ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၄/၁၅ စာ. ၂၆-၂၉
  • ယေဟောဝါအမှုတော်ဆောင်ရန် သန္နိဋ္ဌာန်ချထား!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါအမှုတော်ဆောင်ရန် သန္နိဋ္ဌာန်ချထား!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အထီးကျန်စိတ်ကို ဖျောက်ဖျက်ခြင်း
  • အတိုက်အခံကြား မြဲမြံတည်ကြည်ခြင်း
  • အလျှော့မပေးဘဲ လက်အောက်ခံခြင်း
  • “နှုတ်ဖြင့် ပြောပြရန်ပင်မလို” ဘဲအောင်မြင်
  • ‘မျက်ရည်ဖြင့် မျိုးကြဲ; ရွှင်လန်းမှုဖြင့် ရိတ်သိမ်း’
  • မြတ်နိုးယုယခံရသော ဇနီး
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • “မိန်းမရဲ့ ဦးခေါင်းဟာ ယောက်ျား”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • အိမ်ထောင်တွင် လက်အောက်ခံခြင်းကား မည်သို့အဓိပ္ပာယ် ရှိသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • အိမ်ထောင်သည် မောင်နှံများအတွက်ပညာရှိလမ်းညွှန်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၄/၁၅ စာ. ၂၆-၂၉

ယေဟောဝါအမှုတော်ဆောင်ရန် သန္နိဋ္ဌာန်ချထား!

“လျှောက်မဟောရဘူး!” “နင့်လူတွေ ဒီမခေါ်လာနဲ့!” ခရစ်ယာန်အမျိုးသမီး မြောက်မြားစွာသည် အတိုက်အခံပြုသော သူတို့၏လင်သားများထံမှ ထိုသို့ကြိမ်းမောင်းပြောဆိုမှုမျိုးခံရကြသည်။ ဤသို့သောအမျိုးသားများသည် စစ်မှုထမ်းများဖြစ်လျှင် ဇနီးသည်များသည် ယုံကြည်ခြင်းဘက် အထူးစိန်ခေါ်မှုနှင့်ရင်ဆိုင်ကြရသည်။ (ဟေရှာယ ၂:၄; ယောဟန် ၁၇:၁၆) သို့ဖြစ်သောကြောင့် ဤကဲ့သို့သော ခရစ်ယာန်အမျိုးသမီးများသည် ဝိညာဉ်ရေးဘက် အားရှိပြီး ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းတွင် တက်ကြွလှုပ်ရှားစွာ မည်သို့ပါဝင်နေနိုင်ကြပါသနည်း။

ယေဟောဝါဘုရားသခင်ကို သစ္စာတည်ကြည်ခြင်းနှင့်ဒွန်တွဲ၍ ကိုယ်တိုင်သန္နိဋ္ဌာန်ချမှတ်မှုက သူတို့အား ဇွဲရှိစေခဲ့ပြီ။ စစ်သားဇနီးဖြစ်သူ အီဗွန်းက “ဒါဟာ ကျွန်မရဲ့လုံးလုံးလျားလျားသန္နိဋ္ဌာန်ပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်မခင်ပွန်း အတိုက်အခံပြုပေမဲ့ ကျွန်မနည်းလမ်းကြံဖန်ရင် ရမှာပဲလို့ သိထားတယ်” ဟုရှင်းပြသည်။ ရလည်း ရခဲ့ပါသည်။

မိမိ၏ မားမားမတ်မတ်ရပ်တည်ချက်ကြောင့် သူမ၏ခင်ပွန်းအတွက်ပင် ပို၍လွယ်ကူစေသည်ဟု စစ်အရာရှိတစ်ဦး၏ဇနီးဖြစ်သူ အခြားခရစ်ယာန်အမျိုးသမီးတစ်ဦးက ပြောပြပါသည်။ “ကျွန်မအချိန်ဇယားကိုရော သူ့အစီအစဉ်ကိုပါ သူအတိအကျသိထားတာကို စစ်မှုထမ်းများအနေနဲ့ သဘောကျတယ်” ဟုသူမရှင်းပြသည်။ မည်သို့ဆိုစေကာမူ ယေဟောဝါအမှုတော်ကို သူမဆက်ထမ်းဆောင်နိုင်ခြင်းသည် မလွယ်ကူပါ။

အထီးကျန်စိတ်ကို ဖျောက်ဖျက်ခြင်း

ဝန်ထမ်းများ၏ ဇနီးများသည် မိမိနေရာဌာနမှဝေးလံသော လင်ယောက်ျားများတာဝန်ကျရာ အရပ်သို့ လိုက်သွားရလျှင် ရက်အနည်းငယ်အတွင်း ထုပ်ပိုးပြောင်းရွှေ့ကြရသည့်စိန်ခေါ်ချက်ကို ရင်ဆိုင်ရသည်။ ထိုနောက် နေသားတကျမရှိသောဝန်းကျင်တွင်နေရ၍ အထီးကျန်စိတ်ဖြစ်ရန်လွယ်ကူပါသည်။ သို့သော် ဤသို့ဖြစ်စရာမလိုပါ။ ယေဟောဝါအမှုတော်ဆောင်များအတွက် အခွင့်သာပါသည်။ မည်သို့နည်း။ ခရစ်ယာန်တမန်တော်ပေတရုအတိုင်းဆိုလျှင် “ညီအစ်ကိုများ [အသင်းအပင်း၊ ကဘ]” ဖြစ်သည်။ ယခု အရေအတွက် သန်းပေါင်းများစွာရှိသော ၂၃၁ နိုင်ငံရှိ ယေဟောဝါသက်သေများသည် ကြီးမားသောခရစ်ယာန်မိသားစု “ညီအစ်ကိုအသင်းအပင်း” ဖြစ်ပါသည်။ အဘယ်နေရာတွင်မဆို ညီအစ်ကိုများ ရှိပါသည်။—၁ ပေတရု ၂:၁၇၊ အောက်ခြေမှတ်ချက်။

မိမိနေရာဌာနေမှ ရုတ်တရက်ပြောင်းရွှေ့ခဲ့ရသော စူဇန်သည် သူ့အမျိုးသား တာဝန်ကျရာ လေတပ်စခန်းသို့ ရောက်ရှိလာသည်။ ယုံကြည်ခြင်း၌ လူသစ်လည်းဖြစ်၊ မယုံကြည်သူ လင်ယောက်ျားက ခရစ်ယာန်ဓမ္မအမှုတွင် မပါဝင်ရန် အတိုက်အခံပြု ပြောဆိုခြင်းကိုလည်း ခံနေရရာ သူမသည် “ဒေသခံအစည်းအဝေးတွေကို ချက်ချင်းစတက်ပြီး အခြားညီအစ်မတွေနဲ့အတူ ထိုင်စကားပြောဆိုခွင့်ရတဲ့အတွက် ဆက်တည်ကြည်နိုင်ခဲ့တာ” ဟုပြောပြပါသည်။

တစ်ခါတစ်ရံ အထီးကျန်စိတ်က စိတ်ကျဝေဒနာရစေသည်။ ဤသို့သောအချိန်အခါမျိုးတွင်ပင် သတင်းကောင်းသည် အားရှိစေပါသည်။ တိုင်းတစ်ပါးတွင်တာဝန်ကျသော ခင်ပွန်းနှင့်အတူ လိုက်ခဲ့ရသူ အင်္ဂလိပ်ညီအစ်မ ဂလဲနစ္စက ဤသို့ပြောပြသည်– “ကျွန်မ တကယ်စိတ်ဓာတ်ကျနေတဲ့အခါ မမျှော်လင့်ဘဲနဲ့ ဟိုးအရင် ကျွန်မကိုယ်တိုင် စစ်မှုထမ်းတုန်းက သိကျွမ်းခဲ့တဲ့မိတ်ဆွေက သူလည်း ယေဟောဝါသက်သေတစ်ယောက်အဖြစ် မကြာခင်က နှစ်ခြင်းယူလိုက်ပြီလို့ စာရေးတဲ့အခါ တကယ်လိုအပ်နေတဲ့အချိန်မှာ အားရှိသွားတယ်။”

အမျိုးသားနှင့်အတူ ကင်ညာနိုင်ငံသို့ လိုက်သွားသော ဂျေးန်သည် သူမ နားမလည်သောဘာသာစကားများဖြင့် ကျင်းပသည့်ခရစ်ယာန်အစည်းအဝေးများကို တက်ခဲ့ရသော်လည်း သူမအတွက် တည်ဆောက်မှုများစွာဖြစ်ခဲ့သည်။ “ကျွန်မ ဒီနေရာမှာ ညီအစ်ကိုများနဲ့အတူရှိတာကို ယေဟောဝါ အလိုရှိမှန်းသိတယ်။ သူတို့ကလည်း ကျွန်မအတွက် အားဆေးတစ်ခွက်လိုပဲ။ ခင်ခင်မင်မင်နဲ့ ကျွန်မကိုကြိုဆိုကြတယ်။ ကိုယ့်မိသားစုအတိုင်းပဲ” ဟုသူမရှင်းပြသည်။

မိမိ၌ရှိသည်ဟုပင် မသိခဲ့သော ဝိညာဏဆွေမျိုးများကို ရှာတွေ့သည့် ဤကဲ့သို့သောအခြေအနေမျိုးတွင် ရောက်ရသူများအနက် ဂျေးန်သည် တစ်ဦးတစ်ယောက်သာ ဖြစ်ပါသည်!—မာကု ၁၀:၂၉၊ ၃၀။

အတိုက်အခံကြား မြဲမြံတည်ကြည်ခြင်း

“မြေပေါ်သို့ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှာ ငါလာသည်ဟု မထင်ကြနှင့်” ဟုယေရှုသတိပေးတော်မူသည်။ “ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှာ ငါလာသည်မဟုတ်။ ဓားကို စေလွှတ်အံ့သောငှာ ငါလာသတည်း။” (မဿဲ ၁၀:၃၄) ကိုယ်တော် ဘာကိုဆိုလိုသနည်း။ ငြိမ်သက်ခြင်းရှိလိမ့်မည်ဟု ထင်မှတ်ရသောမိသားစုတွင်ပင် “ရုတ်ခနဲ ဓားပစ်လွှင့်” လိုက်နိုင်သည်ဟု အေ. တီ. ရောဘတ်စန်က ဓမ္မသစ်ကျမ်း ရုပ်လုံးပေါ်စကားများစာအုပ်တွင်ဆိုသည်။ “ကိုယ့်အိမ်သူအိမ်သားတို့သည်လည်း ကိုယ့်ရန်သူ ဖြစ်ကြလိမ့်မည်” ဟု ယေရှုသတိပြုစေသည်။ (မဿဲ ၁၀:၃၆) သမ္မာတရားကို အိမ်ထောင်ဖက်တစ်ဦး မနှစ်သက်သည့်အခါ ထိုသို့အမှန်ဖြစ်သည်!

ယေဟောဝါသက်သေများနှင့် ဒိုင်အဲန် ကျမ်းစာစလေ့လာချိန်တွင် လေတပ်အရာရှိတစ်ဦးဖြစ်သော သူ၏ ခင်ပွန်းသည်သည် အလွန်မကျေမနပ်ဖြစ်ခဲ့သည်။ ယင်းကြောင့် သူတို့အိမ်ထောင်ရေး မည်သို့ထိခိုက်ပါသနည်း။ “ကျွန်မတို့နှစ်ယောက်ကြား ရေခဲတုံးကြီး ခြားနေသလိုပဲ။ အရင်က တကယ်ချစ်ခင်တဲ့လင်မယားနှစ်ယောက်ဟာ ရုတ်တရက် မလွှဲသာလို့သာ တစ်အိမ်တည်း နေထိုင်နေကြရသူများ ဖြစ်သွားတယ်” ဟုဒိုင်အဲန်ပြောပြသည်။ သူမ မည်သို့ကျော်လွှားပါသနည်း။ “ခံယူချက်နဲ့ သန္နိဋ္ဌာန်ခိုင်မြဲတဲ့အပြင် ယေဟောဝါက သူရဲ့ဝိညာဉ်တော်အားဖြင့် ကျွန်မကိုကူညီပေးခဲ့လို့ပဲ တတ်နိုင်ခဲ့တာ” ဟုပြောသည်။ ကျမ်းစာပါပရောဖက်ဒံယေလ၏ ပုံသက်သေကို ဒိုင်အဲန် စွဲမှတ်ထားပါသည်။

ဗာဗုလုန်နိုင်ငံတွင် ပြည်နှင်ခံရ၍ ဘုရားသခင့်ကျေးကျွန်တစ်ဦး မစားသုံးရသောအစာကို ကျွေးမွေးခံရသည့်အခါ ဒံယေလသည် “ပွဲတော်မှ ကြွင်းသောအစာနှင့် သောက်တော်မူသော စပျစ်ရည်ကို မသောက်မစားဘဲ ညစ်ညူးစေခြင်းကို ရှောင်မည်ဟု အကြံရှိ” သည်။ မှန်ပါသည်။ ဒံယေလသည် ယတိပြတ်ဆုံးဖြတ်ထားသည်။ ထိုအစားအသောက်ဖြင့် ကိုယ့်ကိုကိုယ် မညစ်ညူးစေရန် သန္နိဋ္ဌာန်ချထားသည်။ “မိမိကို မညစ်ညူးစေမည်အကြောင်း မိန်းမစိုးအုပ်ကို [ဆက်၊ ကဘ] အခွင့်တောင်း” စဉ် ခိုင်မာသောစိတ်ဓာတ်အမှန်တင်ပြခဲ့သည်တကား! အကျိုးကား အဘယ်နည်း။ သူ၏သန္နိဋ္ဌာန်ချမှတ်ချက်ကို ယေဟောဝါ ကောင်းချီးပေးတော်မူခဲ့သည်။—ဒံယေလ ၁:၈၊ ၉၊ ၁၇။

ယနေ့လည်း အတိုက်အခံပြုသော လင်ယောက်ျားတစ်ဦးက အသင်းတော်အစည်းအဝေးများကို မတက်ရဟု ဇနီးသည်အား မရမနေတောင်းဆိုပေမည်။ သူမ မည်သို့တုံ့ပြန်သင့်သနည်း။ ဤသို့သောအခြေအနေမျိုးကို ဂျေးန် ကြုံခဲ့ရသည်။ သူမ ဤသို့ရှင်းပြသည်– “ကျွန်မကို အကျပ်ကိုင်ပေမဲ့ အရှုံးမပေးဘူး။ ဒီကိစ္စမှာ အလျှော့ပေးလို့မရမှန်း ကျွန်မသိထားတယ်။ စည်းဝေးများကို ကျွန်မ ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာကို သူ့ကိုသိစေချင်တယ်။” စည်းဝေးများကို ဆက်တက်ရန် သူ၏ဆုံးဖြတ်ချက်ကို ယေဟောဝါကောင်းချီးပေးတော်မူခဲ့သည်။

“စည်းဝေးများမတက်ရအောင် ကျွန်မခင်ပွန်းက ဆက်ကြိုးစားတယ်။ ဒါပေမဲ့ မရပါဘူး။ ဆက်သွားတာပဲ။ အိမ်ပြန်ရောက်တဲ့အခါ တစ်ခါတလေ အရိုက်ခံရတယ်။ တစ်ခါတလေ ကျွန်မကိုစကားမပြောဘဲနေတယ်။” သို့ပြုလျက်ပင် သူမသည် အကြိမ်ကြိမ်ဆုတောင်းခြင်းအားဖြင့် အောင်မြင်ကျော်လွှားခဲ့သည်။ ထို့ပြင် အသင်းတော်အကြီးအကဲနှစ်ဦးလည်း သူမနှင့်အတူ ဆုတောင်းပေးသည့်အတွက် သူမစည်းဝေးဆက်တက်နိုင်ဖို့ အားပေးမှု အကြီးအကျယ်ရခဲ့ပါသည်။—ယာကုပ် ၅:၁၃-၁၅; ၁ ပေတရု ၂:၂၃။

တစ်ခါတစ်ရံ ဇနီးဖြစ်သူအား ဟောပြောခြင်းလုပ်ငန်းကို ရပ်စဲရန် ဟန့်တားပေးဖို့ လင်ယောက်ျား၏ အထက်အရာရှိများက ဖိအားပေးပေမည်။ ဒိုင်အဲန်သည် မိမိ၏ ဦးစားထားအလေးပေးရာများကို လင်ယောက်ျားဖြစ်သူ သဘောပေါက်ဖို့ ရှင်းပြရမည်ကိုသိရှိခဲ့သည်။ “ကျွန်မဆက်လက်ဟောပြောတဲ့အတွက် ဖြစ်သမျှကိုခံဖို့ အသင့်ပြင်ခဲ့တယ်” ဟုသူမပြောပြသည်။ ယင်းသည် တမန်တော်များ၏ ရပ်တည်ချက်အတိုင်းပါတကား! (တမန်တော် ၄:၂၉၊ ၃၁) သို့နှင့်ပင် သူမသည် ပါးနပ်လိမ္မာမှုသုံးပြီး ဟောပြောပါသည်။ “ကော်ဖီသောက်ဖို့ အလည်လာကြရန် ဖိတ်ခေါ်ပြီး လာသူတို့ကို သမ္မာတရားစာအုပ်လက်ဆောင်ပေးတယ်” ဟုသူမပြောပြသည်။—မဿဲ ၁၀:၁၆; ၂၄:၁၄။

အလျှော့မပေးဘဲ လက်အောက်ခံခြင်း

အိမ်ထောင်ရေးတင်းမာမှုက စိတ်ဆင်းရဲစေသော်လည်း ခရစ်ယာန်အမျိုးသမီးများသည် အနာဂတ်ကိုရှေ့ရှုကာ ယေဟောဝါအား မှီခိုအားထားကြပါသည်။ ယင်းက သူတို့အား ဟန်ချက်ညီသောအမြင် ရှိစေပါသည်။ သူတို့ယုံကြည်ခြင်းကိုအလျှော့မပေးဘဲ လင်သားတို့အား အတတ်နိုင်ဆုံး ထောက်မကူညီပေးကြပါသည်။ ဤသို့အားဖြင့် ပေတရု၏ မှုတ်သွင်းခံသြဝါဒကို သူတို့လိုက်နာကြသည်– “မိန်းမတို့ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။” (၁ ပေတရု ၃:၁) အကျယ်ဖွင့်ဆိုထားသော ဓမ္မသစ်ကျမ်းတွင် တမန်တော်များ၏သြဝါဒကို ဤသို့ဖတ်ရှုရသည်– “သူတို့၏ တစ်ဆင့်ခံ၊ သူတို့အား မှီခိုရသူတို့ကဲ့သို့ လက်အောက်ခံပြီး သူတို့နှင့် လိုက်လျောညီထွေ နေထိုင်ပါ။” ဤအကြံပြုချက်ကို ဂျေးန် မည်သို့လိုက်နာခဲ့ကြောင်း သတိပြုပါ။ “ကျွန်မအလုပ်ဟာ သူ့ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို အနှောင့်အယှက်မဖြစ်ရဘူးလို့ အမျိုးသားက ပြောတယ်။ ဒါနဲ့ သူ့ကို အကူအညီပေးနိုင်မဲ့နည်းကောင်းတွေကို ကျွန်မရှာယူတယ်” ဟုသူမရှင်းပြပါသည်။

သို့နှင့် လင်ယောက်ျားများ တက်ရောက်ရသည့် လူမှုရေးမိတ်ဆုံပွဲများကို ခရစ်ယာန်အမျိုးသမီးအချို့ တက်ရောက်ပေးကြရသည်။ သို့သော် ယုံကြည်ခြင်းကို ဘယ်တော့မျှမလျှော့ပေါ့ဟု စိတ်ဆုံးဖြတ်ထားသည်။ ယင်းကိစ္စကို လင်သားဖြစ်သူ နားလည်ရန် ဂျေးန်သည် အချိန်ယူရှင်းပြပါသည်။ လင်သားနှင့်အတူတက်ရောက်ချင်သော်လည်း သူမကြောင့် မိမိ၏ခင်ပွန်းအား စိတ်အနှောင့်အယှက်မဖြစ်စေလိုကြောင်း နူးညံ့သိမ်မွေ့စွာဖြင့် ရှင်းပြပါသည်။ “တစ်ခါတစ်ရံ တက်ရောက်သူအားလုံးထပြီး အရက်ခွက်မြှောက် ရိုသေဝတ်ပြု ဆုတောင်းပေးကြရတယ်ဆိုတာကို ကျွန်မသိထားတယ်။ ယေဟောဝါတစ်ဦးတည်းကိုသာ ကျေးဇူးသစ္စာ စောင့်သိရိုသေမှုပြုအပ်ကြောင်း ကျွန်မသိနားလည်ထားပြီး အဲ့ဒီလိုအရက်ခွက်မြှောက် ရိုသေဝတ်ပြုခြင်းမှာ လေးစားမှုပြခြင်းထက်မက အဓိပ္ပာယ်ရှိတဲ့အတွက် ဒီလိုအချိန်မျိုးမှာ စိတ်အနှောင့်အယှက်ဖြစ်နိုင်စရာရှိတယ်ဆိုတာကို ကျွန်မခင်ပွန်းသဘောပေါက်ပြီး ‘မလိုက်တော့နဲ့’ လို့သူပြောတယ်။ ကျွန်မလည်း နာခံခဲ့တယ်။”

ဂလဲနစ္စမူကား ဤသို့သောမိတ်ဆုံပွဲမျိုးတွင် ခင်ပွန်းနှင့်အတူ လိုက်သွားပါသည်။ စားပွဲထိပ်မှာ ထိုင်သော အရာရှိများကို သူမဂရုစိုက်ပြီး သူတို့ဆုတောင်းသြဘာပေးရန် ပြင်ဆင်ကြသည်ကို သတိပြုမိသည်နှင့် မသိမသာ အိမ်သာသို့ထွက်သွားပါသည်။ မှန်သည်၊ ဤအမျိုးသမီးများသည် လိုက်လျောညီထွေပြုမူခဲ့ကြသော်လည်း ယုံကြည်ခြင်းဘက် အလျှော့မပေးခဲ့ကြပါ။

“နှုတ်ဖြင့် ပြောပြရန်ပင်မလို” ဘဲအောင်မြင်

“ကျွန်မဟာ ဇနီးတစ်ယောက် အဖြစ်အရည်အချင်းတိုးတက်လာမယ်ဆိုရင် သမ္မာတရားဟာ ကျွန်မကို ပြုပြင်ပြောင်းလဲနေစေတဲ့အကြောင်း ကျွန်မအမျိုးသား တွေ့လိမ့်မယ်” ဟုအီဗွန်းဝေဖန်ကြည့်သည်။ သို့ဖြစ်၍ သူမသည် မိသားစုဘဝစာအုပ်ပါ “မြတ်နိုးယုယခံရသောဇနီး” aအခန်းကို ထပ်ခါတလဲ ပြန်ဖတ်ပါသည်။ ‘မျက်ရည်ခံထိုးသူတို့နှင့် မြည်တွန်တောက်တီးသူတို့!’ ခေါင်းစဉ်ငယ်အောက်ရှိအကြောင်းကို ကျွန်မအထူးဂရုစိုက်ဖတ်တယ်။ ဒါပေမဲ့ သူနဲ့ ကြိုးစားစကားပြောဆိုလေ အခြေအနေ ပိုဆိုးရွားလာတာကိုပဲ ကျွန်မတွေ့ရတယ်။” နောက်ဆုံးတော့ သူမ၏လင်ယောက်ျားလည်း ယေဟောဝါအမှုတော်ထမ်းဆောင်သူတစ်ဦးဖြစ်လာရန် သူမကူညီပေးနိုင်ခဲ့သည်။ မည်သို့အားဖြင့်နည်း။ လင်ယောက်ျားများသည် “နှုတ်ဖြင့် ပြောပြရန်ပင်မလို” ဘဲ အောင်မြင်မည်ဟု ၁ ပေတရု ၃:၁ (သတင်းကောင်း) ပါမူကို ကျင့်သုံးခြင်းအားဖြင့်ဖြစ်သည်။

ခရစ်ယာန်အမျိုးသမီးများ မိသားစုကို ပြုစုပုံက အခြားသူများခရစ်ယာန်ဘာသာတရားကိုများစွာ ထောက်ခံလာစေသည်။ “သမ္မာတရားကို နှစ်မြို့စရာဖြစ်သည်ထက်ဖြစ်လာအောင် ကျွန်မ အတတ်နိုင်ဆုံးကြိုးစားတယ်။ စည်းဝေးသွားတဲ့အခါ ကျွန်မခင်ပွန်းခမျာ အထီးကျန်စိတ်ရှိလိမ့်မယ်။ ဒါကြောင့် အိမ်ပြန်ရောက်တဲ့အခါ အထူးလိမ္မာကြဖို့ ကလေးတွေကို အမြဲဆုံးမထားတယ်။ ပြန်ရောက်တာနဲ့လည်း ကြိုးစားပြီး သူ့ကိုအထူးဂရုစိုက်တယ်။” မိသားစု၏ ကြင်နာသောဂရုစိုက်မှုကြောင့် သူ၏ခင်ပွန်းသည် တဖြည်းဖြည်းနှင့် စိတ်ပြောင်းလဲလာပါသည်။

ယေဟောဝါ၏ ကျေးကျွန်ချင်းတို့လည်း အကူအညီပေးနိုင်ပါသည်။ ကင်ညာနိုင်ငံတွင် သာသနာပြုနေကြသော သက်သေခံများနှင့် ပေါင်းသင်းမှုကို မိမိခင်ပွန်းသည် နှစ်မြို့ကြောင်း ဂျေးန်ပြောပြသည်။ “သူနှင့်ခင်မင်အောင် ကြိုးစားကြပြီး ဘောလုံးကန်တဲ့အကြောင်းတွေ ပြောတတ်ကြတယ်။ ဧည့်ဝတ်ပျူငှာကြတယ်။ သာသနာပြုအိမ်များမှာ ကျွန်မတို့ကို ထမင်းစားခေါ်ဖိတ်ကြပါတယ်။” နောင်တွင် သူမ၏ခင်ပွန်းက ဤသို့ရှင်းပြသည်– “ဂျေးန်ရဲ့ယုံကြည်ခြင်းကို တစ်ခြားရှုထောင့်ကနေ စကြည့်ခဲ့တယ်။ သူ့မိတ်ဆွေတွေဟာ အကြောင်းအမျိုးစုံကို ပြောနိုင်တဲ့ ဗဟုသုတအလွန်ကြွယ်ဝသူတွေပဲ။” ဒိုင်အဲန်အမျိုးသားလည်း သမ္မာတရားအပေါ် သူ၏သဘောထားကိုပြောင်းလဲခဲ့ပါသည်။ ကားပျက်နေစဉ် သက်သေခံငယ်တစ်ဦးသည် သူ့အား လာကူညီပေးပါသည်။ “အဲ့ဒါက ကျွန်တော့်အတွက် စွဲမှတ်စရာဖြစ်ခဲ့တယ်” ဟုသူပြောပြသည်။

သမ္မာတရားဘက်အတူပါရန် အိမ်ထောင်ဖက်တိုင်းကို မသွေးဆောင်နိုင်ခဲ့သည်ကား မှန်သည်။ သို့ဖြစ်လျှင် အသို့နည်း။ သစ္စာရှိသူများ ခံနိုင်ရည်ရှိနိုင်ကြရန် လိုအပ်သောအကူအညီကို ယေဟောဝါ ပေးသနားတော်မူသည်။ (၁ ကောရိန္သု ၁၀:၁၃) မိမိအခြေအနေနှင့် ထပ်တူဖြစ်သူတို့အား ဂလဲနစ္စပေးသည့် အားပေးစကားကို သုံးသပ်ကြည့်ပါ– “ယေဟောဝါဟာ အိမ်ထောင်ရေးကို စတီထွင်ပြီး မောင်နှံစုံတို့ကို တွဲဖက်နေစေလိုတော်မူတယ်ဆိုတာကို ဘယ်တော့မျှ သံသယမရှိပါနဲ့။ အဲ့ဒါကြောင့် ခင်ပွန်းသည် ဘာပဲလုပ်လုပ်၊ ပတ်ဝန်းကျင်ရှိသူများ ဘယ်လိုပဲ အတိုက်အခံလုပ်ဦးတော့ ယေဟောဝါဟာ သင့်ကို လဲကျစေမှာမဟုတ်ပါဘူး။” ဤအမျိုးသမီး၏ ခင်ပွန်းသည်သည် ယေဟောဝါအား ကိုးကွယ်သူတစ်ဦး မဖြစ်လာသေးသော်လည်း သူမအပေါ်နှင့် သမ္မာတရားအပေါ် သူ၏စိတ်ထား သိမ်မွေ့နူးညံ့လာပေပြီ။

‘မျက်ရည်ဖြင့် မျိုးကြဲ; ရွှင်လန်းမှုဖြင့် ရိတ်သိမ်း’

ဤခရစ်ယာန်အမျိုးသမီးများသည် ယေဟောဝါအမှုတော်ကို ထမ်းဆောင်ရန် အမှန်တကယ် သန္နိဋ္ဌာန်ချထားကြသည်။ အသင်လည်း ထပ်တူအခြေအနေမျိုးတွင် ရှိပါက ဤသို့သန္နိဋ္ဌာန်ချပါ။ ဤတိုက်တွန်းအားပေးချက်ကို စွဲမှတ်ထားပါ– “သင်၏ဘုရားသခင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကြောက်ရွံ့၍ အမှုတော်ကို ဆောင်ရွက်ရမည်။ ကိုယ်တော်၌ဆည်းကပ်ရမည်။”—တရားဟောရာ ၁၀:၂၀။

“မျက်ရည်ကျလျက် ကြဲရန် မျိုးစေ့ကို ဆောင်၍ ထွက်သွားသောသူသည် ကောက်လှိုင်းများကို ဆောင်လျက် ရွှင်လန်းသောစိတ်နှင့် အမှန်ပြန်လာလိမ့်မည်” ဟုဆာလံဆရာ ကြွေးကြော်သည်။ (ဆာလံ ၁၂၆:၆) “ကိုယ့်အိမ်ထောင်ဖက် အလင်းတရားရဖို့ တိတ်ဆိတ်စွာဖြစ်စေ၊ နှုတ်နဲ့ဖြစ်စေ ကြိုးစားပြသတဲ့အခါ မျက်ရည်တွေကျရတယ်” ဟုသက်သေခံတစ်ဦး အသိအမှတ်ပြုပါသည်။ “ဒါပေမဲ့ နောက်ဆုံးတော့ သူအလင်းတရားမရပေမဲ့ သင့်ကြိုးစားမှုကို ယေဟောဝါကောင်းချီးပေးတဲ့အတွက် ဝမ်းမြောက်နိုင်ပါတယ်။”

အိမ်တွင်းတွင် အတိုက်အခံကြုံတွေ့ရလျက်ပင် ယေဟောဝါအမှုတော်ကို သစ္စာရှိရှိ ထမ်းဆောင်ခဲ့သူများကို အမှန်တကယ်ဂုဏ်တင်ချီးမွမ်းသင့်ပါသည်။ သူတို့ကို ထောက်ပံ့ကူညီပြီး မေတ္တာပြသင့်သည်။ သူတို့သည် ယုံကြည်ခြင်း အလျှော့မပေးဘဲ ယေဟောဝါကိုဝတ်ပြုရန် သန္နိဋ္ဌာန်ချထားနိုင်ကြပါစေ!

[အောက်ခြေမှတ်ချက်များ]

a ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း ထုတ်ဝေသော သင့်မိသားစုဘဝကို ရွှင်လန်းစေခြင်းစာအုပ် (၁၉၇၈)။

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ဆုတောင်းလျက် လေ့လာသုံးသပ်ခြင်းက ခရစ်ယာန်တစ်ဦးအား သန္နိဋ္ဌာန်ခိုင်မြဲစေ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ