သေလွန်သူများ အဘယ်နေရာတွင်ရှိသနည်း
“မြေကြီးသည် ဈေးဖြစ်သည်; ကောင်းကင်သည် ကျွန်ုပ်တို့အိမ်ဖြစ်သည်” ဟုအနောက်အာဖရိကမှ ယိုရူဘာလူမျိုးတို့၏အဆိုရှိသည်။ ဤအယူအဆကို ဘာသာတရားမြောက်မြားစွာက ပဲ့တင်ခတ်ပါသည်။ ကမ္ဘာမြေကြီးသည် ကျွန်ုပ်တို့ယာယီအလည်အပတ်သွားပြီးနောက် ထွက်ခွာလာသည့် ဈေးမျှဖြစ်သည်ဟု သဘောသက်ရောက်စေသည်။ ဤအယူအဆအတိုင်းဆိုလျှင် လူသေသည့်အခါ ကျွန်ုပ်တို့၏ တကယ့်စံမြန်းရာ ကောင်းကင်အရပ်သို့ သွားကြသည်ဖြစ်သည်။
အချို့သူများသည် ကောင်းကင်သို့သွားသည်ဟု သမ္မာကျမ်းစာ သွန်သင်ပါသည်။ သစ္စာရှိတမန်တော်တို့အား ယေရှုခရစ်က ဤသို့မိန့်တော်မူသည်– “ငါ့အဘ၏ အိမ်တော်၌ နေစရာအခန်း အများရှိ၏။ . . . သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှာ ငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှတစ်ဖန်လာပြန်၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။”—ယောဟန် ၁၄:၂၊ ၃။
လူကောင်းအားလုံး ကောင်းကင်သို့သွားသည်၊ သို့မဟုတ် ကောင်းကင်သည် လူသားနေစရာအိမ်ဖြစ်သည်ဟု ယေရှု၏စကားများက ဆိုလိုနေခြင်းမဟုတ်ပါ။ ကမ္ဘာကို အစိုးရခြင်းနှင့်စပ်လျဉ်း၍ အချို့သူများအား ကောင်းကင်သို့ ချီဆောင်ပါသည်။ လူ့အစိုးရများသည် ကမ္ဘာ့အမှုရေးရာများကို အဘယ်နည်းဖြင့်မျှ အောင်မြင်စွာ ဆောင်ရွက်နိုင်လိမ့်မည်မဟုတ်ကြောင်းကို ယေဟောဝါဘုရားသခင် သိထားတော်မူသည်။ ထို့ကြောင့် ကမ္ဘာကိုအုပ်ချုပ်၍ ကနဦးရည်ရွယ်တော်မူချက်အတိုင်း ယင်းကို ပရဒိသုဖြစ်စေမည့် ကောင်းကင်အစိုးရတစ်ခု သို့မဟုတ် နိုင်ငံတော်တည်ထောင်ဖို့ ကိုယ်တော်စီစဉ်တော်မူခဲ့၏။ (မဿဲ ၆:၉၊ ၁၀) ယေရှုသည် ဘုရားသခင့်နိုင်ငံတော်ဘုရင် ဖြစ်ရလိမ့်မည်။ (ဒံယေလ ၇:၁၃၊ ၁၄) ကိုယ်တော်နှင့်အတူ အုပ်စိုးခြင်းငှာ လူတို့ထဲမှ အခြားသူများကို ရွေးနုတ်တော်မူမည်ဖြစ်သည်။ ကောင်းကင်သို့ ခေါ်ဆောင်ခံရမည့်သူတို့သည် “အကျွန်ုပ်တို့၏ ဘုရားသခင့်ရှေ့မှာ ရှင်ဘုရင်အရာ၌လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌လည်းကောင်း . . . မြေကြီးပေါ်မှာ စိုးစံရသောအခွင့်” ကိုရလိမ့်မည်ဟု သမ္မာကျမ်းစာက ကြိုတင်ဟောထားသည်။—ဗျာဒိတ် ၅:၁၀။
မည်သူများ ကောင်းကင်သွားကြသနည်း
ဤကောင်းကင်ဘုရင်များ၏ ကြီးမားသောတာဝန်ကြောင့် သူတို့သည် စည်းကမ်းလိုအပ်ချက်များကို ကြပ်တည်းစွာလိုက်လျှောက်ရခြင်းသည် အံ့အားသင့်စရာမဟုတ်ပေ။ ကောင်းကင်သွားမည့်သူတို့သည် ယေဟောဝါအကြောင်း တိကျမှန်ကန်သော အသိပညာရှိရမည်ဖြစ်ပြီး ကိုယ်တော်၏စကားကို နာခံရမည်ဖြစ်သည်။ (ယောဟန် ၁၇:၃; ရောမ ၆:၁၇၊ ၁၈) သူတို့သည် ယေရှုခရစ်၏ ရွေးနုတ်ဖိုးပူဇော်သက္ကာကို ယုံကြည်ကြောင်း တင်ပြဖို့လိုပါသည်။ (ယောဟန် ၃:၁၆) သို့ဖြစ်၍ပင် ထိုထက်မက ပါဝင်ပတ်သက်နေပါသေးသည်။ သားတော်မှတစ်ဆင့် ဘုရားသခင်၏ ခေါ်တော်မူခြင်း၊ ရွေးချယ်ခြင်း ခံရသူများဖြစ်ကြရမည်။ (၂ တိမောသေ ၁:၉၊ ၁၀; ၁ ပေတရု ၂:၉) ထို့ပြင် ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် မွေးဖွားခံရသည့် “ဒုတိယမွေးခြင်း” ခံရသော နှစ်ခြင်းယူပြီးသားခရစ်ယာန်များ ဖြစ်ကြရမည်။ (ယောဟန် ၁:၁၂၊ ၁၃; ၃:၃-၆) သူတို့သည် သေသည့်တိုင်အောင် ဘုရားသခင်ကို သမာဓိရှိသူများလည်းဖြစ်ဖို့လိုပါသည်။—၂ တိမောသေ ၂:၁၁-၁၃; ဗျာဒိတ် ၂:၁၀။
အသက်ရှင်ပြီး သေဆုံးခဲ့သူ သန်းပေါင်းများစွာသောသူတို့သည် ဤစည်းကမ်းလိုအပ်ချက်ကို မလိုက်နာခဲ့ပါ။ စစ်မှန်သောဘုရားသခင်အကြောင်း သင်ယူတတ်မြောက်ရန် အခွင့်အရေးအနည်းအကျဉ်းသာရရှိခဲ့သူ များစွာရှိသည်။ အခြားသူများမူ သမ္မာကျမ်းစာကို တစ်ခါမျှမဖတ်ဖူးဘဲ ယေရှုခရစ်တော်အကြောင်း အနည်းအကျဉ်းသာသိသူ၊ သို့မဟုတ် လုံးဝမသိသူများ ဖြစ်ကြသည်။ ယနေ့ ကမ္ဘာပေါ်ရှိ ခရစ်ယာန်စစ်များတွင်ပင် ကောင်းကင်အသက်တာသို့ ဘုရားသခင်၏ခေါ်တော်မူခြင်းကို ခံရသူ အနည်းငယ်သာရှိသည်။
ထို့ကြောင့် ကောင်းကင်သို့သွားမည့်သူများ၏ အရေအတွက်သည် အတော်အတန် နည်းမည်ဖြစ်သည်။ ဤသို့သောသူများကို ယေရှုက “သိုးစုငယ်” ဟူ၍ခေါ်ဆိုတော်မူသည်။ (လုကာ ၁၂:၃၂) ကောင်းကင်တွင် ခရစ်တော်နှင့်အတူ အစိုးရခြင်းငှာ “မြေကြီးမှရွေးနုတ်သောသူ” ၏အရေအတွက်သည် ၁၄၄,၀၀၀ မျှသာဖြစ်မည်ဟု နောင်တွင် တမန်တော်ယောဟန်အား ဗျာဒိတ်ပေးခဲ့သည်။ (ဗျာဒိတ် ၁၄:၁၊ ၃; ၂၀:၆) ကမ္ဘာပေါ် အသက်ရှင်ခဲ့သူ သန်းပေါင်းများစွာနှင့် နှိုင်းယှဉ်ကြည့်သော် ယင်းသည် အလွန်နည်းသောအရေအတွက်ပင်ဖြစ်သည်။
ကောင်းကင်သို့မသွားသောသူများ
ကောင်းကင်သို့မသွားသောသူများသည် မည်သို့ဖြစ်မည်နည်း။ အချို့ဘာသာတရားများ သွန်သင်သည့်အတိုင်း သူတို့သည် ထာဝစဉ်ညှဉ်းဆဲခံရာအရပ်တွင် ဒုက္ခဝေဒနာခံစားနေကြရသလော။ ယေဟောဝါဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူသောကြောင့် ထိုသို့လုံးဝခံစားကြရမည်မဟုတ်ပါ။ မေတ္တာရှိသောမိဘများသည် မိမိတို့၏သားသမီးများကို မီးထဲသို့ ပစ်ချလိမ့်မည်မဟုတ်ပါ။ ယေဟောဝါသည် လူတို့အား ဤသို့ညှဉ်းဆဲတော်မမူချေ။—၁ ယောဟန် ၄:၈။
သေလွန်ခဲ့သူ လူအများစုအတွက် မျှော်လင့်ချက်သည် ကမ္ဘာ့ပရဒိသုအတွင်းသို့ ရှင်ပြန်ထမြောက်လာရခြင်း ဖြစ်သည်။ ယေဟောဝါသည် ကမ္ဘာကို “သတ္တဝါနေစရာဖို့” ဖန်ဆင်းထားတော်မူကြောင်း သမ္မာကျမ်းစာကဆိုသည်။ (ဟေရှာယ ၄၅:၁၈) ဆာလံဆရာက ဤသို့ကြွေးကြော်သည်– “ကောင်းကင်ကား၊ ထာဝရဘုရား၏ကောင်းကင်ဖြစ်၏။ မြေကြီးကိုကား လူသားတို့အား ပေးတော်မူပြီ။” (ဆာလံ ၁၁၅:၁၆) ကောင်းကင်မဟုတ်ဘဲ ကမ္ဘာမြေကြီးသာလျှင် လူသားအစဉ်စံမြန်းရာ နေအိမ်ဖြစ်သည်။
ယေရှု ဤသို့ကြိုတင်ဟောသည်– “[အောက်မေ့ရာ၊ ကဘ] သင်္ချိုင်းများမှာရှိသောသူ အပေါင်းတို့သည် သားတော် [“လူသား” ယေရှု] ၏ စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လတ္တံ့။” (ယောဟန် ၅:၂၇-၂၉) ခရစ်ယာန်တမန်တော်ပေါလုက ဤသို့အခိုင်အမာပြောဆိုသည်– “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ ရှိသမျှတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်ဟူ၍ . . . အကျွန်ုပ်လည်း ဘုရားသခင်ကိုအမှီပြု၍ မျှော်လင့်ပါ၏။” (တမန်တော် ၂၄:၁၅) ကမ္ဘာ့ပရဒိသုအတွင်းသို့ ရှင်ပြန်ထမြောက်စေခြင်းအားဖြင့် အသက်ပေးမည်ဟု နောင်တရသောလူဆိုးတစ်ဦးအား နှက်တိုင်ပေါ်တွင် ယေရှုကတိပြုတော်မူခဲ့သည်။—လုကာ ၂၃:၄၃။
သို့သော် ကမ္ဘာမြေကြီးပေါ်သို့ ရှင်ပြန်ထမြောက်လာမည့် လူသေတို့၏ လက်ရှိအခြေအနေကား အဘယ်နည်း။ ယေရှု၏ ဓမ္မအမှုအတွင်း အဖြစ်အပျက်တစ်ခုက ဤမေးခွန်းကို ဖြေဆိုသည်။ သူ၏မိတ်ဆွေ လာဇရုသည် သေဆုံးသွားသည်။ ထိုသူအား ရှင်ပြန်ထမြောက်စေခြင်းငှာ ယေရှုမသွားမီ တပည့်တော်တို့အား ကိုယ်တော်က “ငါတို့အဆွေ လာဇရုသည် အိပ်ပျော်၏။ သူ့ကို နှိုးခြင်းအလိုငှာ ငါသွားမည်ဟု မိန့်တော်မူ၏။” (ယောဟန် ၁၁:၁၁) ဤနည်းအားဖြင့် ယေရှုသည် သေခြင်းကို အိပ်မက်မမက်ဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းနှင့် နှိုင်းယှဉ်တော်မူခဲ့သည်။
သေခြင်း၌ အိပ်ပျော်နေခြင်း
သေခြင်း၌ အိပ်ပျော်ခြင်းသဘောကို အခြားကျမ်းချက်များကလည်း ထောက်ခံသည်။ လူသေရာတွင် နာမ်ဝိညာဉ်ဘုံသို့ ကူးပြောင်းသွားသော မသေနိုင်သည့်ဝိညာဉ်စိုးလ် လူတို့တွင်ရှိသည်ဟူ၍ ၎င်းတို့က မသွန်သင်ပါ။ ယင်းအစား သမ္မာကျမ်းစာက ဤသို့ဆိုသည်– “သေသောသူမူကား အဘယ်အရာကိုမျှမသိ။ . . . သူ၏ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်း ပျောက်ပျက်၏။ သင်ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသော မရဏာနိုင်ငံ [သင်္ချိုင်း] ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။” (ဒေသနာ ၉:၅၊ ၆၊ ၁၀) ထို့အပြင် လူသည် “အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ခြင်းတွင်၊ သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏” ဟု ဆာလံဆရာက ပြောပြသည်။—ဆာလံ ၁၄၆:၄။
သေခြင်း၌ အိပ်ပျော်နေသူများသည် ကျွန်ုပ်တို့ကို မမြင်နိုင်၊ မကြားနိုင်ဟု ဤကျမ်းချက်များက ရှင်းလင်းပြတ်သားစွာ ဖော်ပြသည်။ သူတို့သည် ကောင်းချီးသော်လည်းကောင်း၊ ဘေးအန္တရာယ်သော်လည်းကောင်း ကျွန်ုပ်တို့အပေါ် မကျရောက်စေနိုင်ပါ။ သူတို့သည် ကောင်းကင်တွင်မရှိသည်နည်းတူ ဘိုးဘေးများ နေထိုင်ရာအရပ်တွင် ရှိမနေပါ။ သူတို့သည် အသက်မရှိ၊ အဘယ်နေရာ၌မျှ မရှိချေ။
ဘုရားသခင့်ခန့်အပ်ထားရာအချိန်တိုင်သည့်အခါ ယခု သေခြင်း၌အိပ်ပျော်နေသူများ၊ ကိုယ်တော်၏မှတ်ဉာဏ်တွင် မှတ်ထားခံရသူများသည် ကမ္ဘာ့ပရဒိသုအတွင်း အသက်ရှင်ရန် နှိုးထခြင်းခံရကြလိမ့်မည်။ ထိုအခါ ကမ္ဘာမြေကြီးသည် ယခု လူသားတို့ တွေ့ကြုံနေရသော ညစ်ညမ်းမှု၊ ဒုက္ခဆင်းရဲနှင့် ပြဿနာများ ကင်းရှင်းမည်ဖြစ်သည်။ ထိုစဉ်အခါ မည်မျှပျော်ရွှင်မြူးထူးရကြမည်တကား! ထိုပရဒိသုတွင် ထာဝရစဉ်အသက်ရှင် နေထိုင်နိုင်ရန်မျှော်လင့်ချက် ရှိကြလိမ့်မည်။ အကြောင်းမူကား ဆာလံ ၃၇:၂၉ က ကျွန်ုပ်တို့အား ဤသို့အာမခံသည်– “ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကို အမွေခံ၍ အစဉ်အမြဲ နေရကြလိမ့်မည်။”
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
လူသေကိုးကွယ်ခြင်းကို ကျွန်ုပ်စွန့်လွှတ်ခဲ့ပြီ
“ကျွန်တော် ကလေးဘဝက ကျွန်တော့်အဖေသည် သူ၏ဖခင်အား မှန်မှန်ယဇ်ပူဇော်ခဲ့ချိန်တွင် ကျွန်တော်ပါ ဝိုင်းဝန်းကူညီပေးခဲ့သည်။ တစ်ချိန်တွင် အဖေသည် အကြီးအကျယ်ဖျားနာပြီး နာလန်ထူခဲ့သောအခါ သူ၏ ပြန်နာလန်ထခြင်းအတွက် ကျေးဇူးတင်သည့်အနေနှင့် သေလွန်သောဖခင်ထံ ဆိတ်တစ်ကောင်၊ မျောက်ဥ၊ ကိုလာဆံနှင့် အရက်တို့ကို ပူဇော်သင့်သည်ဟု နတ်ဆရာက သူ့အား မှာကြားခဲ့သည်။ နောက်တစ်ဖန် ပြန်ဖျားနာခြင်းနှင့် ဘေးဥပဒ်မှ ကာကွယ်မှုရရှိရန် သေလွန်သောဘိုးဘေးတို့အား အသနားခံသင့်သည်ဟူ၍လည်း အကြံပြုသည်။
“ကျွန်တော့်အမေက အဖိုး၏သင်္ချိုင်းဂူတွင် ယဇ်ပူဇော်ရန် လိုအပ်သောအရာများကို ဝယ်ခြမ်းခဲ့ရသည်။ ဒေသခံထုံးစံအတိုင်း ထိုသင်္ချိုင်းသည် ကျွန်တော်တို့၏အိမ်ဘေး၌သာ ရှိပါသည်။
“ထိုပူဇော်ပွဲကို တက်ရောက်ကြရန် မိတ်ဆွေသင်္ဂဟ၊ ဆွေမျိုးဉာတိ နှင့် အိမ်နီးချင်းတို့ကိုပါ ခေါ်ဖိတ်ထားသည်။ အဖေသည် ယင်းပွဲနှင့်ကိုက်ညီရန် ကြော့မော့စွာဝတ်ဆင်ထားပြီး ယခင်ယဇ်ပူဇော်ပွဲတို့တွင် အသုံးပြုခဲ့သော ဆိတ်ဦးခေါင်းခွံများ တန်းစီထားသည့် နတ်စင်ရှေ့ ထိုင်ခုံတစ်ခုပေါ်တွင်ထိုင်နေပါသည်။ ကျွန်တော့်တာဝန်မှာ ဝိုင်အရက်ကို ခွက်ငယ်ကလေးတစ်ခုထဲ ထည့်ပြီးနောက် အဖေ့ကို ကမ်းပေးရသည်။ တစ်ဖန် ယင်းကို အဖေက မြေကြီးပေါ်သွန်းလောင်းခြင်းအားဖြင့် ယဇ်တင်လိုက်သည်။ ကျွန်တော့်အဖေသည် သူ့အဖေ၏အမည်ကို သုံးကြိမ်ခေါ်ဆိုပြီး နောက်နောင်ဘေးဥပဒ်မှ ကယ်နုတ်ပေးဖို့ ဆုတောင်းလိုက်သည်။
ကိုလာဆံကို “ပူဇော်ပသပြီး ဆိတ်တစ်ကောင်အား သတ်၍ပြုတ်ကာ တက်ရောက်လာသူတို့အား ကျွေးမွေးဧည့်ခံလေသည်။ ကျွန်တော်လည်း ပါဝင်စားသောက်၍ ဗုံတီးပြီး ကခုန်သီဆိုပွဲ၌ ပါခဲ့သည်။ အဖေ့အသက် မငယ်တော့သော်လည်း အဖေသည် အားရပါးရ လှပစွာ ကခုန်ခဲ့သည်။ အကရပ်နားသည့် ကြားအချိန်တွင် ပွဲလာသူများကို ကောင်းချီးပေးရန် ဘိုးဘေးတို့ထံ အဖေဆုတောင်းပြီးနောက် ကျွန်တော်အပါအဝင် လူတို့က ‘ဖြစ်ပါစေ’ အဓိပ္ပာယ်ရှိသည့် အီစေ ဟူ၍ပြောဆိုကြသည်။ အဖေ့ကို လေးစားအားကျစွာဖြင့် ကျွန်တော် အာရုံစူးစိုက်ကြည့်ရှုခဲ့ပြီး သေလွန်သူ ဘိုးဘေးများကို ယဇ်ပူဇော်နိုင်မည့်အရွယ်ရောက်ဖို့ တမ်းတခဲ့သည်။
“ယဇ်ကောင်မြောက်မြားစွာကို ပူဇော်ခဲ့သော်လည်း မိသားစုတွင် ငြိမ်သက်မှုမရှိခဲ့ပါ။ အမေ၏သားသုံးယောက်ရှိနေသော်လည်း သူမွေးခဲ့သောသမီးသုံးယောက်သည် ကြာရှည်အသက်မရှင်ခဲ့ပါ; အားလုံး ကလေးဘဝတွင်ပင် သေဆုံးခဲ့ကြသည်။ အမေ ပြန်ကိုယ်ဝန်ရှိသောအခါ ကလေးကို လွယ်လွယ်ကူကူ မွေးဖွားနိုင်ရန် အဖေက အကြီးအကျယ် ပူဇော်ပသခဲ့သေးသည်။
“နောက်ထပ် သမီးကလေးတစ်ယောက်ကို အမေမွေးပြန်သည်။ နောင်နှစ်နှစ်အကြာတွင်ပင် ထိုကလေးလည်း ဖျားနာပြီး သေဆုံးသွားခဲ့သည်။ အဖေက နတ်ဆရာကို မေးမြန်းသောအခါ ရန်သူတစ်ယောက်ကြောင့် ထိုသို့သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု အဖြေရရှိသည်။ ကလေး၏ ‘ဝိညာဉ်’ ပြန်တိုက်လှန်နိုင်ဖို့ မီးတုတ်တစ်ချောင်း၊ အရက်တစ်ပုလင်းနှင့် ခွေးကလေးတစ်ကောင်ကို ပူဇော်ဖို့လိုသည်ဟု နတ်ဆရာက ပြောသည်။ မီးတုတ်ကို သင်္ချိုင်းပေါ်တင်ထားရမည်၊ အရက်ကို သင်္ချိုင်းပေါ်ဖျန်း၍ ခွေးကလေးကိုကား ဂူသင်္ချိုင်းအနီးတွင် အရှင်လတ်လတ် မြှုပ်နှံရမည်ဖြစ်သည်။ ယင်းသို့ပြုခြင်းအားဖြင့် သေလွန်သောကလေးမ၏ဝိညာဉ်အား သူ၏သေဆုံးခြင်းကို ကလဲ့စားချေနိုင်ရန် နှိုးဆော်ပေးလိမ့်မည်ဟုဆို၏။
“ကျွန်တော်က အရက်ပုလင်းနှင့် မီးတုတ်ကို သင်္ချိုင်းသို့ သယ်ဆောင်ပြီး အဖေက ခွေးကလေးကိုချီသွားပါသည်။ နတ်ဆရာမှာသည့်အတိုင်း မြှုပ်လိုက်သည်။ သေလွန်သောကလေးမ၏ဝိညာဉ်သည် သူမကို အချိန်မတန်မီ သေစေခဲ့သောသူအား ခုနစ်ရက်အတွင်း ဖျက်ဆီးလိုက်မည်ဟု ကျွန်တော်တို့အားလုံး ယုံကြည်ကြသည်။ နှစ်လသာကုန်လွန်သွားသည် ကျွန်တော်တို့၏အရပ်မှ မည်သူမျှမသေခဲ့ပါ။ ကျွန်တော်လည်း အထင်နှင့်အမြင် လွဲမှားနေကြောင်း သိရှိလာသည်။
“ထိုအချိန်တွင် ကျွန်တော် အသက် ၁၈ နှစ်ရှိသည်။ ထို့သို့ဖြစ်ပျက်ပြီး မကြာမီအချိန်တွင် ကျွန်တော် ယေဟောဝါသက်သေများနှင့် တွေ့ဆုံခဲ့ပြီး လူသေတို့သည် အသက်ရှင်သူတို့ကို ကောင်းကျိုးသော်လည်းကောင်း၊ ဆိုးကျိုးသော်လည်းကောင်း မပြုလုပ်နိုင်ကြောင်း သူတို့က ကျမ်းစာထဲမှ ထောက်ပြပါသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို တိုးသိနားလည်လာ၍ နှလုံးထဲအမြစ်တွယ်လာသောအခါ လူသေကို ပူဇော်ပသချိန်တွင် အဖေနှင့်အတူ ကျွန်တော်တွဲဖက်မလုပ်ဆောင်နိုင်တော့ကြောင်း သူ့အားပြောပြသည်။ ယင်းကိုကြားကြားချင်း သူ့ကိုစွန့်ပစ်ပြီဟု ပြောဆိုကာ သူအလွန်စိတ်ဆိုးခဲ့ပါသည်။ သို့သော် ကျွန်တော့်ယုံကြည်ချက်အသစ်ကို လုံးဝစွန့်မည်မဟုတ်ကြောင်းကို သူသဘောပေါက်သွားသောအခါ ယေဟောဝါအားဝတ်ပြုခြင်းကို အတိုက်အခံမလုပ်တော့ပါ။
“၁၉၄၈၊ ဧပြီ ၁၈ ရက်နေ့တွင် ရေ၌နှစ်ခြင်းယူခြင်းအားဖြင့် ကျွန်တော့်ဆက်ကပ်အပ်နှံမှုအထိမ်းအမှတ်ကို ထင်ရှားပြခဲ့သည်။ ထိုအချိန်ကတည်းက ယေဟောဝါကို အားရရွှင်လန်းစွာဖြင့် ကျွန်တော်ဆက်ကိုးကွယ်နေပါသည်။ ကျွန်တော်တို့ကို အကူအညီမပေးနိုင်သကဲ့သို့ ဒုက္ခလည်းမပေးနိုင်သော သေလွန်သူဘိုးဘေးများအား ကိုးကွယ်ခြင်းအယူမှ အခြားသူများလွတ်မြောက်လာစေရန် လူတို့ကိုကူညီပေးလျက်နေပါသည်။”—နိုင်ဂျီးရီးယားနိုင်ငံ၊ ဘီနင်စီတီမြို့မှ ဂျေ. ဘီ. အိုမီအဲဂဘေ ရေးသားပေးပို့သည်။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ကမ္ဘာ့ပရဒိသုသို့ သေလွန်သူများ ရှင်ပြန်ထမြောက်လာသည့်အခါ အကြီးအကျယ် ရွှင်လန်းအားရကြလိမ့်မည်