ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၉/၁ စာ. ၈-၁၃
  • လူငယ်များ—လောက၏စိတ်ဓာတ်ကိုတွန်းလှန်ကြလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူငယ်များ—လောက၏စိတ်ဓာတ်ကိုတွန်းလှန်ကြလော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လောက၏စိတ်ဓာတ်ကို ခွဲခြားသိမြင်ခြင်း
  • လောကစိတ်ဓာတ်ပြသခြင်း
  • လောက၏စိတ်ဓာတ်ကိုငြင်းပယ်ခြင်း
  • ‘ထူးခြားသောစိတ်ဓာတ်’ ပြခြင်း
  • လောကဝိညာဉ်ကို သင်တွန်းလှန်နေသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • လူငယ်များ—မည်သည့်အရာကို သင်တို့လိုက်စားနေကြသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ကောင်းကျိုးမပေးသောတေးဂီတကို ဂရုစိုက်ရှောင်လေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • လောကစိတ်ဓာတ်ကိုမခံယူဘဲ ဘုရားသခင့်စွမ်းအားတော်ကိုခံယူပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၉/၁ စာ. ၈-၁၃

လူငယ်များ—လောက၏စိတ်ဓာတ်ကိုတွန်းလှန်ကြလော့

“ငါတို့သည်လော[က]ဝိညာဉ် [“စိတ်ဓာတ်၊” ကဘ] ကိုမခံရကြ။ . . . ဘုရားသခင့်ထံမှကြွလာသောဝိညာဉ်ကိုခံရကြပြီ။”—၁ ကောရိန္သု ၂:၁၂။

၁၊ ၂။ (က) လောကလူငယ်များနှင့် ယေဟောဝါသက်သေများ၏အသင်းတော်ရှိလူငယ်များတွင် အဘယ်ခြားနားမှုကိုတွေ့မြင်နိုင်သနည်း။ (ခ) သက်သေခံလူငယ်များကို မည်သို့လှိုက်လှိုက်လှဲလှဲချီးမွမ်းနိုင်သနည်း။

“ကျွန်ုပ်တို့၏လူငယ်မျိုးဆက်သည် စိတ်ဓာတ်ကျကာ အပယ်ခံနှင့် ကလန်ကဆန်ပြုနေကြသည်။” ဩစတြေးလျရောင်နီဦးသတင်းစာက ထိုသို့ဖော်ပြထားသည်။ “ကြီးလေးသောလက်ရောက်ကျူးလွန်မှုအတွက် စွဲချက်တင်ခံရသူ လူငယ်အရေအတွက်သည် [ယခင်နှစ်ထက်] ၂၂ ရာခိုင်နှုန်းတိုးများလာကြောင်း တရားရုံးမှတ်တမ်းများကဖော်ပြသည်။ . . . ၆၀ ပြည့်လွန်နှစ်များအလယ်ပိုင်းအချိန်မှစ၍ မိမိတို့ကိုယ်ကိုသတ်သေသည့် ကလေးငယ်များသည် သုံးဆတိုးများလာသည်။ . . . ထို့အပြင် လူမျိုးဆက်ကွာဟမှုသည် အမှန်တကယ်ကျယ်ပြန့်လာခဲ့ရာ မူးယစ်ဆေးဝါး၊ အရက်သေစာနှင့် မိမိတို့ကိုယ်ကိုဖျက်ဆီးသည့်အဖြစ်သို့ ရောက်မှန်းမသိရောက်နေကြသူ တိုးများလာလျက်ရှိသည်” ဟုထပ်လောင်းဖော်ပြထားသည်။ သို့ရာတွင် ဤအခြေအနေကို နိုင်ငံတစ်နိုင်ငံတည်း၌သာ တွေ့ရှိရခြင်းမဟုတ်ပါ။ ကမ္ဘာတစ်ဝန်းရှိ မိဘများ၊ ဆရာများနှင့် စိတ္တကျန်းမာရေးပါရဂူများသည် လူငယ်များ၏အခြေအနေကို ဝမ်းနည်းမြည်တမ်းနေကြသည်။

၂ ယနေ့လူငယ်အများစုနှင့် ယေဟောဝါသက်သေများ၏အသင်းတော်များရှိ ကျန်းခံ့သောလူငယ်များသည် ခြားနားလှသည်တကား! သူတို့သည် အပြစ်ကင်းသူများတော့မဟုတ်ကြပါ။ သူတို့သည်လည်း “လူပျိုတို့၏တပ်မက်ခြင်းကိလေသာစိတ်” နှင့်ရုန်းကန်နေရ၏။ (၂ တိမောသေ ၂:၂၂) သို့ရာတွင် ဤလူငယ်များသည် အုပ်စုတစ်စုအနေနှင့်ဖြောင့်မှန်ရာအတွက် ရဲရဲရင့်ရင့်ရပ်တည်ကာ လောက၏ဖိအားပေးမှုများကို ငြင်းဆန်ခဲ့ကြပေပြီ။ စာတန်၏ “ဉာဏ်နီဉာဏ်နက်များသောလုပ်ရပ်များ” ကိုအောင်နိုင်သည့် အသင်လူငယ်အားလုံးကို ကျွန်ုပ်တို့လှိုက်လှိုက်လှဲလှဲချီးမွမ်းပါသည်! (ဧဖက် ၆:၁၁၊ ကဘ အောက်ခြေမှတ်ချက်) တမန်တော်ယောဟန်ကဲ့သို့ ဤသို့ပြောဆိုရန် ကျွန်ုပ်တို့လှုံ့ဆော်ခံရကြသည်– “လူပျို [နှင့်အပျို] တို့၊ သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍ ဘုရားသခင်၏နှုတ်[မြွက်စကား]တော်၌ မှီဝဲဆည်းကပ်သဖြင့် [စာတန်]ကိုအောင်သောကြောင့် သင်တို့အားငါရေး၍ပေးလိုက်ခဲ့ပြီ။”—၁ ယောဟန် ၂:၁၄။

၃။ “စိတ်ဓာတ်” ဟူသောစကားလုံးသည် အဘယ်အရာကိုဆိုလိုနိုင်သနည်း။

၃ သို့သော်ငြားလည်း စာတန်ကိုအောင်မြင်စွာ ဆက်တိုက်လှန်နိုင်ရန် သမ္မာကျမ်းစာခေါ်ဆိုထားသည့် “လောက၏စိတ်ဓာတ်” ကိုအားသွန်ခွန်စိုက်တွန်းလှန်နေကြရမည်။ (၁ ကောရိန္သု ၂:၁၂၊ ကဘ) ဂရိဘာသာကျမ်းဂန်တစ်ခုအရ “စိတ်ဓာတ်” သည် “တစ်စုံတစ်ယောက်၏စိုးလ်တွင်ပြည့်၍လွှမ်းမိုးနေသော စိတ်နေသဘောထား သို့မဟုတ် ဩဇာ” ကိုဆိုလိုနိုင်သည်။ ဥပမာ၊ စိတ်တိုတတ်သူတစ်ဦးကို သင်တွေ့လျှင် သူ့မှာမကောင်းသော “စိတ်ဓာတ်” ရှိသည်ဟု သင်ဆိုပေမည်။ သင့် “စိတ်ဓာတ်၊” စိတ်နေသဘောထား သို့မဟုတ် စိတ်ဆန္ဒသည် သင့်ရွေးချယ်ရာများအပေါ် ဩဇာလွှမ်းမိုးသည်; သင့်အပြုအမူအပြောအဆိုကို စေ့ဆော်တိုက်တွန်းသည်။ စိတ်ဝင်စားစရာမှာ တစ်ဦးချင်းစီနှင့် အုပ်စုလိုက်ပါ “စိတ်ဓာတ်” တစ်ခုကိုတင်ပြနိုင်ခြင်းဖြစ်သည်။ တမန်တော်ပေါလုက ခရစ်ယာန်အုပ်စုတစ်စုထံ ဤသို့ရေးသားခဲ့သည်– “သခင်ယေရှုခရစ်၏ကျေးဇူးတော်သည် သင်တို့၏စိတ်ဝိညာဉ်နှင့်အတူရှိပါစေသတည်း။” (ဖိလေမုန် ၂၅) သို့ဆိုလျှင် ဤလောကသည် အဘယ်စိတ်ဓာတ်ကိုတင်ပြသနည်း။ ‘လော[က]သားအပေါင်းတို့သည် စာတန်၏လက်၌ရှိကြ’ သောကြောင့် လောက၏စိတ်ဓာတ်သည် ကျန်းခံ့နိုင်ပါမည်လော။—၁ ယောဟန် ၅:၁၉။

လောက၏စိတ်ဓာတ်ကို ခွဲခြားသိမြင်ခြင်း

၄၊ ၅။ (က) ဧဖက်အသင်းတော်ရှိသူတို့သည် ခရစ်ယာန်များဖြစ်မလာမီ အဘယ်စိတ်ဓာတ်လွှမ်းမိုးခံခဲ့ရသနည်း။ (ခ) “အာကာသကောင်းကင်၏တန်ခိုးကိုအစိုးရသောမင်း” ကားမည်သူနည်း၊ “အာကာသ” ကားအဘယ်နည်း။

၄ ပေါလုက ဤသို့ရေးခဲ့သည်– ‘သင်တို့သည် အထက်ကလော[က]တရားသို့လိုက်၍ အာကာသကောင်းကင်၏တန်ခိုးကိုအစိုးရသောမင်းတည်းဟူသော ငြင်းဆန်သောသူတို့၌ပြုပြင်သော ဝိညာဉ်၏အလိုနှင့်အညီ ဒုစရိုက်တို့၌ကျင်လည်ကြ၍ ထိုဒုစရိုက်၌ သေလျက်ရှိနေသောသင်တို့ကိုပင် ဘုရားသခင်သည် အသက်ရှင်စေတော်မူပြီ။ ထိုငြင်းဆန်သောသူတို့နှင့်တကွ ငါတို့ရှိသမျှသည် အထက်က ကိုယ်ကာယ၏အလိုသို့လည်းကောင်း၊ စိတ်၏အလိုသို့လည်းကောင်း လိုက်သဖြင့် ကာမဂုဏ်တို့၌ကျင်လည်သည်ဖြစ်၍ ကြွင်းသောသူတို့ကဲ့သို့ပင် ပကတိအတိုင်းအမျက်တော်ကိုခံရသောသူဖြစ်ကြ၏။’—ဧဖက် ၂:၁-၃။

၅ ခရစ်ယာန်လမ်းစဉ်ကို မသင်ယူမီ ဧဖက်မြို့ရှိခရစ်ယာန်များသည် မရည်ရွယ်ဘဲ “အာကာသကောင်းကင်၏တန်ခိုးကိုအစိုးရသောမင်း” စာတန် . . . ၏နောက်လိုက်များဖြစ်ခဲ့ကြပြီ။ ထို “အာကာသ” သည် စာတန်နှင့် သူ၏နတ်ဆိုးများနေထိုင်ရာ ပကတိနေရာတစ်ခုမဟုတ်ပါ။ ပေါလုသည် ဤစကားများကိုရေးသားသောအခါ စာတန်နှင့် သူ၏နတ်ဆိုးများသည် ကောင်းကင်တွင်နေထိုင်ခွင့်ရကြဆဲဖြစ်၏။ (ယောဘ ၁:၆; ဗျာဒိတ် ၁၂:၇-၁၂ နှိုင်းယှဉ်။) “အာကာသ” ဟူသည့်စကားလုံးသည် စာတန့်လောကကိုစိုးမိုးထားသော စိတ်ဓာတ် သို့မဟုတ် စိတ်သဘောထားကိုဆိုလိုသည်။ (ဗျာဒိတ် ၁၆:၁၇-၂၁ နှိုင်းယှဉ်။) ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိလေကဲ့သို့ ၎င်းစိတ်ဓာတ်သည် ပျံ့နှံ့လျက်ရှိသည်။

၆။ “အာကာသကောင်းကင်၏တန်ခိုး” ကားအဘယ်နည်း။ ၎င်းသည် လူငယ်များစွာကို မည်သို့လွှမ်းမိုးခဲ့သနည်း။

၆ သို့သော် “အာကာသကောင်းကင်၏တန်ခိုး” ကားအဘယ်နည်း။ ယင်းသည် လူတို့အပေါ် နက်ရှိုင်းစွာသြဇာလွှမ်းသည့် ဤ “အာကာသ” ကို ရည်ညွှန်းခြင်းဖြစ်နိုင်သည်။ ဤစိတ်ဓာတ်သည် “ငြင်းဆန်သောသူတို့၌ပြုပြင်” သည်ဟုပေါလုဆိုခဲ့သည်။ ထို့ကြောင့် လောက၏စိတ်ဓာတ်သည် မနာခံသည့်၊ ကလန်ကဆန်လုပ်သည့်သဘောထားကိုဖြစ်ပေါ်စေပြီး ဤသြဇာကိုတင်ပြသည့်နည်းတစ်နည်းမှာ ရွယ်တူချင်းဖိစီးမှုဖြစ်သည်။ “ကျောင်းမှာဆိုရင် လူတိုင်းက နည်းနည်းလေးကလန်ကဆန်လုပ်ကြည့်ဖို့ အမြဲတိုက်တွန်းကြတယ်။ အစွန်းရောက်တာတစ်ခုခုလုပ်ရင် လူငယ်တွေကပိုလေးစားတယ်” ဟုသက်သေခံမိန်းကလေးတစ်ဦးကဆိုသည်။

လောကစိတ်ဓာတ်ပြသခြင်း

၇-၉။ (က) ယနေ့လူငယ်များတွင် ပေါ်လွင်ထင်ရှားသည့် လောကစိတ်ဓာတ်တချို့ကို ဖော်ပြပါ။ (ခ) သင့်ဒေသတွင် ဤအရာတစ်ခုခုကိုသတိပြုမိပြီလော။

၇ ယနေ့ လူငယ်များတင်ပြကြသည့် လောကစိတ်ဓာတ်အချို့ကားအဘယ်နည်း။ မရိုးသားမှုနှင့် ကလန်ကဆန်လုပ်ခြင်းဖြစ်သည်။ သက်ငယ်နှင့် သက်ကြီးကောလိပ်ကျောင်းသား ၇၀ ရာခိုင်နှုန်းကျော်သည် အထက်တန်းကျောင်းတွင် ခိုးချခဲ့သည်ဟုဆိုကြကြောင်း မဂ္ဂဇင်းမှတ်တမ်းတစ်ခုကဖော်ပြသည်။ ကပြက်ကချော်၊ ထေ့ငေါ့ပြီး ဆဲရေးတိုင်းထွာသောအပြောအဆိုတို့သည်လည်း ပျံ့နှံ့လျက်ရှိ၏။ မှန်ပါသည်၊ ယောဘနှင့် တမန်တော်ပေါလုတို့သည် ဖြောင့်မတ်သည့်အမျက်ကို ထေ့လုံးဖြင့်တစ်ခါတစ်ရံဖော်ပြခဲ့၏ဟု တချို့ဆိုမည်။ (ယောဘ ၁၂:၂; ၂ ကောရိန္သု ၁၂:၁၃) သို့ရာတွင် လူငယ်များစွာ၏နှုတ်မှထွက်သည့် ကြမ်းတမ်းသောထေ့လုံးများသည် ဆဲရေးတိုင်းထွာမှုဖြစ်လေ့ရှိသည်။

၈ အလွန်အကျွံအပန်းဖြေခြင်းသည်လည်း လောကစိတ်ဓာတ်၏ပေါ်လွင်ထင်ရှားချက်ဖြစ်သည်။ လူငယ့်နိုက်ကလပ်များ၊ ရေ့ဗ်ကပွဲများa နှင့်ထင်ရာစိုင်းသောပျော်ပါးမှုများသည် လူငယ်များကြားတွင် ခေတ်စားနေ၏။ အလွန်အကျွံဝတ်စားဆင်ယင်ခြင်းသည် အလားတူပျံ့နှံ့လျက်ရှိ၏။ ခန္ဓာကိုယ်ကိုအပေါက်ဖောက်ခြင်းစသည်ဖြင့် ထိတ်လန့်ဖွယ်ခေတ်စားရာများမှအစ ဟစ်ဟော့ပ်ခေါ် အဝတ်အစားပွပွဝတ်ဆင်ခြင်း အစရှိသည့်ပုံစံများသည် ယနေ့လူငယ်များစွာတွင် လောက၏ကလန်ကဆန်စိတ်ဓာတ်ရှိကြောင်း ခွဲခြားဖော်ပြသည်။ (ရောမ ၆:၁၆ နှိုင်းယှဉ်။) ချမ်းသာဖို့အတွက်သာအာရုံစိုက်ခြင်းသည်လည်း ပေါ်လွင်ထင်ရှားချက်နောက်တစ်မျိုးဖြစ်သည်။ ပညာပေးဂျာနယ်တစ်ခုအရ “ဈေးသည်များသည် နည်းပရိယာယ်မျိုးပေါင်းစုံ၊ ပစ္စည်းပစ္စယအပြည့်အစုံဖြင့် ကလေးများကို အဘက်ဘက်မှ ထိုးနှက်လျက်ရှိသည်။” ယူနိုက်တက်စတိတ်မှ လူငယ်များသည် အထက်တန်းကျောင်းဆင်းပြီးချိန်တွင် တီဗွီကြော်ငြာ ၃၆၀,၀၀၀ အထိတွေ့မြင်ပြီးဖြစ်မည်။ သင့်ရွယ်တူချင်းများကလည်း ဝယ်ရန်ဖိအားပေးကြပေမည်။ ၁၄ နှစ်အရွယ်မိန်းကလေးတစ်ဦးက “မင်းရဲ့ဆွယ်တာ၊ ဂျက်ကက် ဒါမှမဟုတ် ဂျင်းဟာ ဘာတံဆိပ်လဲဆိုပြီး လူတိုင်းအမြဲမေးတတ်ကြတယ်” ဟုဆိုသည်။

၉ သမ္မာကျမ်းစာခေတ်ကတည်းက မစင်ကြယ်သောအမူအကျင့်ကိုလှုံ့ဆော်ပေးရန် ကျန်းခံ့မှုမရှိသောတေးဂီတကို စာတန်အသုံးပြုခဲ့ပြီ။ (ထွက်မြောက်ရာ ၃၂:၁၇:-၁၉; ဆာလံ ၆၉:၁၂; ဟေရှာယ ၂၃:၁၆ နှိုင်းယှဉ်။) ထို့ကြောင့် တိကျပြတ်သားသည့် သီချင်းစာသားများမဟုတ်သည့်တိုင် ကာမဆန္ဒနှိုးဆွသော၊ ညစ်ညမ်းပြီး ဆူပူသောင်းကျန်းမှုကို လှုံ့ဆော်သည့်စည်းချက်ဖြင့် တေးသီချင်းများ ခေတ်ထနေခြင်းသည် အံ့ဩစရာမဟုတ်ချေ။ ဤလောက၏မစင်ကြယ်သောစိတ်ဓာတ်ကို ပေါ်လွင်ထင်ရှားစေသည့် နောက်အရာတစ်ခုမှာ လိင်အကျင့်ယိုယွင်းမှုဖြစ်သည်။ (၁ ကောရိန္သု ၆:၉-၁၁) သည်နယူးယောက်တိုင်းမ်စ်သတင်းစာက ဤသို့ဖော်ပြသည်– “လိင်ဆက်ဆံခြင်းသည် ဆယ်ကျော်သက်များစွာအတွက် လက်ခံ,ခံရရေးအတွက် ထုံးစံတစ်ခုဖြစ်လာပေပြီ။ . . . အတန်းကြီးသူသုံးပုံနှစ်ပုံကျော်သည် လိင်ဆက်ဆံခဲ့ကြပြီးဖြစ်သည်။” အသက် ၈ နှစ်နှင့် ၁၂ နှစ်ကြားရှိကလေးများသည် “ကာမဆန္ဒစိတ် ပိုတက်ကြွလာ” သည့်အထောက်အထားကို သည်ဝေါလ်စထရစ်ဂျာနယ်ပါဆောင်းပါးတစ်ခုက ဖော်ပြထားသည်။ မကြာမီကအငြိမ်းစားယူသွားခဲ့သည့် ကျောင်းအကြံပေးအရာရှိတစ်ဦးက ဤသို့ဆိုသည်– “ခြောက်တန်းကျောင်းသူတချို့ ကိုယ်ဝန်ရနေတာကို စတွေ့နေရပြီ။”b

လောက၏စိတ်ဓာတ်ကိုငြင်းပယ်ခြင်း

၁၀။ ခရစ်ယာန်မိသားစုရှိလူငယ်တချို့သည် လောက၏စိတ်ဓာတ်ကို မည်သို့အရှုံးပေးခဲ့ကြပြီနည်း။

၁၀ ခရစ်ယာန်လူငယ်တချို့သည် လောက၏စိတ်ဓာတ်ကို အရှုံးပေးခဲ့ကြခြင်းမှာ ဝမ်းနည်းစရာပင်။ “ကျွန်မရဲ့မိဘတွေနဲ့ ခရစ်ယာန်ချင်းတွေရှေ့မှာ ကောင်းတဲ့အမူအကျင့်ကိုပြခဲ့တယ်၊ ဒါပေမဲ့ ကျွန်မနှစ်ဘဝစံခဲ့တယ်” ဟုဂျပန်မိန်းကလေးတစ်ဦးကဝန်ခံသည်။ ကင်ညာနိုင်ငံမှ လူငယ်တစ်ဦးကဤသို့ဆိုသည်– “ကျွန်မနှစ်ဘဝစံခဲ့တာ၊ ပါတီတွေ၊ ရော့ဒ်တေးဂီတနဲ့ မကောင်းတဲ့သူငယ်ချင်းတွေနဲ့ပေါင်းသင်းခဲ့တာကြာပြီ၊ အဲဒါ မှားမှန်းသိပေမဲ့ အချိန်တန်ရင် အလိုလိုရပ်တန့်သွားမှာပဲလို့မျှော်လင့်ပြီး အမှုမဲ့အမှတ်မဲ့နေဖို့ကြိုးစားကြည့်တယ်။ ဒါပေမဲ့ မဖြစ်ခဲ့ဘူး။ အခြေအနေက ပိုပိုဆိုးလာတယ်။” ဂျာမနီနိုင်ငံမှ လူငယ်တစ်ဦးက ဤသို့ဆိုသည်– “ဒါတွေအားလုံးဟာ မကောင်းတဲ့သူငယ်ချင်းတွေဆီကနေစခဲ့တာပဲ။ နောက်တော့ ဆေးလိပ်စသောက်တတ်လာတယ်။ ကျွန်မမိဘတွေကို ကျွန်မနာစေချင်ခဲ့တာ၊ ဒါပေမဲ့ ကိုယ်ပဲနာခဲ့ရတယ်။”

၁၁။ သူလျှိုဆယ်ဦးသည် မကောင်းသတင်းသယ်ဆောင်လာသည့်အခါ ကာလက်သည် လူအုပ်ကိုငြင်းပယ်၍ မည်သို့ဆန့်ကျင်ခဲ့သနည်း။

၁၁ သို့တိုင် လောက၏စိတ်ဓာတ်ကို တွန်းလှန်ငြင်းဆန်နိုင်ပါသည်။ ရှေးခေတ်မှကာလက်၏ပုံသက်သေကိုသုံးသပ်ကြည့်ပါ။ သူရဲဘောကြောင်သောသူလျှိုဆယ်ဦးသည် ကတိထားရာပြည်တော်အကြောင်း မကောင်းသည့်သတင်းသယ်ဆောင်လာသောအခါ သူသည် ယောရှုနှင့်အတူ မကြောက်မရွံ့ဘဲ လူအများနောက်မလိုက်ခဲ့ချေ။ သူတို့က သတ္တိရှိစွာ ဤသို့ကြွေးကြော်ခဲ့ကြသည်– “ငါတို့လျှောက်သွား၍ စူးစမ်းသောပြည်သည် အလွန်တရာကောင်းသောပြည်ဖြစ်ပါ၏။ ထာဝရဘုရားသည် ငါတို့ကိုနှစ်သက်လျှင် နို့နှင့်ပျားရည်စီးသော ထိုပြည်သို့ ငါတို့ကိုဆောင်သွင်း၍ အပိုင်ပေးတော်မူလိမ့်မည်။” (တောလည်ရာ ၁၄:၇၊ ၈) ထိုဖိအားပေးမှုအားလုံးကို ကာလက်တွန်းလှန်နိုင်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ကာလက်နှင့်ပတ်သက်၍ ယေဟောဝါက ဤသို့ဆိုခဲ့သည်– ‘သူ၌ ထူးခြားသောစိတ်ဓာတ်ရှိ’ ၏။—တောလည်ရာ ၁၄:၂၄၊ ကဘ။

‘ထူးခြားသောစိတ်ဓာတ်’ ပြခြင်း

၁၂။ အပြောအဆိုနှင့်ပတ်သက်၍ ‘ထူးခြားသောစိတ်ဓာတ်’ ကိုတင်ပြရန် အဘယ်ကြောင့်အရေးကြီးသနည်း။

၁၂ ယနေ့ လောက၏စိတ်ဓာတ်နှင့်မတူသည့် ‘ထူးခြားသောစိတ်ဓာတ်’ သို့မဟုတ် စိတ်သဘောကိုတင်ပြရန် ရဲစွမ်းသတ္တိနှင့်ခွန်အားလို၏။ သင်ပြုနိုင်သည့်နည်းတစ်နည်းမှာ ထေ့ငေါ့ပြီးဆဲရေးတိုင်းထွာပြောဆိုခြင်းကိုရှောင်ခြင်းဖြစ်သည်။ “ထေ့ငေါ့” ဟူသောအင်္ဂလိပ်စကားသည် “ခွေးများကဲ့သို့ အသားကိုကိုက်ဖဲ့ဆွဲဆုတ်ရန်” ဟုအဓိပ္ပာယ်ရသည့် ဂရိကြိယာမှဆင်းသက်ခြင်းမှာ စိတ်ဝင်စားစရာဖြစ်သည်။ (ဂလာတိ ၅:၁၅ နှိုင်းယှဉ်။) ခွေးတစ်ကောင်၏သွားသည် အသားကိုအရိုးမှကိုက်ဖဲ့ဆွဲဆုတ်နိုင်သကဲ့သို့ ထေ့ငေါ့ပြောသော “ဟာသ” ဖြင့်သူတစ်ပါးကိုသိက္ခာချနိုင်သည်။ သို့သော် ကောလောသဲ ၃:၈ က “အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မနာလိုခြင်း၊ သူ့အသရေပျက်အောင်ပြောဆိုခြင်း၊ ညစ်ညူးသောစကားကိုသုံးခြင်းတို့ကို . . . သင်တို့နှုတ်မှပယ်ရှင်းကြ” ရန်တိုက်တွန်းထား၏။ ထို့အပြင် သု. ၁၀:၁၉ ကဤသို့ဆိုသည်– “စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကိုချုပ်တည်းသောသူမူကား ပညာရှိ၏။” တစ်စုံတစ်ယောက်က သင့်အားစော်ကားလျှင် ‘ပါးတစ်ဖက်ကိုလှည့်ပေး’ သည့်အထိချုပ်တည်းခြင်းရှိကာ ဆဲရေးသောသူနှင့်သီးသန့် တည်ငြိမ်အေးဆေးစွာစကားပြောဆိုနိုင်ပေမည်။—မဿဲ ၅:၃၉; သု. ၁၅:၁။

၁၃။ လူငယ်များသည် ရုပ်ပစ္စည်းများအပေါ် မျှတသောသဘောကို မည်သို့တင်ပြနိုင်သနည်း။

၁၃ ‘ထူးခြားသောစိတ်ဓာတ်’ ကိုပြသည့်နောက်တစ်နည်းမှာ ပစ္စည်းဥစ္စာအပေါ် မျှတသောသဘောထားရှိခြင်းဖြစ်သည်။ ပစ္စည်းကောင်းများရလိုခြင်းသည် လူ့သဘာဝဖြစ်သည်။ ယေရှုခရစ်ကိုယ်တိုင် အရည်အသွေးကောင်းသောဝတ်လုံ အနည်းဆုံးတစ်ထည်ရှိခဲ့သည်မှာ ထင်ရှား၏။ (ယောဟန် ၁၉:၂၃၊ ၂၄) သို့ရာတွင် ပစ္စည်းဥစ္စာတပ်မက်လာပြီး မိဘများမတတ်နိုင်သည့်အရာများကို ဝယ်ပေးရန်သင်ပူစာသောအခါ သို့မဟုတ် အခြားလူငယ်များကိုတုပလိုစိတ်ရှိသောအခါ လောက၏စိတ်ဓာတ်သည် သင်ထင်သည်ထက် သင့်ကိုလွှမ်းမိုးနေပေပြီ။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “လောက၌ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လော[က]စည်းစိမ်၌ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။” မှန်ပါသည်၊ လောက၏ရုပ်ဝါဒဆန်သောစိတ်ဓာတ်ကို လွှမ်းမိုးခွင့်မပြုလိုက်လေနှင့်! သင်၌ရှိထားသောအရာနှင့် ရောင့်ရဲတတ်ရန် သင်ယူပါလေ။—၁ ယောဟန် ၂:၁၆; ၁ တိမောသေ ၆:၈-၁၀။

၁၄။ (က) ဟေရှာယခေတ်ရှိ ဘုရားသခင့်လူတို့သည် ဖျော်ဖြေမှုနှင့်ပတ်သက်၍ မမျှတသည့်သဘောကို မည်သို့ပြခဲ့သနည်း။ (ခ) နိုက်ကလပ်များနှင့် ထင်ရာစိုင်းသောပါတီများတွင် ခရစ်ယာန်လူငယ်တချို့သည် အဘယ်အန္တရာယ်များကြုံခဲ့ကြရပြီနည်း။

၁၄ အပန်းဖြေခြင်းကို သူ့နေရာနှင့်သူထားခြင်းသည်လည်း အရေးကြီး၏။ ပရောဖက်ဟေရှာယက ဤသို့ကြွေးကြော်ခဲ့သည်– “သေရည်သေရက်ကိုသောက်အံ့သောငှာ နံနက်စောစောထ၍ စပျစ်ရည်နှင့်ယစ်မူးအံ့သောငှာ ညကိုလည်းလွန်စေတတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။ သူတို့၏ပွဲ၌စောင်း၊ တယော၊ ပတ်သာ၊ ပလွေ၊ စပျစ်ရည်ပါတတ်၏။ ထာဝရဘုရား၏အမှုတော်ကိုကား ပမာဏမပြုကြ။ လက်တော်နှင့်ပြုပြင်တော်မူရာကို မရိပ်မိကြ။” (ဟေရှာယ ၅:၁၁၊ ၁၂) ခရစ်ယာန်လူငယ်တချို့သည် အလားတူထင်ရာစိုင်းသောပါတီပွဲများ၌ ပါဝင်ခဲ့ကြခြင်းသည် ဝမ်းနည်းစရာပင်။ ခရစ်ယာန်လူငယ်အုပ်စုတစ်စုကို လူငယ်နိုက်ကလပ်များ၌ အဘယ်အရာဖြစ်လေ့ရှိကြောင်း မေးမြန်းခဲ့သောအခါ ညီအစ်မငယ်တစ်ဦးက ဤသို့ဆိုသည်– “ရန်ပွဲတွေ တစ်ချိန်လုံးဖြစ်တယ်။ အဲ့ဒီအလယ်မှာ ကျွန်မရှိခဲ့ဖူးတယ်။” ညီအစ်ကိုငယ်တစ်ဦးက ဤသို့ထပ်ဆင့်သည်– “အရက်တွေသောက်ကြ၊ ဆေးလိပ်တွေသောက်ကြနဲ့ပါပဲ။” ညီအစ်ကိုငယ်နောက်တစ်ဦးက ဤသို့ဝန်ခံ၏– “လူတွေမူးရူးကြတယ်။ မိုက်မိုက်မဲမဲပြုမူကြတယ်! နောက်မူးယစ်ဆေးဝါးတွေသုံးတယ်။ မကောင်းတာတွေအများကြီးပဲ။ ခင်ဗျား အဲဒီကိုသွားပြီး အကူးစက်မခံရပါဘူးလို့ထင်ရင် မှားသွားမယ်။” ထို့ကြောင့် ခိုင်လုံသောအကြောင်းရှိ၍ သမ္မာကျမ်းစာက “ဇာတိပကတိအကျင့်” တို့တွင် ပွဲလုပ်ခြင်း သို့မဟုတ် “ထင်ရာစိုင်းသောပါတီပွဲများ” ကိုဖော်ပြခြင်းဖြစ်သည်။—ဂလာတိ ၅:၁၉-၂၁; ဘိုင်းယင်းတန်; ရောမ ၁၃:၁၃။

၁၅။ အပန်းဖြေခြင်းနှင့်ပတ်သက်၍ အဘယ်မျှတသောသဘောကို သမ္မာကျမ်းစာပေးထားသနည်း။

၁၅ အကျိုးယုတ်စေသောအပန်းဖြေခြင်းကို ရှောင်ခြင်းသည် ရွှင်လန်းမှုမဲ့သောဘဝကို ဖြစ်စေလိမ့်မည်မဟုတ်ချေ။ သင့်လူငယ့်ဘဝကိုပျော်မွေ့စေလိုသည့် “ပျော်ရွှင်သောဘုရားသခင်” အားကျွန်ုပ်တို့ကိုးကွယ်ကြ၏! (၁ တိမောသေ ၁:၁၁၊ ကဘ; ဒေ. ၁၁:၉) သို့သော် သမ္မာကျမ်းစာက ဤသို့သတိပေးသည်– “ပျော်ရွှင်ခြင်း [“ဖျော်ဖြေမှု၊” လမ်ဆာ] ကိုနှစ်သက်သောသူသည် ဆင်းရဲခြင်းသို့ရောက်လိမ့်မည်။” (သု. ၂၁:၁၇၊ ကဘ) မှန်ပါသည်၊ သင့်အသက်တာတွင် အပန်းဖြေမှုကို အရေးအကြီးဆုံးဖြစ်စေမည်ဆိုလျှင် ဝိညာဉ်ရေးချို့တဲ့ပါလိမ့်မည်။ ထို့ကြောင့် အပန်းဖြေမှုကိုရွေးချယ်ရာ၌ သမ္မာကျမ်းစာမူများကိုကျင့်သုံးပါ။ သင့်ကိုတည်ဆောက်မှုပေးပြီး သောကကင်းစေမည့် ပျော်စရာနည်းလမ်းများစွာရှိပါသည်။c—ဒေ. ၁၁:၁၀။

၁၆။ ခရစ်ယာန်လူငယ်များသည် ထူးခြားကြောင်း မည်သို့ပြနိုင်သနည်း။

၁၆ သင့်ဝတ်စားဆင်ယင်မှုတွင် ဣန္ဒြေရှိခြင်း၊ လောက၏ပေါ်ပင်လိုက်မှုကိုငြင်းပယ်ခြင်းသည်လည်း သင့်ကိုထူးခြားစေပါလိမ့်မည်။ (ရောမ ၁၂:၂; ၁ တိမောသေ ၂:၉) တေးဂီတရွေးရာတွင် စိစစ်ရွေးချယ်ခြင်းသည်လည်း ထိုသို့ဖြစ်စေပေမည်။ (ဖိလိပ္ပိ ၄:၈၊ ၉) “ပစ်လိုက်ရမယ့် သီချင်းခွေတွေ ကျွန်မမှာရှိမှန်းသိပေမဲ့ အဲဒါက တကယ်နားထောင်ကောင်းတာ!” ဟုခရစ်ယာန်လူငယ်တစ်ဦးဝန်ခံသည်။ အခြားလူငယ်တစ်ဦးက ဤသို့အလားတူဝန်ခံ၏– “တေးဂီတကို ကျွန်တော်မြတ်နိုးတဲ့အတွက် ဒါဟာ ကျွန်တော့်အတွက် ထောင်ချောက်တစ်ခုပဲ။ တေးဂီတနဲ့ပတ်သက်လို့ တစ်ခုခုမကောင်းမှန်းသိလိုက်ရင် ဒါမှမဟုတ် ကျွန်တော့်မိဘတွေက သတိပေးလာရင် အဲဒီတေးဂီတကို ကျွန်တော်တကယ်နှစ်သက်တဲ့အတွက် စိတ်ကိုမနည်းထိန်းရတယ်။” လူငယ်တို့ ‘[စာတန့်] အကြံအစည်များကိုမသိဘဲမနေ’ ကြပါနှင့်! (၂ ကောရိန္သု ၂:၁၁) သူသည် ယေဟောဝါထံမှ ခရစ်ယာန်လူငယ်များလှည့်ထွက်သွားကြရန် တေးဂီတကိုအသုံးပြုလျက်ရှိ၏! ကင်းမျှော်စင်စာပေများတွင် ရက်ပ်၊ ဟဲဗီးမက်တဲလ်နှင့် ရော့ခ်သီချင်း နောက်တစ်မျိုးအကြောင်းဆွေးနွေးထားသော ဆောင်းပါးများထွက်ခဲ့ပြီဖြစ်သည်။d သို့ရာတွင် ကင်းမျှော်စင်စာပေများသည် ပေါ်ထွက်လာမည့် တေးဂီတပုံစံတိုင်းကို ဖော်ပြမပေးနိုင်ပါ။ ထို့ကြောင့် သင်သည် တေးဂီတကိုရွေးချယ်သောအခါ “စဉ်းစားနိုင်စွမ်း” နှင့် “ပိုင်းခြားသိမြင်မှု” ကိုအသုံးပြုရမည်။—သု. ၂:၁၁၊ ကဘ။

၁၇။ (က) ပေါ်နီယာကားအဘယ်နည်း၊ ၎င်းတွင် အဘယ်အကျင့်များပါဝင်သနည်း။ (ခ) အကျင့်သိက္ခာရှိခြင်းကိစ္စများနှင့်ပတ်သက်၍ ဘုရားသခင့်အလိုတော်ကားအဘယ်နည်း။

၁၇ နောက်ဆုံးအနေနှင့် သင်သည် အကျင့်စင်ကြယ်နေရမည်။ သမ္မာကျမ်းစာက ဤသို့တိုက်တွန်းထားသည်– “မတရားသောမေထုန်ကိုကြဉ်ရှောင်ကြလော့။” (၁ ကောရိန္သု ၆:၁၈) မတရားသောမေထုန်အတွက် မူရင်းဂရိစကားလုံး ပေါ်နီယာသည် အိမ်ထောင်ရေးနှောင်ကြိုးပြင်ပတွင် လိင်အင်္ဂါများအသုံးပြုခြင်းပါဝင်သည့် မတော်လျော်သောလိင်မှုကိစ္စအားလုံးကိုရည်ညွှန်းသည်။ ၎င်းတွင် ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းနှင့် လိင်အင်္ဂါဇာတ်များကိုတမင်ပွတ်သပ်ကိုင်တွယ်ခြင်းပါဝင်သည်။ ခရစ်ယာန်လူငယ်တချို့သည် ထိုသို့သောအမူအကျင့်များကိုပြုနေကြပြီး မိမိတို့သည် စင်စစ်အားဖြင့် မတရားသောမေထုန်မပြုကြဟု ယူမှတ်နေကြသည်။ သို့ရာတွင် ဘုရားသခင့်နှုတ်မြွက်စကားတော်က ရှင်းလင်းစွာ ဤသို့ဆိုသည်– “ဘုရားသခင်၏အလိုတော်ဟူမူကား သင်တို့သည် မတရားသောမေထုန်ကိုကြဉ်ရှောင်၍ သန့်ရှင်းစေခြင်းငှာလည်းကောင်း၊ . . . သန့်ရှင်းခြင်း၊ အသရေတင့်တယ်ခြင်းနှင့် မိမိကိုယ်ကိုမိမိထိန်းတတ်စေခြင်း” ဖြစ်သည်။—၁ သက်သာလောနိတ် ၄:၃၊ ၄။

၁၈။ (က) လောကစိတ်ဓာတ်၏စွန်းထင်းမှုကို လူငယ်တစ်ဦး မည်သို့ရှောင်နိုင်သနည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်အကြောင်းဆွေးနွေးကြမည်နည်း။

၁၈ မှန်ပါသည်၊ ယေဟောဝါ၏အကူအညီဖြင့် လောကစိတ်ဓာတ်၏စွန်းထင်းမှုကို သင်ရှောင်နိုင်သည်တကား! (၁ ပေတရု ၅:၁၀) သို့သော်ငြားလည်း စာတန်သည် သေစေနိုင်သောသူ၏ထောင်ချောက်များကို ပုံစံဖျက်ထားလေ့ရှိရာ အန္တရာယ်ကိုသိမြင်ဖို့ တစ်ခါတစ်ရံပိုင်းခြားသိမြင်မှု တကယ်လိုအပ်နိုင်သည်။ လူငယ်များသည် သူတို့၏ပိုင်းခြားသိမြင်နိုင်စွမ်းကိုတိုးတက်စေဖို့အကူအညီရရန် နောက်ဆောင်းပါးကိုရည်ရွယ်ထားသည်။

[အောက်ခြေမှတ်ချက်များ]

a ညလုံးပေါက်ကပွဲများဖြစ်သည်။ အသေးစိတ်အချက်အလက်များအတွက် ဒီဇင်ဘာ ၈၊ ၁၉၉၈ ထုတ်နိုးလော့! “လူငယ်များအမေး . . . ရေ့ဗ်ကပွဲများသည် အန္တရာယ်ကင်းသောပျော်စရာလော” ရှု။

b အသက် ၁၁ နှစ်အရွယ်ကလေးများ။

c အကြံပြုချက်များအတွက် လူငယ်များအမေး—တာသွားသည့်အဖြေစာအုပ် စာမျက်နှာ ၂၉၆ မှ ၃၀၃ ရှု။

d ဧပြီ ၁၅၊ ၁၉၉၃ ထုတ်ကင်းမျှော်စင်ရှု။

ပြန်လည်သုံးသပ်ရန်မေးခွန်းများ

◻ “လောက၏စိတ်ဓာတ်” ကားအဘယ်နည်း၊ ၎င်းသည် လူတို့အပေါ် မည်သို့ “တန်ခိုး” ရှိခဲ့ပြီနည်း။

◻ ယနေ့လူငယ်များတွင် ပေါ်လွင်ထင်ရှားသော လောက၏စိတ်ဓာတ်တချို့ကား အဘယ်နည်း။

◻ ခရစ်ယာန်လူငယ်များသည် အပြောအဆိုနှင့် အပန်းဖြေခြင်းတို့နှင့်စပ်လျဉ်း၍ ‘ထူးခြားသောစိတ်ဓာတ်’ ကိုမည်သို့တင်ပြနိုင်သနည်း။

◻ ခရစ်ယာန်လူငယ်များသည် အကျင့်သိက္ခာနှင့် တေးဂီတတို့နှင့်စပ်လျဉ်း၍ ‘ထူးခြားသောစိတ်ဓာတ်’ ကိုမည်သို့တင်ပြနိုင်သနည်း။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

လူငယ်များစွာသည်လောကစိတ်ဓာတ်၏ “တန်ခိုး” ကိုခံနေကြကြောင်း အပြုအမူအားဖြင့် ဖော်ပြကြ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

တေးဂီတရွေးချယ်ရာတွင် စိစစ်ပါ

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

လောက၏စိတ်ဓာတ်ကိုတွန်းလှန်ရန် ရဲစွမ်းသတ္တိလို

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ