ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၆/၁၅ စာ. ၁၇-၂၁
  • ယေဟောဝါ၏အဖွဲ့အစည်းသည် သင့်ခရစ်ယာန်ဓမ္မအမှုကိုထောက်မ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ၏အဖွဲ့အစည်းသည် သင့်ခရစ်ယာန်ဓမ္မအမှုကိုထောက်မ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာချီဆန့်ကျင်မှုကြုံရလင့်ကစား အသက်ရှင်လွတ်မြောက်
  • ယေဟောဝါသည် ဇွဲနပဲဖြင့်ဟောပြောခြင်းကို ကောင်းချီးပေး
  • လူတို့၏လိုအပ်ရာများနှင့်အညီ အလိုက်သင့်ပြောင်းလဲခြင်း
  • ယေဟောဝါသက်သေများကို အဘယ်အရာက လှုံ့ဆော်သနည်း
  • သက်သေခံခြင်းပြီးမြောက်စေရန် ကျွန်ုပ်တို့၏ဇွဲနပဲ
  • ‘သွား၍ လူမျိုးတကာမှ လူတို့ကို တပည့်ဖြစ်စေပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • “လူမျိုးအပေါင်းတို့” အား သက်သေခံခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ဤသတင်းကောင်းကို ရှေးဦးစွာဟောရမည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • သင့်မှာ အမှန်တရားရှိတယ်ဆိုတာ ယုံသလား၊ ဘာကြောင့်လဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၆/၁၅ စာ. ၁၇-၂၁

ယေဟောဝါ၏အဖွဲ့အစည်းသည် သင့်ခရစ်ယာန်ဓမ္မအမှုကိုထောက်မ

“ကောင်းကင်အလယ်တွင် ကောင်းကင်တမန်တစ်ပါး ပျံဝဲလျက်နေသည်ကို ငါမြင်ရ၏။ သူသည် . . . ကြေညာရန် ထာဝရသတင်းကောင်းကို ယူဆောင်လာ၏။”—ဗျာဒိတ် ၁၄:၆၊ သတင်းကောင်း။

၁။ ယေဟောဝါသက်သေများသည် မည်သို့စမ်းသပ်ခံခဲ့ကြရသနည်း၊ အဘယ်ကြောင့် သူတို့ကျော်လွှားနိုင်ခဲ့ကြသနည်း။

ခရစ်ယာန်ဓမ္မအမှုကိုထောက်မရာတွင် ယေဟောဝါ၏ ကောင်းကင်အဖွဲ့အစည်းအခန်းကဏ္ဍကိုအသိအမှတ်ပြုရန် အဘယ်ကြောင့်အလွန်အရေးကြီးသနည်း။ ယေဟောဝါသက်သေများသည် ယေဟောဝါ၏ကောင်းကင်ဗိုလ်ခြေများထောက်မမှုမပါဘဲ ရန်လိုသောလောကတစ်ခွင်၌ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းကို ပြီးမြောက်နိုင်ပါမည်လော။ သက်သေခံများသည် အဆိုပါဟောပြောခြင်းကို အစွန်းရောက်အမျိုးသားရေးဝါဒ၊ အာဏာရှင်စနစ်များ၊ ကမ္ဘာစစ်များနှင့် အမျိုးမျိုးသောဆင်းရဲခြင်းတို့ဖြင့်ပြီးသည့် ရာစုတစ်ခုအတွင်း လုပ်ဆောင်ခဲ့ကြသည်။ သက်သေခံများသည် ယေဟောဝါ၏အကူအညီမပါဘဲ နိုင်ငံတကာစိတ်စွန်းကွက်မှုအတားအဆီး၊ ဘက်လိုက်ခြင်းနှင့် ၎င်းတို့အပေါ် မကြာခဏအကြမ်းဖက်နှိပ်စက်ညှဉ်းပန်းခြင်းတို့ကို ကျော်လွှားနိုင်ပါမည်လော။—ဆာလံ ၃၄:၇။

ကမ္ဘာချီဆန့်ကျင်မှုကြုံရလင့်ကစား အသက်ရှင်လွတ်မြောက်

၂။ ပထမရာစုနှင့်ယနေ့အချိန်ရှိ စစ်မှန်သောခရစ်ယာန်များကြား အဘယ်ဆင်တူချက်ရှိသနည်း။

၂ ဤ ၂၀ ရာစု၌ ဘာသာရေးနှင့် နိုင်ငံရေးနှစ်ခုစလုံးမှရန်သူများသည် တရားဝင်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ ဖြစ်နိုင်သည့်နည်းအမျိုးမျိုးဖြင့် ယေဟောဝါ၏လုပ်ငန်းကို တားဆီးရန် သို့မဟုတ် နှောင့်ယှက်ရန် ကြိုးစားကြသည်။ ခရစ်ယာန်ညီအစ်ကိုညီအစ်မများသည် မဟာဗာဗုလုန်ဓမ္မဆရာတို့၏သွေးထိုးမှုကြောင့် မကြာခဏ နှိပ်စက်ညှဉ်းပန်းမှု၊ တလွဲဖော်ပြမှု၊ အသရေဖျက်မှုနှင့် ရှုတ်ချမှုတို့ခံရကြပြီး—အများအပြားသည် အသတ်ပင်ခံရကြ၏။ “ဤဘာသာသည် အရပ်ရပ်တို့၌ ကဲ့ရဲ့အပြစ်တင်ခြင်းကို ခံရသောဘာသာဖြစ်သည်ကို အကျွန်ုပ်တို့ သိကြသည်” ဟုအစောပိုင်းခရစ်ယာန်များနှင့်ပတ်သက်၍ပြောသကဲ့သို့ ပြောနိုင်သည်။ ခရစ်တော်အချိန်က ဂျူးဓမ္မဆရာများသည်ပင် ကိုယ်တော်၏ဓမ္မအမှုကို ရပ်တန့်စေရန် ရေကုန်ရေခန်းကြိုးစားခဲ့ကြသည်နည်းတူ [ခရစ်ယာန်] ဓမ္မဆရာများနှင့် ဖောက်ပြန်သူများသည် သူတို့၏နိုင်ငံရေးဖောက်ပြားဖော်များနှင့်ပူးပေါင်းကာ ယေဟောဝါလူမျိုးတော်၏ မဟာပညာပေးသက်သေခံခြင်းလုပ်ငန်းကို ရပ်ဆိုင်းသွားစေရန် ကြိုးစားခဲ့ကြသည်။—တမန်တော် ၂၈:၂၂; မဿဲ ၂၆:၅၉၊ ၆၅-၆၇။

၃။ ဟဲန်ရီကာဇူရ်၏တည်ကြည်မှုမှ ကျွန်ုပ်တို့အဘယ်အရာ သင်ယူနိုင်သနည်း။

၃ ၁၉၄၆၊ မတ်လ၌ ပိုလန်တွင် ဖြစ်ပျက်ခဲ့သည့်အရာကို ဥပမာတစ်ခုအဖြစ် သုံးသပ်ကြည့်ပါ။ ကယ်မ်အနီးမှ ၁၅ နှစ်အရွယ်သက်သေခံမိန်းကလေး ဟဲန်ရီကာဇူရ်သည် အခြားသက်သေခံညီအစ်ကိုတစ်ယောက်နှင့်အတူ အနီးအနားရွာတစ်ရွာရှိ စိတ်ဝင်စားသူတို့ထံ သွားရောက်လည်ပတ်ခဲ့သည်။ သူတို့သည် နာရော်ဒေါဗဲရှီအီးဝီဇဘရော်အီနဲ (အမျိုးသားတပ်ဖွဲ့) ဟုခေါ်သော ကက်သလစ်စစ်အုပ်စုဝင်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ကြရ၏။ ညီအစ်ကိုသည် ပြင်းထန်စွာရိုက်နှက်ခံရသော်လည်း အသက်မသေခဲ့ချေ။ ဟဲန်ရီကာမူကား ထိုသို့မဟုတ်။ သူမအား ကက်သလစ်လက်ဝါးကပ်တိုင်သင်္ကေတကိုလုပ်ပြရန် သူတို့အတင်းအဓမ္မခိုင်းစေစဉ်အတွင်း သူမသည် နာရီပေါင်းများစွာ ဆိုးဆိုးရွားရွားအနှိပ်စက်ခံခဲ့ရသည်။ သူမကို နှိပ်စက်သူတစ်ဦးက ဤသို့ဆိုသည်– “အထဲထဲမှာ မင်းထင်ချင်သလိုထင်၊ ကက်သလစ်လက်ဝါးကပ်တိုင်သင်္ကေတလေးပဲလုပ်။ ဒါမှမဟုတ်လို့ကတော့ ကျည်ဆံက မင်းကိုစောင့်နေလေရဲ့!” သူမ၏တည်ကြည်မှုလျော့နည်းသွားခဲ့ပါသလော။ မလျော့နည်းသွားခဲ့ပါ။ ဘာသာရေးသူရဲဘောကြောင်သူများသည် သူမအား အနီးအနားရှိတောထဲသို့ တရွတ်တိုက်ဆွဲခေါ်သွားကြပြီး ပစ်သတ်ခဲ့ကြသည်။ သို့တိုင် သူမအောင်နိုင်ခဲ့၏! သူတို့သည် သူမ၏တည်ကြည်မှုကို မချိုးဖျက်နိုင်ခဲ့ကြချေ။a—ရောမ ၈:၃၅-၃၉။

၄။ နိုင်ငံရေးနှင့်ဘာသာရေးအဖွဲ့ဝင်များသည် ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းကိုနှိမ်နင်းရန် မည်သို့ကြိုးစားခဲ့ကြသနည်း။

၄ နှစ်တစ်ရာကျော်အတွင်း ဘုရားသခင့်မျက်မှောက်ခေတ်ကျေးကျွန်များသည် ကြမ်းကြမ်းတမ်းတမ်း၊ မခန့်လေးစားဆက်ဆံခံခဲ့ကြရသည်။ အကြောင်းမှာ ယေဟောဝါသက်သေများသည် စာတန့်ပင်မဘာသာရေးအစိတ်အပိုင်းမဟုတ်ကြ၊ ဟုတ်လည်းမဟုတ်လိုကြချေ၊ သူတို့သည် တစ်ဖက်သတ်အပြစ်ရှာခံရ သို့မဟုတ် အယူသီးသောဆန့်ကျင်မှုအတွက် သားကောင်များအဖြစ် ရှုမြင်ခံခဲ့ကြရ၏။ သူတို့သည် . . . ရက်ရက်စက်စက်တိုက်ခိုက်မှုခံခဲ့ကြရသည်။ သက်သေခံများစွာသည် သူတို့၏ယုံကြည်ခြင်းအတွက် အသတ်ခံခဲ့ကြရ၏။ ဒီမိုကရေစီစနစ်ကျင့်သုံးသည်ဆိုသောနိုင်ငံများ၌ပင် သတင်းကောင်းဟောပြောခြင်းကို တားဆီးဖို့ကြိုးစားခဲ့ကြသည်။ ၁၉၁၇ ခုနှစ်က ကနေဒါနှင့်အမေရိကန်နိုင်ငံတို့တွင် ဓမ္မဆရာများသည် ယေဟောဝါသက်သေများဟု နောက်ပိုင်းသိရှိကြသည့် ကျမ်းစာကျောင်းသားများကို မတရားစွဲချက်တင်ရန် ဖျက်လိုဖျက်ဆီးသွေးထိုးလှုံ့ဆော်ခဲ့ကြသည်။ ကင်းမျှော်စင်အသင်း၏တာဝန်ခံများသည် မှားယွင်းစွာအကျဉ်းချခံရသော်လည်း နောက်ပိုင်းကျမှသာ ပြစ်မှုမှလွတ်ကင်းခဲ့ကြသည်။—ဗျာဒိတ် ၁၁:၇-၉; ၁၂:၁၇။

၅။ အဘယ်စကားများသည် ယေဟောဝါ၏ကျေးကျွန်များကို အားပေးမှုဖြစ်စေသနည်း။

၅ စာတန်သည် ခရစ်တော်၏ညီတော်များနှင့် သူတို့၏သစ္စာရှိအပေါင်းပါများ၏ သက်သေခံခြင်းလုပ်ငန်းကို ရပ်တန့်အောင်သူပြုနိုင်သည့် နည်းမျိုးစုံအသုံးပြုခဲ့သည်။ သို့တိုင် ခြိမ်းခြောက်မှုများ၊ ကာယရေးအကြမ်းဖက်မှု၊ ထောင်များ၊ ချွေးတပ်စခန်းများအပြင် သေခြင်းကပင် ယေဟောဝါသက်သေများကို နှုတ်မပိတ်နိုင်ကြောင်း တွေ့ကြုံမှုများစွာကဖော်ပြသည်။ သမိုင်းတစ်လျှောက် ထိုအတိုင်းပင်ဖြစ်ပျက်ခဲ့၏။ ဧလိရှဲ၏စကားများသည် ထပ်ခါတလဲလဲ အားပေးမှုတစ်ရပ်ဖြစ်ခဲ့သည်– “မစိုးရိမ်နှင့်။ ငါတို့ဘက်၌နေသောသူတို့သည် ရန်သူတို့ဘက်၌နေသောသူတို့ထက် သာ၍များကြသည်။” အကြောင်းရင်းတစ်ခုမှာ သစ္စာရှိကောင်းကင်တမန်များသည် မာရ်နတ်၏အပေါင်းပါများထက် အရေအတွက်အားဖြင့် သာလွန်သောကြောင့်ဖြစ်သည်။—၄ ဓမ္မရာဇဝင် ၆:၁၆; တမန်တော် ၅:၂၇-၃၂၊ ၄၁၊ ၄၂။

ယေဟောဝါသည် ဇွဲနပဲဖြင့်ဟောပြောခြင်းကို ကောင်းချီးပေး

၆၊ ၇။ (က) သတင်းကောင်းဟောပြောရန် အဘယ်အစောပိုင်းကြိုးပမ်းမှုများပြုလုပ်ခဲ့ကြသနည်း။ (ခ) ၁၉၄၃ ခုနှစ်၌ အဘယ်အကျိုးရှိသောပြောင်းလဲမှု စတင်ဖြစ်ခဲ့သနည်း။

၆ ၂၀ ရာစုတစ်လျှောက် ယေဟောဝါသက်သေများသည် အဆုံးမတိုင်မီ သက်သေခံခြင်းလုပ်ငန်းကြီးကို တိုးချဲ့၍အရှိန်မြှင့်ရန် အဆင့်မြင့်နည်းပညာများစွာကို အသုံးပြုခဲ့ကြသည်။ ၁၉၁၄ ခုနှစ်၌ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၏ ပထမဆုံးဥက္ကဋ္ဌ၊ ပါစတာရပ်စဲလ်က ရုပ်သေနှင့်ရုပ်ရှင်ပြသမှုကိုပျိုးထောင်ကာ၊ “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” ဟုခေါ်သော ရှစ်နာရီကြာကျမ်းစာတင်ဆက်မှုကို ကျမ်းစာအခြေပြုရှင်းလင်းချက်များပါသည့် ဓာတ်ပြားများဖွင့်၍တွဲဖက်ပြသခဲ့သည်။ ယင်းသည် ထိုအချိန်က နိုင်ငံများစွာရှိပရိသတ်များကို အံ့အားသင့်စေခဲ့၏။ နောက်ပိုင်း ၁၉၃၀ နှင့် ၁၉၄၀ ပြည့်လွန်နှစ်များ၌ အသင်း၏ဒုတိယဥက္ကဋ္ဌဖြစ်သူ ဂျေ. အက်ဖ်. ရပ်သဖော့ဒ်တင်ဆက်သည့် အသံသွင်းထားသော ကျမ်းစာဟောပြောချက် ဓာတ်ပြားများကိုအသုံးပြုကာ အိတ်ဆောင်ဓာတ်စက်များဖြင့် တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းကြောင့် ယေဟောဝါသက်သေများကို သိရှိလာခဲ့ကြသည်။

၇ ၁၉၄၃ ခုနှစ်၌ အသင်း၏တတိယဥက္ကဋ္ဌ၊ နေသန် အိပ်ချ်. နောရ်၏ ညွှန်ကြားမှုအောက်၌ ရဲရင့်သောခြေလှမ်းကိုလှမ်းသည့်အနေနှင့် အသင်းတော်တိုင်းတွင် ခရစ်ယာန်ဓမ္မအမှုဆောင်များအတွက် ကျောင်းတစ်ခုကိုဖွဲ့စည်းရန်ဆုံးဖြတ်ခဲ့သည်။ သက်သေခံများသည် အသံသွင်းထားသောဓာတ်စက်များကို အသုံးမပြုဘဲ တစ်အိမ်မှတစ်အိမ်ဟောပြောသွန်သင်ရန် လေ့ကျင့်မှုခံရသည်။ ထိုအချိန်မှစ၍ သာသနာပြုများ၊ အချိန်ပြည့်ရှေ့ဆောင်ဓမ္မအမှုဆောင်များ၊ အသင်းတော်အကြီးအကဲများနှင့် ကင်းမျှော်စင်အသင်း၏ဌာနခွဲများတွင် တာဝန်ရှိသောကြီးကြပ်မှူးများကိုလေ့ကျင့်ပေးရန် အခြားကျောင်းများကို ဖွဲ့စည်းခဲ့ကြ၏။ အဘယ်ရလဒ် ရခဲ့သနည်း။

၈။ ၁၉၄၃ ခုနှစ်၌ သက်သေခံများသည် ကြီးစွာသောယုံကြည်ခြင်းကို မည်သို့ပြခဲ့ကြသနည်း။

၈ ၁၉၄၃၊ ဒုတိယကမ္ဘာစစ်ကာလ၌ ၅၄ နိုင်ငံတွင် သက်သေခံ ၁၂၉,၀၀၀ သာလှုပ်လှုပ်ရှားရှားရှိခဲ့၏။ သို့တိုင် သူတို့သည် အဆုံးမတိုင်မီ မဿဲ ၂၄:၁၄ ပြည့်စုံမည်ဖြစ်ကြောင်းကို စွဲစွဲမြဲမြဲယုံကြည်ခဲ့ကြသည်။ ယေဟောဝါသည် ဤယိုယွင်းသောအစီအစဉ်စနစ်ဆုံးခန်းတွင် ဖြစ်မည့်အရာများမတိုင်မီ အရေးတကြီးသတိပေးသည့်သတင်းကို ဦးဆုံးကြွေးကြော်စေမည်ဖြစ်ကြောင်း သူတို့ယုံကြည်ခဲ့ကြသည်။ (မဿဲ ၂၄:၂၁; ဗျာဒိတ် ၁၆:၁၆; ၁၉:၁၁-၁၆၊ ၁၉-၂၁; ၂၀:၁-၃) သူတို့၏ကြိုးပမ်းမှုများသည် ဆုချခံခဲ့ရသလော။

၉။ သက်သေခံများ၏လုပ်ငန်းတိုးပွားကြောင်း အဘယ်အချက်များကပြသနည်း။

၉ ယခု တက်ကြွသောသက်သေခံ ၁၀၀,၀၀၀ ကျော်သောနိုင်ငံ အနည်းဆုံး ၁၃ နိုင်ငံရှိသည်။ ယင်းတို့အထဲမှ အများသည် ကက်သလစ်ချာ့ချ်လွှမ်းမိုးသည့် နယ်မြေဖြစ်သည်။ သို့ရာတွင် အခြေအနေကို သုံးသပ်ကြည့်ပါ။ ဘရာဇီးနိုင်ငံတွင် သတင်းကောင်းကြေညာသူ ၄၅၀,၀၀၀ ခန့်ရှိပြီး ၁၉၉၇ ခုနှစ်၌ ခရစ်တော်၏သေခြင်းအောက်မေ့ရာပွဲသို့ ၁,၂၀၀,၀၀၀ ကျော်တက်ရောက်ခဲ့ကြသည်။ မက္ကဆီကိုသည် နောက်သာဓကအဖြစ် သက်သေခံ ၅၀၀,၀၀၀ နီးပါးရှိပြီး အောက်မေ့ရာပွဲတော်တွင် ၁,၆၀၀,၀၀၀ ကျော်ရှိခဲ့သည်။ အခြားကက်သလစ်နိုင်ငံများမှာ အီတလီနိုင်ငံ (သက်သေခံ ၂၂၅,၀၀၀ ခန့်)၊ ပြင်သစ်နိုင်ငံ (၁၂၅,၀၀၀ ခန့်)၊ စပိန်နိုင်ငံ (၁၀၅,၀၀၀ ကျော်) နှင့်အာဂျင်တီးနားနိုင်ငံ (၁၁၅,၀၀၀ ကျော်)တို့ဖြစ်၏။ ပရိုတက်စတင့်၊ ကက်သလစ်နှင့် ဂျူးဘာသာရေးတို့ကြီးစိုးသည့် အမေရိကန်နိုင်ငံတွင် သက်သေခံ ၉၇၅,၀၀၀ ခန့်ရှိပြီး ၂,၀၀၀,၀၀၀ ကျော်သတိရအောက်မေ့ပွဲတက်ရောက်ခဲ့ကြသည်။ အမှန်ပင်၊ လူအုပ်ကြီးသည် သဘောမပေါက်နိုင်သောသွန်သင်ချက်များနှင့် မှောက်မှားသောကမ္ဘာ့ဘာသာရေးအင်ပါယာ၊ မဟာဗာဗုလုန်မှ ထွက်လာလျက်ရှိပြီး၊ ဘုရားသခင်၏ရိုးရှင်းပြီး သေချာသည့် “ကောင်းကင်သစ်နှင့်မြေကြီးသစ်” ဆိုင်ရာကတိတော်များသို့ ဦးလှည့်လာလျက်ရှိကြသည်။—၂ ပေတရု ၃:၁၃; ဟေရှာယ ၂:၃၊ ၄; ၆၅:၁၇; ဗျာဒိတ် ၁၈:၄၊ ၅; ၂၁:၁-၄။

လူတို့၏လိုအပ်ရာများနှင့်အညီ အလိုက်သင့်ပြောင်းလဲခြင်း

၁၀။ အချို့ဒေသများတွင် အခြေအနေများ မည်သို့ပြောင်းလဲခဲ့သနည်း။

၁၀ ယေရှုခရစ်မှတစ်ဆင့် ယေဟောဝါထံသို့ လှည့်လာသူများစွာကို တစ်အိမ်မှတစ်အိမ်တွင် တွေ့ရသည်။ (ယောဟန် ၃:၁၆; တမန်တော် ၂၀:၂၀) သို့သော် အခြားနည်းများကိုလည်း အသုံးပြုခဲ့ကြ၏။ အခြေအနေများပြောင်းလဲသွားခဲ့ပြီ၊ စီးပွားရေးအခြေအနေများပြောင်းလဲမှုကြောင့် အမျိုးသမီးများစွာသည် ယခုအိမ်အပြင်ထွက်၍ အလုပ်လုပ်ကြသည်။ ရက်သတ္တပတ်အတွင်းတွင် လူအနည်းငယ်သာ အိမ်တွင်တွေ့ရလေ့ရှိသည်။ ထို့ကြောင့် ယေဟောဝါသက်သေများသည် အခြေအနေကိုလိုက်၍ ပြောင်းလဲခဲ့ကြသည်။ ယေရှုနှင့် အစောပိုင်းတပည့်တော်များနည်းတူ သူတို့သည် လူတို့ကိုတွေ့နိုင်သည့် နေရာနှင့်အချိန်တွင် သွားကြသည်။—မဿဲ ၅:၁၊ ၂; ၉:၃၅; မာကု ၆:၃၄; ၁၀:၁; တမန်တော် ၂:၁၄; ၁၇:၁၆၊ ၁၇။

၁၁။ ယနေ့ယေဟောဝါသက်သေများသည် အဘယ်နေရာများတွင် ဟောပြောနေကြပြီး အဘယ်ရလဒ်ရသနည်း။

၁၁ သက်သေခံများသည် ကျယ်ဝန်းသောကားရပ်ရန်နေရာများ၊ ဈေးရုံများ၊ စက်ရုံများ၊ ရုံးများနှင့် လုပ်ငန်းခွင်များ၊ ကျောင်းများ၊ ရဲစခန်းများ၊ ဓာတ်ဆီဆိုင်များ၊ ဟိုတယ်များနှင့် စားသောက်ဆိုင်များ၊ လမ်းများပေါ်တွင် လူတို့ကိုအစပြု၍ ပညာသတိရှိစွာဟောပြောကြသည်။ အမှန်အားဖြင့် လူတို့ကိုတွေ့နိုင်သည့် နေရာတိုင်းတွင် သူတို့ဟောပြောကြသည်။ ထို့အပြင် အိမ်တွင် လူတို့ရှိကြသောအခါ သက်သေခံများသည် သူတို့ကို ဆက်၍လည်ပတ်ကြသည်။ ဤပြောင်းသာလဲသာရှိပြီး လက်တွေ့ကျသောချဉ်းကပ်မှုသည် ကျမ်းစာစာပေဖြန့်ဝေခြင်းတွင် တိုး၍အကျိုးရရှိသည်။ သိုးကဲ့သို့သောသူများကို တွေ့ရ၏။ ကျမ်းစာသင်အံမှုအသစ်များ စတင်နိုင်၏။ လူ့သမိုင်းတွင် အကြီးမားဆုံးပညာပေးလုပ်ငန်းကို ငါးသန်းခွဲကျော်သော စေတနာ့ဝန်ထမ်းခရစ်ယာန်ဓမ္မအမှုဆောင်များက စိတ်အားထက်သန်စွာဆောင်ရွက်လျက်ရှိနေကြသည်! အသင်ကော သူတို့နှင့်အတူပါဝင်ရသည့် အခွင့်ထူးရရှိထားသလော။—၂ ကောရိန္သု ၂:၁၄-၁၇; ၃:၅၊ ၆။

ယေဟောဝါသက်သေများကို အဘယ်အရာက လှုံ့ဆော်သနည်း

၁၂။ (က) ယေဟောဝါသည် မိမိလူမျိုးတော်ကို မည်သို့သွန်သင်နေသနည်း။ (ခ) ဤသွန်သင်မှုသည် အဘယ်အကျိုးသက်ရောက်မှုရှိသနည်း။

၁၂ ဤအရာအားလုံးတွင် ကောင်းကင်အဖွဲ့အစည်းသည် မည်သို့ပါဝင်သနည်း။ ဟေရှာယ ဤသို့ပရောဖက်ပြုထားသည်– “သင်၏သားသမီးအပေါင်းတို့သည် ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ဆုံးမသွန်သင်သောသူဖြစ်၍၊ များစွာသောစည်းစိမ်ချမ်းသာဖြင့်ပြည့်စုံကြလိမ့်မည်။” (ဟေရှာယ ၅၄:၁၃) ယေဟောဝါသည် ဘုရားသခင့်နိုင်ငံတော်ခန်းမများ၊ စည်းဝေးကြီးများနှင့် အစည်းအဝေးများတွင် မြေကြီးပေါ်ရှိ ကိုယ်တော်၏မျက်မြင်ရအဖွဲ့အစည်းမှတစ်ဆင့် ဤစည်းလုံးသော ကမ္ဘာချီညီအစ်ကိုအသင်းအပင်းကို သွန်သင်လျက်ရှိ၏။ ရလဒ်မှာ စည်းလုံးမှုနှင့်ငြိမ်သက်မှုဖြစ်သည်။ ယေဟောဝါ၏သွန်သင်ခြင်းသည် ထူးခြားသောလူမျိုးကို မွေးထုတ်ပေးပြီး ကွဲပြားခြားနားသည့်ဤလောကတွင် လူတို့နေထိုင်သည့်နေရာတိုင်းရှိ အိမ်နီးချင်းများကိုမမုန်းဘဲ မိမိကိုယ်ကိုချစ်သကဲ့သို့ တစ်ဦးနှင့်တစ်ဦး၊ အိမ်နီးချင်းကိုချစ်ဖို့ သင်ကြားခံရကြသည်။—မဿဲ ၂၂:၃၆-၄၀။

၁၃။ ဟောပြောခြင်းလုပ်ငန်းတွင် ကောင်းကင်တမန်ညွှန်ကြားမှုပါဝင်ကြောင်း ကျွန်ုပ်တို့မည်သို့သေချာနိုင်သနည်း။

၁၃ ချစ်ခြင်းမေတ္တာသည် လျစ်လျူရှုမှု သို့မဟုတ် နှိပ်စက်ညှဉ်းပန်းမှုတို့ ကြုံရလင့်ကစား ယေဟောဝါသက်သေများကို ဆက်ဟောပြောရန် လှုံ့ဆော်သောအရာဖြစ်သည်။ (၁ ကောရိန္သု ၁၃:၁-၈) ဗျာဒိတ် ၁၄:၆ တွင်ဖော်ပြထားသကဲ့သို့ သူတို့၏အသက်ကယ်ဆယ်ရေးလုပ်ငန်းကို ကောင်းကင်မှ ညွှန်ကြားနေကြောင်း သူတို့သိကြ၏။ ကောင်းကင်တမန်ညွှန်ကြားမှုအောက် ကြွေးကြော်နေသည့် သတင်းကားအဘယ်နည်း။ “ဘုရားသခင်ကို ကြောက်ရွံ့၍ချီးမွမ်းကြလော့။ တရားစီရင်တော်မူသောအချိန် ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့။” ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းသည် ယေဟောဝါ၏နာမတော်ကို ချီးမြှောက်၏။ လူတို့သည် သတ္တဝါများနှင့် ဆင်ခြင်တုံတရားနှင့်မညီသည့် ဆင့်ကဲအယူဝါဒကိုမဟုတ်ဘဲ ဖန်ဆင်းရှင်အား ဂုဏ်တင်ရန်ဖိတ်ခေါ်ခံနေရသည်။ သို့ဆိုလျှင် ဟောပြောခြင်းလုပ်ငန်းသည် အဘယ်ကြောင့် အလွန်အရေးကြီးနေသနည်း။ အကြောင်းမှာ မဟာဗာဗုလုန်နှင့် စာတန့်မျက်မြင်ရစနစ်၏အခြားအသွင်အပြင်အားလုံးကို စီရင်ချက်ချသည့် တရားစီရင်ချိန် ရောက်လာလျက်ရှိသောကြောင့်တည်း။—ဗျာဒိတ် ၁၄:၇; ၁၈:၈-၁၀။

၁၄။ ဤသွန်သင်ခြင်းကင်ပိန်းကြီးတွင် မည်သူများပါဝင်ကြသနည်း။

၁၄ ဆက်ကပ်အပ်နှံပြီးသောမည်သည့်ခရစ်ယာန်မျှ ဤဟောပြောခြင်းလုပ်ငန်းမှ မကင်းလွတ်ပါ။ ဝိညာဉ်ရေးအကြီးအကဲများက အသင်းတော်နှင့်အတူ ဟောပြောခြင်းတွင် ဦးဆောင်သည်။ လေ့ကျင့်ထားသောရှေ့ဆောင်များသည် ဤလုပ်ငန်းတွင် အပြည့်အဝပါဝင်ကြ၏။ တစ်လတွင် နာရီအနည်းငယ် သို့မဟုတ် များစွာဟောပြောနိုင်သူဖြစ်စေ ထက်သန်သော ဘုရားသခင့်နိုင်ငံတော်သတင်း ကြေညာသူများသည် ကမ္ဘာ့နေရာတိုင်းသို့ သတင်းကိုပျံ့နှံ့စေလျက်ရှိကြသည်။—မဿဲ ၂၈:၁၉၊ ၂၀; ဟေဗြဲ ၁၃:၇၊ ၁၇။

၁၅။ ယေဟောဝါသက်သေများ၏ ဟောပြောခြင်းသည် အရာထင်ကြောင်း ညွှန်ပြသည့်အရာတစ်ခုကားအဘယ်နည်း။

၁၅ ဤကြိုးပမ်းမှုအားလုံးသည် လောကတွင် အရာထင်လျက်ရှိသလော။ အရာထင်ကြောင်း ရိုးရှင်းသောအထောက်အထားတစ်ခုမှာ တီဗွီအစီအစဉ်များနှင့် သတင်းဆောင်းပါးများတွင် ယေဟောဝါသက်သေများအကြောင်းတင်ဆက်သည့် အကြိမ်ဖြစ်သည်။ ယင်းတို့က လူတိုင်းထံရောက်ရှိရန် ကျွန်ုပ်တို့၏ဇွဲလုံ့လဝီရိယကို ပေါ်လွင်စေလေ့ရှိသည်။ မှန်ပါသည်၊ လူအများစုက သတင်းကောင်းနှင့် ယင်း၏တမန်များကို ငြင်းပယ်စေကာမူ ကျွန်ုပ်တို့၏ဇွဲနှင့် လူများထံမခြားမလပ်ရောက်ရှိနေခြင်းတို့က လူများ၏စိတ်တွင် နက်ရှိုင်းစွာစွဲမှတ်စေ၏!

သက်သေခံခြင်းပြီးမြောက်စေရန် ကျွန်ုပ်တို့၏ဇွဲနပဲ

၁၆။ ကျန်ရှိနေသည့်ကန့်သတ်ချိန်အတွင်း အဘယ်သဘောထားကို ယခုထင်ရှားစေသင့်သနည်း။

၁၆ ဤအစီအစဉ်စနစ်အတွက် အချိန်မည်မျှကျန်သေးသည်ကို ကျွန်ုပ်တို့မသိကြ၊ ယေဟောဝါကိုအမှုဆောင်ရာတွင် ကျွန်ုပ်တို့၏ရည်ရွယ်ချက် ဖြူစင်နေသမျှကာလပတ်လုံး သိရန်လည်းမလိုချေ။ (မဿဲ ၂၄:၃၆; ၁ ကောရိန္သု ၁၃:၁-၃) သို့သော် ယေဟောဝါ၏ချစ်ခြင်းမေတ္တာ၊ တန်ခိုးတော်နှင့် တရားမျှတမှုတို့ကို ထင်ရှားစေဖို့ သတင်းကောင်းကို “ရှေးဦးစွာ” ဟောပြောရမည်ဖြစ်ကြောင်း ကျွန်ုပ်တို့သိကြ၏။ (မာကု ၁၃:၁၀) ထို့ကြောင့် ကျွန်ုပ်တို့သည် ဆိုးသွမ်းပြီး တရားမျှတမှုမရှိသည့် ဤအကြမ်းဖက်လောက၏အဆုံးကို ထက်သန်စွာဖြင့် နှစ်ပေါင်းမည်မျှပင် စောင့်ဆိုင်းလာခဲ့ရစေကာမူ ကျွန်ုပ်တို့၏အခြေအနေများနှင့်လိုက်လျောညီထွေစွာ ကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံခြင်းနှင့်အညီ နေထိုင်နိုင်ရန် စိတ်အားထက်သန်စွာကြိုးစားရမည်။ ကျွန်ုပ်တို့သည် အသက်ကြီးရင့်လာနိုင်၏ သို့မဟုတ် ဖျားနာနိုင်၏၊ သို့သော် ကျွန်ုပ်တို့၏နုပျိုသော သို့မဟုတ် ကျန်းမာစဉ်နေ့ရက်များ၌ ရှိခဲ့သည့်ဇွဲနပဲဖြင့် ယေဟောဝါကိုအမှုဆောင်နိုင်ဆဲဖြစ်သည်။ ကျွန်ုပ်တို့သည် ယခင်ကလုပ်ဆောင်ခဲ့သကဲ့သို့ ဓမ္မအမှုတွင် အချိန်များစွာအသုံးမပြုနိုင်ဘဲဖြစ်ကောင်းဖြစ်မည်၊ သို့သော် ယေဟောဝါအား ကျွန်ုပ်တို့၏ချီးမွမ်းခြင်းယဇ်အရည်အသွေးကို အမှန်ပင်ထိန်းသိမ်းထားနိုင်သည်။—ဟေဗြဲ ၁၃:၁၅။

၁၇။ ကျွန်ုပ်တို့အားလုံးကို အကူအညီဖြစ်စေမည့် အားရှိဖွယ်တွေ့ကြုံမှုတစ်ခုကို ပြန်ပြောပြပါ။

၁၇ ထို့ကြောင့် လူကြီးလူငယ်မရွေး ကျွန်ုပ်တို့တွေ့ဆုံသူတိုင်းအား ကျွန်ုပ်တို့၏အမှန်ဖြစ်လာမည့်ကမ္ဘာသစ်သတင်းကို ဇွဲနပဲဖြင့်ဝေမျှကြပါစို့။ ဩစတြေးလျနိုင်ငံတွင် မိခင်နှင့်အတူ စတိုးဆိုင်သွားသည့် အရှက်အကြောက်ကြီးသော ခုနစ်နှစ်အရွယ်မိန်းကလေးကဲ့သို့ ဖြစ်ကြစို့။ ဟောပြောခြင်းသည် လူအားလုံးအတွက် မည်မျှအရေးကြီးကြောင်းကို ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် ကြားခဲ့သောကြောင့် သူမသည် အိတ်ထဲတွင် ကျမ်းစာဘရိုရှာနှစ်စောင် ထည့်သွား၏။ သူမ၏မိခင်သည် ကောင်တာတွင်အလုပ်များနေစဉ် မိန်းကလေးပျောက်သွားသည်။ သူမ၏မိခင်က သူမကိုရှာသောအခါ အမျိုးသမီးတစ်ဦးအား ဘရိုရှာတစ်စောင် ဝေငှနေပါသည်တကား! သူမ၏မိခင်သည် သမီးဖြစ်သူက အမျိုးသမီးအားစိတ်အနှောင့်အယှက်ဖြစ်စေနိုင်ဖွယ်ရှိသဖြင့် တောင်းပန်ရန်သွားခဲ့သည်။ သို့သော် အမျိုးသမီးက ဘရိုရှာကိုလိုလိုလားလားလက်ခံခဲ့၏။ သူမ၏မိခင်သည် သမီးနှင့်နှစ်ယောက်တည်းရှိချိန်၌ လူစိမ်းတစ်ဦးကို ချဉ်းကပ်ရဲသည့်သတ္တိမည်သို့ရရှိကြောင်း သမီးအားမေးခဲ့သည်။ “အသင့်ပြင်၊ သွား! လို့ကိုယ့်ကိုယ်ကိုပြောရုံပါ။ ပြီးတော့ ကျွန်မသွားလိုက်တယ်” ဟု သူမပြန်ပြောပြသည်။

၁၈။ ချီးမွမ်းဖွယ်ကောင်းသောစိတ်ဓာတ်ကို ကျွန်ုပ်တို့ မည်သို့ပြသနိုင်သနည်း။

၁၈ ကျွန်ုပ်တို့အားလုံး ဩစတြေးလျမိန်းကလေးတစ်ဦး၏စိတ်မျိုးရှိဖို့လိုသည်။ အထူးသဖြင့် သတင်းကောင်းပြောရန် လူစိမ်းများ သို့မဟုတ် အရာရှိများကိုချဉ်းကပ်ရာတွင်ဖြစ်သည်။ အငြင်းပယ်ခံလိုက်ရမည်ကို ကျွန်ုပ်တို့စိုးရိမ်ကြပေမည်။ ယေရှုပြောခဲ့သော ဤစကားကို မမေ့ကြစို့နှင့်– “သင်တို့ကို တရားဇရပ်သို့လည်းကောင်း၊ အကဲအမှူး၊ မင်းများရှေ့သို့လည်းကောင်း၊ ပို့ဆောင်ကြသောအခါ အဘယ်သို့ပြန်ပြောရမည်ကို မစိုးရိမ်ကြနှင့်။ အကြောင်းမူကား၊ ထိုခဏခြင်းတွင် အဘယ်သို့ပြောရမည်ကို သန့်ရှင်းသောဝိညာဉ်တော်သည် အကြံပေးမည်ဟုမိန့်တော်မူ၏။”—လုကာ ၁၂:၁၁၊ ၁၂။

၁၉။ သင့်ခရစ်ယာန်ဓမ္မအမှုကို မည်သို့ရှုမြင်သနည်း။

၁၉ ထို့ကြောင့် သတင်းကောင်းဟောပြောရန် ကြင်နာသောနည်းဖြင့် လူတို့ကိုချဉ်းကပ်စဉ် ဘုရားသခင့်ဝိညာဉ်တော်မစမှုကို ကိုးစားပါ။ သန်းနှင့်ချီသောလူတို့သည် ယနေ့အသက်ရှင်ပြီး နက်ဖြန်သေသွားတတ်သည့် မကိုးစားထိုက်သော အမျိုးသားနှင့်အမျိုးသမီးများကို ကိုးစားလေ့ရှိကြသည်။ ကျွန်ုပ်တို့သည် ယေဟောဝါနှင့် ကိုယ်တော်၏ကောင်းကင်အဖွဲ့အစည်းဖြစ်သည့် ထာဝစဉ်အသက်ရှင်ကြသော ယေရှုခရစ်၊ သန့်ရှင်းသောကောင်းကင်တမန်များနှင့် ရှင်ပြန်ထမြောက်ပြီးသောဘိသိက်ခံခရစ်ယာန်များကို ကိုးစားကြသည်! ထို့ကြောင့် ဤစကားကိုသတိရနေပါ– “ငါတို့ဘက်၌နေသောသူတို့သည် ရန်သူတို့ဘက်၌နေသောသူတို့ထက် သာ၍များကြသည်။”—၄ ဓမ္မရာဇဝင် ၆:၁၆။

a နောက်ထပ်သာဓကများအတွက် ယေဟောဝါသက်သေများ၏ ၁၉၉၄ နှစ်ချုပ်စာအုပ် (လိပ်)၊ စာမျက်နှာ ၂၁၇-၂၀ ရှု။

သင်မည်သို့ဖြေမည်နည်း

◻ ဘုရားသခင့်ကောင်းကင်အဖွဲ့အစည်းသည် ယေဟောဝါ၏လူမျိုးတော်လွတ်မြောက်ရေးတွင် အဘယ်အခန်းကဏ္ဍမှပါဝင်ခဲ့သနည်း။

◻ ၂၀ ရာစု၌ အဘယ်နိုင်ငံရေးနှင့်ဘာသာရေးအဖွဲ့များသည် ယေဟောဝါသက်သေများကို တိုက်ခိုက်ခဲ့ကြသနည်း။

◻ ယေဟောဝါသက်သေများသည် သူတို့၏ဓမ္မအမှုကို အချိန်ကာလ၏လိုအပ်ချက်များနှင့်အညီ မည်သို့အလိုက်သင့်ပြောင်းလဲခဲ့ကြသနည်း။

◻ ဟောပြောရန် သင့်ကို အဘယ်အရာကလှုံ့ဆော်သနည်း။

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ဟဲန်ရီကာဇူရ်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဂျပန်နိုင်ငံ

မာတင်နစ်နိုင်ငံ

အမေရိကန်ပြည်ထောင်စု

ကင်ညာနိုင်ငံ

အမေရိကန်ပြည်ထောင်စု

လူတို့ကိုတွေ့ နိုင်သည့် အချိန်တိုင်းနှင့်နေရာတိုင်းတွင် ယေဟောဝါသက်သေများဟောပြောကြ

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ဤရာစုအစောပိုင်း၌ ဓာတ်စက်များကို ဘုရားသခင့်နိုင်ငံတော်သတင်း ပျံ့နှံ့စေခြင်းတွင် အသုံးပြုခဲ့ကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ