“လူမျိုးအပေါင်းတို့” အား သက်သေခံခြင်း
“လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရား [ဤသတင်းကောင်း၊ ကဘ] ကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။”—မဿဲ ၂၄:၁၄။
၁။ မဿဲ ၂၄:၁၄ တွင် မှတ်တမ်းတင်ထားသော ယေရှု၏စကားများသည် ကိုယ်တော့်နောက်တော်လိုက်များအတွက် အဘယ်ကြောင့် အံ့သြဖွယ်ဖြစ်မည်နည်း။
ယေရှု၏ အထက်ပါစကားများသည် ကိုယ်တော်၏ ဂျူးလူမျိုးတပည့်တော်များအတွက် အံ့သြဖွယ်ဖြစ်သွားစေပါမည်တကား! သန့်စင်ထားခြင်းခံရသော ဂျူးတို့သည် “မစင်ကြယ်” သော တစ်ပါးအမျိုးသားများဖြစ်သည့် “လူမျိုးများမှလူများ” ထံသွား၍ စကားပြောရမည်ဟူသည့်အစီအစဉ်သည် ဂျူးတို့အတွက် အထူးအဆန်းဖြစ်ရုံမက စက်ဆုပ်ရွံရှာဖွယ်ပင် ဖြစ်သေးတော့သည်။a အဘယ်ကြောင့်နည်း။ တစ်ပါးအမျိုးသား၏အိမ်သို့ဝင်ခြင်းကို အစဉ်အလာအလေးထားသည့် ဂျူးအမျိုးသားတစ်ဦးက စဉ်းစားမည်မဟုတ်၍ဖြစ်သည်။ ထိုဂျူးတပည့်တော်များသည် ယေရှုနှင့်ပတ်သက်၍၊ ကိုယ်တော့်မေတ္တာတော်၊ ကိုယ်တော့်တာဝန်များနှင့်ပတ်သက်၍ လေ့လာဆည်းပူးစရာ များစွာရှိနေတုန်းပင်။ ယေဟောဝါ၏ မျက်နှာမလိုက်ခြင်းအကြောင်းကိုလည်း သင်ယူစရာများစွာ ရှိဆဲဖြစ်သည်။—တမန်တော် ၁၀:၂၈၊ ၃၄၊ ၃၅၊ ၄၅၊ ကဘ။
၂။ (က) သက်သေခံတို့၏ ဓမ္မအမှုဆောင်ခြင်းသည် မည်မျှကျယ်ပြန့်သနည်း။ (ခ) သက်သေခံတို့သည် မည်သည့်အကြောင်းရင်းသုံးခုကြောင့် တိုးတက်ရခြင်းဖြစ်သနည်း။
၂ ယေဟောဝါသက်သေများသည် ခေတ်သစ်ဣသရေလလူမျိုးအပါအဝင် လူမျိုးများတွင် သတင်းကောင်းကို ဟောပြောကြပြီး ယင်းကို တစ်ခါနှင့်မျှမတူ ပိုမိုများပြားသည့်လူမျိုးများထံ ကြေညာပေးလျက်ရှိသည်။ ၁၉၉၄ ခုနှစ်တွင် သက်သေခံလေးသန်းခွဲကျော်တို့သည် နိုင်ငံပေါင်း ၂၃၀ ခန့်တို့တွင် ဟောပြောနေကြသည်။ သူတို့သည် စိတ်ဝင်စားသူများနှင့် ကျမ်းစာသင်အံမှုပေါင်း လေးသန်းခွဲခန့် ကျင်းပနေကြသည်။ သက်သေခံတို့၏ သွန်သင်ချက်များနှင့် ဦးတည်ချက်တို့ကို မသိရှိခြင်းအပေါ်အခြေခံလေ့ရှိသော ကမ္ဘာချီတည်ရှိနေသည့် ငဲ့ကွက်မှုကြားမှ ယင်းတို့ကိုပြုလုပ်နေကြခြင်းဖြစ်သည်။ ကနဦးခရစ်ယာန်များအားပြောသော ဤစကားများကဲ့သို့ သူတို့အားလည်း ပြောနိုင်ပါသည်– “ဤဘာသာသည် အရပ်ရပ်တို့၌ ကဲ့ရဲ့အပြစ်တင်ခြင်းကို ခံရသော ဘာသာဖြစ်သည်ကို အကျွန်ုပ်တို့သိကြသည်။” (တမန်တော် ၂၈:၂၂) သူတို့၏ အောင်မြင်သောဓမ္မအမှုသည် အဘယ်အရာကြောင့်ဖြစ်ကြောင်း ကျွန်ုပ်တို့ပြောနိုင်သနည်း။ သူတို့၏တိုးတက်မှုကို ဖြစ်စေသည့်အကြောင်း အနည်းဆုံးသုံးခုရှိသည်—ယေဟောဝါ၏ ဝိညာဉ်တော်ဦးဆောင်မှုကို လိုက်လျှောက်ခြင်း၊ ခရစ်တော်၏ လက်တွေ့ကျသည့်နည်းစနစ်များကို တုပခြင်း၊ ထိရောက်စွာ ဆက်သွယ်မှုပြုနိုင်ရန်အတွက် သင့်လျော်သောကိရိယာများကို အသုံးပြုခြင်းတို့ဖြစ်ကြသည်။
ယေဟောဝါ၏ဝိညာဉ်တော်နှင့် သတင်းကောင်း
၃။ ပြီးမြောက်အောင်မြင်သောအရာများအတွက် ကျွန်ုပ်တို့အဘယ်ကြောင့် မဝါကြွားနိုင်သနည်း။
၃ ယေဟောဝါသက်သေများသည် မိမိတို့၏ ထူးခြားသော အရည်အချင်းတစ်ခုခုကြောင့် အောင်မြင်မှုရရှိသည်ဟူသည့်သဘောဖြင့် ဝါကြွားကြသလော။ မဝါကြွားကြပါ၊ အကြောင်းမှာ ဤနေရာတွင် ယေရှု၏စကားများက သက်ဆိုင်လာသည်– “သင်တို့အားခန့်အပ်သည့်တာဝန်အားလုံးကို လုပ်ဆောင်ပြီးသည့်အခါ ဤသို့ပြောကြသည်။ ‘ငါတို့သည် ဘာမျှအသုံးမကျသည့်ကျေးကျွန်များ ဖြစ်ကြသည်။ ငါတို့လုပ်ခဲ့သည့်အရာများသည် ငါတို့လုပ်အပ်သည့်အရာများဖြစ်ကြသည်။’” ဆက်ကပ်အပ်နှံနှစ်ခြင်းခံထားကြသော ခရစ်ယာန်များအနေနှင့် ယေဟောဝါသက်သေများသည် မိမိတို့၏အခြေအနေမည်သို့ပင်ရှိစေကာမူ ဘုရားသခင်အားဝတ်ပြုရန်တာဝန်ကို စိတ်လိုကိုယ်လျောက် လက်ခံထားကြသည်။ ယင်းက အချို့သူများအတွက် သာသနာပြုများ သို့မဟုတ် ဌာနခွဲရုံးများနှင့် ခရစ်ယာန်စာပေများပုံနှိပ်ရန် စေတနာ့ဝန်ထမ်းများဖြစ်သော အချိန်ပြည့်အမှုဆောင်များအဖြစ် အမှုဆောင်ခြင်းမည်၏။ ယင်းသို့သော ခရစ်ယာန်စိတ်စေတနာက အချို့သူများအား ဘာသာရေးအဆောက်အအုံများ ဆောက်လုပ်သည့်လုပ်ငန်း၊ ရှေ့ဆောင်ဓမ္မအမှုဆောင်များအဖြစ် အချိန်ပြည့်ဟောပြောခြင်း၊ သို့မဟုတ် ဒေသန္တရအသင်းတော်များတွင် သတင်းကောင်း၏ကြေညာသူများအဖြစ် အချိန်ပိုင်းဟောပြောခြင်းများတွင် ပါဝင်စေသည်။ ကျွန်ုပ်တို့မည်သူတစ်ဦးတစ်ယောက်မျှ မိမိတာဝန်ကိုထမ်းဆောင်ပြီး ‘လုပ်အပ်သည့်အရာကိုလုပ်ခြင်း’ အတွက် မဝါကြွားနိုင်ကြပါ။—လုကာ ၁၇:၁၀၊ ကဘ; ၁ ကောရိန္သု ၉:၁၆။
၄။ ခရစ်ယာန်ဓမ္မအမှုအပေါ် ကမ္ဘာချီဆန့်ကျင်မှုကို မည်သို့အောင်မြင်ကျော်လွှားလာနိုင်ခဲ့သနည်း။
၄ ကျွန်ုပ်တို့ရရှိသော မည်သည့်အောင်မြင်မှုမဆို ယေဟောဝါ၏ဝိညာဉ်တော် သို့မဟုတ် လှုပ်ရှားတတ်သည့်စွမ်းအားကြောင့်ဖြစ်ကြောင်း ပြောနိုင်သည်။ ပရောဖက်ဇာခရိအချိန်ကကဲ့သို့ ယနေ့လည်း ကျွန်ုပ်တို့အခိုင်အမာပြောနိုင်သည်– “ဇေရုဗဗေလသို့ရောက်လာသော ထာဝရဘုရား၏နှုတ်ကပါဌ်တော်ဟူမူကား ဤအမှုသည် ဗိုလ်ခြေအားဖြင့်မဟုတ်၊ အာဏာတန်ခိုးအားဖြင့်မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့်ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။” ထို့ကြောင့် သက်သေခံတို့၏ ဟောပြောခြင်းလုပ်ငန်း ကမ္ဘာချီဆန့်ကျင်ခံရခြင်းကို ကျော်လွှားအောင်မြင်လာခဲ့ခြင်းသည် လူ့ကြိုးစားအားထုတ်မှုအားဖြင့်မဟုတ်ဘဲ ယေဟောဝါ၏လမ်းညွှန်မှုနှင့် ကာကွယ်မှုအားဖြင့်သာလျှင် ဖြစ်သည်။—ဇာခရိ ၄:၆။
၅။ ဘုရားနိုင်ငံတော်သတင်းပျံ့နှံ့စေရေးတွင် ယေဟောဝါသည် မည်သည့်အခန်းကဏ္ဍမှပါဝင်သနည်း။
၅ ဘုရားသခင့်နိုင်ငံတော်သတင်းကို တုံ့ပြန်သူများနှင့်ပတ်သက်၍ ယေရှုဤသို့ပြောခဲ့သည်– “အနာဂတ္တိကျမ်းစာ၌လာသည်ကား ထိုသူအပေါင်းတို့သည် ဘုရားသခင် ဆုံးမသွန်သင်တော်မူသောသူ ဖြစ်ကြလိမ့်မည် . . . ငါ၏ခမည်းတော်သည် အခွင့်ပေးတော်မမူလျှင် အဘယ်သူမျှငါ့ထံသို့မလာနိုင်။” (ယောဟန် ၆:၄၅၊ ၆၅) ယေဟောဝါသည် စိတ်နှင့်နှလုံးကို သိမြင်နိုင်ပြီး မိမိအားမသိသေးသော်လည်း မိမိ၏မေတ္တာတော်ကို တုံ့ပြန်နိုင်စရာအကြောင်းရှိသူများအား ကိုယ်တော်သိတော်မူသည်။ ဤထူးခြားသည့်ဓမ္မအမှုကို လမ်းညွှန်ရန် မိမိ၏ကောင်းကင်တမန်များကိုလည်း ကိုယ်တော်အသုံးပြုတော်မူသည်။ ထို့ကြောင့် ယောဟန်မြင်သည့်ရူပါရုံတွင် ကောင်းကင်တမန်ပါဝင်ခြင်းကို တွေ့ရပြီး သူဤသို့ရေးသားခဲ့သည်– “မြေကြီးပေါ်မှာနေသောသူတည်းဟူသော အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရား [သတင်းကောင်း၊ ကဘ] ကို ဟောရသော ကောင်းကင်တမန်တစ်ပါး . . . ကောင်းကင်အလယ်၌ ပျံဝဲလျက်ရှိသည်ကို ငါမြင်၏။”—ဗျာဒိတ် ၁၄:၆။
ဝိညာဏလိုအပ်ရာကို သတိပြု
၆။ သတင်းကောင်းကိုတုံ့ပြန်ရန် လူတစ်ဦးအတွက် မည်သည့်အခြေခံသဘောထားလိုအပ်သနည်း။
၆ ယေဟောဝါသည် လူတစ်ဦးအား သတင်းကောင်းကိုလက်ခံရန် အခွင့်အရေးပေးသည့် နောက်အကြောင်းတစ်ခုကို ယေရှုဤသို့ဖော်ပြသည်– “ဝိညာဉ်ရေးတွင် မိမိတို့လိုလျက်နေကြောင်း သတိပြုသူများသည် ဝမ်းမြောက်စရာရှိကြ၏။အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် သူတို့ပိုင်ဆိုင်ရာဖြစ်သတည်း။” (မဿဲ ၅:၃၊ ကဘ) ကိုယ့်ကိုယ်ကိုကျေနပ်နေသူ သို့မဟုတ် အမှန်တရားကိုမရှာဖွေသူသည် ဝိညာဏလိုအပ်ရာကို သတိမပြုပါ။ သူ သို့မဟုတ် သူမသည် ရုပ်ပိုင်းဆိုင်ရာ၊ သို့မဟုတ် ဇာတိသဘောအရသာ စဉ်းစားသည်။ အေးတိအေးစက်နိုင်ခြင်းက အတားအဆီးတစ်ခုဖြစ်လာသည်။ ထို့ကြောင့် ကျွန်ုပ်တို့တစ်အိမ်တက်ဆင်းသွားသောအခါ လူများစွာတို့က သတင်းစကားအားငြင်းပယ်ကြသည်ကို ကျွန်ုပ်တို့ကြုံရလျှင် လူတို့သည် မိမိတို့၏တုံ့ပြန်မှုအတွက်ရှိနိုင်သည့် ကွဲပြားခြားနားသောအကြောင်းရင်းအားလုံးကို ကျွန်ုပ်တို့ထည့်တွက်ကြရမည်။
၇။ လူများစွာတို့သည် အဘယ်ကြောင့် သမ္မာတရားကို မတုံ့ပြန်ကြသနည်း။
၇ လူများစွာတို့က နားမထောင်လိုကြခြင်းမှာ သူတို့သည် မိမိတို့အမွေခံထားရသောဘာသာကို အစွဲကြီးစွာလိုက်လျှောက်ကြပြီး မဆွေးနွေးလိုကြသောကြောင့်ဖြစ်သည်။ အချို့တို့သည် မိမိတို့၏စရိုက်နှင့် ကိုက်ညီသောဘာသာကို အာရုံစွဲကပ်ကြသည်—အချို့တို့က ခက်ခဲနက်နဲသည့်အယူဝါဒကို လိုလားသကဲ့သို့ အချို့တို့ကလည်း စိတ်လှုပ်ရှားမှုပေးသည့်အယူကို လက်ခံကြပြီး အချို့ကမူ မိမိတို့၏ချာ့ချ်များတွင် လူမှုရေးအသင်းအဖွဲ့များကို အာရုံစိုက်ကြသည်။ ယနေ့လူများစွာတို့သည် ဘုရားသခင့်စံချိန်များနှင့် ဆန့်ကျင်သည့် ဘဝပုံစံတစ်မျိုးကို ရွေးချယ်ကြသည်။ “ကျွန်တော်စိတ်မဝင်စားဘူး” ဟု သူတို့ပြောရသည့်အကြောင်းမှာ စာရိတ္တပျက်ပြားသည့်အသက်တာဖြင့် သူတို့နေထိုင်ကြသောကြောင့် ဖြစ်နိုင်သည်။ မိမိတို့ကိုယ်ကို ပညာတတ်ပြီးသိပ္ပံနည်းကျသည်ဟု အဆိုရှိသူအချို့တို့ကလည်း သမ္မာကျမ်းစာသည် အလွန်ရိုးရှင်းလွန်းအားကြီးသည်ဟုဆိုကာ ယင်းကိုငြင်းပယ်ကြသည်။—၁ ကောရိန္သု ၆:၉-၁၁; ၂ ကောရိန္သု ၄:၃၊ ၄။
၈။ အဘယ်ကြောင့် ငြင်းဆန်မှုက ကျွန်ုပ်တို့၏ဇွဲကို မမှေးမှိန်စေသင့်သနည်း။ (ယောဟန် ၁၅:၁၈-၂၀)
၈ လူအများစုလက်မခံခြင်းက အသက်ကယ်သည့်ဓမ္မအမှုတွင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့်ဇွဲတို့ကို မှေးမှိန်သွားစေသင့်သလော။ ရောမမြို့သားများထံ ပေါလုရေးသားလိုက်သည့်စာမှ ကျွန်ုပ်တို့နှစ်သိမ့်မှုရယူနိုင်ကြသည်– “သူတို့တွင် အချို့မယုံသော်လည်း အဘယ်ဆိုဖွယ်ရှိသနည်း။ သူတို့မယုံဘဲနေခြင်းအရာသည် ဘုရားသခင်၏သစ္စာတော်ကို ဖျက်နိုင်သလော။ မဖျက်နိုင်ရာ။ သို့ဖြစ်၍ မိန့်တော်မူချက်သည် ဖြောင့်ပါ၏။ တရားစီရင်သောအခါ အောင်မြင်တော်မူ၏ဟု ကျမ်းစာ၌လာသည်နှင့်အညီ လူခပ်သိမ်းတို့သည် သစ္စာပျက်သော်လည်း ဘုရားသခင်၏သစ္စာတော်သည် တည်စေသတည်း။”—ရောမ ၃:၃၊ ၄။
၉၊ ၁၀။ နိုင်ငံများစွာတို့တွင် ဆန့်ကျင်မှုများကို အောင်မြင်ကျော်လွှားနိုင်ခဲ့ကြောင်း မည်သည့်သာဓကရှိသနည်း။
၉ တုံ့ပြန်မှုကင်းလွန်းဟန်ရှိသော်လည်း အချိန်တန်သော် ယင်းသို့လုံးဝမဟုတ်ကြောင်း ထင်ရှားလာသည့် ကမ္ဘာတစ်ခွင်ရှိနိုင်ငံများ၏ ပုံနမူနာများစွာတို့မှ အားပေးမှုကို ကျွန်ုပ်တို့ရယူနိုင်ကြသည်။ စိတ်ကောင်းရှိသူများကို တွေ့ရှိနိုင်ကြောင်း ယေဟောဝါနှင့်ကောင်းကင်တမန်များတို့က သိကြသည်—သို့သော် ယေဟောဝါသက်သေများသည် မိမိတို့၏ဓမ္မအမှုတွင် ဇွဲနပဲနှင့်ခံနိုင်ရည်တို့ဖြင့် လုပ်ဆောင်ကြရမည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ က ကက်သလစ်ဘာသာသည် မကျော်လွှားနိုင်သည့်အတားအဆီးသဖွယ် ရှိခဲ့သော နိုင်ငံအချို့—ကိုလံဘီယာ၊ စပိန်၊ ပေါ်တူဂီ၊ ဘရာဇီး၊ မက္ကဆီကို၊ အာဂျင်တီးနား၊ အီတလီနှင့် အိုင်ယာလန်တို့ကို ဥပမာအဖြစ်ကြည့်ပါ။ လွန်ခဲ့သည့် ၁၉၄၃ ခုနှစ်အချိန်က သက်သေခံအရေအတွက်သည်နည်းပြီး အမေရိကန်ပြည်ထောင်စုတွင် ၇၂,၀၀၀ အပါအဝင် ကမ္ဘာတစ်ခွင်လုံးတွင်မှ ၁၂၆,၀၀၀ ယောက်သာ ရှိခဲ့သည်။ သက်သေခံများ ထိပ်တိုက်ရင်ဆိုင်ရသည့် ဂရုမစိုက်ခြင်းနှင့် ငဲ့ကွက်မှုများက မထိုးဖောက်နိုင်သည့် အုတ်တံတိုင်းကြီးသဖွယ် ဖြစ်ခဲ့သည်။ သို့တိုင် ယနေ့ အောင်မြင်မှုအရှိဆုံးသော ဟောပြောခြင်း၏ အကျိုးရလဒ်အချို့တို့ကို ဤနိုင်ငံများတွင်ရရှိသည်။ ယခင်ကွန်မြူနစ်နိုင်ငံများတွင်လည်း အလားတူပင်ဖြစ်သည်။ ၁၉၉၃ ခုနှစ်တွင် ယူကရိန်းနိုင်ငံ၊ ကီယက်ဗ်မြို့၌ လူပေါင်း ၇,၄၀၂ ယောက်နှစ်ခြင်းခံခြင်းက ယင်းကိုသက်သေထူသည်။b
၁၀ သက်သေခံတို့သည် ကိုယ်နှင့်စပ်ဆိုင်သူများအား သတင်းကောင်းဖြန့်ဝေပေးနိုင်ရန် မည်သည့်နည်းစနစ်များကို အသုံးပြုလာခဲ့ကြသနည်း။ သူတို့သည် အချို့သူများစွပ်စွဲသကဲ့သို့ အခြားသူများကို ဘာသာပြောင်းနိုင်ရန် ရုပ်ပစ္စည်းဖြင့် မြှူဆွယ်သွေးဆောင်မှုများကို အသုံးပြုကြသလော။ သူတို့သည် အချို့သူများပြောသကဲ့သို့ ဆင်းရဲပြီး ပညာမတတ်သောသူများထံသို့သာ လည်ပတ်ကြသလော။
သတင်းကောင်းဖြန့်ချိရာတွင် အောင်မြင်သည့်နည်းစနစ်များ
၁၁။ ယေရှုသည် မိမိ၏ဓမ္မအမှုဆောင်ခြင်းတွင် မည်သည့်ပုံသက်သေကောင်းကို ချမှတ်ခဲ့သနည်း။ (ယောဟန် ၄:၆-၂၆ ကိုရှု။)
၁၁ ယေရှုနှင့် ကိုယ်တော့်တပည့်တော်များက ချမှတ်ခဲ့ကြသည့်ပုံစံကို တပည့်ဖြစ်စေခြင်းဆိုင်ရာ မိမိတို့၏လုပ်ငန်းတွင် ယနေ့ သက်သေခံများ လိုက်လျှောက်ကြသည်။ ယေရှုသည် ဆင်းရဲချမ်းသာမရွေး၊ လူရှိသောမည်သည့်နေရာ၌မဆို—အိမ်များ၊ လူအများရှိတတ်သည့်နေရာများ၊ အိုင်ကမ်းခြေများ၊ တောင်ကုန်းဒေသများနှင့် တရားဇရပ်များသို့ပင် သွားရောက်ခဲ့သည်။—မဿဲ ၅:၁၊ ၂; ၈:၁၄; မာကု ၁:၁၆; လုကာ ၄:၁၅။
၁၂၊ ၁၃။ (က) ပေါလုသည် မည်သည့်နည်းဖြင့် ခရစ်ယာန်များအတွက် ပုံနမူနာတစ်ခုကိုပေးခဲ့သနည်း။ (ခ) ယေဟောဝါသက်သေများသည် ပေါလု၏ပုံသက်သေကို မည်သို့လိုက်လျှောက်ကြသနည်း။
၁၂ မိမိ၏ဓမ္မအမှုဆောင်ခြင်းနှင့်ပတ်သက်၍ တမန်တော်ပေါလု ဤသို့တော်လျော်စွာ ပြောနိုင်ခဲ့သည်– “ငါသည် အာရှိပြည်သို့ရောက်သောနေ့မှစ၍ ယခုတိုင်အောင် သင်တို့ရှေ့မှာ . . . သခင်ဘုရား၏အမှုတော်ကို ငါဆောင်ရွက်သည်အကြောင်းအရာကို သင်တို့သိကြ၏။ သင်တို့အကျိုးပြုစုရာတစ်စုံတစ်ခုကိုမျှ ငါမထိမ်မဝှက်။ လူစုဝေးရာ၌လည်းကောင်း၊ အိမ်များ၌ [တစ်အိမ်မှတစ်အိမ်၌၊ ကဘ] လည်းကောင်း၊ သင်တို့အားဟောပြော၍ ဆုံးမသြဝါဒပေး [သည်။]”—တမန်တော် ၂၀:၁၈-၂၀။
၁၃ တစ်အိမ်တက်ဆင်းဓမ္မအမှုဆောင်ခြင်းဖြစ်သည့် တမန်တော်များချမှတ်ခဲ့သည့်ပုံစံကို လိုက်လျှောက်ကြရာတွင် ယေဟောဝါသက်သေများသည် ကမ္ဘာသိဖြစ်သည်။ အကုန်အကျများပြီး အနှစ်သာရကင်းမဲ့ကာ တစ်ဦးချင်းမဆက်သွယ်နိုင်သော တီဗွီတရားဟောပြောခြင်းကို သုံးမည့်အစား သက်သေခံများသည် ဆင်းရဲချမ်းသာမရွေး လူတို့ထံသို့သွားကာ သူတို့အား နဖူးတွေ့ဒူးတွေ့တွေ့ဆုံကြသည်။ သူတို့သည် ဘုရားသခင်နှင့် ကိုယ်တော့်နှုတ်ကပါဌ်တော်အကြောင်း စကားစမြည်ပြောဆိုနိုင်ခွင့်ကို ရှာကြံကြသည်။c သူတို့သည် ရုပ်ပစ္စည်းပေးကမ်းခြင်းအားဖြင့် ကာယအကျိုးရသောကြောင့် ခရစ်ယာန်ဖြစ်လိုသူများကို ရရန် မကြိုးစားကြပါ။ လူ့ပြဿနာများ၏ တစ်ခုတည်းသောဖြေရှင်းနည်းအမှန်မှာ ကျွန်ုပ်တို့၏ကမ္ဘာပေါ်ရှိအခြေအနေများကို ပို၍ကောင်းမွန်ရန်အတွက်ပြောင်းလဲပစ်မည့် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်ရေးဖြစ်ကြောင်း စဉ်းစားဆင်ခြင်လိုသူများအား သူတို့ထောက်ပြကြသည်။—ဟေရှာယ ၆၅:၁၇; ၂၁-၂၅; ၂ ပေတရု ၃:၁၃; ဗျာဒိတ် ၂၁:၁-၄။
၁၄။ (က) များစွာသော သာသနာပြုများနှင့် ရှေ့ဆောင်များက ခိုင်မာသည့်အုတ်မြစ်ကိုမည်သို့ ချထားခဲ့ကြသနည်း။ (ခ) ဂျပန်နိုင်ငံရှိ ယေဟောဝါသက်သေများ၏ တွေ့ကြုံမှုမှ ကျွန်ုပ်တို့ မည်သည့်သင်ခန်းစာရရှိသနည်း။
၁၄ ဖြစ်နိုင်သရွေ့ နိုင်ငံများစွာတို့၌ လုပ်ငန်းအောင်မြင်မှုရှိရန် သာသနာပြုများနှင့် ရှေ့ဆောင်များတို့က လူမျိုးများစွာထဲတွင် ခြေကုပ်ယူကြသည်။ သူတို့က အုတ်မြစ်ချပေးပြီးနောက် ဒေသခံသက်သေခံများက ဦးဆောင်သွားကြသည်။ သို့အားဖြင့် ဟောပြောခြင်းလုပ်ငန်း ဆက်လက်တည်ရှိနေရေးနှင့် အစီအစဉ်စနစ်ကျနစွာရှိစေရေးတို့အတွက် နိုင်ငံခြားမှ သက်သေခံများစွာ မလိုတော့ပါ။ ထင်ရှားသည့်ဥပမာတစ်ရပ်မှာ ဂျပန်နိုင်ငံဖြစ်သည်။ လွန်ခဲ့သည့် ၁၉၄၀ ပြည့်လွန်နှစ်များအကုန်ပိုင်းလောက်က အဓိကအားဖြင့် ဩစတြေးလျနှင့်ဗြိတိသျှသာသနာပြုများက ထိုဒေသသို့သွားပြီး ဘာသာစကားကိုသင်ယူကြကာ အနည်းငယ်ရှေးကျသည့်အခြေအနေအချို့ကို ထိုစစ်ပြီးကာလနှင့်အညီ အလိုက်သင့်ပြုပြင်နေထိုင်ပြီး တစ်အိမ်တက်ဆင်းသက်သေခံခြင်း စတင်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တွင် သက်သေခံတို့သည် ပိတ်ပင်ခံရကြပြီး နှိပ်စက်ညှဉ်းပန်းခံခဲ့ကြရသည်။ ထို့ပြင် သာသနာပြုများရောက်လာကြသောအခါ လှုပ်ရှားသောဂျပန်သက်သေခံအနည်းငယ်ကိုသာတွေ့ခဲ့ကြသည်။ သို့သော် ယနေ့သူတို့သည် ၁၈၇,၀၀၀ ကျော်တိုးပွားလာကာ အသင်းတော်ပေါင်း ၃,၀၀၀ ကျော်ပင် ဖြစ်လာပါသည်တကား! သူတို့၏ ကနဦးအောင်မြင်မှု၏ လျှို့ဝှက်ချက်ကား အဘယ်နည်း။ ထိုဒေသရှိ အမှုဆောင်သက်တမ်း ၂၅ နှစ်ရှိပြီဖြစ်သော သာသနာပြုတစ်ဦးက ဤသို့ပြောသည်– “အရေးအကြီးဆုံးက လူတွေနဲ့စကားပြောနိုင်အောင် သင်ယူဖို့ပဲ။ သူတို့စကားကို ကျွန်တော်တို့ပြောတတ်လို့လဲ သူတို့နဲ့ ရောရောနှောနှောနေထိုင်နိုင်၊ သူတို့ရဲ့ဘဝကို ကောင်းကောင်း နားလည်သဘောပေါက်စေပါတယ်။ ဂျပန်လူမျိုးတွေကို ကျွန်တော်တို့ချစ်တယ်ဆိုတာကို တင်ပြခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ခရစ်ယာန်စံချိန်တွေကို အလျှော့မပေးဘဲနဲ့ ကိုယ့်ကိုယ်ကို ဒေသန္တရအသိုင်းအဝိုင်းအဝင်ဖြစ်အောင် နှိမ့်ချစွာကြိုးစားလာခဲ့ကြတယ်။”
ခရစ်ယာန်အကျင့်အကြံသည်လည်း သက်သေတစ်ရပ်
၁၅။ သက်သေခံများသည် ခရစ်ယာန်အကျင့်အကြံကို မည်သို့တင်ပြကြသနည်း။
၁၅ သို့သော် လူတို့သည် ကျမ်းစာသတင်းတရားကိုသာ တုံ့ပြန်ကြသည်မဟုတ်။ ခရစ်ယာန်ဘာသာ၏လုပ်ရပ်ကို သူတို့တွေ့မြင်ခဲ့ကြရသည်။ ပြည်တွင်းစစ်၊ လူမျိုးရေးပဋိပက္ခ၊ လူမျိုးရေးမုန်းတီးမှုများ ကဲ့သို့သော အပြင်းထန်ဆုံးစမ်းသပ်ခံရသည့် အခြေအနေများအောက်၌ပင် သက်သေခံများ၏ မေတ္တာ၊ ညီညွတ်မှုနှင့် စည်းလုံးမှုတို့ကို သူတို့မြင်ကြသည်။ သက်သေခံများသည် ပဋိပက္ခတိုင်းတွင် ခရစ်ယာန်ကြားနေမှုဖြင့် အခိုင်အမာရပ်တည်ကြသောကြောင့် ယေရှု၏အောက်ပါစကားများကို ပြည့်စုံစေကြသည်– “သင်တို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ချစ်ကြလော့။ ငါသည် သင်တို့ကိုချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။ သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်။”—ယောဟန် ၁၃:၃၄၊ ၃၅။
၁၆။ မည်သည့်တွေ့ကြုံမှုက လက်တွေ့ကျသောခရစ်ယာန်မေတ္တာကို သရုပ်ဖော်ပြသနည်း။
၁၆ ကိုယ်နှင့်စပ်ဆိုင်သောသူအား မေတ္တာပြခြင်းကို ဒေသန္တရသတင်းစာတွင် “မစ္စတာနှင့်မစ္စက်စ်နိုက်စ်ဂိုင်း” အကြောင်းရေးသားသည့် သက်ကြီးရွယ်အိုတစ်ဦး၏အဖြစ်က သရုပ်ဖော်သည်။ သူ၏ဇနီးဖြစ်သူသည် သေလုမြောပါးဖြစ်နေစဉ်တွင် သူ့အိမ်နီးချင်းတို့သည် သူ့အပေါ်ကြင်နာမှုပြသခဲ့ကြကြောင်း သူရှင်းပြသည်။ “သူဆုံးသွားပြီးတဲ့နောက် . . . သူတို့ပိုပြီးတောင်ကောင်းကြသေးတယ်။ အဲဒီအချိန်ကစပြီး ကျွန်တော့်ကို သူတို့ ‘ဆွေမျိုးအဖြစ်သတ်မှတ်’ လိုက်ကြတယ် . . . အလုပ်အားလုံးလုပ်ပေးတယ်။ အငြိမ်းစားဖြစ်နေတဲ့ အသက် ၇၄ နှစ်သမားရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အကူအညီပေးကြတယ်။ ပုံမှန်မဟုတ်ဘဲ ပိုမိုထူးခြားတာက သူတို့က မျက်နှာမဲ၊ ကျွန်တော်က မျက်နှာဖြူ။ သူတို့က ယေဟောဝါသက်သေတွေ၊ ကျွန်တော်က ကက်သလစ်ကနုတ်ထွက်လာတဲ့သူ” ဟု သူရေးသားခဲ့သည်။
၁၇။ မည်သည့်လမ်းစဉ်ကို ကျွန်ုပ်တို့ရှောင်သင့်သနည်း။
၁၇ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ နေ့စဉ်အကျင့်အကြံအပါအဝင် နည်းမျိုးပေါင်းစုံဖြင့် သက်သေခံနိုင်ကြောင်း ထိုတွေ့ကြုံမှုက သရုပ်ဖော်သည်။ အမှန်အားဖြင့် ကျွန်ုပ်တို့၏ကျင့်ကြံပုံသာ ခရစ်တော်နှင့်မတူပါက ကျွန်ုပ်တို့၏ဓမ္မအမှုဆောင်ခြင်းသည် အရေခြုံဖာရိရှဲများနှင့်တူပြီး အကျိုးမရှိဘဲဖြစ်လိမ့်မည်။ ယေရှုဖော်ပြသည့်လူတန်းစားမျိုး ကျွန်ုပ်တို့မဖြစ်လိုကြပါ– “သူတို့စီရင်ထုံးဖွဲ့သမျှတို့ကို စောင့်ရှောက်၍ ပြုကြလော့။ သူတို့၏အကျင့်အတိုင်း မကျင့်ကြနှင့်။ အကြောင်းမူကား သူတို့သည် စီရင်ထုံးဖွဲ့သော်လည်း ကိုယ်တိုင်မကျင့်ကြ။”—မဿဲ ၂၂:၃၇-၃၉; ၂၃:၃။
ကျေးကျွန်အတန်းအစားက တော်မှန်သည့်ပစ္စည်းကိရိယာများကို ပံ့ပိုးပေး
၁၈။ အရိုးခံစိတ်ရှိသူများကိုကူညီရန် ကျမ်းစာစာပေများက ကျွန်ုပ်တို့အား မည်သို့တန်ဆာဆင်ပေးသနည်း။
၁၈ လူမျိုးအပေါင်းတို့အား သတင်းကောင်းဟောပြောရာတွင် အကျိုးဖြစ်ထွန်းစေသော အရေးပါအရာရောက်သည့် အခြားအကြောင်းတစ်ခုမှာ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသည့် ကျမ်းစာစာပေများ ရရှိနိုင်ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့တွင် အရိုးခံသဘောဖြင့် မေးခွန်းမေးသူအားလုံးနီးပါးတို့အား ကျေနပ်လောက်သည့်အဖြေပေးနိုင်သော စာအုပ်များ၊ ဘရိုရှာများ၊ ဝေစာများနှင့် မဂ္ဂဇင်းများ ရှိထားကြသည်။ ကျွန်ုပ်တို့သည် မွတ်စလင်၊ ဟိန္ဒူ၊ . . . ၊ တိုင်အိုဘာသာ၊ သို့မဟုတ် ဂျူးစသည်တို့နှင့် တွေ့သောအခါ စကားစမြည်စတင်ရန်နှင့် ဖြစ်နိုင်က ကျမ်းစာသင်အံမှုပြုရန် ဘုရားသခင်ကိုလူသားများရှာပုံတော် [လိပ်] စာအုပ် သို့မဟုတ် အမျိုးမျိုးသော ဝေစာများနှင့် စာအုပ်ငယ်များကို အသုံးပြုနိုင်သည်။ ဆင့်ကဲဝါဒီတစ်ဦးက ဖန်ဆင်းခြင်းအကြောင်းမေးလာလျှင် အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော [လိပ်] စာအုပ်ကို ကျွန်ုပ်တို့အသုံးပြုနိုင်သည်။ လူငယ်တစ်ဦးက ‘ဘဝရည်ရွယ်ချက်ကား အဘယ်နည်း’ ဟုမေးသောအခါ လူငယ်များအမေး—တာသွားသည့်အဖြေ စာအုပ်ကို ကျွန်ုပ်တို့ညွှန်းနိုင်သည်။ လူတစ်ဦးသည် ကိုယ်ရေးကိုယ်တာပြဿနာများ—စိတ်ဓာတ်ကျဆင်းခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အဓမ္မပြုခြင်း၊ လင်မယားကွာရှင်းခြင်း—တို့၏ဒဏ်ကို အပြင်းအထန်ခံစားနေရလျှင် ထိုကိစ္စများအတွက် လက်တွေ့ကျသည့်နည်းများနှင့် ပတ်သက်သည့်မဂ္ဂဇင်းများ ကျွန်ုပ်တို့ရှိထားသည်။ သစ္စာရှိကျေးကျွန်အတန်းအစားက “အချိန်တန်လျှင်အစားအသောက်” ဝေငှမည်ဟူသော ယေရှုပရောဖက်ပြုချက်၏ အခန်းကဏ္ဍသည် အမှန်ပင်ပြည့်စုံနေပါသည်။—မဿဲ ၂၄:၄၅-၄၇။
၁၉၊ ၂၀။ အယ်လ်ဘေးနီးယားတွင် ဘုရားသခင့်နိုင်ငံတော်လုပ်ငန်း မည်သို့အရှိန်အဟုန်မြင့်မားလာသနည်း။
၁၉ သို့သော် လူမျိုးများထံသို့ရောက်ရန် ဤစာပေများကို ဘာသာစကားအမျိုးမျိုးဖြင့် ထုတ်ဝေရန်လိုအပ်သည်။ သမ္မာကျမ်းစာနှင့် ကျမ်းစာစာပေများကို ဘာသာစကား ၂၀၀ ကျော်ဖြင့် ဘာသာပြန်ဆိုရန် မည်သို့ဖြစ်နိုင်ခဲ့သနည်း။ ဥပမာတစ်ခုအနေနှင့် အယ်လ်ဘေးနီးယားအကြောင်း ခေတ္တစဉ်းစားကြည့်ခြင်းက ကြီးမားသည့်အခက်အခဲများကြားမှ ဘာသာစကားများဖြင့် လတ်တလောဆက်သွယ်နိုင်သည့် ခေတ်သစ်ပင်တေကုတ္တေပွဲ မရှိပါဘဲလျက် သစ္စာနှင့်သတိပညာရှိသောကျွန်အတန်းအစားသည် သတင်းကောင်းကို မည်သို့တိုးချဲ့နိုင်သည်ကို သရုပ်ဖော်သည်။—တမန်တော် ၂:၁-၁၁။
၂၀ လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်ကပင် အယ်လ်ဘေးနီးယားသည် တစ်ခုတည်းသော ဘုရားမဲ့ကွန်မြူနစ်နိုင်ငံအစစ်အဖြစ် ရှုမှတ်ခံရဆဲဖြစ်သည်။ ၁၉၈၀ ခုနှစ်တွင် National Geographic မဂ္ဂဇင်းက ဤသို့ဖော်ပြထားသည်– “အယ်လ်ဘေးနီးယားသည် [ဘာသာတရား] ကို တားမြစ်ပြီး ၁၉၆၇ ခုနှစ်က ‘ပထမဆုံးဘုရားမဲ့နိုင်ငံ’ အဖြစ် မိမိကိုယ်ကိုကြေညာခဲ့သည်။ . . . အယ်လ်ဘေးနီးယား၏ မျိုးဆက်သစ်များသည် ဘုရားမဲ့ဝါဒကိုသာသိကြတော့သည်။” ယခုအခါ ထိုကွန်မြူနစ်ဝါဒသည် မှေးမှိန်လာပြီး မိမိတို့၏ဝိညာဏလိုအပ်ရာကို အသိအမှတ်ပြုသော အယ်လ်ဘေးနီးယားလူမျိုးများသည် ယေဟောဝါသက်သေများ၏ ဟောပြောခြင်းကို တုံ့ပြန်လာကြသည်။ ၁၉၉၂ ခုနှစ်တွင် အီတာလျံနှင့် အင်္ဂလိပ်စကား တတ်ကျွမ်းသော သက်သေခံလူငယ်များနှင့် ဖွဲ့စည်းထားသည့် ဘာသာပြန်အဖွဲ့ငယ်ကလေးတစ်ဖွဲ့ကို တီရားနားမြို့၌ ဖွဲ့စည်းခဲ့သည်။ အခြားနိုင်ငံမှ လည်ပတ်ရောက်ရှိလာသော ကျွမ်းကျင်သည့်ညီအစ်ကိုများက ပေါင်ပေါ်တင်ရိုက်နိုင်သည့် ကွန်ပျူတာငယ်ဖြင့် အယ်လ်ဘေးနီးယားစာများမည်သို့ရိုက်သွင်းရကြောင်း သူတို့အားသင်ပြပေးကြသည်။ သူတို့သည် ဝေစာများနှင့် ကင်းမျှော်စင် ကို စတင်ဘာသာပြန်ဆိုကြသည်။ သူတို့အတွေ့အကြုံရလာသောအခါ အခြားသောကျမ်းစာစာပေများကို ပြန်ဆိုလာကြသည်။ လောလောဆယ် ထိုနိုင်ငံငယ်ကလေး (လူဦးရေ ၃,၂၆၂,၀၀၀) တွင် လှုပ်ရှားသောသက်သေခံ ၂၀၀ ကျော်ရှိပြီး ၁၉၉၄ ခုနှစ်အတွက် သတိရအောက်မေ့ပွဲတက်ရောက်သူပေါင်း ၁,၉၈၄ ရှိသည်။
ကျွန်ုပ်တို့အားလုံး တာဝန်တစ်ခုရှိ
၂၁။ ကျွန်ုပ်တို့သည် မည်သည့်အချိန်ကာလမျိုးတွင် အသက်ရှင်နေကြရသနည်း။
၂၁ ကမ္ဘာ့အဖြစ်အပျက်များသည် အထွတ်အထိပ်တစ်ခုသို့ ရောက်လာနေသည်။ ရာဇဝတ်မှုနှင့်အဓမ္မမှုတိုးပွားလာခြင်း၊ ပြည်တွင်းစစ်များအတွင်း လူသတ်မှုနှင့်မုဒိမ်းမှု၊ အကျင့်စာရိတ္တယိုယွင်းမှုနှင့် ယင်း၏ရလဒ်ဖြစ်သော လိင်ကြောင့်ကူးစက်သည့်ရောဂါများ၊ တရားရေးရာအခွင့်အာဏာများကို မခန့်လေးစားပြုခြင်းတို့အားဖြင့် ကမ္ဘာသည် ထိန်းမနိုင်သိမ်းမရ၊ မင်းမဲ့စိုးမဲ့အခြေအနေသို့ ရောက်ရှိလာသည့်အသွင်ရှိသည်။ ကျွန်ုပ်တို့သည် ကမ္ဘာဦးကျမ်းတွင်ဖော်ပြထားသော ရေလွှမ်းမိုးခြင်းခေတ်မတိုင်မီအချိန်နှင့် နှိုင်း၍ရသည့်အချိန်တွင် အသက်ရှင်နေရသည်– “မြေကြီးပေါ်မှာ လူအပြစ်ကြီး၍ သူ၏စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ်ဆိုးညစ်ခြင်းသက်သက်ရှိကြောင်းကို ဘုရားသခင်သိမြင်တော်မူလျှင် မြေကြီးပေါ်မှာလူကိုဖန်ဆင်းတော်မူသည်ကို နောင်တရ၍ နှလုံးတော်ပူပန်လျက်ရှိတော်မူ၏။”—ကမ္ဘာဦး ၆:၅၊ ၆; မဿဲ ၂၄:၃၇-၃၉။
၂၂။ ယေဟောဝါသက်သေအားလုံးသည် မည်သည့်ခရစ်ယာန်တာဝန်ကို ရရှိထားကြသနည်း။
၂၂ နောဧခေတ်ကကဲ့သို့ပင် ယေဟောဝါအရေးယူတော်မူမည်။ သို့သော် ကိုယ်တော်၏ တရားမျှတခြင်းနှင့်မေတ္တာတော်ကြောင့် ရှေးဦးစွာ လူမျိုးအားလုံးတို့အား သတင်းကောင်းနှင့် သတိပေးစကားတို့ကို ဟောပြောစေလိုသည်။ (မာကု ၁၃:၁၀၊ ကဘ) ဤကိစ္စနှင့်ပတ်သက်၍ ယေဟောဝါသက်သေများတွင် တာဝန်တစ်ခုရှိသည်—ဘုရားသခင်၏ငြိမ်သက်ခြင်းနှင့် ထိုက်တန်သူများကို ရှာဖွေပြီး ကိုယ်တော့်ငြိမ်သက်ခြင်းနည်းလမ်းကို သင်ပေးရန်ဖြစ်သည်။ မကြာမီ ဘုရားသခင်သတ်မှတ်ထားသည့်အချိန် ရောက်လာသောအခါ ဟောပြောခြင်းတာဝန်သည် အောင်မြင်စွာပြီးမြောက်တော့မည်ဖြစ်သည်။ “သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။”—မဿဲ ၁၀:၁၂၊ ၁၃; ၂၄:၁၄; ၂၈:၁၉၊ ၂၀။
သင်မှတ်မိသလော
◻ ခေတ်သစ်သက်သေခံများသည် သူတို့၏ဓမ္မအမှုတွင် မည်သည့်အောင်မြင်မှုကို ရရှိကြသနည်း။
◻ အဘယ်ကြောင့် ခရစ်ယာန်သတင်းကို လူများစွာတို့ ငြင်းပယ်ကြသနည်း။
◻ သက်သေခံများသည် တမန်တော်များ၏ ဟောပြောခြင်းဆိုင်ရာအဘယ်နည်းစနစ်ကို အသုံးပြုကြသနည်း။
◻ ထိရောက်သောဓမ္မအမှုဆောင်ခြင်းအတွက် မည်သည့်ကိရိယာများ ကျွန်ုပ်တို့ရှိထားကြသနည်း။
◻ မာကု ၁၃:၁၀ နှင့်အညီ ကျွန်ုပ်တို့အားလုံး မည်သည့်အရာကိုလုပ်ရမည်နည်း။
a တစ်ပါးအမျိုးသားနှင့်ပတ်သက်သည့် ထပ်ဆင့်အကြောင်းအရာများအတွက် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသော ကျမ်းစာစောင်များအပေါ်ထိုးထွင်းသိမြင်ခြင်း [လိပ်] စာအုပ်ပါ၊ အတွဲ ၂၊ စာမျက်နှာ ၄၇၂-၄ “လူမျိုးများ” ခေါင်းစဉ်ကိုရှု။
b နောက်ထပ်အသေးစိတ်အချက်အလက်များကို ၁၉၉၄ ခု၊ ဇန်နဝါရီလ ၈ ရက်ထုတ် နိုးလော့! ကိုရှု။
c ခရစ်ယာန်ဓမ္မအမှုနှင့်ပတ်သက်သည့် လက်တွေ့ကျအကြံပြုချက်များအတွက် ၁၉၈၅ ခု၊ ဩဂုတ် ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၁၃ ပါ “ထိရောက်သောဓမ္မအမှုဆောင်များမည်သို့ဖြစ်နိုင်” နှင့် စာမျက်နှာ ၁၈ ပါ “ထိရောက်သောဓမ္မအမှုဆောင်ခြင်းနောက်လိုက်ပွားရေးသို့ဦးတည်” တို့ကိုရှု။
[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
နိုင်ငံ ၁၉၄၃ ခုနှစ် သက်သေခံတို့၏လှုပ်ရှားမှု ၁၉၉၃ ခုနှစ်တွင်
အာဂျင်တီးနား ၃၇၄ ၁၀၂,၀၄၃
ဘရာဇီး ၄၃၀ ၃၆၆,၂၉၇
ချီလီ ၇၂ ၄၄,၆၆၈
ကိုလံဘီယာ ?? ၆၀,၈၅၄
ပြင်သစ် ဒုတိယကမ္ဘာစစ်—မှတ်တမ်းမရ ၁၂၂,၂၅၄
အိုင်ယာလန် ၁၅၀? ၄,၂၂၄
အီတလီ ဒုတိယကမ္ဘာစစ်—မှတ်တမ်းမရ ၂၀၁,၄၄၀
မက္ကဆီကို ၁,၅၆၅ ၃၈၀,၂၀၁
ပီရူး လှုပ်ရှားမှုမှတ်တမ်းမရှိ ၄၅,၃၆၃
ဖိလစ်ပိုင် ဒုတိယကမ္ဘာစစ်—မှတ်တမ်းမရ ၁၁၆,၅၇၆
ပိုလန် ဒုတိယကမ္ဘာစစ်—မှတ်တမ်းမရ ၁၁၃,၅၅၁
ပေါ်တူဂီ လှုပ်ရှားမှုမှတ်တမ်းမရှိ ၄၁,၈၄၂
စပိန် လှုပ်ရှားမှုမှတ်တမ်းမရှိ ၉၇,၅၉၅
အုရုဂွေး ၂၂ ၉,၁၄၄
ဗင်နီဇွဲလား လှုပ်ရှားမှုမှတ်တမ်းမရှိ ၆၄,၀၈၁
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
စပိန်ကဲ့သို့သော ကက်သလစ်နိုင်ငံများတွင် ယေဟောဝါသက်သေများသည် တိုးပွားလျက်ရှိသည်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ယေဟောဝါသက်သေများသည် ကမ္ဘာတစ်ခွင်ရှိနိုင်ငံများတွင် လှုပ်ရှားတက်ကြွနေကြသည်