အတိုးတက်ဆုံးသောအဖွဲ့အစည်း နှင့်အတူ အမှုဆောင်ခြင်း
ရားဘတ်ဟတ်စ်ဖဲ့လ်တ် ပြောပြသည်
ယနေ့ လူမြောက်မြားစွာတို့သည် ညနေပိုင်းသတင်းကို သဘာဝအရောင်အသွေးအတိုင်း ကြည့်ရှုနားထောင်ရန် အဝေးထိန်းခလုတ်ဖြင့် ရုပ်မြင်သံကြားဖွင့်ခြင်းကို အထူးအဆန်းအဖြစ် မယူမှတ်ကြတော့ချေ။ သို့သော်ငြားလည်း၊ ရုပ်ရှင်ပိတ်ကားပေါ်တွင် ပကတိအရွယ်ထက်ကြီးသည့် လူတစ်ယောက်၏သဏ္ဌာန်က စကားပြောနေသည်ကို အသက် ၁၂ နှစ်ရှိ မျက်လုံးပြူးပြူးနှင့်ကောင်ကလေးဖြစ်သည့် ကျွန်တော် ကြည့်နေခဲ့သည့်အဖြစ်မှာ မနေ့တစ်နေ့ကကဲ့သို့ ထင်ရသည်!
အရေးကြီးသည့်သတင်းဖြစ်သည်ဟု သင်ထင်မည်မဟုတ်။ သို့သော် အသံတိတ်အဖြူအမဲရုပ်ရှင်ခေတ်ဦးပိုင်းဖြစ်သည့် ၁၉၁၅ ခုနှစ်တွင် ယင်းသည် ကျွန်တော့်အတွက် ယနေ့ထူးဆန်းသည့်အရာများကဲ့သို့ပင် ထင်ရသည်အမှန်။ သပ်ရပ်ခန့်ညားသည့်မုတ်ဆိတ်မွေးနှင့်လူတစ်ဦး ပိတ်ကားပေါ်တွင်ပေါ်လာပြီး ဤသို့ပြောသည်– “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်ကို အပြည်ပြည်ဆိုင်ရာကျမ်းစာကျောင်းသားများအသင်း၊ အိုင်. ဘီ. အက်စ်. အေ က ပေးပို့တာဖြစ်ပါတယ်။” နောက်ထပ်နှစ်နာရီကြာ သမ္မာကျမ်းစာအဖြစ်အပျက်များ ကျွန်တော်တို့မျက်စိရှေ့တွင် ကွက်ကွက်ကွင်းကွင်းပေါ်လာသည်။ ထိုကျမ်းစာသတင်းများသည် ရှင်းလင်းပြီး လန်းဆန်းမှုကိုဖြစ်စေသည်။ သို့သော် ယင်းသည် ရောင်စုံရုပ်သေပုံများဖြင့် ကြားညှပ်ထားသည့် ရုပ်ရှင်ကားဖြစ်ပြီး တစ်ပြိုင်နက်တည်းထွက်လာသောအသံက ကျွန်တော့်အာရုံကို ဆွဲဆောင်ခဲ့သည်။
ထိုစက်မှုဆိုင်ရာတိုးတက်ပြောင်းလဲမှုအပေါ် ကျွန်တော်၏လူငယ်ဘာဝ ပြင်းပြသည့် စူးစမ်းသိရှိလိုစိတ်သည် မြေကြီးပေါ်တွင် တိုးတက်မှုအရှိဆုံးသော အဖွဲ့အစည်းနှင့်အတူ ဘဝတစ်လျှောက်လုံး လုပ်ကိုင်သွားရမည့်အလုပ်၏ ရှေ့ပြေးဖြစ်ကြောင်း ထိုအချိန်က ကျွန်တော်မသိခဲ့ပါ။
အစောပိုင်းအချိန်များ
၁၈၉၁ ခုနှစ်တွင် ကျွန်တော့်အဖေသည် ဂျာမနီနိုင်ငံ၊ ဒေလန်ဘဂ်မြို့မှ အမေရိကန်နိုင်ငံ၊ ပဲင်စီလ်ဘေးနီးယားပြည်နယ်၊ အယ်လ်ဂီနီမြို့ရှိ ဂျာမန်လူမျိုးအသိုင်းအဝိုင်းသို့ ရောက်ရှိလာသည်။ နောက်ပိုင်းတွင် ထိုနေရာရှိ ဂျာမန်မိသားစုတစ်ခုမှ မိန်းကလေးတစ်ဦးနှင့်တွေ့ဆုံပြီး သူတို့လက်ထပ်ခဲ့ကြသည်။ ၁၉၀၃ ခု၊ ဇူလိုင်လ ၇ ရက်နေ့တွင် ကျွန်တော့်ကိုမွေးဖွားခဲ့ပြီး ဂျာမန်နှင့်အင်္ဂလိပ်စကားနှစ်မျိုးလုံးကို ကျွန်တော်တတ်မြောက်လျက် ကြီးပြင်းလာသည်။ ၁၉၁၄ ခု၊ ပထမကမ္ဘာစစ်မစမီကလေးတွင် တီဘီကပ်ရောဂါကြောင့် ကျွန်တော့်မိဘနှစ်ပါးအသက်ဆုံးရှုံးခဲ့ရပြီး မိဘမဲ့ကလေးအဖြစ် ကျွန်တော်ကျန်ခဲ့သည်။ ကျွန်တော့်အဖိုးဖြစ်သူလည်း လေဖြတ်ပြီး မရှေးမနှောင်းပင် ကွယ်လွန်ခဲ့ရသည်။
ကျွန်တော့်ဒေါ်လေးဖြစ်သူ မီနာဘိုအဲမားက ကြင်နာစွာဖြင့် ကျွန်တော့်အား သူမ၏မိသားစုအဝင်ဖြစ်စေခဲ့သည်။ “ငါ့မှာကလေးငါးယောက်ရှိတယ်။ ခုလည်း နောက်တစ်ယောက်ရပြန်ပြီ” ဟု သူမပြောခဲ့သည်။ မိဘများကို ကျွန်တော်လွမ်းသော်လည်း ဒေါ်လေးမီနာက ကျွန်တော့်ကို ကောင်းစွာကြည့်ရှုစောင့်ရှောက်သည်။
ကျွန်တော့်အဒေါ်သည် ကျမ်းစာကျောင်းသားများ (ယေဟောဝါသက်သေများအား ထိုအချိန်က ခေါ်သည့်အမည်) ၏ အယ်လ်ဂီနီအသင်းတော်တွင် အဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့သည်မှာ ကြာပြီဖြစ်သည်။ ၁၉၀၉ ခုနှစ်မတိုင်မီ ထိုအချိန်က ကင်းမျှော်စင်အသင်း၏ ဥက္ကဋ္ဌဖြစ်သူ ညီအစ်ကို စီ. တီ. ရပ်စယ်လ်သည်လည်း ထိုအသင်းတော်တွင် တက်ရောက်သည်။ ဒေါ်လေးမီနာသည် ကျွန်တော့်အား အစည်းအဝေးများသို့ခေါ်သွားသည်။ ထိုအချိန်က ကျွန်တော်တို့မိသားစုသည် လေ့လာမှု သို့မဟုတ် ဟောပြောခြင်းကို ပြုလုပ်ရန် တက်ညီလက်ညီကြိုးစားအားထုတ်မှု မရှိခဲ့ကြသော်လည်း အစည်းအဝေးများတွင် ကျွန်တော်တို့ကြားရသမျှကို ကျွန်တော်တို့သိသောလူများအား အလွတ်သဘောဝေငှကြသည်။
ထိုအချိန်တွင်ပင် “ဓာတ်ပုံပြဇာတ်” က ကျွန်တော့်အား တအံ့တသြဖြစ်စေခဲ့သည်။ ကျွန်တော်သည် စက်မှုလက်မှုကို စိတ်ပါဝင်စားခဲ့သည်ဖြစ်ရာ ဓာတ်ပုံနည်းပညာသစ်နှင့် အရုပ်နှင့်အသံဟပ်စပ်ကိုက်ညီစေခြင်းတို့သည် အနှေးလှုပ်ရှားမှုရုပ်ရှင်ရိုက်ပညာနည်းတူ ကျွန်တော့်စိတ်အာရုံကို ဖမ်းစားခဲ့သည်။ ပန်းများပွင့်လာပုံကို ကြည့်ရခြင်းသည် အလွန်ဘဝင်ခိုက်စရာဖြစ်သည်!
၁၉၁၆ ခုနှစ်ရောက်သော် ညီအစ်ကိုရပ်စယ်လ်ကွယ်လွန်ခြင်းကြောင့် ကျွန်တော်တို့ဝမ်းနည်းခဲ့ရသည်။ အယ်လ်ဂီနီ၌ပင် ကျွန်တော်တို့နေသောကြောင့် ကာနီဂီခန်းမတွင်ကျင်းပသည့် သူ့အသုဘကို ကျွန်တော်တို့တက်ရောက်ကြသည်။ ယင်းခန်းမသည် ၁၉၀၃ ခုနှစ်က အီး. အယ်လ်. အီတန်နှင့် ညီအစ်ကိုရပ်စယ်လ်တို့ စကားစစ်ခင်းခဲ့ကြသည့်နေရာဖြစ်သည်။ ဤမက်သဒစ်အီပီစကော့ပဲလျန်ဓမ္မဆရာက ညီအစ်ကိုရပ်စယ်လ်၏ ကျမ်းပညာအရည်အချင်းကို ရှုတ်ချရန်ရည်ရွယ်၍ စီ.တီ.ရပ်စယ်လ်အား ခြောက်ရက်ကြာစကားရည်လုပွဲတွင် ပါဝင်ရန် စိန်ခေါ်ခဲ့သည့်အကြောင်းများကို ကျွန်တော်ကြားခဲ့ဖူးသည်။ ရည်ရွယ်သည့်အတိုင်းဖြစ်မလာဘဲ ရပ်စယ်လ်က ‘ငရဲမီးကို ရေပိုက်နှင့်ငြိမ်းလိုက်သည်’ ဟုအဆိုရှိသည်။ ရပ်စယ်လ်တို့ဇနီးမောင်နှံကို ပစ္စဘာ့ဂ်ရှိ နာမည်ကြီးကျမ်းစာစာပေဖြန့်ဝေသူ စယ်ရာကားလင်းက ကောင်းစွာသိရှိသည်။ အသုဘတွင် မာရီးယားရပ်စယ်လ်က “ကျွန်ုပ်၏ချစ်လှစွာသောခင်ပွန်းအတွက်” ဟူသော မှတ်ချက်နှင့်အတူ ပန်းများကို ရုပ်ကလာပ်သေတ္တာထဲတွင် ထည့်ပေးသည်ကို သူမတွေ့ခဲ့ရသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်အကြာက သူနှင့်ကွဲကွာခဲ့ရသော်လည်း မာရီးယားသည် သူမ၏ခင်ပွန်းအဖြစ် သူ့ကိုအသိအမှတ်ပြုဆဲဖြစ်သည်။
နှစ်များကုန်လွန်လာသည်နှင့်အမျှ ကျွန်တော့်အနာဂတ်အလုပ်အကိုင်အတွက် အသုံးဝင်သည့် စက်မှုလက်မှုဆိုင်ရာ အရည်အချင်းများကိုပြည့်မီရန် အခွင့်အရေးများစွာရလာခဲ့သည်။ ကျွန်တော့်အုပ်ထိန်းသူဖြစ်သည့် ကျွန်တော့်ဦးကြီးသည် ဆောက်လုပ်ရေးကန်ထရိုက်တာတစ်ဦးဖြစ်သည်။ ကျွန်တော့်ကျောင်းအားရက်များအတွင်း အိမ်ရာဟောင်းများကို ဓာတ်ငွေ့သုံးစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစနစ်သို့ ပြောင်းလဲခြင်းတွင် သူ၏လျှပ်စစ်ပညာရှင်များနှင့်အတူ အလုပ်လုပ်ရန် ကျွန်တော့်ကိုထည့်ပေးသည်။ ၁၉၁၈ ခုနှစ်တွင် ကျွန်တော်တို့ကျောင်းမှ ကျောင်းသားများသည် အပျော်တမ်းရေဒီယိုကြေးနန်းစက်ကို တည်ဆောက်ကြသည်။ ကျွန်တော်တို့သည် လျှပ်စစ်နှင့်သံလိုက်ဆိုင်ရာ လေ့လာမှုနှင့် လက်တွေ့ကွင်းဆင်းသည့်အတွေ့အကြုံကို ရယူရန် ညနေပိုင်းတွင် တွေ့ဆုံကြသည်။ ၁၉၂၆ ခုနှစ်တွင် ကျွန်တော်နှင့်မိတ်ဆွေတစ်ဦးတို့သည် ယောက်ျားလေးတို့သဘာဝ စိတ်ကူးစိတ်သန်း—သင်္ဘောလိုက်ပြီး ကမ္ဘာပတ်ခြင်းကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်ကြသည်။ ကျွန်တော်တို့သည် ရေဒီယိုကြေးနန်းအော်ပရေတာများဖြစ်ရန် အမေရိကားရေဒီယိုကော်ပိုရေးရှင်းကျောင်းတွင် စာရင်းသွင်းလိုက်ကြသည်။
ဗေသလအိမ်သားအဖြစ် ဘဝသစ်
ကျွန်တော်တို့တက်နေသောကျောင်းသည် နယူးယောက်မြို့တွင်ရှိရာ မေဆွန်းနစ်ဗိမာန်ဟောင်း၏ဟောပြောခန်းမကြီးကို ငှားရမ်းပြီး ကျင်းပသည့် ကျမ်းစာကျောင်းသားများ၏ အစည်းအဝေးကိုတက်ရောက်ရန် မြစ်ကိုဖြတ်၍ ဘရွတ်ကလင်သို့ ကျွန်တော်သွားရသည်။ ထိုအချိန်က နယူးယောက်မြို့၏ မြို့ဧရိယာတစ်ဝိုက်လုံးတွင်မှ အသင်းတော်တစ်ခုသာရှိသည်။ ကူးသန်းရောင်းဝယ်ရေးရေဒီယိုလိုင်စင်ရရန် ကျွန်တော်ကျောင်းတက်နေသည်ကို ဗေသလအိမ် (ကျမ်းစာကျောင်းသားများ၏ ဌာနချုပ်မိသားစုအိမ်) ရှိ ညီအစ်ကိုများက သိသွားသောအခါ သူတို့ဤသို့ပြောခဲ့သည်– “ဘာဖြစ်လို့ပင်လယ်ကိုသွားမှာလဲ။ ဒီမှာတင် ကျွန်တော်တို့ရေဒီယိုဌာနတစ်ခုရှိတယ်။ အော်ပရေတာတစ်ယောက်လည်း လိုအပ်နေတယ်။” ကျွန်တော့်အားတွေ့ဆုံမေးမြန်းရန် သူတို့က ကျွန်တော့်ကို ရုံးခန်းသို့ခေါ်ဖိတ်ခဲ့သည်။ ဗေသလအိမ်သည် ကျမ်းစာကျောင်းသားများ၏ ဌာနချုပ်ဟူသည့်အချက်မှလွဲ၍ ယင်းအကြောင်း ကျွန်တော်ဘာကိုမျှမသိခဲ့ပါ။
ညီအစ်ကိုများက ကျွန်တော့်ကို တွေ့ဆုံမေးမြန်းပြီး ကျွန်တော်ကျောင်းပြီးအောင်ဆက်တက်၍ လိုင်စင်ရအောင်လုပ်ပြီးလျှင် ဗေသလအိမ်သို့လာရန် အားပေးကြသည်။ ကျွန်တော်ကျောင်းဆင်းသောအခါ ကျယ်ပြောသည့်ပင်လယ်ပြင်ကြီးထဲသို့ ခရီးထွက်ရန် သင်္ဘောစီးမည့်အစား ကျွန်တော့်အဝတ်အစားအနည်းငယ်ကို ထုပ်ပိုးကာ ဗေသလအိမ်သို့သွားရန် မြေအောက်ရထားပေါ်သို့ ခုန်တက်လိုက်သည်။ ကျွန်တော်သည် ယေဟောဝါထံ ဆက်ကပ်အပ်နှံပြီးဖြစ်ကာ နှစ်ပေါင်းများစွာကြာ ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်လာခဲ့သော်လည်း ဗေသလအိမ်သို့ရောက်ပြီး နှစ်ပတ်အကြာ၊ ၁၉၂၆ ခုနှစ်၊ ဒီဇင်ဘာလရောက်မှသာ နှစ်ခြင်းခံရသည်။ ယင်းသို့ဖြစ်ခြင်းသည် ထိုအချိန်အတွက် အဆန်းမဟုတ်ပါ။
ထိုအချိန်က ဗေသလအိမ်သည် အိမ်သား ၁၅၀ ဖြင့် အလွန်အကျွံပြည့်ကျပ်နေသည်။ အခန်းတစ်ခန်းလျှင် လေးယောက်စီနေကြရသည်။ ကျွန်တော်တို့အားလုံးသည် အဆောက်အအုံတစ်ခုတည်းတွင် စားသောက်ကြ၊ အလုပ်လုပ်ကြ၊ အိပ်ကြနှင့် အစည်းအဝေးတက်ရာတွင်လည်း နယူးယောက်မြို့၏ တစ်ခုတည်းသောအသင်းတော်တွင် အတူတက်ကြရသဖြင့် မကြာမီ ထိုသူများနှင့် ကျွန်တော်ရင်းနှီးလာတော့သည်။ ဗေသလအိမ်အသစ်သည် ၁၉၂၇ ခုနှစ်တွင် ၁၂၄၊ ကိုလံဘီယာကုန်းတွင် ဆောက်လုပ်ပြီးစီးခဲ့ရာ ကျွန်တော်တို့သည် တစ်ခန်းလျှင် နှစ်ယောက်နှုန်းဖြင့် နေရကြသည်။
ထို ၁၉၂၇ ခုနှစ်၌ပင် ၁၁၇၊ အာဒံလမ်းရှိ စက်ရုံအသစ်လည်း ဖွင့်လှစ်ခဲ့သည်။ ၅၅၊ ကန်ကော့ဒ်လမ်းမှ ပစ္စည်းကိရိယာများကို ပြောင်းရွှေ့ရန် ကျွန်တော်ကူညီလုပ်ဆောင်ခဲ့သည်။ စက်ရုံတွင် ရေဒီယိုပစ္စည်းများအပြင် ဓာတ်လှေကားများ၊ ပုံနှိပ်စက်များ၊ အဝတ်လျှော်စက်ပစ္စည်းကိရိယာများ၊ လောင်စာဆီသုံးအပူပေးစက်များ—ယင်းတို့သည် ဝိုင်ယာကြိုးများပါရှိလျှင် ယင်းတို့ဖြင့်ကျွန်တော်အလုပ်လုပ်ရသည်။
သို့သော် ဗေသလအိမ်သည် စက်ရုံတစ်ခုမျှသာမဟုတ်ပါ။ စာအုပ်တိုင်း၊ ဝေစာတိုင်း၊ မဂ္ဂဇင်းတိုင်း၏နောက်ကွယ်တွင် နှိမ့်ချ၍အလုပ်ကြိုးစားသော လုပ်သားထုကြီးက ကျောထောက်နောက်ခံပြုထားကြသည်။ သူတို့သည် လောကတွင် ထင်ပေါ်ကျော်ကြားရန် ရည်မှန်းချက်မရှိကြချေ။ ယင်းအစား သခင့်လုပ်ငန်းတော်ပြီးမြောက်ရန်ကိုသာ သူတို့လိုလားကြသကဲ့သို့—လုပ်စရာလည်း များစွာရှိပါသည်တကား!
ညီအစ်ကိုရပ်သဖော့ဒ်နှင့်ပေါင်းသင်းခြင်း
အသင်းမ၏ ဒုတိယမြောက်ဥက္ကဋ္ဌဖြစ်သူ ဂျိုးဇက်အက်ဖ်. ရပ်သဖော့ဒ်နှင့် အတူတကွအလုပ်လုပ်ရသည့်အခွင့်ထူးမှ ကြီးမားသည့်အကျိုးကျေးဇူးကို ကျွန်တော်ခံစားခဲ့ရသည်။ သူသည် ကိုယ်ခန္ဓာကြီးမားတုတ်ခိုင်ပြီး အရပ်ခြောက်ပေကျော်ကာ မဝဘဲ အလောတော်ကိုယ်နေကိုယ်ထားရှိသူဖြစ်သည်။ ဗေသလအိမ်ရှိ ညီအစ်ကိုငယ်ကလေးများသည် သူ့ကိုမသိမီကဆိုလျှင် အနည်းငယ်လန့်ကြသည်။ သူသည် လေ့လာမှုပြုခြင်း၊ စာအရေးအသားအတွက် ပြင်ဆင်ခြင်းတို့ကို အစဉ်တစိုက်ပြုလေ့ရှိသည်။
ညီအစ်ကိုရပ်သဖော့ဒ်သည် ဟာသဉာဉ်ကောင်းစွာရှိသူဖြစ်သည်။ ညီအစ်ကိုရပ်စယ်လ်အချိန်ကတည်းက ဗေသလအိမ်တွင်ရောက်နေကြသော အသက်ကြီးသည့်ညီအစ်မနှစ်ဦးရှိသည်။ သူတို့သည် မျက်နှာထားအလွန်တည်ကြပြီး ရယ်မောစရာတစ်ခုခုကြုံရသည့်တိုင် ကျယ်လောင်စွာရယ်မောခြင်းသည် မသင့်တော်ဟု ယုံကြည်ထားသူများဖြစ်သည်။ တစ်ခါတစ်ရံ ညနေစာစားချိန်တွင် ညီအစ်ကိုရပ်သဖော့ဒ်က လူတိုင်းရယ်စေသည့်အကြောင်း ပြောလေ့ရှိရာ ထိုညီအစ်မနှစ်ဦးကိုစိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။ သို့သော် စားသောက်ချိန်အတွင်း လေးနက်သော ကျမ်းစာဆွေးနွေးခြင်းကိုလည်း မကြာခဏသူစပေးလေ့ရှိသည်။
ညီအစ်ကိုရပ်သဖော့ဒ်သည် ကောင်းစွာချက်ပြုတ်တတ်သူဖြစ်ပြီး မိတ်ဆွေများအတွက် အစားအသောက်ပြင်ဆင်ပေးရခြင်းကို သူပျော်ပိုက်သည်။ တစ်ခါက ဗေသလအိမ်ချက်ပြုတ်ရေးလုပ်သားများက ကြက်သားခုတ်သောအခါ အရိုးအစအနများပါ လာသည်။ ထိုအခါ မီးဖိုခန်းသို့ သူအသော့ဝင်သွားပြီး ကြက်ကိုမည်သို့ခုတ်ရကြောင်းကို သူပြပေးသည်။ သူ့အစားအစာတွင် ကြက်ရိုးအစအနများဖြင့်စားလေ့မရှိခဲ့ချေ!
ကျွန်တော်တို့၏ ဒဗလျူဘီဘီအာရ် အသံလွှင့်ရုံတွင်၊ သို့မဟုတ် စတေတန်ကျွန်းရှိ ညီအစ်ကိုရပ်သဖော့ဒ် လေ့လာမှုပြုသည့်အခန်းကဲ့သို့သော နေရာများတွင် သူနှင့်အတူ ကျွန်တော်မကြာခဏရှိနေတတ်သည်။ သူသည် အလွန်ကြင်နာတတ်သူဖြစ်ပြီး ဟောပြောသည့်အရာကို လက်တွေ့ကျင့်သူဖြစ်သည်။ သူကိုယ်တိုင်မလုပ်သော မည်သည့်အရာကိုမျှ အခြားသူများထံမှ သူမမျှော်လင့်ချေ။ ညီအစ်ကိုရပ်သဖော့ဒ်သည် အခြားသောဘာသာရေးအဖွဲ့အစည်းများရှိ တာဝန်ရှိသူများနှင့်မတူဘဲ မြင့်မားသောဝိညာဏနှင့်စာရိတ္တအရည်အသွေးရှိသူဖြစ်သည်။ ယေဟောဝါ၏နိုင်ငံတော်အတွက်သာ သူလုံးလုံးအသက်ရှင်သည်။
ငွေရေးကြေးရေးကျပ်တည်းသည့်အချိန်
ကျွန်တော်ဗေသလအိမ်ရောက်ပြီး နှစ်အနည်းငယ်ကြာသောအခါ လောကကြီးသည် စီးပွားရေးကပ်ဆိုက်ခဲ့သည်။ ကုန်ပစ္စည်းဈေးနှုန်းများနည်းတူ ငွေကြေးဈေးကွက်များလည်း ပျက်ပြားကုန်သည်။ အလုပ်ရှားပါးပြီး ရန်ပုံငွေများလည်း နည်းပါးခဲ့ရသည်။ ဗေသလအိမ်သည် အလှူငွေများဖြင့် ဆက်လက်လည်ပတ်နေပြီး လုပ်ငန်းလည်ပတ်မှုဖူလုံရေးအတွက် ယေဟောဝါအမြဲအာမခံချက်ပေးသည်။ တစ်ဦးစီ၏လိုအပ်ချက်အတိုင်း မဖြစ်နိုင်စေကာမူ ကျွန်တော်တို့ အစာရေစာပြတ်လပ်သည်ဟူ၍ မရှိခဲ့ပါ။ ကျွန်တော်တို့ အတတ်နိုင်ဆုံး ခြိုးခြံချွေတာကြပြီး ဗေသလပြင်ပမှညီအစ်ကိုများက တတ်နိုင်သရွေ့ ကျွန်တော်တို့အားကူညီထောက်ပံ့ကြသည်။
၁၉၃၂ ခုနှစ်တွင် သစ္စာရှိသော ကျွန်တော်တို့၏အလုပ်ရုံကြီးကြပ်မှူးဖြစ်သူ ရားဘတ်မာတင် ကွယ်လွန်ခဲ့သည်။ သူ့နေရာတွင် အသက်နှစ်ဆယ့်ခုနစ်နှစ်အရွယ်ရှိ နေသန်အိပ်ချ်နောရ်ဆိုသူ ခန့်အပ်ခံရသည်။ သူသည် အလွန်တတ်စွမ်းနိုင်သော လူငယ်တစ်ဦးဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်မျှ သူ့အား အလုပ်ရုံကြီးကြပ်မှူးအဖြစ်လက်ခံရန် အခက်အခဲရှိသည်ကို ကျွန်တော်မတွေ့ခဲ့ရပါ။ အခြားသစ္စာရှိညီအစ်ကိုများအနက် ဂျော်န်ကာဇယ်န်၊ ဂျော့ချ်ကယ်လီ၊ ဒေါ့ဂေးလ်ဘရိတ်သ်၊ ရပ်ဖ်လက်ဖလာနှင့် အက်ဒ်ဘက်ကာ—အားလုံး ကျွန်တော်ချစ်ခင်သော လုပ်ဖော်ဆောင်ဖက်များ—တို့သည် ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းတွင် မိမိတို့၏အထူးကျွမ်းကျင်မှုနှင့် လိမ္မာတတ်ကျွမ်းမှုတို့ကို ပေးဆက်ကြသည်။—ထွက်မြောက်ရာ ၃၅:၃၄၊ ၃၅ နှိုင်းယှဉ်။
ရေဒီယိုနှင့်အလုပ်လုပ်ခြင်း
ကျွန်တော်တို့၏အဖွဲ့အစည်းသည် ရရှိနိုင်သည့်အဘယ်နည်းဖြင့်မဆို သတင်းကောင်းဖြန့်ချိရန်အတွက် လုံးလုံးလျားလျားဆက်ကပ်အပ်နှံထားသည်။ ကမ္ဘာတစ်ခွင်လုံး သတင်းကောင်းသိရှိရန် လိုအပ်နေသော်လည်း ကျွန်တော်တို့ကမူ ထောင်ဂဏန်းမျှသာရှိသည်။ ပထမကမ္ဘာစစ်အပြီးတွင် ရေဒီယိုနည်းပညာသည် မွေးကင်းစအရွယ်ကဲ့သို့သောအတိုင်းအတာဖြင့် ခေါင်းပြူလာသည်။ မည်သို့ဆိုစေ ဤဆက်သွယ်ရေးနည်းစနစ်သည် ထိုအချိန်အတွက် ယေဟောဝါပေးကမ်းရာဖြစ်သည်ဟု စဉ်းစားဆင်ခြင်တတ်သည့်ညီအစ်ကိုများက ယူမှတ်ကြသည်။ သို့နှင့် ၁၉၂၃ ခုနှစ်တွင် နယူးယောက်မြို့တော်၏ မြို့နယ်ငါးခုအနက်မှ တစ်ခုဖြစ်သည့် စတေတန်ကျွန်းပေါ်တွင် ဒဗလျူဘီဘီအာရ် အသံလွှင့်ဌာနကို တည်ဆောက်ရန် အစည်းအဝေးထိုင်ခဲ့ကြသည်။
ကျွန်တော်တို့ဌာနတွင် တစ်ခါတစ်ရံ ရေဒီယိုအော်ပရေတာဟူ၍ ကျွန်တော်တစ်ဦးတည်းသာရှိသည်။ စတေတန်ကျွန်းတွင် ကျွန်တော်နေထိုင်သော်လည်း ဘရွတ်ကလင်အလုပ်ရုံသို့လာ၍ လျှပ်စစ် သို့မဟုတ် စက်မှုပိုင်းဆိုင်ရာလုပ်ငန်းကို လုပ်ကိုင်ရန် သုံးနာရီကြာ ကူးတို့သင်္ဘောနှင့် မြေအောက်ရထားစီးလာရသည်။ ကျွန်တော်တို့၏ ရေဒီယိုအသံလွှင့်ဌာနကို ပြင်ပကူညီထောက်ပံ့မှုကင်းစေရေးအတွက် ဒီဇယ်ဆီမောင်းဓာတ်အားပေးစက်တစ်ခုကို တပ်ဆင်ထားသည်။ စတေတန်ကျွန်းပေါ်တွင် ကျွန်တော်တို့၏ကိုယ်ပိုင်ရေတွင်းများနှင့် ထိုတွင်ရှိအဖွဲ့သားအနည်းငယ်ကိုသာမက ဘရွတ်ကလင်ရှိ ဗေသလမိသားစုကိုပါ ထောက်ပံ့ကျွေးမွေးသည့် ဥယျာဉ်တစ်ခုရှိသည်။
နောက်ထပ်အကူအညီမရောက်လာမချင်း ရေဒီယိုလုပ်ငန်းတာဝန်များသည် ကျွန်တော်၏ အစည်းအဝေးတက်ခြင်းနှင့် လယ်ကွင်းလုပ်ငန်းကို အကြီးအကျယ်ကန့်သတ်ထားသည်။ တစ်နှစ်တစ်ကြိမ် အားလပ်ခွင့်ရချိန်မှလွဲလျှင် လူမှုရေးလှုပ်ရှားမှု သို့မဟုတ် စနေတနင်္ဂနွေနေ့ခရီးစဉ်များအတွက် အချိန်လုံးဝမရှိခဲ့ပါ။ တစ်ခါက တစ်စုံတစ်ယောက် ကျွန်တော့်ကို ဤသို့မေးခဲ့သည်– “ဒါလောက်ကြပ်တည်းတဲ့ အစီအစဉ်ဇယားနဲ့လုပ်ရတာ ဗေသလလုပ်ငန်းကနေနားဖို့ ခင်ဗျားမစဉ်းစားဖူးဘူးလား။” ကျွန်တော်ရိုးရိုးသားသားပြောရလျှင် “မစဉ်းစားဖူးပါဘူး” ဟူ၍ဖြစ်သည်။ ချစ်ခင်ဖွယ်ညီအစ်ကိုညီအစ်မများစွာတို့နှင့် အတူတူနေထိုင်လုပ်ကိုင်ရခြင်းသည် အခွင့်အရေးနှင့် ရွှင်လန်းမှုတစ်ရပ်ဖြစ်သည်။ လုပ်စရာအလုပ်လည်း အမြဲရှိပြီး စီမံကိန်းအသစ်များလည်း ရှိခဲ့သည်။
ရေဒီယိုပြဇာတ်ကို ကျွန်တော်တို့ထုတ်လုပ်အသံလွှင့်ခဲ့သည်။ အသံသွင်းထားသည့် နောက်ခံအသံများကိုမရနိုင်သဖြင့် ကျွန်တော်တို့သည် ကိုယ့်နည်းကိုယ်ဟန်ဖြင့် ဖန်တီးရသည်။ လေပြည်လေညင်း သို့မဟုတ် လေပြင်းမုန်တိုင်းအသံကို ထုတ်လုပ်ပေးနိုင်သည့် စက်တစ်ခုကို ကျွန်တော်တို့လုပ်ကြသည်။ အုန်းမှုတ်ခွက်ကို ပျော့သည့်အရာဝတ္ထုခံထားသော ပျဉ်ချပ်နှင့် ရိုက်ခတ်ခြင်းဖြင့် ကျောက်လမ်းပေါ်တွင် မြင်းခွာသံဖြစ်လာသည်။ ပြဇာတ်တိုင်းသည် စိတ်အာရုံကိုစွဲငြိစေသည်။ လူများကလည်း နားထောင်ကြသည်။ ထိုအချိန်က အာရုံပျံ့လွင့်စရာ အနည်းအကျဉ်းသာရှိသောကြောင့် လူအများစုတို့သည် ထိုင်၍အာရုံစိုက်နားထောင်ကြသည်။
၁၉၂၀ ပြည့်လွန်နှစ်များနှင့် ၁၉၃၀ ပြည့်လွန်နှစ်များအစောပိုင်းအတွင်းက အသင်းမသည် အစီအစဉ်တစ်ခုတည်းကိုထုတ်လွှင့်ရန် အသံလွှင့်ဌာနများစွာတို့ကို ထပ်ဆင့်ဆက်သွယ်ထားခြင်းအားဖြင့် ရေဒီယိုဆက်သွယ်ရေးသမိုင်းတွင် မှတ်တမ်းတင်လောက်သည့်အရာကို ပြုလုပ်ခဲ့သည်။ သို့နှင့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းသည် ကမ္ဘာချီသန်းပေါင်းများစွာသော လူတို့ထံသို့ရောက်ရှိခဲ့သည်။
ဓာတ်စက်
၁၉၃၀ ပြည့်လွန်နှစ်များအလယ်နှင့် ၁၉၄၀ ပြည့်လွန်နှစ်အစောပိုင်းများတွင် အသံကူးစက်၊ ဓာတ်စက်နှင့် အသံနှင့်ဆိုင်သည့်အခြားကိရိယာများကို ကျွန်တော်တို့ပုံစံပြုထုတ်လုပ်ခဲ့ကြသည်။ မူလဓာတ်ပြားအတွက် ကျွန်တော်တို့သည် အထူးတွင်ခုံကိုအသုံးပြု၍ မှန်မျက်နှာပြင်ကဲ့သို့ချောမွတ်သည့် ပျားဖယောင်းဓာတ်ပြားများကို ထုတ်လုပ်ကြသည်။ ထို့နောက် မူရင်းဓာတ်ပြားတစ်ချပ်စီကို အဏုကြည့်မှန်ပြောင်းဖြင့် အနာအဆာရှိမရှိ သေချာစွာစစ်ဆေးကြည့်ရှုကြသည်။ ချွတ်ယွင်းချက်အချို့တွေ့ရှိပါက နောက်တစ်ဖန်ပြန်၍ အသံသွင်းရပြီး တွင်ခုတ်ရသည်။ ထို့နောက် ပျားဖယောင်းမူရင်းဓာတ်ပြားများကို ဓာတ်စက်နှင့် အသံသွင်းဓာတ်ပြားများ ထုတ်လုပ်သည့် အသံသွင်းကုမ္ပဏီများသို့ပို့သည်။
ကျွန်တော်ကောင်းစွာမှတ်မိသော စိတ်အားတက်ကြွဖွယ်အဖြစ်အပျက်တစ်ခုမှာ ၁၉၃၃ ခုနှစ်က ညီအစ်ကိုရပ်သဖော့ဒ်၏ “ငြိမ်းချမ်းရေးနှင့်တိုးတက်အောင်မြင်မှုအတွက် သန့်ရှင်းရာနှစ်၏ အကျိုးသက်ရောက်မှု” အမည်ရှိ သွန်သင်ချက်ကိုပေးခြင်းဖြစ်သည်။ ထိုနှစ်သည် သန့်ရှင်းရာနှစ်ဖြစ်မည်ဟု ပုပ်ကကြေညာထားပြီး ကျွန်တော်တို့က ရေဒီယိုအသံလွှင့်ခြင်းနှင့် ဓာတ်စက်များအားဖြင့် ယင်းကို ဖော်ထုတ်ပြီး မည်သည့်သန့်ရှင်းသောအရာမျှ ဖြစ်လာမည်မဟုတ်ကြောင်း တင်ပြကြသည်။ အချိန်ရောက်လာသည်နှင့်အမျှ ထိုနှစ်တွင် ဟစ်တလာက ကက်သလစ်ချာ့ချ်၏ ကျောထောက်နောက်ခံမှုဖြင့် အာဏာသိမ်းလိုက်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးမျှော်လင့်ချက်များ ပျက်ပြားကုန်သည်။
အမေရိကန်နိုင်ငံတွင် ချာ့ချ်လိုလားသည့်အရာကို ဖြည့်စွက်ပေးနိုင်ရန် ကက်သလစ်လှုပ်ရှားမှုအဖွဲ့အစည်းကို တည်ထောင်ကြသည်။ နာမည်ကြီး သတင်းစာများ၊ မဂ္ဂဇင်းများ၏ အယ်ဒီတာအဖွဲ့ဝင်များနှင့် ထုတ်ဝေသူများနေရာတွင် သူတို့၏လူများကို ထည့်ကြသည်။ သူတို့သည် နိုင်ငံရေးတွင် အပယိကပါဝင်လုပ်ဆောင်ပြီး ကျွန်တော်တို့၏ ကျမ်းစာဟောပြောချက်များကို အသံလွှင့်ပေးသည့် မည်သည့်အသံလွှင့်ရုံမဆိုတို့အား သပိတ်မှောက်ရန် ခြိမ်းခြောက်ကြသည်။ သက်သေခံများစွာတို့သည် ကက်သလစ်လှုပ်ရှားမှုအဖွဲ့များ၏ အုပ်စုလိုက်ရမ်းကားမှုကို ခံခဲ့ကြရသည်။ အထူးသဖြင့် နယူးဂျာစီပြည်နယ်အနီးတစ်ဝိုက်တွင်ဖြစ်သည်။ စိတ်လှုပ်ရှားဖွယ်နေ့ရက်များပင်!
လယ်ကွင်းမှရွှင်လန်းဖွယ်လုပ်ငန်း
၁၉၅၀ ပြည့်လွန်နှစ်များအလယ်လောက်တွင် တရိပ်ရိပ်တိုးပွားနေသော ဘုရားသခင့်နိုင်ငံတော်ကြေညာသူများသည် ပိုမိုများစွာသောလူတို့နှင့်တွေ့ဆုံနိုင်ရန် သူတို့၏အိမ်တံခါးဝထိတိုင်သွားကြသည်။ သမ္မာကျမ်းစာအမှန်တရားကို လူများနားလည်အောင်ကူညီရာတွင် ယင်းသည် ရေဒီယိုထက်သာ၍ အကျိုးသက်ရောက်မှုရှိကြောင်း ထင်ရှားလာသည်။ ထို့ကြောင့် ၁၉၅၇ ခုနှစ်ရောက်သော် ဒဗလျူဘီဘီအာရ်ကိုရောင်းချပြီး ကျွန်တော်တို့၏အရင်းအမြစ်များကို အခြားနိုင်ငံများ၌သာသနာပြုလုပ်ငန်းတိုးချဲ့ခြင်းတွင် ပြောင်းလဲအသုံးပြုရန်ဆုံးဖြတ်ခဲ့ကြသည်။
၁၉၅၅ ခုနှစ်ရောက်သော် ဘရွတ်ကလင်ရှိ ဘက်ဒ်ဖော့ဒ်အသင်းတော်တွင် ကျွန်တော်ခန့်အပ်ခံရသည်။ ထိုတွင် ကင်းမျှော်စင် သင်တန်းကို ကျွန်တော်ပုံမှန်ဦးဆောင်သည်။ အသင်းမက ကျွန်တော့်အား နယူးယောက်မြောက်ဘက်စွန်း၊ ပဲင်စီလ်ဘေးနီးယား၊ ကော်နက်တီကပ်နှင့် နယူးဂျာစီပြည်နယ်များတွင် နယ်လှည့်ဟောပြောချက်ပေးသူအဖြစ်လည်း ခန့်အပ်သေးသည်။ ဘက်ဒ်ဖော့ဒ်အသင်းတော်တွင် ခန့်အပ်ခံရစဉ်က ကျွန်တော် ကိုယ့်ကိုယ်ကို ဤသို့ပြောခဲ့သည်၊ ‘ငါ့အသက် ၅၀ ကျော်ပြီ။ အခု လယ်ကွင်းလုပ်ငန်းမှာ ငါပါဝင်နိုင်သရွေ့ပါဝင်သင့်တယ်။ နောက်ကျရင် ငါခါးနာလာပြီး သိပ်မလုပ်နိုင်ဘဲနေဦးမယ်။’
ရေဒီယိုအားဖြင့် စက်မှုပိုင်းအရ ဘုရားသခင့်နိုင်ငံတော်မျိုးစေ့ကို ဖြန့်လွှင့်သည့်နှစ်များတစ်လျှောက် လုပ်ဆောင်ပြီးနောက်တွင် လူတစ်ဦးစီအား ကျမ်းစာသမ္မာတရားမျိုးစေ့ကို ကြဲပြီး ရေလောင်းပေးရခြင်းသည် အမှန်ပင်ပျော်စရာဖြစ်ကြောင်း ကျွန်တော်တွေ့ရှိခဲ့ရသည်။ အသင်းတော်နှင့်အတူ အလုပ်လုပ်ရခြင်းကို ကျွန်တော်ပျော်မွေ့သည်။ ညီအစ်ကိုညီအစ်မတစ်ဦးစီတို့က ကျွန်တော့်ကိုမွေးစားကြပြီး ကျွန်တော့်ကို သူတို့အိမ်သားကဲ့သို့ သဘောထားကြသည်။ ယခုကြီးကုန်ပြီဖြစ်သော ကလေးများက ကျွန်တော့်ကို ဖိုးဖိုးဟုခေါ်တုန်းပင်ဖြစ်သည်။ နှစ်ပေါင်း ၃၀ ကြာအထိ လယ်ကွင်းလုပ်ငန်းတွင် ပျော်ရွှင်စွာ ကျွန်တော်တို့အတူတကွနေလာကြသည်မှာ လှေကားမတက်နိုင်တော့လောက်အောင် သို့မဟုတ် မြေအောက်ရထားမစီးနိုင်တော့လောက်အောင် ကျွန်တော့်ခြေထောက်က ဒုက္ခပေးလာသည်အထိဖြစ်သည်။ ၁၉၈၅ ခုနှစ်တွင် ဗေသလအိမ်တွင်ပင်ရှိသည့် ဘရွတ်ကလင်ဟိုက်စ်အသင်းတော်တွင် ကျွန်တော်ခန့်အပ်ခံရသည်။
ယေဟောဝါ၏အဖွဲ့အစည်းတော်သည် ကြီးမားသည့်တိုးချဲ့မှုများပြုလုပ်လာသည်နှင့်အမျှ ဝေးလံသည့်နိုင်ငံများရှိ ယေဟောဝါသက်သေတို့၏ စည်းဝေးပွဲကြီးများကို တက်ရောက်သောအခါ နိုင်ငံခြားလယ်ကွင်းများ၌ ကိုယ်တော့်ကောင်းချီးများကို ကျွန်တော်ကိုယ်တိုင်တွေ့ကြုံခံစားရသည့် အခွင့်ထူးကိုရခဲ့သည်။ မည်သို့ဆိုစေ ကျွန်တော်သည် ကမ္ဘာကိုပတ်၍ ခရီးဆန့်လိုက်ရသည်ပင်! ၁၉၅၀ ပြည့်လွန်နှစ်များမှစ၍ ကျွန်တော်တို့ဗေသလအိမ်သားများမှ အချို့တို့သည် လန်ဒန်၊ ပါရီ၊ ရောမ၊ နျူရင်းဘာ့ဂ်နှင့် ကိုပင်ဟေဂင်မြို့တို့၏မြင်ကွင်းများကို မြင်ခွင့်ရလာကြသည်။ ကျွန်တော်တို့သည် လူစီးယာဉ်အသွင်ပြောင်းထားသည့် ဗုံးကြဲလေယာဉ်များ၊ သင်္ဘောများ၊ ရထားများဖြင့် ခရီးသွားလာကြရသည်။ ခရီးစဉ်သည် သာယာလှပသည့်ရှုမျှော်ခင်းများဖြင့် အတိပြီးသည်မှန်သော်လည်း အားလုံးတို့အနက် စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးမြင်ကွင်းမှာ လှိုက်လှဲပျူငှာစွာ ကြိုဆိုကြသည့် ကျွန်တော်တို့၏ ညီအစ်ကိုညီအစ်မ မြောက်မြားစွာတို့ပင်ဖြစ်သည်။ နောက်ပိုင်းဆယ်စုနှစ်များတွင် အရှေ့တိုင်းနှင့် ဥရောပအနောက်ဘက်သို့တစ်ဖန် ခရီးသွားရကာ မကြာသေးမီက အရှေ့ဥရောပသို့ ရောက်ခဲ့ရသည်။ ပိုလန်၊ ဂျာမနီနှင့် ချက်ကိုစလိုဗက်ကီးယားတို့တွင် ကျင်းပခဲ့သော ထူးကဲကောင်းမွန်သည့် စည်းဝေးပွဲကြီးများသည် အလွန်ကြီးကျယ်ခမ်းနားလှသည်။ ကျွန်တော်တို့၏ သီအိုကရက်တစ်မိသားစုသည် ယင်းတွင် ကျွန်တော်စတင်ပါဝင်လာသည့်အချိန်မှစ၍ မည်မျှကြီးပွားတိုးတက်လာလိုက်သည်ဖြစ်ခြင်း!
မြင့်မြတ်သောလမ်းညွှန်မှု
သေးငယ်သည်ဟုထင်ရသော အဖွဲ့အစည်း၏တက်လှမ်းမှုများသည် နောက်ပိုင်းတွင် ဧရာမခြေလှမ်းကြီးများအဖြစ် ထင်ရှားလာသည်။ သက်သေခံခြင်းလုပ်ငန်းတွင် အကူအညီဖြစ်စေသည့် ကိရိယာများသာဖြစ်သော ဆန်းသစ်တီထွင်မှုစီမံကိန်းတွင် ကျွန်တော်တို့အလုပ်လုပ်စဉ်က ဤအံ့မခန်းတိုးတက်ကြီးထွားမှုကို မည်သူကြိုမြင်နိုင်ခဲ့မည်နည်း။ ကျွန်တော်တို့သည် ယုံကြည်ခြင်းအားဖြင့် ရှေ့သို့တက်လှမ်းကြပြီး ယေဟောဝါ၏ဦးဆောင်မှုကို ခံယူခဲ့ကြသည်။
ဤတိုးတက်နေသောအဖွဲ့အစည်းသည် နောက်ဆုံးပေါ်စက်မှုနည်းပညာများကို အသုံးချရန် သို့မဟုတ် ကမ္ဘာချီလယ်ကွင်းကိုစောင့်ရှောက်ရန် အကူအညီဖြစ်စေသည့်အရာများကို ကိုယ်တိုင်ဖန်တီးရန် မည်သည့်အခါကမျှ မကြောက်ရွံ့ခဲ့ပါ။ ဘုရားသခင့်နိုင်ငံတော်ကြေညာခြင်း တိုးတက်စေရန် အသုံးပြုသည့်နည်းစနစ်များအနက် တစ်အိမ်တက်ဆင်းဟောပြောခြင်း၊ ရေဒီယိုဆက်သွယ်ရေးစနစ်များအသုံးပြုခြင်း၊ ဓာတ်စက်ဖြင့်သက်သေခံခြင်းနှင့် လူများ၏အိမ်တွင် ကျမ်းစာသင်အံမှုကျင်းပသည့်အစီအစဉ်များ ပါဝင်ကြသည်။ အစောပိုင်းအချိန်များက ကိုယ်ပိုင်ပုံနှိပ်လုပ်ငန်းကို တည်ထောင်ပြီး ယခုအခါ ဘာသာပေါင်းများစွာဖြင့် ကွန်ပျူတာ အလင်းစာစီခြင်းနှင့် အော့ဖ်ဆက်ပုံနှိပ်ခြင်းတို့သည် သေးသေးသောသောအောင်မြင်မှုများ မဟုတ်ကြပါ။ ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်း၊ သီအိုကရက်တစ်ဓမ္မအမှုကျောင်းနှင့် ပုံမှန်စည်းဝေးပွဲကြီးများသည် ယေဟောဝါနှင့် ကိုယ်တော့်သားတော်တို့အား ဘုန်းထင်ရှားစေခြင်းတွင် တစ်ခန်းတစ်ကဏ္ဍပါဝင်သည်။ ယင်းအဖြစ်အပျက်အားလုံးကို ကျွန်တော်မျက်မြင်ဒိဋ္ဌဖြစ်ခဲ့ရပြီး ကိုယ်တိုင်ပါဝင်ခဲ့ရခြင်းတို့က အခွင့်ထူးကြီးတစ်ရပ်ဖြစ်သည်။
မြေကြီးပေါ်ရှိ ယေဟောဝါ၏ဝိညာဉ်တော်ဖြင့် ညွှန်ကြားခံရသည့်အဖွဲ့အစည်းသည် မည်သည့်အရာလုပ်ရမည်၊ မည်သို့လုပ်ရမည်တို့နှင့်ပတ်သက်၍ လမ်းညွှန်မှုကို လက်ခံရရှိကြောင်း ကျွန်တော့်အတွက်ရှင်းနေပါသည်။ ကိုယ်တော်၏ မျက်မြင်ရနှင့် မျက်မြင်မရသော စကြဝဠာအဖွဲ့အစည်းတစ်ခုလုံးသည် အတူတကွလုပ်ဆောင်ကြသည်။
လူငယ်တစ်ယောက်အနေနှင့် ရေကြောင်းခရီးသွားရန်အစီအစဉ်ကို စွန့်လွှတ်ခဲ့ခြင်းအတွက် ကျွန်တော်ဘယ်တော့မျှ နောင်တမရပါ။ ကမ္ဘာတွင် စိတ်အားတက်ကြွဖွယ်အကောင်းဆုံး၊ အဓိပ္ပာယ်အပြည့်ဝဆုံးသော တိုးတက်အောင်မြင်မှုများသည် ဤယေဟောဝါအဖွဲ့အစည်းထဲတွင် ရှိနေသည်တကား! ကျွန်တော်၏ “အထက်အရပ်မှခေါ်တော်မူခြင်း” သို့ သွားသည့်လမ်းတစ်လျှောက်တွင် ဝမ်းနည်းခြင်းမရှိသည့် အတိုင်းမသိများစွာသော ရွှင်လန်းမှုနှင့်ကောင်းချီးများဖြင့် မှတ်သားခံခဲ့ရသည်။—ဖိလိပ္ပိ ၃:၁၃၊ ၁၄။
လူငယ်များအား ကျွန်တော်အမြဲပြောသည်မှာ ၁၉၁၄ ခုနှစ်ကိုသတိရရန်—တစ်နည်းအားဖြင့် ဆာလံ ၁၉:၁၄ တွင်ဖော်ပြသကဲ့သို့ “အကျွန်ုပ်ပြောသောစကားနှင့် စိတ်နှလုံး၏အကြံအစည်သည် ရှေ့တော်၌ နှစ်သက်ဖွယ်ဖြစ်ပါစေသော။ အိုထာဝရဘုရား၊ အကျွန်ုပ်၏ကျောက်၊ အကျွန်ုပ်ကို ရွေးနုတ်တော်မူသောဘုရား” ဟူသည့်အချက်ကို သတိရရန်ဖြစ်သည်။ ကျွန်တော်တို့သည် အရာရာတွင် ယေဟောဝါအား သဘောကျနှစ်သက်စေလိုကြပြီး ဒါဝိဒ်ကဲ့သို့ ဆုတောင်းကြသည်– “အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အားပြညွှန်၍ ခရီးတော်တို့ကို သွန်သင်တော်မူပါ။ ကိုယ်တော်၏သမ္မာတရားကိုပြ၍ အကျွန်ုပ်ကိုသွန်သင်တော်မူပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကိုကယ်တင်သော ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကို အစဉ်မျှော်လင့်လျက်နေပါ၏။” (ဆာလံ ၂၅:၄၊ ၅) ထိုစကားတို့သည် အဓိပ္ပာယ်များစွာပါသည်။ ယင်းတို့ကိုသတိရခြင်းက ကျွန်တော်တို့အား မှန်သောလမ်းပေါ်တွင်ရှိနေစေရန်၊ မှန်သည့်ဘက်သို့ ဦးတည်လျှောက်နေရန်နှင့် ယေဟောဝါ၏ တိုးတက်နေသောအဖွဲ့အစည်းနှင့်အတူ လျှောက်လှမ်းနိုင်ရန်တို့အတွက် အကူအညီပေးနိုင်သည်။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ညီအစ်ကိုရပ်သဖော့ဒ်သည် မိတ်ဆွေများအတွက် အစားအစာပြင်ဆင်ခြင်းကို ပျော်ပိုက်သည်
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ဒဗလျူဘီဘီအာရ် ရေဒီယိုအသံလွှင့်ရုံရှိ ထိန်းချုပ်ခန်းမှ ရားဘတ်ဟတ်စ်ဖဲ့လ်တ်
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
မကြာသေးမီကရိုက်ထားသော ညီအစ်ကိုဟတ်စ်ဖဲ့လ်တ်၏ဓာတ်ပုံ