အခွင့်အာဏာကို ရွှင်လန်းစွာ လက်အောက်ခံခြင်း
“သင်တို့သည် . . . စေတနာစိတ်နှင့် နားထောင်ကြသည်။”—ရောမ ၆:၁၇။
၁၊ ၂။ (က) ယနေ့ ကမ္ဘာပေါ်တွင် အဘယ်စိတ်ဓာတ် ထင်ရှားသနည်း။ ယင်း၏အရင်းအမြစ်နှင့် အကျိုးဆက်ကား အဘယ်နည်း။ (ခ) ယေဟောဝါ၏ ဆက်ကပ်အပ်နှံကျေးကျွန်များသည် ကွာခြားကြောင်း မည်သို့ဖော်ပြသနည်း။
“ငြင်းဆန်သောသူတို့၌ ပြုပြင်သောစိတ်ဝိညာဉ်” သည် ယနေ့ ထိတ်လန့်စရာကောင်းလောက်အောင် ထင်ရှားနေသည်။ ယင်းကား “အငွေ့အသက်၏တန်ခိုးကို အစိုးရသောမင်း” စာတန်မှ ဖြာထွက်သည့် အထိန်းအချုပ်မရှိ ထင်ရာစိုင်းစိတ်ဓာတ်ဖြစ်သည်။ ယင်းစိတ်ဓာတ်၊ ယင်း “အငွေ့အသက်” သို့မဟုတ် အတ္တဆန်သော နာမခံစိတ်သည် လောကီသားအများစုအပေါ် “အခွင့်အာဏာ” သို့မဟုတ် တန်ခိုးလွှမ်းမိုးနေသည်။ ယင်းကြောင့် အခွင့်အာဏာပိုင်အကျပ်အတည်းကို ဤလောကကြုံကြိုက်နေရခြင်းဖြစ်သည်။—ဧဖက် ၂:၂၊ ကဘ။
၂ ယနေ့ ယေဟောဝါ၏ ဆက်ကပ်အပ်နှံကျေးကျွန်များမူကား သူတို့၏ ဝိညာဏအဆုတ်ထဲ ညစ်ညမ်းသော ဤ “အငွေ့အသက်” သို့မဟုတ် တော်လှန်ဖီဆန်သောစိတ်ဓာတ်ကို မပြည့်စေခြင်းသည် ဝမ်းသာစရာပင်ဖြစ်သည်။ “ဘုရားသခင်၏ အမျက်တော်သည် ငြင်းဆန်တတ်သောသူတို့အပေါ် သင့်ရောက်” သည်ကို သူတို့သိရှိထားကြသည်။ တမန်တော်ပေါလုက ဤသို့ထပ်ဆင့်၏– “ထို့ကြောင့် သူတို့နှင့် ဆက်ဆံ၍ မကျင့်ကြနှင့်။” (ဧဖက် ၅:၆၊ ၇) ယင်းအစား ခရစ်ယာန်စစ်များသည် ယေဟောဝါ၏ “ဝိညာဉ်တော်နှင့်ပြည့်စုံ” နေရန် ကြိုးစားကြပြီး ‘စင်ကြယ် . . . ပြီးနောက် ငြိမ်းချမ်းသော၊ သင့်တင့်လျော်ကန်သော၊ နာခံရန်အသင့်ရှိသော’ “ထက်ရပ်ပညာ” ကိုမှီဝဲဆည်းပူးကြသည်။—ဧဖက် ၅:၁၇၊ ၁၈; ယာကုပ် ၃:၁၇၊ ကဘ။
ယေဟောဝါ၏ ပိုင်သအုပ်စိုးခြင်းကို တလိုတလား လက်အောက်ခံခြင်း
၃။ တလိုတလားလက်အောက်ခံခြင်း၏သော့ချက်ကား အဘယ်နည်း။ သမိုင်းမှ အဘယ်ကြီးမားသောသင်ခန်းစာ ရသနည်း။
၃ တလိုတလားလက်အောက်ခံခြင်း၏သော့ချက်မှာ တရားဝင် အခွင့်အာဏာကို အသိအမှတ်ပြုခြင်းဖြစ်သည်။ ယေဟောဝါ၏ ပိုင်သအုပ်စိုးခွင့်ကို ငြင်းပယ်လျှင် ပျော်ရွှင်မှုမရှိနိုင်ကြောင်း လူ့သမိုင်းက ပြပါသည်။ ယင်းသို့သောငြင်းဆန်မှုသည် အာဒံနှင့်ဧဝကို မပျော်စေပါ။ သူတို့တော်လှန်မှုကို နှိုးဆွခဲ့သူ စာတန်မာရ်နတ်ကိုလည်း မပျော်စေပါ။ (ကမ္ဘာဦး ၃:၁၆-၁၉) မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍ သူ၏ လက်ရှိယုတ်ညံ့သောအခြေအနေတွင် စာတန်သည် “ပြင်းစွာဒေါသအမျက်” ထွက်နေသည်။ (ဗျာဒိတ် ၁၂:၁၂) လူသားအပေါင်းမက စကြဝဠာတစ်ခွင်၏ ငြိမ်းချမ်းပျော်ရွှင်မှုသည် ယေဟောဝါ၏ ဖြောင့်မတ်သော ပိုင်သအုပ်စိုးခွင့်ကို ခြွင်းချက်မရှိ အသိအမှတ်ပြုခြင်းအပေါ်မူတည်သည်။—ဆာလံ ၁၀၃:၁၉-၂၂။
၄။ (က) မည်သည့်လက်အောက်ခံမှုနှင့် နာခံမှုကို မိမိကျေးကျွန်များအား ယေဟောဝါတင်ပြစေလိုတော်မူသနည်း။ (ခ) အဘယ်အရာကို တထစ်ချယုံကြည်ပြီး ယင်းကို ဆာလံဆရာ မည်သို့ဖော်ပြသနည်း။
၄ သို့တိုင် ယေဟောဝါ၏ အံ့ချီးဖွယ် မျှတသောအရည်အချင်းများကြောင့် လှိုက်လှဲထက်သန်မှုမရှိသော နာခံခြင်းကို ကိုယ်တော်ကျေနပ်တော်မူမည်မဟုတ်။ ကိုယ်တော်သည် တန်ခိုးတော်ကြီးမားသည်အမှန်! သို့သော် ကိုယ်တော်သည် နိုင်ထက်စီးနင်း ပြုတော်မမူ။ မေတ္တာရှင် ဘုရားသခင်ဖြစ်တော်မူ၍ ချစ်တုံ့ပြန်ကာ တလိုတလားနာခံခြင်းကို လိုလားတော်မူသည်။ ကိုယ်တော်အား အစဉ်အမြဲနာခံခြင်းထက် သာလွန်ကောင်းမွန်သောအရာ ရှိနိုင်မည်မဟုတ်ကြောင်းကို တထစ်ချယုံကြည်ပြီး ကိုယ်တော့်ဖြောင့်မတ်မှုနှင့်တရားဝင်အခွင့်အာဏာအောက်တွင်ရှိနေရန်သူတို့ကိုယ်တိုင် စိတ်နှလုံးအကြွင်းမဲ့ရွေးချယ်ထားသောကြောင့် ကိုယ်တော်၏ ပိုင်သအုပ်စိုးခြင်းကို သူတို့လက်အောက်ခံခြင်းဖြစ်စေလိုတော်မူသည်။ ယေဟောဝါ၏စကြဝဠာတွင် ကိုယ်တော်နေစေလိုတော်မူသောလူစားမျိုးသည် ဤသို့ရေးသားခဲ့သောဆာလံ၏စိတ်ထား ရှိရမည်– “ထာဝရဘုရား၏ တရားတော်သည် စုံလင်သည်ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ ထာဝရဘုရား၏ သက်သေခံတော်မူချက်သည် ဟုတ်မှန်သည်ဖြစ်၍ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်၏။ ထာဝရဘုရား၏ နည်းဥပဒေသတို့သည် ဖြောင့်မတ်သည်ဖြစ်၍ စိတ်နှလုံးကို ရွှင်လန်းစေတတ်၏။ ထာဝရဘုရား၏ ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍ မျက်စိကို ရှင်းလင်းစေတတ်၏။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည် သန့်ရှင်းသည်ဖြစ်၍ ကာလအစဉ်အမြဲတည်၏။ ထာဝရဘုရား၏ စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့်ညီ၍ တညီတညွတ်တည်း ဖြောင့်မတ်ကြ၏။” (ဆာလံ ၁၉:၇-၉) ယေဟောဝါ၏ ပိုင်သအုပ်စိုးမှု မှန်ကန်ခြင်းနှင့် ဖြောင့်မတ်ခြင်း၌ ခြွင်းချက်မရှိ စိတ်ချယုံကြည်ရမည်—ယေဟောဝါ၏ကမ္ဘာသစ်တွင် နေလိုပါကယင်းသည်ကျွန်ုပ်တို့၏စိတ်ထား ဖြစ်ရမည်။
ကျွန်ုပ်တို့ရှင်ဘုရင်ကို ရွှင်လန်းစွာ လက်အောက်ခံခြင်း
၅။ နာခံမှုအတွက် ယေရှု အဘယ်ဆုကျေးဇူးခံစားရသနည်း။ အဘယ်အရာကို ကျွန်ုပ်တို့တလိုတလားအသိအမှတ်ပြုသနည်း။
၅ ကောင်းကင်ခမည်းတော်ကို လက်အောက်ခံရာတွင် ခရစ်တော်ယေရှုကိုယ်တော်တိုင်သည် စစ်မှန်သောပုံသက်သေဖြစ်သည်။ ကိုယ်တော်သည် “အသေခံခြင်းသာမဟုတ် လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ် နှိမ့်ချတော်မူ၏” ဟူ၍ဖတ်ရပါသည်။ ပေါလုက ဤသို့ထပ်ဆင့်သည်– “ထိုကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အလွန်ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သောဘွဲ့နာမကိုပေးသနားတော်မူ၏။ အကြောင်းမူကား၊ ကောင်းကင်သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသော သတ္တဝါတည်းဟူသော ခပ်သိမ်းသောသတ္တဝါတို့သည် ယေရှုဘွဲ့နာမတော်ကို ဒူးထောက်၍ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့်ဝန်ခံသဖြင့် ခမည်းတော်ဘုရား၏ ဘုန်းအသရေတော်ကို ထင်ရှားစေကြမည်အကြောင်းတည်း။” (ဖိလိပ္ပိ ၂:၈-၁၁) မှန်ပါသည်၊ ကျွန်ုပ်တို့၏ခေါင်းဆောင် စိုးစံတော်မူသောရှင်ဘုရင် ခရစ်တော်ယေရှုရှေ့ ကျွန်ုပ်တို့ဝမ်းသာအားရစွာဖြင့် ဒူးထောက်ကြပါသည်။—မဿဲ ၂၃:၁၀။
၆။ ယေရှုသည် လူမျိုးတို့အား ဥပဇ္စျာယ်ဆရာနှင့် စီရင်အုပ်စိုးသောအရှင်ဖြစ်ကြောင်း မည်သို့ထင်ရှားခဲ့ပြီနည်း။ ကြီးစွာသောဒုက္ခပြီးနောက် ကိုယ်တော့် “အုပ်စိုးခြင်းအာဏာစက်” သည် အဘယ်နည်းဖြင့် ဆက်တည်ရှိမည်နည်း။
၆ ကျွန်ုပ်တို့၏ခေါင်းဆောင် ခရစ်တော်အကြောင်း ယေဟောဝါ ဤသို့ပရောဖက်ပြုတော်မူသည်– “ကြည့်ရှုလော့။ ထိုသူကို ဥပဇ္စျာယ်ဆရာဖြစ်စေခြင်းငှာလည်းကောင်း၊ စီရင်အုပ်စိုးသောအရှင် ဖြစ်စေခြင်းငှာလည်းကောင်း လူမျိုးတို့အား ငါပေးပြီ။” (ဟေရှာယ ၅၅:၄) ယေရှုသည် ကိုယ်တော်၏ မြေကြီးဆိုင်ရာဓမ္မအမှု၊ သေတော်မူပြီး ရှင်ပြန်ထမြောက်ချိန်တွင် ကောင်းကင်မှ ဟောပြောခြင်းလုပ်ငန်းကို ညွှန်ကြားခြင်းအားဖြင့် ကိုယ်တော်သည် ခမည်းတော်၏ “သစ္စာရှိသက်သေအစစ်အမှန်” ဖြစ်တော်မူကြောင်း လူမျိုးအသီးသီးတို့အား ထင်ရှားစေတော်မူခဲ့ပြီ။ (ဗျာဒိတ် ၃:၁၄; မဿဲ ၂၈:၁၈-၂၀) ဤလူမျိုးစုတို့ကို ယနေ့ အရေအတွက်တိုးများလာနေသော၊ ခရစ်တော်၏ဦးစီးမှုအားဖြင့် “ကြီးစွာသောဒုက္ခ” ကိုကပ်ကျော်မည့် “လူအုပ်ကြီး” ကကိုယ်စားပြုသည်။ (ဗျာဒိတ် ၇:၉၊ ၁၄) သို့သော် ယေရှု၏ဦးစီးမှုသည် ဤတွင်ရပ်တန့်မည်မဟုတ်။ ကိုယ်တော့် “အုပ်စိုးခြင်းအာဏာစက်” သည် အနှစ်တစ်ထောင်တိုင်လိမ့်မည်။ နာခံမှုရှိသူများအတွက် ကိုယ်တော်သည် “အံ့သြဖွယ် တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်” ဘွဲ့နာမနှင့်အညီ အကျိုးဆောင်တော်မူမည်။—ဟေရှာယ ၉:၆၊ ၇; ဗျာဒိတ် ၂၀:၆။
၇။ “အသက်စမ်းရေတွင်း” သို့ ခရစ်တော်ယေရှု၏ ပို့ဆောင်ပေးတော်မူခြင်းကိုရလိုလျှင် ကျွန်ုပ်တို့မကြန့်ကြာဘဲ ဘာလုပ်ရမည်နည်း။ ယေရှုသာမက ယေဟောဝါချစ်သောသူ ဖြစ်နိုင်ရန် အဘယ်အရာကဖြစ်စေမည်နည်း။
၇ နှလုံးသားဖြောင့်မှန်သူတို့အား သိုးသငယ် ခရစ်တော်ယေရှု ပို့ဆောင်ပေးတော်မူသည့် “အသက်စမ်းရေတွင်း” မှ အကျိုးကျေးဇူးခံစားလိုလျှင် ကျွန်ုပ်တို့၏လမ်းစဉ်အားဖြင့် ကိုယ်တော့်ရှင်ဘုရင်အခွင့်အာဏာကို ဝမ်းမြောက်ရွှင်လန်းစွာ လက်အောက်ခံကြောင်း ကြန့်ကြာမနေဘဲ တင်ပြရမည်။ (ဗျာဒိတ် ၇:၁၇; ၂၂:၁၊ ၂; ဆာလံ ၂:၁၂ နှိုင်းယှဉ်။) ယေရှု ဤသို့မိန့်တော်မူသည်– “ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့။ ငါ့ပညတ်တို့ကိုရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူကို ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်” မည်။ (ယောဟန် ၁၄:၁၅၊ ၂၁) သင်သည် ယေရှုသာမက ကိုယ်တော်၏ခမည်းတော် ချစ်သောသူ ဖြစ်လိုပါသလော။ ထိုသို့ဆိုလျှင် သူတို့၏အခွင့်အာဏာကို လက်အောက်ခံလေ။
ကြီးကြပ်မှူးများ ရွှင်လန်းစွာ နာခံကြ
၈၊ ၉။ (က) အသင်းတော်တည်ဆောက်မှုအတွက် ခရစ်တော်သည် ဘာကိုစီစဉ်ထားသနည်း။ အဘယ်နည်းဖြင့် ဤသူတို့သည် သိုးတော်စုရှေ့ ပုံသက်သေများ ဖြစ်သင့်သနည်း။ (ခ) ဗျာဒိတ်ကျမ်းတွင် ခရစ်ယာန်ကြီးကြပ်မှူးတို့၏ လက်အောက်ခံခြင်းကို မည်သို့တင်စားဖော်ပြထားသနည်း။ တရားရေးရာကိစ္စများကို ကိုင်တွယ်ရာတွင် “နာခံမှုရှိသောနှလုံး” ကိုမည်သို့ရှာကြံသင့်သနည်း။
၈ “အသင်းတော်သည် ခရစ်တော်၏အုပ်စိုးတော်မူခြင်းကို ဝန်ခံ” ၏။ ကြီးကြပ်မှူးအဖြစ် အသင်းတော်၏ “တည်ဆောက်” မှုအတွက် ‘လူတို့တွင်ဆုလာဘ်’ များကို ပေးသနားထားတော်မူပြီ။ (ဧဖက် ၄:၈၊ ၁၁၊ ၁၂; ၅:၂၄) ‘သူတို့နှင့်အတူရှိသော ဘုရားသခင်၏သိုးတော်စုကို ထိန်းခြင်းအမှုမှာ’ “အာဏာထား၍ အစိုးတရပြုသည်မဟုတ်ဘဲ သိုးတော်စုရှေ့မှာ ပုံသက်သေကိုပြသောသူဖြစ်ကြ” ရန် ဝိညာဉ်ရေးအရ ဤအသက်ကြီးသူများအား မှာကြားထားသည်။ (၁ ပေတရု ၅:၁-၃) သိုးတော်စုကို ယေဟောဝါပိုင်သ၍ ခရစ်တော်သည် ယင်း၏ “ကောင်းသောသိုးထိန်း” ဖြစ်တော်မူသည်။ (ယောဟန် ၁၀:၁၄) စောင့်ရှောက်ရန် ယေဟောဝါနှင့်ခရစ်တော် အပ်နှင်းထားသောသိုးတို့ထံမှ စေတနာစိတ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ကြီးကြပ်မှူးများ လျော်ကန်စွာမျှော်လင့်သည့်အတွက် သူတို့ကိုယ်တိုင်သည် လက်အောက်ခံခြင်းတွင် ပုံသက်သေကောင်းစွာ ဖြစ်သင့်ကြသည်။—တမန်တော် ၂၀:၂၈။
၉ ပထမရာစုတွင် ဘိသိက်ခံကြီးကြပ်မှူးများသည် ခရစ်တော်၏ လက်ယာလက် “တွင်” သို့မဟုတ် “အပေါ်” မှာရှိသည်ဟု တင်စားဖော်ပြခံရခြင်းက အသင်းတော်၏ခေါင်းဖြစ်သူ ကိုယ်တော်အား သူတို့လက်အောက်ခံခြင်းကို ပြသပါသည်။ (ဗျာဒိတ် ၁:၁၆၊ ၂၀၊ ကဘ; ၂:၁၊ ကဘ) ယနေ့လည်း ယေဟောဝါသက်သေများ၏ အသင်းတော်များရှိ ကြီးကြပ်မှူးများသည် ခရစ်တော်၏ ညွှန်ကြားမှုကို ထပ်တူပင် လက်အောက်ခံ၍ ‘ဘုရားသခင်၏ တန်ခိုးကြီးသောလက်တော်အောက်၌ ကိုယ်ကိုယ်ကို နှိမ့်ချ’ သင့်သည်။ (၁ ပေတရု ၅:၆) တရားရေးရာကိစ္စများကို ကိုင်တွယ်ရန်တောင်းဆိုခံရသောအခါ ရှောလမုန် သစ္စာရှိစဉ်အချိန်ကကဲ့သို့ ယေဟောဝါထံ ဤသို့ဆုတောင်းသင့်သည်– “ကိုယ်တော်ကျွန်သည် ကိုယ်တော်၏လူတို့ကို တရားစီရင်နိုင်မည်အကြောင်း နာခံမှုရှိသောနှလုံးကောင်းမကောင်းကို ပိုင်းခြား၍ သိတတ်သောဉာဏ်ကို ပေးသနားတော်မူပါ။” (၃ ဓမ္မရာဇဝင် ၃:၉၊ ကဘ) အရာခပ်သိမ်းကို ယေဟောဝါနှင့် ခရစ်တော်ယေရှု ရှုမြင်တော်မူသကဲ့သို့ ရှာကြံကြည့်ရှုရန် အကြီးအကဲ၏ နာခံမှုရှိစိတ်နှလုံးက သူ့အားလှုံ့ဆော်ပေးပါလိမ့်မည်။ သို့ပြုမှသာ မြေကြီးပေါ်စီရင်သောဆုံးဖြတ်ချက်သည် ကောင်းကင်၌ပြုသောဆုံးဖြတ်ချက်နှင့် အနီးစပ်ဆုံးတူညီနိုင်ရန်အတွက်ဖြစ်သည်။—မဿဲ ၁၈:၁၈-၂၀။
၁၀။ သိုးများကို ယေရှုဆက်ဆံပုံနှင့်ပတ်သက်၍ ကြီးကြပ်မှူးအားလုံး ကိုယ်တော်အား မည်သို့ကြိုးစားတုပသင့်သနည်း။
၁၀ နယ်လှည့်ကြီးကြပ်မှူးများနှင့် အသင်းတော်အကြီးအကဲများလည်း သိုးတို့ကို ခရစ်တော်ဆက်ဆံတော်မူခဲ့သကဲ့သို့ အတုယူဆက်ဆံရန် အလားတူကြိုးစားကြပါမည်။ ဖာရိရှဲများနည်းတူ လူတို့ လိုက်လျှောက်လုပ်ကိုင်ရန် ခဲယဉ်းသော စည်းကမ်းချက်အမြောက်အမြားကို ယေရှုချမှတ်တော်မမူခဲ့ချေ။ (မဿဲ ၂၃:၂-၁၁) သိုးကဲ့သို့သောသူတို့အား ကိုယ်တော်ဤသို့ဆိုသည်– “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် လန်းဆန်းစေမည်။ ငါ့ထမ်းပိုးကိုတင်၍ ငါ့ထံ၌နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိုးလ်သည် လန်းဆန်းရလိမ့်မည်။ အကြောင်းမူကား၊ ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏။” (မဿဲ ၁၁:၂၈-၃၀၊ ကဘ) ခရစ်ယာန်တစ်ဦးစီအနေနှင့် “မိမိတို့ဝန်ကို ဆောင်ရွက်ရကြ” မည်မှန်သော်လည်း ကြီးကြပ်မှူးများသည် ယေရှု၏ပုံသက်သေကို သတိရမှတ်မိသင့်ပြီး ညီအစ်ကိုများ၏ ခရစ်ယာန်တာဝန် ထမ်းရွက်စရာဝန်သည် “ထမ်းလွယ်” သည်၊ “ပေါ့၏”၊ ဝမ်းသာအားရထမ်းရွက်စရာဖြစ်သည်ဟု ခံစားရရန် ကူညီပေးသင့်သည်။—ဂလာတိ ၆:၅။
သီအိုကရက်တစ် လက်အောက်ခံခြင်း
၁၁။ (က) တစ်ဦးတစ်ယောက်သည် ဦးစီးမှုကို လေးစားလျက်နှင့် တကယ်သီအိုကရက်တစ်မဟုတ်ဘဲ မည်သို့ဖြစ်နိုင်သနည်း။ ဥပမာပေးပါ။ (ခ) တကယ်သီအိုကရက်တစ်ဖြစ်သည်ဟူသောအဓိပ္ပာယ်ကား အဘယ်နည်း။
၁၁ သီအိုကရေစီသည် ဘုရားအားဖြင့်အုပ်ချုပ်မှုဖြစ်သည်။ ဤတွင် ၁ ကောရိန္သု ၁၁:၃ ပါဦးစီးမှုမူ ပါဝင်နေသည်။ သို့သော် ထိုထက်မက ဆိုလိုသည်။ တစ်ဦးတစ်ယောက်သည် ဦးစီးမှုကို လေးစားဟန်ရှိလျက်နှင့် ထိုစကားလုံး၏ အဓိပ္ပာယ်အပြည့်အဝအတိုင်း သီအိုကရက်တစ်မဖြစ်ဘဲနေပေမည်။ မည်သို့ဖြစ်နိုင်သနည်း။ ဥပမာတင်ပြရလျှင် ဒီမိုကရေစီသည် လူသားများအားဖြင့်အုပ်ချုပ်မှုဖြစ်သည်။ ဒီမိုကရက်မည်သည် “ဒီမိုကရေစီဝါဒကို ယုံကြည်သူ” ဟုအနက်ဖွင့်ဆိုထားသည်။ လူတစ်ဦးသည် ဒီမိုကရက်တစ်ဖြစ်သည်ဟုဆိုကာ မဲဆန္ဒဖြင့်ရွေးကောက်ပွဲများတွင်ပါဝင်မည်၊ နိုင်ငံရေးစိတ်ထား ပြင်းပြသူပင် ဖြစ်ပေမည်။ သို့သော် အများအားဖြင့် သူ့အကျင့်အကြံများသည် ဒီမိုကရေစီစိတ်ဓာတ်နှင့် ယင်းနှင့်ပတ်သက်သောမူအားလုံးကို ဥပေက္ခာပြုနေလျှင် သူသည် အမှန်ဒီမိုကရက်တစ်ဖြစ်သည်ဟု ဆိုနိုင်မည်လော။ ထိုနည်းထပ်တူ အမှန်သီအိုကရက်တစ်ဖြစ်ဖို့ရန် ဦးစီးမှုကို အမည်ခံလောက်သာ လက်အောက်ခံခြင်းထက်မက ပို၍လုပ်ဆောင်ရမည်။ ယေဟောဝါ၏လမ်းစဉ်နှင့် ကိုယ်တော်၏အရည်အချင်းများကို တုပရမည်။ နေရာတကာတွင် ယေဟောဝါ၏ စိုးမိုးမှုကို အမှန်ခံယူရမည်။ ယေဟောဝါသည် သားတော်အား အခွင့်အာဏာအပြည့်အဝ အပ်နှင်းထားတော်မူသည့်အတွက်လည်း သီအိုကရက်တစ်ဖြစ်သည်ဟုဆိုရာတွင် ယေရှုကိုအတုယူခြင်းဟုလည်း အဓိပ္ပာယ်ရှိသည်။
၁၂၊ ၁၃။ (က) သီအိုကရက်တစ်ဖြစ်ခြင်းတွင် အထူးသဖြင့် အဘယ်အရာပါဝင်သနည်း။ (ခ) သီအိုကရက်တစ်လက်အောက်ခံမှုတွင် စည်းကမ်းချက်အမျိုးမျိုးကို လိုက်နာခြင်း ပါဝင်သလော။ ဥပမာပေးပါ။
၁၂ ချစ်ခြင်းမေတ္တာ၏ တိုက်တွန်းမှုအရ တလိုတလားလက်အောက်ခံခြင်းကို ယေဟောဝါအလိုရှိတော်မူကြောင်း သတိရပါ။ ယင်းသည် စကြဝဠာကို ကိုယ်တော်၏အုပ်ချုပ်နည်းဖြစ်သည်။ ကိုယ်တော်သည် ချစ်ခြင်းမေတ္တာ၏ပြယုဂ်ဖြစ်တော်မူ၏။ (၁ ယောဟန် ၄:၈) ခရစ်တော်ယေရှုသည် ကိုယ်တော်၏ “ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ ပုံသဏ္ဌာန်ဖြစ်” တော်မူသည်။ (ဟေဗြဲ ၁:၃) မိမိ၏တပည့်စစ်တို့အား အချင်းချင်းချစ်ကြရန် ကိုယ်တော်တောင်းဆိုတော်မူသည်။ (ယောဟန် ၁၅:၁၇) ထိုကြောင့် သီအိုကရက်တစ်ဖြစ်ခြင်းတွင် လက်အောက်ခံခြင်းသာမက ချစ်ခြင်းလည်း ပါဝင်သည်။ ဤကဲ့သို့အနှစ်ချုပ်နိုင်သည်– သီအိုကရေစီသည် ဘုရားအားဖြင့်အုပ်ချုပ်မှုဖြစ်သည်; ဘုရားသည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏; ထို့ကြောင့် သီအိုကရေစီသည် ချစ်ခြင်းမေတ္တာဖြင့် အုပ်ချုပ်ခြင်းတည်း။
၁၃ သီအိုကရက်တစ်ဖြစ်ဖို့ရန် ညီအစ်ကိုများသည် စည်းကမ်းချက်မျိုးစုံကို လိုက်နာသင့်သည်ဟု အကြီးအကဲတစ်ဦး အထင်ရှိနိုင်သည်။ အကြီးအကဲအချို့ဆိုလျှင် “သစ္စာနှင့်သတိပညာရှိကျေးကျွန်” ထံမှ ရံဖန်ရံခါပေးလာသော အကြံပေးချက်တို့ကို စည်းကမ်းချက်အဖြစ် ပြုလုပ်ခဲ့ကြသည်။ (မဿဲ ၂၄:၄၅) ဥပမာ၊ အသင်းတော်ရှိ ညီအစ်ကိုများကို ပိုမိုသိကျွမ်းရန် နိုင်ငံတော်ခန်းမတွင် ထိုင်ခုံတစ်နေရာတည်းတွင် အမြဲမထိုင်လျှင်ကောင်းမည်ဟု တစ်ခါက အကြံပြုခဲ့သည်။ ယင်းသည် လက်တွေ့ကျ အကြံပြုချက်တစ်ခုမျှဖြစ်သည်။ စည်းကမ်းသတ်မှတ်ချက်မဟုတ်ပါ။ သို့သော် အကြီးအကဲအချို့က ယင်းကို စည်းကမ်းချက်အဖြစ်ယူမှတ်ပြီး မလိုက်နာသူတို့အား သီအိုကရက်တစ်မဖြစ်ဟု ယူမှတ်လိုပေမည်။ အမှန်တွင် ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦး တစ်နေရာတည်းတွင် ထိုင်လိုသည့် အကြောင်းပြချက်များ ရှိကောင်းရှိနိုင်သည်။ အကြီးအကဲသည် ယင်းတို့ကို မေတ္တာရှိရှိ ထည့်မတွက်ပါမူ သူကိုယ်တိုင် အမှန်သီအိုကရက်တစ် ဖြစ်ပါမည်လော။ သီအိုကရက်တစ်ဖြစ်ရန် “ခပ်သိမ်းသောအမှုတို့ကို ချစ်ခြင်းမေတ္တာစိတ်နှင့် ဆောင်ရွက်ကြ” ရမည်ဖြစ်သည်။—၁ ကောရိန္သု ၁၆:၁၄။
ရွှင်လန်းစွာ အမှုဆောင်ခြင်း
၁၄၊ ၁၅။ (က) အကြီးအကဲတစ်ဦးသည် ညီအစ်ကို၊ ညီအစ်မအချို့ ယေဟောဝါအမှုတော်ထမ်းရာတွင် သူတို့၏ရွှင်လန်းမှုကို မည်သို့ပျောက်ပျက်သွားစေနိုင်သနည်း။ ယင်းသည် အဘယ်ကြောင့်သီအိုကရက်တစ်မဟုတ်သနည်း။ (ခ) အရေအတွက်ထက် ကျွန်ုပ်တို့ပြုမူသမျှ၌တင်ပြသော ချစ်ခြင်းမေတ္တာကို ကိုယ်တော်တန်ဖိုးထားကြောင်း ယေရှုမည်သို့ဖော်ပြသနည်း။ (ဂ) အကြီးအကဲများသည် အဘယ်အရာကို ထည့်စဉ်းစားသင့်သနည်း။
၁၄ သီအိုကရက်တစ်ဖြစ်သည်ဟုဆိုရာတွင် ယေဟောဝါကို ရွှင်လန်းအားရစွာအမှုဆောင်ခြင်းကိုလည်း ဆိုလိုသည်။ ယေဟောဝါသည် ‘ဝမ်းမြောက်သောဘုရား’ ဖြစ်တော်မူ၏။ (၁ တိမောသေ ၁:၁၁) မိမိအား ဝတ်ပြုသူများကို ရွှင်လန်းအားရစွာအမှုဆောင်ရန် ကိုယ်တော်အလိုရှိတော်မူသည်။ ဣသရေလလူမျိုး “ကျင့်အံ့သော” စည်းကမ်းများအနက် တစ်ခုမှာ ဤသို့ဖြစ်သည်ကို စည်းကမ်းကြီးလွန်းသူများ သတိရသင့်သည်– “ပြုလေရာရာ၌ သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်မှာ ရွှင်လန်းခြင်းကို ပြုရကြမည်။” (တရားဟောရာ ၁၂:၁၊ ၁၈) ယေဟောဝါ၏လုပ်ငန်းတော်တွင် ပြုလေသမျှတို့သည် ဝန်မလေးသင့်ဘဲ ရွှင်လန်းစရာဖြစ်သင့်သည်။ ညီအစ်ကိုများသည် မိမိတို့တတ်နိုင်သ၍ ယေဟောဝါအမှုဆောင်ရာတွင် ပျော်ရွှင်နိုင်ကြရန် ကြီးကြပ်မှူးများသည် များစွာပြုလုပ်စီမံပေးနိုင်သည်။ ပြောင်းပြန်အနေနှင့် အကြီးအကဲများသည် ဂရုမစိုက်လျှင် ညီအစ်ကိုအချို့၏ ရွှင်လန်းမှုကို ပျောက်ပျက်သွားစေနိုင်ပါသည်။ ဥပမာအနေနှင့်၊ သက်သေခံခြင်း၌ အသင်းတော်၏ပျမ်းမျှ အချိန်နာရီမီသူ၊ သို့မဟုတ် ကျော်သူတို့ကို ချီးမွမ်းပြီး မမီသူတို့ကိုကား အပြစ်ဆို နှိုင်းယှဉ်ဖော်ပြမည်ဆိုလျှင် ခိုင်လုံသောအကြောင်းရှိ၍ အချိန်လျော့နည်းရသူများသည် မည်သို့ခံစားကြရမည်နည်း။ ယင်းသို့ပြုခြင်းဖြင့် ကိုယ့်ကိုယ်ကို အပြစ်ရှိသည်ဟု သူတို့မထင်သင့်ဘဲထင်စေကာ ပျော်ရွှင်မှု ပျောက်လွင့်စေမည်မဟုတ်လော။
၁၅ အချို့သူများ လူအများရှေ့ သက်သေခံခဲ့သော နာရီအနည်းငယ်သည် ပိုငယ်ရွယ်ခြင်း၊ သာ၍ကျန်းမာခြင်း၊ သို့မဟုတ် အခြားအခြေအနေခွင့်ပေး၍ နာရီများစွာသွင်းခဲ့သူထက် ပိုကြိုးစားခဲ့ရခြင်းဖြစ်ပေမည်။ ဤကိစ္စတွင် အကြီးအကဲတို့သည် တရားစီရင်စရာမဟုတ်ပါ။ အမှန်မှာ “တရားစီရင်ခြင်းအခွင့်ကို” ယေရှုအား ခမည်းတော်အပ်ပေးထားတော်မူသည်။ (ယောဟန် ၅:၂၇) အများသောသူ၏အလှူထက် နည်းသောကြောင့် ချို့ငဲ့သောမုဆိုးမကို ယေရှုအပြစ်တင်ခဲ့သလော။ အပြစ်မတင်ပါ။ ထိုငွေပြားနှစ်ပြားသည် သူမအဖို့ မည်မျှတန်ဖိုးရှိသည်ကို အကင်းပါးစွာသိရှိတော်မူခဲ့သည်။ ၎င်းတို့သည် သူမ “အသက်မွေးစရာဥစ္စာရှိသမျှ” ဖြစ်သည်။ ယေဟောဝါကို အလွန်ချစ်မြတ်နိုးကြောင်း ထင်ရှားစေသည်တကား! (မာကု ၁၂:၄၁-၄၄) အရေအတွက်အားဖြင့် “ပျမ်းမျှ” ထက်လျော့သူများ၏ မေတ္တာပါကြိုးစားလုပ်ဆောင်မှုများကို အကြီးအကဲများ အကင်းပါးစွာမသိရှိသင့်ပေလော။ ယေဟောဝါကိုချစ်မြတ်နိုးခြင်းနှင့်ပတ်သက်လျှင် ထိုသို့သောကြိုးစားမှုသည် ပျမ်းမျှထက် သာလွန်နေကောင်းနေမည်!
၁၆။ (က) ဟောပြောချက်များတွင် အကြီးအကဲများသည် အရေအတွက်များကို ဖော်ပြပါက သူတို့သည် ပိုင်းခြားသိမြင်မှုနှင့်မျှတချင့်ချိန်မှုရှိဖို့ အဘယ်ကြောင့်လိုသနည်း။ (ခ) ညီအစ်ကိုများအား သူတို့၏လုပ်ငန်းတော်ကို တိုးချဲ့နိုင်ရန် အကောင်းဆုံးမည်သို့အကူအညီပေးနိုင်သနည်း။
၁၆ ဤသို့ပြောသည့်အတွက် အရေအတွက်—ပျမ်းမျှခြင်းတို့ကိုပင်—မဖော်ပြသင့်ဟု “စည်းကမ်း” အသစ်တစ်ခုအဖြစ် ယခုသတ်မှတ်ကြရမည်လော။ လုံးဝမဟုတ်ပါ! ဆိုလိုချက်မှာ ကြီးကြပ်မှူးတို့သည် ညီအစ်ကိုတို့အား ဓမ္မအမှုကိုတိုးချဲ့ရန် အားပေးခြင်းနှင့် သူတို့တတ်နိုင်သမျှကို ရွှင်လန်းအားရစွာ ဆောင်ရွက်ရန် ကူညီပေးခြင်းစပ်ကြား၌မျှတမှုရှိသင့်သည်။ (ဂလာတိ ၆:၄) ယေရှု၏ ငွေအခွက်များဥပမာတွင် သခင်သည် ကျွန် “အသီးသီး အစွမ်းသတ္တိရှိသည်အတိုင်း” သူ၏ဥစ္စာကို အပ်ပေးခဲ့သည်။ (မဿဲ ၂၅:၁၄၊ ၁၅) အကြီးအကဲများလည်း ဘုရားသခင့်နိုင်ငံတော်ကြေညာသူ တစ်ဦးစီ၏ အစွမ်းသတ္တိကို အလားတူထည့်တွက်သင့်သည်။ ယင်းသို့ပြုမူရန် ပိုင်းခြားသိနိုင်စွမ်းလိုသည်။ အချို့သူများကို ပိုမိုအားပေးရန် အမှန်လိုကောင်းလိုပေမည်။ သူတို့၏လုပ်ဆောင်မှုကို ပိုမိုစည်းစနစ်ကျနစေရန် ကူညီပေးသည့်အတွက် သူတို့ကျေးဇူးတင်ပေမည်။ မည်သို့ဆိုစေကာမူ သူတို့တတ်နိုင်သမျှကို ရွှင်လန်းအားရစွာ လုပ်ကိုင်နိုင်ရန် အကူအညီပေးနိုင်မည်ဆိုလျှင် ထိုရွှင်လန်းမှုက သူတို့၏ခရစ်ယာန်လုပ်ဆောင်မှုကို ဖြစ်နိုင်သည့်ဘက်မှ တိုးချဲ့ပေးရန် တွန်းအား ဖြစ်နိုင်ပါသည်။—နေဟမိ ၈:၁၀; ဆာလံ ၅၉:၁၆; ယေရမိ ၂၀:၉။
ရွှင်လန်းစွာ လက်အောက်ခံခြင်းမှရသော ငြိမ်သက်ခြင်း
၁၇၊ ၁၈။ (က) ရွှင်လန်းစွာလက်အောက်ခံခြင်းမှ ငြိမ်သက်ခြင်းနှင့် ဖြောင့်မတ်ခြင်းကို မည်သို့ခံစားနိုင်သနည်း။ (ခ) ကျွန်ုပ်တို့ ဘုရားသခင်၏ ပညတ်တို့ကို အမှန်စောင့်ရှောက်ကြမည်ဆိုလျှင် အဘယ်အရာများကို ပိုင်ဆိုင်နိုင်မည်နည်း။
၁၇ ယေဟောဝါ၏ တရားဝင် အုပ်စိုးပိုင်သခွင့်ကို ရွှင်လန်းစွာ လက်အောက်ခံခြင်းမှ ကြီးမားသောငြိမ်သက်ခြင်း ခံစားရ၏။ ယေဟောဝါထံ ဆုတောင်းစဉ် ဆာလံဆရာ ဤသို့ဆိုသည်– “တရားတော်ကိုနှစ်သက်သောသူတို့၌ ကြီးစွာသောငြိမ်ဝပ်ခြင်းရှိပါ၏။ သူတို့ စိတ်ပျက်စရာအကြောင်း မရှိပါ။” (ဆာလံ ၁၁၉:၁၆၅) ဘုရားသခင့်တရားတော်ကို နာခံခြင်းအားဖြင့် ကျွန်ုပ်တို့ကိုယ်တိုင်အကျိုးကျေးဇူးခံစားရသည်။ ဣသရေလလူမျိုးအား ယေဟောဝါ ဤသို့မိန့်တော်မူသည်– “သင့်ကိုရွေးနုတ်သောသူ၊ ဣသရေလအမျိုး၏ သန့်ရှင်းသောအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား– ‘ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကို သွန်သင်၍ သင်သွားအပ်သောလမ်းဖြင့် ပို့ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါစေသော! သို့ပြုလျှင် သင်၏ချမ်းသာသည် မြစ်ကဲ့သို့လည်းကောင်း၊ သင်၏ဖြောင့်မတ်ခြင်းပါရမီသည် သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။’”—ဟေရှာယ ၄၈:၁၇၊ ၁၈။
၁၈ ခရစ်တော်၏ ရွေးနုတ်ဖိုးပူဇော်သက္ကာသည် ဘုရားသခင်နှင့်ငြိမ်သက်ခြင်းကို ရရှိစေသည်။ (၂ ကောရိန္သု ၅:၁၈၊ ၁၉) ခရစ်တော်၏ ရွေးနုတ်ခြင်းအသွေးကို ယုံကြည်အားထားမည်၊ ကျွန်ုပ်တို့၏အားနည်းချက်များကို တိုက်လှန်၍ ဘုရားသခင့်အလိုတော်ကို အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်မည်ဆိုလျှင် အပြစ်ရှိသည်ဟု ခံစားနေရခြင်းမှ လွတ်မြောက်မှုတွေ့ရှိရပါသည်။ (၁ ယောဟန် ၃:၁၉-၂၃) အကျင့်ကပံ့ပိုးသည့် ဤသို့သောယုံကြည်ခြင်းသည် ယေဟောဝါမျက်မှောက်တွင် ဖြောင့်မတ်သောအနေအထားရှိစေရုံမက “ကြီးစွာသောဒုက္ခ” ကိုကျော်ပြီး ယေဟောဝါ၏ကမ္ဘာသစ်တွင် ထာဝစဉ်နေနိုင်မည်ဟူသော ဝမ်းသာစရာမျှော်လင့်ချက်ရှိစေသည်။ (ဗျာဒိတ် ၇:၁၄-၁၇; ယောဟန် ၃:၃၆; ယာကုပ် ၂:၂၂၊ ၂၃) ကျွန်ုပ်တို့သာ ‘ဘုရားသခင်၏ ပညတ်တို့ကို စောင့်ရှောက်ကြသော်’ ထိုအရာအလုံးစုံတို့ကို ကျွန်ုပ်တို့ပိုင်ဆိုင်နိုင်ပါလိမ့်မည်။
၁၉။ ယခု ကျွန်ုပ်တို့ပျော်ရွှင်နိုင်ရေး၊ ထာဝရအသက်ရရေးသည် အဘယ်ပေါ်မူတည်သနည်း။ ကျွန်ုပ်တို့၏ လှိုက်လှိုက်လှဲလှဲခံယူချက်ကို ဒါဝိဒ် မည်သို့ဖော်ပြသနည်း။
၁၉ မှန်ပါသည်၊ ယခု ကျွန်ုပ်တို့ပျော်ရွှင်နိုင်ရေး၊ ပရဒိသုကမ္ဘာပေါ် ထာဝရအသက်ရရန် ကျွန်ုပ်တို့မျှော်လင့်နိုင်ရေးသည် စကြဝဠာ၏ ပိုင်သအုပ်စိုးရှင်အဖြစ် ယေဟောဝါ၏အခွင့်အာဏာကို ရွှင်လန်းအားရစွာ လက်အောက်ခံခြင်းအပေါ် မူတည်နေပါသည်။ ဤသို့ပြောဆိုခဲ့သူ ဒါဝိဒ် ခံစားခဲ့သည်နည်းတူ ခံစားနိုင်ပါစေ– “အိုထာဝရဘုရား၊ ကိုယ်တော်သည် ဘုန်းတန်ခိုးအာနုဘော်၊ အောင်မြင်ခြင်းအခွင့်၊ အာဏာတော်နှင့် ပြည့်စုံတော်မူ၏; ကောင်းကင် မြေကြီး၌ ရှိရှိသမျှကို ပိုင်တော်မူ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အစိုးရတော်မူ၏။ ခပ်သိမ်းသောသူတို့၏အထွတ်၊ မြင့်မြတ်တော်မူ၏။ သို့ဖြစ်၍ အကျွန်ုပ်တို့၏ဘုရားသခင် ကျေးဇူးတော်ကြီးလှပါသည်ဟု အကျွန်ုပ်တို့သည် ဝန်ခံ၍ ဘုန်းကြီးသောနာမတော်ကို ချီးမွမ်းကြပါ၏။”—၁ ရာဇဝင်ချုပ် ၂၉:၁၁၊ ၁၃။
◻ မည်သည့်လက်အောက်ခံမှုနှင့် နာခံမှုကို မိမိကျေးကျွန်များအား ယေဟောဝါတင်ပြစေလိုတော်မူသနည်း။
◻ နာခံမှုအတွက် ယေရှု အဘယ်ဆုကျေးဇူးခံစားရသနည်း။ ကျွန်ုပ်တို့၏အပြုအမူလမ်းစဉ်အားဖြင့် အဘယ်အရာကို သက်သေထူရမည်နည်း။
◻ သိုးများကို ယေရှုဆက်ဆံပုံနှင့်ပတ်သက်၍ ကြီးကြပ်မှူးအားလုံး ကိုယ်တော်အား မည်သို့တုပသင့်သနည်း။
◻ သီအိုကရက်တစ်ဖြစ်ခြင်းတွင် အဘယ်အရာပါဝင်သနည်း။
◻ ရွှင်လန်းစွာ လက်အောက်ခံခြင်းမှ အဘယ်ကောင်းချီးများ ကျွန်ုပ်တို့ ခံစားနိုင်သနည်း။
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
သိုးတော်စုတတ်နိုင်သမျှကို အားရရွှင်လန်းစွာပြုလုပ်ရန် အကြီးအကဲများ အားပေးကြ၏
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
နှလုံးထဲမှ ကိုယ်တော်ကို နာခံသူများသည် ယေဟောဝါအလိုတော်နှင့်တွေ့၏