဲ ယေရှု၏ရွေးဖိုးပူဇော်သက္ကာ၏အကျိုးအားဖြင့် စုံလင်ခြင်းသို့တက်လှမ်းကြမည်ဖြစ်သည်။—၁ ယောဟန် ၂:၁၊ ၂။
မှတ်တမ်းတင်လောက်သည့်အဆင့်တွင် ကားများကိုရောင်းချနိုင်ခဲ့ခြင်းဖြင့် တစ်ကြိမ်က လောက၏အောင်မြင်ခြင်းဂုဏ်ရောင်ထွန်းပြောင်ခဲ့သော စောစောကဆိုခဲ့သည့်ကေနိုဆကီသည် မိမိကိုယ်ကို ကာယနှင့်စိတ္တနှစ်တန်စလုံးတွင် မီးစာကုန်ဆီခန်းဖြစ်စေခဲ့သည်။ သို့သော် နောက်ဆုံး သူ အလုပ်မှထွက်ခဲ့သည်။ “အခု ကျွန်တော့်ဘဝဟာ စစ်မှန်တဲ့ပျော်ရွှင်မှုနဲ့ ပြည့်ဝနေပါပြီ” ဟုသူဆိုသည်။ ယေရှု၏ဘဝသည် အဘယ်ကြောင့် စစ်မှန်သောအောင်မြင်မှုဖြစ်ကြောင်း သူသိမြင်လာသည်။ ယခုသူသည် ဘုရားသခင်၏ကမ္ဘာချီအသင်းတော်အတွင်း သူပြုလုပ်နိုင်သမျှသောအရာတိုင်းအထဲမှ အားသစ်ပြည့်ဖြိုးလန်းဆန်းမှုကို ခံစားနေပါပြီ။ ဤသို့ဖြင့် သူသည် အပြိုင်အဆိုင်နှင့်ကင်းသောကမ္ဘာသစ်အတွက် ကြိုတင်ပြင်ဆင်ခြင်းကို ခံယူလျက်ရှိနေပေပြီ။ သင်လည်း သင့်ရပ်နယ်အတွင်းရှိ ဘုရားသခင့်နိုင်ငံတော်ခန်းမသို့သွားရောက်ပြီး ယေဟောဝါသက်သေများနှင့် ပေါင်းသင်းခြင်းအားဖြင့် ကမ္ဘာသစ်၏ကြိုတင်မြင်ကွင်းကို ရှုစားနိုင်ပါသည်။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဘုရားသခင်၏ကမ္ဘာသစ်တွင် ငြိမ်းချမ်းရေးနှင့်ပူးပေါင်းလုပ်ဆောင်မှုတို့သည် လူ့ဘောင်လောကအတွက် မွေ့လျော်စရာဖြစ်လာမည်