ဖန်ဆင်းရှင်ဘုရားမဲ့ဝါဒ၏ဇာစ်မြစ်များ
အကျပ်အတည်းဆိုက်နေသည့်ကမ္ဘာပေါ်တွင် ကျွန်ုပ်တို့နေထိုင်ကြသည်; သတင်းစာခေါင်းစီးများကို မျက်စိတစ်ချက်ဝေ့ကြည့်လိုက်တိုင်း ယင်းအချက်မှန်ကြောင်း နေ့စဉ်အတည်ပြုချက်ရရှိသည်။ ကျွန်ုပ်တို့ကမ္ဘာ၏ မျှော်လင့်ချက်ကင်းမဲ့သည့်အခြေအနေက လူများစွာတို့အား ဘုရားရှိသည့်အဖြစ်ကို စောဒကတက်စေသည်။ အချို့တို့က ကိုယ်တော်ရှိခြင်းကိုပင် ငြင်းကွယ်ပြီး မိမိတို့ကိုယ်ကို ဘုရားမဲ့ဝါဒီများဟုဆိုကြသည်။ ယင်းသို့ သင်ဖြစ်သလော။
ဘုရားသခင်ရှိကြောင်း ယုံခြင်း မယုံခြင်းသည် အနာဂတ်နှင့်ပတ်သက်သော သင့်အမြင်ကို နက်ရှိုင်းစွာ အကျိုးသက်ရောက်နိုင်သည်။ ဘုရားမပါလျှင် လူသားမျိုးနွယ်၏လွတ်မြောက်မှုသည် လူတို့လက်တွင် လုံးလုံးလျားလျားတည်နေသည်—လူတို့၏အဖျက်စွမ်းအားကို စဉ်းစားလိုက်လျှင် ရင်မောဖွယ်ဖြစ်သည်။ ဘုရားရှိသည်ဟု သင်မုချယုံကြည်လျှင် ဤကမ္ဘာပေါ်တွင် အသက်ရှင်ခြင်းသည် ရည်ရွယ်ချက်တစ်ခု—ပြည့်စုံလာမည့်ရည်ရွယ်ချက်တစ်ခု ရှိကိုရှိရမည်ဟု သင်လက်ခံစရာရှိသည်။
ဘုရားရှိခြင်းကိုငြင်းကွယ်ခြင်းသည် သမိုင်းတစ်လျှောက်တွင် ရံဖန်ရံခါသာရှိခဲ့သော်လည်း မကြာသေးမီကမှ ရာစုနှစ်များတစ်လျှောက်အတွင်း ဘုရားမဲ့ဝါဒ ခေတ်စားမှု ပျံ့နှံ့လာခဲ့သည်။ အဘယ်ကြောင့်ဖြစ်ကြောင်း သင်သိသလော။
ဇာစ်မြစ်များကို ပိုင်းခြားနားလည်ခြင်း
အလွန်မြင့်မားထွားကျိုင်းသည့် သစ်ပင်တစ်ပင်သည် စိတ်တွင် စွဲထင်စရာမြင်ကွင်းဖြစ်သည်။ သို့သော် အရွက်၊ အကိုင်းအခက်နှင့် ပင်စည်တို့ကိုသာ မျက်စိအားဖြင့်မြင်နိုင်သည်။ အမြစ်များ—အပင်၏အသက်သွေးကြော—မူကား မြေကြီးအောက်တွင် နက်ရှိုင်းစွာ ဖုံးကွယ်နေသည်။
ဘုရားမဲ့အယူဝါဒလည်း ထိုသို့နီးနီးဖြစ်သည်။ ဘုရားရှိခြင်းကို ငြင်းကွယ်ခြင်းသည် မြင့်မားထွားကျိုင်းသည့် သစ်ပင်တစ်ပင်နည်းတူ ၁၉ ရာစုတစ်ဝိုက်တွင် သိသာထင်ရှားစွာ ပေါ်ပေါက်လာသည်။ အသက်နှင့် စကြဝဠာတို့သည် သဘာဝလွန် ဘုရားတစ်ဆူမရှိဘဲ ဖြစ်တည်လာနိုင်သလော။ ထိုသို့သောဖန်ဆင်းရှင်ကို ဝတ်ပြုကိုးကွယ်ခြင်းသည် အချိန်ဖြုန်းခြင်းမျှသာလော။ ထိုခေတ်က အတွေးအခေါ်ပညာရှင်များ၏ အဖြေများသည် ရှင်းလင်းပြတ်သားလှသည်။ “ကျွန်ုပ်တို့သည် စာရိတ္တဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်ကို မလိုအပ်တော့သကဲ့သို့ ဘာသာတရားလည်း မလိုအပ်ချေ” ဟု ဖရီးဒရစ်ခ်နီချီက ကြေညာခဲ့သည်။ “ဘာသာတရားသည် လူတို့၏ စိတ်ကူးစိတ်သန်းဖြစ်သည်” ဟု လုဒ်ဗစ်ခ်ဖော်ယဘတ်ခ်က အခိုင်အမာပြောဆိုခဲ့သည်။ လာမည့်ဆယ်စုနှစ်များတွင် ကြီးမားစွာသြဇာလွှမ်းမိုးလာမည့် အရေးအသားများကို ရေးသားခဲ့သူ ကားလ်မာ့ခ်စ် က ဤသို့ပြောင်ပြောင်တင်းတင်းပြောခဲ့သည်– “ကျွန်ုပ်သည် ဘာသာရေးအနှောင်အဖွဲ့မှ စိတ်လွတ်လပ်ခြင်းကို တိုးချဲ့လိုသည်။”
လူများစွာတို့အထင်ကြီးခဲ့ကြသည်။ သို့သော် သူတို့သိမြင်ခဲ့သည့်အရာမှာ ဘုရားမဲ့ဝါဒ၏ အရွက်များ၊ အကိုင်းအခက်များနှင့် ပင်စည်မျှသာဖြစ်သည်။ အမြစ်များကား ၁၉ ရာစုနှစ်မတိုင်မီ ကြာမြင့်စွာကတည်းက တည်ရှိနေပြီး အတက်အညှောက်များ ပေါက်လာခဲ့သည်။ အံ့ဩစရာကား ကြီးထွားလာသည့် ခေတ်သစ်ဘုရားမဲ့ဝါဒကို ခရစ်ယာန်ဘောင်၏ဘာသာတရားများက အားပေးအားမြှောက်ခြင်းပါတကား! မည်သို့အားဖြင့်နည်း။ ယင်းတို့၏ ဖောက်ပြန်ယိုယွင်းမှုကြောင့် ဤဘာသာရေးအသင်းအဖွဲ့များသည် စိတ်ဓာတ်ကျစိတ်ပျက်စရာနှင့် ကန့်ကွက်ပြောဆိုစရာမြောက်မြားစွာတို့ကို ပေါ်ပေါက်စေခဲ့သည်။
မျိုးစေ့များ အကြဲခံရခြင်း
အလယ်ခေတ်ရာစုများအတွင်းက ချာ့ချ်သည် ယင်း၏လက်အောက်ခံများအား နှိပ်ကွပ်ထားခဲ့သည်။ “ဘာသာရေးအာဏာပိုင်အဖွဲ့သည် လူတို့၏ဝိညာဏလိုအပ်ရာများကို ဖြည့်စွက်ပေးနိုင်သည့် အရည်အချင်းရှိဟန်မတူ။ ရာထူးမြင့်သည့်ဓမ္မဆရာများ၊ အထူးသဖြင့် ဂိုဏ်းအုပ်များသည် အထက်တန်းလွှာများမှ ရွေးချယ်ခံခဲ့ရကြပြီး သူတို့၏ရာထူးကို ဂုဏ်သိက္ခာနှင့် တန်ခိုးအာဏာတို့၏ ပင်ရင်းအဖြစ်သာ အဓိကယူမှတ်ခဲ့ကြသည်” ဟု The Encyclopedia Americana စွယ်စုံကျမ်းက မှတ်ချက်ချထားသည်။
ဂျွန်ကယ်လ်ဗင်းနှင့် မာတင်လူသာတို့ကဲ့သို့သော လူအချို့တို့က ချာ့ချ်ကို ပြုပြင်ပြောင်းလဲရန် ကြိုးစားခဲ့ကြသည်။ သို့သော် သူတို့၏လုပ်နည်းလုပ်ဟန်များသည် ခရစ်တော်၏နည်းအတိုင်းအမြဲမဟုတ်ပါ; သည်းခံမှုမရှိခြင်းနှင့် သွေးစွန်းခြင်းတို့သည် ပြုပြင်ပြောင်းလဲရေး၏ အမှတ်လက္ခဏာများဖြစ်ခဲ့သည်။ (မဿဲ ၂၆:၅၂ နှိုင်းယှဉ်။) အချို့တိုက်ခိုက်မှုများသည် အလွန်ပြင်းထန်ကြမ်းတမ်းလွန်းလှရကား နောက်သုံးရာစုအကြာတွင် အမေရိကန်နိုင်ငံ၏ တတိယမြောက်သမ္မတဖြစ်သူ တောမတ်စ်ဂျက်ဖာဆန်က ဤသို့ရေးသားခဲ့သည်– “ကယ်လ်ဗင်း၏ ရက်စက်ယုတ်မာသော ဂုဏ်အင်္ဂါရပ်များအားဖြင့် ဘုရားကိုရှုတ်ချခြင်းထက် ဘုရားရှိကြောင်း လုံးလုံးမယုံကြည်ခြင်းကို သာ၍ခွင့်လွှတ်နိုင်စရာရှိသည်။”a
ပြုပြင်ပြောင်းလဲရေးသည် စင်ကြယ်သည့်ဝတ်ပြုရေးကို ပြန်လည်မရရှိစေသည်မှာ ရှင်းနေပါသည်။ သို့သော် ကက်သလစ်ချာ့ချ်၏ ဩဇာအာဏာကိုမူ လျော့ပါးစေခဲ့သည်။ ဗက်တီကင်သည် ဘာသာရေးယုံကြည်ချက်များကို လက်ဝါးကြီး မအုပ်ထားနိုင်တော့ချေ။ လူများစွာတို့သည် အသစ်တည်ထောင်သော ပရိုတက်စတင့်ဂိုဏ်းဂဏများသို့ ဝင်လာကြသည်။ အချို့တို့ကမူ ဘာသာရေးကိုစိတ်ပျက်ပြီး လူ့စိတ်သည်သာ ဘုရားဖြစ်သည်ဟု ယူမှတ်ကြလေသည်။ လွတ်လပ်သည့်သဘောထားတစ်ခု ပေါ်ပေါက်လာပြီး ဘုရားနှင့်ပတ်သက်၍ ကွဲပြားသည့်အယူအဆများကို ဖြစ်ပေါ်စေခဲ့သည်။
သံသယအညှောက်
၁၈ ရာစုနှစ်ရောက်သော် ယုတ္တိယုတ္တာညီဟန်ရှိသော အတွေးအခေါ်များသည် ကမ္ဘာ့ပြဿနာများဖြေရှင်းနည်းအဖြစ် ချီးမြှင့်မြှောက်စားခံလာခဲ့ရသည်။ ဂျာမန်အတွေးအခေါ်ပညာရှင် အီမန်းနျူးဝဲလ်ကန့်တ်က လူတို့သည် နိုင်ငံရေးနှင့် ဘာသာရေးတို့ကို လမ်းညွှန်အဖြစ် အမှီသဟဲပြုကြခြင်းအားဖြင့် သူတို့၏တိုးတက်မှုကို နှောင့်နှေးစေကြသည်ဟု အခိုင်အမာပြောဆိုသည်။ “ရဲရဲတင်းတင်း စူးစမ်းလေ့လာပါ! သင့်ကိုယ်ပိုင်ဉာဏ်ကို ရဲရဲတင်းတင်း အသုံးချပါ!” ဟု သူတိုက်တွန်းခဲ့သည်။
ထိုသဘောထားသည် ဆင်ခြင်တုံတရားခေတ် ဟုလည်းသိကြသည့် ဆင်ခြင်ခြင်းအဓိကဝါဒ၏ စရိုက်လက္ခဏာဖြစ်သည်။ အသိပညာကို စွဲစွဲလမ်းလမ်းရှာဖွေခြင်းက ၁၈ ရာစုနှစ်တစ်လျှောက် ရှင်သန်ခဲ့သော ထိုကာလပိုင်း၏ အမှတ်သညာဖြစ်သည်။ “သံသယစိတ်က ဇွတ်မှိတ်ယုံကြည်ခြင်းကို အစားထိုးဝင်ရောက်လာသည်။ ရှေးအစဉ်အလာများသည် စောဒကတက်စရာဖြစ်လာသည်” ဟု သမိုင်းမှတ်တိုင်များ စာအုပ်ကဆိုသည်။
ပိုင်းခြားစစ်ဆေးရမည့် ‘ရှေးအစဉ်အလာ’ တစ်ခုမှာ ဘာသာတရားဖြစ်သည်။ “လူတို့သည် ဘာသာတရားပေါ် အမြင်ပြောင်းကုန်ကြပြီ။ သူတို့သည် ကောင်းကင်ဆုကျေးဇူးဆိုင်ရာ ကတိတော်နှင့် မကျေနပ်ကြတော့ချေ; သူတို့သည် မြေကြီးပေါ်တွင် သာ၍ကောင်းမွန်သည့်အသက်တာကို တောင်းဆိုလာကြသည်။ သဘာဝလွန်ဖြစ်ရပ်၌ ယုံကြည်ခြင်း ပျောက်ကွယ်စပြုလာသည်” ဟု အပြည်ပြည်ဆိုင်ရာကမ္ဘာ့သမိုင်း စာအုပ်ကဆိုသည်။ အမှန်မှာ ဆင်ခြင်ခြင်းအဓိကဝါဒအတွေးအခေါ်သမား အများစုသည် ဘာသာတရားကို မထီမဲ့မြင်သဘောထားကြသည်။ အထူးသဖြင့် လူများကို အသိပညာမဲ့သောအခြေအနေတွင် ပစ်ထားသည့် ကက်သလစ်ချာ့ချ်မှ အာဏာမက်သောခေါင်းဆောင်များကို သူတို့အပြစ်တင်ကြသည်။
ဘာသာတရားနှင့် ကျေနပ်မှုမရကြသော ထိုအတွေးအခေါ်သမား များစွာတို့သည် အကျင့်သီလပဓာနဝါဒီများဖြစ်သွားခဲ့ကြသည်; ဘုရားသခင်ကို သူတို့ယုံကြည်ကြသော်လည်း ဘုရားသခင်သည် လူများကိုစိတ်မဝင်စားဟု ဆိုခဲ့ကြသည်။b ဘာသာတရားသည် “ကွဲပြားမှု၊ မိုက်မဲမှုနှင့် ရာဇဝတ်မှုများ၏ ဇာစ်မြစ်တစ်ခုဖြစ်သည်” ဟုဆိုသူ အတွေးအခေါ်သမား ပေါလ်အန္နရီတီရီးအောလ်ဘာ့ခ်ကဲ့သို့ အနည်းအကျဉ်းတို့မှာ ဘွင်းဘွင်းပြောဆိုတတ်သော ဘုရားမဲ့ဝါဒီများဖြစ်လာခဲ့ကြသည်။ နှစ်များကုန်လွန်လာသည်နှင့်အမျှ ခရစ်ယာန်ဘောင်ကိုစိတ်ကုန်သူ များသည်ထက်များလာပြီး အောလ်ဘာ့ခ်၏ စိတ်ကူးစိတ်သန်းများကို လက်ခံလာခဲ့ကြသည်။
ခရစ်ယာန်ဘောင်က ဘုရားမဲ့ဝါဒကို မြေတောင်မြှောက်ပေးခြင်းသည် မလျော်ကန်မအပ်စပ်လှချေတကား! “ချာ့ချ်များသည် ဘုရားမဲ့ဝါဒ ကြီးထွားဖွံ့ဖြိုးရာနေရာဖြစ်သည်။ အနောက်တိုင်းသားများ၏ ဩတ္တပ္ပစိတ်သည် ဘာသာရေးများ၏ အလွန်စက်ဆုပ်ရွံရှာ အော့နှလုံးနာစရာ ဖြစ်လာသည်။ ချာ့ချ်များနှင့် ဂိုဏ်းဂဏများသည် လူအစုလိုက်အပြုံလိုက်ကို ကျွမ်းကျင်လိမ္မာစွာသတ်ဖြတ်ခြင်း၊ ဘာသာရေးအုံကြွမှု သို့မဟုတ် တော်လှန်ပုန်ကန်မှုကို လိုလားခြင်း၊ ဘုရင်ကို နှင်ထုတ်ရန် သို့မဟုတ် နန်းချရန် ကြိုးစားကြခြင်းဖြင့် ဥရောပကို ဖျက်ဆီးခဲ့ပြီ” ဟု ဓမ္မပညာပါမောက္ခ မိုက်ကယ်ဂျေ. ဘာကလေးက ရေးသားခဲ့သည်။
ဖန်ဆင်းရှင်ဘုရားမဲ့ဝါဒထွန်းကားကျယ်ပြန့်လာ
၁၉ ရာစုနှစ်ရောက်သော် ဘုရားကိုငြင်းကွယ်ခြင်းသည် ကြီးထွားပျံ့နှံ့လာခဲ့သည်။ အတွေးအခေါ်ပညာရှင်များနှင့် သိပ္ပံပညာရှင်များသည် မိမိတို့၏အမြင်ကို ပြောင်ပြောင်တင်းတင်းကြေညာရန် ဝန်မလေးခဲ့ကြပါ။ “ကျွန်ုပ်တို့၏ရန်သူမှာ ဘုရားဖြစ်သည်။ ဘုရားကိုမုန်းခြင်းသည် ဉာဏ်ပညာ၏မူလအမြစ်ဖြစ်သည်။ လူသားသည် အမှန်တကယ် တိုးတက်လိုပါက ဘုရားမဲ့ဝါဒအပေါ် အခြေပြုရမည်” ဟု ဘွင်းဘွင်းသမား ဘုရားမဲ့ဝါဒီတစ်ဦးက ကြေညာခဲ့သည်။
မည်သို့ဆိုစေ ၂၀ ရာစုအတွင်း သိမ်မွေ့သည့်အပြောင်းအလဲတစ်ခု ဖြစ်ပေါ်ခဲ့သည်။ ဘုရားကိုငြင်းကွယ်ခြင်းသည် အနည်းငယ်အရှိန်လျော့လာသည်; ခြားနားသောဘုရားမဲ့ဝါဒတစ်မျိုး စတင်ပျံ့နှံ့လာပြီး ဘုရားကိုယုံပါသည်ဟု ဆိုသူများကိုပင် ဩဇာသက်ရောက်ခဲ့သည်။
[အောက်ခြေမှတ်ချက်များ]
a ပြုပြင်ပြောင်းလဲရေး၏ အကျိုးရလဒ်ဖြစ်သော ပရိုတက်စတင့်ဂိုဏ်းများသည် ကျမ်းစာ၌မရှိသော အယူအဆများစွာကို ထိန်းသိမ်းထားကြသည်။ ၁၉၈၉၊ ဩဂုတ် ၂၂ ထုတ် နိုးလော့! စာမျက်နှာ ၁၆-၂၀ [လိပ်] နှင့် ၁၉၈၉၊ စက်တင်ဘာ ၈ ထုတ် စာမျက်နှာ ၂၃-၇ [လိပ်] ကိုရှု။
b နာရီပြုသူနှင့်များစွာတူညီမည်ဖြစ်သော ဘုရားသခင်သည် သူ၏ဖန်ဆင်းရာများကို လှုပ်ရှားနိုင်သည့်အခြေအနေဖြင့်ပြုလုပ်ပြီး လုံးဝလှည့်မကြည့်တော့ဘဲ ပစ်ထားသည်ဟု အကျင့်သီလပဓာနဝါဒီများက ဆိုကြသည်။ The Modern Heritage စာအုပ်အဆိုအရ အကျင့်သီလပဓာနဝါဒီများ “ယုံကြည်သည်မှာ ဘုရားမဲ့ဝါဒသည် မျှော်လင့်ချက်ကင်းမဲ့ခြင်း၏ရလဒ်တစ်ခုဖြစ်သည်။ သို့သော် ကက်သလစ်ချာ့ချ်၏ အာဏာရှင်ဆန်သောဖွဲ့စည်းပုံနှင့် ယင်း၏တင်းကျပ်၍ တစ်ယူသန်သောအယူဝါဒများက သာ၍ကန့်ကွက်စရာဖြစ်သည်” ဟူ၍ဖြစ်သည်။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
ကားလ်မာ့ခ်စ်
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
လုဒ်ဗစ်ခ်ဖော်ယဘတ်ခ်
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
ဖရီးဒရစ်ခ်နီချီ
[Picture Credit Line on page 2]
COVER: Earth: By permission of the British Library; Nietzsche: Copyright British Museum (see also page 3); Calvin: Musée Historique de la Réformation, Genève (Photo F. Martin); Marx: U.S. National Archives photo (see also page 3); Planets, instruments, crusaders, locomotive: The Complete Encyclopedia of Illustration/J. G. Heck; Feuerbach: The Bettmann Archive (see also page 3)