ရည်ရွယ်ချက်ပြည့်ဝသော အသက်တာလမ်းစဉ်
မဲလ်ဗား အေ. ဝီလန် ပြောပြသည်
၁၉၄၀ ပြည့်နှစ် မတ်လ၊ ကျွန်မနှစ်ခြင်းခံပြီး၍ လအနည်းငယ်အကြာတွင် ကျွန်မညီမဖီးလစ္စက ကျွန်မကို ဤသို့မေးခဲ့သည်– “မမဘာကြောင့် ရှေ့ဆောင်မလုပ်တာလဲ။” “ရှေ့ဆောင် ဟုတ်လား” “နေ့တိုင်းနီးပါး အချိန်ပြည့်ဟောပြောခြင်းကို ညီမလေးဆိုလိုတာလား” ဟု ကျွန်မမေးခဲ့သည်။
‘ငါဘယ်လိုလုပ်ပြီးရှေ့ဆောင်ဖြစ်နိုင်မှာလည်း။’ ‘ကျမ်းစာအသိပညာက နည်းတဲ့အပြင် ဘဏ်မှာစုထားတဲ့ငွေကလည်း မဖြစ်စလောက်လေး’ ဟု ကျွန်မတွေးခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဖီးလစ္စ၏မေးခွန်းက ကျွန်မအားစတင်စဉ်းစားစေခဲ့သည်။ ကျွန်မလည်း ဤအကြောင်းနှင့်ပတ်သက်ပြီး ကောင်းကောင်းဆုတောင်းခဲ့သည်။
နောက်ဆုံးတွင် ‘ကျွန်မတို့သာ ဘုရားသခင့်နိုင်ငံတော်ကို ရှေးဦးထားမယ်ဆိုရင် ဘုရားသခင်စောင့်ရှောက်မယ်ဆိုပြီး ကတိပေးထားတာကို ဘာ့ကြောင့်မယုံနိုင်ရမှာလဲ’ ဟု ကျွန်မဆင်ခြင်ခဲ့သည်။ (မဿဲ ၆:၃၃) ထို့ကြောင့် ၁၉၄၀ ပြည့်နှစ် ဇွန်လတွင် ကျွန်မ၏အထည်ချုပ်လုပ်ငန်းမှ နုတ်ထွက်ရန်အကြောင်းကြားခဲ့သည်။ ထို့နောက် ဩစတြေးလျရှိ ကင်းမျှော်စင်ဌာနခွဲရုံးသို့ စာရေးကာ ရှေ့ဆောင်တာဝန်ကိုတောင်းခံခဲ့သည်။
ကျွန်မ၏ရာသက်ပန်တာဝန်
အပတ်အနည်းငယ်ကြာပြီးနောက် ပြန်စာရရှိခဲ့ပြီး ဩစတြေးလျ၏အကြီးဆုံးမြို့ ဆစ်ဒနီ၏ဆင်ခြေဖုံးဖြစ်သောစထရက်ဖီးတွင်ရှိ ယေဟောဝါသက်သေများ၏ ဌာနချုပ်၏ခြံမြေဝင်းတွင် ကျင်းပမည့်ခရိုင်စည်းဝေးကြီး တက်ရောက်ပြီးနောက်တွင် တာဝန်ပေးအပ်ခံရမည်ဖြစ်ကြောင်း ကျွန်မကိုအသိပေးသည်။ ခရိုင်စည်းဝေးကြီးပြီးနောက်တွင် ကျွန်မ၏ခန့်အပ်ချက်ကိုရရှိရန် ရုံးခန်းသို့ကျွန်မသွားခဲ့သည်။
ခုံတွင်ထိုင်နေသည့်ပုဂ္ဂိုလ်က ဤသို့ပြောပြခဲ့သည်– “ကျွန်တော်တို့ လျှော်ဖွပ်ရေးမှာ အခုသိပ်အလုပ်ရှုပ်နေတယ်။ အပတ်အနည်းငယ်လောက်နေပြီး ကူညီပေးနိုင်မလား။” ယင်းသည် ၁၉၄၀ ပြည့်နှစ် ဩဂုတ်လတွင်ဖြစ်သည်– ယခုထိပင် လျှော်ဖွပ်ရေးတွင် ကျွန်မအလုပ်လုပ်နေတုန်းဖြစ်သည်! ဤအချိန်တွင် ဌာနချုပ်မိသားစုမှာ ၃၅ယောက်သာရှိသည်; ယခုမူ ၂၇၆ယောက်ရှိနေသည်။
သို့သော် အထူးသဖြင့် လျှော်ဖွပ်ရေးတွင်ကျွန်မလုပ်ခဲ့သည်မှာ ယခုဆိုလျှင် အနှစ် ၅၀ ကျော်ပြီဖြစ်သောကြောင့် ဤလုပ်ဆောင်ခြင်းကို “ရည်ရွယ်ချက်ပြည့်ဝသော အသက်တာလမ်းစဉ်” ဟု ကျွန်မအဘယ်ကြောင့် ယူမှတ်သည်ကို သင်တို့ အံ့သြစဉ်းစားပေမည်။ ဒီအကြောင်းကိုမရှင်းပြမီ အစောပိုင်းကျွန်မ၏လိုက်စားမှုအကြောင်း ပြောပြပါရစေ။
ဘဝလမ်းစဉ်တစ်ခုဖြစ်လာသည့် အားကစား
ကျွန်မသည် သားသမီးငါးယောက်အနက် အကြီးဆုံးအဖြစ် ၁၉၁၄ ခုနှစ် ဇန်နဝါရီတွင် မဲလ်ဘုန်းမြို့၌ လောကထဲသို့ ရောက်လာခဲ့သည်။ ကျွန်မတို့တွင် စည်းကမ်းကြီးကြီးဖြင့်နေထိုင်ပြီး လိုအပ်ပါက ဆုံးမပဲ့ပြင်တတ်သည့် မေတ္တာပါသော မိဘများရှိသည်။ ကျွန်မတို့သည် အမှုမဲ့အမှတ်မဲ့ဟု ခေါ်နိုင်မည့် ဘာသာတရား လေ့ကျင့်မှုကိုလည်း ရရှိခဲ့သည်၊ အကြောင်းမှာ ကျွန်မတို့မိဘများသည် ချာ့ချ်မသွားကြပါ။ သို့ဖြစ်သော်လည်း မိဘတို့သည် သားသမီးများဖြစ်သောကျွန်မတို့ကို အင်္ဂလီကန်အသင်း၏ ဆန်းဒေးစကူးကို တက်ရောက်ရန် တိုက်တွန်းကြသည်။
ကျွန်မကျောင်းထွက်သော ၁၉၂၈ ခုနှစ်တွင် စက်ချုပ်သမတစ်ယောက်အဖြစ်စတင် အလုပ်လုပ်ပြီး အားလပ်ချိန်အများဆုံးကို ကျွန်မ၏ရှက်ရွံ့ မှုကို ပျောက်ကောင်းပျောက်မည်ဟု ထင်မှတ်ရသည့် အားကစားတွင် အချိန်ဖြုန်းရန် ဆုံးဖြတ်ခဲ့သည်။ ကျွန်မသည် တင်းနစ်အဖွဲ့သို့ဝင်ပြီး တစ်လျှောက်လုံးကစားခဲ့သည်။ ဆောင်းရာသီတွင် ဘတ်စကက်ဘောနှင့် ဘေ့စ်ဘောလည်းကစားပြီး နွေရာသီတွင် အမျိုးသမီးခရစ်ကက်အသင်းတွင် ကစားသည်။ ခရစ်ကက်ကစားခြင်းကို ကျွန်မမြတ်နိုးလာပြီး ပြည်နယ်အားကစားပွဲများအတွက် အရည်အချင်းပြည့်မီရန် လျင်မြန်သောဘောလုံးပစ်ပြေးသူတစ်ယောက်အဖြစ် အရည်အသွေးပြည့်ဝရန် အပြင်းအထန်ကြိုးစားသည်။
အားကစားနှင့်ကွာခြားသည့် ရည်ရွယ်ချက်တစ်ခု
အသက်တာ၏အစောပိုင်းတွင် မေတ္တာရှင်ဘုရားသခင်၌ ဆိုးသောသူများကို အဆုံးမရှိညှဉ်းဆဲသည့် ငရဲဟုခေါ်သော နေရာတစ်ခုရှိကြောင်း သွန်သင်ချက်က ကျွန်မစိတ်ကို အနှောင့်အယှက်ဖြစ်လာသည်။ ယင်းသည်ကျွန်မအတွက် ယုတ္တိမရှိလှပါ။ ထို့ကြောင့် ကျမ်းစာထဲမှ “ငရဲ” အဓိပ္ပာယ်မှန်ကို မမျှော်လင့်ဘဲသိရှိလာသောအခါ ကျွန်မမည်မျှနှစ်ထောင်းအားရမည်ကို စဉ်းစားကြည့်ပါ။ ဤသို့ဖြစ်ပျက်ခဲ့သည်– ကျွန်မအောက်ငါးနှစ်ငယ်တဲ့ ညီမဖီးလစ္စလည်း အားကစားကိုနှစ်သက်ပြီး ကျွန်မတို့သည် အမျိုးသမီးခရစ်ကက်အသင်းတွင် တစ်သင်းထဲဖြစ်သည်။ ၁၉၃၆ ခုနှစ်မှာ ကစားဖော်တစ်ယောက်က ဖီးလစ္စကို ဘာသာတရားအလွန်လိုက်စားသူအဖြစ် လူသိများသော ဂျင်းမ်ဟုခေါ်သည့် လူငယ်လေးတစ်ယောက်နှင့် မိတ်ဆက်ပေးသည်။ မကြာမီတွင် ဂျင်းမ်သည် ဖီးလစ္စကို ကျမ်းစာသွန်သင်ချက်တွေအကြောင်း စပြောပြလေသည်။ ညီမလေးသည် စိတ်ဝင်စားခဲ့သည်။ “ဒါဟာတကယ်ကို ယုတ္တိရှိပြီး လျော်ကန်တယ်” ဟု ကျွန်မကိုပြောပြခဲ့သည်။
ထိုအချိန်က ဖီးလစ္စနှင့် ကျွန်မအခန်းတစ်ခုတွင် အတူတူနေခဲ့ကြပြီး ညီမလေးက ကျွန်မကို ဂျင်းမ်ပြောပြခဲ့သည့် ဘုရားသခင့်နိုင်ငံတော်အကြောင်းကို စိတ်ဝင်စားအောင် ကြိုးစားလုပ်ဆောင်ခဲ့သည်။ “လူ့အုပ်ချုပ်မှုတွေမလုပ်ပေးနိုင်တဲ့အရာတွေကို ဒီနိုင်ငံတော်က လုပ်ပေးတော့မယ်” ဟု စိတ်လှုပ်ရှားစွာပြောပြသည်။ သို့သော်ကျွန်မက ယင်းသည် ကျွန်မတို့အားရှုပ်ထွေးစေဖို့ ဘာသာနောက်တစ်ခုသာဖြစ်ပြီး အနာဂတ်နဲ့ပတ်သက်ပြီး ဘယ်သူမျှအမှန်မသိကြောင်း ပြောကာသူမကို ငြင်းခဲ့သည်။ သို့ပေမဲ့လည်း ဖီးလစ္စသည် ဇွဲမလျှော့ဘဲ ကျွန်မဖတ်ကောင်းဖတ်မည်ဟု မျှော်လင့်ချက်ဖြင့် နေရာအနှံ့တွင် စာပေများကို ထားသည်။
ဖီးလစ္စသည် ဤယုံကြည်မှုအသစ်နှင့်ပတ်သက်၍ အဘယ့်ကြောင့်ဤမျှထိ စိတ်အားထက်သန်ရသည်ကို စူးစမ်းလိုခြင်းကြောင့် တစ်နေ့တွင် ကျွန်မသည် စာအုပ်ငယ်တစ်အုပ်ကို ကောက်ယူလိုက်သည်။ ယင်းတွင်စိတ်ဝင်စားစရာ တမလွန် ဟူသောခေါင်းစဉ်ပါရှိသည်။ ကျွန်မ ‘အာရုံစူးစိုက်လိုက်ပြီး’ စာမျက်နှာများကို ဆက်တိုက်လှန်လှောကြည့်လိုက်သောအခါ “ငရဲ” စကားလုံးကို တွေ့ခဲ့သည်။ ကျွန်မအံ့အားသင့်မိသည်မှာ “ငရဲ” ဟူသောကျမ်းစာဝေါဟာရသည် လူကောင်းကောလူဆိုးပါရောက်သွားသည့် လူ့သာမန်သင်္ချိုင်းဖြစ်ကြောင်း သိရှိလာခြင်းဖြစ်သည်။ ငရဲသည် ညှဉ်းပန်းနှိပ်စက်ရာနေရာတစ်ခု မဟုတ်ကြောင်း; လူသေများသည် သတိတရားမဲ့နေပြီး ဘာမျှမသိနိုင်တော့ကြောင်းကိုလည်း ကျွန်မသိခဲ့ရသည်။—ဒေသနာ ၉:၅၊ ၁၀; ဆာလံ ၁၄၆:၃၊ ၄။
ယင်းသည် ကျွန်မအတွက် ယုတ္တိရှိသည်၊ အထူးသဖြင့် မေတ္တာရှိပြီး တန်ခိုးရှိသောဘုရားသခင်သည် ရှင်ပြန်ထမြောက်ခြင်းဟုခေါ်သည့် အံ့ဖွယ်နည်းဖြင့် လူသေများကို အသက်ပြန်ပေးရန် ကတိပေးထားကြောင်း ဤစာအုပ်ငယ်ကရှင်းပြသောအခါတွင် ဖြစ်သည်။ (ယောဟန် ၅:၂၈၊ ၂၉) ယခုကျွန်မသည် ဖီးလစ္စအား ဂျင်းမ်ပြောပြနေခဲ့သည့် ထပ်ဆင့်အကြောင်းများကိုလည်း လေ့လာသိရှိလိုသည်။ ကျွန်မကလေးဘဝက အဖေပေးခဲ့သည့် King James Version ကလေးကိုတွေ့ရှိခဲ့ပြီး စာအုပ်ငယ်ပါကျမ်းချက်များကို စူးစမ်းရှာဖွေသည်။ ယင်းက ငရဲနှင့် လူသေတို့၏အခြေအနေနှင့်ပတ်သက်ပြီး ပြောဆိုချက်များကို ခိုင်မာစေသည်။
ကျွန်မကိုအံ့သြတကြီးညှို့ယူလိုက်သော နောက်ထပ်အရာတစ်ခုမှာ ဘုရားသခင်တွင် ကိုယ်ပိုင်နာမတော်ရှိပြီး ယေဟောဝါဖြစ်ကြောင်းသိရှိလာခြင်းဖြစ်သည်။ (ဆာလံ ၈၃:၁၈) ဘုရားသခင်ပြုလေသမျှ (ဝါ) ဖြစ်ပျက်ရန်ခွင့်ပြုသော အရာတိုင်းတွင် ရည်ရွယ်ချက် (ဝါ) အကြောင်းရှိကြောင်းကိုလည်းကျွန်မမြင်နိုင်ခဲ့သည်။ ယင်းက ကျွန်မကိုယ်ကိုကျွန်မ မေးခွန်းမေးစေသည်၊ ‘ဘဝမှာ ငါ့ရဲ့ရည်ရွယ်ချက် အစစ်အမှန်က ဘာလဲ။’ ဤအခါမှစပြီး အရာရာတိုင်းကို ပစ်ပယ်မတတ် အားကစားတွင် ဤမျှလေးလေးနက်နက် ပါဝင်ခြင်းသည် ကျွန်မအတွက်အကျိုးအရှိဆုံးဖြစ် မဖြစ် စတင်စဉ်းစားလာသည်။
စိတ်ပိုင်းဖြတ်သည့်အတိုင်း အကောင်အထည်ဖော်ခြင်း
ဂျင်းမ်နှင့်ဖီးလစ္စတို့သည် ဘဝနှင့်ပတ်သက်၍ ကျွန်မ၏အမြင်ပြောင်းလဲသွားသည်ကို လုံးဝမသိခဲ့ပါ၊ သို့သော် မိတ်ဆွေတစ်ယောက်ပါတီပွဲသို့ ကျွန်မမိသားစု ဖိတ်ခေါ်ခံရသောအခါတွင် သူတို့သိရှိခဲ့ကြသည်။ ဤကဲ့သို့သော အခါသမယနေ့များတွင် ပွဲတက်ရောက်သူအားလုံး မတ်တတ်ရပ်မည်၊ သည့်နောက်တွင် အင်္ဂလန်ဘုရင်ကို ဂုဏ်ပြုသြဘာပေးမည်ဖြစ်ပြီး အားလုံးက မိမိတို့ဖန်ခွက်များကို မြှောက်လိုက်ကာ ဂုဏ်ပြုသောက်သုံးကြမည်ဖြစ်သည်။ သို့သော်လည်း ကျွန်မသည် ဂျင်းမ်နှင့်ဖီးလစ္စတို့နှင့်အတူ ဆက်ထိုင်နေရန် ဆုံးဖြတ်ခဲ့သည်။ သူတို့သည် ကျွန်မဆက်ထိုင်နေသည်ကို တွေ့သောအခါ သူတို့မျက်စိကိုယ်ပင်သူတို့ မယုံနိုင်အောင်ဖြစ်ခဲ့သည်။ ကျွန်မတို့သည် မည်သည့်မရိုမသေပြုမူခြင်း မဟုတ်သည်အမှန်၊ သို့သော် ခရစ်ယာန်များအနေနှင့် ကျွန်မတို့သည် ဤကဲ့သို့သော အမျိုးသားရေးအခမ်းအနားများတွင် ကြားနေပြီး မပါဝင်သင့်ကြောင်း မှတ်ယူထားကြသည်။—ယောဟန် ၁၇:၁၆။
မည်သို့ပင်ဆိုစေ ကျွန်မမိဘများနှင့် ကျန်ရှိသောမိသားစုတို့သည် အလွန်စိတ်ချောက်ချားသွားခဲ့သည်။ ကျွန်မတို့အား သစ္စာမရှိသူတွေ၊ သို့မဟုတ် ရူးမိုက်သူတွေ—သို့မဟုတ် နှစ်မျိုးစလုံးဖြစ်သူတွေ ဟုပြောဆိုခဲ့ကြသည်ကိုး! ထို့နောက် ဖီးလစ္စနှင့်ကျွန်မသည် အမျိုးသမီးခရစ်ကက်အသင်း၏ နှစ်ပတ်လည်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး အမျိုးသားရေးအခမ်းအနားအတွင်း ထပ်တူအဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့သည်။ ရလဒ်မှာ ကျွန်မတို့နှစ်ဦးစလုံး အသင်းမှနုတ်ထွက်ခဲ့သည်။ ဘုရားသခင့်ကောင်းကင်ဘုရင် ယေရှုခရစ်ကို ကျေးဇူးသစ္စာစောင့်ခြင်းဖြစ်ကြောင်း သိလာခဲ့ရသည့်အတွက်ကြောင့် ကျွန်မတို့ထင်သလောက် မခက်ခဲခဲ့ပါ။
ယခုဖီးလစ္စက ကျွန်မ၏ယုံကြည်ခြင်းကို ထပ်ဆင့်ကျမ်းစာအသိပညာများနှင့် တည်ဆောက်ရန် ယေဟောဝါသက်သေများ၏ အစည်းဝေးများကို မှန်မှန်တက်ရောက်ဖို့လိုကြောင်း ရှင်းပြခဲ့သည်။ ဤအချိန်၌ မဲလ်ဘုန်းမြို့တွင် အသင်းတော်တစ်ခုတည်းသာရှိသောကြောင့် တနင်္ဂနွေမွန်းလွဲပိုင်းတိုင်း ဤတွင်အစည်းဝေးစတင်တက်ခဲ့သည်။ မကြာမီ ကျွန်မသည် ယင်းကားဘုရားသခင့်မြေကြီးဆိုင်ရာ စစ်မှန်သောအဖွဲ့အစည်းဖြစ်ကြောင်း ယုံကြည်စိတ်ချလာသည်။
များမကြာမီ ကျွန်မသည် အသင်းတော်၏တစ်အိမ်မှတစ်အိမ် ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ရန်ဖိတ်ခေါ်ခံရသည်။ ကနဦးတွင် ကျွန်မတွန့်ဆုတ်နေသော်လည်း တစ်ခုသောနံနက်တွင် ယင်းကိုမည်သို့ပြုလုပ်ကြောင်း သွားကြည့်ရုံလေးကြည့်မည်ဟု စိတ်ပိုင်းဖြတ်ခဲ့သည်။ ပထမဆုံးတံခါးဝတွင် စိတ်ချလက်ချနှင့် ဟောပြောခဲ့ပြီး အိမ်ရှင်ထံမှတုံ့ပြန်မှုကောင်းရရှိခဲ့သူ အတွေ့အကြုံရှိသက်သေခံတစ်ဦးနှင့် ကျွန်မတွဲပေးခံရသောအခါ ဝမ်းမြောက်ခဲ့ပါသည်။ ကျွန်မဘာသာကျွန်မတွေးနေသည်မှာ ‘ကောင်းပြီ၊ သိပ်မခက်ပါဘူး၊ ဒါပေမဲ့ အဲဒီလောက်ကောင်းကောင်းမလုပ်နိုင်မီ အတော်လေ့ကျင့်ဖို့လိုဦးမယ်။’ ပထမတံခါးဝအပြီးမှာ ထိုသက်သေခံက ကျွန်မကို “ခုလောက်ဆို ကိုယ်ဘာသာကိုယ်သွားနိုင်ပြီပေါ့” ဟုပြောသောအခါ ကျွန်မဘယ်လောက်အံ့အားသင့်မည်ကို စဉ်းစားသာကြည်တော့။
“ကျွန်မဘာသာဟုတ်လား” ဟု တွေဝေစွာနှင့် ကျွန်မမေးခဲ့သည်။ “ရှင်အတည်ပြောတာတော့ မဟုတ်နိုင်ပါဘူးနော်! တစ်ယောက်ယောက်က မေးခွန်းမေးရင် ဘာပြောရမလဲ၊ အဖြေကို ကျွန်မမသိဘူး။” သို့သော် ကျွန်မ၏အဖော်က အခိုင်အမာပြောသည်။ ထို့ကြောင့် တကယ်ကိုတုန်လှုပ်သွားပြီး သူမက လမ်းတစ်ဖက်တွင် အခြားသူများကို ဆက်သက်သေခံနေစဉ် ကျွန်မဘာသာကျွန်မသွားခဲ့သည်။ တစ်နည်းနည်းဖြင့် ဤနံနက်ခင်းကို လွန်မြောက်ခဲ့သည်။
ဤအချိန်မှစ၍ တနင်္ဂနွေနံနက်တိုင်း ဟောပြောခြင်းလုပ်ငန်းတွင် စတင်ပါဝင်ခဲ့သည်။ တစ်ယောက်ယောက်က တံခါးဝတစ်ခုတွင် ကျွန်မမဖြေနိုင်သောမေးခွန်းမေးသောအခါ “ဒီအကြောင်းကို ကျွန်မပြန်ရှာပြီး ရှင်ဆီကို ကျွန်မပြန်လာတွေ့မယ်” ဟု ကျွန်မပြောသည်။ ဝမ်းသာစရာမှာ ယေဟောဝါသည် ကျွန်မ၏အသစ်သော ရည်ရွယ်ချက်ပြည့်ဝသည့် အသက်တာလမ်းစဉ်ကို ဆက်စခန်းသွားနိုင်ရန် စွမ်းအားနှင့် သတ္တိကိုဆက်လက်ပေးခဲ့သည်။ ကျွန်မ၏ဘဝအသက်တာကို ကိုယ်တော်ထံအပ်နှံမှုပြုပြီး ၁၉၃၉ ခုနှစ် အောက်တိုဘာတွင် မဲလ်ဘုန်းမြို့ရေကူးကန်တွင် နှစ်ခြင်းခံခဲ့သည်။ ယင်းနောက်မကြာမီတွင် ထိုအချိန်တွင်ဂျင်းမ် လက်ထပ်ခဲ့သည့် ဖီးလစ္စက ကျွန်မ ဘာကြောင့်ရှေ့ဆောင် စမလုပ်သေးတာလဲဟု မေးခဲ့သည်။
ဗေသလတွင် အမှုထမ်းခြင်း
၁၉၄၁ ခုနှစ် ဇန်နဝါရီလ၊ ကျွန်မတို့က ဌာနခွဲရုံးဟုခေါ်သော ဗေသလတွင် အလုပ်စတင်လုပ်၍ သိပ်မကြာမီတွင် ဩစတြေးလျရှိ ယေဟောဝါသက်သေများ၏ လုပ်ငန်းအပေါ် ပိတ်ပင်မှုကျရောက်လာသည်။ ထိုနောက်တွင် စစ်တပ်က စထရက်ဖီးတွင်ရှိ ကျွန်မတို့၏ဗေသလအိမ်ကို သိမ်းပိုက်ခဲ့ပြီး ကျွန်မကို မြို့အပြင်ဘက်မိုင် ၃၀ ခန့်ရှိသောအင်းဂဲဘန်းရှိ အသင်းမခြံသို့ ပို့ခဲ့သည်။ ၁၉၄၃ ခုနှစ် ဇွန်လတွင် တရားရုံးများက ကင်းမျှော်စင်အသင်းအပေါ် စွဲချက်များကို ကင်းလွတ်စေခဲ့ပြီး ပိတ်ပင်မှုကို ရုပ်သိမ်းခဲ့သည်။ ဤနှစ်အဆုံးပိုင်းတွင် စထရက်ဖီးဗေသလသို့ ကျွန်မတို့ထဲမှ ၂၅ဦးကို ပြန်ခေါ်ခဲ့သည်။ ဤတွင် လျှော်ဖွပ်ခြင်းအပြင် အိမ်ရှိ အခြားတာဝန်များကိုပါ ဆက်၍လုပ်ကိုင်နေခဲ့သည်။
နောက်ဆယ်စုနှစ်သည် အကုန်မြန်သည်ဟု ထင်ပါသည်။ ထို့နောက် ၁၉၅၆ ခုနှစ်တွင် ဗေသလလုပ်ဖော်ဆောင်ဖက်ချင်းဖြစ်သော တက်ဒ်ဝီလန်ကို ကျွန်မလက်ထပ်ခဲ့သည်။ တက်ဒ်သည် အလွန်အေးပြီး စိတ်ရှည်သောသူဖြစ်သည်၊ ဗေသလတွင် ဇနီးမောင်နှံအဖြင့်အတူတကွဆက်အမှုဆောင်ဖို့ အတည်ပြုချက်ရရှိခဲ့သောအခါ ကျွန်မတို့နှစ်ထောင်းအားရဖြစ်ခဲ့ကြသည်။ ကျွန်မတို့နှစ်ယောက်စလုံး ကျွန်မတို့၏ရည်ရွယ်ချက်ပြည့်ဝသော အသက်တာလမ်းစဉ်ကို တန်ဖိုးထားခဲ့ကြပြီး ဩစတြေးလျဌာနခွဲတွင် အမှုထမ်းခွင့်အတွက် ပျော်ရွှင်ဝမ်းမြောက်ခဲ့ကြသည်။ အမှန်မှာ ဗေသလလုပ်ငန်းအပြင် ကျွန်မတို့သည် တခြားသူများကို ခရစ်တော်တပည့်ဖြစ်လာစေဖို့အတွက် ကူညီရန် အတူတကွလုပ်ဆောင်ရသော ရွှင်လန်းမှုကို ခံစားခဲ့ကြရသည်။ နမူနာတစ်ခုအနေနှင့် သင်သည် ၁၉၉၃ ခုနှစ် အောက်တိုဘာ ၂၂ ရက်ထုတ် နိုးလော့ (လိပ်) တွင် ဝိခ်စ်မိသားစုအကြောင်း ဖတ်နိုင်သည်။
ဗေသလ၌ ကျွန်မ၏ပထမအနှစ် ၃၀တွင် ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းတဖြည်းဖြည်းတိုးတက်မှုကြောင့် ကျွန်မတို့ကိုကူညီရန် နောက်ထပ် ၁၀ဦး သို့မဟုတ် ၁၂ဦးသာရှိရန်လိုအပ်သည်။ သို့သော် ဤတွင်ကင်းမျှော်စင်နှင့် နိုးလော့! မဂ္ဂဇင်းများကို ကျွန်မတို့စတင်ပုံနှိပ်သော ၁၉၇၀ပြည့်လွန်နှစ်များတွင် အခြေအနေမှာ လျင်မြန်စွာပြောင်းလဲသွားသည်။ ၁၉၇၂ခုနှစ် ဇန်နဝါရီလတွင် ပုံနှိပ်တိုက်အသစ်ကို စတင်ဆောက်လုပ်ခဲ့သည်။ မကြာမီ ဂျပန်နိုင်ငံမှ တန်၄၀ ပုံနှိပ်စက်ရောက်လာပြီး ၁၉၇၃ခုနှစ်အတွင်း တစ်လလျှင်မဂ္ဂဇင်း ၇၀၀,၀၀၀ နီးပါးမျှပုံနှိပ်ခဲ့ကြသည်။ ကျွန်မတို့ဗေသလမိသားစုသည် ယခုမှအမှန်တကယ် စ၍တိုးပွားလာသည်။
၁၉၇၀ပြည့်လွန်နှစ်များသည်လည်း ကျွန်မအတွက် ကိုယ်ရေးကိုယ်တာဝမ်းနည်းချိန်ဖြစ်ခဲ့သည်။ ဦးဆုံးအနေနှင့် ကျွန်မ၏ချစ်မြတ်နိုးရသောခင်ပွန်း တက်ဒ်သည် အသက် ၈၀အရွယ် ၁၉၇၅ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ထို့နောက် တစ်နှစ်မျှမကြာခင်တွင် အသက်ရွယ်ကြီးရင့်ပြီဖြစ်သော ဖခင်လည်းသေခြင်းတွင် အိပ်စက်ခဲ့သည်။ ကျွန်မသည် ယေဟောဝါ၊ ကိုယ်တော့်နှုတ်ကပါဌ်တော် ကျမ်းစာနှင့် ကျွန်မ၏ဝိညာဏ ညီအစ်ကိုညီအစ်မများထံမှ သက်သာမှုများစွာရရှိခဲ့သည်။ ကျွန်မအသက်တာ၏ ဤဝမ်းနည်းစရာအချိန်အတွင်း ဗေသလ၌ ရည်ရွယ်ချက်ပြည့်ဝသောလုပ်ဆောင်မှုတွင် အလုပ်များနေခြင်းကလည်း ကြီးမားသောထောက်ကူမှုဖြစ်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ တွေ့ကြုံနေရသောဘဝ၏ဓမ္မတာဖြစ်ပြီး ယခုတော့ မုဆိုးမတစ်ယောက်အနေနှင့် ကျွန်မသည် ကျေနပ်မှုနှင့်ကောင်းချီးများကို စ၍ပြန်လည်ရရှိခံစားရသည်။ ၁၉၇၈ခုနှစ်တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် ခရိုင်စည်းဝေးကြီးကို တက်ရောက်ခဲ့ပြီး ယင်းနောက်တွင် ဘရွတ်ကလင်၊ နယူးယောက်ရှိ ကင်းမျှော်စင်အသင်း၏ ကမ္ဘာ့ဌာနချုပ်သို့ လည်ပတ်ခဲ့သည်။ ဘရွတ်ကလင် ဗေသလတွင် ရာနှင့်ချီသောညီအစ်ကိုများ ပျော်ရွှင်စွာလုပ်ဆောင်နေကြသည်ကို တွေ့မြင်ရခြင်းက ယနေ့ထိ ကျွန်မကိုစိတ်လှုံ့ဆော်မှုဖြစ်စေသည်။
၁၉၇၀ပြည့်လွန်နှစ်များ အဆုံးပိုင်းသို့ရောက်လာသည်နှင့်အမျှ ဩစတြေးလျဗေသလဖွဲ့စည်းမှုအတွက် ထပ်ဆင့်တိုးချဲ့မှုများကို စီစဉ်နေကြောင်း ကျွန်မသိရှိခဲ့သည်။ သို့သော် ဤတိုးချဲ့မှုသည် ကျွန်မတို့အများဆုံးအသုံးပြုသော မြေနေရာဖြစ်သည့် စထရက်ဖီးတွင် မဖြစ်ခဲ့ပါ။ ယင်းအစား သာ၍ကြီးမားသော ဖွဲ့စည်းမှုအသစ်ကို ၁၉၄၀ပြည့်လွန်နှစ်များ အစောပိုင်းပိတ်ပင်ထားချိန်အတွင်း ကျွန်မသွားရောက်အမှုဆောင်ခဲ့သည့် အင်းဂဲဘန်းရှိ ကျွန်မတို့ပိုင်မြေပေါ်တွင် ဆောက်လုပ်ခြင်းဖြစ်သည်။
ဆက်လက်၍ရည်ရွယ်ချက်ပြည့်ဝသည့်အသက်တာလမ်းစဉ်
၁၉၈၂ခုနှစ် ဇန်နဝါရီလတွင် ကျွန်မတို့သည် အဆောက်အအုံသစ်သို့ပြောင်းရွှေ့သောအခါ အလွန်စိတ်လှုပ်ရှားမှုကြီးပါတကား! တရင်းတနှီးရှိသော အသိုင်းအဝိုင်းကို စွန့်ခွာချိန်၌ အစပိုင်းတွင်အနည်းငယ် ဝမ်းနည်းခဲ့သည်မှန်သော်လည်း မကြာမီအိမ်သစ်၏ ၇၃ခုသော နှစ်သက်ပျော်မွေ့ဖွယ်အိပ်ခန်းများကြောင့် ကျွန်မတို့ရင်ဖိုလှိုက်မောခဲ့ရသည်။ ယခုတွင် အုတ်နံရံများနှင့် မြို့ဆင်ခြေဖုံးလမ်းများကို ရှုမျှော်ရမည့်အစား ကျွန်မတို့သည် ကြည်နူးဖွယ်အကောင်းဆုံး ရှုခင်းများဖြစ်သည့် စိမ်းလန်းသောကွင်းပြင်နှင့် သစ်ပင်များ၊ နွားစားကျက်များ၊ ကျက်သရေရှိသောနေဝန်းပြူချိန်နှင့် နေဝင်ဆည်းဆာတို့ကို တွေ့ကြရသည်။
၁၉၈၃ခုနှစ် မတ်လ ၁၉ရက်၌ ဖွဲ့စည်းတည်ဆောက်မှုအသစ်၏ နှစ်ထောင်းအားရဖွယ်ကောင်းသော အပ်နှံမှုကို လှပသောဟေမန်ဦးနေခြည်တွင် ကျင်းပခဲ့သည်။ ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့မှ လွိုက်ဘယ်ရီက စိတ်လှုပ်ရှားဖွယ်ကောင်းသော အပ်နှံခြင်းဟောပြောချက် ပေးခဲ့သည်။ ကျွန်မတို့အားလုံး အလွန်ငယ်ရွယ်စဉ် စထရက်ဖီးဗေသလ၌ သူတို့နှင့်အတူအမှုဆောင်ခဲ့သောကြောင့် ဤအပ်နှံခြင်းအစီအစဉ်တွင် သူနှင့် သူ့ဇနီးရှိနေခြင်းကို ကျွန်မကိုယ်တိုင်အနေနှင့်လေးမြတ်ခဲ့သည်။
ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်း လုပ်ဆောင်မှုဆက်တိုးပွားနေခြင်းကြောင့် ဤအင်းဂဲဘန်းတွင်ရှိ ကျွန်မတို့၏အဆောက်အအုံများကို ထပ်မံတိုးချဲ့ရန်လိုအပ်နေပါသည်။ ၁၉၈၇ခုနှစ်တွင် ရုံးခန်းကိုချဲ့ခဲ့သည်။ သည့်နောက်တွင် ၁၉၈၉ခုနှစ် နိုဝင်ဘာ ၂၅ရက်၌ နောက်ထပ် ငါးထပ်လူနေအဆောက်အအုံသစ်နှင့် သုံးထပ်စက်ရုံအသစ်ကို အပ်နှံခဲ့သည်။ ဩစတြေးလျတွင် ကျွန်မစ၍အမှုဆောင်စဉ်က ၄,၀၀၀အောက်နည်းသည့် ဓမ္မအမှုဆောင်အရေအတွက်မှ ၅၉,၀၀၀ခန့်ထိရှိလာ၍ အလွန်တိုးတက်ကြီးပွားခဲ့လေပြီ!
မကြာသေးမီက ဩစတြေးလျဌာနခွဲကို ဂျပန်၊ ဂျာမနီတို့နှင့်အတူ အသင်းမ၏ဒေသဆိုင်ရာ အင်ဂျင်နီယာရုံးသုံးခုအဝင် တစ်ခုဖြစ်စေခဲ့သည်။ ယင်းက ဗေသလဖွဲ့စည်းမှုကို ထပ်၍ပင်တိုးချဲ့စရာလိုအပ်စေခဲ့သည်။ အခြားသုံးထပ်ရုံးအဆောက်အအုံသည် ယခုပြီးစီးနေပြီး ဆက်တိုက်တိုးပွားလာသော မိသားစုကို နေရာပေးရန် အခန်း၈၀ ပိုမိုပါဝင်မည့် ငါးထပ်လူနေအဆောက်အအုံသည် ပြီးစီးခါနီးရှိနေပါသည်။
လျှော်ဖွပ်ရေးတွင် ကျွန်မတို့၌ လုပ်ငန်းဝန်များကို ကိုင်တွယ်ရန် ကြီးမားသောလူအုပ်စုရှိနေသည်။ သို့သော် ကျွန်မသည် ဤဌာနတွင် နှစ်ပတ်ခန့်ကူညီရန် ဖိတ်ခေါ်ခံခဲ့ရချိန်ဖြစ်သည့် ၁၉၄၀ပြည့်နှစ် ဩဂုတ်လ၏ထိုတစ်နေ့ကို မကြာခဏပြန်သတိရနေသည်။ ဤနှစ်ပတ်ကို နှစ်၅၀ ကျော်အထိ ကြာရှည်စေခဲ့သည့်အတွက်လည်းကောင်း၊ ယေဟောဝါဘုရားသခင်သည် ဤကဲ့သို့သောရည်ရွယ်ချက်ပြည့်ဝသော အသက်တာလမ်းစဉ်သို့ ကျွန်မ၏ခြေလှမ်းများကို လမ်းညွှန်ထိန်းကျောင်းပေးခဲ့သည့်အတွက်လည်းကောင်း အလွန်ကျေးဇူးတင်မိပါသည်။
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ကျွန်မအသက် ၂၅နှစ်အရွယ်
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
၁၉၅၆ခုနှစ်တွင် ကျွန်မတို့မင်္ဂလာဆောင်သည့်နေ့
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
၁၉၃၈ခုတွင် ကျွန်မညီမနှင့် ကျွန်မသည် အားကစားတွင် အတော်ပင်ပါဝင်ခဲ့သော်လည်း ယခုကျွန်မအသက်တာသည် ပိုမို၍သာလွန်အကျိုးဖြစ်ထွန်းနေ