ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၅/၁ စာ. ၂၇-၃၀
  • မုသားမသုံးနိုင်သော ဘုရားသခင်အားဖြင့်ထောက်မခံရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မုသားမသုံးနိုင်သော ဘုရားသခင်အားဖြင့်ထောက်မခံရ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခရစ်ယာန်အမွေအနှစ်
  • ဧဝံဂေလိဟောရန် အစောပိုင်းဆန္ဒ
  • “လူအုပ်ကြီး” ကို ခွဲခြားသိမြင်ခြင်း
  • ဟောပြောခြင်းဆိုင်ရာနည်းသစ်များ
  • အနောက်ပိုင်းသို့ တစ်ကျော့ပြန်
  • အိမ်ထောင်ပြုခြင်းနှင့် မိသားစုတစ်စု
  • အဲဗရစ်ဂျနီများကြား ဓမ္မအမှုဆောင်ခြင်း
  • ယေဟောဝါ၏ မပျက်ကွက်သော အကူအညီ
  • ယေဟောဝါ တောင်းဆိုတာကို လုပ်ဆောင်ခြင်းကြောင့် ကောင်းချီးရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ပျော်ပျော်ပါးပါး “ခရီးမိုင်ထပ်၍သွား”
    နိုးလော့!—၂၀၀၅
  • တစ်ယောက်ထီးတည်းဖြစ်သော်လည်း တစ်ခါမျှစွန့်ပယ်မခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ရှေ့ဆောင်ဓမ္မအမှု၏ကောင်းချီးများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၅/၁ စာ. ၂၇-၃၀

မုသားမသုံးနိုင်သော ဘုရားသခင်အားဖြင့်ထောက်မခံရ

မေရီ ဝစ်လစ္စပြောပြသည်

၁၉၃၂ ခုနှစ်တိုင်သော် ကမ္ဘာ့စီးပွားရေးပျက်ကပ်၏ဂယက်သည် အနောက်သြစတြေးလျား၏ လွင်တီးခေါင်အရပ်တိုင်ရောက်နေပြီ။ ကျွန်မ ၁၉ နှစ်သာရှိသည့် ထိုနှစ်တွင် အဲလင်ဒေးဗစ္စနှင့်ကျွန်မသည် စတုရန်းမိုင် ၄၀,၀၀၀ ခန့်ရှိအရပ်တွင် ဟောပြောရန် ခန့်အပ်ခံခဲ့ရသည်။ ကျွန်မတို့၏ဌာနေ အနောက်သြစတြေးလျားမြို့တော် ပါသ်မြို့၏ အရှေ့မြောက်ဘက် မိုင် ၆၀၀ ခန့်အကွာရှိ ဝီလူနာမြို့ငယ်သို့ ကျွန်မတို့ ခရီးစထွက်ရမည်ဖြစ်သည်။

ထိုလမ်းခရီးတွင် ခင်မင်တတ်သော ရထားထိန်းတစ်ဦးနှင့်အတူ ရထားဝန်ထမ်းတွဲ၌ အဲလင်နှင့်ကျွန်မလိုက်ပါခဲ့သည်။ ရထားရပ်နားသည့်လမ်းလွှဲတစ်ခုစီ၌ဆိုက်တိုင်း ရထားထိန်းက မည်မျှကြာမည်ကို ကျွန်မတို့အား သိမ်မွေ့စွာပြောပြသည်။ သို့ဖြင့် ထိုသီးခြားရထားအခြေစိုက်နယ်မြေသစ်နေလူတို့အား ဆင်း၍သက်သေခံခွင့်ရခဲ့သည်။ နောက်ဆုံး၌ သတ္တုတွင်းမြို့ဖြစ်သည့် ဝီလူနာမြို့လေးသို့ သဲမုန်တိုင်းကျချိန်တွင် ကျွန်မတို့ဆိုက်ရောက်ခဲ့ကြသည်။

သို့ရာတွင် ဝီလူနာရှိ ရထားရပ်နားသည့်လမ်းလွှဲမှာ မြို့မှ နှစ်မိုင်နီးပါး ဝေးသည်။ ကျွန်မတို့နှစ်ယောက်စလုံး သန်မာကြံ့ခိုင်သူများမဟုတ်ကြသော်လည်း စာအုပ်စာတမ်းအပြည့်ပါစာအုပ်ပုံးသုံးပုံးအပြင် ခရီးဆောင်သေတ္တာ နှစ်ခုလည်းပါသည်။ ကျွန်မတို့ ဘာလုပ်မည်နည်း။ စာအုပ်ပုံးတစ်ပုံးကို တုတ်တစ်ချောင်းတွင်တွဲလဲချည်ပြီး တုတ်တစ်ဖက်တစ်ချက်မှကိုင်မ၍ ကျွန်မတို့သယ်ခဲ့ကြသည်။ ဤနည်းဖြင့် စာအုပ်ပုံးတစ်ပုံးပြီးတစ်ပုံး ကျွန်မတို့သယ်ခဲ့ရသည်။ မြို့တွင်းနှစ်မိုင်ခရီးအရောက် စာအုပ်ပုံးသုံးပုံးနှင့် ခရီးဆောင်သေတ္တာများကို ခုနစ်ခေါက်သယ်ခဲ့ရသည်။ လက်များ အလွန်နာသဖြင့် မကြာခဏ နားခဲ့ကြရသည်။

ဖုန်၊ နာကျင်သောလက်များနှင့် ခြေထောက်များညောင်းသည့်ကြားမှ ထိုအားတက်ဖွယ်လုပ်ငန်းနှင့် စွန့်စားမှုတို့ကို ကျွန်မတို့ပျော်မွေ့ခဲ့ကြသည်။ ယေဟောဝါ ကျွန်မတို့နှင့်အတူရှိပြီး၊ ပြောင်းရွေ့သည့်ဒေသများတွင် ဟောပြောခြင်း၏ ဤပဏာမခက်ထန်မှုကို အောင်မြင်နိုင်ရန် ကျွန်မတို့အား ခွန်အားပေးနေသည်ဟု ကျွန်မတို့နှစ်ဦးစလုံး ခံစားမိခဲ့သည်။ ကိုယ်တော့်ကောင်းချီးများကို ကျွန်မတို့လုပ်ငန်းတွင်လည်း မကြာမီတွေ့လာရသည်၊ အကြောင်းမှာ ထိုခရီးစဉ်အတွင်း ကျွန်မတို့၏ကြိုးပမ်းမှုများက ဆယ်ကျော်သက် ဘော့ဘ်ဟောန်အား ကျမ်းစာသမ္မာတရားကို လက်ခံစေခဲ့သည်။ ဘော့ဘ်သည် ဗေသလလုပ်ငန်းကို နှစ်အတန်ကြာ ထမ်းဆောင်နိုင်ခဲ့ပြီး၊ သူသေဆုံးချိန် ၁၉၈၂ ခုနှစ်အထိ နှစ် ၅၀ နီးပါး ယေဟောဝါအမှုတော်ကိုသစ္စာရှိရှိ ဆက်လက်ထမ်းဆောင်ခဲ့ခြင်းက ကျွန်မတို့အတွက် ရွှင်လန်းမှုပင်။

ဝီလူနာမြို့မှ ကမ်းရိုးတန်းရှိ ဂျယ်ရဲလ်တန်မြို့သို့အသွား မိုင် ၄၅၀ ကျော်ခရီးစဉ်တွင်ရှိအသစ်တည်ထားသောနယ်မြေတွင် ကျွန်မတို့ အမှုဆောင်ခဲ့ကြသည်။ ထိုမှ ပါသ်မြို့သို့ အပြန်ခရီးဆက်ခဲ့ကြသည်။ အချို့ညများတွင် ဘူတာရုံရှိ နားခိုဆောင်များ၌ အိပ်ခဲ့ကြရပြီး တစ်ကြိမ်တွင် ရထားလမ်းဘေးရှိ ကောက်ရိုးပုံတစ်ခု၌ အိပ်ခဲ့ကြရသည်။

အိမ်လုပ်ဂျုံမုန့်ဘီစကွတ်ထည့်ထားသည့် ခေါင်းအုံးစွပ်တစ်ခုကို ကျွန်မတို့တစ်ပါတည်းယူသွားကြသည်။ ကျွန်မတို့၏ ပထမခရီးတစ်ဝက်အတွက် အဓိကအစားအစာဖြစ်သည်။ ရံဖန်ရံခါ ထမင်းအခပေးစားသည့်အိမ်များနှင့် စုပေါင်းစားသောက်ခန်းများတွင် ပန်းကန်ဆေးကြော ကြမ်းတိုက်ခြင်းဖြင့် စားစရိတ်ရှာခဲ့ရသည်။ အခြားအချိန်များ၌ နေပူကျဲကျဲထဲ ပဲများဆွတ်ခူးခဲ့ကြရသည်။ ကျမ်းစာစာပေများကိုလက်ခံယူသည့် စိတ်ဝင်စားသူများထံမှ အလှူငွေများကလည်း ကျွန်မတို့၏ကုန်ကျစရိတ်ကို ကာမိစေခဲ့သည်။

ထိုစဉ်က ယေဟောဝါကို ဆက်လက်ယုံကြည်အားထားကာ ခက်ခဲသည့်အခြေအနေအမျိုးမျိုးကို ဝမ်းမြောက်စွာ ကျော်လွှားစေခဲ့သည့်အရာကား ကျွန်မမိခင်၏ ပုံသက်သေနှင့် အစောပိုင်းလေ့ကျင့်ပေးမှုတို့ပင်ဖြစ်သည်။

ခရစ်ယာန်အမွေအနှစ်

ကျွန်မမိခင်သည် ဖန်ဆင်းရှင်၌ခိုင်မာသောယုံကြည်မှုရှိခဲ့သည်၊ ကျွန်မမှတ်မိသလောက်ပြောရလျှင်၊ ကျွန်မတို့မောင်နှမများကို ကိုယ်တော့်အကြောင်း ပြောပြခဲ့သည်။ သို့သော်လည်း ကျွန်မတို့၏ ခုနစ်နှစ်အရွယ်ရှိ အစ်ကိုသည် ကျောင်းတွင်းကြေကွဲဖွယ် မတော်တဆဖြစ်မှုတစ်ခုကြောင့် သေဆုံးခဲ့ချိန်၌ သူမ၏ယုံကြည်ခြင်းသည် အကြီးအကျယ်စမ်းသပ်ခံခဲ့ရသည်။ သို့သော် ဘုရားသခင်အပေါ် စိတ်နာမည့်အစား၊ သမ္မာကျမ်းစာကို အပတ်တကုတ် လေ့လာစပြုတော့သည်။ ဖြစ်နိုင်မည်ဆိုလျှင် ဤသို့သော ကြေကွဲဖွယ်အဖြစ်အပျက်များဖြစ်ရခြင်းအကြောင်းရင်းကို သူမသိနားလည်လိုခဲ့သည်။ ကျမ်းစာသမ္မာတရားကို သူမဆည်းပူးလေ့လာခြင်းမှ အကျိုးရရှိခဲ့ပြီးနောက် စစ်မှန်သောဘုရားသခင်ယေဟောဝါထံ သူမ၏ဆက်ကပ်အပ်နှံခြင်းကို ၁၉၂၀ ပြည့်နှစ်အစောပိုင်းတွင် ရေနှစ်ခြင်းအားဖြင့် တင်ပြခဲ့သည်။

ထိုအချိန်မှစ၍၊ ကျွန်မတို့နှင့်ဆွေးနွေးသည့်အခါ ဘုရားသခင်၏ကတိတော်များသည် မည်မျှသေချာကြောင်းကို မကြာခဏအလေးပေးပြောခဲ့သည်။ အဘယ်အမှုပင်ဖြစ်စေကာမူ ‘ဘုရားသခင်သည် မုသားမသုံးနိုင်’ ကြောင်းကို စိတ်ထဲစွဲမှတ်ထားကြရန် ကျွန်မတို့ကိုအမြဲတိုက်တွန်းခဲ့သည်။ (တိတု ၁:၂) ရလဒ်အနေနှင့်၊ ယခုအခါ ကျွန်မညီမနှင့် ကျွန်မတို့၏အစ်ကိုနှစ်ယောက်အပါအဝင် ကျွန်မတို့၏မိသားစုများနှင့် မြေးများအားလုံး ယေဟောဝါဘုရားသခင်ကို ချီးမွမ်းသူများ ဖြစ်နေကြပါသည်။ ကျွန်မ၏တူနှစ်ယောက် အဲလန်နှင့် ပေါလ် မေစန်တို့သည် နယ်လှည့်ကြီးကြပ်မှူးများအဖြစ် အမှုထမ်းနေကြသည်။

ဧဝံဂေလိဟောရန် အစောပိုင်းဆန္ဒ

ကျွန်မသည် ညံ့ဖျင်းသောကျောင်းသူတစ်ဦးဖြစ်ခဲ့၍ အသက် ၁၃ နှစ်ရှိစဉ် ၁၉၂၆ ခုနှစ်၌ ကျောင်းထွက်ခဲ့ရသည်။ သို့တိုင်၊ ကျမ်းစာမှ တတ်သိထားရာများကို သူတစ်ပါးအား ပြောပြလိုစိတ်ပြင်းပြခဲ့သည်။ သူတစ်ပါးကိုကူညီပေးနိုင်လောက်အောင် ကျွန်မ၌ ပညာအရည်အချင်း မလုံလောက်ဟု ဖခင်ကယူမှတ်ခဲ့သော်လည်း မိခင်က “နီးကပ်လာနေပြီဖြစ်တဲ့ အာမဂေဒုန်စစ်ပွဲနဲ့ နှိမ့်ချသူတွေ မြေကြီးကို အမွေရမယ့်အကြောင်း သူပြောပြရုံနဲ့ကို ဘုရားသခင့်နိုင်ငံတော်ကို ကြေညာရာရောက်တယ်” ဟု ပြောခဲ့သည်။ ထို့ကြောင့် ၁၉၃၀ ပြည့်နှစ်ရောက်သည်အထိ ကျွန်မနှစ်ခြင်းမခံရသေးသော်လည်း ဆယ်ကျော်သက်အစောပိုင်းအရွယ်ကတည်းက တံခါးဝတစ်ခုမှတစ်ခုသို့ ဟောပြောခြင်းလုပ်ငန်းတွင် ကျွန်မစတင်ပါဝင်ခဲ့သည်။ နှစ်ခြင်းခံပြီး မကြာမီပင် ပါသ်မြို့ အနီးတစ်ဝိုက်တွင် အချိန်ပြည့်ဧဝံဂေလိလုပ်ငန်း စတင်လုပ်ကိုင်ခဲ့သည်။

နောက်တစ်နှစ်၊ ၁၉၃၁ ခုနှစ်၌ ကျွန်မတို့၏ အမည်သစ် ယေဟောဝါသက်သေကိုစအသုံးပြုခဲ့ကြသည်။ သို့သော်လည်း၊ အိမ်ရှင်အများစုက ဤမြင့်မြတ်သော ဘုရားသခင့်နာမတော်အား ကျွန်မတို့အသုံးပြုခြင်းကို ကန့်ကွက်ကာ ခက်ထန်စွာတုံ့ပြန်ကြသည်။ သို့တိုင် မနှစ်မြို့ဖွယ်အတွေ့အကြုံများကြား ဓမ္မအမှုတွင် ကျွန်မဆက်ပါဝင်ခဲ့သည်။ ဘုရားသခင်၏ကျေးကျွန်များသည် ‘ကိုယ်တော်ပေးသနားတော်မူသော အစွမ်းသတ္တိကိုအားထား’ နိုင်မည်ဟု ကတိပေးထားစဉ် ဘုရားသခင်သည် မုသားသုံးမည်မဟုတ်ဟု ကျွန်မစိတ်ချခဲ့သည်။—၁ ပေတရု ၄:၁၁; ဖိလိပ္ပိ ၄:၁၃။

“လူအုပ်ကြီး” ကို ခွဲခြားသိမြင်ခြင်း

၁၉၃၅ ခုနှစ်၌ အလွန်ကျယ်ပြန့်သည့် ဩစတြေးလျားတိုက်၏ အခြားတစ်ဖက်သို့ ခန့်အပ်ခံခဲ့ရသည်။ သို့ဖြစ်၍၊ ကျွန်မ၏ယခင်ဌာနေ ပါသ်မြို့မှ မိုင် ၂,၅၀၀ ခန့်အကွာရှိ နယူးစောက်သ်ဝေးလ်စ်ပြည်နယ်၊ နယူးအင်္ဂလန်ခရိုင်တစ်ဝိုက်တွင် ရှေ့ဆောင်ဓမ္မအမှုဆောင်အဖြစ် နှစ်အတန်ကြာ ထမ်းရွက်ခဲ့ပါသည်။

ထိုအချိန်အထိ ယေရှုသေခြင်း၏ နှစ်ပတ်လည်သတိရအောက်မေ့ပွဲတွင် တဆေးမဲ့မုန့်နှင့်စပျစ်ရည်အထိမ်းအမှတ်များကို ကျွန်မသုံးဆောင်ခဲ့သည်။ အထူးသဖြင့်ဇွဲလုံ့လရှိ အချိန်ပြည့်ဓမ္မအမှုဆောင်များ ထိုသို့ပြုခြင်းသည်မှန်ကန်သည်ဟု ယူမှတ်ခဲ့သော်လည်း ကျွန်မ၌ ကောင်းကင်မျှော်လင့်ချက်ရှိသည်ဟု တစ်ခါမျှ မခံယူခဲ့ပါ။ ထိုနောက် ၁၉၃၅ ခုနှစ်တွင်၊ ကမ္ဘာပေါ်ထာဝစဉ်နေထိုင်ရန် မျှော်လင့်ချက်ဖြင့် လူအုပ်ကြီးတစ်ခုကို စုသိမ်းနေကြောင်း ကျွန်မတို့ ရှင်းလင်းပြတ်သားစွာ သိနားလည်လာကြသည်။ ကျွန်မတို့အများစုသည် လူအုပ်ကြီးအဝင်ဖြစ်သည်ကို နားလည်လာ၍ ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြပြီး၊ အထိမ်းအမှတ်များကို မသုံးဆောင်ကြတော့ချေ။ (ယောဟန် ၁၀:၁၆; ဗျာဒိတ် ၇:၉) ယေဟောဝါကတိထားတော်မူသည့်အတိုင်းပင် ကျမ်းစာသမ္မာတရားသည် ပို၍ပို၍ထွန်းတောက်လာနေပါသည်။—သု. ၄:၁၈။

ဟောပြောခြင်းဆိုင်ရာနည်းသစ်များ

၁၉၃၀ ပြည့်လွန်နှစ်လယ်ပိုင်းတွင် ဓမ္မအမှု၌ ဓာတ်စက်များကို ကျွန်မတို့ စတင်အသုံးပြုခဲ့ကြသည်။ သို့ဖြင့်၊ လေးလံသည့်ဓာတ်စက်များအတွက်သာမက ဓာတ်ပြားများနှင့် စာအုပ်စာတမ်းအိတ်များအတွက် ကျွန်မတို့၏ အကြမ်းခံစက်ဘီးများရှေ့နှင့်နောက်တွင် ကယ်ရီယာများ တပ်ဆင်ခဲ့ရသည်။ စက်ဘီးသာလဲသွားပါက ပြန်မထူနိုင်သည့်တိုင်လေးလွန်းသည့်အတွက် ပစ္စည်းအပြည့်တင်ထားသောအခါ ကျွန်မသတိကြီးစွာထားရသည်!

ထိုအချိန်ခန့်တွင် ကြော်ငြာချီတက်ပွဲများဟုခေါ်သည့်လုပ်ငန်းကိုလည်း စတင်ခဲ့ကြပါသည်။ မြို့တွင်းလမ်းမကြီးများတစ်လျှောက် လျှောက်သွားကြစဉ်၊ မျက်စိကိုဆွဲဆောင်သည့် ဆောင်ပုဒ်များပါ ကြော်ငြာကတ်ပြားများကို ကိုယ်ပေါ်ချိတ်ဆွဲထားကြပါသည်။ ဤလုပ်ငန်းသည် ကျွန်မ၏ယုံကြည်ခြင်းအတွက် တကယ့်စမ်းသပ်မှုဖြစ်ကြောင်းကို အထူးသဖြင့် ကျွန်မအဖမ်းခံရပြီး လစ္စမောမြို့ အကျဉ်းခန်းငယ်တစ်ခုအတွင်း ညလုံးပေါက်အချုပ်ခံခဲ့ရစဉ် ကျွန်မသိမြင်လာခဲ့ရသည်။ နောက်တစ်နေ့တွင် ဆံပင်ဖြီးခွင့်ပင်မရဘဲ တရားရုံးရှေ့မှောက် အပို့ခံရခြင်းသည် အရှက်တကွဲပင်! ဤတစ်ကြိမ်တွင်လည်း ယေဟောဝါသည် ကတိတော်ရှိသည့်အတိုင်း ကျွန်မကို ထောက်မတော်မူခဲ့သည်။ ကျွန်မကိုဖမ်းဆီးသောရဲသား၏ စွဲချက်မှာ ကျွန်မ၏ကြော်ငြာကတ်ပြားသည် သူ့၏ဘာသာကိုထိပါးသည်ဟုဆိုခြင်းမျှသာဖြစ်ကြောင့် အမှုကို ပလပ်ခဲ့သည်။

အနောက်ပိုင်းသို့ တစ်ကျော့ပြန်

၁၉၄၀ ပြည့်လွန်နှစ်အစောပိုင်းတွင်၊ ကျွန်မ၏ရှေ့ဆောင်ဟောပြောခြင်းလုပ်ငန်းက ကျွန်မကိုအနောက်သြစတြေးလျားပြည်နယ်ရှိ တောမြို့များဆီသို့ ပြန်ပို့ခဲ့သည်။ ဤတွင် အမှတ်ရဖွယ်တွေ့ကြုံမှုများနှင့် ဝိညာဏကောင်းချီးများကို ဆက်လက်ခံစားခဲ့ရသည်။ နော်သမ်မြို့၌ တာဝန်ကျစဉ် မြို့ပြင်ခုနစ်မိုင်အကွာနေ တက်ကြွလှုပ်ရှားသောအိမ်ရှင်မတစ်ဦးဖြစ်သူ ဖလို တိမင်န်စ်နှင့် ကျွန်မတွေ့ဆုံခဲ့သည်။ ပြန်လည်သင့်မြတ်ခြင်း [လိပ်] စာအုပ်ကို သူမလက်ခံခဲ့ပြီးနောက် မကြာမီပင် သူမသည် ယေဟောဝါဘုရားသခင်၏ ဆက်ကပ်အပ်နှံသက်သေခံတစ်ဦးဖြစ်လာခဲ့သည်။ သူမသည် ဘုရားနိုင်ငံတော်လုပ်ငန်းတွင် တက်တက်ကြွကြွရှိနေဆဲဖြစ်ပြီး၊ ထိုစဉ်က လေးနှစ်အရွယ်ရှိခဲ့သော သူမ၏သမီးသည် ကြီးပြင်းလာကာ အထူးရှေ့ဆောင်တစ်ဦးဖြစ်နေပေပြီ။

သို့သော် အခြားမမေ့နိုင်ဖွယ် တွေ့ကြုံမှုများရှိပါသေးသည်။ တစ်ခါက၊ ကျွန်မနှင့်ကျွန်မအဖော်သည် မြင်းလှည်းဖြင့် နော်သမ်ရှိ တံတားတစ်ခုကိုဖြတ်သန်းနေစဉ်၊ ရုတ်တရက်မြင်းထွက်ပြေးခဲ့ရာ အောက်အနက်ထဲရှိဝဲထနေသည့်အေဗွန်းမြစ်ပေါ်မှ ကြောက်လန့်တကြားစီးနင်းခဲ့ရသည်။ မြင်းသည် တစ်မိုင်နီးပါးပြေးပြီးနောက် အရှိန်သတ်ခဲ့သည်။

အိမ်ထောင်ပြုခြင်းနှင့် မိသားစုတစ်စု

၁၉၅၀ ပြည့်နှစ်၌ နှစ်များစွာ ရှေ့ဆောင်ခဲ့သော အာသာ ဝစ်လစ္စနှင့် ကျွန်မလက်ထပ်လိုက်သည်။ အနောက်သြစတြေးလျား၏ တောမြို့ ပင်ဂျဲလီမြို့တွင် အခြေချခဲ့သည်၊ ထိုတွင် သားတစ်ဦး ဗင့်တလီနှင့် သမီးတစ်ဦး ယူနိစ္စတို့ဖြင့် ဆုချခံခဲ့ရသည်။ အာသာသည်ကလေးများ ကျောင်းပြီးခါနီးတွင်၊ ရှေ့ဆောင်ပြန်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။ သူတို့ဖခင်၏ ပုံသက်သေကောင်းက ကျွန်မတို့၏ကလေးနှစ်ယောက်စလုံးအား ကျောင်းပြီးလျှင်ပြီးခြင်း မှန်မှန်ရှေ့ဆောင်စလုပ်ရန် အားပေးခဲ့သည်။

အာသာသည် အလှမ်းဝေးသော ကျေးလက်ဒေသများတွင်ဟောပြောရန် ကလေးများကို မကြာခဏခေါ်သွားလေ့ရှိသည်။ တစ်ခါတစ်ရံ၊ သူတို့နှင့်အတူ တစ်ပတ် သို့မဟုတ် ထိုထက်မက အိမ်ပြန်မလာဘဲ ညစဉ်စခန်းချနေထိုင်လေ့ရှိသည်။ ဤအတောအတွင်း၊ ကျွန်မသည်အိမ်၌နေပြီး မိသားစု ပရိဘောဂလုပ်ငန်းကို စောင့်ကြပ်ပြီး ယင်းက သူတို့သုံးဦးအား ရှေ့ဆောင်လုပ်နိုင်စေသည်။

အဲဗရစ်ဂျနီများကြား ဓမ္မအမှုဆောင်ခြင်း

ကျေးလက်ခရီးတစ်ခေါက်မှ မိသားစုပြန်ရောက်ခါစ တစ်နံနက်တွင် မမျှော်လင့်သည့် ဧည့်သည်တစ်ဦး ရောက်လာသည်။ လာသူမှာ အဲဗရစ်ဂျနီလူမျိုးတစ်ဦးဖြစ်၍ သူက “ပြန်ဝင်လာဖို့ ကျွန်တော်ဘာလုပ်ရမလဲ” ဟုမေးပါသည်။ အစပိုင်းတွင် ကျွန်မတို့ ကြံရာမရဖြစ်ခဲ့သည်။ သို့သော် ဤသူသည် သောက်ကြူးခြင်းကြောင့် ယခင်နှစ်များစွာက ခရစ်ယာန်အသင်းတော်မှ နှင်ထုတ်ခံခဲ့ရသူဖြစ်ကြောင်းကို အာသာသိမြင်ခဲ့သည်။ ထိုအချိန်မှစ၍ အကြွေးထူသောအရက်ချိုးနာမည်ပျက်ကို သူရရှိခဲ့သည်။

ယေဟောဝါ၏သန့်ရှင်းသောအဖွဲ့အစည်းထဲ ပြန်ဝင်လာလိုလျှင် သူဘာလုပ်ရမည်အကြောင်း အာသာရှင်းပြသည်။ ဘာမပြောဘာမဆိုနှင့် အေးအေးဆေးဆေးပြန်ထွက်သွားရာ သူဘာလုပ်မည်ကို ကျွန်မတို့အားလုံး သို့လောသို့လောဖြစ်ခဲ့ကြသည်။ နောက်လအနည်းငယ်အတွင်း ကျွန်မတို့တစ်ယောက်မျှ မမျှော်လင့်ထားသည့်အရာဖြစ်ခဲ့သည်။ ထိုအမျိုးသား၏ပြောင်းလဲမှုများကား မယုံနိုင်ဖွယ်ဖြစ်လိုက်လေခြင်း! သူ၏သောက်စားခြင်းပြဿနာမှ ပြန်ကောင်းလာသည်သာမက ခရိုင်နေလူတို့ထံလည်ပတ်ကာ တင်ရှိနေသောသူ့ကြွေးမြီများကိုဖော်ပြလျက် ပြန်ဆပ်နေပါသည်တကား! ယနေ့ သူသည် ယုံကြည်ခြင်းအတွင်းရှိ ညီအစ်ကိုတစ်ဦးပြန်ဖြစ်နေပြီး ရှေ့ဆောင်ဓမ္မအမှုဆောင်အဖြစ် ထမ်းရွက်ခဲ့သည်။

ပင်ဂျဲလီမြို့တွင် အဲဗရစ်ဂျနီလူမျိုးများစွာရှိရာ၊ ဤနှိမ့်ချသောလူထုအား ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာတရားကို သင်ယူလက်ခံနိုင်ရန် ကူညီပေးနေရသည့် ကျေနပ်အားရစရာအကောင်းဆုံးဓမ္မအမှုတွင် ကျွန်မတို့ပျော်မွေ့ခဲ့ကြသည်။ ဩစတြေးလျားနိုင်ငံရှိ အဲဗရစ်ဂျနီများစွာကို သမ္မာတရားသိရှိလာရန် တစ်ထောင့်တစ်နေရာမှကူညီပေးခွင့်ရခြင်းသည် ကျွန်မအဖို့ မည်မျှယုံကြည်ခြင်းခိုင်မာစေပါသည်တကား!

ပင်ဂျဲလီမြို့တွင် အသင်းတော်တစ်ခုစတည်ထောင်ခဲ့ပြီး အစအဦးပိုင်းတွင် အသင်းသားအများစုမှာ အဲဗရစ်ဂျနီလူမျိုးများဖြစ်ကြသည်။ သူတို့အများစုအား ရေးတတ်ဖတ်တတ်ရန် ကျွန်မတို့သင်ပေးခဲ့ရသည်။ ထိုအစောပိုင်းနှစ်များအတွင်း သူတို့အပေါ် အာဃာတထားမှုများစွာရှိခဲ့သော်လည်း၊ သူတို့၏ အနေအထိုင်သန့်ရှင်းသပ်ရပ်မှုနှင့် ယုံကြည်စိတ်ချနိုင်သော နိုင်ငံသားများဖြစ်ခြင်းကြောင့် အဲဗရစ်ဂျနီသက်သေခံများကို မြို့သားများက တဖြည်းဖြည်း လေးစားလာကြသည်။

ယေဟောဝါ၏ မပျက်ကွက်သော အကူအညီ

၅၇ နှစ်တိုင် ဘုရားသခင့်အမှုတော်ကို သစ္စာရှိရှိထမ်းဆောင်ခဲ့သော ကျွန်မ၏ချစ်ခင်ပွန်း အာသာသည် ၁၉၈၆ ခုနှစ်အစောပိုင်း၌ ကွယ်လွန်ခဲ့သည်။ သူ့ကို ပင်ဂျဲလီမြို့ရှိ စီးပွားရေးသမားများနှင့် ခရိုင်နေလူထုက ရိုသေလေးစားခဲ့ကြသည်။ ဤရုတ်တရက်ဆုံးရှုံးမှုကို ခံရပ်နိုင်ရန် ခွန်အားမစခြင်းအားဖြင့် ယေဟောဝါသည် ကျွန်မအား တစ်ဖန် ထောက်မပြန်သည်။

ကျွန်မသားဗင့်တလီသည် အနောက်သြစတြေးလျားပြည်နယ်မြောက်ပိုင်းတွင် အကြီးအကဲတစ်ဦးအဖြစ်အမှုထမ်းနေပြီး၊ ထိုတွင် သူ၏ဇနီး လော်နာနှင့်အတူ သူတို့မိသားစုကို သမ္မာတရားအတွင်း ပြုစုပျိုးထောင်နေကြသည်။ ကျွန်မသမီး ယူနိစ္စသည် အချိန်ပြည့်အမှုဆောင်ခြင်းတွင် ယနေ့ထိတိုင် ဆက်လက်ထမ်းဆောင်နေခြင်းကလည်း ကျွန်မအကြီးအကျယ်ဝမ်းမြောက်စရာ နောက်ထပ်အရင်းခံအကြောင်းတစ်ရပ်ဖြစ်သည်။ သူမနှင့်သူမ၏ခင်ပွန်း ဂျက်ဖ်တို့သည် ရှေ့ဆောင်များဖြစ်ကြသည်။ ယခုအခါ သူတို့နှင့်အတူ ကျွန်မနေထိုင်ပြီး ဆက်တိုက်အရန်ရှေ့ဆောင်နိုင်ခွင့်ကောင်းချီးရထားပါသည်။

ယေဟောဝါသည် ကိုယ်တော်၏ကျေးကျွန်များအား ခွန်အားပေးပြီး မည်သည့်အခြေအနေမျိုးကိုမဆို ရင်ဆိုင်နိုင်ရန် အကူအညီပေးမည်ဟူသောကတိတော် ပြည့်စုံကြောင်း နှစ်ပေါင်း ၆၀ ထက်မက ကျွန်မတွေ့ကြုံခဲ့ရပါပြီ။ ကိုယ်တော်ကို ကျွန်မတို့ ဘယ်တော့မျှ သံသယမဝင်၊ ပေါ့ပေါ့တန်တန်သဘောမထားကြလျှင် လိုအပ်သမျှကို ကိုယ်တော်ထောက်ပံ့ပေးတော်မူသည်။ ဘုရားသခင့်လက်တော်မတို၊ မထင်မမှတ်သည့်တိုင်အောင် ကောင်းချီးများပေးတော်မူကြောင်းကို ကျွန်မတွေ့မြင်ခံစားခဲ့ရသည်နှင့်အမျှ ကျွန်မ၏ယုံကြည်ခြင်းခိုင်မာလာပေပြီ။ (မာလခိ ၃:၁၀) အမှန်ပင်၊ ဘုရားသခင်သည် မုသားမသုံးနိုင်ချေ!

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

၁၉၃၃ ခုနှစ်က မေရီ

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

နောက်ပိုင်းနှစ်များက မေရီနှင့်အာသာ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ