ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
ဘုရားသခင့်နှုတ်ကပါဌ်တော်သည် တန်ခိုးနှင့်ပြုပြင်သည်
“ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း” နှင့်ပြည့်စုံ၏။ (ဟေဗြဲ ၄:၁၂) ဗာဗုလုန်ဘာသာတရား၏ လှည့်စားမှုကိုခံနေရသူများသည် သမ္မာကျမ်းစာ၏ အမှန်တရားများကို သိမြင်နားလည်လာကြသည့်အခါ အဆိုပါစကားများ ဟုတ်မှန်ကြောင်း ကြိမ်ဖန်များစွာ ထင်ရှားခဲ့ပေပြီ။ ဒိုမီနီကန်သမ္မတနိုင်ငံမှ အောက်ပါတွေ့ကြုံမှု ဖော်ပြသည့်အတိုင်း သမ္မာကျမ်းစာသည် လူတို့၏အသက်တာကို ပြုပြင်ပြောင်းလဲစေပြီး မျှော်လင့်ချက်ပေးနိုင်သည့် အစွမ်းတန်ခိုးရှိသည်။
များမကြာမီက ရင်းသွေးငယ်နှစ်ဦးကို သေခြင်း၌ ဆုံးရှုံးခဲ့သော ကက်သလစ်ဘာသာဝင် အထင်ကရအမျိုးသမီးတစ်ဦးထံ ယေဟောဝါသက်သေများ ရောက်သွားသည်။ သူမခမျာ ယူကျုံးမရဖြစ်ပြီး ရင်ကွဲပက်လက်ဖြစ်ရသောကြောင့် နေ့စဉ် လွမ်းဆွတ်တမ်းတလျက်နေသည်။ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်နှင့်ပတ်သက်၍ ယောဟန် ၅:၂၈၊ ၂၉ တွင် သမ္မာကျမ်းစာက မည်သို့ဆိုထားကြောင်းကို သက်သေခံများပြလိုက်သည်။ သက်သေခံများနှင့် အကြိမ်ကြိမ်ဆွေးနွေးနှီးနှောပြီးနောက် သူမသည် ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကြောင့် စိတ်သက်သာရာရရုံမက သူမ၏ ဘာသာရေးခေါင်းဆောင်များသည် သူ့အား လှည့်စားထားကြောင်းကိုလည်း သိမြင်နားလည်လာသည်။
ထိုအခါ အချိန်မဆွဲဘဲ ကက်သလစ်ချာ့ချ်မှ နုတ်ထွက်ကာ ယေဟောဝါသက်သေများနှင့် မှန်မှန်ကျမ်းစာလေ့လာလေသည်။ သူမ၏ခင်ပွန်းမူကား သူမ၏ခံယူချက်များကို လက်မခံနိုင်ပါ။ ခင်ပွန်းကိုယ်တိုင်လည်း အထင်ကရ ကက်သလစ်ဘာသာဝင်တစ်ဦးဖြစ်နေရာ နိုင်ငံရေးနှင့် ဘာသာရေးဘက် ကျော်ကြားသော သူ၏မိတ်ဆွေတို့အား ဇနီးထံလာ၍ သူမ၏လမ်းစဉ်ကို ကြိုးစားဖျက်ပြီး ကက်သလစ်ဘာသာသို့ ပြန်လှည့်လာစေရန် သူစီစဉ်ခဲ့သည်။ ထို့နောက် သူမအား ကွာရှင်းမည်ဟု ခြိမ်းခြောက်ထားရာ မိမိတို့ ကွာရှင်းတော့မည်ဟူ၍ သူ၏ဆွေမျိုးများနှင့် ချာ့ချ်အသင်းသားချင်းတို့အား အကြောင်းကြားသည့်အထိ ပြုလုပ်လေသည်။
သို့သော်လည်း သူ၏ပရိယာယ် အထမမြောက်ပါ။ ယင်းအစား သူမသည် ကျမ်းစာကိုဆက်လက်လေ့လာရန် စိတ်ပိုင်းဖြတ်ချက် ပို၍ပင် ခိုင်မြဲလေသည်။ သူမ၏ ဝိညာဏတိုးတက်မှုနှင့် ခရစ်ယာန်အရည်အချင်းများ ပိုပီပြင်လာသည့်အတွက် သူ၏လင်ယောက်ျားသည် ကွာရှင်းမည့်အစား ဆက်ပေါင်းဖို့ စိတ်ဆုံးဖြတ်လိုက်သည်။ တစ်နေ့သော် မိမိ၏ကိုယ်ပိုင် ကက်သလစ်ဘာသာပြန်ကျမ်းစာကို အသုံးပြုနိုင်မည်ဆိုလျှင် သူမလေ့လာနေသော ကျမ်းစာစာပေများကို လေ့လာကြည့်မည်ဟူ၍ပင် သဘောတူလိုက်သည်။
ယေဟောဝါသက်သေများ၏ စာပေများအကူအညီဖြင့် မိမိ၏ကိုယ်ပိုင် သမ္မာကျမ်းစာမှပင် သိရှိလာသည့် အကြောင်းအရာအသစ်များကြောင့် သူသည် အလွန်အံ့အားသင့်နေ၏။ သို့ဖြစ်၍ မိမိ၏ဇနီးသည် လမ်းမှန်ကို ရွေးချယ်ခဲ့ကြောင်း သဘောပေါက်ကာ သူမပြုခဲ့သည့်အတိုင်း လိုက်လျှောက်လုပ်ကိုင်လေတော့သည်။ အမှန်ပင်၊ မိမိဘဝတွင် ပြောင်းလဲစရာများ လိုအပ်နေကြောင်း သူမြင်၏။ သူ့အတွက် အခက်အခဲတစ်ခုမှာ ဆေးလိပ်ဖြတ်ခြင်းဖြစ်သည်။ “မရဏ ဖောက်ကားမှု—ဆေးလိပ်ဖြတ်နည်း ဆယ်နည်း” မျက်နှာဖုံးခေါင်းစဉ်ပါ ၁၉၉၁ ဇန်နဝါရီ ၁ ရက်ထုတ် နိုးလော့!မဂ္ဂဇင်းကို သူဖတ်ပြီးနောက် ကျမ်းစာနှင့်မညီညွတ်သော ဤအကျင့်ကိုဖြတ်ရန် စိတ်ဆုံးဖြတ်လေသည်။ ထို့နောက် ထုံးစံရှိသည့်အတိုင်း စီးကရက်ဘူးတစ်ဘူး အိတ်ထဲထည့်မည့်အစား ထိုနိုးလော့!ကို ထည့်ယူသွားလေတော့သည်။ ဆေးလိပ်သောက်ချင်စိတ် ပေါ်လာတိုင်း ဆေးလိပ်သောက်ခြင်းနှင့်ပတ်သက်သော ဆောင်းပါးများကို ဖတ်ပါသည်။ သူ့နည်း အထမြောက်သွားသည်! ယင်းဆောင်းပါးများကို အကြိမ်ကြိမ်ဖတ်ရွတ်ပြီးနောက်တွင် ဆေးလိပ်ဖြတ်နိုင်ခဲ့သည်။
ယနေ့ သူတို့လင်မယားသည် နှစ်ခြင်းခံပြီးသော ဓမ္မအမှုဆောင်များအဖြစ် ယေဟောဝါ၏အမှုတော်ကို ထမ်းဆောင်နေကြသည်။ အခွင့်အရေးရတိုင်းလည်း သူသည် အချိန်ပြည့်ဓမ္မအမှုဆောင်အဖြစ် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောနိုင်သမျှဟောပြောပြီး ယေဟောဝါသက်သေများ၏ ဒေသခံအသင်းတော်တွင် ဓမ္မအမှုထမ်းတစ်ဦးအဖြစ်လည်း အမှုထမ်းဆောင်ပါသည်။ သူတို့မောင်နှံစုံသည် ကမ္ဘာသစ်တွင် သူတို့၏ကလေးများကို ကြိုဆိုနိုင်ရန် ရှင်ပြန်ထမြောက်ချိန်ကို စောင့်မျှော်နေကြပါသည်။ မှန်ပါ၏၊ ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာသည် သက်ရှင်လှုပ်ရှား၍ တန်ခိုးနှင့် အမှန်ပြုပြင်နိုင်သည်တကား!