ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၇/၁၅ စာ. ၂၀-၂၄
  • အသုဘထုံးတမ်းများအပေါ် ခရစ်ယာန်အမြင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသုဘထုံးတမ်းများအပေါ် ခရစ်ယာန်အမြင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယုံကြည်ချက်တစ်ခုနှင့် ဆက်စပ်နေ
  • “လိင်ဆိုင်ရာသန့်စင်ရေး” ကော အသို့နည်း
  • ညလုံးပေါက်အသုဘစောင့်အခမ်းအနားများ
  • အသရေရှိအသုဘအခမ်းအနားများ
  • ဝမ်းနည်းခြင်းအထိမ်းအမှတ် အဝတ်အစားများ ဝတ်ဆင်နိုင်သလော
  • ကျမ်းစာနှင့်မညီသောထုံးတမ်းများကို တုပခြင်းရှောင်
  • ခရစ်ယာန်အသုဘအခမ်းအနားများကို ဂုဏ်သိက္ခာရှိစေပြီး တော်သင့်ရုံဖြစ်စေကာ ဘုရားသခင့်စိတ်တော်နှင့်တွေ့စေခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ယေဟောဝါသက်သေတွေက စျာပနအခမ်းအနား လုပ်တာကို ဘယ်လို ရှုမြင်ကြသလဲ
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ကျွန်ုပ်တို့ချစ်မြတ်နိုးရသူများအတွက် ကြိုတင်စီစဉ်ထားခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၇/၁၅ စာ. ၂၀-၂၄

အသုဘထုံးတမ်းများအပေါ် ခရစ်ယာန်အမြင်

ရုတ်တရက် မမျှော်လင့်ဘဲ ချစ်မြတ်နိုးရသူတစ်ဦးသေဆုံးသည့်အခါ ဖြေမဆည်နိုင်အောင် ဖြစ်ရသည်။ ယင်းကြောင့် လွန်စွာစိတ်ထိခိုက်ကာ ချောက်ချားနိုင်သည်။ ချစ်မြတ်နိုးရသူတစ်ဦး ရောဂါပြင်းထန်စွာခံ၍ ကြာမြင့်စွာဖျားနာနေပြီးနောက် သေဆုံးသွားသည်ကို ကြည့်နေရခြင်းသည် ကွာခြားသည်၊ သို့သော် ပူဆွေးမှုနှင့် ဆုံးရှုံးမှုကြီးခံစားရမှုသည် ကျန်ရစ်ခဲ့သည်။

ချစ်မြတ်နိုးရသူတစ်ဦး မည်သည့်အကြောင်းနှင့်သေဆုံးခဲ့သည်ဖြစ်စေ ပူဆွေးကျန်ရစ်သူသည် နှစ်သိမ့်ဖေးမမှုလိုအပ်သည်။ ပူဆွေးကျန်ရစ်သူ ခရစ်ယာန်တစ်ဦးသည် ကျမ်းစာနှင့်မညီသော အသုဘထုံးတမ်းများကိုလိုက်ရန် ဖိအားပေးသူများထံမှ နှိပ်စက်ညှဉ်းပန်းမှုကိုလည်း ရင်ဆိုင်ရပေမည်။ အာဖရိကရှိနိုင်ငံအများနှင့် ကမ္ဘာ့ဒေသအချို့တွင်လည်း ထိုသို့ဖြစ်လေ့ရှိသည်။

ပူဆွေးကျန်ခဲ့သော ခရစ်ယာန်တစ်ဦးသည် ကျမ်းစာနှင့်မညီသော အသုဘထုံးတမ်းများကို ရှောင်ရှားနိုင်ရန် မည်သည့်အရာက အကူအညီဖြစ်စေမည်နည်း။ ယုံကြည်သူချင်းများသည် ဤသို့စမ်းသပ်ခံရသောအချိန်မျိုးတွင် မည်သို့ထောက်မနိုင်ကြမည်နည်း။ ဤမေးခွန်းများ၏အဖြေများသည် ယေဟောဝါ၏မျက်နှာသာတော်ကို ရလိုသူများအားလုံးနှင့်သက်ဆိုင်သည်၊ အကြောင်းမှာ “ခမည်းတော်ဘုရားသခင့်ရှေ့၌ စင်ကြယ်သန့်ရှင်းသော[အကျင့်]သီလ ဟူမူကား၊ မိဘမရှိသောသူငယ်တို့နှင့် မုဆိုးမတို့သည် ဆင်းရဲခံရသောအခါ၊ သူတို့ကိုကြည့်ရှုပြုစုခြင်း၊ ကိုယ်တိုင်လည်း လောကီအညစ်အကြေးနှင့် ကင်းစင်အံ့သောငှာ စောင့်ရှောက်ခြင်းပေတည်း။”—ယာကုပ် ၁:၂၇။

ယုံကြည်ချက်တစ်ခုနှင့် ဆက်စပ်နေ

အသုဘထုံးတမ်းများနှင့်ဆက်စပ်နေသော ယေဘုယျအကြောင်းတစ်ခုမှာ သေလွန်သူများသည် ဘိုးဘေးများရှိသည့် မမြင်ရသောဘုံတွင် ဆက်အသက်ရှင်ကြသည်ဟု ယုံကြည်ခြင်းဖြစ်သည်။ သူတို့ကျေနပ်စေရန် အခမ်းအနားအချို့ကိုပြုလုပ်ဖို့ မိမိတို့၌တာဝန်ရှိသည်ဟု ပူဆွေးကျန်ရစ်သူများကယူမှတ်ကြသည်။ သို့မဟုတ် အခမ်းအနားများကိုမပြုလုပ်ပါက ရပ်ကွက်လိုက်ဘေးသင့်မည်ဟု ယုံကြည်သည့်အိမ်နီးချင်းများအား မကျေမနပ်ဖြစ်စေမည်ကို သူတို့စိုးရိမ်ကြသည်။

စစ်မှန်သောခရစ်ယာန်တစ်ဦးသည် လူကိုကြောက်ရွံ့၍ ဘုရားသခင်မနှစ်သက်သော ထုံးတမ်းများတွင်ပါဝင်ရန် အလျှော့မပေးရပါ။ (သု. ၂၉:၂၅; မဿဲ ၁၀:၂၈) လူသေများသည် အဘယ်အရာကိုမျှမသိကြောင်း သမ္မာကျမ်းစာက ဤသို့ဆိုသည်– “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ။ . . . သင်ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသော မရဏာနိုင်ငံ၌လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။” (ဒေသနာ ၉:၅၊ ၁၀) ထို့ကြောင့် သေလွန်သူကျေနပ်စေရန်ကြိုးစားခြင်း သို့မဟုတ် သူတို့နှင့်ဆက်သွယ်ခြင်းတို့ကို မပြုလုပ်ရန် ရှေးခေတ်မှ မိမိ၏လူမျိုးတော်ကို ယေဟောဝါဘုရားသခင် သတိပေးခဲ့သည်။ (တရားဟောရာ ၁၄:၁; ၁၈:၁၀-၁၂; ဟေရှာယ ၈:၁၉၊ ၂၀) ဤကျမ်းဆိုင်ရာအမှန်တရားများသည် ရေပန်းစားနေသော အသုဘထုံးတမ်းများစွာနှင့် ဆန့်ကျင်သည်။

“လိင်ဆိုင်ရာသန့်စင်ရေး” ကော အသို့နည်း

ဗဟိုအာဖရိကနိုင်ငံအချို့တွင် ပူဆွေးကျန်ရစ်သောအိမ်ထောင်ဖက်သည် ကွယ်လွန်သူ၏ ဆွေမျိုးရင်းချာတစ်ဦးနှင့် သံဝါသပြုရသည်။ ထိုသို့မပြုပါက သေလွန်သူသည် ကျန်ရစ်သူမိသားစုကို အန္တရာယ်ပြုမည်ဟုယုံကြည်ကြသည်။ ဤထုံးတမ်းဓလေ့ကို “လိင်ဆိုင်ရာသန့်စင်ရေး” ဟုခေါ်ကြသည်။ သို့ရာတွင် သမ္မာကျမ်းစာက အိမ်ထောင်ပြင်ပ လိင်ဆက်ဆံခြင်းမှန်သမျှကို “မတရားသောမေထုန်” ဟုအနက်ဖွင့်ဆိုထားသည်။ ခရစ်ယာန်များသည် “မတရားသောမေထုန်ကို ကြဉ်ရှောင်” ရမည်ဖြစ်ရာ ကျမ်းစာနှင့်မညီသော ဤထုံးတမ်းကိုရဲရင့်စွာ ခံရပ်ကြသည်။—၁ ကောရိန္သု ၆:၁၈။

မာစီအမည်ရှိ မုဆိုးမတစ်ဦးကို ဆင်ခြင်ကြည့်ပါ။a ၁၉၈၉ ခုနှစ်တွင်သူမ ၏ခင်ပွန်းကွယ်လွန်သောအခါ ဆွေမျိုးများကသူမကို အမျိုးသားဆွေမျိုးတစ်ဦးနှင့် လိင်ဆိုင်ရာသန့်စင်ရေး ပြုလုပ်စေလိုကြသည်။ အဆိုပါထုံးတမ်းသည် ဘုရားသခင့်ပညတ်တော်နှင့် ဆန့်ကျင်ကြောင်းရှင်းပြကာ သူမငြင်းဆန်ခဲ့သည်။ ဆွေမျိုးများက မကျေမနပ်ဖြစ်ကာ ရင့်ရင့်သီးသီးပြောဆိုပြီးနောက် ပြန်သွားကြသည်။ တစ်လအကြာတွင် သူတို့သည် သူမ၏အိမ်ကိုမွှေနှောက်ရှာဖွေ၍ အိမ်အမိုးပေါ်မှသွပ်ပြားများကို ခွာပစ်ကြသည်။ “နင့်ဘာသာကနင့်ကို ဂရုစိုက်လိမ့်မယ်” ဟုသူတို့ကပြောကြသည်။

အသင်းတော်က မာစီကိုနှစ်သိမ့်မှုပေးကာ အိမ်အသစ်တစ်လုံးကိုပင် ဆောက်ပေးလိုက်ကြသည်။ အိမ်နီးချင်းများသည် အလွန်စွဲမှတ်သွားကြပြီး ဆောက်လုပ်ရေးတွင်ပါဝင်ရန် အချို့ကဆုံးဖြတ်ခဲ့ကြသည်၊ ကက်သလစ်ဘာသာဝင်ဖြစ်သူ သူကြီး၏ဇနီးက အိမ်အမိုးအတွက်သက်ငယ်ကို ဦးဆုံးယူလာပေးသည်။ မာစီ၏သစ္စာရှိအကျင့်အကြံက သူမ၏သားသမီးများကို အားတက်စေခဲ့သည်။ ထိုအချိန်နောက်ပိုင်းတွင် သူမ၏ကလေးလေးယောက်တို့သည် ယေဟောဝါထံဆက်ကပ်အပ်နှံခဲ့ကြပြီး တစ်ဦးသည် မကြာသေးမီက ဓမ္မအမှုထမ်းသင်တန်းကျောင်းကို တက်ရောက်ခဲ့သည်။

လိင်ဆိုင်ရာသန့်စင်ရေးထုံးတမ်းကြောင့် အချို့ခရစ်ယာန်များသည် မယုံကြည်သူနှင့်အိမ်ထောင်ပြုရန် ဖိအားပေးခံခဲ့ကြပြီ။ သာဓကအနေနှင့် အသက် ၇၀ ကျော်အရွယ် မုဆိုးဖိုတစ်ဦးသည် မိမိ၏ကွယ်လွန်သူဇနီးနှင့် ဆွေမျိုးတော်သည့် မိန်းမငယ်တစ်ဦးကို အလောတကြီးအိမ်ထောင်ပြုလိုက်သည်။ ထိုသို့ပြုခြင်းဖြင့် လိင်ဆိုင်ရာသန့်စင်ရေးကို ပြုလုပ်လိုက်ပါပြီဟု သူဆိုနိုင်သည်။ သို့သော် ထိုသို့သောလမ်းစဉ်က ခရစ်ယာန်တို့သည် “သခင်ဘုရား၌သာ” ထိမ်းမြားသင့်သည်ဟူသော ကျမ်းစာအကြံပြုချက်နှင့် ဖီလာဆန့်ကျင်သည်။—၁ ကောရိန္သု ၇:၃၉။

ညလုံးပေါက်အသုဘစောင့်အခမ်းအနားများ

နိုင်ငံများစွာတွင် ပူဆွေးသူတို့သည် ကွယ်လွန်သူ၏အိမ်၌ စုရုံးကြပြီး ညလုံးပေါက်မအိပ်ဘဲစောင့်ကြသည်။ ထိုသို့အသုဘစောင့်ခြင်းတွင် စားသောက်ပွဲနှင့် ကျယ်လောင်သောတေးဂီတပါဝင်လေ့ရှိသည်။ ယင်းက သေလွန်သူကိုကျေနပ်စေပြီး ကျန်ရစ်သူမိသားစုကို ပြုစားခံရခြင်းမှ ကာကွယ်ပေးသည်ဟု ယုံကြည်ကြသည်။ သေလွန်သူ၏မျက်နှာသာရရှိရန် မြှောက်ပင့်ပြောဆိုကြပေမည်။ ဟောပြောချက်ပေးပြီးနောက် နောက်တစ်ဦးကထ၍စကားမပြောမီ ပူဆွေးသူတို့သည် ဘာသာရေးသီချင်းတစ်ပုဒ်ကို ဆိုကြပေမည်။ မိုးလင်းသည့်အထိ ထိုသို့ပြုလုပ်ကြပေမည်။b

သေလွန်သူများသည် အသက်ရှင်သူကို အကူအညီ သို့မဟုတ် အန္တရာယ်မပေးနိုင်ကြောင်း သမ္မာကျမ်းစာက ဖော်ပြထားသောကြောင့် စစ်မှန်သောခရစ်ယာန်တစ်ဦးသည် ထိုသို့သောညလုံးပေါက်အသုဘစောင့်ခြင်း အခမ်းအနားတွင် မပါဝင်ချေ။ (ကမ္ဘာဦး ၃:၁၉; ဆာလံ ၁၄၆:၃၊ ၄; ယောဟန် ၁၁:၁၁-၁၄) သမ္မာကျမ်းစာက နတ်ဝိဇ္ဇာအတတ်ပညာကို ပြစ်တင်ရှုတ်ချထားသည်။ (ဗျာဒိတ် ၉:၂၁; ၂၂:၁၅) သို့တိုင် ခရစ်ယာန်မုဆိုးမတစ်ဦးအနေနှင့် နတ်ဝိဇ္ဇာအတတ်များကို အခြားသူများမကျင့်သုံးကြဖို့ တားဆီးရန်ခက်ခဲပေမည်။ သူမ၏အိမ်တွင် ညလုံးပေါက်အသုဘစောင့်ခြင်းကိုပြုလုပ်ရန် ဖိအားပေးကြပေမည်။ ဤသို့သောထပ်ဆင့်ဝေဒနာကို ကြုံတွေ့ရသော ပူဆွေးကျန်ရစ်သူ ခရစ်ယာန်များအားကူညီပေးရန် ယုံကြည်သူချင်းများက မည်သို့ပြုနိုင်မည်နည်း။

အသင်းတော်အကြီးအကဲများသည် ဆွေမျိုးများ၊ အိမ်နီးချင်းများနှင့် ကျိုးကြောင်းဆင်ခြင်ခြင်းအားဖြင့် ပူဆွေးကျန်ရစ်သူ ခရစ်ယာန်မိသားစုကို ထောက်ကူပေးနိုင်ခဲ့ကြပေပြီ။ ထိုသို့ကျိုးကြောင်းတင်ပြပြီးနောက် အေးအေးဆေးဆေးထွက်ခွာသွားကြ၍ အသုဘအတွက် နောက်တစ်နေ့ပြန်စုရုံးရန် သဘောတူကြပေမည်။ သို့သော် အချို့ကရန်လိုလာကြလျှင်ကော မည်သို့နည်း။ ဆက်လက်၍ ကြိုးစားပြီး ကျိုးကြောင်းဆင်ခြင်ခြင်းက အကြမ်းဖက်မှုကိုသာဖြစ်စေပေမည်။ “သခင်ဘုရား၏ကျွန်သည် ရန်မတွေ့ရ။ . . . သည်းခံနိုင်သောသူဖြစ်ရမည်။” (၂ တိမောသေ ၂:၂၄) ထို့ကြောင့် လိုက်လျောလိုစိတ်မရှိသော ဆွေမျိုးများက အတင်းအဓမ္မကြိုက်ရာပြုကြမည်ဆိုလျှင် ခရစ်ယာန်မုဆိုးမနှင့် သူမ၏သားသမီးများသည် မတားဆီးနိုင်ဘဲနေပေမည်။ သို့သော် သူတို့သည် “မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းပိုးကိုမထမ်းကြနှင့်” ဟူသောကျမ်းစာအမိန့်ကို နာခံကြသောကြောင့် မိမိတို့အိမ်တွင်ပြုလုပ်ကြသော မှားသည့်ဘာသာ [အခြားဘာသာ]နှင့်ဆိုင်သော အဘယ်အခမ်းအနား၌မျှ ပါဝင်ကြမည်မဟုတ်ပေ။—၂ ကောရိန္သု ၆:၁၄။

ဤမူသည် သင်္ဂြိုဟ်ခြင်းနှင့်လည်း သက်ဆိုင်သည်။ ယေဟောဝါသက်သေများသည် ဗာဗုလုန်ဘာသာ၏ဆရာဦးဆောင်သော သီဆိုခြင်း၊ ဆုတောင်းခြင်း သို့မဟုတ် ဘာသာရေးထုံးတမ်းများတွင် မပါဝင်ကြပါ။ အကယ်၍ ဆွေမျိုးရင်းချာခရစ်ယာန်များက ယင်းသို့သောအခမ်းအနားကို တက်ရောက်ရန်လိုအပ်သည်ဟု ယူဆကြသည့်တိုင် သူတို့မပါဝင်ကြချေ။—၂ ကောရိန္သု ၆:၁၇; ဗျာဒိတ် ၁၈:၄။

အသရေရှိအသုဘအခမ်းအနားများ

ယေဟောဝါသက်သေများ ကျင်းပပြုလုပ်သော အသုဘအခမ်းအနားများတွင် သေလွန်သူကျေနပ်ဖို့ရည်စူးသည့် ထုံးတမ်းဓလေ့တို့မပါဝင်ပါ။ ဘုရားသခင့်နိုင်ငံတော်ခန်းမ၌ဖြစ်စေ၊ အလောင်းပြင်ဆင်ထားသည့်နေရာ၌ဖြစ်စေ၊ သေလွန်သူ၏နေအိမ် သို့မဟုတ် သင်္ချိုင်းကုန်းတွင်ဖြစ်စေ ကျမ်းစာအခြေပြုဟောပြောချက်ပေးနိုင်ပါသည်။ ဟောပြောချက်၏ရည်ရွယ်ချက်မှာ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်တို့နှင့်ပတ်သက်၍ သမ္မာကျမ်းစာက မည်သို့ဆိုကြောင်း ရှင်းပြခြင်းအားဖြင့် ပူဆွေးကျန်ရစ်သူများကို နှစ်သိမ့်ပေးရန်ဖြစ်သည်။ (ယောဟန် ၁၁:၂၅; ရောမ ၅:၁၂; ၂ ပေတရု ၃:၁၃) ကျမ်းစာအခြေပြုသော သီချင်းတစ်ပုဒ်ကိုသီဆိုပြီးနောက် နှစ်သိမ့်မှုပေးသောဆုတောင်းချက်တစ်ခုဖြင့် အခမ်းအနားကိုနိဂုံးချုပ်ပေမည်။

မကြာသေးမီက တောင်အာဖရိကနိုင်ငံ၏သမ္မတ နယ်လ်စင်မဲန်ဒဲလား၏အငယ်ဆုံးညီမဖြစ်သော ယေဟောဝါသက်သေတစ်ဦးအတွက် ယင်းကဲ့သို့သောအသုဘအခမ်းအနားတစ်ခုကို ကျင်းပခဲ့သည်။ အခမ်းအနားပြီးသည့်နောက် သမ္မတဖြစ်သူက ဟောပြောသူကိုစိတ်ရင်းမှန်နှင့် ကျေးဇူးတင်ခဲ့သည်။ တက်ရောက်ကြသူတို့တွင် လူကြီးလူကောင်းများနှင့် အဆင့်မြင့်အရာရှိများစွာပါသည်။ အဖွဲ့ဝင်ဝန်ကြီးတစ်ဦးက “ကျွန်မတက်ခဲ့ဖူးတဲ့အသုဘအခမ်းအနားတွေထဲမှာ ဒါဟာအသရေအရှိဆုံးပါပဲ” ဟုဆိုခဲ့သည်။

ဝမ်းနည်းခြင်းအထိမ်းအမှတ် အဝတ်အစားများ ဝတ်ဆင်နိုင်သလော

ယေဟောဝါသက်သေများသည် ချစ်မြတ်နိုးရသူတစ်ဦးသေဆုံးသည့်အတွက် ပူဆွေးကြသည်။ ယေရှုကဲ့သို့ပင် သူတို့မျက်ရည်ကျပေမည်။ (ယောဟန် ၁၁:၃၅၊ ၃၆) သို့ရာတွင် အပြင်ပန်းအထိမ်းအမှတ်အချို့ကို ဝတ်ဆင်ခြင်းဖြင့် မိမိတို့၏ဝမ်းနည်းကြေကွဲမှုကို လူသိရှင်ကြားပြသရန်လိုအပ်သည်ဟု သူတို့မယူမှတ်ကြချေ။ (မဿဲ ၆:၁၆-၁၈ နှိုင်းယှဉ်။) နိုင်ငံများစွာတွင် သေလွန်သူကျေနပ်စေရန် မုဆိုးမများသည် ဝမ်းနည်းခြင်းအထိမ်းအမှတ်ဆိုင်ရာ အထူးအဝတ်အစားများကိုဝတ်ဆင်ရန် တောင်းဆိုခံရကြသည်။ ထိုအဝတ်အစားများကို လပေါင်းများစွာ သို့မဟုတ် သင်္ဂြိုဟ်ပြီးနောက် တစ်နှစ်အထိပင် ဝတ်ဆင်ထားကြရပြီး ထိုအဝတ်ကိုဖယ်ရှားသည့်အခါတွင် အခြားပွဲတစ်ပွဲကို ကျင်းပရသည်။

ပူဆွေးဝမ်းနည်းမှုအထိမ်းအမှတ်များ ပြရန်ပျက်ကွက်ခြင်းသည် ကွယ်လွန်သူအားစော်ကားသည်ဟု ယူမှတ်ကြသည်။ ယင်းကြောင့် ဆွာဇီလန်နိုင်ငံရှိဒေသအချို့မှ လူမျိုးစုခေါင်းဆောင်တို့သည် ယေဟောဝါသက်သေများကို သူတို့၏ကိုယ်ပိုင်အိမ်မြေများမှ နှင်ထုတ်ခဲ့ကြသည်။ သို့သော် ထိုသစ္စာရှိခရစ်ယာန်များသည် အခြားအရပ်၌နေထိုင်ကြသော ဝိညာဉ်ရေးဆိုင်ရာညီအစ်ကိုများ၏ ကြည့်ရှုစောင့်ရှောက်မှုကို အမြဲခံခဲ့ကြရသည်။

ဆွာဇီလန်အထက်တရားရုံးက ယေဟောဝါသက်သေများသည် မိမိတို့အိမ်နှင့်မြေတို့ကိုပြန်ရသင့်သည်ဟု ထုတ်ပြန်ကြေညာခြင်းဖြင့် သူတို့ဘက်မှဆုံးဖြတ်ပေးခဲ့ပါပြီ။ အခြားကိစ္စတစ်ခုတွင် ကွယ်လွန်သူခင်ပွန်းသည်က မိမိ၏ဇနီးဖြစ်သူသည် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဝတ်အစားများကို မဝတ်သင့်ဟုရှင်းလင်းစွာဖော်ပြထားသော စာတစ်စောင်နှင့် တိတ်ခွေတစ်ခုကိုထုတ်ပြခဲ့ပြီးနောက် ခရစ်ယာန်မုဆိုးမတစ်ဦးသည် သူမ၏မြေယာပေါ်နေထိုင်ခွင့်ရရှိခဲ့သည်။ ထိုနည်းဖြင့် သူမ သည်ခင်ပွန်းသည်ကို အမှန်ပင်ရိုသေလေးစားကြောင်း ပြနိုင်ခဲ့သည်။

အထူးသဖြင့် ကျမ်းစာနှင့်မညီသောလုပ်ရပ်များကို ပြုလုပ်လေ့ရှိသည့်နေရာများတွင် လူတစ်ဦးမသေဆုံးမီ သင်္ဂြိုဟ်မှုဆိုင်ရာညွှန်ကြားချက်များကို ရှင်းလင်းစွာဖော်ပြထားခြင်းသည် အရေးပါလှသည်။ ကဲန်မရွန်းနိုင်ငံတွင်နေထိုင်သော ဗစ်တာ၏အဖြစ်ကိုဆင်ခြင်ကြည့်ပါလေ။ မိမိ၏အသုဘတွင် လိုက်နာရမည့်အစီအစဉ်ကို သူရေးသားခဲ့သည်။ သူ၏မိသားစုတွင် လူဦးခေါင်းခွံကိုးကွယ်ခြင်းအပါအဝင် သေလွန်သူနှင့်ပတ်သက်၍ အယူသီးသော ထုံးတမ်းစဉ်လာများရှိသည့် ယဉ်ကျေးမှုမှ ဩဇာအာဏာရှိသူများစွာရှိသည်။ ဗစ်တာသည် မိသားစုတွင် ရိုသေလေးစားခံရသူတစ်ဦးဖြစ်သောကြောင့် မိမိ၏ဦးခေါင်းခွံကို ထိုနည်းအတိုင်းပြုလုပ်နိုင်ဖွယ်ရှိကြောင်း သူသိထားသည်။ ထို့ကြောင့် မိမိ၏အသုဘကို ယေဟောဝါသက်သေများ မည်သို့ပြုလုပ်သင့်ကြောင်း ရှင်းလင်းသောညွှန်ကြားချက်များကိုပေးခဲ့သည်။ ယင်းက သူ၏မုဆိုးမနှင့် သားသမီးတို့အတွက် အခြေအနေသာ၍လွယ်ကူစေပြီး ရပ်ကွက်ထဲတွင် ကောင်းစွာသက်သေခံချက်ဖြစ်စေခဲ့သည်။

ကျမ်းစာနှင့်မညီသောထုံးတမ်းများကို တုပခြင်းရှောင်

ကျမ်းစာအသိပညာရှိသူအချို့သည် သူတစ်ပါးနှင့်ခြားနားစွာပြုလုပ်ရန် ကြောက်ရွံ့ခဲ့ကြသည်။ နှိပ်စက်ညှဉ်းပန်းခြင်းမခံရဖို့ ညလုံးပေါက်အသုဘစောင့်သည့်အစဉ်အလာကို လိုက်သည့်အသွင်တင်ပြခြင်းဖြင့် အိမ်နီးချင်းများကျေနပ်အောင် ကြိုးစားခဲ့ကြသည်။ ကိုယ်တိုင်ကိုယ်ကျနှစ်သိမ့်မှုပေးရန် ပူဆွေးကျန်ရစ်သူထံသွားလည်ပတ်ခြင်းသည် ချီးမွမ်းဖွယ်ဖြစ်သော်လည်း အသုဘချသည့်နေ့မတိုင်မီအထိ သေလွန်သူ၏နေအိမ်တွင် ညစဉ်ညတိုင်း အသုဘအစီအစဉ်ငယ်ကို ပြုလုပ်ဖို့မလိုပါ။ ဤသို့ပြုခြင်းဖြင့် တက်ရောက်ပါဝင်သူတို့သည် သေလွန်သူ၏အခြေအနေနှင့်ပတ်သက်၍ သမ္မာကျမ်းစာဆိုသည့်အရာကို အမှန်တကယ်မယုံကြည်ဟူ၍ ထင်မြင်စေမည်ဖြစ်ရာ တွေ့မြင်သူတို့ကို ထိမိလဲစေပေမည်။—၁ ကောရိန္သု ၁၀:၃၂။

သမ္မာကျမ်းစာက ဘုရားဝတ်ကိုရှေးဦးထားကာ မိမိတို့အချိန်ကို ပညာရှိစွာအသုံးပြုကြရန် ခရစ်ယာန်တို့ကိုတိုက်တွန်းထားသည်။ (မဿဲ ၆:၃၃; ဧဖက် ၅:၁၅၊ ၁၆) သို့သော် အချို့နေရာများတွင် အသုဘကိစ္စကြောင့် အသင်းတော်လှုပ်ရှားဆောင်ရွက်မှုသည် ရက်သတ္တတစ်ပတ် သို့မဟုတ် ထို့ထက်ကြာကြာရပ်တန့်သွားခဲ့သည်။ ဤပြဿနာသည် အာဖရိကတွင်သာမဟုတ်ပါ။ တောင်အမေရိကမှ အသုဘတစ်ခုနှင့်ပတ်သက်၍ မှတ်တမ်းက ဤသို့ဆိုသည်– “ခရစ်ယာန်အစည်းအဝေးသုံးခုတွင် တက်ရောက်သူအလွန်နည်းသည်။ လယ်ကွင်းလုပ်ငန်းမှာ ဆယ်ရက်ခန့်လူမရှိပါ။ ကျွန်ုပ်တို့၏ညီအစ်ကို၊ ညီအစ်မအချို့ပါဝင်နေကြသည်ကို တွေ့မြင်ရသည့်အတွက် အသင်းတော်ပြင်ပမှလူများနှင့် ကျမ်းစာသင်သားတို့ပင် အံ့အားသင့်၍ စိတ်ပျက်သွားကြသည်။”

အသိုင်းအဝိုင်းအချို့တွင် အသုဘပြီးစီးသည့်နောက် ပူဆွေးကျန်ရစ်သောမိသားစုသည် ရင်းနှီးသောမိတ်ဆွေအချို့ကို အဆာပြေစားသောက်ဖို့ အိမ်ပြန်လိုက်ခဲ့ရန်ဖိတ်ခေါ်ပေမည်။ သို့ရာတွင် အာဖရိကရှိ ဒေသအတော်များများတွင် အသုဘသို့လာရောက်ကြသော ရာနှင့်ချီသည့်သူတို့သည် တိရစ္ဆာန်များကိုယဇ်ပူဇော်လေ့ရှိသော ကွယ်လွန်သူ၏နေအိမ်တွင် စားသောက်ပွဲကိုမျှော်လင့်ကြသည်။ ခရစ်ယာန်အသင်းတော်နှင့် ပူးပေါင်းသူအချို့သည် ၎င်းထုံးတမ်းဓလေ့ကို အတုခိုးခဲ့ကြရာ သေသူကျေနပ်စေရန် ထုံးတမ်းစဉ်လာရှိသော စားသောက်ပွဲများကို သူတို့ကျင်းပနေသည်ဟုထင်မှတ်စေသည်။

ယေဟောဝါသက်သေများ ဦးဆောင်ပြုလုပ်သော အသုဘအစီအစဉ်များသည် ပူဆွေးကျန်ရစ်သူတို့အတွက် ငွေကုန်ကြေးကျများသော ဝန်ထုပ်မဖြစ်စေပါ။ ထို့ကြောင့် အကုန်အကျများသော အသုဘစရိတ်ကာမိစေဖို့ လာရောက်သူများက ငွေပေးရသည့် အထူးအစီအစဉ်ရှိရန် လိုအပ်မည်မဟုတ်ပါ။ ဆင်းရဲသောမုဆိုးမများသည် လိုအပ်သည့်ကုန်ကျစရိတ်များကို မတတ်နိုင်ပါက အသင်းတော်ရှိအခြားသူများက လိုလိုလားလားကူညီပေးကြမည်မှာ အမှန်ပင်။ အကယ်၍ ထိုသို့ကူညီမစမှုသည် မလုံလောက်ပါက အကူအညီရသင့်သူများကို ငွေရေးကြေးရေးအထောက်အကူပေးရန် အကြီးအကဲများကစီစဉ်ပေးပေမည်။—၁ တိမောသေ ၅:၃၊ ၄။

အသုဘထုံးတမ်းများသည် ကျမ်းစာမူများနှင့် အစဉ်ဆန့်ကျင်မနေပါ။ ဆန့်ကျင်သည့်အခါ ခရစ်ယာန်များသည် ကျမ်းစာနှင့်အညီပြုလုပ်ရန် ဆုံးဖြတ်ထားကြသည်။c (တမန်တော် ၅:၂၉) ယင်းသို့ပြုခြင်းက ထပ်ဆင့်ခက်ခဲမှုကိုဖြစ်ပေါ်စေနိုင်သော်လည်း ဘုရားသခင့်ကျေးကျွန်များစွာတို့သည် ထိုသို့သောစမ်းသပ်မှုကို အောင်မြင်စွာရင်ဆိုင်ခဲ့ကြပြီဖြစ်ကြောင်း သက်သေထူနိုင်ကြသည်။ သူတို့သည် “သက်သာခြင်းအမျိုးမျိုးတို့၏အရှင်” ဖြစ်သော ယေဟောဝါထံမှခွန်အားနှင့် သူတို့ဆင်းရဲခံနေရချိန်တွင် နှစ်သိမ့်မှုပေးသော ယုံကြည်သူချင်းများ၏ မေတ္တာပါသည့်အကူအညီဖြင့် ထိုသို့ပြုနိုင်ခဲ့ကြပေပြီ။—၂ ကောရိန္သု ၁:၃၊ ၄။

[အောက်ခြေမှတ်ချက်များ]

a ဤဆောင်းပါးတွင် အစားထိုးအမည်များကို အသုံးပြုထားသည်။

b “အသုဘစောင့်ခြင်း” ဟူသောအသုံးအနှုန်းသည် အချို့လူမျိုးစုနှင့် ယဉ်ကျေးမှုတွင် ပူဆွေးကျန်ရစ်သူများကို နှစ်သိမ့်ရန်ခဏလည်ပတ်ခြင်းကို ရည်ညွှန်းသည်။ ကျမ်းစာနှင့်မညီသောအရာ ပါမည်မဟုတ်ပေ။ ၁၉၇၉၊ မေ ၂၂ ထုတ်နိုးလော့! စာမျက်နှာ ၂၇-၈ [လိပ်] ရှု။

c အသုဘထုံးတမ်းများသည် ခရစ်ယာန်တစ်ဦးအတွက် ပြင်းထန်သောစမ်းသပ်မှုများ ဖြစ်နိုင်သည့်နေရာများတွင် နှစ်ခြင်းခံမည့်သူများ ရှေ့တွင်ကြုံတွေ့နိုင်မည့်အရေးအတွက် အကြီးအကဲများကပြင်ဆင်ပေးထားနိုင်သည်။ ကျွန်ုပ်တို့၏ဓမ္မအမှုကိုပြီးမြောက်စေရန်ဖွဲ့စည်းထားခြင်း စာအုပ်မှမေးခွန်းများကိုဆွေးနွေးရန် ထိုလူသစ်များနှင့်တွေ့ဆုံသောအခါ “စိုးလ်၊ အပြစ်နှင့် သေခြင်း”၊ “ဘာသာတရားရောနှောခြင်း” စသည့်အပိုင်းတို့ကို ဂရုပြုသင့်သည်။ ယင်းအကြောင်းနှစ်ခုစလုံးတွင် ဆွေးနွေးဖို့အတွက် ရွေးချယ်မေးနိုင်သည့်မေးခွန်းများပါရှိသည်။ ဤတွင် အကြီးအကဲများသည် ကျမ်းစာနှင့်မညီသော အသုဘထုံးတမ်းများနှင့်ပတ်သက်၍ အချက်အလက်များကိုတင်ပြနိုင်သည်၊ သို့အားဖြင့် နှစ်ခြင်းခံမည့်သူသည် ယင်းသို့သောအခြေအနေကို ရင်ဆိုင်လာရလျှင် ဘုရားသခင့်နှုတ်ကပါဌ်တော်က သူတို့ထံမှ အဘယ်အရာတောင်းဆိုသည်ကို သိရှိနိုင်ပေမည်။

[စာမျက်နှာ ၂၃ ပါ လေးထောင့်ကွက်]

သူတို့၏မြဲမြံသောရပ်တည်မှုကြောင့် ကောင်းချီးခံစားရ

စီဘိုန်ဂီလီသည် ဆွာဇီလန်နိုင်ငံတွင်နေထိုင်သော သတ္တိရှိသည့်ခရစ်ယာန်မုဆိုးမတစ်ဦးဖြစ်သည်။ မကြာမီကသူမ၏ခင်ပွန်းသည်ကွယ်လွန်ပြီးနောက် သေလွန်သူကိုကျေနပ်စေသည်ဟု လူအများယူဆကြသော ထုံးတမ်းများကိုလိုက်ရန် သူမငြင်းဆိုခဲ့သည်။ ဥပမာအနေနှင့် သူမ၏ဆံပင်ကိုမရိတ်ပစ်ပါ။ (တရားဟောရာ ၁၄:၁) ထို့ကြောင့် မိသားစုမှ ရှစ်ဦးကစိတ်ဆိုးကာ သူမ၏ဆံပင်ကို အတင်းအဓမ္မရိတ်လိုက်ကြသည်။ နှစ်သိမ့်မှုပေးရန် စီဘိုန်ဂီလီအိမ်သို့ ယေဟောဝါသက်သေများလာရောက်လည်ပတ်ခြင်းကိုလည်း တားမြစ်ခဲ့ကြသည်။ သို့ရာတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကို စိတ်ဝင်စားကြသောအခြားသူများက အကြီးအကဲများ၏အားပေးစာများနှင့် သူမထံလည်ပတ်ရန် ဝန်မလေးခဲ့ကြချေ။ အထူးဝမ်းနည်းခြင်းအထိမ်းအမှတ်အဝတ်အစားကို စီဘိုန်ဂီလီဝတ်ဆင်ရမည့်နေ့ရောက်လာသောအခါ အံ့အားသင့်ဖွယ်တစ်ခု ဖြစ်ပျက်လာသည်။ မိသားစုတွင်သြဇာရှိသူတစ်ဦးက ထုံးတမ်းအရဝမ်းနည်းပူဆွေးသည့် အစဉ်အလာကိုလိုက်နာရန် သူမငြင်းဆိုခြင်းအကြောင်းဆွေးနွေးရန် အစည်းအဝေးတစ်ခုပြုလုပ်ခဲ့သည်။

စီဘိုန်ဂီလီက ဤသို့ဖော်ပြသည်– “ပူဆွေးကြောင်းပြတဲ့အနေနဲ့ အဝတ်အစားအနက်ရောင်ဝတ်ဆင်တာကို ကျွန်မရဲ့ဘာသာရေးယုံကြည်ချက်က ခွင့်ပြုသလားလို့မေးကြတယ်။ ကျွန်မရဲ့ရပ်တည်ချက်ကို ရှင်းပြပြီးတဲ့နောက် ကျွန်မကိုအတင်းအကျပ်မခိုင်းတော့ဘူးလို့ပြောကြတယ်။ ကျွန်မကိုကြမ်းကြမ်းတမ်းတမ်းပြုမူခဲ့ပြီး ကျွန်မဆန္ဒမပါဘဲ ဆံပင်ရိတ်ခဲ့တာတွေအတွက် သူတို့အားလုံးက ဝန်ချတောင်းပန်ကြတော့ ကျွန်မအရမ်းအံ့အားသင့်မိတယ်။ အားလုံးက သူတို့ကိုခွင့်လွှတ်ဖို့ပြောကြတယ်။” နောက်ပိုင်းတွင် စီဘိုန်ဂီလီ၏ညီမက ယေဟောဝါသက်သေများတွင် စစ်မှန်သောဘာသာတရားရှိသည်ကို အသေအချာယုံကြည်ကြောင်းတင်ပြကာ ကျမ်းစာသင်အံမှုတစ်ခုကို တောင်းဆိုခဲ့သည်။

အခြားဥပမာတစ်ခုကိုလည်း သုံးသပ်ကြည့်ပါလေ– အသက် ၂၉ နှစ်အရွယ် ဗင်ဂျမင်အမည်ရှိ တောင်အာဖရိကမှလူတစ်ဦးသည် သူ၏ဖခင်ရုတ်တရက်သေဆုံးသွားကြောင်း ကြားသိခဲ့ရသည်။ ထိုအချိန်က သူ၏မိသားစုတွင် သက်သေခံဆို၍ ဗင်ဂျမင်တစ်ဦးတည်းသာရှိသည်။ မြေမြှုပ်သင်္ဂြိုဟ်သည့်အခမ်းအနားအတောအတွင်း မြေတွင်းနားသို့တစ်ယောက်စီဖြတ်သွားကာ အခေါင်းပေါ်သို့ မြေကြီးလက်တစ်ဆုပ်စာပစ်ထည့်ရသည်။d သင်္ဂြိုဟ်ပြီးနောက် မိသားစုအရင်းအချာအားလုံး ဆံပင်ရိတ်ကြရသည်။ ထိုအခမ်းအနားတို့တွင် ဗင်ဂျမင်မပါဝင်သောကြောင့် ကွယ်လွန်သူဖခင်၏ဝိညာဉ်က သူ့ကိုအပြစ်ဒဏ်ပေးလိမ့်မည်ဟု အိမ်နီးချင်းများနှင့် မိသားစုကကြိုတင်ဟောကြသည်။

ဗင်ဂျမင်က “ယေဟောဝါကို ကျွန်တော်ယုံကြည်ကိုးစားတဲ့အတွက်ကြောင့် ဘာမှမဖြစ်ခဲ့ပါဘူး” ဟုဆိုသည်။ သူ၏အခြေအနေကို မိသားစုကသတိပြုကြသည်။ အချိန်တန်သော် သူတို့ထဲမှအတော်များများသည် ယေဟောဝါသက်သေတို့နှင့် ကျမ်းစာလေ့လာကြကာ ဘုရားသခင်ထံဆက်ကပ်အပ်နှံကြောင်း နှစ်ခြင်းခံခြင်းအားဖြင့်တင်ပြခဲ့ကြသည်။ ဗင်ဂျမင်ကော။ ဧဝံဂေလိဟောပြောခြင်းလုပ်ငန်းတွင် အချိန်ပြည့်ပါဝင်ခဲ့သည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ယေဟောဝါသက်သေတို့၏အသင်းတော်များတွင် နယ်လှည့်ကြီးကြပ်မှူးတစ်ဦးအဖြစ် အမှုထမ်းရသည့်အခွင့်ထူးကို သူရရှိခဲ့သည်။

[အောက်ခြေမှတ်ချက်များ]

d မြေတွင်းထဲသို့ ပန်း သို့မဟုတ် မြေကြီးလက်တစ်ဆုပ်စာပစ်ထည့်ခြင်းသည် ဘာမျှမမှားဟုအချို့ယူဆကြပေမည်။ သို့သော် သေသူကိုကျေနပ်စေသည့်နည်းတစ်ခုအဖြစ် ပတ်ဝန်းကျင်ကယူမှတ်မည်ဆိုလျှင်၊ သို့မဟုတ် ဗာဗုလုန်ဘာသာတရား၏ ဆရာတစ်ဦးဆောင်ရွက်သော အခမ်းအနားအဝင်တစ်ခုဖြစ်မည်ဆိုလျှင် ယင်းကိုခရစ်ယာန်တစ်ဦးရှောင်ပေမည်။—၁၉၇၇၊ မတ် ၂၂ ထုတ် နိုးလော့! စာမျက်နှာ ၁၅ [လိပ်] ရှု။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ