အဘယ်ကြောင့် ဘာသာတရားကို စိတ်ဝင်စားရသနည်း
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် ဘာသာတရားစိတ်ဝင်စားမှုရှိကြသည်။ အခြားတစ်ဖက်တွင် ဘာသာရေးကို စိတ်မဝင်စားပါဟု ပွင့်ပွင့်လင်းလင်းပြောသူလည်း မရှားပါ။ သို့သော် ထိုအတိုင်း သူတို့အမြဲခံစားရပါသလော။
လူတစ်ဦးသည် ရုပ်ပစ္စည်းများနှင့်သာ ကျေနပ်ရောင့်ရဲမှုရှိကိုမရှိနိုင်ခြင်းမှာ လူ့သဘာဝဖြစ်သည်။ လူသားတို့သည် ဝိညာဏရေးရာလိုအပ်သည်။ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ချည်းကိုသာရယူပြီး အခါအားလျော်စွာအပန်းဖြေခြင်းဖြင့် တည်ဆောက်ထားသည့် နေ့စဉ်အသက်တာသည် လူတစ်ဦး၏ အတွင်းအကျဆုံးသောလိုအပ်ချက်ကို မဖြည့်စွမ်းပေးနိုင်ပါ။ တိရစ္ဆာန်နှင့်မတူဘဲ လူသားတို့သည် ‘ဘဝမှာ ဘာရည်ရွယ်ချက်ရှိသလဲ’ ‘ဘဝဆိုတာ အလှအပနဲ့အကျည်းတန်မှုနှစ်ခုလုံး ရောပြွမ်းနေတဲ့ သက်တမ်းတိုကလေးနဲ့ပဲ ပြီးရောလား’ ဟူသည့် မေးခွန်းများ၏အဖြေကို သိလိုကြသည်။ ထိုကဲ့သို့သောမေးခွန်းမျိုးတို့ကို သင်မမေးဖူးပေလော။
သို့သော် ယနေ့အသက်ရှင်နေကြသော လူသန်းပေါင်းများစွာတို့သည် ဘာသာတရားတွင် အဓိပ္ပာယ်ရှိရှိစိတ်ဝင်စားခြင်းကို လျော့နည်းစေသည့်ပတ်ဝန်းကျင်တွင် ကြီးပြင်းလာကြရသည်။ သူတို့၏မိဘများ၊ ဆရာများ၊ သက်တူရွယ်တူများ၊ သို့မဟုတ် အုပ်ချုပ်သူများထံမှပင် ထိုသြဇာသက်ရောက်တတ်သည်။
အယ်လ်ဘေးနီးယားနိုင်ငံနေ စကာလာဘရီးနိုအမည်ရှိ လူငယ်တစ်ဦးက ကွန်မြူနစ်အုပ်ချုပ်မှုအောက်တွင် လူတို့သည် ဘုရားမရှိဟုသွန်သင်ခံရကြောင်းရှင်းပြသည်။ ထို့အပြင် ဘာသာတရားအကြောင်း ပြောဆိုခြင်းသည်ပင် အန္တရာယ်ရှိသည်; ထိုသို့ပြုလျှင် ထောင်ချခံရနိုင်သည်။ သို့သော် ၁၉၉၁ ခုနှစ်တွင် သူသည် ဆွစ်ဇာလန်နိုင်ငံ၌ ဒုက္ခသည်တစ်ဦးအဖြစ်ရှိနေစဉ် သမ္မာကျမ်းစာလေ့လာရန် အခွင့်အရေးရခဲ့ရာ ယင်းကိုသူလက်ခံခဲ့သည်။ အဘယ်ကြောင့်နည်း။
အယ်လ်ဘေးနီးယားနိုင်ငံတွင် သမ္မာကျမ်းစာကဲ့သို့သောစာအုပ်အကြောင်း သူကြားဖူးထားသော်လည်း ယင်းနှင့်ပတ်သက်၍ ဘာဆိုဘာမျှသူမသိခဲ့ရပါ။ သို့နှင့် အစပိုင်းတွင် သမ္မာကျမ်းစာကိုနားလည်လိုခြင်းက သူ့အတွက် မူလလှုံ့ဆော်မှုမဟုတ်ချေ။ လူသားများနှင့်မြေကြီးတို့အတွက် ဘုရားသခင့်ရည်ရွယ်ချက်အကြောင်းကို လေ့လာရမည်ဟုသူ့အားပြောသော်လည်း ဒေသန္တရဘာသာစကားအသုံးအနှုန်းတွင် တိုးတက်ရန်အခွင့်အရေးအဖြစ်သာ ယင်းကိုသူယူမှတ်ခဲ့သည်။ သို့သော် မကြာမီအတွင်း သူလေ့လာနေသည့်အရာသည် သူပြင်းပြစွာတမ်းတနေသည့် ဝိညာဏလိုအင်ကို ဖြည့်စွက်ပေးကြောင်း သိမြင်လာသည်။ ငြိမ်းချမ်းမှုလွှမ်းမိုးမည့်ကမ္ဘာသစ်၊ လူသားများ ထာဝစဉ်အသက်ရှင်နိုင်ပြီး ဘဝလိုအပ်ရာအားလုံးကို အလျှံပယ်သုံးစွဲနိုင်မည့်ကမ္ဘာအကြောင်းဆိုင်ရာ ဘုရားသခင့်ကတိတော်က သူ့အား လှိုက်လှိုက်လှဲလှဲဝမ်းမြောက်ရွှင်လန်းစေခဲ့သည်။ သူနှင့်သူ့မိသားစုတို့သည် ထိုကမ္ဘာသစ်တွင် အပါအဝင်ဖြစ်နိုင်ကြောင်းကို သူသိရှိရသောအခါ သူ့စိတ်ဝင်စားမှုတိုးမြင့်လာသည်။ သတင်းကောင်းကို ရေငုံမနေနိုင်သဖြင့် အယ်လ်ဘေးနီးယားရှိ သူ့မိသားစုထံ ဖုန်းဆက်ပြောပြခဲ့သည်။
သမ္မာကျမ်းစာ၏ တိကျမှန်ကန်သောအသိပညာက လူတစ်ဦး၏အသက်တာအပေါ် သက်ရောက်နိုင်သည့်သြဇာကို ရုရှားနိုင်ငံနေ အလစ်ခ်စီယေးလည်း အံ့သြခဲ့ရသည်။ ပြဿနာများမွှေနှောက်ခံရပြီး ဘဝရည်ရွယ်ချက်နှင့်ပတ်သက်သည့် ကျေနပ်ဖွယ်ရှင်းလင်းချက်ကို မတွေ့နိုင်သောကြောင့် ကိုယ့်ကိုယ်ကို သေကြောင်းကြံရန် စီစဉ်ခဲ့သည်။ သို့သော် ဦးစွာ ဖင်လန်နိုင်ငံရှိမိတ်ဆွေတစ်ဦးထံ သူသွားလည်ပတ်သည်။ ရထားပေါ်ခရီးသွားနေစဉ် ခရီးသည်ချင်းအချို့တို့အား သူ့ပြဿနာများကို ပြောပြခဲ့သည်။ သူတို့ထဲတွင် ယေဟောဝါသက်သေတစ်ဦးလည်း ပါသည်။ သက်သေခံက သမ္မာကျမ်းစာသည် ထိုပြဿနာမျိုးတို့အတွက် ဖြေရှင်းနည်းပေးထားသဖြင့် သမ္မာကျမ်းစာကိုလေ့လာရန် သူ့အားတိုက်တွန်းခဲ့သည်။ သူမယုံနိုင်ခဲ့ချေ။ အပြန်ခရီးတွင် အလားတူထပ်မံကြုံရပြန်သည်။ ဤတစ်ကြိမ်တွင် အခြားသောသက်သေခံတစ်ဦးက သူနှင့်စကားပြောဆိုပြီး သူမလည်း အလားတူပြဿနာမျိုးကြုံဖူးကြောင်း၊ သို့သော် ယင်းတို့ကိုကျော်လွှားနိုင်ရန် သမ္မာကျမ်းစာက အကူအညီပေးကြောင်း သူ့အားပြောပြသည်။ သူမလည်း သူ့အား သမ္မာကျမ်းစာလေ့လာရန် တိုက်တွန်းပြန်သည်။ သူအိမ်ရောက်သောအခါ တယ်လီဖုန်းခေါ်သံကြားရသည်။ ခေါ်သူမှာ သက်သေခံများနှင့်ကျမ်းစာလေ့လာနေပြီး အလွန်ပျော်ရွှင်နေသော နောက်မိတ်ဆွေတစ်ဦးဖြစ်သည်။ သမ္မာကျမ်းစာသည် သူ့လိုအပ်ရာများကို အမှန်ဖြည့်စွမ်းပေးနိုင်ကောင်းရဲ့ဟု သူစတင်သဘောပေါက်လာသည်။ သို့သော် အကူအညီမပါဘဲ နားမလည်နိုင်ကြောင်းကိုပါ သူသိသည်။ ယေဟောဝါသက်သေများနှင့် အိမ်တွင်းကျမ်းစာသင်အံမှု မှန်မှန်ပြုလုပ်ရန် သူသဘောတူလိုက်ပြီး သူတို့၏အစည်းအဝေးများကိုလည်း စတင်တက်ရောက်လာသည်။ သမ္မာကျမ်းစာ၏သွန်သင်ချက်များအတိုင်း မိမိတို့အသက်တာကို ပုံသွင်းသူများသည် လူသားများတွေ့ကြုံလေ့ရှိသည့် ပြဿနာများကို ရင်ဆိုင်ရစေကာမူ အလွန်ပျော်ရွှင်ကြကြောင်း အချိန်တိုအတွင်း သူနားလည်လာသည်။
လူ့ခန္ဓာတည်ဆောက်ပုံကို ထိုးထွင်းသိမြင်စွာဖြင့် ယေရှုဤသို့ဖော်ပြခဲ့သည်– “လူသည် မုန့်အားဖြင့်သာ ဆက်အသက်မရှင်နိုင်။” (မဿဲ ၄:၄၊ အင်္ဂလိပ်ကျမ်းစာသစ်) ကိုယ်တော်ဤသို့ပြောသေးသည်– “ဝိညာဉ်ရေးတွင် မိမိတို့လိုလျက်နေကြောင်း သတိပြုသူများသည် ဝမ်းမြောက်စရာရှိကြ၏။” (မဿဲ ၅:၃၊ ကဘ) ဝမ်းမြောက်ရခြင်းမှာ သူတို့သည် မိမိတို့လိုအပ်ရာကို နိုးနိုးကြားကြားသတိပြုပြီး ယင်းကိုဖြည့်စွက်ရန် တော်လျော်သည့်ခြေလှမ်းများ လှမ်းကာ ဘုရားခင့်ကောင်းချီးများ ခံစားရသောကြောင့်ဖြစ်သည်။ သို့သော် ချာ့ချ်တစ်ခုနှင့်ဆက်သွယ်ရုံ သို့မဟုတ် ဘာသာရေးဝတ်ပြုပွဲတစ်ခုခုတက်ရုံမျှဖြင့် ကျွန်ုပ်တို့၏ပျော်ရွှင်မှုဖြည့်စွက်မခံရပါ။ ထုံးတမ်းကြီးသော ဘာသာရေးသည် လူ့စိတ်နှင့်တွေ့စရာအကြောင်းရှိသော်လည်း စစ်မှန်သော ဘဝပြဿနာဖြေရှင်းနည်းကို ပေးနိုင်မည်လော။ ကျိုးကြောင်းညီညွတ်သည့် အခြေခံကျင့်စဉ်များကို ထောက်ခံအားပေးစေကာမူ ဘဝရည်ရွယ်ချက်နှင့်ပတ်သက်၍ စစ်မှန်သောနားလည်မှုကို မပေးနိုင်သည့်ဘာသာသည် သင့်ဝိညာဏလိုအပ်ရာကို ဖြည့်စွက်ပေးနိုင်မည်လော။ ထို့ထက်ပို၍စဉ်းစားရမည်ကား ထိုကဲ့သို့သောဘာသာကိုလိုက်စားခြင်းသည် ဘုရားသခင်နှင့် ကောင်းသောဆက်ဆံရေးကို ဖြစ်ထွန်းစေမည်လော။ ယင်းသို့မဖြစ်ပါက စစ်မှန်သည့်ရောင့်ရဲကျေနပ်မှု မရနိုင်ပေ။
ဤကိစ္စနှင့်ပတ်သက်၍ လူများစွာတို့သည် သူတို့မတွေ့သေးသည့်အရာတစ်ခုကို ရှာဖွေနေကြသည်။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
ချာ့ချ်တစ်ခုနှင့်ဆက်သွယ်မှုရှိရုံဖြင့် သင့်ဝိညာဏလိုအပ်ချက်များ အမှန်ဖြည့်စွက်ခံရမည်လော
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာကိုနားလည်လာသောအခါ ဘဝသည် အဓိပ္ပာယ်သစ်ကိုရရှိလာကြောင်း လူများစွာတို့သိမြင်ခဲ့ကြပြီ