အတူအမျှပါဝင်ရန် အဖိုးအနဂ္ဃထိုက်သော ဘဏ္ဍာ
ဂလိုရီးယား မလက်စ်ပီးနာ ပြောပြသည်
စစ္စလီကမ်းရိုးတန်း မြင်ကွင်းမှပျောက်ကွယ်သွားသောအခါ ခင်ပွန်းဖြစ်သူနှင့် ကျွန်မတို့ဦးတည်သွားနေသော မြေထဲပင်လယ်ရှိ မော်လ်တာကျွန်းကို စတင်အာရုံစိုက်ကြသည်။ ဘဝင်လှိုက်မောဖွယ်ကြီးပါတကား! သင်္ဘောသည် ပင်လယ်ပြင်ကို ဖြတ်ကျော်နေစဉ် ကျွန်မတို့သည် ပထမရာစုအတွင်းက မော်လ်တာကျွန်းတွင် တမန်တော်ပေါလု၏ အတွေ့အကြုံကို မြင်ယောင်မိသည်။—တမန်တော် ၂၈:၁-၁၀။
ဤနှစ်ကား ၁၉၅၃ ခုနှစ်ဖြစ်ပြီး မော်လ်တာကျွန်းတွင် ယေဟောဝါသက်သေများ၏ ဟောပြောခြင်းလုပ်ငန်းကို အသိအမှတ်မပြုကြသေးပါ။ ဤနှစ်မတိုင်မီ ကျွန်မတို့သည် ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်းမှ ဘွဲ့ရခဲ့ကြပြီး အီတလီသို့ တာဝန်အပ်နှင်းခြင်းခံရသည်။ အီတာလျန်ဘာသာစကားကို တစ်ခဏမျှလေ့လာပြီးနောက်ပိုင်း မော်လ်တာကျွန်းတွင် ကျွန်မတို့အား စောင့်ဆိုင်းနေသည့်အရာကို ကျွန်မတို့ အလွန်တွေ့မြင်လိုခဲ့သည်။
မိန်းမငယ်တစ်ယောက်ဖြစ်သောကျွန်မသည် နိုင်ငံခြားသာသနာပြုတစ်ယောက် မည်သို့ဖြစ်လာသနည်း။ ကျွန်မကို ရှင်းပြခွင့်ပြုပါ။
လှုံ့ဆော်မှုရှိသော အမေ၏ပုံသက်သေ
၁၉၂၆ ခုနှစ်၌ ကျွန်မတို့မိသားစု ကနေဒါနိုင်ငံ အွန်တဲရီးယိုပြည်နယ်၊ ဖော့တ်ဖရန်းစစ္စမြို့တွင်နေစဉ် အမေသည် ကျမ်းစာကျောင်းသားများ (နောက်ပိုင်းတွင် ယေဟောဝါသက်သေများအဖြစ် လူသိများလာ) ထံမှ ယခုအသက်ရှင်သူသန်းပေါင်းများစွာ ဘယ်တော့မျှမသေရ စာအုပ်ငယ်ကို လက်ခံရရှိခဲ့သည်။ သူမသည် ဤစာအုပ်ကို စိတ်ဝင်တစားဖတ်ပြီး ထိုအပတ်တွင် ကင်းမျှော်စင် မဂ္ဂဇင်းကို အသုံးပြုသည့် အုပ်စုလိုက်ကျမ်းစာလေ့လာမှုအစီအစဉ်ကို တက်ရောက်ခဲ့သည်။ အမေသည် ကျမ်းစာကို မက်မက်မောမောဖတ်ပြီး ရှာဖွေနေခဲ့သည့် ဘဏ္ဍာတစ်ခုအဖြစ် ဘုရားသခင့်နိုင်ငံတော်သတင်းတရားကို လက်ခံခဲ့သည်။ (မဿဲ ၆:၃၃; ၁၃:၄၄) အဖေ၏ပြင်းထန်သော ဆန့်ကျင်မှုကြားမှ လုံမငယ်လေး သုံးယောက်ကို ပြုစုစောင့်ရှောက်ခဲ့ရသော်လည်း သူမသင်ယူခဲ့သည့်အရာတွင် ရပ်တည်ခဲ့သည်။
အနှစ် ၂၀ အတွင်း အမေ၏ မယိမ်းယိုင်သော ယုံကြည်ချက်က ကျွန်မနှင့် ကျွန်မအမနှစ်ယောက်ဖြစ်သော သဲလ်မာနှင့် ဗိုင်အိုလာတို့ကို ဖြောင့်မတ်ခြင်းတည်ရာ ကမ္ဘာသစ်တွင် ဝမ်းမြောက်ဖွယ် ထာဝရအသက်မျှော်လင့်ချက်အကြောင်း သိရှိစေခဲ့သည်။ (၂ ပေတရု ၃:၁၃) သူမသည် ခက်ခဲသောစုံစမ်းမှုများကို ရင်ဆိုင်ခဲ့ရသော်လည်း ကျွန်မတို့သည် အမေရွေးချယ်ခဲ့သည့် လမ်းစဉ်၏မှန်ကန်မှုနှင့်ပတ်သက်၍ ဘယ်တော့မျှသံသယမဖြစ်ခဲ့ပါ။
ကျွန်မအသက် ဆယ်နှစ်သာရှိသေးသော ၁၉၃၁ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ မင်နက်စိုတာမြောက်ပိုင်းရှိ ယာတောတစ်ခုသို့ ကျွန်မတို့ပြောင်းရွှေ့ခဲ့သည်။ ဤတွင် ကျွန်မတို့သည် ယေဟောဝါသက်သေများနှင့် ပုံမှန်ပေါင်းသင်းမှု ပြတ်တောက်သွားသော်လည်း အမေ့ထံမှ ကျမ်းစာသွန်သင်ချက်များ ပြတ်တောက်မသွားခဲ့ပါ။ ကောလ်ပေါ်တီရာ သို့မဟုတ် အချိန်ပြည့်ဓမ္မအမှုဆောင်တစ်ဦးအဖြစ် သူမ၏ဆက်ကပ်ထားသော လုပ်ငန်းက ကျွန်မကို ဤလုပ်ငန်းတွင် သူမနှင့်အတူပါဝင်ချင်စိတ်ရှိရန် လှုံ့ဆော်ပေးခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ကျွန်မတို့ညီအစ်မသုံးယောက်သည် ယေဟောဝါထံ ဆက်ကပ်အပ်နှံခြင်းအထိမ်းအမှတ်အဖြစ် မင်နက်စိုတာ၊ ဒဲလုသ်မြို့တွင် ကျင်းပသော အစည်းအဝေးတွင် နှစ်ခြင်းခံခဲ့သည်။
၁၉၃၈ ခုနှစ်တွင် ကျွန်မအထက်တန်းအောင်ပြီးနောက် အမေက စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ကိုင်ရန် အားပေးသည်။ ထို့သို့လုပ်ခြင်းအားဖြင့် (ကောလ်ပေါ်တီရာအတွက် နာမည်သစ်ဖြစ်သော) ရှေ့ဆောင်တစ်ယောက်အနေနှင့် ကိုယ့်ကိုကိုယ်ထောက်ပံ့နိုင်မည်ဖြစ်သည်။ ယင်းသည် အကြံကောင်းဖြစ်သည်၊ အထူးသဖြင့် အဖေက ကျွန်မတို့ကို ထားခဲ့ပြီး ကျွန်မတို့ကိုယ့်ခြေပေါ်ကိုယ် ရပ်တည်ရန် ဆုံးဖြတ်ကတည်းကဖြစ်သည်။
ကျွန်ုပ်တို့၏ဘဏ္ဍာကို အချိန်ပြည့်ဝေမျှခြင်း
နောက်ဆုံး ၁၉၄၇ ခုနှစ်တွင် ကာလီဖိုးနီးယားသို့ ကျွန်မပြောင်းရွှေ့ခဲ့ပြီး ဆန်ဖရန်စစ္စကိုတွင် ရှေ့ဆောင်လုပ်ငန်းကို စတင်ခဲ့သည်။ လော့စ်အိန်ဂျလိစ်တွင် “လူမျိုးတကာတိုးချဲ့ခြင်း” စည်းဝေးအတွက် ကြိုတင်ပြင်ဆင်နေစဉ် ဖရန့်စစ္စမယ်လက်စပင်နာနှင့် ကျွန်မဆုံစည်းခဲ့သည်။ သာသနာပြုလုပ်ငန်းနှင့်ပတ်သက်၍ ကျွန်မတို့၏ တူညီသောပန်းတိုင်က မေတ္တာနှောင်ကြိုး စတင်ပတ်ရစ်စေသည်။ ၁၉၄၉ ခုနှစ်တွင် ကျွန်မတို့ လက်ထပ်ခဲ့ကြသည်။
၁၉၅၁ ခုနှစ် စက်တင်ဘာလတွင် ဖရန့်စစ္စနှင့် ကျွန်မတို့သည် ၁၈ ကြိမ်မြောက် ဂိလဒ်သင်တန်းသို့ ဖိတ်ခေါ်ခံရသည်။ ငါးလကြာအပြင်းအထန် သင်တန်းပို့ချပြီးနောက် ကျောင်းဆင်းသည့် ၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ကျောင်းဥက္ကဋ္ဌဖြစ်သော နေသန် အိပ်ချ်၊ နောရ်က ကျွန်မတို့အပို့ခံရမည့်နိုင်ငံများကို အက္ခရာစဉ်အလိုက်ခေါ်သည်။ “အီတလီ၊ ညီအစ်ကိုနှင့် ညီအစ်မ မယ်လက်စပင်နာ၊” ကျွန်မတို့ စိတ်ကူးယဉ် ခရီးဆန့်ခဲ့ကြသည်!
အပတ်အနည်းငယ်ကြာပြီးနောက်တွင် ကျွန်မတို့သည် နယူးယောက်မြို့မှ အီတလီနိုင်ငံ၊ ဂျီနိုအာမြို့သို့ ဆယ်ရက်ရေကြောင်းခရီးကို သင်္ဘောဖြင့်စီးနင်းလိုက်ပါသွားကြသည်။ ဘရွတ်ကလင် ဌာနချုပ်အဖွဲ့ဝင် ဂျိုဗန်းနီး ဒေချီကားနှင့် မက်ခ်စ်လာစန်တို့က ကျွန်မတို့ကို သင်္ဘောဆိပ်သို့လိုက်ပို့ကြသည်။ ဂျီနိုအာတွင် ခက်ခဲရှုပ်ထွေးသည့် ပြည်ဝင်ခွင့်နှင့်ပတ်သက်၍ သိနားလည်သော သာသနာပြုများက ကျွန်မတို့ကို လာရောက်ကြိုဆိုကြသည်။
ကျွန်မတို့ပတ်ပတ်လည်ရှိ အရာရာတိုင်းသည် စိတ်လှုပ်ရှားစရာများဖြစ်ပြီး ဘလိုညာသို့ ရထားဖြင့်စီးနင်းလိုက်ပါသွားကြသည်။ ကျွန်မတို့၏ခရီးရောက်မဆိုက် မြင်ကွင်းမှာ ဒုတိယကမ္ဘာစစ်၏ ဗုံးဒဏ်ကြောင့် အကျည်းတန်နေဆဲဖြစ်သည့် မြို့တစ်မြို့ဖြစ်သည်။ သို့သော် နံနက်လေတွင်ပျံ့လွင့်နေသော သွားရည်ယိုလောက်သည့် ကော်ဖီလှော်သည့်မွှေးရနံ့၊ ဂျုံနှင့်လုပ်သော အစားအစာမျိုးစုံအတွက် ပြင်ဆင်ထားသည့် အကောင်းစားဆော့စ်များ၍ မွှေးကြိုင်သည့်ရနံ့များကဲ့သို့သော နှစ်လို့ဖွယ်ရာများလည်းရှိပါသည်။
ပန်းတိုင်ကို ပြီးမြောက်အောင်ဆောင်ရွက်ခြင်း
ကျွန်မတို့သည် ဓမ္မအမှုကို အလွတ်ကျက်ထားသည့်ဟောပြောတင်ဆက်မှုနှင့်စတင်ခဲ့ပြီး သတင်းတရားကို လက်မခံမချင်း သို့မဟုတ် တံခါးမပိတ်မချင်း ဆက်ဟောသည်။ ကျွန်မတို့၏သဘောထားကို ဖော်ပြလိုသောဆန္ဒက ဘာသာစကားကို လုံ့လစိုက်ထုတ် သင်ယူရန် လှုံ့ဆော်ပေးသည်။ လေးလကြာပြီးနောက် ကျွန်မတို့သည် နေပယ်လ်စ်မြို့ရှိ သာသနာပြုအိမ်သစ်သို့ ခန့်အပ်ခံရသည်။
ဤမြို့ကြီးသည် ယင်း၏အံ့မခန်းဖွယ် မြင်ကွင်းကြောင့် ထင်ရှားသည်။ ဤနေရာတွင် ကျွန်မတို့၏လုပ်ငန်းကို မွေ့ပျော်ကြသော်လည်း နောက်လေးလကြာသောအခါ ကျွန်မ၏ခင်ပွန်းသည် ရောမမှ စစ္စလီကျွန်းထိရှိ အသင်းတော်များသို့ လည်ပတ်ရသည့် တိုက်နယ် သို့မဟုတ် နယ်လှည့်လုပ်ငန်းလုပ်ရန် ခန့်အပ်ခံခဲ့ရသည်။ မကြာမီ မော်လ်တာနှင့် မြောက်ပိုင်းအာဖရိကရှိ လစ်ဗျားနိုင်ငံသို့လည်း လည်ပတ်ခဲ့ကြသည်။
ထိုနှစ်များအတွင်း နေပယ်လ်မှ စစ္စလီသို့ ရထားခရီးစဉ်သည် ကာယရေးခံနိုင်ရည်နှင့်ပတ်သက်၍ စမ်းသပ်မှုတစ်ခုဖြစ်သည်။ ကျွန်မတို့သည် လူများကျပ်သိပ်နေသော ရထားစီးရပြီး တစ်ခါတစ်ရံ လူကျပ်သောမင်းလမ်းတွင် ခြောက်နာရီမှ ရှစ်နာရီကြာမျှ မတ်တတ်ရပ်၍လိုက်ရသည်။ သို့သော် ယင်းက ကျွန်မတို့ပတ်ပတ်လည်ရှိသူများကို အကဲခတ်ရန် အခွင့်ကောင်းကို ဖြစ်စေသည်။ အကြိမ်ကြိမ်ပင် မိမိ၏အိမ်လုပ်ဝိုင်ပုလင်းကြီးကို ပိုင်ရှင်သည်ထိုင်ခုံအဖြစ် အသုံးပြုသည်။ ထိုသူသည် ခရီးရှည်အတွင်း ရေငတ်ပြေစေရန် အခါအားလျော်စွာ ဝိုင်သောက်လေ့ရှိသည်။ ဖော်ရွေမှုရှိသော ခရီးသွားများက သူတို့၏ ပေါင်မုန့်နှင့် ဝက်အူချောင်းများကို ကျွန်မတို့အား ဝေမျှပေးလေ့ရှိပြီး သူတို့၏ ဖော်ရွေပျူငှာသော၊ လှိုက်လှဲသောအမူအရာတို့မှာ အထူးလေးမြတ်စရာပင်ဖြစ်သည်။
စစ္စလီတွင် သုံးနာရီခွဲကြာ မနားတမ်းတက်ရသော တောင်ထိပ်ပေါ်ရှိ အသင်းတော်သို့ ကျွန်မတို့၏ အဝတ်အစားသေတ္တာများကို သယ်ဆောင်ပေးမည့် မိတ်ဆွေများက ကျွန်မတို့ကို လာကြိုလေ့ရှိသည်။ ကျွန်မတို့ညီအစ်ကိုများ၏ လှိုက်လှဲသောကြိုဆိုမှုက ပင်ပန်းနွမ်းနယ်မှုကို မေ့ပျောက်သွားစေသည်။ တစ်ခါတစ်ရံ ကျွန်မတို့သည် ခြေခိုင်သောမြည်းများကို စီးကြသော်လည်း မတော်တဆမြည်းခြေချော်လျှင် ကျွန်မတို့ကျသွားလိမ့်မည့် အောက်အနက်ကို ဘယ်တော့မျှမကြည့်ကြပါ။ အခက်အခဲများကြား ကျမ်းစာသမ္မာတရားအတွက် ကျွန်မတို့ညီအစ်ကိုများ၏ ခိုင်မာသောရပ်တည်မှုက ကျွန်မတို့ကို အားရှိစေပြီး ကျွန်မတို့အားပြသခဲ့သော မေတ္တာကြောင့် သူတို့ကို ကျေးဇူးတင်မိပါသည်။
မော်လ်တာနှင့် လစ်ဗျား
စစ္စလီတွင်ရှိ ညီအစ်ကိုများကို အမှတ်ရစွာဖြင့် ကျွန်မတို့သည် မော်လ်တာသို့ ပင်လယ်ခရီးဆက်ခဲ့ရသည်။ ထိုတွင် တမန်တော်ပေါလုသည် ကြင်နာမှုရှိသော သူများကို တွေ့ရှိခဲ့ပြီး၊ ကျွန်မတို့လည်းတွေ့ရှိခဲ့သည်။ စိန့်ပေါလ် ပင်လယ်အော်တွင် တွေ့ရသည့်မုန်တိုင်းက ပထမရာစုတွင် သင်္ဘောငယ်ကလေးများ ရင်ဆိုင်ခဲ့ရသည့် အန္တရာယ်ကို ကျွန်မတို့အားသိမြင်လာစေသည်။ (တမန်တော် ၂၇:၃၉–၂၈:၁၀) သို့တိုင် ကျွန်မတို့သွားရမည့်နောက်တစ်နေရာမှာ လစ်ဗျားဖြစ်သည်။ ကျွန်မတို့၏ လုပ်ငန်းကိုပိတ်ပင်ထားသော ဤအာဖရိက နိုင်ငံတွင် ကျွန်မတို့မည်သို့ စခန်းသွားကြမည်နည်း။
ကျွန်မတို့သည် လုံးဝကွဲပြားခြားနားသော ယဉ်ကျေးမှုကို တစ်ဖန်ထပ်ကြုံရပြန်သည်။ မြို့ဧရိယာအတွင်းရှိ အဓိကလမ်းမကြီးများတစ်လျှောက် ကျွန်မတို့လမ်းလျှောက်သွားနေစဉ် ထရီပိုလီမြို့၏ မြင်ကွင်းများနှင့် အသံဗလံများက ကျွန်မ၏စိတ်အာရုံကို ဖမ်းစားခဲ့သည်။ ယောက်ျားများသည် နေ့တွင် ချစ်ချစ်တောက်ပူသော ဆာဟာရသဲကန္တာရ၏ အပူဒဏ်ကို ကာကွယ်ရန်နှင့် ညတွင် အအေးဒဏ်မှကာကွယ်ရန် ကုလားအုတ်အမွေးဖြင့် ရက်ထားသော အဝတ်အထည်များကို အသုံးပြုကြသည်။ လူများသည် သူတို့နေထိုင်သည့်အရပ်၏ ရာသီဥတုနှင့်အလိုက်အထိုက် နေတတ်ပုံကို ကျွန်မတို့နားလည်ပြီး လေးစားရန် သင်ယူခဲ့ကြရသည်။
ယေဟောဝါအပေါ် ပိုမိုလေးနက်စွာမှီခိုရန်နှင့် ဤကဲ့သို့သောအခြေအနေများအောက်တွင် ဟောပြောခြင်းနှင့်ပတ်သက်၍ ပိုဗဟုသုတကြွယ်ဝသော သူများ၏ညွန်ကြားချက်များကို လိုက်လျှောက်ရန် ထိုရှိ ညီအစ်ကိုများ၏ သတိရှိသောဇွဲက ကျွန်မတို့ကို တတ်သိလာစေခဲ့သည်။ ကျွန်မတို့၏ ခရစ်ယာန်ညီအစ်ကိုများသည် လူမျိုးပေါင်းစုံဖြစ်သည်; သို့တိုင် သူတို့သည် ယေဟောဝါ၏ အမှုတော်ထမ်းရာတွင် ညီညီညွတ်ညွတ် လုပ်ဆောင်ကြသည်။
ခန့်အပ်မှုအသစ်
ကျွန်မတို့၏ ဟောပြောခြင်းလုပ်ငန်းကို ဆန့်ကျင်မှုပြုသောကြောင့် အီတလီကို စွန့်ခွာရန် အကြောင်းဖန်လာခဲ့သော်လည်း ၁၉၅၇ ခုနှစ်တွင် ဘရာဇီး၌ ဟောပြောခြင်းနှင့်ပတ်သက်သော ခန့်အပ်မှုအသစ်ကို ကျွန်မတို့ဝမ်းမြောက်စွာ လက်ခံခဲ့သည်။ ဖရန့်စစ္စနှင့် ကျွန်မသည် ဘဝပုံစံနှင့် ဓလေ့ထုံးစံများနှင့် အလိုက်အထိုက်နေပြီး ရှစ်လကြာသောအခါ ဖရန့်စစ္စသည် တိုက်နယ်လုပ်ငန်းလုပ်ဆောင်ရန် ဖိတ်ခေါ်ခြင်းခံခဲ့ရသည်။ ကျွန်မတို့သည် ဘတ်စကားဖြင့်၊ လေယာဉ်ဖြင့်၊ ခြေလျင်ဖြင့် ခရီးသွားခဲ့ရသည်။ ဤကြီးမားပြီး လှပသောနိုင်ငံတွင် သွားလာရခြင်းက ကျွန်မတို့အား ပထဝီဝင်သင်ခန်းစာတစ်ခုသင်ပေးသကဲ့သို့ဖြစ်သည်။
ကျွန်မတို့၏ ပထမတိုက်နယ်တွင် ဆီယိုပေါလ်မြို့ကြီးရှိ အသင်းတော်ဆယ်ခုအပြင် ကုန်းတွင်းပိုင်းနှင့် ဆီယိုပေါလ်ပြည်နယ်၏ တောင်ပိုင်းကမ်းခြေဒေသတစ်လျှောက်ရှိ မြို့လေး ဆယ်မြို့ ပါဝင်သည်။ ထိုအချိန်က ဤမြို့ငယ်လေးများတွင် အသင်းတော်ဟူ၍ မရှိပေ။ တည်းစရာ နေရာတစ်ခုကို ရှာပြီး အခြေတကျဖြစ်သောအခါ ဘုရားသခင့်နိုင်ငံတော်သတင်းကို တစ်အိမ်မှတစ်အိမ် သွားရောက်ဟောပြောလေ့ရှိသည်။ ကင်းမျှော်စင်အသင်း၏ ပညာပေးရုပ်ရှင်ကားတစ်ကားကို ပြသရန်အတွက် ဖိတ်စာများကိုလည်း ကျွန်မတို့ထားပေးခဲ့ကြသည်။
ရုပ်ရှင်ကားများ၊ ရုပ်ရှင်ပြစက်၊ လျှပ်တာပြောင်း၊ ဖိုင်များ၊ စာပေစာတမ်း၊ ဖိတ်စာများနှင့် ရုပ်ရှင်ပြမည့်နေရာကို ဖိတ်စာများပေါ်တွင် ရိုက်ရန် တံဆိပ်တုံးများနှင့်အတူ ဘတ်စကားပေါ်တက်ခြင်းသည် သေးသေးသောသော တာဝန်မဟုတ်ပါ။ နှိုင်းယှဉ်ပါက ကျွန်မတို့၏ အဝတ်အစားသေတ္တာငယ်လေးသည် သေးသေးလေးဖြစ်သွားသည်။ လမ်းကြမ်းများပေါ်တွင် ခရီးသွားသောအခါ ရုပ်ရှင်ပြစက်များ ထိခိုက်ပျက်စီးမှုမရှိအောင် ကျွန်မတို့ပေါင်ပေါ်တွင် တင်ထားကြရသည်။
ရုပ်ရှင်ပြသရန် နေရာလုပ်ပြီးနောက် ကျွန်မတို့သည် တစ်အိမ်မှတစ်အိမ်သွားပြီး ရုပ်ရှင်ပြသမှုဖိတ်စာများကို ထားရစ်ပေးကြသည်။ တစ်ခါတစ်ရံ ကျွန်မတို့သည် စားသောက်ဆိုင်များ သို့မဟုတ် ဟိုတယ်များတွင် ရုပ်ရှင်ပြသရန် ခွင့်ပြုချက်ရကြသည်။ အခြားအချိန်များတွင် ကျွန်မတို့သည် ဟင်းလင်းပြင်တွင် တိုင်နှစ်တိုင်ကြား၌ အိပ်ရာခင်းဖြန့်၍ပြခဲ့ရသည်။ ဖရန့်စစ္စက အကြောင်းအရာများကိုဖတ်ပြသောအခါ ရုပ်ရှင်တစ်ခါမျှမကြည့်ဖူးသော လေးမြတ်တတ်သည့်ပရိသတ်များသည် မတ်တတ်ရပ်ပြီး ဂရုတစိုက်နားထောင်လေ့ရှိသည်။ ထို့နောက် ကျွန်မတို့သည် ကျမ်းစာစာပေစာတမ်းကို ဝေငှလေ့ရှိသည်။
ကျေးလက်များသို့ ရောက်ရန် ဘတ်စကားဖြင့်သွားခဲ့ရသည်။ အချို့မြစ်များသည် တံတားမထိုးထားသောကြောင့် ဘတ်စကားကို ဖောင်ကြီးပေါ်တွင်တင်ကာ အခြားတစ်ဖက်သို့ သယ်ရသည်။ ကားပေါ်မှဆင်းနေရန်နှင့် ရေထဲသို့ဘတ်စကား လျှောကျပါက ရေဝဲစုပ်ခြင်းမခံရလေအောင် ဖောင်၏အခြားတစ်ဖက်သို့ ခုန်ချရန် ကျွန်မတို့အားအကြံပေးကြသည်။ ကျေးဇူးတင်ရမည်မှာ ကျွန်မတို့သည် မြစ်ထဲတွင် ဘတ်စကားတစ်ခါမျှမဆုံးခဲ့ခြင်းဖြစ်သည်—အထူးသဖြင့် ဤမြစ်တွင် အသားစား ပရန်နရားငါးများ ရှိသည်ဟုသိရသည့်အတွက်ကြောင့် ယင်းသို့မဖြစ်သည်မှာ တော်ပေသေးတော့သည်။
၁၉၅၈ ခုနှစ်တွင် နယူးယောက်မြို့၌ အပြည်ပြည်ဆိုင်ရာစည်းဝေးပွဲကြီးကို တက်ရောက်ပြီးနောက် ဘရာဇီးသို့ ကျွန်မတို့ပြန်ကြပြီး ခဏကြာသောအခါ ထိုတွင် နယ်လှည့်လုပ်ငန်းကို ပြန်လည်လုပ်ကိုင်ခဲ့သည်။ ကျွန်မတို့၏ခရိုင်သည် ဘရာဇီး၏တောင်ဘက်တွင် ယူရူဂွေးယန်း နယ်စပ်၊ အနောက်ဘက်တွင် ပါရာဂွေး၊ မြောက်ဘက်တွင် ပါနန်ဘူကိုခရိုင်နှင့် အရှေ့ဘက်တွင် အတ္တလန္တိတ်သမုဒ္ဒရာ အထိပါဝင်သည်။
အနာကြီးရောဂါသည်အုပ်စု
၁၉၆၀ ပြည့်လွန်နှစ်အလယ်ပိုင်းတွင် အနာကြီးရောဂါသည်အုပ်စုတွင် အသင်းမ၏ရုပ်ရှင်ကို ပြသရန် ဖိတ်ခေါ်ချက်ကို ကျွန်မတို့လက်ခံခဲ့ကြသည်။ ကျွန်မ အနည်းငယ် စိုးရိမ်တုန်လှုပ်ခဲ့သည်ကိုတော့ ဝန်ခံရမည်။ ကျွန်မတို့သည် ကျမ်းစာတွင်ဖတ်ရသည်မှတစ်ပါး အနာကြီးရောဂါအကြောင်းကို အနည်းငယ်သာ သိရှိထားကြသည်။ အဖြူရောင်ခြယ်ထားသည့် ဤဝင်းကို ဝင်ရောက်သွားရာ ပရိသတ်စည်းဝေးရာ ခန်းမကြီးတစ်ခုသို့ ကျွန်မတို့ကိုခေါ်ဆောင်သွားသည်။ အလယ်တွင် ကျွန်မတို့အတွက်နှင့် ကျွန်မတို့၏ပစ္စည်းပစ္စယများအတွက် သီးသန့်နေရာကို ကြိုးတားထားသည်။
ဤအုပ်စုတွင် အနှစ် ၄၀ ကြာနေထိုင်လာခဲ့သော လျှပ်စစ်ကျွမ်းကျင်သူတစ်ဦးက ကျွန်မတို့ကို ကူညီပေးသည်။ သူ့တွင် လက်ချောင်းများနှင့် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများ မရှိတော့၍ အလွန်ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်။ ပထမတွင် ကျွန်မလန့်ဖျပ်သွားသော်လည်း သူ၏ရွှင်ပျသောအမူအရာနှင့် မိမိ၏အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်နိုင်ခြင်းက ကျွန်မကို စိတ်သက်သာရာရစေသည်။ မကြာမီ ကျွန်မတို့သည် လိုအပ်သောပြင်ဆင်မှုများ ပြီးစီးသွားသည်နှင့် အကြောင်းများစွာကို ပြောဆိုကြသည်။ ဤအဆောက်အအုံတွင် ဝေဒနာသည် တစ်ထောင်နေထိုင်သည့်အနက်မှ နှစ်ရာကျော် တက်ရောက်ခဲ့သည်။ သူတို့သည် ထော့နဲ့ထော့နဲ့ဖြစ်နေသည်နှင့်အမျှ သူတို့ခံစားနေရသည့် ရောဂါအခြေအနေအမျိုးမျိုးကို ကျွန်မတို့ သတိပြုမိခဲ့သည်။ ကျွန်မတို့အတွက် မည်မျှစိတ်ထိခိုက်ဖွယ်တွေ့ကြုံမှုပါတကား!
“သခင်အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်” ဟု အနာကြီးရောဂါသည်က ယေရှုအား လျှောက်ဆိုသည်ကို ကျွန်မတို့ သတိရကြသည်။ ဤသူကို တို့ကာ ယေရှုက သူ့အား ဤသို့အခိုင်အမာဆိုသည်၊ “ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ရောက်စေ။” (မဿဲ ၈:၂၊ ၃) အစီအစဉ်အပြီးတွင် များစွာသောသူတို့သည် ကျေးဇူးတင်စကားပြောဆိုရန် ကျွန်မတို့ထံချဉ်းကပ်လာကြသည်။ သူတို့၏ပျက်ယွင်းနေသောခန္ဓာကိုယ်များက လူလောက၏ မဟာဒုက္ခဝေဒနာကို ကွက်ကွက်ကွင်းကွင်းဖော်ပြနေသည်။ နောက်ပိုင်းတွင် ပိုမိုသိလိုသူများသည် ဒေသခံသက်သေခံများနှင့် ကျမ်းစာလေ့လာကြသည်။
၁၉၆၇ ခုနှစ်တွင် ကျွန်မတို့သည် ပြင်းထန်သော ကျန်းမာရေးအခက်အခဲများကို ဖြေရှင်းရန် အမေရိကန်သို့ပြန်ခဲ့သည်။ ကျွန်မတို့သည် ရောဂါကုသရင်း တိုက်နယ်လုပ်ငန်းလုပ်ဆောင်ရန် ထပ်အခွင့်အရေးရခဲ့သည်။ နောက်အနှစ် ၂၀ အထိဖရန့်စစ္စနှင့် ကျွန်မသည် အမေရိကန်တွင် နယ်လှည့်လုပ်ငန်းကို အတူတကွလုပ်ဆောင်ခဲ့ကြသည်။ ဤအချိန်အတောအတွင်း သူသည် ဘုရားသခင့် နိုင်ငံတော်ဓမ္မအမှုကျောင်းကိုလည်း သင်ကြားပေးရသည်။
မေတ္တာရှိသောလင်သားတစ်ယောက်၊ မည်သည့်တာဝန်ရစေကာမူ ထမ်းဆောင်သည့် သစ္စာရှိသော အပေါင်းအသင်းတစ်ယောက်ကိုရရှိထားခြင်းသည် ကျွန်မအတွက် မည်မျှအားရှိဖွယ် အရင်းအမြစ်တစ်ခုပါတကား! တိုက်ကြီးလေးတိုက်၏ အစိတ်အပိုင်းများတွင် ကျမ်းစာသမ္မာတရားဘဏ္ဍာကို မျှဝေရန် ကျွန်မတို့အတူတကွ တာဝန်ထမ်းဆောင်ခွင့်ရခဲ့ကြသည်။
ဘဏ္ဍာအားဖြင့် ထောက်ပံ့ခံရ
လွန်ခဲ့သော ၁၉၅၀ ပြည့်နှစ်က အမေသည် ၁၉၂၄ ခုနှစ်၌ နှစ်ခြင်းခံခဲ့သည့် သစ္စာရှိသော ညီအစ်ကို ဒေးဗစ် အီစတာကို လက်ထပ်ခဲ့သည်။ သူတို့သည် အချိန်ပြည့်ဓမ္မအမှုတွင် နှစ်ပေါင်းများစွာ အတူတကွ အသုံးတော်ခံခဲ့ကြသည်။ သို့သော် အမေ့အသက်တာ၏ နောက်ဆုံးပိုင်းတွင် အကြိုဇရာရောဂါ စတင်လက္ခဏာပြလာသည်။ ရောဂါက သူမ၏ ဆင်ခြင်နိုင်စွမ်းကိုလျော့နည်းစေသည်နှင့်အမျှ ပို၍ဂရုစိုက်စောင့်ရှောက်ခံရရန် လိုအပ်လာသည်။ ကူညီထောက်ပံ့တတ်သော ကျွန်မ၏အမနှင့် ဒေးဗစ်တို့က အချိန်ပြည့်လုပ်ငန်းတော်၏ အထူးအခွင့်အရေးများကို ကျွန်မတို့အား မစွန့်လွှတ်စေလိုသောကြောင့် သူတို့သည် အမေအား ကြည့်ရှုစောင့်ရှောက်ရသည့် ကြီးလေးသောတာဝန်ကို ထမ်းဆောင်ကြသည်။ သူမသေဆုံးချိန်ဖြစ်သည့် ၁၉၈၇ ခုနှစ်အထိ အမေ၏သစ္စာရှိသော ပုံသက်သေက ကျွန်မတို့အသက်တာလမ်းစဉ်ကို အစီအစဉ်ချမှတ်နိုင်ရန် များစွာထောက်ကူခဲ့ပြီး သူမမြတ်နိုးသော ကောင်းကင်အသက်တာမျှော်လင့်ချက် ဆုကျေးဇူးက ကျွန်မတို့အား နှစ်သိမ့်မှုပေးသည်။
၁၉၈၉ ခုနှစ်ရောက်သော် ဖရန့်စစ္စသည် ယခင်ကကဲ့သို့ အားအင်များမရှိတော့ကြောင်း ကျွန်မသတိပြုမိလာသည်။ ကမ္ဘာ့ဒေသတော်တော်များများတွင် လူသိများသည့် ရောဂါတစ်ခုဖြစ်သော ရှစ်စတိုဆိုမာသန်စွဲနာ ထိခိုက်စွဲကပ်နေကြောင်း ကျွန်မတို့မသိလိုက်ပါ။ ၁၉၉၀ ပြည့်နှစ်တွင် ညှာတာမှုကင်းမဲ့သောဤရန်သူက အနိုင်ယူသွားပြီး ယေဟောဝါ၏ လုပ်ငန်းတော်တွင် နှစ်ပေါင်း ၄၀ ကျော် ကျွန်မနှင့်အတူလုပ်ဆောင်ခဲ့သည့် ချစ်မြတ်နိုးရသောခင်ပွန်း ဆုံးပါးသွားခဲ့သည်။
ပြုပြင်ပြောင်းလဲခြင်းသည် ဘဝ၏ကဏ္ဍတစ်ခုဖြစ်သည်။ တချို့မှာလွယ်ကူပြီး တချို့မှာ ခက်ခဲသည်။ သို့သော် တန်ဖိုးမဖြတ်နိုင်သော သမ္မာတရားဘဏ္ဍာကို ပေးတော်မူရှင် ယေဟောဝါသည် ကိုယ်တော်၏အဖွဲ့အစည်း၊ ကျွန်မမိသားစု၏ မေတ္တာနှင့် အားပေးမှုတို့အားဖြင့် ကျွန်မကို ထောက်ပံ့ကူညီခဲ့သည်။ ကျွန်မသည် ယေဟောဝါ၏ မပျက်ကွက်သော ကတိတော်အားလုံး ပြည့်စုံလာရန်မျှော်လင့်စောင့်စားနေသည်နှင့်အမျှ ကျေနပ်ရောင့်ရဲမှုကို ဆက်လက်တွေ့ရှိနေရတုန်းပင်ဖြစ်သည်။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
အီတလီတွင် ကျွန်မခင်ပွန်းနှင့်ကျွန်မ သာသနာပြုစဉ်က