ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၄/၁ စာ. ၁၄-၁၉
  • လောကဝိညာဉ်ကို သင်တွန်းလှန်နေသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လောကဝိညာဉ်ကို သင်တွန်းလှန်နေသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဤလောက၏ဝိညာဉ်ကို ရှောင်ကြဉ်ခြင်း
  • “လောကနှင့်ဆိုင်သောဝိညာဉ်” ၏ပေါ်လွင်ထင်ရှားချက်များ
  • လောကဝိညာဉ်ကို မည်သို့တွန်းလှန်နိုင်
  • “လောကစိတ်ဓာတ်” ကိုတွန်းလှန်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • လောကစိတ်ဓာတ်ကိုမခံယူဘဲ ဘုရားသခင့်စွမ်းအားတော်ကိုခံယူပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • လူငယ်များ—လောက၏စိတ်ဓာတ်ကိုတွန်းလှန်ကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ဘုရားသခင့် စွမ်းအားတော် လမ်းညွှန်မှုကို ဘာကြောင့်ခံယူဖို့လို
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၄/၁ စာ. ၁၄-၁၉

လောကဝိညာဉ်ကို သင်တွန်းလှန်နေသလော

“ငါတို့သည်လောကနှင့်ဆိုင်သောဝိညာဉ်ကိုမခံရကြ။ . . . ဘုရားသခင်ထံတော်မှကြွလာသောဝိညာဉ်တော်ကိုခံရကြ၏။” —၁ ကောရိန္သု ၂:၁၂။

၁၊ ၂။ အိန္ဒိယနိုင်ငံ၊ ဘိုပါးလ်မြို့တွင် အဆိပ်ရှိဓာတ်ငွေ့နှင့်ပတ်သက်၍ အဘယ်အဖြစ်ဆိုး ပေါ်ပေါက်ခဲ့သနည်း။ သို့သော် ထိုထက်သေစေနိုင်သော အဘယ် “ဓာတ်ငွေ့” ကိုကမ္ဘာတစ်ဝန်း ရှူရှိုက်နေကြသနည်း။

၁၉၈၄၊ ချမ်းအေးသော ဒီဇင်ဘာညတစ်ည အိန္ဒိယနိုင်ငံ၊ ဘိုပါးလ်မြို့တွင် ထိတ်လန့်စရာအဖြစ်အပျက် ဖြစ်ခဲ့ပါသည်။ ထိုမြို့တွင် ဓာတုဗေဒစက်ရုံတစ်ခုရှိ၍ ထိုဒီဇင်ဘာည၌ ဓာတ်ငွေ့သိုလှောင်ကန်တစ်ကန်၏ အဆို့ရှင်တစ်ခု ပျက်စီးသွားသည့်အတွက် မီသိုင်း အိုင်ဆိုဆိုင်ယာနိတ် တန်ပေါင်းများစွာ လေထုထဲသို့ရုတ်တရက်စီးထွက်လာပါသည်။ လေပင့်ရာမှ ဤသေစေတတ်သောဓာတ်ငွေ့သည် အိမ်များအတွင်းသို့လှိမ့်ဝင်ပြီး အိပ်ပျော်နေသူ မိသားစုများထံ ပျံ့နှံ့သွားသည်။ ထောင်ပေါင်းများစွာသောသူတို့ သေဆုံးကြပြီး အခြားသူမြောက်မြားစွာတို့သည် ကိုယ်အင်္ဂါချို့ယွင်းခဲ့သည်။ ယင်းသည် ထိုအချိန်အထိ စက်မှုပညာဆိုင်ရာ အဆိုးရွားဆုံး မတော်တဆမှုဖြစ်ခဲ့ပါသည်။

၂ ဘိုပါးလ်မြို့သတင်းကို လူတို့ကြားသိသည့်အခါ အလွန်စိတ်မကောင်းဖြစ်ခဲ့ကြပါသည်။ သို့သော် ယင်းသည် သေစေနိုင်စွမ်းပြင်းထန်သည်မှန်သော်လည်း ထိုဓာတ်ငွေ့ကြောင့် သေကျေပျက်စီးသူအရေအတွက်သည် နေ့စဉ် ကမ္ဘာတစ်ဝန်း ရှူရှိုက်နေသည့် “ဓာတ်ငွေ့” တစ်ခုကြောင့် ဝိညာဏသဘောအရ အသက်သေဆုံးသူများအရေအတွက်ထက် အလွန်နည်းသည်။ ယင်းကို သမ္မာကျမ်းစာက “လောကနှင့်ဆိုင်သောဝိညာဉ်” ဟုခေါ်ပါသည်။ တမန်တော်ပေါလုက ဘုရားသခင်ထံတော်မှဖြစ်သည့်ဝိညာဉ်နှင့်ဆန့်ကျင်ဘက်ဖြစ်သော သေစေနိုင်သည့် လေထုကို ဤသို့ပြောခဲ့သည်– “ငါတို့သည်လောကနှင့်ဆိုင်သောဝိညာဉ်ကိုမခံရကြ။ ဘုရားသခင်ပေးတော်မူသောအရာများကိုသိခြင်းအလိုငှာ ဘုရားသခင်ထံတော်မှကြွလာသောဝိညာဉ်တော်ကိုခံရကြ၏။”—၁ ကောရိန္သု ၂:၁၂။

၃။ “လောကနှင့်ဆိုင်သောဝိညာဉ်” ကားအဘယ်နည်း။

၃ “လောကနှင့်ဆိုင်သောဝိညာဉ်” ကို မည်သို့အတိအကျဖော်ပြမည်နည်း။ သေယာ၏ ဂရိအင်္ဂလိပ် ဓမ္မသစ်အဘိဓာန်ကျမ်းသစ် အရ “ဝိညာဉ်” (ဂရိ၊ နူမာ) ဟူသောစကားလုံး၏ ယေဘုယျအဓိပ္ပာယ်မှာ “တစ်ဦးတစ်ယောက်၏စိုးလ်ကိုလွှမ်းမိုး၊ ထိန်းချုပ်သည့် စိတ်ဓာတ် သို့မဟုတ် ဩဇာ” ဖြစ်သည်။ လူတစ်ဦးတစ်ယောက်တွင် ကောင်းသော၊ သို့မဟုတ် ဆိုးသောစိတ်ဝိညာဉ်၊ သို့မဟုတ် စိတ်ဓာတ်ရှိနိုင်ပါသည်။ (ဆာလံ ၅၁:၁၀; ၂ တိမောသေ ၄:၂၂) လူတစ်စုတွင်လည်း စိတ်ဝိညာဉ်တစ်မျိုး သို့မဟုတ် ဩဇာလွှမ်းမိုးသောစိတ်ဓာတ် ရှိနိုင်ပါသည်။ တမန်တော်ပေါလုသည် မိတ်ဆွေဖိလေမုန်အား ဤသို့စာရေးခဲ့သည်– “ငါတို့သခင်ယေရှုခရစ်၏ကျေးဇူးတော်သည် သင်တို့၏စိတ်ဝိညာဉ်နှင့်အတူ ရှိပါစေသတည်း။” (ဖိလေမုန် ၂၅) ထပ်တူပင်—သို့သော် သာ၍ကျယ်ဝန်းကြီးမားစွာ—လောကီသားအများစုကို လွှမ်းမိုးသည့်စိတ်ဓာတ်ရှိ၍ ယင်းကား ပေါလုရည်ညွှန်းသည့် “လောကနှင့်ဆိုင်သောဝိညာဉ်” ဖြစ်သည်။ ဗင်စင့်တ်၏ ဓမ္မသစ်ကျမ်း စကားလုံးများကို လေ့လာခြင်းအရ “ယင်းစကားစုသည် မပြုပြင်သောလောကကိုတွန်းအားပေးသည့် မကောင်းမှုကိုဆိုလိုသည်။” ယင်းကား လောကီစိတ်ကူးထဲ စိမ့်ဝင်ပျံ့နှံ့၍ လူတို့အပြုအမူများကို တန်ခိုးပါစွာသြဇာလွှမ်းမိုးသည့် အပြစ်တရားနှင့်စပ်ဆိုင်သောစိတ်ဖြစ်သည်။

၄။ လောကဝိညာဉ်၏ ဇာစ်မြစ်ကား အဘယ်သူနည်း။ ဤဝိညာဉ်သည် လူသားအပေါ် မည်သို့ဂယက်ရိုက်သနည်း။

၄ ဤဝိညာဉ်သည် အဆိပ်အတောက်ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား ယင်းသည် “ဤလောကကိုအစိုးရသောမင်း” စာတန့်ထံမှဖြစ်သည်။ သူ့အား “အာကာသကောင်းကင်၏တန်ခိုးကိုအစိုးရသောမင်း . . . ငြင်းဆန်သောသူတို့၌ ပြုပြင်သောဝိညာဉ်” ဟုခေါ်ထားပါသည်။ (ယောဟန် ၁၂:၃၁; ဧဖက် ၂:၂) ဤ “အာကာသ” သို့မဟုတ် “ငြင်းဆန်သောသူတို့၌ ပြုပြင်သောဝိညာဉ်” ကိုလွန်ဆန်ရန် မလွယ်ကူပါ။ နေရာတိုင်းရှိလူ့အသိုင်းအဝိုင်းတွင် ရှိနေသည်။ ယင်းကို ရှူရှိုက်မိလျှင် လောကစိတ်ထား၊ လောကရည်မှန်းချက်များကို စတင်လက်ခံကျင့်သုံးမိသားဖြစ်မည်။ လောကဝိညာဉ်သည် ‘ဇာတိပကတိအတိုင်း အသက်ရှင်ခြင်း’ ကိုအားပေးပါသည်။ ဆိုလိုသည်ကား ကျွန်ုပ်တို့အား အပြစ်တရားဆိုင်ရာ မစုံလင်သူများသာ ဖြစ်စေလိုပါသည်။ ယင်းသည် သေစေနိုင်သည်။ အကြောင်းမူကား “ဇာတိပကတိအတိုင်းအသက်ရှင်လျှင် သေရကြမည်။”—ရောမ ၈:၁၃။

ဤလောက၏ဝိညာဉ်ကို ရှောင်ကြဉ်ခြင်း

၅။ ဘိုပါးလ်မြို့တွင် ရုတ်တရက်ကျရောက်သောဘေးအတွင်း သက်သေခံတစ်ဦးသည် ပညာရှိစွာ မည်သို့ ပြုမူခဲ့သနည်း။

၅ ဘိုပါးလ်မြို့တွင် ရုတ်တရက်ကျရောက်သောဘေးအတွင်း ယေဟောဝါသက်သေတစ်ဦးသည် ဥသြဆွဲသံနှင့် အဆိပ်အတောက်ဖြစ်သောဓာတ်ငွေ့နံ့ကြောင့် နိုးသွားခဲ့သည်။ ချက်ချင်းမိသားစုကိုနှိုးကာ လမ်းပေါ် ထွက်ပြေးစေပါသည်။ လေပင့်ရာလမ်းကြောင်းကို သတိပြုရန် ခေတ္တရပ်ကြည့်ပြီး ရှုပ်ထွေးနေသောလူအုပ်အတွင်း မိသားစုနှင့်အတူ ရုန်းကန်၍ မြို့ပြင်ရှိ တောင်ထိပ်သို့ ပြေးသွားကြပါသည်။ ထိုနေရာတွင် အနီးနားရှိ ရေကန်မှ တိုက်ခတ်လာသော လတ်ဆတ်သန့်ရှင်းသည့်လေကို အားပါးတရ ရှူကြလေသည်။

၆။ လောကဝိညာဉ်မှလွတ်မြောက်ရန် အဘယ်အရပ်သို့ သွားနိုင်သနည်း။

၆ အဆိပ်ပြင်းသော ဤလောက “လေ” ကိုမရှူမိရန် ကျွန်ုပ်တို့ခိုလှုံနိုင်သည့် အမြင့်တွင်နေရာတစ်နေရာရှိပါသလော။ ရှိသည်ဟု သမ္မာကျမ်းစာဆိုသည်။ ကျွန်ုပ်တို့ခေတ်ကို ကြိုမြင်ကာ ပရောဖက်ဟေရှာယ ဤသို့ရေးသားသည်– “နောက်ဆုံးသောကာလ၌ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ်တို့၏ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်းသောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။ များပြားသောသူတို့ကလည်း ‘လာကြလော့၊ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရားသခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်’ ဟု ခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိအုန်တောင်မှလည်းကောင်း၊ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏နှုတ်ကပါဌ်တော်သည် ယေရုရှလင်မြို့မှလည်းကောင်း ထွက်လိမ့်မည်။” (ဟေရှာယ ၂:၂၊ ၃) ချီးမြှောက်ထားသည့်စင်ကြယ်သောဝတ်ပြုရေး၊ ချီးမြှင့်ခံရသည့် “ယေဟောဝါ၏အိမ်တော်တည်သောတောင်” တစ်ခုတည်းတွင်သာ အသက်ရှူကျပ်စေသည့် အဆိပ်ပြင်းသော လောကဝိညာဉ်ကင်းသည်။ ထိုတွင် ယေဟောဝါ၏ဝိညာဉ်တော်သည် သစ္စာရှိခရစ်ယာန်များအလယ် လွတ်လပ်စွာ စီးဆင်းနေပါသည်။

၇။ လောကဝိညာဉ်မှ မြောက်မြားစွာသောသူတို့သည် မည်သို့လွတ်မြောက်လာခဲ့ပြီနည်း။

၇ လောကဝိညာဉ်ကို ယခင်ကရှူရှိုက်ခဲ့သူ မြောက်မြားစွာတို့သည် ဘိုပါးလ်မြို့ရှိ သက်သေခံတစ်ဦး ကြုံတွေ့ခဲ့ရသော လွတ်မြောက်လာသည့် အဖြစ်မျိုးကို ကြုံတွေ့ခဲ့ကြရပြီ။ လောကလေ သို့မဟုတ် ဝိညာဉ်ကိုရှူသော “ငြင်းဆန်သောသူတို့” အကြောင်း ပြောပြီးနောက် တမန်တော်ပေါလုက ဤသို့ဆိုသည်– “ထိုငြင်းဆန်သောသူတို့နှင့်တကွ ငါတို့ရှိသမျှသည် အထက်က ကိုယ်ကာယ၏အလိုသို့လည်းကောင်း၊ စိတ်၏အလိုသို့လည်းကောင်း၊ လိုက်သဖြင့် ကာမဂုဏ်တို့၌ ကျင်လည်သည်ဖြစ်၍ ကြွင်းသောသူတို့ကဲ့သို့ပင် ပကတိအတိုင်း အမျက်တော်ကိုခံရသောသူဖြစ်ကြ၏။ သို့သော်လည်း ကရုဏာတော်နှင့်ကြွယ်ဝတော်မူသော ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူသော မဟာမေတ္တာတော်အားဖြင့် . . . ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ။” (ဧဖက် ၂:၃-၅) ဤအစီအစဉ်စနစ်၏ အဆိပ်အတောက်ရှိလေကိုသာရှူကြသူများသည် ဝိညာဏသဘောတရားအရ လူသေများဖြစ်ကြသည်။ သို့ရာတွင် ဝိညာဏအရမြင့်မားသောအရပ်သို့ ထွက်ပြေးကြ၍ ထိုသေစေနိုင်သောအခြေအနေမှ သန်းပေါင်းများစွာသောသူတို့ လွတ်မြောက်နေကြခြင်းသည် ယေဟောဝါ၏ကျေးဇူးတော်ကြောင့်ပင်ဖြစ်သည်။

“လောကနှင့်ဆိုင်သောဝိညာဉ်” ၏ပေါ်လွင်ထင်ရှားချက်များ

၈၊ ၉။ (က) လောကဝိညာဉ်ကို အမြဲသတိပြုနေရမည်ဖြစ်ကြောင်း အဘယ်အရာက တင်ပြသနည်း။ (ခ) စာတန့်ဝိညာဉ်သည် ကျွန်ုပ်တို့ကို မည်သို့ဖျက်ဆီးနိုင်သနည်း။

၈ သေစေနိုင်သော စာတန်၏လေသည် ကျွန်ုပ်တို့ဝန်းကျင်၌ စိမ့်ဝင်ပျံ့နှံ့နေဆဲရှိသည်။ တောင်အောက် မျောပါ၍ ဝိညာဉ်ရေးအရ အသက်ရှူကျပ်သွားစေမည့် ဤလောကထဲ ဘယ်သောအခါမျှ ပြန်မရောက်စေရန် သတိထားရမည်။ သို့ပြုခြင်းငှာ မခြားမလပ် နိုးကြားနေရန်လိုပါသည်။ ဥပမာအနေနှင့် ဤအဖြစ်မှန်ကို သုံးသပ်ပါ။ ခရစ်ယာန်အားလုံးသည် စာရိတ္တဆိုင်ရာ ယေဟောဝါ၏စံချိန်များကို အကျွမ်းတဝင်ရှိကြပြီး မတရားမေထုန်ပြုခြင်း၊ လိင်တူဆက်ဆံခြင်းအစရှိသည့် မသန့်ရှင်းသောအကျင့်များသည် လက်ခံဖွယ်ဖြစ်သည်ဟု ဘယ်သောအခါမျှ သဘောထိုင်ကြမည်မဟုတ်ပါ။ သို့ဖြစ်လျက်ပင် ယေဟောဝါ၏အဖွဲ့အစည်းမှ နှစ်စဉ်နှင်ထုတ်ခံရသူ ၄၀,၀၀၀ ခန့်ရှိပါသည်။ အဘယ်ကြောင့်နည်း။ အများအားဖြင့်ဆိုလျှင် ယင်းမစင်ကြယ်သောအကျင့်များကြောင့် ဖြစ်သည်။ မည်သို့ဖြစ်နိုင်ပါမည်နည်း။

၉ ကျွန်ုပ်တို့အားလုံး မစုံလင်သူများဖြစ်ကြသောကြောင့်တည်း။ ကိုယ်သည် အားနည်းသောကြောင့် ကျွန်ုပ်တို့နှလုံးထဲ ဖြစ်ပေါ်လာတတ်သည့် မကောင်းသောအကြံအစည်များကို အမြဲတိုက်လှန်နေရန်လိုသည်။ (ဒေသနာ ၇:၂၀; ယေရမိ ၁၇:၉) သို့ရာတွင် ထိုမကောင်းသောအကြံအစည်များသည် လောကဝိညာဉ်၏ တိုက်တွန်းမှုဖြင့် ဖြစ်ပေါ်လာပါသည်။ လောကတွင် များစွာသောသူတို့သည် စာရိတ္တယိုယွင်းမှုကို အပြစ်မမြင်ကြချေ။ အဘယ်အရာကိုမဆို ပြုလုပ်ခွင့်ရှိသည်ဟူသောသဘောထားကလည်း စာတန်အစီအစဉ်စနစ်၏ စိတ်ဓာတ်ပင်ဖြစ်သည်။ ဤသို့သောအတွေးအခေါ်မျိုး၏ ဂယက်ရိုက်မှုကို တစ်ချိန်လုံးခံနေမည်ဆိုလျှင် ကျွန်ုပ်တို့ပါ လောကတွေးတောသကဲ့သို့ စတွေးတောလာမည်။ မကြာမီပင် ဤသို့သော မစင်ကြယ်သည့်အတွေးအခေါ်များသည် မှားယွင်းသောဆန္ဒများကို ဖြစ်ပွားစေ၍ အပြစ်ကျူးလွန်မိသားဖြစ်သွားနိုင်ပါသည်။ (ယာကုပ် ၁:၁၄၊ ၁၅) ထိုသို့အားဖြင့် ယေဟောဝါ၏စင်ကြယ်သောဝတ်ပြုရေးတောင်တော်မှ ညစ်ညမ်းပြီး နိမ့်သောအရပ်စာတန့်လောကသို့ ရောက်ရှိသွားပါလိမ့်မည်။ ထိုတွင် စိတ်လိုကိုယ်လျောက် တည်ရှိနေသူများသည် ထာဝရအသက်ကို အမွေခံကြလိမ့်မည်မဟုတ်ပါ။—ဧဖက် ၅:၃-၅၊ ၇။

၁၀။ စာတန့်လေ၏လက္ခဏာတစ်ခုကား အဘယ်နည်း။ ယင်းကို ခရစ်ယာန်များ အဘယ်ကြောင့် ရှောင်သင့်သနည်း။

၁၀ ကျွန်ုပ်တို့ဝန်းကျင်တွင် လောကဝိညာဉ်သည် ထင်ရှားစွာ နေပါသည်။ ဥပမာ၊ ဘဝကို မထီလေးစား၊ ကပျက်ကချော်သဘောမျိုး လူအများ ထားရှိကြသည်။ ယိုယွင်းပြီးအရည်အချင်းမရှိသော ခေါင်းဆောင်များနှင့် စာရိတ္တပျက်ပြီး လောဘရမ္မက်ကြီးသော ဘာသာရေးခေါင်းဆောင်များကို စိတ်ပျက်စွာနှင့် အလေးအနက်ထားရမည့်အရာတို့ကိုပင် မရိုမသေပြောဆိုတတ်ကြသည်။ ဤဝသီကို ခရစ်ယာန်များ တွန်းလှန်ပါသည်။ ကျွန်ုပ်တို့တွင် တင့်တယ်သော ဟာသဉာဉ်ရှိဦးတော့ အသင်းတော်ထဲသို့ မလေးမခန့် ထေ့ငေါ့တတ်သောသဘောထား မဝင်လာစေရန် ကြဉ်ရှောင်ကြသည်။ ခရစ်ယာန်တစ်ဦး၏ အပြောအဆိုမှ ယေဟောဝါကိုကြောက်ခြင်း၊ စင်ကြယ်သောနှလုံးတို့ကို ထင်ရှားစေသည်။ (ယာကုပ် ၃:၁၀၊ ၁၁; သု၊ ၆:၁၄ နှိုင်းယှဉ်။) ကျွန်ုပ်တို့ကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေ “လူအသီးအသီးတို့အား အဘယ်သို့ပြန်ပြောရမည်ကို သိနိုင်မည်အကြောင်း [ကျွန်ုပ်တို့] စကားသည်ဆားအားဖြင့်ငန်သောအရသာနှင့်ပြည့်စုံလျက် အစဉ်မပြတ် တင့်တယ်လျောက်ပတ်” ရမည်။—ကောလောသဲ ၄:၆။

၁၁။ (က) လောကဝိညာဉ်၏ ဒုတိယလက္ခဏာကား အဘယ်နည်း။ (ခ) ဤလက္ခဏာကို တင်ပြသူများနှင့် ခရစ်ယာန်များသည် အဘယ်ကြောင့်မတူသနည်း။

၁၁ လောကဝိညာဉ်ကို ထင်ဟပ်စေသည့် လူအများ၏ အခြားစိတ်ထားတစ်ခုမှာ မုန်းတီးစိတ်ဖြစ်သည်။ လူမျိုးရေး၊ လူမျိုးစုအရေး၊ အမျိုးသားရေးနှင့် ပုဂ္ဂိုလ်ရေး မသင့်မြတ်မှုများကြောင့် မုန်းတီးမှုပွား၍ ရန်ငြိုးထားကြခြင်းအားဖြင့် တစ်ကမ္ဘာလုံး အစိတ်စိတ်အမြွှာမြွှာ ကွဲပြားနေသည်။ ဘုရားသခင့်ဝိညာဉ်တော် ရှင်သန်လှုပ်ရှားသည့်အရပ်တွင်မူ အရာရာမည်မျှပိုမိုကောင်းမွန်ပါသည်တကား! တမန်တော်ပေါလု ဤသို့ရေးသားသည်– “အဘယ်သူကိုမျှ ရန်တုံ့မမူကြနှင့်။ လူအပေါင်းတို့ရှေ့မှာ တင့်တယ်လျောက်ပတ်သောအကျင့်ကို ကြံစည်ကြလော့။ သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့် နေကြလော့။ ချစ်သူတို့၊ သူတစ်ပါးသည် သင်တို့ကို ပြစ်မှားလျှင် ကိုယ်တိုင် အပြစ်ပြန်၍မတုံ့ကြနှင့်။ အမျက်တော်ကို အခွင့်ပေးကြလော့။ ကျမ်းစာလာသည်ကား ‘ငါသည် အပြစ်တရားကို စီရင်ပိုင်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်’ ဟုထာဝရဘုရား [ယေဟောဝါ၊ ကဘ] မိန့်တော်မူ၏။ ထိုကြောင့် ‘သင်၏ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင် သောက်စရာဖို့ ပေးလော့။ ထိုသို့ပြုလျှင် သူ၏ခေါင်းပေါ်၌ မီးခဲကို ပုံထားလိမ့်မည်။’ အဆိုးအားဖြင့် အရှုံးမခံနှင့်။ အကောင်းအားဖြင့် အဆိုးကိုနိုင်လော့။”—ရောမ ၁၂:၁၇-၂၁။

၁၂။ ခရစ်ယာန်များသည် ရုပ်ဝါဒကို အဘယ်ကြောင့်ရှောင်ကြဉ်သနည်း။

၁၂ လောကဝိညာဉ်သည် ရုပ်ဝါဒကိုလည်း လိုက်စားရန် လှုံ့ဆော်ပေးသည်။ စီးပွားရေးလောက၏ တိုက်တွန်းမှုကြောင့် နောက်ဆုံးပေါ်ပစ္စည်း၊ နောက်ဆုံးပေါ် ဖက်ရှင်၊ နောက်ဆုံးပေါ် မော်တော်ကားတို့ကို အငမ်းမရဖြစ်တတ်ကြသည်။ ဤသူတို့သည် “မျက်စိတပ်မက်ခြင်း” ၏ကျွန်ပြုခံရသူများဖြစ်သည်။ (၁ ယောဟန် ၂:၁၆) လူအများသည် သူတို့၏အိမ် အရွယ်အစား၊ သူတို့၏စုငွေ ပမာဏအားဖြင့် အောင်မြင်တိုးတက်ခြင်းကို တိုင်းထွာတတ်ကြသည်။ ယေဟောဝါ၏ စင်ကြယ်သောဝတ်ပြုရေးတောင်ပေါ်တွင် သန့်ရှင်းသော ဝိညာဏလေကို ရှူရှိုက်ကြသည့် ခရစ်ယာန်များမူ ဤသဘောထားကို ရှောင်ကြဉ်ကြသည်။ ရုပ်ပစ္စည်းနောက် တကောက်ကောက်လိုက်ခြင်းသည် ပျက်စီးစေနိုင်ကြောင်း သူတို့သိထားသည်။ (၁ တိမောသေ ၆:၉၊ ၁၀) တပည့်တော်များအား ယေရှုဤသို့သတိပေးသည်– “စည်းစိမ်ရှိသော်လည်း စည်းစိမ်၌ အသက်မတည်။”—လုကာ ၁၂:၁၅။

၁၃။ ဤလောကဝိညာဉ်၏ အခြားလက္ခဏာအချို့ကား အဘယ်နည်း။

၁၃ လောက၏ ညစ်ညမ်းသော “လေ” နှင့်ဆိုင်သည့် အခြားလက္ခဏာများ ရှိသေးသည်။ တစ်ခုကား ပုန်ကန်လိုသောစိတ်ဓာတ်ဖြစ်သည်။ (၂ တိမောသေ ၃:၁-၃) လူအများစုသည် အခွင့်အာဏာရရှိထားသူများနှင့် ပူးပေါင်းဆောင်ရွက်မှု မရှိတော့သည်ကို သတိပြုမိသလော။ သင့်အလုပ်ခွင်တွင် တစ်ဦးတစ်ယောက် စောင့်ကြည့်မနေပါက အလုပ်မလုပ်ဘဲနေတတ်ကြသည့်ပျံနှံ့နေသောအကျင့်ကို သတိထားမိသလော။ ဥပဒေချိုးဖောက်သူ—အခွန်ပေးမှုကိစ္စတွင် လိမ်လည်ခြင်း၊ အလုပ်ခွင်မှပစ္စည်းများကို ခိုးယူနေသောသူ မည်မျှကို သင်သိရှိသနည်း။ ကျောင်းတက်နေဆဲဖြစ်ပါက အသင့်ကျောင်းနေဖက်များသည် ထူးချွန်အောင်မြင်ခြင်းကို အထင်မကြီးကြသည့်အတွက် စာမကြိုးစားချင်စိတ် ဖြစ်ပေါ်လာဖူးသလော။ ယင်းတို့သည် ခရစ်ယာန်များ တွန်းလှန်ရမည့် လောကဝိညာဉ်လက္ခဏာများဖြစ်သည်။

လောကဝိညာဉ်ကို မည်သို့တွန်းလှန်နိုင်

၁၄။ ခရစ်ယာန်များသည် ခရစ်ယာန်မဟုတ်သူတို့နှင့် အဘယ်နည်းဖြင့် ကွာခြားပါသနည်း။

၁၄ သို့ရာတွင် ကျွန်ုပ်တို့သည် လောကတွင် အသက်ရှင်နေထိုင်ကြသူများဖြစ်ကြရာ လောကဝိညာဉ်ကို မည်သို့တွန်းလှန်နိုင်မည်နည်း။ သတိရ ကြရမည့်အရာကား ကာယရေးအရ အဘယ်နေရာတွင်ပင် ကျွန်ုပ်တို့ရောက်ရှိနေစေကာမူ ဝိညာဉ်ရေးအရ ဤလောကနှင့် ကျွန်ုပ်တို့မစပ်ဆိုင်ပါ။ (ယောဟန် ၁၇:၁၅၊ ၁၆) ကျွန်ုပ်တို့၏ ရည်ရွယ်ချက်ပန်းတိုင်များသည် ဤလောကပန်းတိုင်များမဟုတ်။ အရာရာကို ကျွန်ုပ်တို့ရှုမြင်ပုံသည်လည်း ကွဲပြားခြားနားသည်။ ကျွန်ုပ်တို့သည် “လူပညာကို အမှီပြု၍ နားလည်သောစကားနှင့်မဟော၊ သန့်ရှင်းသောဝိညာဉ်တော်သည် ဝိညာဉ်နှင့်စပ်ဆိုင်သောအရာကို ဝိညာဉ်စကားအားဖြင့် ဖွင့်ပြ၍ ပဲ့ပြင်တော်မူသောစကားနှင့်” တွေးတောဆင်ခြင် စကားပြောဆိုသော ဝိညာဉ်ရေးနှင့်စပ်ဆိုင်သူများဖြစ်ကြသည်။—၁ ကောရိန္သု ၂:၁၃။

၁၅။ လောကဝိညာဉ်ကို မည်သို့တွန်းလှန်နိုင်သနည်း။

၁၅ လူတစ်ဦးသည် အဆိပ်အတောက်ရှိ ဓာတ်ငွေ့ဖုံးလွှမ်းရာအရပ်တွင် မိမိရောက်နေကြောင်း သတိပြုမိလျှင် အဘယ်အရာပြုလုပ်နိုင်သနည်း။ လေသန့်သန့်ရှူနိုင်ရန် ဓာတ်ငွေ့ကာဦးထုပ်ကို တပ်ဆင်ထားနိုင်သည်။ သို့မဟုတ် ထိုနေရာမှ ထွက်ခွာသွားပါမည်။ စာတန့်လေကိုရှောင်ကြဉ်ရန် နည်းလမ်းတွင် ဤနည်းနှစ်နည်းကို ပြုမူဖို့လိုပါသည်။ လောကဝိညာဉ်ကြောင့် ကျွန်ုပ်တို့အတွေးအခေါ်ကို ပျက်ပြားစေမည့် မည်သည့်အရာကိုမဆို အတတ်နိုင်ဆုံးနည်းဖြင့် ဝေးဝေးရှောင်ကြပါမည်။ သို့ဖြစ်သောကြောင့် မကောင်းသောအပေါင်းအသင်းကို ရှောင်ကြဉ်ပြီး အကြမ်းဖက်မှု၊ စာရိတ္တယိုယွင်းမှု၊ နတ်ဝိဇ္ဇာအတတ်၊ ပုန်ကန်ခြင်း သို့မဟုတ် ဇာတိပကတိနှင့်စပ်ဆိုင်သော မည်သည့်အကျင့်ကိုမဆို အားပေးအားမြှောက်ပြုသည့် အပန်းဖြေမှုများကိုငြင်းပယ်ကြမည်။ (ဂလာတိ ၅:၁၉-၂၁) သို့ရာတွင် လောကထဲ အသက်ရှင်နေထိုင်ကြသူများဖြစ်ကြရာ ယင်းတို့နှင့် လုံးလုံးမထိမတွေ့ရန် ရှောင်ကြဉ်နိုင်မည်ကား မဟုတ်ပါ။ ထို့ကြောင့် ဝိညာဏလေကောင်းလေသန့်ပေးကိရိယာနှင့် အဆက်အသွယ်ရှိနေမည်ဆိုလျှင် ပညာရှိရာရောက်သည်။ အစည်းအဝေးကို မှန်မှန်တက်ခြင်း၊ ကိုယ်ပိုင်လေ့လာမှု ပြုလုပ်ခြင်း၊ ခရစ်ယာန်လုပ်ငန်းနှင့် ပေါင်းသင်းမှုပြုခြင်းအပြင် ဆုတောင်းခြင်းအားဖြင့် ဝိညာဏအဆုတ်ကို ပြည့်လျှံနေစေဘိသကဲ့သို့ ဖြစ်စေမည်။ ဤနည်းဖြင့် ကျွန်ုပ်တို့ဝိညာဏအဆုတ်ကို စာတန်၏လေသည် ဝင်တိုးမိသည့်တိုင် ဘုရားသခင့်ဝိညာဉ်တော်က ယင်းကိုပယ်ထုတ်နိုင်ရန်ခွန်အားပေးမည်။—ဆာလံ ၁၇:၁-၃; သု၊ ၉:၉; ၁၃:၂၀; ၁၉:၂၀; ၂၂:၁၇။

၁၆။ ဘုရားသခင့်ဝိညာဉ်တော်ခံစားရကြောင်း ကျွန်ုပ်တို့မည်သို့သက်သေထူသနည်း။

၁၆ ဘုရားသခင့်ဝိညာဉ်တော်သည် ခရစ်ယာန်တစ်ဦးအား လောကီသားများနှင့် မတူကြောင်းထင်ရှားစေမည်။ (ရောမ ၁၂:၁၊ ၂) ပေါလု ဤသို့ဆိုသည်– “ဝိညာဉ်တော်နှင့်ဆိုင်ရာအသီးမူကား ချစ်ခြင်း၊ ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကရုဏာပြခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်းများပေတည်း။ ထိုသို့သောအကျင့်တို့ကိုအဘယ်တရားကမျှမမြစ်တား။” (ဂလာတိ ၅:၂၂၊ ၂၃၊ ကဘ) ဘုရားသခင့်ဝိညာဉ်တော်သည် ခရစ်ယာန်တစ်ဦးအား နက်နဲသောအရာများကို သဘောပေါက်နားလည်စေသည်။ ပေါလု ဤသို့ဆိုသည်– “ဘုရားသခင်၏ နက်နဲသောအရာကို ဘုရားသခင်၏ဝိညာဉ်တော်မှတစ်ပါး အဘယ်သူမျှမသိ။” (၁ ကောရိန္သု ၂:၁၁) ယေဘုယျသဘောအားဖြင့် “ဘုရားသခင်၏ နက်နဲသောအရာ” များတွင် ရွေးနှုတ်ဖိုးပူဇော်သက္ကာ၊ ယေရှုခရစ်တော် အုပ်ချုပ်တော်မူသည့် ဘုရားသခင့်နိုင်ငံတော်၊ ထာဝရအသက်ရရှိရန် မျှော်လင့်ချက်နှင့် ဤဆိုးသွမ်းသောကမ္ဘာ ဖျက်ဆီးခံရတော့မည့်အချိန် နီးခြင်း အစရှိသည့် သမ္မာတရားများ ပါဝင်ပါသည်။ ဘုရားသခင့်ဝိညာဉ်တော်အကူအညီဖြင့် ယင်းနက်နဲရာများသည် သမ္မာတရားဖြစ်ကြောင်းကို ခရစ်ယာန်များသဘောပေါက် လက်ခံထားကြရာ အသက်ကို သူတို့ရှုမြင်ပုံသည် လောကီသားများနှင့် ကွာခြားပါသည်။ ယေဟောဝါအမှုတော်ကို ထာဝစဉ်ထမ်းဆောင်နိုင်သည့် မျှော်လင့်ချက်နှင့်အတူ ယခုအချိန်တွင် ကိုယ်တော့်အမှုထမ်းဆောင်ခြင်း၌ သူတို့ပျော်မွေ့ရောင့်ရဲနေနိုင်ကြသည်။

၁၇။ လောကဝိညာဉ်ကို တွန်းလှန်ရာတွင် မည်သူသည် ထူးကဲသောပုံသက်သေ ချထားခဲ့ပါသနည်း။ အဘယ်နည်းဖြင့်နည်း။

၁၇ လောကဝိညာဉ်ကို တွန်းလှန်သူများအတွက် ယေရှုသည် အတုယူစရာ ထူးကဲသောပုံသက်သေဖြစ်ပါသည်။ ယေဟောဝါအမှုတော်ထမ်းခြင်းမှ သွေဖည်သွားစေခြင်းငှာ ယေရှုနှစ်ခြင်းခံပြီး များမကြာမီအချိန်တွင် စာတန်သည် ကိုယ်တော်အား သုံးကြိမ်စုံစမ်းခဲ့သည်။ (မဿဲ ၄:၁-၁၁) နောက်ဆုံးအကြိမ်တွင် ယေရှုသည် စာတန်ကို တစ်ကြိမ်တည်းသာ ဝတ်ပြုရုံဖြင့် တစ်လောကလုံးကို အစိုးရခွင့်ရမည့်ကိစ္စ ပါဝင်ပါသည်။ ယေရှု ဤသို့ဆင်ခြင်နိုင်၏– ‘တစ်ကြိမ်သာ ငါဝတ်ပြုလိုက်ပြီး လောကကို အစိုးရခွင့်ရတဲ့အခါ နောင်တယူပြီး ယေဟောဝါကို ပြန်ဝတ်ပြုကိုးကွယ်မယ်။ နာဇရက်မြို့သား လက်သမားတစ်ဦးအဖြစ်ထက် လောကကိုအစိုးရသူအနေနဲ့ လူသားကို ပိုအကျိုးပြုနိုင်မယ်။’ ထိုသို့ ယေရှုမဆင်ခြင်ခဲ့ချေ။ ကမ္ဘာကိုအုပ်ချုပ်ခွင့် ယေဟောဝါပေးမည့်အချိန်ကို သူစောင့်မျှော်ရန် အသင့်ရှိတော်မူသည်။ (ဆာလံ ၂:၈) ထိုအချိန်အခါတွင်မက အခြားအချိန်အခါအသီးသီးတွင် စာတန့်လေ၏ အဆိပ်အတောက်ပါသြဇာကို လွှမ်းမိုးမခံခဲ့ပါ။ သို့ဖြစ်၍ ဝိညာဉ်ရေးအရ ညစ်ညမ်းနေသော ဤလောကကို သူအောင်နိုင်တော်မူခဲ့သည်—ယောဟန် ၁၆:၃၃။

၁၈။ လောကဝိညာဉ်ကို တွန်းလှန်ခြင်းသည် ဘုရားသခင်အားချီးမွမ်းခြင်း မည်သို့ဖြစ်စေသနည်း။

၁၈ ယေရှု၏ခြေတော်ရာကို ထက်ကြပ်မကွာလိုက်ရမည်ဟု တမန်တော်ပေတရု မှာကြားခဲ့သည်။ (၁ ပေတရု ၂:၂၁) ယင်းထက်ကောင်းသော အဘယ်ပုံသက်သေ ရှိနိုင်မည်နည်း။ ဤနောက်ဆုံးကာလတွင် လောကဝိညာဉ် ဩဇာလွှမ်းမိုးမှုကြောင့် လူတို့သည် အကျင့်စာရိတ္တစံချိန် ကျဆင်းသည်ထက် ကျဆင်းနေပါသည်။ ဤကဲ့သို့သောလောကကြီးအလယ်တွင် ယေဟောဝါ၏ဝတ်ပြုရေး သန့်ရှင်းစင်ကြယ်သောစံချိန် မြင့်မားစွာ ဆက်တည်ရှိနေနိုင်ခြင်းသည် အံ့ချီးဖွယ်ကောင်းလှသည်တကား! (မိက္ခာ ၄:၁၊ ၂) ဘုရားသခင့် ဝတ်ပြုရာအရပ်သို့ သန်းပေါင်းများစွာ တဖွဲဖွဲလာနေကြသည့်အတွက် ဘုရားသခင့်ဝိညာဉ်တော်တန်ခိုးကို အမှန်တကယ်တွေ့မြင်နိုင်ပါသည်။ ဤသူများသည် ပျံ့နှံ့နေသော လောကဝိညာဉ်ကို တွန်းလှန်ငြင်းပယ်ပြီး ယေဟောဝါအား ဂုဏ်တင်ချီးမွမ်းနေကြပါသည်တကား! (၁ ပေတရု ၂:၁၁၊ ၁၂) ယေဟောဝါ၏ ဘိသိက်ခံဘုရင်သည် ဤဆိုးသွမ်းသောကမ္ဘာကို ဖျက်ဆီးပြီးနောက် စာတန်မာရ်နတ်နှင့် သူ၏နတ်ဆိုးများကို တွင်းနက်ထဲ ချပစ်မည့်အချိန်တိုင်အောင် ထိုမြင့်မားသောအရပ်တွင် ကျွန်ုပ်တို့အားလုံး တည်တံ့မြဲမြံရန် စိတ်ပိုင်းဖြတ်ကြစို့။ (ဗျာဒိတ် ၁၉:၁၉–၂၀:၃) ထိုအခါ လောကဝိညာဉ် ရှိတော့မည်မဟုတ်ပါ။ မည်မျှကောင်းချီးခံရမည့်အချိန် ဖြစ်လိမ့်မည်ပါတကား!

သင်ရှင်းပြနိုင်သလော

◻ လောကဝိညာဉ်ကား အဘယ်နည်း။

◻ လောကဝိညာဉ်သည် လူတစ်ဦးစီကို မည်သို့ဂယက်ရိုက်သနည်း။

◻ လောကဝိညာဉ်လက္ခဏာအချို့ကား အဘယ်နည်း။ ယင်းတို့ကို မည်သို့ရှောင်ကြဉ်နိုင်သနည်း။

◻ ဘုရားသခင့်ဝိညာဉ်တော်ခံစားရကြောင်း မည်သို့တင်ပြမည်နည်း။

◻ လောကဝိညာဉ်ကို တွန်းလှန်သူများ အဘယ်ကောင်းချီးများ ခံစားရသနည်း။

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

လောကဝိညာဉ်သည် စာတန်ထံမှဖြစ်

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

လောကဝိညာဉ်ကို ရှောင်ကြဉ်ရန် ယေဟောဝါ၏ မြင့်မားသော ဝတ်ပြုရာအရပ်သို့ ပြေးလော့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ