ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၁၂/၁ စာ. ၅-၇
  • ၂၀ ရာစုဘုရားငြင်းပယ်မှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၂၀ ရာစုဘုရားငြင်းပယ်မှု
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်၏အခွင့်အာဏာကို ငြင်းဆန်ခြင်း
  • ခရစ်ယာန်ဘောင်၏ ဘုရားငြင်းပယ်မှု
  • ဖန်ဆင်းရှင်ဘုရားမဲ့ဝါဒအတွက် ခိုင်မာသည့်အကြောင်းများလော
  • စစ်မှန်သောဘာသာ၏ခြားနားမှု
  • ဖန်ဆင်းရှင်ဘုရားမဲ့ဝါဒ၏ဇာစ်မြစ်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ဘာသာတရားမရှိရင် ကမ္ဘာကြီး ပိုကောင်းလာမလား
    နိုးလော့!—၂၀၁၀
  • ဖန်ဆင်းရှင် ရှိကြောင်း ယုံကြည်နိုင် ပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ဘုရားသခင်မဲ့ဝါဒီတို့၏ လှုပ်ရှားမှု
    နိုးလော့!—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၁၂/၁ စာ. ၅-၇

၂၀ ရာစုဘုရားငြင်းပယ်မှု

“လူတို့သည် ဘုရားမရှိဟူသောအယူအဆကို စွန့်လွှတ်ကြပြီး ဘုရားအကြောင်း ပြောဆိုရည်ညွှန်းခြင်းမရှိဘဲ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူတို့၏အသက်တာကို လွတ်လပ်စွာ စီမံဖွဲ့စည်းနေကြသည်။” —ဘုရားနှင့်ပတ်သက်သည့် အနှစ်တစ်ရာကြာ စကားစစ်ထိုးပွဲ—ခေတ်သစ်ဘုရားမဲ့ဝါဒ၏ဇာစ်မြစ်များ။

အစတွင် စိတ်စွဲထင်စရာကောင်းသော အလွန်မြင့်မားထွားကျိုင်းသည့်သစ်ပင်ကြီးပင်လျှင် နောက်ဆုံးတွင် သာမညဖြစ်သွားသည်။ ယင်း၏အသွင်အပြင်သည် ရိုးသွားပြီး ယင်း၏မြင့်မားမှုသည်လည်း အံ့ချည်းဖွယ်မဟုတ်တော့ပါ။

ဘုရားမဲ့ဝါဒလည်း အလားတူပင်ဖြစ်သည်။ ၁၉ ရာစုနှစ်အတွင်းက ယင်းသည် ငြင်းခုံစရာများစွာကို နှိုးဆွခဲ့သော်လည်း ယခုအခါ ဘုရားရှိခြင်းကို ငြင်းပယ်ခြင်းသည် တုန်လှုပ်စရာ သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်စရာ မဟုတ်တော့ပါ။ သည်းခံခွင့်ပြုနိုင်သည့်ခေတ်က ဘုရားမဲ့ဝါဒကို ဘုရားယုံကြည်ခြင်းနှင့် ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေနိုင်ရန် ခွင့်ပြုထားသည်။

လူအများစုသည် ဘုရားကို ပြောင်ကျကျ ငြင်းကွယ်ခြင်းတော့ မဟုတ်ပါ; ယင်းအစား အမေရိက၊ ဥရောပနှင့် အာရှတိုက်များရှိ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ စာရင်းဇယားများအရ ပျမ်းမျှအားဖြင့် ၂ ရာခိုင်နှုန်းကျော်မျှသာရှိသောလူတို့သည် မိမိတို့ကိုယ်ကို ဘုရားမဲ့ဝါဒီများဟုဆိုကြသည်။ မည်သို့ဆိုစေ ဘုရားမဲ့သည့်သဘောထားကား ပျံ့နှံ့လျက်ရှိသည်—ဘုရားရှိသည်ဟု ယုံကြည်သူများဘောင်၌ပင် ထိုသို့ဖြစ်နေသည်။ မည်သို့ဖြစ်နိုင်သနည်း။

ဘုရားသခင်၏အခွင့်အာဏာကို ငြင်းဆန်ခြင်း

“တစ်ခါတစ်ရံ ဘုရားမဲ့ဝါဒသည် ဘုရားကိုလက်တွေ့ကျကျငြင်းပယ်ခြင်း သို့မဟုတ် လျစ်လျူရှုခြင်းကိုသာ ရည်ညွှန်းခြင်းဖြစ်သည်” ဟု The Encyclopedia Americana ကဆိုသည်။ ယင်းကြောင့် The New Shorter Oxford English Dictionary က “ဘုရားမဲ့ဝါဒီ” ဟူသောဝေါဟာရ၏ ဒုတိယအဓိပ္ပာယ်ကို ဤသို့ပေးထားသည်– “စာရိတ္တရေးအရ ဘုရားကိုငြင်းပယ်သူ; ဘုရားတရားမဲ့သူ။”—ကျွန်ုပ်တို့စာလုံးစောင်းထား။

မှန်ပါသည်၊ ဘုရားမဲ့ဝါဒသည် ဘုရားသခင်တည်ရှိခြင်းကိုသော်လည်းကောင်း၊ ကိုယ်တော့်အခွင့်အာဏာကိုသော်လည်းကောင်း၊ နှစ်မျိုးလုံးကိုသော်လည်းကောင်း ငြင်းပယ်ခြင်းဖြစ်သည်။ သမ္မာကျမ်းစာက ထိုဘုရားမဲ့သည့်သဘောထားကို တိတု ၁:၁၆ တွင် ရည်ညွှန်းဖော်ပြထားသည်– “သူတို့သည် ဘုရားသခင်ကို အသိအမှတ်ပြုကြောင်း အဆိုပြုကြသော်လည်း မိမိတို့၏လုပ်ရပ်များအားဖြင့် ကိုယ်တော်ကိုငြင်းပယ်ကြသည်။”—The New English Bible; ဆာလံ ၁၄:၁ နှိုင်းယှဉ်။

ယင်းသို့သော ဘုရား၏အခွင့်အာဏာငြင်းပယ်ခြင်းကို ပထမဆုံးလူသားမောင်နှံတွင် ခြေရာပြန်ကောက်နိုင်သည်။ ဧဝသည် ဘုရားရှိခြင်းကို အသိအမှတ်ပြုသည်; သို့သော် သူမသည် “ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ဖြစ်” လိုခဲ့သည်။ အဓိပ္ပာယ်ကား သူမသည် ‘ကိုယ်ကြိုက်ရာကိုယ်လုပ်’ နိုင်ပြီး ကိုယ်ပိုင်စာရိတ္တဥပဒေ ထုတ်နိုင်ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် အာဒံသည် ဧဝနှင့်အတူ ဘုရားသခင့်အခွင့်အာဏာငြင်းပယ်ခြင်းတွင် ပူးပေါင်းပါဝင်လိုက်သည်။—ကမ္ဘာဦး ၃:၅၊ ၆။

ဤသဘောထားသည် ယနေ့ပျံ့နှံ့နေသလော။ ပျံ့နှံ့နေပါသည်။ လွတ်လပ်မှုရှာဖွေခြင်းတွင် သိမ်မွေ့သောဘုရားမဲ့ဝါဒ ထင်ရှားသည်။ “ယနေ့လူများသည် ဘုရားသခင့်မျက်မှောက်၌ အသက်ရှင်ခြင်းကို ငြီးငွေ့လာကြသည်။ သူတို့သည် . . . လွပ်လပ်စွာနေထိုင်ရန် သာ၍နှစ်သက်ကြသည်” ဟု ဘုရားနှင့်ပတ်သက်သည့် အနှစ်တစ်ရာကြာ စကားစစ်ထိုးပွဲ—ခေတ်သစ်ဘုရားမဲ့ဝါဒ၏ဇာစ်မြစ်များ အမည်ရှိစာအုပ်က ဆိုသည်။ စာရိတ္တဆိုင်ရာ ကျမ်းစာစည်းမျဉ်းကို လက်တွေ့မဆန်သော၊ သဘာဝမကျသောအရာအဖြစ် စွန့်ပယ်ကြသည်။ လူများစွာတို့၏အတွေးအမြင်သည် ဤသို့ကြေညာသော အီဂျစ်ပြည့်ရှင်ဖာရောမင်းနှင့် များစွာတူသည်– “ယေဟောဝါကား မည်သူဖြစ်သောကြောင့် သူ့စကားကိုငါနားထောင် . . . ရမည်နည်း။ ယေဟောဝါကို ငါလုံးလုံးမသိ။” ယေဟောဝါ၏အခွင့်အာဏာကို သူငြင်းပယ်ခဲ့သည်။—ထွက်မြောက်ရာ ၅:၂၊ ကဘ။

ခရစ်ယာန်ဘောင်၏ ဘုရားငြင်းပယ်မှု

ထိတ်လန့်ဖွယ်အကောင်းဆုံးသော ဘုရားသခင့်အခွင့်အာဏာငြင်းပယ်မှုသည် စင်ကြယ်သောကျမ်းစာသမ္မာတရားများကို လူလုပ်ထုံးတမ်းစဉ်လာများနှင့် အစားထိုးခဲ့ကြသော ခရစ်ယာန်ဘောင်ဓမ္မဆရာများထံမှ လာသည်။ (မဿဲ ၁၅:၉ နှိုင်းယှဉ်။) ထို့အပြင် သူတို့သည် ၂၀ ရာစုအတွင်း ရက်စက်ကြမ်းကြုတ်မှုအရှိဆုံးသော စစ်ပွဲများကို ကျောထောက်နောက်ခံပြုခြင်းအားဖြင့် စစ်မှန်သောမေတ္တာကိုတင်ပြရန် ကျမ်းစာ၏ပညတ်ကို ငြင်းဆန်ကြသည်။—ယောဟန် ၁၃:၃၅။

ဓမ္မဆရာများသည် ဘုရားသခင်၏ စာရိတ္တဆိုင်ရာစံနှုန်းများကို ကျောခိုင်း—ဥပမာ၊ ကလေးသူငယ်များအပေါ် လိင်ဖောက်ပြန်မှု ကျူးလွန်သော ဓမ္မဆရာများ၏ အမှုတသီတတန်းကြီးတွင် ထင်ရှား—ခြင်းအားဖြင့် ဘုရားကိုငြင်းပယ်ကြသည်။ ခရစ်ယာန်ဘောင်၏အခြေအနေသည် ရှေးဣသရေလနှင့် ယုဒတို့၏အဖြစ်နှင့် ဆင်တူသည်။ “တစ်ပြည်လုံးသည် လူအသက်ကိုသတ်ခြင်းအပြစ်နှင့်ပြည့်၏။ မြို့သည်လည်း ဖောက်ပြန်ခြင်းအပြစ်နှင့် ပြည့်၏။ သူတို့က ‘ထာဝရဘုရားသည် မြေကြီးကိုစွန့်ပစ်လေပြီ။ ထာဝရဘုရားမမြင်’ ဟု ဆိုကြ၏” ဟူ၍ ပရောဖက်ယေဇကျေလပြောပြသည်။ (ယေဇကျေလ ၉:၉; ဟေရှာယ ၂၉:၁၅ နှိုင်းယှဉ်။) လူများစွာတို့သည် ခရစ်ယာန်ဘောင်ချာ့ချ်များကို လုံးဝစွန့်ခွာလိုက်ကြသည်မှာ အဆန်းမဟုတ်ပါလေ! သို့သော် ဘုရားသခင်၌ယုံကြည်ခြင်းကို သူတို့စွန့်ပယ်သင့်သလော။

ဖန်ဆင်းရှင်ဘုရားမဲ့ဝါဒအတွက် ခိုင်မာသည့်အကြောင်းများလော

ဘုရားမဲ့ဝါဒီများစွာတို့သည် ဘာသာရေးအရေခြုံမှုများကို သတိပြုမိသည်ဖြစ်စေ၊ မပြုမိသည်ဖြစ်စေ ဘုရားယုံကြည်ခြင်းနှင့် ကမ္ဘာ့ဆင်းရဲဒုက္ခများကို သူတို့ မည်သို့မျှဆက်စပ်၍ မရနိုင်ကြချေ။ စီမိုန်ဒဘိုဗွားရ်က ဤသို့ပြောဖူးသည်– “ကမ္ဘာပေါ်မှာရှိတဲ့ ဆန့်ကျင်ဘက်တရားအားလုံးအတွက် တာဝန်ရှိသူ ဖန်ဆင်းရှင်တစ်ပါးကို ယုံကြည်လက်ခံရမှာထက် ဖန်ဆင်းရှင်မရှိတဲ့ လောကကို လက်ခံဖို့ ကျွန်မအတွက် ပိုပြီးလွယ်ကူတယ်။”

ကမ္ဘာပေါ်ရှိ မတရားမှုများ—အရေခြုံဘာသာရေးသမားများက သွေးထိုးမြှောက်ကော်ပေးသောကြောင့် ဖြစ်သောအမှုများအပါအဝင်—သည် ဘုရားမရှိကြောင်း သက်သေထူပါသလော။ စဉ်းစားကြည့်ပါ– ဓားတစ်လက်ကို ခြိမ်းခြောက်ရန်၊ ထိခိုက်ဒဏ်ရာရရန်၊ အပြစ်မဲ့သူကိုပင် သတ်ဖြတ်ရန် အသုံးပြုလျှင် ထိုဓားသည် ပုံစံပြုဖန်တီးသူမရှိဟု အဓိပ္ပာယ်သက်ရောက်သလော။ ယင်းအစား ထိုပစ္စည်းကို လွဲမှားစွာအသုံးပြုသည်ဟု ဖော်ပြခြင်းမဟုတ်ပေလော။ ထိုနည်းတူ များစွာသောလူ့ပူဆွေးသောကတို့က လူသားများသည် မိမိတို့၏ ဘုရားပေးအရည်အသွေးကိုသော်လည်းကောင်း၊ ကမ္ဘာမြေကြီးကိုယ်နှိုက်ကိုသော်လည်းကောင်း အလွဲသုံးစားပြုနေကြကြောင်း သက်သေထူသည်။

မည်သို့ပင်ဆိုစေ ဘုရားသခင်ကို ကျွန်ုပ်တို့မမြင်နိုင်သဖြင့် ဘုရားသခင်ကိုယုံခြင်းသည် ကျိုးကြောင်းညီညွတ်မှုမရှိဟု လူအချို့တို့က ယူမှတ်ကြသည်။ သို့သော် လေ၊ အသံလှိုင်း၊ အနံ့အသက်များကား မည်သို့နည်း။ ယင်းတို့တစ်ခုကိုမျှ ကျွန်ုပ်တို့မမြင်နိုင်သော်လည်း ယင်းတို့ရှိကြောင်း ကျွန်ုပ်တို့သိကြသည်။ ကျွန်ုပ်တို့၏အဆုတ်များ၊ နားများနှင့် နှာခေါင်းများတို့က ယင်းကိုသိရှိစေသည်။ ကျွန်ုပ်တို့သည် အထောက်အထားရရှိလျှင် မမြင်နိုင်သောအရာကို ယုံကြည်ကြသည်မှာ သေချာသည်။

သဘာဝသိပ္ပံပညာရှင် အဲဗင်ဝီလျန်နိုးဘလော့ခ်က ရူပဗေဒဆိုင်ရာအထောက်အထားများ—အီလက်ထရွန်၊ ပရိုတွန်၊ အက်တမ်၊ အမိုင်နိုအက်စစ်နှင့် ဆန်းကြယ်ရှုပ်ထွေးသည့်ဦးနှောက်တို့အပါအဝင်—ကို စေ့စေ့စဉ်းစားဆင်ခြင်ပြီးနောက် ဤသို့ပြောရန် လှုံ့ဆော်ခံရသည်– “ကျွန်တော်ဘုရားကိုယုံတယ်၊ ဘာကြောင့်လဲဆိုတော့ အရာဝတ္ထုတွေရှိနေတာကိုက ဘုရားရှိလို့ပဲဆိုတာ ကျွန်တော်အတွက်ရှင်းနေတာပဲ။” (ဆာလံ ၁၀၄:၂၄၊ နှိုင်းယှဉ်။) အလားတူ ဇီဝကမ္မဗေဒပညာရှင် မားလင်းဘွတ်ခ်ခရိုက်ဒါရ်ကလည်း ဤသို့ဖော်ပြသည်– “သာမန်လူသားတစ်ယောက်အနေနဲ့ကော သိပ္ပံပညာထဲ ကိုယ့်ကိုယ်ကိုနှစ်မြုပ်ထားသူတစ်ယောက်အနေနဲ့ပါ ဘုရားရှိတာကို လုံးဝသံသယမရှိဘူး။”

ထိုသို့သောသူများသည် တစ်ယောက်တလေမျှသာမဟုတ်ပါ။ ရူပဗေဒပါမောက္ခ ဟယ်န်ရီမာဂနိုး၏အဆိုအရ “အဆင့်အမြင့်ဆုံးသိပ္ပံပညာရှင်များကို သုံးသပ်ကြည့်လိုက်လျှင် သူတို့ထဲတွင် ဘုရားမဲ့ဝါဒီအနည်းငယ်မျှကိုသာတွေ့ရမည်။” သိပ္ပံပညာ၏ တိုးတက်မှုများကဖြစ်စေ၊ ဘာသာရေးတို့၏ ပျက်ကွက်မှုများကဖြစ်စေ ဖန်ဆင်းရှင်တစ်ပါးရှိကြောင်း ယုံကြည်ခြင်းကို စွန့်ပယ်ရန် ကျွန်ုပ်တို့အား မဖြစ်စေသင့်ချေ။ အဘယ်ကြောင့်ဆိုသည်ကို စစ်ဆေးကြည့်ကြစို့။

စစ်မှန်သောဘာသာ၏ခြားနားမှု

၁၈၀၃ ခုနှစ်က အမေရိကန်သမ္မတ တောမတ်စ်ဂျက်ဖာဆန် ဤသို့ရေးသားခဲ့သည်– “ကျွန်ုပ်သည် ခရစ်ယာန်ဘာသာ၏ ဖောက်ပြန်ယိုယွင်းမှုများကို အမှန်ပင် ကန့်ကွက်သည်; သို့သော် ယေရှုကိုယ်တော်တိုင်၏ ပညတ်ချက်အစစ်အမှန်များကို မဟုတ်ပါ။ ” မှန်ပါသည်၊ ခရစ်ယာန်ဘောင်နှင့် ခရစ်ယာန်ဘာသာစပ်ကြားတွင် ကွာခြားမှုရှိသည်။ ခရစ်ယာန်ဘောင်၏ အယူဝါဒများစွာတို့သည် လူ့ထုံးတမ်းစဉ်လာများအပေါ်တွင် အခြေပြုသည်။ ဆန့်ကျင်ဘက်အနေနှင့် စစ်မှန်သောခရစ်ယာန်ဘာသာသည် ယင်း၏ယုံကြည်ချက်များကို သမ္မာကျမ်းစာတစ်ခုတည်းပေါ်တွင်သာ အခြေပြုထားသည်။ ထို့ကြောင့် ပေါလုက ပထမရာစု ကောလောသဲမြို့သားများအား “တိကျမှန်ကန်သောအသိပညာ၊” “ဉာဏ်ပညာ” နှင့် “ဝိညာဉ်ရေးဆိုင်ရာသိနားလည်မှု” တို့ကို ဆည်းပူးသင့်ကြောင်း စာရေးလိုက်ခြင်းဖြစ်သည်။—ကောလောသဲ ၁:၉၊ ၁၀၊ ကဘ။

ခရစ်ယာန်စစ်များကို ထိုသို့ပင်ဖြစ်ရန် ကျွန်ုပ်တို့မျှော်လင့်သင့်သည်။ အကြောင်းမှာ ယေရှုက မိမိ၏နောက်တော်လိုက်များအား ဤသို့အမိန့်ပေးသည်– “လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် . . . ဗတ္တိဇံကိုပေးကြလော့။ ငါသည်သင်တို့အား ပေးသမျှသောပညတ်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေး ကြလော့။”—မဿဲ ၂၈:၁၉၊ ၂၀။

ယနေ့ကမ္ဘာတစ်ဝန်း၊ နိုင်ငံပေါင်း ၂၃၁ နိုင်ငံတွင် ယေဟောဝါသက်သေများသည် ထိုအမိန့်တော်ကို နာခံလိုက်လျှောက်နေကြသည်။ သူတို့သည် သမ္မာကျမ်းစာကို ဘာသာစကားပေါင်း ၁၂ မျိုးဖြင့် ပြန်ဆို၍ အုပ်ရေ ၇၄,၀၀၀,၀၀၀ ကျော်ပုံနှိပ်ထုတ်လုပ်ပြီးဖြစ်သည်။ ထို့အပြင် သူတို့သည် လောလောဆယ် လူ ၄,၅၀၀,၀၀၀ ကျော်တို့အား ‘ယေရှုပညတ်တော်မူသမျှကို စောင့်ရှောက်’ ရန် အိမ်တွင်းကျမ်းစာသင်အံမှုအစီအစဉ်အားဖြင့် အကူအညီပေးနေကြသည်။

ဤပညာပေးအစီအစဉ်သည် အလွန်တာသွားသည့်အကျိုးများ ဖြစ်ထွန်းသည်။ ယင်းသည် လူ့အတွေးအခေါ်များအပေါ်တွင်မဟုတ်ဘဲ ဘုရားသခင့်ဉာဏ်ပညာအပေါ် အခြေပြုထားခြင်းဖြစ်သောကြောင့် စစ်မှန်သောအသိပညာထွန်းလင်းမှုကို ရရှိစေသည်။ (သု. ၄:၁၈) ထို့အပြင် လူတို့၏ “ဆင်ခြင်ခြင်းအဓိကဝါဒ” က မည်သည့်အခါမျှ မလုပ်ပေးနိုင်သည့်အရာ—သူတို့အချင်းချင်းစပ်ကြား စစ်မှန်သည့်မေတ္တာတိုးပွားစေသည့် “ဥပဓိရုပ်သစ်” ဆင်မြန်းခြင်း—ကိုပြုနိုင်ရန် လူအမျိုးအနွယ်အားလုံးမှ လူများအား ယင်းအစီအစဉ်က အကူအညီပေးနေသည်။—ကောလောသဲ ၃:၉၊ ၁၀၊ ကဘ။

ဤ ၂၀ ရာစုတွင် စစ်မှန်သောဘာသာတရားသည် အောင်ပွဲခံလျက်ရှိသည်။ ယင်းသည် ဘုရား—ကိုယ်တော့်တည်ရှိခြင်းကို သော်လည်းကောင်း၊ ကိုယ်တော့်အခွင့်အာဏာကို သော်လည်းကောင်း— မငြင်းပယ်ချေ။ ယေဟောဝါသက်သေများ၏ ဘုရားသခင့်နိုင်ငံတော်ခန်းမသို့ လည်ပတ်ခြင်းဖြင့် ယင်းအချက်မှန်မမှန် သင်ကိုယ်တိုင်သွားရောက်စစ်ဆေးရန် ကျွန်ုပ်တို့ခေါ်ဖိတ်ပါသည်။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

ဖန်ဆင်းရှင်ဘုရားမဲ့ဝါဒ၏ဇာစ်မြစ်ကို ခိုင်ခံ့စေခြင်း

၁၈ ရာစုအလယ်လောက်က အတွေးအခေါ်ပညာရှင် ဒနီးဒီးဒရော့တ်သည် အတွဲတစ်တွဲတည်းပါသော စွယ်စုံကျမ်းတစ်ခုကို အင်္ဂလိပ်ဘာသာမှ ပြင်သစ်ဘာသာသို့ပြန်ဆိုရန် တာဝန်ပေးအပ်ခံရသည်။ သို့သော် သူ့အား အလုပ်အပ်သူများ မျှော်လင့်သည်ထက် များစွာသာ၍ သူလုပ်ဆောင်ပြီးစီးခဲ့သည်။ ဒီးဒရော့တ်သည် သူ့ခေတ်ရှိလူတို့၏ သဘောသဘာဝကို ပေါ်လွင်ထင်ဟပ်ပြသော အတွဲ ၂၈ တွဲပါ သူ၏ အန်စီကလော်ပေဒီး စွယ်စုံကျမ်းကို အနှစ်သုံးဆယ်ခန့်အချိန်ယူ၍ စုဆောင်းပြုစုခဲ့သည်။

အန်စီကလော်ပေဒီး တွင် လက်တွေ့ကျသည့်အကြောင်းအရာ မြောက်မြားစွာပါဝင်သော်လည်း ယင်းသည် လူ့ဉာဏ်ပညာကို အသားပေးထားသည်။ ကြီးကျယ်သည့်လူ့ခေတ်သမိုင်းများ အမည်ရှိစာအုပ်တွဲ၏ အဆိုအရ ယင်းသည် “လူသည် မိမိ၏လမ်းညွှန်မူဝါဒအဖြစ် ယုံကြည်ခြင်းနေရာတွင် အသိဉာဏ်ကို အစားထိုးပါက ထိုသူ၏ကြမ္မာသည် တိုးတက်မြင့်မားလာနိုင်သည်ဟူသော [အတွေးအခေါ်ပညာရှင်တို့၏] အစွန်းရောက်သည့်အယူဝါဒကို ဟောပြောဝံ့သည်။” ဘုရားအကြောင်း လုံးလုံးမပါပါလေ။ “အယ်ဒီတာများက သူတို့ရွေးချယ်ဖော်ပြသည့် အကြောင်းအရာများအားဖြင့် ဘာသာတရားသည် လူများသိရှိရန်လိုအပ်သော အရာတစ်ခုမဟုတ်ကြောင်း နားလည်သဘောပေါက်စေကြသည်” ဟု ခေတ်သစ်အမွေအနှစ် အမည်ရှိစာအုပ်က ဆိုသည်။ ချာ့ချ်များက အန်စီကလော်ပေဒီး ကို ဖျောက်ဖျက်ရန်ကြိုးစားကြသည်မှာ အံ့ဩစရာမဟုတ်ပါ။ ယင်းသည် အုပ်ချုပ်ရေး၊ အကျင့်သီလနှင့် ဘာသာတရားတို့ကို နှောင့်ယှက်ဖျက်ဆီးသည်ဟု နိုင်ငံတော်ရှေ့နေချုပ်က စွပ်စွဲရှုတ်ချသည်။

ဆန့်ကျင်သူများကြားမှပင် ဒီးဒရော့တ်၏ အန်စီကလော်ပေဒီး ကို လူပေါင်း ၄,၀၀၀ ခန့် —ယင်း၏အဆမတန်မြင့်မားသည့် ဈေးနှုန်းအရ ထိုအရေအတွက်သည် အံ့အားသင့်စရာ—မှာယူခဲ့ကြသည်။ မကြာမီ ဤဘုရားမဲ့သဘောထားသည် ဘုရားသခင်ကို လုံးလုံးငြင်းပယ်သည့်အဖြစ်သို့ ထွန်းကာလာမည်မှာ သေချာသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ