ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၁/၁၅ စာ. ၁၅-၂၀
  • သီအိုကရေစီတွင်ရှိ သိုးထိန်းများနှင့် သိုးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သီအိုကရေစီတွင်ရှိ သိုးထိန်းများနှင့် သိုးများ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယနေ့ အဘယ်နည်းများဖြင့် ကျွန်ုပ်တို့သည် သီအိုကရက်တစ် ဖြစ်သနည်း
  • မျက်မှောက်ခေတ် သီအိုကရေစီ
  • သီအိုကရေစီတွင်ရှိ အကြီးအကဲများ
  • ခရစ်ယာန်စိတ်ဓာတ်နှင့် အမှုဆောင်ခြင်း
  • သီအိုကရေစီတွင်ရှိ သိုးများ
  • သိုးထိန်းများနှင့် သိုးတို့သည် အတူတကွလုပ်ဆောင်ကြ
  • ယုံကြည်ခြင်းဆိုင်ရာ သက်သေထွက်ဆိုချက်
  • သီအိုကရေစီနှင့် နီးနီးကပ်ကပ်နေလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ယေဟောဝါစိုးမိုး —သီအိုကရေစီအားဖြင့်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • အသင်းတော်ကို စီစဉ်ဖွဲ့စည်းထားပုံ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ‘သင်တို့စောင့်ရှောက်နေသော ဘုရားသခင့် သိုးတော်စုကို ထိန်းကျောင်းကြလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၁/၁၅ စာ. ၁၅-၂၀

သီအိုကရေစီတွင်ရှိ သိုးထိန်းများနှင့် သိုးများ

“ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ငါတို့၏တရားသူကြီး ဖြစ်တော်မူ၏။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ငါတို့၏ ပညတ်တရားရှင် ဖြစ်တော်မူ၏။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ငါတို့၏ရှင်ဘုရင်ဖြစ်၍၊ ငါတို့ကို ကယ်တင်တော်မူလိမ့်မည်။”—ဟေရှာယ ၃၃:၂၂။

၁ ပထမရာစုခရစ်ယာန်များနှင့် မျက်မှောက်ခေတ်ခရစ်ယာန်များသည် သီအိုကရေစီဖြစ်ကြောင်း မည်သို့ဆိုနိုင်သနည်း။

သီအိုကရေစီအဓိပ္ပာယ်ကား ဘုရားသခင်အားဖြင့် အုပ်ချုပ်မှုဖြစ်သည်။ ဤတွင် ယေဟောဝါ၏ တန်ခိုးအာဏာကို လက်ခံ၍ ကျွန်ုပ်တို့၏ဘဝအသက်တာ၌ ဆုံးဖြတ်ချက် အကြီးအငယ်ကို ကိုယ်တော်၏လမ်းပြညွှန်ကြားမှုနှင့် သွန်သင်ချက်အတိုင်း လိုက်လျှောက်ပြုမူခြင်း ပါဝင်ပါသည်။ ပထမရာစုအသင်းတော်သည် စစ်မှန်သော သီအိုကရေစီဖြစ်သည်။ ထိုစဉ်ကခရစ်ယာန်များသည် ရိုးသားမှန်ကန်စွာဖြင့် ဤသို့ဆိုနိုင်ကြသည်– “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ငါတို့၏တရားသူကြီး ဖြစ်တော်မူ၏။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ငါတို့၏ ပညတ်တရားရှင် ဖြစ်တော်မူ၏။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ငါတို့၏ရှင်ဘုရင်ဖြစ်၏။” (ဟေရှာယ ၃၃:၂၂) ယနေ့ ယေဟောဝါဘုရားသခင့်အဖွဲ့အစည်း၏ ဗဟိုချက်မအဖြစ် ဘိသိက်ခံအကြွင်းအကျန်ရှိနေရာ ယင်းသည်လည်း စစ်မှန်သောသီအိုကရေစီဖြစ်ပါသည်။

ယနေ့ အဘယ်နည်းများဖြင့် ကျွန်ုပ်တို့သည် သီအိုကရက်တစ် ဖြစ်သနည်း

၂။ ယေဟောဝါသက်သေများသည် ယေဟောဝါ၏အုပ်ချုပ်မှုကို လက်အောက်ခံသည့်နည်းတစ်နည်းကား အဘယ်နည်း။

၂ ယေဟောဝါ၏မြေကြီးဆိုင်ရာအဖွဲ့အစည်းသည် သီအိုကရေစီဖြစ်သည်ဟူ၍ မည်သို့ပြောဆိုနိုင်ပါသနည်း။ အကြောင်းမူကား ယင်းအဖွဲ့ဝင်များသည် ယေဟောဝါ၏အုပ်ချုပ်မှုကို အမှန်ခံယူကြသောကြောင့်ဖြစ်သည်။ ရှင်ဘုရင်အဖြစ် ယေဟောဝါနန်းတင်ထားတော်မူသော ယေရှုခရစ်၏ ဦးစီးဦးဆောင်မှုကိုလည်း သူတို့လိုက်ကြသည်။ ဥပမာ၊ နောက်ဆုံးကာလတွင် ကြီးမြတ်တော်မူသောသီအိုကရက်ထံမှ ဤတိုက်ရိုက်အမိန့်တော်ကို ယေရှုအား ကြားသိစေခဲ့သည်– “ကိုယ်တော်၏တံစဉ်ကိုလွှတ်၍ စပါးကို ရိတ်တော်မူပါ။ ရိတ်ရသောအချိန် ရောက်ပါပြီ။ မြေကြီး၌ ရိတ်စရာစပါး မှည့်ပါပြီ။” (ဗျာဒိတ် ၁၄:၁၅) အမိန့်တော်ကို ယေရှုနာခံကာ မြေကြီး၌ ရိတ်သိမ်းခြင်းတွင်ပါဝင်တော်မူသည်။ သတင်းကောင်းကို ဇွဲလုံ့လဖြင့်ဟောပြောပြီး တပည့်ဖြစ်စေခြင်းအားဖြင့် သူတို့၏ဘုရင်ကို ကျောထောက်နောက်ခံပြု၍ ဤကြီးမားသောလုပ်ငန်း၌ ခရစ်ယာန်များ ပါဝင်နေကြပါသည်။ (မဿဲ ၂၈:၁၉; မာကု ၁၃:၁၀; တမန်တော် ၁:၈) ဤသို့ပြုခြင်းအားဖြင့် သူတို့သည် ကြီးမြတ်တော်မူသောသီအိုကရက် ယေဟောဝါ၏ လုပ်ဖော်ဆောင်ဖက်များလည်း ဖြစ်ကြပါသည်။—၁ ကောရိန္သု ၃:၉။

၃။ ခရစ်ယာန်များသည် စာရိတ္တရေးတွင် သီအိုကရေစီကို မည်သို့လက်အောက်ခံကြသနည်း။

၃ အကျင့်အကြံအားဖြင့်လည်း ခရစ်ယာန်များသည် ဘုရားအုပ်ချုပ်မှုကို လက်အောက်ခံကြပါသည်။ ယေရှုက ဤသို့ဆိုခဲ့သည်– “သမ္မာတရားကိုကျင့်သောသူမူကား မိမိအကျင့်တို့သည် ဘုရားသခင်၏အလိုတော်နှင့်ညီသည်ကို ထင်ရှားစေခြင်းငှာ အလင်းသို့ ချဉ်းကပ်သည်။” (ယောဟန် ၃:၂၁) ယနေ့ စာရိတ္တစံချိန်နှင့်ပတ်သက်၍ မဆုံးနိုင်သောအငြင်းပွားမှုများ ဖြစ်နေကြသော်လည်း ယင်းတို့တွင် ခရစ်ယာန်များ မပါဝင်မပတ်သက်ကြပါ။ စာရိတ္တယိုယွင်းသည်ဟု ယေဟောဝါမိန့်တော်မူသမျှကို သူတို့လက်ခံသဘောတူညီကာ ယင်းကို ကပ်ရောဂါပမာ ရှောင်ကြဉ်ကြ၏! မိသားစုကိုလည်း သူတို့ကြည့်ရှုစောင့်ရှောက်ကြ၏၊ မိဘစကား နားထောင်ကြ၏၊ အထွတ်အမြတ်အာဏာစက်၏ အုပ်စိုးခြင်းကို ဝန်ခံလျက်နေကြ၏။ (ဧဖက် ၅:၃-၅၊ ၂၂-၃၃; ၆:၁-၄; ၁ တိမောသေ ၅:၈; တိတု ၃:၁) ဤနည်းဖြင့် ဘုရားသခင့်သဘောတော်နှင့်အညီ သီအိုကရက်တစ်ဆန်ဆန် သူတို့ကျင့်ကြံပြုမူကြပါသည်။

၄။ အာဒံ၊ ဧဝ နှင့် ရှောလုတို့သည် အဘယ်စိတ်ထားအမှားကို တင်ပြခဲ့၍ ခရစ်ယာန်များမူကား ယင်းနှင့်မတူသောစိတ်ထားကို မည်သို့တင်ပြသနည်း။

၄ အမှားအမှန်ကို ကိုယ်ကိုယ်တိုင် ဆုံးဖြတ်လိုသည့်အတွက် အာဒံနှင့်ဧဝသည် ပရဒိသုကို ဆုံးရှုံးခဲ့သည်။ ယေရှုမူကား ထိုသို့ပြုရန် အလိုရှိတော်မမူ။ ကိုယ်တော် ဤသို့မြွက်ဆိုသည်– “ငါသည် ကိုယ်အလိုသို့မလိုက်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏အလိုသို့ လိုက်၏။” ခရစ်ယာန်များလည်း ထပ်တူပင် ပြုမူလိုကြပါသည်။ (ယောဟန် ၅:၃၀; လုကာ ၂၂:၄၂; ရောမ ၁၂:၂; ဟေဗြဲ ၁၀:၇) ဣသရေလနိုင်ငံ၏ ပထမရှင်ဘုရင် ရှောလုသည် ယေဟောဝါစကားကို နာခံခဲ့၏—သို့သော် တစ်စိတ်တစ်ပိုင်းသာ နာခံသည်။ ယင်းကြောင့် သူပစ်ပယ်ခံခဲ့ရသည်။ ရှမွေလက သူ့အား ဤသို့ဆိုသည်– “အလိုတော်သို့လိုက်ခြင်းသည် ယဇ်မျိုးထက် သာ၍ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ကောင်း၏။” (၁ ဓမ္မရာဇဝင် ၁၅:၂၂) ဟောပြောခြင်းလုပ်ငန်း၌ မှန်မှန်ပါဝင်ခြင်း သို့မဟုတ် စည်းဝေးမှန်မှန်တက်ခြင်းဖြင့် ယေဟောဝါ၏အလိုတော်ကို အတိုင်းအတာအကန့်အသတ်အထိသာ လိုက်နာဆောင်ရွက်ပြီးနောက် စာရိတ္တရေး သို့မဟုတ် အခြားနည်းတစ်နည်းနည်းဖြင့် လိုက်လျောအလျှော့ပေးခြင်းသည် သီအိုကရက်တစ်ဖြစ်သည်ဟု ဆိုမည်လော။ လုံးဝ မဆိုနိုင်ပါ။ ‘ဘုရားသခင်၏အလိုတော်ကို စိုးလ်အပြည့်လုပ်ဆောင်’ ရန် ကျွန်ုပ်တို့ကြိုးစားအားထုတ်ကြပါသည်။ (ဧဖက် ၆:၆; ၁ ပေတရု ၄:၁၊ ၂) ရှောလုနှင့်မတူဘဲ ဘုရားသခင့်အုပ်ချုပ်မှုကို ကျွန်ုပ်တို့လုံးလုံးလျားလျား လက်အောက်ခံကြပါသည်။

မျက်မှောက်ခေတ် သီအိုကရေစီ

၅၊ ၆။ ယနေ့ လူသားတို့နှင့် ယေဟောဝါ မည်သို့ဆက်ဆံသနည်း။ ဤအစီအစဉ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် အဘယ်အကျိုးကို ဖြစ်ထွန်းစေသနည်း။

၅ လွန်လေပြီးသောအခါက ပရောဖက်များ၊ ရှင်ဘုရင်များနှင့် တမန်တော်များ ကဲ့သို့သော သူတို့မှတစ်ဆင့် ယေဟောဝါအုပ်ချုပ်တော်မူ၍ သမ္မာတရားကို ဖွင့်ပြတော်မူခဲ့သည်။ ယနေ့ ထိုသို့ပြုတော်မမူချေ။ မှုတ်သွင်းခံ ပရောဖက်များ သို့မဟုတ် တမန်တော်များ မရှိတော့ပါ။ ယင်းအစား ရှင်ဘုရင်အဖြစ် ယေရှုရောက်ရှိချိန်တွင် သစ္စာရှိတပည့်နောက်လိုက်အဖွဲ့တည်းဟူသော ‘သစ္စာနှင့်သတိပညာရှိကျေးကျွန်’ ကို ခွဲခြားသတ်မှတ်တော်မူ၍ ယင်းအား မိမိဥစ္စာကို အပ်နှင်းတော်မူမည်ဟု ကိုယ်တော်မိန့်မှာခဲ့သည်။ (မဿဲ ၂၄:၄၅-၄၇; ဟေရှာယ ၄၃:၁၀) ၁၉၁၉ ခုနှစ်တွင် ထိုကျေးကျွန်သည် ဘိသိက်ခံခရစ်ယာန်များ၏ အကြွင်းအကျန်ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ထိုအချိန်ကတည်းက ယင်းကို ကိုယ်စားပြုသည့် ယေဟောဝါသက်သေများ၏အုပ်ချုပ်ရေးအဖွဲ့သည် ကမ္ဘာပေါ်တွင် သီအိုကရေစီ၏ အချက်အချာ ဖြစ်နေပြီ။ ကမ္ဘာတစ်ဝန်းတွင် ဌာနခွဲကော်မတီများ၊ နယ်လှည့်ကြီးကြပ်မှူးများနှင့် အသင်းတော်အကြီးအကဲများက အုပ်ချုပ်ရေးအဖွဲ့ကို ကိုယ်စားပြုပါသည်။

၆ သီအိုကရက်တစ်အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် သီအိုကရေစီကို လက်အောက်ခံခြင်း၏ အရေးကြီးကဏ္ဍတစ်ရပ်ဖြစ်သည်။ ဤသို့ပူးပေါင်းဆောင်ရွက်ခြင်းသည် ကမ္ဘာချီ “ညီအစ်ကိုများအသင်းအပင်း” ၌ စည်းလုံးညီညွတ်မှုနှင့် စည်းစနစ်ကျနမှုဖြစ်စေသည်။ (၁ ပေတရု ၂:၁၇၊ ကဘ) ယင်းသို့ပြုခြင်းကလည်း “ရုန်းရင်းခတ်သောအမှုကို ပြုစုတော်မမူ . . . ငြိမ်ဝပ်ခြင်းကိုပြုစုတော်မူ” သောဘုရားသခင် ယေဟောဝါအလိုတော်နှင့်တွေ့သည်။—၁ ကောရိန္သု ၁၄:၃၃။

သီအိုကရေစီတွင်ရှိ အကြီးအကဲများ

၇။ ခရစ်ယာန်အကြီးအကဲများသည် သီအိုကရက်တစ်အရခန့်အပ်ခံရသည်ဟု အဘယ်ကြောင့်ပြောနိုင်သနည်း။

၇ မည်သည့်တာဝန်ကိုမဆို ထမ်းဆောင်ရစေကာမူ ခန့်အပ်ခံ အသက်ကြီးသူအားလုံး၌ ကြီးကြပ်မှူး သို့မဟုတ် အသက်ကြီးသူများနှင့်စပ်လျဉ်းသည့် ကျမ်းစာတွင် အကြမ်းဖျင်းဖော်ပြထားသော အရည်အချင်းများ ရှိရမည်ဖြစ်သည်။ (၁ တိမောသေ ၃:၁-၇; တိတု ၁:၅-၉) ထပ်မံ၍ ဧဖက်မြို့ရှိ အကြီးအကဲများအား ပေါလုပြောဆိုခဲ့သောစကားများသည် အကြီးအကဲအားလုံးနှင့် သက်ဆိုင်သည်– “သင်တို့သည် ကိုယ်ကိုသတိနှင့်ကြည့်ရှုကြလော့။ . . . သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကို အအုပ်အချုပ်ခန့်ထားတော်မူသော သိုးစုတစ်စုလုံးကိုလည်း သတိနှင့်ကြည့်ရှုကြလော့။” (တမန်တော် ၂၀:၂၈) မှန်ပါသည်၊ ယေဟောဝါဘုရားသခင်ထံတော်မှလာသော သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အကြီးအကဲများ ခန့်အပ်ခံကြရသည်။ (ယောဟန် ၁၄:၂၆) သူတို့၏ ခန့်အပ်ခြင်းသည် သီအိုကရက်တစ်ဆန်သည်။ ထို့ပြင် သူတို့သည် ဘုရားသခင့်သိုးတော်စုကို ထိန်းကျောင်းကြရသည်။ သိုးတော်စုသည် အကြီးအကဲများပိုင်မဟုတ် ယေဟောဝါပိုင်ဆိုင်တော်မူသည်။ ယင်းသည် သီအိုကရေစီဖြစ်သည်။

၈။ ယနေ့ အကြီးအကဲများ၏ အထွေထွေတာဝန်များကား အဘယ်နည်း။

၈ ဧဖက်အသင်းတော်ထံ ရေးသားသောစာတွင် တမန်တော်ပေါလုသည် အကြီးအကဲများ၏ အထွေထွေတာဝန်များကို ဤသို့အကြမ်းဖျင်းဖော်ပြထားသည်– “ခရစ်တော်၏ကိုယ်ကိုတည်ဆောက်၍ ဓမ္မဆရာ၏အမှုကို ပြုတတ်မည်အကြောင်း၊ သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလို့ငှာ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌လည်းကောင်း၊ အချို့တို့ကို ပရောဖက်အရာ၌လည်းကောင်း၊ အချို့တို့ကို သာသနာပြုအရာ၌လည်းကောင်း၊ အချို့တို့ကို သင်းအုပ်အရာ၊ ဆရာအရာ၌လည်းကောင်း ခန့်ထားတော်မူ၏။” (ဧဖက် ၄:၁၁၊ ၁၂) “ခရစ်တော်၏ကိုယ်” မွေးကင်းစအရွယ်နောက်ပိုင်းတွင် တမန်တော်များနှင့် ပရောဖက်များ ကွယ်ပျောက်သွားပါသည်။ (၁ ကောရိန္သု ၁၃:၈ နှိုင်းယှဉ်။) သို့သော် အကြီးအကဲများသည် ဧဝံဂေလိသတင်း ဟောပြောခြင်း၊ သိုးထိန်းလုပ်ငန်းကိုလုပ်ခြင်းနှင့် သွန်သင်သြဝါဒပေးခြင်းအမှုတွင် အလုပ်များနေကြဆဲရှိသည်။—၂ တိမောသေ ၄:၂; တိတု ၁:၉။

၉။ အသင်းတော်တွင် ဘုရားသခင့်အလိုတော်ကို ကိုယ်စားပြုရန် အကြီးအကဲများသည် မိမိကိုယ်ကို မည်သို့ပြင်ဆင်သင့်သနည်း။

၉ သီအိုကရေစီသည် ဘုရားအုပ်ချုပ်မှုဖြစ်သဖြင့် ထိရောက်စွာအမှုထမ်းသော အကြီးအကဲများသည် ဘုရားသခင့်အလိုတော်နှင့် လုံးလုံးလျားလျားအကျွမ်းတဝင်ရှိကြပါသည်။ ပညတ္တိကျမ်းကို နေ့စဉ်နေ့တိုင်း ဖတ်ရွတ်ရန် ယောရှုမိန့်မှာခံခဲ့ရသည်။ အကြီးအကဲများလည်း ဖတ်ရှုလေ့လာ၍ ကျမ်းစာစောင်များကို မှန်မှန်ဆင်ခြင်သုံးသပ်ရန်၊ သစ္စာသမာဓိရှိကျေးကျွန်ထုတ်ဝေသော ကျမ်းစာစာပေများနှင့် လုံးလုံးလျားလျားအကျွမ်းတဝင်ရှိနေရန် လိုပါသည်။ (၂ တိမောသေ ၃:၁၄၊ ၁၅) ယင်းစာပေများတွင် ထူးခြားသောအခြေအနေတို့နှင့် ကျမ်းစာမူများ မည်သို့သက်ဆိုင်ကြောင်း ဖော်ပြသည့် ကင်းမျှော်စင်နှင့်နိုးလော့!မဂ္ဂဇင်းနှင့် အခြားအခြားသောစာပေများလည်းပါဝင်ပါသည်။aသို့ရာတွင် ကင်းမျှော်စင်အသင်း၏စာပေစာတမ်း၌ ဖော်ပြထားသည့် ညွှန်ကြားချက်များကို အကြီးအကဲတစ်ဦး သိရှိ၍ လိုက်နာရန် အရေးကြီးသည်မှန်သော်လည်း ယင်းတို့အခြေခံသည့် ကျမ်းစာဆိုင်ရာမူများကိုပါ လုံးလုံးလျားလျားအကျွမ်းတဝင်ရှိနေရန်လည်း လိုသည်။ ထိုအခါ ကျမ်းစာဆိုင်ရာလမ်းညွှန်ချက်များကို သဘောပေါက်နားလည်စွာဖြင့်မက ကြင်နာမှုရှိရှိ ကိုင်တွယ်ဖြေရှင်းပေးနိုင်ပါလိမ့်မည်။—မိက္ခာ ၆:၈ နှိုင်းယှဉ်။

ခရစ်ယာန်စိတ်ဓာတ်နှင့် အမှုဆောင်ခြင်း

၁၀။ အဘယ်မကောင်းသောစိတ်ထားမရှိစေရန် အကြီးအကဲများသည် မိမိတို့ကိုယ်ကို စောင့်ကြပ်သင့်သနည်း။ မည်သို့အားဖြင့်နည်း။

၁၀ စီ.အီး. ၅၅ ခုနှစ်ခန့်တွင် တမန်တော်ပေါလုသည် ကောရိန္သုအသင်းတော်ထံ မိမိ၏ပထမစာစောင်ကို ရေးသားခဲ့သည်။ သူကိုင်တွယ်ခဲ့ရသော ပြဿနာများအနက် တစ်ခုကား အသင်းတော်တွင် အကြီးအမှူးပြုထင်ရှားလိုသူအချို့နှင့် သက်ဆိုင်ပါသည်။ ပေါလု ဤသို့ရေးသားသည်– “ယခုတွင် သင်တို့သည် ကြွယ်ဝကြ၏။ ငွေရတတ်ကြ၏။ ငါတို့မရှိစဉ်တွင် စိုးစံကြ၏။ ငါတို့သည် သင်တို့နှင့်အတူ စိုးစံရသောအခွင့်ရှိမည်အကြောင်း သင်တို့ကို အမှန်စိုးစံစေခြင်းငှာ အလိုရှိ၏။” (၁ ကောရိန္သု ၄:၈) စီ.အီး. ပထမရာစုတွင် ခရစ်ယာန်အားလုံးသည် ယေရှုနှင့်အတူ ကောင်းကင်ဘုန်းဝင်စား၍ ဘုရင်နှင့်ယဇ်ပုရောဟိတ်အရာကိုခံယူကြရန် မျှော်လင့်နေကြသည်။ (ဗျာဒိတ် ၂၀:၄၊ ၆) သို့သော် ခရစ်ယာန်သီအိုကရေစီတွင် မြေကြီးပေါ်မင်းပြုခြင်းအခွင့် မရှိကြောင်းကို ကောရိန္သုမြို့ရှိ အချို့သူတို့သည် မေ့လျော့နေကြောင်းထင်ရှားသည်။ ဤလောကတွင် ရှင်ဘုရင်များနည်းတူ ပြုမူကျင့်ကြံမည့်အစား ခရစ်ယာန်သိုးထိန်းများသည် ယေဟောဝါအလိုတော်နှင့်တွေ့သော နှိမ့်ချသည့်အရည်အချင်းကို မွေးမြူနေကြပါသည်။—ဆာလံ ၁၃၈:၆; လုကာ ၂၂:၂၅-၂၇။

၁၁။ (က) ထူးခြားသော နှိမ့်ချခြင်းပုံသက်သေအချို့ကား အဘယ်နည်း။ (ခ) အကြီးအကဲများနှင့် အခြားအခြားသောခရစ်ယာန်များအားလုံးသည် မိမိကိုယ်ကို မည်သို့ရှုမြင်သင့်သနည်း။

၁၁ နှိမ့်ချခြင်းသည် ပျော့ညံ့ခြင်းလော။ လုံးဝမဟုတ်ပါ! ယေဟောဝါကိုယ်တော်တိုင်ပင် နှိမ့်ချတော်မူသည်ဟု ဖော်ပြထားပါသည်။ (ဆာလံ ၁၈:၃၅) ဣသရေလရှင်ဘုရင်များသည် စစ်တိုက်ချိန်တွင် စစ်တပ်များကိုဦးဆောင်၍ ယေဟောဝါလက်အောက်၌ လူမျိုးတော်ကို အုပ်ချုပ်ပါသည်။ သို့ဖြစ်၍ပင် ‘သူ၏ညီအစ်ကိုတို့ကို မထီမဲ့မြင်ပြု၍ မာနထောင်လွှားမသွားမိ’ ရန်တစ်ဦးစီ သတိပြုကြရသည်။ (တရားဟောရာ ၁၇:၂၀) ရှင်ပြန်ထမြောက်တော်မူသော ယေရှုသည် ကောင်းကင်ဘုရင်ဖြစ်တော်မူ၏။ သို့ရာတွင် ကမ္ဘာမြေကြီးပေါ်၌ရှိစဉ်က တပည့်တော်များ၏ခြေကို ကိုယ်တော်ဆေးပေးတော်မူခဲ့သည်။ တကယ့်နှိမ့်ချခြင်းပါတကား! တမန်တော်များအားလည်း ထပ်တူနှိမ့်ချမှုပြသူများဖြစ်စေလိုတော်မူကြောင်း ဤသို့မှာကြားသည်– “ငါသည် သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်းဖြစ်လျက်နှင့် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ခြေကို ဆေးရကြမည်။” (ယောဟန် ၁၃:၁၄; ဖိလိပ္ပိ ၂:၅-၈) မည်သည့်လူသားကိုမျှမဟုတ်ဘဲ ယေဟောဝါကိုသာ ချီးမွမ်းထောမနာပြု ဘုန်းထင်ရှားစေသင့်သည်။ (ဗျာဒိတ် ၄:၁၁) အကြီးအကဲများ ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ ခရစ်ယာန်အားလုံးသည် ယေရှု၏ ဤစကားများအတိုင်း ကိုယ့်ကိုယ်ကို ထင်မြင်ယူမှတ်သင့်သည်– “ငါတို့သည် သခင်၌ ကျေးဇူးပြုသောအစေအပါဖြစ်သည်မဟုတ်။ ဝတ်ပြေရုံမျှသာရှိသည်။” (လုကာ ၁၇:၁၀) အခြားမည်သည့်အမြင်မျိုးမဆိုသည် သီအိုကရက်တစ်မဆန်ပါ။

၁၂။ ချစ်ခြင်းမေတ္တာသည် ခရစ်ယာန်အကြီးအကဲများ မွေးမြူပြုစုရန် အရေးကြီးသည့်အရည်အချင်းတစ်ခု အဘယ်ကြောင့်ဖြစ်သနည်း။

၁၂ နှိမ့်ချခြင်းနှင့်အတူ ချစ်ခြင်းမေတ္တာကိုပါ ခရစ်ယာန်အကြီးအကဲများ မွေးမြူကြသည်။ “ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏” ဟုတမန်တော်ယောဟန် ပြောဆိုစဉ်က ချစ်ခြင်းမေတ္တာ၏ အရေးပါမှုကို သူဖော်ပြခဲ့သည်။ (၁ ယောဟန် ၄:၈) မေတ္တာမရှိသူများသည် သီအိုကရက်တစ်မဖြစ်ကြပါ။ သူတို့သည် ယေဟောဝါကို မသိကြချေ။ ဘုရားသခင့်သားတော်နှင့်ပတ်သက်၍ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ယေရှုသည် . . . ဤလောက၌ရှိသော မိမိလူတို့ကို ချစ်တော်မူသောကြောင့် အဆုံးတိုင်အောင် ချစ်တော်မူ၏။” (ယောဟန် ၁၃:၁) ခရစ်ယာန်အသင်းတော်၏ အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်မည့်သူ ၁၁ ဦးအား ယေရှုဤသို့မိန့်တော်မူခဲ့သည်– “ငါ့ပညတ်ဟူမူကား ငါသည် သင်တို့ကိုချစ်သည်နည်းတူ သင်တို့သည် အချင်းချင်းချစ်ကြလော့။” (ယောဟန် ၁၅:၁၂) ချစ်ခြင်းမေတ္တာသည် ခရစ်ယာန်ဘာသာတရားစစ်၏ အမှတ်အသားဖြစ်သည်။ စိတ်နှလုံးကြေကွဲသူများ၊ ညည်းတွားငိုကြွေးသူများနှင့် လွတ်လပ်ခွင့်ကို တမ်းတသော ဝိညာဏသုံ့ပန်းများသည် ယင်းကိုနှစ်သက်မြတ်နိုးကြသည်။ (ဟေရှာယ ၆၁:၁၊ ၂; ယောဟန် ၁၃:၃၅) ယင်းကိုပြသရာတွင် အကြီးအကဲများသည် ပုံသက်သေဖြစ်ရမည်။

၁၃။ ယနေ့ ပြဿနာများသည် ခဲယဉ်းရှုပ်ထွေးမည်ဖြစ်သော်လည်း အကြီးအကဲတစ်ဦးသည် အခြေအနေအားလုံးတွင် အကျိုးပြုနိုင်သူ မည်သို့ဖြစ်နိုင်သနည်း။

၁၃ ယနေ့ ရှုပ်ထွေးသည့်ပြဿနာများကို ကိုင်တွယ်ဖြေရှင်းပေးရန် အကြီးအကဲများအကူအညီ တောင်းဆိုခံရလေ့ရှိသည်။ အိမ်ထောင်ရေးအခက်အခဲများသည် အမြစ်စွဲပြီး တာရှည်နိုင်သည်။ လူကြီးများ နားမလည်နိုင်သည့် ပြဿနာများကို လူငယ်များ ရင်ဆိုင်နေရပေမည်။ စိတ်လှုပ်ရှားမှုဆိုင်ရာ ရောဂါဝေဒနာများကို အများအားဖြင့် နားမလည်နိုင်ကြပါ။ ဤသို့သောအခြေအနေမျိုးတို့ကိုရင်ဆိုင်ရသော အကြီးအကဲတစ်ဦးသည် မည်သို့ဆက်လက်လုပ်ဆောင်ရမည်အကြောင်း အသေအချာသိချင်မှသိမည်။ သို့သော် ယေဟောဝါ၏ဉာဏ်ပညာကိုရရန် ဆုတောင်းပြီး ကိုယ်တော်ကို အားထားမှီခိုမည်ဆိုလျှင်၊ သမ္မာကျမ်းစာနှင့် သစ္စာသမာဓိရှိကျေးကျွန် ထုတ်ဝေထားသည့်စာပေများတွင် သိရှိအပ်သောအရာများကို ဆည်းပူးလေ့လာမည်ဆိုလျှင်၊ နှိမ့်ချရုံမက ချစ်ခင်စွာဖြင့် သိုးများနှင့်ဆက်ဆံမည်ဆိုလျှင် အခဲယဉ်းဆုံးအခြေအနေမျိုးတွင်ပင် သူသည် အကျိုးပြုနိုင်သူဖြစ်လိမ့်မည်ဟု စိတ်ချနိုင်ပါသည်။

၁၄၊ ၁၅။ အကြီးအကဲကောင်း မြောက်မြားစွာနှင့် ယေဟောဝါ၏လူမျိုးတော်ကို ကောင်းချီးခံစေတော်မူခဲ့ကြောင်း ပြသသည့် တင်ပြချက်အချို့ကား အဘယ်နည်း။

၁၄ ယေဟောဝါသည် ကိုယ်တော်၏အဖွဲ့အစည်းကို “လူတို့တွင် ဆုလာဘ်များ” နှင့် ကြွယ်ဝစွာ ကောင်းချီးပေးထားတော်မူပြီ။ (ဧဖက် ၄:၈) ဘုရားသခင့်သိုးတော်စုကို စာနာမှုရှိရှိ ထိန်းကျောင်းသော နှိမ့်ချသည့်အကြီးအကဲများ၏ ချစ်ခြင်းမေတ္တာကိုဖော်ပြသော စိတ်နှလုံးကြည်နူးဖွယ်ရာစာများကို ကင်းမျှော်စင်အသင်းထံ မကြာခဏရောက်လာပါသည်။ ဥပမာ၊ အသင်းတော်အကြီးအကဲတစ်ဦးက ဤသို့ရေးသားပါသည်– “ဤမျှလောက် ကျွန်တော့်ကိုထိမိသည့် သို့မဟုတ် အသင်းတော်တွင် ပြောဆိုနေကြဆဲရှိသည့် တိုက်နယ်ကြီးကြပ်မှူး၏လည်ပတ်မှုတစ်ခုကို ပြန်စဉ်းစား၍မရနိုင်ပါ။ ညီအစ်ကိုများနှင့်ဆက်ဆံသည့်အခါ ချီးမွမ်းပြောဆိုခြင်းကို ဂရုပြု၍ အပြုသဘောပါ စိတ်ထားရှိခြင်း၏ အရေးကြီးမှုကို တိုက်နယ်ကြီးကြပ်မှူးက ကျွန်တော့်အား သဘောပေါက်နားလည်စေခဲ့သည်။”

၁၅ ဆေးကုသခံရန် ရပ်ဝေးဆေးခန်းတစ်ခုသို့ ခရီးသွားခဲ့ရသော ညီအစ်မတစ်ဦး ဤသို့စာရေးအကြောင်းကြားပါသည်– “မိမိနေရာဌာနနှင့် ဝေးလံသည့် ဆေးရုံတစ်ခုတွင် စိုးရိမ်တစ်ကြီးဖြစ်ခဲ့ရသော ပထမညတွင် အကြီးအကဲတစ်ဦး အနားမှာရှိနေခဲ့ခြင်းသည် အမှန်အားရှိစရာဖြစ်ပါသည်! သူနှင့် အခြားညီအစ်ကိုများသည် ကျွန်မနှင့်အတူ အချိန်များစွာအသုံးပြုခဲ့ကြသည်။ ထိုချစ်ခင်ကြင်နာမှုရှိ ညီအစ်ကိုများ၏ နှစ်သိမ့်မှု၊ ပြုစုစောင့်ရှောက်မှုနှင့် ဆုတောင်းချက်များမပါလျှင် ကျွန်မအဘယ်နည်းဖြင့်မျှ ခံနိုင်ရည်ရှိမည်မဟုတ်ဟု ကျွန်မခံစားနေသည့်ဝေဒနာကို သိရှိနားလည်သူ လောကသားများပင် ပြောဆိုခဲ့သည်။” အခြားညီအစ်မတစ်ဦးက ဤသို့ရေးသားသည်– “အပြင်းအထန်ခံခဲ့ရသည့် စိတ်ကျဝေဒနာ ပျောက်သွားရန် အကြီးအကဲအဖွဲ့က စိတ်ရှည်ရှည်နှင့် လမ်းပြညွှန်ကြားပေးခဲ့ခြင်းကြောင့်သာ ယနေ့ ကျွန်မအသက်ရှင်နေပါသည်။ . . . ညီအစ်ကိုတစ်ဦးနှင့် သူ၏ဇနီးသည်သည် ကျွန်မအား မည်သို့ပြောဆိုနှစ်သိမ့်ရမည်ကို မသိ။ . . . သို့သော် ကျွန်မခံစားနေရသမျှကို သူတို့သဘောမပေါက်နိုင်ကြသော်လည်း ကျွန်မကို တကယ်ချစ်ခင်စာနာစိတ်ရှိကြခြင်းက ကျွန်မအတွက် ထိမိမှု အရှိဆုံးဖြစ်ခဲ့ပါသည်။”

၁၆။ အကြီးအကဲများအား အဘယ်သြဝါဒကို ပေတရုပေးခဲ့သနည်း။

၁၆ မှန်သည်၊ တမန်တော်ပေတရု၏ ဤသြဝါဒကို အကြီးအကဲမြောက်မြားစွာတို့သည် ကျင့်သုံးနေကြပါသည်– “သင်တို့နှင့်အတူရှိသော ဘုရားသခင်၏သိုးတော်စုကို ထိန်းခြင်းအမှုမှာ အနိုင်ထိန်းရသောကြောင့်မဟုတ်၊ မစင်ကြယ်သောစီးပွားကို တပ်မက်သောကြောင့်မဟုတ်ဘဲ အလိုလို စေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့။ အသီးအသီးအုပ်သော အသင်းတော်တို့ကို အာဏာထား၍ အစိုးတရပြုသည်မဟုတ်ဘဲ သိုးတော်စုရှေ့မှာ ပုံသက်သေကိုပြသောသူဖြစ်ကြလော့။” (၁ ပေတရု ၅:၁-၃) ဤကဲ့သို့သော သီအိုကရက်တစ်အကြီးအကဲများရှိခြင်းသည် ကောင်းကြီးတစ်ရပ်ပါတကား!

သီအိုကရေစီတွင်ရှိ သိုးများ

၁၇။ အသင်းတော်သားအားလုံး မွေးမြူသင့်သော အရည်အချင်းအချို့ကို ဖော်ပြပါ။

၁၇ သို့ရာတွင် သီအိုကရေစီတစ်ခုကို အကြီးအကဲများနှင့်သာ ဖွဲ့စည်းထားသည်မဟုတ်ပါ။ သိုးထိန်းများသည် သီအိုကရက်တစ်ဆန်ကြရမည်ဆိုလျှင် သိုးများလည်း ထို့အတူဖြစ်ကြရမည်။ အဘယ်နည်းဖြင့်နည်း။ အမှန်မှာသိုးထိန်းများအတွက် လမ်းညွှန်ဖြစ်သည့် မူများပင်လျှင် သိုးများအတွက် လမ်းညွှန်ဖြစ်သင့်သည်။ အကြီးအကဲများသာမက ခရစ်ယာန်အားလုံးတို့သည် ယေဟောဝါ၏ကောင်းချီးကို ခံစားလိုလျှင် နှိမ့်ချမှုရှိရမည်။ (ယာကုပ် ၄:၆) ချစ်ခြင်းမေတ္တာမရှိလျှင် ယေဟောဝါထံ ကျွန်ုပ်တို့ပူဇော်သမျှအရာများသည် ကိုယ်တော်၏အလိုတော်နှင့်တွေ့လိမ့်မည်မဟုတ်သောကြောင့် ၎င်းကို ကျွန်ုပ်တို့အားလုံးမွေးမြူကြရမည်။ (၁ ကောရိန္သု ၁၃:၁-၃) အကြီးအကဲများသာမဟုတ် ကျွန်ုပ်တို့အားလုံးသည် “ဝိညာဏသိနားလည်မှု၊ ဉာဏ်ပညာအမျိုးမျိုးဖြင့် [ယေဟောဝါ၏] အလိုတော်ကို သိကျွမ်းခြင်းပညာမှန်နှင့်ပြည့်စုံ” နေသင့်သည်။—ကောလောသဲ ၁:၉၊ ကဘ။

၁၈။ (က) သမ္မာတရားကို အပေါ်ယံသိထားရုံသည် အဘယ်ကြောင့် မလုံလောက်သနည်း။ (ခ) ကျွန်ုပ်တို့အားလုံး တိကျမှန်ကန်သောအသိပညာနှင့် မည်သို့ပြည့်ဝနိုင်သနည်း။

၁၈ စာတန့်လောကတွင် အသက်ရှင်နေရသော်လည်း သစ္စာတည်ကြည်ရန် ကြိုးစားနေကြစဉ် လူကြီးလူငယ်အားလုံးသည် ခဲယဉ်းသောဆုံးဖြတ်ချက်များချရသည့် အခြေအနေမျိုးကို အမြဲရင်ဆိုင်နေကြရပါသည်။ လောက၏ရေစီးကြောင်းအဝတ်အစား၊ တေးသံ၊ ရုပ်ရှင်နှင့် စာပေများသည် အချို့သူတို့၏ဝိညာဉ်ရေးအတွက် စိန်ခေါ်ချက်တစ်ရပ်ဖြစ်သည်။ ဟန်ချက်ညီနေနိုင်ရန် သမ္မာတရားကို အပေါ်ယံသိရှိထားရုံမျှဖြင့် မလုံလောက်ပါ။ ဆက်သစ္စာတည်ကြည်နိုင်ရန် တိကျမှန်ကန်သောအသိပညာနှင့် ပြည့်ဝနေဖို့လိုပါသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်သာလျှင် ကျွန်ုပ်တို့အားပေးနိုင်သည့် ပိုင်းခြားသိမြင်ခြင်းနှင့် ဉာဏ်ပညာလိုအပ်ပါသည်။ (သု. ၂:၁-၅) ယင်းသို့ဖြစ်လာနိုင်ရန် ကောင်းစွာလေ့လာသည့်အကျင့်၊ သင်ယူထားသမျှကို ပြန်စဉ်းစားဆင်ခြင်ခြင်းနှင့် လက်တွေ့ကျင့်သုံးမှုကို မွေးမြူပြုစုပေးရပါမည်။ (ဆာလံ ၁:၁-၃; ဗျာဒိတ် ၁:၃) အကြီးအကဲများထံသာမဟုတ် ခရစ်ယာန်အားလုံးထံ ပေါလု ဤသို့ရေးသားခဲ့ပါသည်။ “ကောင်းကျိုးမကောင်းကျိုးကို ပိုင်းခြား၍သိနိုင်သောဉာဏ်ပေးတတ်သော အကြားအမြင်အတွေ့အစမ်းများသောသူတည်းဟူသော စုံလင်သောအရွယ်ရှိသောသူတို့မူကား ကြေခဲသောအစာအာဟာရကို သုံးဆောင်ရကြ၏။”—ဟေဗြဲ ၅:၁၄။

သိုးထိန်းများနှင့် သိုးတို့သည် အတူတကွလုပ်ဆောင်ကြ

၁၉၊ ၂၀။ အကြီးအကဲများနှင့် ပူးပေါင်းဆောင်ရွက်သူအားလုံးကို အဘယ်သြဝါဒများ ပေးထားပါသနည်း။ အဘယ်ကြောင့်နည်း။

၁၉ နောက်ဆုံးအနေနှင့် အကြီးအကဲများနှင့် ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်သူများသည် သီအိုကရက်တစ်စိတ်ထား အမှန်ရှိကြောင်း တင်ပြနေကြပါသည်ဟုဆိုသင့်သည်။ တိမောသေထံ ပေါလု ဤသို့ရေးသားခဲ့သည်– “ကောင်းမွန်စွာကြီးကြပ်သောအသက်ကြီးသူ၊ အထူးသဖြင့် ဟောပြောခြင်း၊ သွန်သင်ခြင်းအမှု၌ ကြိုးစားအားထုတ်သောအသက်ကြီးသူတို့သည် နှစ်ဆသောရိုသေမှုကိုခံထိုက်သူများဖြစ်သည်ဟူ၍မှတ်ယူစေ။” (၁ တိမောသေ ၅:၁၇၊ ကဘ; ၁ ပေတရု ၅:၅၊ ၆) အကြီးအကဲအဖြစ်သည် ထူးမြတ်သောအခွင့်အရေးဖြစ်သည်။ သို့သော် အကြီးအကဲအများစုသည် ဝမ်းစာရှာအလုပ်ကို နေ့စဉ်လုပ်ကိုင်ရသည့် ဇနီးသည်နှင့်သားသမီးများကို ကြည့်ရှုစောင့်ရှောက်ပေးရသော အိမ်ထောင်သည်များ ဖြစ်ကြပါသည်။ စေတနာစိတ်နှင့် အမှုထမ်းဆောင်နေကြစဉ် အသင်းတော်သည် အပြစ်ရှာလွန်းခြင်း အလွန်အမင်းတောင်းဆိုခြင်းမရှိဘဲ အားပေးထောက်ခံကြမည်ဆိုလျှင် သူတို့၏လုပ်ငန်းသည် ပိုလွယ်ကူစေ၍ အကျိုးကျေးဇူးပိုဖြစ်ထွန်းစေပါလိမ့်မည်။—ဟေဗြဲ ၁၃:၁၇။

၂၀ တမန်တော်ပေါလုက ဤသို့ဆိုသည်– “ဘုရားသခင့်နှုတ်ကပါဌ်တရားတော်ကို သင်တို့အား ဟောပြော၍ သင်တို့ကိုအုပ်သောသူတို့ကို အောက်မေ့ကြလော့။ သူတို့သည် အဘယ်သို့ကျင့်ကြံပြုမူ၍ စုတေ့သည်ကို စေ့စေ့ဆင်ခြင်လျက် သူတို့၏ယုံကြည်ခြင်းကို မီအောင်လိုက်ကြလော့။” (ဟေဗြဲ ၁၃:၇) ဤတွင် ပေါလုက အကြီးအကဲများ၏နောက်လိုက်ဖြစ်ကြရမည်ဟု ညီအစ်ကိုများအား တိုက်တွန်းနေခြင်းမဟုတ်ပါ။ (၁ ကောရိန္သု ၁:၁၂) လူ့နောက်လိုက်ဖြစ်ခြင်းသည် သီအိုကရက်တစ်မဆန်ပါ။ သို့သော် ဧဝံဂေလိသတင်းဟောပြောခြင်းလုပ်ငန်း၌ တက်ကြွမှုရှိသူ၊ စည်းဝေးများကို မှန်မှန်တက်သူ၊ အသင်းတော်နှင့် နှိမ့်ချစွာမက ချစ်ခင်ကြင်နာစွာ ဆက်ဆံသော သီအိုကရက်တစ်အကြီးအကဲ၏ ထင်ရှားပေါ်လွင်သောယုံကြည်ခြင်းကို အတုယူခြင်းသည် အမှန်တကယ်ပင် ပညာရှိလမ်းစဉ်ဖြစ်သည်။

ယုံကြည်ခြင်းဆိုင်ရာ သက်သေထွက်ဆိုချက်

၂၁။ မောရှေကဲ့သို့သော ခိုင်ခံ့မြဲမြံသည့်ယုံကြည်ခြင်းမျိုးကို ခရစ်ယာန်များ မည်သို့တင်ပြသနည်း။

၂၁ လူ့သမိုင်းတွင် ဤအဆိုးရွား အဆုတ်ယုတ်ဆုံးကာလတွင် သီအိုကရက်တစ်အဖွဲ့အစည်း၌ရှိနေခြင်းသည် ကြီးမြတ်တော်မူသော သီအိုကရက်၌ တန်ခိုးရှိတော်မူကြောင်း သက်သေထွက်ဆိုမှုတစ်ခုဖြစ်ပါသည်။ (ဟေရှာယ ၂:၂-၅) နေ့စဉ်ဘဝအသက်တာတွင် ကြုံတွေ့ရသော ပြဿနာများနှင့် လုံးပန်းနေရလျက်ပင် ယေဟောဝါသည် သူတို့၏အုပ်စိုးရှင်ဖြစ်ကြောင်းကို ဘယ်သောအခါမျှ မေ့လျော့မထားသည့် ခရစ်ယာန်အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ် ငါးသန်းနီးပါးရှိသူတို့၏ယုံကြည်ခြင်းအတွက် သက်သေထွက်ဆိုချက်တစ်ခုဖြစ်ပါသည်။ သစ္စာရှိသူ မောရှေသည် “မျက်မြင်မရသောဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ” သည့်နည်းတူ ယနေ့ ခရစ်ယာန်များလည်း ထပ်တူပင်ယုံကြည်ခြင်းခိုင်မြဲကြသည်။ (ဟေဗြဲ ၁၁:၂၇) သီအိုကရေစီတွင် အသက်ရှင်ခွင့်ရရှိကြသည့်အတွက် ယေဟောဝါကို သူတို့ နေ့စဉ်ကျေးဇူးတင်မဆုံးနိုင်ကြပါ။ (ဆာလံ ၁၀၀:၄၊ ၅) ယေဟောဝါ၏ကယ်တင်ခြင်းတန်ခိုးကို တွေ့ကြုံခံစားကြရစဉ် သူတို့သည် ဤသို့ဝမ်းသာအားရစွာ ကြွေးကြော်လျက်နေကြသည်– “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ငါတို့၏တရားသူကြီး ဖြစ်တော်မူ၏။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ငါတို့၏ ပညတ်တရားရှင် ဖြစ်တော်မူ၏။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ငါတို့၏ရှင်ဘုရင်ဖြစ်၏။ ငါတို့ကို ကယ်တင်တော်မူလိမ့်မည်။”—ဟေရှာယ ၃၃:၂၂။

[အောက်ခြေမှတ်ချက်များ]

a ဤစာပေစာတမ်းများတွင် ကျမ်းစာဆိုင်ရာ လမ်းညွှန်မှုများပါရှိ၍ ခန့်အပ်ခံ အသင်းတော်ကြီးကြပ်မှူးများ သို့မဟုတ် အကြီးအကဲများအတွက်ဖြစ်သည့် “မိမိနှင့် သိုးတော်တစ်စုလုံးကို ဂရုပြုလော့” စာအုပ်ပါ အပါအဝင်ဖြစ်သည်။

သမ္မာကျမ်းစာက အဘယ်အရာကို ဖော်ပြသနည်း

◻ ခရစ်ယာန်များသည် သီအိုကရေစီကို အဘယ်နည်းဖြင့် လက်အောက်ခံကြပါသနည်း။

◻ ယနေ့ သီအိုကရေစီကို မည်သို့ဖွဲ့စည်းထားသနည်း။

◻ အကြီးအကဲများသည် သူတို့၏တာဝန်များကျေပွန်ရန် မိမိတို့ကိုယ်ကို အဘယ်နည်းဖြင့် ပြင်ဆင်သင့်သနည်း။

◻ အဘယ်ခရစ်ယာန်အရည်အချင်းများကို အကြီးအကဲများ မွေးမြူပြုစု တင်ပြရန် အရေးကြီးသနည်း။

◻ သီအိုကရေစီတွင် သိုးများနှင့်သိုးထိန်းများစပ်ကြား အဘယ်ဆက်ဆံရေး တည်ရှိသင့်သနည်း။

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

အမှားအမှန်ကို ကိုယ်ကိုယ်တိုင် ဆုံးဖြတ်လိုသည့်အတွက် အာဒံနှင့်ဧဝသည် ပရဒိသုကို ဆုံးရှုံးခဲ့

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

အကြီးအကဲတစ်ဦးသည် သိုးတို့နှင့် နှိမ့်ချစွာသာမက ချစ်ခင်စွာ ဆက်ဆံမည်ဆိုလျှင် သူသည် အမြဲအကျိုးပြုနိုင်သူဖြစ်လိမ့်မည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ