“ခြေထောက်ကိုမကျွေး၊ ပါးစပ်ကိုကျွေး”
အာဖရိကန်မိရိုးဖလာသင်္ဂြိုဟ်မှုထုံးစံအကြောင်းတစေ့တစောင်း
“သူတို့သေရင် မသင်္ဂြိုဟ်ကြဘူး!” ယင်းကား အနောက်အာဖရိကတွင် ယေဟောဝါသက်သေများနှင့်ပတ်သက်၍ ဖော်ပြလေ့ရှိသည့်စကားဖြစ်သည်။ သို့သော် သက်သေခံများသည် မိမိတို့သေလျှင် အမှန်ပင်သင်္ဂြိုဟ်ကြကြောင်း အများသိဖြစ်သည်။
ယေဟောဝါသက်သေများသည် လူသေကိုမသင်္ဂြိုဟ်ဟု အဘယ်အရာကလူများပြောစရာဖြစ်စေသနည်း။ အကြောင်းမှာ သက်သေခံများသည် မြောက်မြားလှစွာသော ဒေသဆိုင်ရာသင်္ဂြိုဟ်သည့်ထုံးစံများကို မလိုက်လျှောက်ကြသောကြောင့်ဖြစ်သည်။
မိရိုးဖလာသင်္ဂြိုဟ်မှုထုံးစံများ
အာလီဝူးသည် နိုင်ဂျီးရီးယားအလယ်ပိုင်းရှိ ရွာကလေးတစ်ရွာတွင်နေထိုင်သည်။ သူ့မိခင်သေဆုံးသောအခါ သူ့ဆွေမျိုးသားချင်းများထံ နာရေးသတင်းပို့ပြီး သူမ၏အိမ်တွင် ကျမ်းစာဆိုင်ရာဟောပြောချက်ပေးရန် အစီအစဉ်လုပ်သည်။ ဒေသခံယေဟောဝါသက်သေများ၏ အသင်းတော်အကြီးအကဲက သမ္မာကျမ်းစာတွင်ပါရှိသည့် လူသေများ၏အခြေအနေနှင့် အားရှိစရာရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို အခြေပြု၍ဟောပြောသွားသည်။ ဟောပြောချက်ပြီးသောအခါ အာလီဝူး၏မိခင်ကို သင်္ဂြိုဟ်လိုက်ကြသည်။
ဆွေမျိုးများက အကြီးအကျယ်ဒေါသထွက်ကြသည်။ သူတို့အတွက် သင်္ဂြိုဟ်ခြင်းအစီအစဉ်သည် အသုဘစောင့်ခြင်းမပါလျှင် မပြီးပါ။ ယင်းကို လူတစ်ဦးသေဆုံးပြီးနောက် ညဖက်တွင် ပြုလုပ်လေ့ရှိသည်။ အလီဝူး၏အသိုင်းအဝိုင်းတွင် အသုဘစောင့်ခြင်းသည် ဝမ်းနည်းပူဆွေးခြင်းမဟုတ်ဘဲ အခမ်းအနားတစ်ခုဖြစ်သည်။ အလောင်းကိုရေချိုးပေးပြီး အဝတ်ဖြူဖြင့်ပတ်ကာ အိပ်ရာတစ်ခုတွင်ထားကြသည်။ ပူဆွေးကျန်ခဲ့သူများက တူရိယာတီးမှုတ်သူများကိုခေါ်ဖိတ်၍ ဘီယာသေတ္တာများနှင့် ထန်းရည်အိုးများကိုဝယ်ပြီး ယဇ်ပူဇော်ရန် နွား၊ သို့မဟုတ် ဆိတ်တစ်ကောင်ကို စီစဉ်ကြသည်။ ထို့နောက် ဆွေမျိုးမိတ်သင်္ဂဟများက နောက်တစ်နေ့အရုဏ်တက်အထိ သီချင်းဆိုကြ၊ ကကြ၊ စားကြသောက်ကြရန် ရောက်ရှိလာကြသည်။
ထိုပွဲအတွင်းတွင် အစာကို သေသူ၏ခြေထောက်နားတွင် ထားပေးသည်။ သေသူ၏ဆံပင်၊ လက်သည်း၊ ခြေသည်းအချို့တို့ကို ဖြတ်ယူထားကြပြီး “ဒုတိယသင်္ဂြိုဟ်ခြင်း” အတွက်ဖြစ်သည်။ ယင်းကိုပြုရန် ရက်ပေါင်း၊ အပတ်ပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာပင် ကြာတတ်သည်။
တစ်ပတ် သို့မဟုတ် ထိုထက်ကြာရှည်စွာ အသုဘအခမ်းအနားဆက်ကျင်းပသော်လည်း အသုဘစောင့်ပြီးနောက်တစ်နေ့တွင် အလောင်းကိုသင်္ဂြိုဟ်လိုက်ကြသည်။ နောက်ပိုင်းတွင် ဒုတိယသင်္ဂြိုဟ်ခြင်းကို ပြုလုပ်ကြသည်။ ဆံပင်၊ ခြေသည်း၊ လက်သည်းအပိုင်းအစများကို အဝတ်ဖြူတစ်ခုတွင်ထုပ်ထားပြီး ငါးပေခြောက်ပေခန့်ရှည်သည့် ပျဉ်ပြားတစ်ချပ်ပေါ်တွင် ချည်ထားသည်။ ထိုပျဉ်ချပ်ကို အဆိုအကအစီအစဉ်များဖြင့် သုသာန်သို့ယူဆောင်သွားပြီး သေသူအားမြှုပ်ထားသည့်နေရာအနီးတွင် မြှုပ်လိုက်ကြသည်။ တစ်ဖန် သီဆိုတီးမှုတ်ကခုန်ခြင်း၊ သောက်စားခြင်းနှင့် ပွဲခံကြပြန်သည်။ အသုဘအစီအစဉ်ကို နိဂုံးချုပ်ရန် ကောင်းကင်သို့ သေနတ်တစ်ချက်ထောင်ပစ်လိုက်သည်။
အာလီဝူးသည် ယင်းတို့ကိုလုပ်ခွင့်မပြုသဖြင့် သေသူအားလည်းကောင်း၊ သူတို့ကိုဂုဏ်ပြုသည့်ထုံးတမ်းစဉ်လာကိုလည်းကောင်း ရိုသေလေးစားခြင်းမရှိသူအဖြစ် စွပ်စွဲခံရသည်။ သို့သော် ယေဟောဝါသက်သေတစ်ဦးဖြစ်သည့် အာလီဝူးသည် ထုံးတမ်းစဉ်လာအတိုင်းလိုက်လျှောက်ခြင်းကို အဘယ်ကြောင့်ငြင်းပယ်ခဲ့သနည်း။ အကြောင်းမှာ ဤထုံးတမ်းစဉ်လာများအခြေခံသည့် ဘာသာရေးအယူအဆများကို သူ့သြတ္တပ္ပစိတ်က လက်မခံနိုင်သောကြောင့်ဖြစ်သည်။
မိရိုးဖလာအာဖရိကန်တို့၏ယုံကြည်ချက်များ
လူသားသည် နာမ်ဝိညာဉ်လောကမှလာ၍ ထိုသို့ပြန်သွားမည်ဟု အာဖရိကတစ်ခွင်ရှိလူများက ယုံကြည်ထားကြသည်။ နိုင်ဂျီးရီးယားရှိ ယူရူဘားလူမျိုးများက ဤသို့ဆိုကြသည်– “ကမ္ဘာသည် ဈေးတစ်ခုဖြစ်ပြီး ကောင်းကင်ကား အိမ်ဖြစ်သည်။” အစ်ဂ်ဘိုလူမျိုးများကမူ ဤသို့ပြောကြသည်– “ဤလောကတွင်မွေးဖွားလာသူမည်သူမဆို ကမ္ဘာပေါ်တွင် မည်မျှကြာကြာစောင့်ရပါစေ အိမ်သို့ပြန်ကြရမည်သာဖြစ်သည်။”
ပထမဖော်ပြသည့်ထုံးစံကိုစဉ်းစားကြည့်ပါ။ အသုဘစောင့်ခြင်း၏ရည်ရွယ်ချက်မှာ ဝိညာဉ်ကို ကောင်းစွာလိုက်ပို့ခြင်းဖြစ်သည်။ အဖြူရောင်သည် ဝိညာဉ်လောကအတွက် သင့်လျော်သည့်အဝတ်အစားဟု ယူမှတ်ကြသည်။ ခြေထောက်နားတွင် အစားအစာများထားပေးခြင်းက သေသူသည် ဘိုးဘေးများ၏ပြည်သို့သွားသည့်ခရီးစဉ်တွင် မဆာစေရန်အတွက် ခြေထောက်မှနေ၍ “စား” ရန် ဟူသည့်သဘောဖြင့်ဖြစ်သည်။
ထို့အပြင် ဝိညာဉ်သည် ခန္ဓာကိုယ်မှထွက်သွားသောအခါ အသက်ရှင်နေသူများကြားတွင် ဆက်၍ရစ်သီရစ်သီလုပ်နေပြီး ဒုတိယအကြိမ်သင်္ဂြိုဟ်ခြင်းအားဖြင့် အပြီးသတ်လွှတ်ခြင်းမခံရမချင်း ဘိုးဘေးများထံသို့မပြန်ဟု လူအများယုံကြည်ထားကြသည်။ ဒုတိယအကြိမ်သင်္ဂြိုဟ်ခြင်းမပြုပါက နာမ်ဝိညာဉ်သည် စိတ်ဆိုးလာပြီး အသက်ရှင်သူများကို ဖျားနာခြင်း သို့မဟုတ် သေခြင်းအားဖြင့် ဒုက္ခပေးမည်ကို လူများကြောက်ကြသည်။ သေနတ်ပစ်ခြင်းက ကောင်းကင်သို့ “ဝိညာဉ်ကိုပို့လွှတ်” ရန်ဖြစ်သည်။
အာဖရိကတွင် အသုဘထုံးစံများသည် နေရာအလိုက် အကြီးအကျယ်ကွဲပြားမှုရှိကြသော်လည်း အဓိကအယူအဆမှာ ခန္ဓာကိုယ်သေသည့်အခါ ဝိညာဉ်မသေဟူသောအချက်ဖြစ်သည်။ အခမ်းအနားပွဲများကျင်းပရခြင်းမှာ ဝိညာဉ်အား “အိမ်မှခေါ်ခြင်း” ကို ပြန်ထူးနိုင်ရန် ကူညီပံ့ပိုးသည့်ရည်ရွယ်ချက်ဖြင့်ဖြစ်သည်။
ဤယုံကြည်ချက်များနှင့်အလေ့အထများသည် လူ့ဝိညာဉ်စိုးလ်မသေနိုင်ခြင်းနှင့် “သန့်ရှင်းသူများ” ကို အထွတ်အမြတ်ထားခြင်းဟူသော ခရစ်ယာန်ဘောင်တို့၏ သွန်သင်ချက်များအားဖြင့် အားပေးအားမြှောက်ပြုခြင်းခံရသည်။ ဥပမာအနေနှင့် ဆွာဇီလန်နိုင်ငံရှိ ဓမ္မဆရာတစ်ဦးက ယေရှုကြွလာခြင်းသည် မိရိုးဖလာယုံကြည်ချက်များကို ပယ်ဖျက်ရန်မဟုတ်၊ ဖြည့်စွက်ရန် သို့မဟုတ် ခိုင်မြဲစေရန်ဖြစ်သည်ဟု ပြောခဲ့သည်။ ဓမ္မဆရာများက အသုဘအစီအစဉ်များကို ဦးစီးကြီးကြပ်ကြသဖြင့် လူများစွာတို့က သမ္မာကျမ်းစာသည် မိရိုးဖလာယုံကြည်ချက်များနှင့် ယင်းတို့မှခွဲထွက်လာသည့်ထုံးစံများကို ထောက်ခံထားသည်ဟုယူမှတ်ကြသည်။
သမ္မာကျမ်းစာကပြောသည့်အရာ
ယင်းယုံကြည်ချက်များကို သမ္မာကျမ်းစာကထောက်ခံပါသလော။ သေသူများ၏အခြေအနေနှင့်ပတ်သက်၍ ဒေသနာ ၃:၂၀ ဤသို့ဖော်ပြထားသည်– “အလုံးစုံ [လူနှင့်တိရစ္ဆာန်နှစ်မျိုးလုံး] တို့သည် တစ်ခုတည်းသောအရပ်သို့ရောက်တတ်ကြ၏။ အလုံးစုံတို့သည် မြေမှုန့်ထဲကဖြစ်သည်နှင့်အညီ မြေမှုန့်ထဲသို့ပြန်သွားတတ်ကြ၏။” ကျမ်းစာဤသို့ထပ်၍ပြောသေးသည်– “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ။ . . . သူ၏ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်း ပျောက်ပျက်၏။ . . . သင်ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသော မရဏာနိုင်ငံ [သင်္ချိုင်း] ၌ လုပ်ဆောင်ခြင်းမရှိ၊ ကြံစည်ခြင်းမရှိ၊ သိပ္ပံအတတ်မရှိ၊ ပညာမရှိပါတကား။”—ဒေသနာ ၉:၅၊ ၆၊ ၁၀။
သေသူများသည် ကျွန်ုပ်တို့အား မမြင်နိုင်၊ မကြားနိုင်၊ အကူအညီမပေးနိုင်၊ ထိခိုက်အောင်မလုပ်နိုင်ကြောင်း အထက်ပါကျမ်းချက်များနှင့် အခြားကျမ်းချက်များစွာတို့က ရှင်းလင်းစွာဖော်ပြသည်။ ယင်းတို့သည် သင်သတိပြုမိသည့်အချက်နှင့် မကိုက်ညီပေလော။ ချမ်းသာပြီးသြဇာတိက္ကမကြီးမားသူတစ်ဦး သေဆုံးသောအခါ အသုဘဆိုင်ရာထုံးတမ်းစဉ်လာပွဲများကို ကောင်းစွာကျင်းပကြသော်လည်း ကျန်ရစ်သူမိသားစုမှာမူ ဝမ်းနည်းကြေကွဲရဆဲဖြစ်သည်ကို သင်သိပေမည်။ အကယ်၍ ထိုသူသည် ဝိညာဉ်လောကတွင် အသက်ရှင်နေပါမူ သူ့မိသားစုကို အဘယ်ကြောင့်အကူအညီမပေးသနည်း။ သူထိုသို့မလုပ်နိုင်ရခြင်းကား သမ္မာကျမ်းစာပြောသည့်အချက် မှန်ကန်သောကြောင့်ဖြစ်သည်—သေသူများသည် အမှန်ပင်အသက်မရှိတော့ဘဲ “သေခြင်းတွင်အစွမ်းကုန်” နေကြသောကြောင့် မည်သူ့ကိုမျှ အကူအညီမပေးနိုင်တော့ပါ။—ဟေရှာယ ၂၆:၁၄၊ ကဘ။
ယင်းအချက်မှန်ကန်ကြောင်း ဘုရားသခင့်သားတော်ယေရှုခရစ် သိရှိခဲ့သည်။ လာဇရုသေပြီးနောက် ဘာဖြစ်ပျက်သည်ကို ဆင်ခြင်ကြည့်ပါ။ ကျမ်းစာဤသို့ဖော်ပြသည်– “ငါတို့အဆွေလာဇရုသည် အိပ်ပျော်နေ၏။ သူ့ကိုနှိုးခြင်းအလို့ငှာ ငါသွားမည်ဟု [ယေရှု] မိန့်တော်မူ၏။ တပည့်တော်တို့ကလည်း သခင်၊ သူသည်အိပ်ပျော်လျှင် သက်သာရလိမ့်မည်ဟု လျှောက်ကြ၏။ ယေရှုသည် လာဇရုသေကြောင်းကို ရည်မှတ်၍မိန့်တော်မူသည်။”—ယောဟန် ၁၁:၁၁-၁၃။
သေခြင်းကို အိပ်ပျော်ခြင်းနှင့် ယေရှုထပ်တူပြုထားကြောင်း သတိပြုပါ။ ဗေသနိရွာသို့ရောက်သော် လာဇရု၏အစ်မများဖြစ်သည့် မာရိနှင့်မာသတို့ကို နှစ်သိမ့်ပေးသည်။ စိတ်ထိခိုက်သဖြင့် မျက်ရည်ကျတော်မူခဲ့သည်။ သို့သော် လာဇရုတွင် အသက်ရှင်ဆဲရှိသည့်ဝိညာဉ်တစ်ခုရှိပြီး သူ့ဘိုးဘေးများ၏ပြည်သို့ရောက်ရန် အကူအညီလိုအပ်နေသည်ဟု သဘောသက်ရောက်စေသည့် မည်သည့်အပြော သို့မဟုတ် အလုပ်ကိုမျှ ယေရှုမတင်ပြခဲ့ပါ။ မိမိပြုမည်ဟုပြောသည့်အရာကို ယေရှုပြုသည်။ သေခြင်းတွင်အိပ်ပျော်နေသည့်လာဇရုအား ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကိုယ်တော်နှိုးလိုက်သည်။ ယင်းက အောက်မေ့ရာသင်္ချိုင်းများရှိ လူအားလုံးကို ရှင်ပြန်ထမြောက်ပေးရန် ဘုရားသခင်သည် နောက်ဆုံးတွင် ယေရှုကိုအသုံးပြုမည်ဖြစ်ကြောင်း သာဓကဖြစ်သည်။—ယောဟန် ၁၁:၁၇-၄၄; ၅:၂၈-၂၉၊ ကဘ။
အဘယ်ကြောင့်တစ်မူထူး၍ထင်ပေါ်ရသနည်း
ကျမ်းစာနှင့်မညီညွတ်သည့် ယုံကြည်ချက်များအပေါ် အခြေပြုထားသော အသုဘထုံးစံများကိုလိုက်လျှောက်လျှင် မှားသလော။ အာလီဝူးနှင့် သန်းချီသည့်ယေဟောဝါသက်သေများက မှားသည်ဟုယုံကြည်ကြသည်။ မှောက်မှားပြီး လွဲချော်နေသောအယူဝါဒများအပေါ် အတည့်အလင်းအခြေပြုထားသည့် အလေ့အထတစ်ခုခုကို ထောက်ခံအားပေးခြင်းသည် မှားကြောင်း—အရေခြုံခြင်းပင်ဖြစ်ကြောင်း—သူတို့သိကြသည်။ ဘာသာရေးအရေခြုံမှုကြောင့် ယေရှုပြစ်တင်ရှုတ်ချသော ကျမ်းပြုဆရာများ၊ ဖာရိရှဲများနှင့် သူတို့မတူလိုကြပါ။—မဿဲ ၂၃:၁-၃၆။
တမန်တော်ပေါလုက သူ့လုပ်ဖော်ဆောင်ဖက်တိမောသေအား ဤသို့သတိပေးခဲ့သည်– “ဝိညာဉ်တော်သည် အတည့်အလင်းဗျာဒိတ်ထားတော်မူသည်ကား နောင်ကာလ၌ ဩတ္တပ္ပစိတ်တွင် သံပူနှင့်ခတ်ခြင်းခံပြီးလျှင် မုသားစကားကိုပြောတတ်သောသူတို့၏ လျှို့ဝှက်ခြင်းအားဖြင့် လူအချို့တို့သည် ယုံကြည်ခြင်းကိုစွန့်ပယ်၍ လှည့်ဖြားတတ်သောစိတ်ဝိညာဉ်တို့၌လည်းကောင်း၊ နတ်ဘုရားတို့၌စပ်ဆိုင်သော ဩဝါဒတို့၌လည်းကောင်း မှီဝဲဆည်းကပ်ကြလိမ့်မည်။” (၁ တိမောသေ ၄:၁၊ ၂) လူသေများသည် နာမ်ဝိညာဉ်လောကတွင် အသက်ရှင်လျက်ရှိသည်ဟူသောအယူအဆသည် နတ်ဆိုးသွန်သင်ချက်တစ်ခုဖြစ်သလော။
တကယ်ဖြစ်ပါသည်။ “မုသား၏အဘ” စာတန်မာရ်နတ်က ဧဝအား သူမသေမည်မဟုတ်ကြောင်းပြောခဲ့ခြင်းက အသွေးအသားနှင့်သူမဆက်အသက်ရှင်မည်ဖြစ်ကြောင်း ဖော်ပြနေခြင်းဖြစ်သည်။ (ယောဟန် ၈:၄၄; ကမ္ဘာဦး ၃:၃၊ ၄) ယင်းအချက်က ခန္ဓာကိုယ်သေပြီးနောက် မသေနိုင်သည့်စိုးလ်ဆက်အသက်ရှင်သည် ဟူသောအဆိုနှင့်မတူပါ။ သို့တိုင် သေပြီးနောက် ဆက်အသက်ရှင်သည်ဟူသောအယူအဆကို သွတ်သွင်းခြင်းအားဖြင့် စာတန်နှင့်သူ၏နတ်ဆိုးများသည် လူတို့ကို ဘုရားသခင့်နှုတ်ကပါဌ်တော်၏ သမ္မာတရားမှချော်ထွက်သွားစေရန် ကြိုးစားကြသည်။ ယေဟောဝါသက်သေများသည် သမ္မာကျမ်းစာတွင် ဘုရားသခင်မိန့်ဆိုထားသည့်အရာများကို ယုံကြည်ကြသောကြောင့် စာတန်၏မုသာဝါဒကို ထောက်ခံအားပေးသည့် အယူအဆနှင့်အလေ့အထများတွင် မပါဝင်မပတ်သက်ကြပါ။—၂ ကောရိန္သု ၆:၁၄-၁၈။
ကျမ်းစာနှင့်မညီညွတ်သည့် အသုဘဆိုင်ရာအလေ့အထများကို ရှောင်ခြင်းအားဖြင့် ယေဟောဝါသက်သေများသည် သူတို့နှင့်ရှုထောင့်မတူသူများ၏ မနှစ်မြို့မှုကို ခံရကြသည်။ အချို့သက်သေခံများသည် အမွေဖြတ်ခံရကြသည်။ အချို့တို့က မိသားစု၏ဝိုင်းပယ်ခြင်းကို ခံရကြသည်။ ဘုရားသခင်အားသစ္စာရှိစွာနာခံခြင်းသည် လောက၏မနှစ်မြို့မှုကိုဖြစ်စေကြောင်း ခရစ်ယာန်စစ်များအနေနှင့် သူတို့သဘောပေါက်ထားကြသည်။ ယေရှု၏ သစ္စာရှိတမန်တော်များနည်းတူ သူတို့သည် “လူ၏စကားထက် ဘုရားသခင်၏စကားကိုနားထောင်” ရန် ဆုံးဖြတ်ချက်ချထားကြသည်။—တမန်တော် ၅:၂၉; ယောဟန် ၁၇:၁၄။
ခရစ်ယာန်စစ်များသည် သေခြင်းတွင်အိပ်စက်ခဲ့ရသော မိမိတို့၏ချစ်ရသူများကို ပြန်လည်တမ်းတသတိရကြသော်လည်း အသက်ရှင်သူများအား မေတ္တာတင်ပြနိုင်ရန်ကိုပါ အားထုတ်ကြသည်။ ဥပမာ၊ အာလီဝူးသည် သူ့ဖခင်သေပြီးနောက်တွင် သူ့မိခင်အား သူမသေဆုံးသည့်အထိ သူ့အိမ်တွင်ခေါ်ထား၍ ကျွေးမွေးပြုစုစောင့်ရှောက်ထားသည်။ မိခင်အား အများကြိုက်ထုံးစံအရမသင်္ဂြိုဟ်သောကြောင့် မိခင်ကိုဂရုမစိုက်ဟု အခြားသူများကပြောသောအခါ မိမိ၏လူမျိုးများတွင် ပြောလေ့ပြောထရှိသော ဤစကားကို သူပြန်ထောက်ပြသည်– “ငါ့ခြေထောက်ကိုမကျွေးခင် ငါ့ပါးစပ်ကိုအလျှင်ကျွေးထား။” ပါးစပ်ကိုကျွေးခြင်း၊ သို့မဟုတ် လူတစ်ဦးအသက်ရှင်နေစဉ် ကြည့်ရှုစောင့်ရှောက်ခြင်းသည် ခြေထောက်ကိုကျွေးခြင်း၊ သို့မဟုတ် လူတစ်ဦးသေပြီးနောက် အထက်တွင်ဖော်ပြခဲ့သည့် အသုဘစောင့်ခြင်းနှင့် ပတ်သက်နေသည့်အလေ့အထများထက် သာ၍အရေးကြီးသည်။ ခြေထောက်ကိုကျွေးခြင်းသည် သွားလေသူအား အကျိုးမဖြစ်စေပါ။
မိမိကိုအပြစ်တင်သူများအား အာလီဝူးမေးသည်မှာ ‘ဘယ်ဟာကိုခင်ဗျားတို့ပိုကြိုက်သလဲ—ခင်ဗျားတို့အသက်ကြီးတဲ့အရွယ်မှာ မိသားစုရဲ့ပြုစုစောင့်ရှောက်မှုကို ခံချင်သလား၊ ဒါမှမဟုတ် ခင်ဗျားတို့သေပြီးမှ အကြီးအကျယ်ပွဲလုပ်ပေးတာကို ခံချင်ကြသလား’ ဟူ၍ဖြစ်သည်။ အများစုက အသက်ရှင်စဉ် ကြည့်ရှုစောင့်ရှောက်မှုခံရခြင်းကို ရွေးချယ်ကြသည်။ မိမိတို့သေဆုံးသည့်အခါ ကျမ်းစာကိုအခြေပြုထားသည့် သတိရအောက်မေ့ဖွယ်လုပ်ဆောင်မှုမှတ်တမ်းကို ရရှိကြပြီး တော်သင့်လျောက်ပတ်စွာ သင်္ဂြိုဟ်ခြင်းခံရကြမည်ကို သူတို့ကောင်းစွာနားလည်သဘောပေါက်ထားကြသည်။
ယင်းသည်ပင် မိမိတို့၏ချစ်မြတ်နိုးသူများအား ပြုရန် ယေဟောဝါသက်သေများ၏ ကြိုးစားအားထုတ်မှုဖြစ်သည်။ သူတို့သည် ပါးစပ်ကိုကျွေးကြသည်။ ခြေထောက်ကိုမကျွေးကြပါ။