သခင့်ညစာစားပွဲ—ယင်းကိုမည်သည့်အကြိမ်နှုန်းဖြင့်ကျင်းပသင့်သနည်း
ခရစ္စမတ်၊ အီစတာ၊ “သန့်ရှင်းသူများ၏” နေ့များ။ အားလပ်ရက်နှင့်ပွဲများစွာတို့ကို ခရစ်ယာန်ဘောင်ချာ့ချ်များက ကျင်းပကြသည်။ သို့သော် ယေရှုခရစ်က မိမိ၏နောက်တော်လိုက်များအား ပွဲတော်မည်မျှကျင်းပရန် မိန့်ဆိုခဲ့သည်ကို သင်သိသလော။ အဖြေမှာ၊ တစ်ခုတည်းဖြစ်သည်! ခရစ်ယာန်ဘာသာကိုစတင်ခဲ့သူက အခြားမည်သည့်ပွဲကိုမျှ ကျင်းပရန်အမိန့်မပေးခဲ့ပါ။
ရှင်းနေသည်ကား ယေရှုသည် ပွဲတော် တစ်ခု ကိုသာအစပြုခဲ့သည်ဆိုလျှင် ယင်းသည် အလွန်အရေးကြီးရပေမည်။ ခရစ်ယာန်များသည် ယင်းကို ယေရှုမိန့်မှာခဲ့သည့်အတိုင်း တစ်သဝေမတိမ်းကျင်းပပြုလုပ်သင့်သည်။ ဤထူးခြားသည့်စောင့်ထိန်းစရာကား အဘယ်နည်း။
တစ်ခုတည်းသောပွဲတော်
ဤအခမ်းအနားကို ယေရှုသေဆုံးမည့်နေ့တွင် ကိုယ်တော်စတင်ခဲ့သည်။ တမန်တော်များနှင့်အတူ ဂျူးပသခါပွဲတော်ကို ကိုယ်တော်ကျင်းပခဲ့သည်။ ထို့နောက် တဆေးမပါသည့်ပသခါမုန့်ကို ဝေပေးပြီး ဤသို့မိန့်တော်မူသည်– “ဤမုန့်ကား သင်တို့အဖို့အလို့ငှာစွန့်သော ငါ၏ကိုယ်ဖြစ်၏။” တစ်ဖန် ယေရှုက ခွက်ကိုကမ်းပေးပြီး ဤသို့ပြောသည်– “ဤခွက်ကား သင်တို့အဖို့အလို့ငှာသွန်းသော ငါ၏အသွေး၌တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။” “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ ပြုကြလော့” ဟုလည်း မိန့်တော်မူခဲ့သေးသည်။ (လုကာ ၂၂:၁၉၊ ၂၀; ၁ ကောရိန္သု ၁၁:၂၄-၂၆) ထိုအခမ်းအနားကို သခင့်ညစာစားပွဲ၊ သို့မဟုတ် သတိရအောက်မေ့ပွဲဟုခေါ်သည်။ ယင်းကား မိမိ၏နောက်တော်လိုက်များကျင်းပရန် ယေရှုမိန့်တော်မူခဲ့သည့် တစ်ခုတည်းသောပွဲတော်ဖြစ်သည်။
ချာ့ချ်များစွာတို့က မိမိတို့သည် ဤအခမ်းအနားကို အခြားပွဲတော်အားလုံးနည်းတူ လိုက်၍ကျင်းပကြသည်ဟုဆိုသော်လည်း အများစုမှာ ယေရှုမိန့်တော်မူခဲ့သည့်နည်းနှင့် ခြားနားစွာကျင်းပကြသည်။ အထင်ရှားဆုံးခြားနားမှုမှာ ကျင်းပသည့် အကြိမ်နှုန်း ဖြစ်မည်။ အချို့ချာ့ချ်များတွင် လစဉ်၊ ပတ်စဉ်နှင့် နေ့စဉ်ပင်ကျင်းပကြသည်။ “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ ပြုကြလော့” ဟုယေရှုပြောရာတွင် ယင်းကဲ့သို့ ယေရှုရည်မှတ်ခဲ့သလော။ အင်္ဂလိပ်ကျမ်းစာသစ် ဤသို့ပြောသည်– “ငါ၏သတိရအောက်မေ့ပွဲအနေနှင့် ယင်းကိုပြုလော့။” (၁ ကောရိန္သု ၁၁:၂၄၊ ၂၅) သတိရအောက်မေ့ပွဲ သို့မဟုတ် နှစ်ပတ်လည်ပွဲကို မည်သည့်အကြိမ်နှုန်းဖြင့်ကျင်းပသနည်း။ ပုံမှန်အရ တစ်နှစ်တစ်ကြိမ်သာဖြစ်သည်။
ယေရှုသည် ဤအခမ်းအနားကိုစတင်ပြုလုပ်ပြီး ဂျူးပြက္ခဒိန်အရ နိသန်လ ၁၄ ရက်aတွင် သေဆုံးခဲ့ကြောင်းကိုလည်း မမေ့ပါနှင့်။ ယင်းသည် ပသခါပွဲနေ့ဖြစ်ပြီး ဘီ.စီ.အီး. ၁၆ ရာစုနှစ်က အီဂျစ်ပြည်မှ ကြီးစွာသောကယ်နှုတ်ခြင်းခံရသည့် အဖြစ်အပျက်ကို ဂျူးများအားသတိရစေရန်ပွဲတော် ကျင်းပသည့်နေ့ဖြစ်သည်။ ထိုအချိန်တွင် သိုးသငယ်ကိုယဇ်ပူဇော်ခြင်းသည် ယေဟောဝါ၏ကောင်းကင်တမန်က အီဂျစ်ပြည်ရှိသားဦးအားလုံးကို သုတ်သင်ပယ်ရှင်းစဉ် ဂျူးတို့၏သားဦးများကို ကယ်တင်မှုဖြစ်စေခဲ့သည်။—ထွက်မြောက်ရာ ၁၂:၂၁၊ ၂၄-၂၇။
ယင်းက ကျွန်ုပ်တို့၏နားလည်မှုကို မည်သို့အထောက်အကူပေးသနည်း။ ခရစ်ယာန်တမန်တော်ပေါလု ဤသို့ရေးသားခဲ့ပါသည်– “ခရစ်တော်တည်းဟူသော ငါတို့ပသခါသိုးသငယ်သည် ငါတို့အဖို့ယဇ်ပူဇော်ရာဖြစ်၏။” (၁ ကောရိန္သု ၅:၇) ယေရှု၏သေခြင်းသည် လူသားများအား သာ၍မြင့်မြတ်သည့် ကယ်တင်ခြင်းအခွင့်အရေးကိုပေးသော ကြီးမြတ်သည့်ပသခါယဇ်ဖြစ်သည်။ ထို့ကြောင့် ခရစ်ယာန်များအတွက် ခရစ်တော်၏သေခြင်းကို သတိရအောက်မေ့သည့်အထိမ်းအမှတ်သည် ဂျူးလူမျိုးတို့၏ပသခါပွဲကို အစားထိုးခဲ့သည်။—ယောဟန် ၃:၁၆။
ပသခါပွဲသည် နှစ်စဉ်ကျင်းပသည့်ပွဲတော်ဖြစ်သည်။ အမှန်အားဖြင့် သတိရအောက်မေ့ပွဲလည်းဖြစ်သည်။ ပသခါပွဲ—ယေရှုသေဆုံးသည့်နေ့ရက်—သည် ဂျူးပြက္ခဒိန်၏နိသန်လ ၁၄ ရက်နေ့တွင် အစဉ်ကျရောက်သည်။ ထို့ကြောင့် ခရစ်တော်၏သေခြင်းကို နိသန်လ ၁၄ ရက်နေ့နှင့်ထပ်တူကျသည့် ပြက္ခဒိန်ရက်စွဲဖြင့် တစ်နှစ်တစ်ခါ သတိရအောက်မေ့မှုပြုလုပ်သင့်သည်။ ထိုနေ့သည် ၁၉၉၄ ခုနှစ်အတွက် မတ်လ ၂၆ ရက်၊ စနေနေ့နေဝင်ပြီးချိန်တွင် ကျရောက်သည်။ ခရစ်ယာန်ဘောင်ချာ့ချ်များသည် ထိုနေ့ရက်ကို အဘယ်ကြောင့် အထူးအခမ်းအနားတစ်ရပ်အဖြစ် မကျင်းပကြသနည်း။ ရာဇဝင်ကို တစ်စေ့တစ်စောင်းကြည့်လိုက်ခြင်းက ထိုမေးခွန်း၏အဖြေကိုရစေပါလိမ့်မည်။
အန္တရာယ်နှင့်ရင်ဆိုင်ရသော တမန်တော်များ၏အစဉ်အလာ
စီ.အီး. ပထမရာစုအတွင်းက ယေရှုတမန်တော်များ၏ လမ်းပြညွှန်ကြားခံခဲ့ရသူများသည် ကိုယ်တော်မိန့်တော်မူခဲ့သည့်အတိုင်း သခင့်ညစာစားပွဲကိုကျင်းပခဲ့မည်မှာ မလွဲပေ။ သို့တစေ ဒုတိယရာစုရောက်သောအခါ အချို့တို့သည် သတိရအောက်မေ့ပွဲအချိန်ကို ပြောင်းလဲခဲ့ကြသည်။ နိသန်လ ၁၄ ရက်ကျရောက်သောနေ့တွင်မဟုတ်ဘဲ (ယခု တနင်္ဂနွေနေ့) ဟုခေါ်သော အပတ်၏ပထမဆုံးနေ့တွင် ကျင်းပကြသည်။ အဘယ်ကြောင့် ထိုသို့ ပြုကြသနည်း။
ဂျူးလူမျိုးများအတွက် နေ့ရက်တစ်ရက်သည် ညနေခြောက်နာရီခန့်တွင် စတင်ပြီး နောက်တစ်နေ့ထပ်တူအချိန်အထိသွားသည်။ ယေရှုသည် ကြာသပတေးနေ့ညနေမှ သောကြာနေ့ညနေထိရှည်ကြာသည့် စီ.အီး. ၃၃ ခုနှစ်၊ နိသန်လ ၁၄ ရက်နေ့တွင် သေဆုံးခဲ့သည်။ တတိယမြောက်နေ့ဖြစ်သည့် တနင်္ဂနွေနေ့နံနက်စောစောတွင် ကိုယ်တော်ရှင်ပြန်ထမြောက်ခဲ့သည်။ အချို့တို့က နိသန်လ ၁၄ ရက်တွင်ကျရောက်မည့်နေ့အစား နှစ်စဉ် ရက်သတ္တပတ်၏ပုံသေနေ့တစ်နေ့တွင် ယေရှုသေခြင်းကို သတိရအောက်မေ့ပွဲကျင်းပလိုကြသည်။ ယေရှုရှင်ပြန်ထမြောက်ခြင်းသည် ကိုယ်တော့်သေခြင်းထက် သာ၍အရေးကြီးသည်ဟုလည်း သူတို့ယူမှတ်ကြသည်။ သို့နှင့် တနင်္ဂနွေနေ့ကို သူတို့ရွေးချယ်သတ်မှတ်လိုက်ကြသည်။
မိမိ၏ရှင်ပြန်ထမြောက်ခြင်းကိုမဟုတ်ဘဲ မိမိ၏သေခြင်းကို အထိမ်းအမှတ်ပြုရန် ယေရှုမိန့်တော်မူခဲ့သည်။ ဂျူးပသခါပွဲနေ့သည် ယခုကျွန်ုပ်တို့အသုံးပြုနေသည့် ဂရီဂေါ်ရီယန်ပြက္ခဒိန်အရ တစ်နှစ်နှင့်တစ်နှစ်မတူသောရက်များတွင် ကျရောက်သောကြောင့် သတိရအောက်မေ့ပွဲသည်လည်း အလားတူပင်ဖြစ်ရမည်။ ထို့ကြောင့် လူများစွာတို့သည် မူလအစီအစဉ်မှတန့်သွားကြပြီး သခင့်ညစာစားပွဲကို နိသန်လ ၁၄ ရက်နေ့တွင် နှစ်စဉ်ကျင်းပလာကြသည်။ အတန်ကြာသော် သူတို့ကို ကွာတိုဒက်စမန်စ်ဟုခေါ်လာကြပြီး အဓိပ္ပာယ်မှာ “ဆယ့်လေးရက်သမားများ” ဟူ၍ဖြစ်သည်။
ထို “ဆယ့်လေးရက်သမားများ” သည် မူရင်းတမန်တော်များ၏ပုံစံကို လိုက်လျှောက်နေကြကြောင်း အချို့ပညာရှင်များက အသိအမှတ်ပြုကြသည်။ သမိုင်းဆရာတစ်ဦးဤသို့ပြောခဲ့သည်– “ပါစကာ [သခင့်ညစာစားပွဲ] ကျင်းပသည့်နေ့နှင့်ပတ်သက်၍ အာရှရှိ ကွာတိုဒက်စမန်စ်ချာ့ချ်များ၏အလေ့အထသည် ယေရုရှလင်ချာ့ချ်၏အလေ့အထကို ဆက်ခံသည့်အရာဖြစ်သည်။ ဒုတိယရာစုတွင် ဤချာ့ချ်များက နိသန်လ ၁၄ ရက်နေ့တွင်ကျင်းပသော ပါစကာတွင် ခရစ်တော်၏သေခြင်းကြောင့် အကျိုးဖြစ်ထွန်းသည့်ကယ်လွတ်မှုအထိမ်းအမှတ်ပွဲကို ကျင်းပကြသည်။”—စတူဒီယာပါထရစ္စတီကာ အတွဲ ၅၊ ၁၉၆၂၊ စာမျက်နှာ ၈။
ပဋိပက္ခတစ်ရပ်ပေါ်ပေါက်လာ
အာရှမိုင်းနားတွင် လူအများတို့က တမန်တော်တို့၏လုပ်ပုံလုပ်နည်းကိုလိုက်လျှောက်စဉ် ရောမ၌ တနင်္ဂနွေနေ့တွင်ကျင်းပရန် သတ်မှတ်ထားကြသည်။ စီ.အီး. ၁၅၅ ခုနှစ်ခန့်တွင် အာရှအသင်းတော်များ၏ကိုယ်စားလှယ် စမုရနမြို့မှပေါ်လီကပ်သည် ယင်းကိစ္စနှင့် အခြားသောပြဿနာများကိုဆွေးနွေးရန် ရောမသို့သွားရောက်ခဲ့သည်။ ဝမ်းနည်းစရာကား ယင်းကိစ္စနှင့်ပတ်သက်၍ သဘောတူညီမှုတစ်ခုမျှ မရရှိခဲ့ခြင်းဖြစ်သည်။
လီယွန်မြို့မှ အိုင်ရီနီယပ်စ်ဆိုသူက စာတစ်စောင်တွင် ဤသို့ရေးသားထားသည်– “[ရောမမှ] အယ်နစီးတပ်စ်သည်လည်း ပေါ်လီကပ်အား ကျွန်ုပ်တို့သခင်၏တပည့်တော်ယောဟန်နှင့် သူပေါင်းသင်းခဲ့သည့်အခြားတမန်တော်များနှင့်အတူ အမြဲကျင်းပခဲ့သောပွဲကို မကျင်းပရန် မသွေးဆောင်နိုင်ခဲ့ပါ; ပေါ်လီကပ်သည်လည်း ယင်းကိုကျင်းပရန် အယ်နစီးတပ်စ် အားမသွေးဆောင်နိုင်ခဲ့ပါ။ အကြောင်းမှာ သူ [အယ်နစီးတပ်စ်] သည် မိမိ မတိုင်မီကအသက်ကြီးသူများ၏ ထုံးတမ်းစဉ်လာကို ဆက်လက်စောင့်ထိန်းသင့်သည်ဟု သူ [အယ်နစီးတပ်စ်] ပြောခဲ့သောကြောင့်တည်း။” (ယူစီးဘီးယပ်စ်၊ စာအုပ် ၅၊ အခန်း ၂၄) အယ်နစီးတပ်စ်က သူ့လက်ထက်မတိုင်မီ ရောမမြို့ရှိအသက်ကြီးသူများ၏ ထုံးတမ်းစဉ်လာကို စွဲလမ်းနေစဉ် မှတ်တမ်းအရ ပေါ်လီကပ်သည် တမန်တော်များ၏အခွင့်အာဏာအပေါ် အခြေပြုရပ်တည်ခဲ့ကြောင်း မှတ်သားပါ။
ဤပဋိပက္ခသည် စီ.အီး. ဒုတိယရာစုအဆုံးပိုင်းအထိ ကြီးမားကျယ်ပြန့်လာသည်။ စီ.အီး. ၁၉၀ ခုနှစ်လောက်တွင် ရွေးကောက်ခံရသည့် ရောမမြို့၏ဂိုဏ်းအုပ်ဘုန်းတော်ကြီးမှာ ဗစ်တာဆိုသူဖြစ်သည်။ သူက သခင့်ညစာစားပွဲသည် တနင်္ဂနွေနေ့တွင်ကျင်းပသင့်သည်ဟု ယူဆပြီး အခြားခေါင်းဆောင်များ၏ထောက်ခံမှုကို ရနိုင်သမျှရယူရန်ကြိုးစားခဲ့သည်။ ဗစ်တာက အာရှရှိအသင်းတော်များအား တနင်္ဂနွေနေ့အစီအစဉ်သို့ပြောင်းရန် ဖိအားပေးခဲ့သည်။
အာရှမိုင်းနားရှိသူများကိုယ်စား ပြန်ကြားရာတွင် ဧဖက်မြို့ရှိ ပလစ်ခရတိစ်က ထိုဖိအားပေးမှုကိုအောက်ကျို့ရန် ငြင်းဆန်ခဲ့သည်။ သူဤသို့ပြောသည်– “ယင်းနေ့ရက်ကို မဟုတ်မမှန်ပြောင်းလဲခြင်းမပြုဘဲ ကျွန်ုပ်တို့စောင့်ထိန်းကြသည်။ ထပ်တိုးခြင်းလည်းမပြု၊ နှုတ်ပယ်ခြင်းလည်းမပြုကြပါ။” ထို့နောက် တမန်တော်ယောဟန်အပါအဝင် ကိုးကားနိုင်သူများစွာတို့ကို ဖော်ပြခဲ့သည်။ “ဤသူအားလုံးတို့သည် ခရစ်ဝင်ကျမ်းနှင့်အညီဖြစ်သောပါစကာကို ဆယ့်လေးရက်နေ့တွင် ကျင်းပကြသည်။ ယင်းမှ မည်သည့်နည်းဖြင့်မျှ မသွေဖည်သွားကြပါ။” ပလစ်ခရတိစ်ဆက်ပြောသေးသည်မှာ “ညီအစ်ကိုတို့၊ ကျွန်ုပ်အနေနှင့် . . . ခြိမ်းခြောက်မှုများကို မ ကြောက် ပါ။ အကြောင်းမှာ ကျွန်ုပ်ထက်ကောင်းမြတ်သောသူများက ငါတို့သည်လူထက် ဘုရားသခင်ကိုပို၍ နာခံရမည် ဟုပြောခဲ့သောကြောင့်ဖြစ်သည်။”—ယူစီးဘီးယပ်စ်၊ စာအုပ် ၅၊ အခန်း ၂၄။
ဗစ်တာက ဤပြန်ကြားချက်ကို မနှစ်မြို့ခဲ့ပါ။ သမိုင်းစာအုပ်တစ်အုပ်က သူသည် “အာရှရှိချာ့ချ်များကို အဆက်အသွယ်ဖြတ်လိုက်ပြီး ကျန်ချာ့ချ်အားလုံးအား ယင်းတို့နှင့်အဆက်အသွယ်မပြုသင့်ကြောင်း သူ၏အယူအဆနှင့်ပတ်သက်သည့် လက်ကမ်းစာများကို ချာ့ချ်များသို့ပေးပို့လိုက်သည်” ဟုဆိုထားသည်။ သို့တစေ “ဤသို့ရဲတင်းလွန်းသည့် မိုက်ရူးရဲဆန်သော သူ၏လုပ်ရပ်ကို သူ့ပါတီတွင်းရှိ ပညာအမြော်အမြင်နှင့် ဆင်ခြင်မှုရှိသောသူအားလုံးတို့က မထောက်ခံခဲ့ချေ။ အတော်များများတို့က သူ့ကိုပြင်းပြင်းထန်ထန်ဝေဖန်ကြပြီး မေတ္တာ၊ စည်းလုံးမှု၊ ငြိမ်သက်မှုကို ဆက်လက်ထိန်းသိမ်းရန် . . . အကြံပြုကြသည့်စာများရေးကြသည်။”—ဘင်ဂ်ဟမ်စ်၏ ခရစ်ယာန်ချာ့ချ်၏ရှေးဟောင်းအမွေအနှစ်များ၊ စာအုပ် ၂၀၊ အခန်း ၅။
အယူဖောက်ပြန်ခြင်းစတည်လာ
ထိုသို့အတိုက်အခံများကြားမှပင် အာရှမိုင်းနားရှိခရစ်ယာန်များသည် သခင့်ညစာစားပွဲကို မည်သည့်အချိန်တွင်ကျင်းပရမည်နှင့်ပတ်သက်၍ တိုး၍သီးခြားရပ်တည်လာခဲ့ကြသည်။ အခြားဒေသများတွင် အမျိုးမျိုးကွဲပြားခြားနားစွာ ခံယူလာကြသည်။ အချို့တို့က နိသန်လ ၁၄ ရက်နေ့မှစ၍ နောက်ရောက်လာမည့်တနင်္ဂနွေနေ့အထိ ဆက်ကျင်းပကြသည်။ အချို့တို့က သာ၍ထပ်ခါထပ်ခါ—တနင်္ဂနွေနေ့အပတ်တိုင်း ကျင်းပလာကြသည်။
စီ.အီး. ၃၁၄ ခုနှစ်တွင် အာလိစ်ကောင်စီ (ပြင်သစ်) က ရောမတို့၏အစီအစဉ်ကိုဖိအားပေးပြီး ယင်းကိုပြောင်းလဲသည့်မည်သည့်အစီအစဉ်မဆို နှိပ်ကွပ်ရန်ကြိုးစားလာကြသည်။ ကျန်သည့်ကွာတိုဒက်စမန်စ်များက ဖီလာဆန့်ကျင်ကြသည်။ မိမိအင်ပါယာအတွင်းရှိ ခရစ်ယာန်ဆိုသူများအကြား ကွဲပြားမှုဖြစ်စေသည့် အဆိုပါကိစ္စနှင့်အခြားကိစ္စများကို ဖြေရှင်းနိုင်ရန် ဘုရင်ကောန်စတင်တိုင်းသည် ခရစ်ယာန်အသင်းတော်အားလုံးရှိ ဓမ္မဆရာများ ညှိနှိုင်းစည်းဝေးပွဲကြီးကို စီ.အီး. ၃၂၅ ခုနှစ်တွင် နိုက်စီရာကောင်စီ၌ ကျင်းပခဲ့သည်။ ယင်း၌ အာရှမိုင်းနားရှိသူအားလုံး ရောမတို့၏အစဉ်အလာကို ပြောင်းလဲကျင့်သုံးရမည့် ညွှန်ကြားချက်ပါသည့် အမိန့်တစ်ရပ်ကို ထုတ်ပြန်ကြေညာလိုက်သည်။
အချေအတင်ဆွေးနွေးသည့် အရေးကြီးအကြောင်းအရာများအနက်မှ အချက်တစ်ခုသည် ဂျူးပြက္ခဒိန်အရ ခရစ်တော်၏သေခြင်းအား သတိရအောက်မေ့ပွဲကျင်းပသည့်နေ့စွဲကို စွန့်ပယ်ခြင်းမှာ စိတ်ဝင်စားစရာဖြစ်သည်။ ခေ. ဂျေ. ဟေဖလာရေးသည့် ခရစ်ယာန်ကောင်စီများ၏သမိုင်း စာအုပ်က ဤသို့ဖော်ပြထားသည်– “ကြောက်မက်ဖွယ်အကောင်းဆုံးသော ရာဇဝတ်မှုများတွင်ပါဝင်ပြီး စိတ်အမှောင်ကျနေကြသောဂျူးများ၏ ထုံးတမ်းစဉ်လာ (မှန်းဆချက်) များနှင့်အညီပွဲတကာတို့တွင် သန့်ရှင်းမြင့်မြတ်မှုအရှိဆုံးသော ဤပွဲတော်ကို ပြုလုပ်ရန် အထူးသဖြင့် မလျော်ကန်မအပ်စပ်သည်မှာ ထင်ရှားနေပါသည်။” (အတွဲ ၁၊ စာမျက်နှာ ၃၂၂) ထိုအခြေအနေမျိုးတွင်ရောက်ရှိနေခြင်းက “ချာ့ချ်၏အခွင့်အာဏာကို ထိပါးသည့်ဂျူးဘာသာရေးအောက် ‘သိက္ခာကျသောလက်အောက်ခံခြင်း’” အဖြစ်ယူမှတ်ခံရသည်ဟု ဂျေ. ဂျပ်စ်တရ်က ၁၉၆၁ ခုနှစ်ထုတ် စတူဒီယာပါထရစ္စတီကာ အတွဲ ၄၊ စာမျက်နှာ ၄၁၂ ကိုကိုးကား၍ ပြောဆို ထားသည်။
ဂျူးမုန်းတီးရေးဝါဒပါတကား! ကိုယ်တော်သေဆုံးသည့်နေ့တွင်ပင် ယေရှု၏သေခြင်းကို သတိရအောက်မေ့ပွဲကျင်းပသူများသည် ဂျူးထုံးစံလိုက်သူများဟု ယူမှတ်ခံရကြသည်။ ယေရှုကိုယ်တိုင်ဂျူးလူမျိုးတစ်ဦးဖြစ်ပြီး လူသားများအတွက် မိမိအသက်ကိုပူဇော်ခြင်းအားဖြင့် ထိုနေ့ကို အဓိပ္ပာယ်လေးနက်စေခဲ့ကြောင်းကိုမူ မေ့လျော့ထားကြသည်။ ထိုအချိန်မှစ၍ ကွာတိုဒက်စမန်စ်တို့သည် ဆန့်ကျင်သောအယူဝါဒသမားများနှင့်သင်းခွဲသူများဟု အပြစ်တင်ခံရကြပြီး နှိပ်စက်ညှဉ်းပန်းခံရကြတော့သည်။ စီ.အီး. ၃၄၁ ခုနှစ်တွင် အန္တိအုတ်ကောင်စီက သူတို့ကိုအဆက်အသွယ်ဖြတ်တောက်ရန် အမိန့်ချမှတ်ခဲ့သည်။ သို့တိုင် စီ.အီး. ၄၀၀ ခုနှစ်အထိ သူတို့အများအပြားကျန်ရှိနေသေးပြီး အရေအတွက်အနည်းငယ်ဖြင့် နောက်ပိုင်းကာလကြာမြင့်စွာ တည်ရှိလာခဲ့ကြသည်။
ထိုအချိန်မှစ၍ ခရစ်ယာန်ဘောင်သည် ယေရှု၏မူလအစီအစဉ်အတိုင်းပြန်သွားကြရန် ပျက်ကွက်ခဲ့ကြသည်။ ပါမောက္ခဝီလျန်ဘရိုက် ဤသို့ဝန်ခံထားသည်– “အထူးနေ့ရက်၊ ရက်မြတ်သောကြာကို ခရစ်တော်ခံစားရသည့်ဝေဒနာအား သတိရအောက်မေ့ခြင်းအတွက်နေ့အဖြစ် သတ်မှတ်လိုက်သောအခါ စိန့်ပေါလ်က ပူဇော်သက္ကာသေခြင်းနှင့်ဆက်သွယ်ခဲ့သည့် ‘ပသခါ’ ဆိုင်ရာဆက်စပ်မှုများနှင့်အညီ သတ်မှတ်ပေးရန် အလွန်နောက်ကျသွားပေပြီ– ယင်းတို့ကို ရှင်ပြန်ထမြောက်ခြင်းပွဲတော်ကိုယ်နှိုက်အဖြစ် အများအပြား ရည်ညွှန်းခဲ့ပြီး ဂရိနှင့်လက်တင်ခရစ်ယာန်ဘောင်တို့၏ ထုံးတမ်းစဉ်လာအသုံးအနှုန်းတွင် အတွေးအခေါ်ရှုတ်ထွေးမှုများပေါ်ပေါက်လာခဲ့သည်။”—ချာ့ချ်ဖခင်များခေတ် အတွဲ ၁၊ စာမျက်နှာ ၁၀၂။
ယနေ့မည်သို့နည်း
‘ဤနှစ်များနောက်ပိုင်းတွင် သတိရအောက်မေ့ပွဲကိုကျင်းပသည့်အချိန်အခါသည် အရေးကြီးသေးသလော’ ဟုသင်မေးပေမည်။ အရေးကြီးပါသည်။ ဩဇာအာဏာရှိရန်ကြိုးစားနေသည့် စိတ်ဓာတ်ပြင်းထန်သူအချို့တို့က အပြောင်းအလဲလုပ်ခဲ့ကြသည်။ လူများက ယေရှုခရစ်ကိုနာခံမည့်အစား မိမိတို့၏ကိုယ်ပိုင်အယူအဆနောက်လိုက်ကြသည်။ တမန်တော်ပေါလု၏ ဤသတိပေးစကားများပြည့်စုံသည်မှာ ထင်ရှားသည်– “ငါမရှိသည့်နောက်၊ ကြမ်းတမ်းသောတောခွေးတို့သည် သိုးများကိုမသနားဘဲ သင်တို့အထဲသို့ဝင်မည်ကိုလည်းကောင်း၊ တပည့်တော်များကိုသွေးဆောင်ခြင်းငှာ၊ မှားသောစကားကိုပြောတတ်သောလူတို့သည် သင်တို့အထဲ၌လည်းပေါ်လာမည်ကိုလည်းကောင်း ငါသိ၏။”—တမန်တော် ၂၀:၂၉၊ ၃၀။
ပြဿနာမှာ နာခံမှုကိစ္စဖြစ်သည်။ ခရစ်ယာန်များကျင်းပရန် အခမ်းအနားတစ်ခုကိုသာ ယေရှုချမှတ်ခဲ့သည်။ ယင်းကို မည်သည့်အချိန်တွင် မည်သို့ကျင်းပသင့်ကြောင်း သမ္မာကျမ်းစာက ရှင်းလင်းစွာဖော်ပြထားသည်။ သို့ဆိုလျှင် မည်သူသည် ယင်းကိုပြောင်းလဲရန် အခွင့်အာဏာရှိသနည်း။ ရှေးကွာတိုဒက်စမန်စ်များသည် ယင်းကိစ္စတွင် အလျှော့ပေးလိုက်လျောမည့်အစား နှိပ်စက်ညှဉ်းပန်းခြင်းနှင့် အဆက်အသွယ်ဖြတ်တောက်ခြင်းတို့ကို ခံခဲ့ကြသည်။
ယေရှု၏အလိုတော်ကိုလေးမြတ်လျက် ကိုယ်တော့်သေခြင်းသတိရအောက်မေ့ပွဲကို ကိုယ်တော်ချမှတ်ခဲ့သည့်နေ့စွဲတွင် ကျင်းပကြသည့်ခရစ်ယာန်များ ရှိနေသေးကြောင်းသိရလျှင် သင်စိတ်ဝင်စားပေမည်။ ဤနှစ်တွင် ကမ္ဘာအရပ်ရပ်ရှိ ယေဟောဝါသက်သေများသည် မတ်လ ၂၆ ရက်၊ စနေနေ့ညနေ ၆:၀၀ နာရီနောက်ပိုင်း—နိသန်လ ၁၄ ရက်၏အစတွင် မိမိတို့၏ခန်းမများ၌ စုဝေးကြမည်။ ဤအဓိပ္ပာယ်အရှိဆုံးအခါသမယတွင် မည်သည့်အရာလုပ်ရမည်ကို ယေရှုပြောခဲ့သည့်အတိုင်း သူတို့အတိအကျပြုလုပ်ကြမည်။ သူတို့နှင့်အတူ သခင့်ညစာစားပွဲကို စောင့်ထိန်းကြစို့။ တက်ရောက်ခြင်းအားဖြင့် သင်လည်း ခရစ်တော်ယေရှု၏အလိုတော်ကို လေးစားကြောင်းတင်ပြနိုင်သည်။
[အောက်ခြေမှတ်ချက်များ]
a ဂျူးနှစ်၏ပထမဆုံးလဖြစ်သော နိသန်လသည် လဆန်းသည်နှင့်စတင်သည်။ ထို့ကြောင့် နိသန်လ ၁၄ ရက်သည် လပြည့်နေ့တွင် အမြဲကျရောက်သည်။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
“ဒီတန်ဖိုးကြီးမားတဲ့ရွေးနှုတ်ဖိုး”
ယေရှုခရစ်၏ရွေးဖိုးပူဇော်သက္ကာသည် အယူဝါဒသက်သက်ထက် များစွာပို၍အဓိပ္ပာယ်ရှိသည်။ မိမိကိုယ်နှင့်ပတ်သက်၍ ယေရှုဤသို့မိန့်တော်မူခဲ့သည်– “အကြောင်းမူကား၊ လူသားသည် သူတစ်ပါးကိုစေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကိုခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာလည်းကောင်း ကြွလာသတည်း။” (မာကု ၁၀:၄၅) ဤသို့လည်း ကိုယ်တော်ရှင်းပြခဲ့သည်– “ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။” (ယောဟန် ၃:၁၆) ရွေးနှုတ်ဖိုးက သေသူများအတွက် ရှင်ပြန်ထမြောက်ခြင်းနှင့် ထာဝရအသက်ရှင်ရန်မျှော်လင့်ချက်ကို လမ်းဖွင့်ပေးသည်။—ယောဟန် ၅:၂၈၊ ၂၉။
ယင်းကား သခင့်ညစာစားပွဲကျင်းပခြင်းအားဖြင့် သတိရအောက်မေ့ခြင်းခံရသော ယေရှုခရစ်၏ အလွန်အရေးကြီးသည့်သေခြင်းဖြစ်သည်။ ကိုယ်တော်၏ပူဇော်သက္ကာသည် အရာများစွာကို ပြီးစီးအောင်မြင်စေပါသည်တကား! ဘုရားရေးရာထက်သန်သည့်မိဘများ၏ လေ့ကျင့်မှုခံခဲ့ရပြီး ဘုရားသခင်၏သမ္မာတရားလမ်းတွင် ဆယ်စုနှစ်များစွာ လိုက်လျှောက်လာခဲ့သောအမျိုးသမီးတစ်ဦးက အောက်ပါစကားများအားဖြင့် ကျေးဇူးတင်ကြောင်းဖော်ပြခဲ့သည်–
“သတိရအောက်မေ့ပွဲကို ကျွန်မတို့မျှော်ကြတယ်။ တစ်နှစ်ထက်တစ်နှစ် ပိုမိုထူးခြားလာတယ်။ လွန်ခဲ့တဲ့အနှစ် ၂၀ လောက်တုန်းက အသုဘရုံတစ်ခုထဲမှာရပ်ပြီး ကျွန်မချစ်တဲ့ဖေဖေရဲ့ရုပ်ကလာပ်ကိုကြည့်နေတုန်း ရွေးနှုတ်ဖိုးကို နှလုံးထဲကလှိုက်လှိုက်လှဲလှဲ လေးမြတ်တဲ့စိတ်ဖြစ်ပေါ်ခဲ့တာကို ပြန်သတိရတယ်။ အဲဒီမတိုင်ခင်က သိတာသက်သက်ပဲဖြစ်ခဲ့တယ်။ ကျမ်းချက်တွေအားလုံးနဲ့ အဲဒါတွေကို ဘယ်လိုရှင်းပြရမယ်ဆိုတာ ကျွန်မသိတယ်! ဒါပေမဲ့ သေခြင်းတရားရဲ့ စိမ်းကားရက်စက်မှုကို ကျွန်မကြုံတွေ့ရတော့မှပဲ ဒီတန်ဖိုးကြီးမားတဲ့ရွေးနှုတ်ဖိုးက ကျွန်မတို့အတွက်ဖြစ်မြောက်အောင်မြင်စေမဲ့အရာအတွက် အူလှိုက်သည်းလှိုက်ရွှင်လန်းမှုကို ခံစားရတော့တယ်။”