ယေဟောဝါ၌ ရွှင်လန်းခြင်းသည် ကျွန်ုပ်တို့ခိုလှုံရာဖြစ်သည်
“ဤနေ့ရက်သည် ငါတို့ဘုရားရှင်အဖို့ သန့်ရှင်း၏။ ဝမ်းမနည်းကြနှင့်။ ယေဟောဝါ၌ ရွှင်လန်းခြင်းသည် သင်တို့ခိုလှုံရာဖြစ်သည်။”—နေဟမိ ၈:၁၀၊ ကဘ။
၁၊ ၂။ (က) ခိုလှုံရာမည်သည်ကား အဘယ်နည်း။ (ခ) ယေဟောဝါ၌ ခိုလှုံခဲ့ကြောင်း ဒါဝိဒ် မည်သို့တင်ပြခဲ့သနည်း။
ယေဟောဝါသည် တုနှိုင်းမရသောခိုလှုံရာ ဖြစ်တော်မူသည်။ ခိုလှုံရာ မည်သည်ကား အဘယ်နည်း။ ယင်းသည် လုံခြုံရာ၊ ဘေးလွတ်ကင်းရာအရပ်ဖြစ်သော ခံတပ်တစ်ခု ဖြစ်သည်။ ရှေးဣသရေလနိုင်ငံသား ဒါဝိဒ်ဆိုသူသည် ဘုရားသခင်ကို မိမိ၏ခိုလှုံရာအဖြစ် ယူမှတ်ခဲ့သည်။ ဥပမာ၊ ဣသရေလရှင်ဘုရင် ‘ရှောလုမင်းမှစ၍ ရန်သူအပေါင်းတို့လက်မှ ယေဟောဝါ၏ ကယ်လွှတ်တော်မူခြင်းကျေးဇူးကို ခံရသောအခါ’ အမြင့်မြတ်ဆုံးအရှင်အား ဒါဝိဒ်ချီးမွမ်းသီဆိုခဲ့သော သီချင်းကို သုံးသပ်ကြည့်ပါ။—ဆာလံ ၁၈၊ အပေါ်တွင်ရှိ အရေးအသား။
၂ ထိုအသည်းခိုက်စေသောသီချင်းကို ဤစကားများဖြင့် ဒါဝိဒ် စတင်သီဆိုသည်– ‘အကျွန်ုပ်၏ စွမ်းအားဖြစ်တော်မူသော အိုယေဟောဝါဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြည်ညိုပါ၏။ ယေဟောဝါဘုရားသည် ငါ့ကျောက်တောင်၊ ငါ့ခိုလှုံရာ၊ ငါ့ကို ကယ်လွှတ်သောအရှင်၊ ငါ့ဘုရားသခင်၊ ငါ့ခိုလှုံရာ ကျောက်စွယ်၊ ငါ့ဒိုင်းလွှား၊ ငါ့ကယ်တင်ရာဦးချို၊ ငါ့ရဲတိုက် ဖြစ်တော်မူ၏။’ (ဆာလံ ၁၈:၁၊ ၂) ဘေးအန္တရာယ်ကို ရှောင်တိမ်းသူတစ်ဦးသည် ခံတပ်ထဲ ဝင်ခိုအောင်းတတ်သကဲ့သို့ ဖြောင့်မတ်သူ ဒါဝိဒ်သည် မတရားသဖြင့် ဝရမ်းပြေးဘဝသို့ ရောက်ရရှာပြီး သူ့အား အပြင်းလိုက်နေသူ ရှောလုဘုရင်၏ ဖမ်းဆီးခြင်းကို မခံရရန် ယေဟောဝါ၌ ခိုလှုံခဲ့သည်။
၃။ ဧဇရခေတ်က ဂျူးများသည် အဘယ်ကြောင့် “အလွန်ပျော်မွေ့” ခဲ့ကြသနည်း။
၃ သမာဓိစောင့်သိသူများအဖြစ် ယေဟောဝါစီရင်သောလမ်းကို လိုက်သူများအတွက် ကိုယ်တော်ပေးသည့် ရွှင်လန်းခြင်းသည် အစဉ်အမြဲတည်တံ့သော ခိုလှုံရာဖြစ်သည်။ (သု. ၂:၆-၈; ၁၀:၂၉) သို့သော် ဘုရားသခင်ပေး ရွှင်လန်းခြင်းရှိရန် အလိုတော်ကို ဆောင်ရွက်ကြရမည်။ ယင်းနှင့်စပ်လျဉ်း၍ ဘီ.စီ.အီး. ၄၆၈ ခုနှစ်က ယေရုရှလင်မြို့၏ အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ ကျမ်းတတ်ဆရာ ဧဇရနှင့် အခြားသူများသည် ပညတ္တိကျမ်းကို ရှင်းလင်းစွာ ဖတ်ရွတ်၍ အနက်ကိုဖော်ပြခြင်းအားဖြင့် သဘောပေါက် နားလည်စေခဲ့သည်။ ထို့နောက် လူတို့အား ဤသို့တိုက်တွန်းလေသည်– “သွားကြလော့။ မြိန်စွာသောအစာကို စားကြလော့။ ချိုသောအရည်ကို သောက်ကြလော့။ ဆင်းရဲသောသူတို့အား ဝေမျှကြလော့။ ဤသည်နေ့ရက်သည် ငါတို့ဘုရားရှင်အဖို့ သန့်ရှင်း၏။ ဝမ်းမနည်းကြနှင့်၊ ထာဝရဘုရား ပေးတော်မူသောအခွင့်နှင့် အားယူ၍ ဝမ်းမြောက်ကြလော့။” ဂျူးတို့သည် သူတို့ရရှိသောအသိပညာကို အသုံးချပြီး တဲတော်ပွဲကို အားရဝမ်းသာ ကျင်းပကြစဉ် “အလွန်ပျော်မွေ့ခြင်း” ရှိခဲ့ကြသည်။ (နေဟမိ ၈:၁-၁၂) ‘သူတို့၏ခိုလှုံရာ ယေဟောဝါ၌ ဝမ်းမြောက်’ သူတို့သည် ကိုယ်တော့်ကို ဝတ်ပြုကိုးကွယ်ကြပြီး အမှုတော်ကိုဆောင်နိုင်ကြရန် ခွန်အားပြည့်တင်းလာကြသည်။ ယေဟောဝါ၌ ရွှင်လန်းခြင်းသည် သူတို့၏ခိုလှုံရာဖြစ်သဖြင့် ယနေ့ ဘုရားသခင်၏လူမျိုးလည်း ထပ်တူရွှင်လန်းသင့်သည်။ ယခု သူတို့ရွှင်လန်းနိုင်စရာအကြောင်းအချို့ကား အဘယ်နည်း။
‘အားရရွှင်လန်းကြလော့’
၄။ ယေဟောဝါ၏လူမျိုး ရွှင်လန်းရန် ထူးကဲသောအကြောင်းတစ်ခုကား အဘယ်နည်း။
၄ ရွှင်လန်းကြရန် ထူးကဲသောအကြောင်းတစ်ခုမှာ စုရုံးစည်းဝေးနိုင်ဖို့ ယေဟောဝါ၏ အစီအစဉ်ဖြစ်သည်။ ဣသရေလလူမျိုးတို့သည် နှစ်စဉ် ပွဲခံကြ၍ စိတ်နှလုံးရွှင်လန်းခဲ့သည်နည်းတူ ယနေ့ ယေဟောဝါသက်သေများ၏ စည်းဝေးပွဲကြီးများသည် သူတို့အား ရွှင်လန်းစေသည်။ ဣသရေလလူမျိုးသည် ဤသို့မှာကြားခံရ၏– “မြေထွက်အသီးအနှံမှစသော ပြုလေရာရာတွင် သင်တို့ဘုရားသခင် ထာဝရဘုရား ကောင်းချီးမင်္ဂလာပေးတော်မူသည်ကို ထောက်၍ ရွေးချယ်တော်မူမည့်ဌာန၌ပင် သင်တို့ဘုရားသခင် ထာဝရဘုရားရှေ့ခုနစ်ရက်ပတ်လုံး အားရရွှင်လန်းစွာ ပူဇော် [တဲတော်] ပွဲကျင်းပကြလော့။” (တရားဟောရာ ၁၆:၁၃-၁၅၊ သမ) မှန်ပေသည်၊ ဘုရားသခင်သည် သူတို့အား “အားရရွှင်လန်း” စေလိုတော်မူခဲ့သည်။ တမန်တော်ပေါလုက ယုံကြည်သူချင်းတို့အား “သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။ တစ်ဖန်ငါဆိုသည်ကား ဝမ်းမြောက်ကြလော့” ဟုတိုက်တွန်းခဲ့သောကြောင့် ခရစ်ယာန်များကိုလည်း ထို့အတူဖြစ်စေလိုသည်။—ဖိလိပ္ပိ ၄:၄။
၅။ (က) ရွှင်လန်းခြင်းကား အဘယ်နည်း။ ယင်းကို ခရစ်ယာန်များ မည်သို့ရရှိနိုင်သနည်း။ (ခ) စုံစမ်းခြင်းခံရသော်လည်း မည်သို့ရွှင်လန်းနိုင်သနည်း။
၅ ယေဟောဝါသည် ကျွန်ုပ်တို့အား ရွှင်လန်းစေလိုတော်မူသောကြောင့် ဝိညာဉ်အသီးတစ်သီးဖြစ်သည့် ရွှင်လန်းခြင်းကို ကိုယ်တော်ပေးသနားတော်မူသည်။ (ဂလာတိ ၅:၂၂၊ ၂၃) ရွှင်လန်းခြင်းကား အဘယ်နည်း။ ယင်းသည် ကောင်းမွန်သောအရာတစ်ခုခုကို စောင့်မျှော်ခြင်း၊ သို့မဟုတ် ရှာမှီးစုဆောင်းခြင်းမှ ခံစားရသော ကြည်နူးအားရဖွယ်စိတ်ထားဖြစ်သည်။ ရွှင်လန်းခြင်းမည်သည် မြူးပျော်သည့်အထိပင် အမှန်ပျော်ရွှင်ခြင်းဖြစ်သည်။ ဘုရားသခင့် သန့်ရှင်းသောဝိညာဉ်တော်၏ဤအသီးသည် စုံစမ်းခံရချိန်တွင် ကူညီမစမှုပေးသည်။ “ထိုသခင် [ယေရှု] သည် မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့် ရှက်ကြောက်သောအရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ ခံပြီးမှ ဘုရားသခင်၏ပလ္လင်တော် လက်ယာဘက်၌ ထိုင်နေတော်မူ၏။” (ဟေဗြဲ ၁၂:၂) တပည့်တော်ယာကုပ်က ဤသို့ရေးသားသည်– “ငါ့ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေတတ်သည်ဟု သိမှတ်လျက်၊ အထူးထူးအပြားပြား စုံစမ်းနှောင့်ယှက်ခြင်းနှင့် တွေ့ကြုံသောအခါ ရွှင်လန်းစရာအကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့။” သို့သော် စုံစမ်းခြင်းတစ်စုံတစ်ခုကို မည်သို့ကိုင်တွယ်ရမည်ဟု မသိလျှင်ကော။ သို့ဖြစ်လျှင် ယင်းကို ကိုင်တွယ်ဖြေရှင်းရန် ဉာဏ်ပညာအတွက် စိတ်ချလက်ချ ဆုတောင်းနိုင်သည်။ အထက်မှရသော ဉာဏ်ပညာနှင့်အညီ ပြုမူဆောင်ရွက်ခြင်းအားဖြင့် ယေဟောဝါ၌ ဆက်လက်ရွှင်လန်းကာ အဓွန့်ရှည်သော စုံစမ်းခြင်း သို့မဟုတ် ပြဿနာတစ်ခုကို ဖြေရှင်းနိုင်ပါလိမ့်မည်။—ယာကုပ် ၁:၂-၈။
၆။ ရွှင်လန်းခြင်းနှင့် စစ်မှန်သောဝတ်ပြုရေးသည် မည်သို့ဆက်စပ်သနည်း။
၆ ယေဟောဝါ ပေးသနားတော်မူသော ရွှင်လန်းခြင်းက စစ်မှန်သောဝတ်ပြုရေးကို ကျွန်ုပ်တို့ပြန့်ပွားစေရန် ခွန်အားရှိစေသည်။ နေဟမိနှင့် ဧဇရခေတ်က ယင်းသို့ပင် ဖြစ်ပျက်ခဲ့သည်။ ထိုစဉ်အချိန်က ယေဟောဝါ၌ ရွှင်လန်းခြင်းကို မိမိတို့၏ခိုလှုံရာအဖြစ် ယူမှတ်သောဂျူးတို့သည် စစ်မှန်သောဝတ်ပြုရေးကို တိုး၍အာရုံစိုက်ရန် ခွန်အားရရှိခဲ့သည်။ သူတို့သည် ယေဟောဝါ၏ ဝတ်ပြုရေးကို မြှောက်စားလေလေ သူတို့၏ရွှင်လန်းခြင်းသည် တိုးပွားများပြားလေလေဖြစ်သည်။ ယခုလည်း ထို့နည်းတူဖြစ်ပျက်နေသည်။ ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူများအနေနှင့် အလွန်ပျော်မွေ့စရာအကြောင်း များစွာရှိသည်။ ရွှင်လန်းနိုင်စရာ အကြောင်းအမြောက်အမြားအနက် အချို့ကို ဆက်လက်သုံးသပ်ကြည့်စို့။
ခရစ်တော်မှတစ်ဆင့်ရရှိသော ဘုရားသခင်နှင့်ဆက်ဆံရေး
၇။ ယေဟောဝါနှင့်စပ်လျဉ်း၍ ခရစ်ယာန်များသည် အဘယ်ကြောင့် ရွှင်လန်းနိုင်ကြသနည်း။
၇ ယေဟောဝါဘုရားသခင်နှင့် တရင်းတနှီးရှိခြင်းက ကမ္ဘာပေါ်တွင် ကျွန်ုပ်တို့အား ရွှင်လန်းမှု အရှိဆုံးသူများ ဖြစ်စေသည်။ ခရစ်ယာန်များ မဖြစ်မီက ကျွန်ုပ်တို့သည် မဖြောင့်မတ်သောလူ့ဘောင်အဝင်ဖြစ်၍ ‘ဉာဏ်အလင်းကွယ်၍ ဘုရားသခင်၏အသက်နှင့် ကွာရှင်းလျက်ရှိကြ၏။’ (ဧဖက် ၄:၁၈) ယခု ယေဟောဝါနှင့် ကွာရှင်းမနေကြတော့သည့်အတွက် ကျွန်ုပ်တို့အမှန်ရွှင်လန်းနိုင်ကြပြီ! သို့သော် ကိုယ်တော်၏အလိုတော်နှင့် အမြဲတွေ့နေနိုင်ရန် အမှန်ကြိုးစားဖို့လိုသည်။ “ဧဝံဂေလိတရား၏ မျှော်လင့်ခြင်းမှ မရွေ့လျော့ဘဲ တိုက်မြစ်ကျခြင်း၊ တည်ကြည်ခြင်းနှင့်တကွ မြဲမြံစွာ ယုံကြည်ကြ” ဖို့လည်းလိုသည်။ (ကောလောသဲ ၁:၂၁-၂၃) ယေရှု ကိုယ်တော်တိုင် မိန့်တော်မူသည့်အတိုင်း သားတော်ထံ ကျွန်ုပ်တို့အား ယေဟောဝါ သွေးဆောင်တော်မူသောကြောင့် ရွှင်လန်းနိုင်သည်– “ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် သွေးဆောင်တော်မမူလျှင် အဘယ်သူမျှ ငါ့ထံသို့ မလာနိုင်။” (ယောဟန် ၆:၄၄) ခရစ်တော်မှတစ်ဆင့် ရရှိထားသော ကျွန်ုပ်တို့၏ အဖိုးတန် ဘုရားသခင်နှင့်ဆက်ဆံရေးကို အမှန်လေးမြတ်မည်ဆိုလျှင် ယင်းကို မပျက်စီးစေရန် အားသွန်ခွန်စိုက်ကြိုးစားကြရမည်။
၈။ ကျွန်ုပ်တို့၏ရွှင်လန်းခြင်းကို ယေရှုမည်သို့တိုးပွားစေသနည်း။
၈ ယေရှု၏ ရွေးဖိုးပူဇော်သက္ကာကို ယုံကြည်ခြင်းကြောင့် ခွင့်လွှတ်ခံရခြင်းသည် အလွန်ရွှင်လန်းစရာအကြောင်းဖြစ်သည်။ ယင်းကြောင့်သာ ဘုရားသခင်နှင့် ဆက်ဆံရေးသည် အကောင်အထည်ပေါ်လာသည်။ ကျွန်ုပ်တို့၏ဘိုးဘေး အာဒံသည် ကိုယ်အလိုသို့လိုက်၍ ပြစ်မှားသောကြောင့် လူအပေါင်းအား သေခြင်းသို့ ရောက်စေခဲ့သည်။ သို့ရာတွင် တမန်တော်ပေါလုက ဤသို့ရှင်းပြသည်– “ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။” ဤသို့လည်း ပေါလုရေးသားသေးသည်– “တစ်ယောက်သောသူ၏ ပြစ်မှားခြင်းအားဖြင့် လူအပေါင်းတို့သည် အပြစ်စီရင်ခြင်းနှင့် တွေ့ကြုံရကြသည်နည်းတူ တစ်ယောက်သောသူ၏ ဖြောင့်မတ်ခြင်းအားဖြင့် လူအပေါင်းတို့သည် အသက်နှင့်ယှဉ်သော ဖြောင့်မတ်ရာသို့ရောက်ခြင်းအခွင့်ကို ရကြ၏။ အကြောင်းမူကား တစ်ယောက်သောသူသည် နားမထောင်သောအားဖြင့် လူများတို့သည် အပြစ်ရောက်သည်နည်းတူ၊ တစ်ယောက်သောသူသည် နားထောင်သောအားဖြင့် လူများတို့သည် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။” (ရောမ ၅:၈၊ ၁၈၊ ၁၉) ဤမျှမေတ္တာပါသော ပြင်ဆင်ချက်ကို အသုံးချသည့် အာဒံ၏အမျိုးအနွယ်ကို ရွေးနုတ်ရန် ယေဟောဝါဘုရားသခင် အလိုရှိတော်မူသောကြောင့် ကျွန်ုပ်တို့အမှန်တကယ်ပင် ရွှင်လန်းနိုင်ကြသည်!
ဘာသာရေးဆိုင်ရာ လွတ်မြောက်မှုနှင့် ဉာဏ်အလင်း
၉။ ဘာသာရေးရှုထောင့်ဘက်မှကြည့်လျှင် ကျွန်ုပ်တို့ရွှင်လန်းရခြင်းကား အဘယ်ကြောင့်နည်း။
၉ မဟာဗာဗုလုန်မှ လွတ်မြောက်မှုရခြင်းသည် ရွှင်လန်းစရာ အခြားအကြောင်းတစ်ကြောင်းဖြစ်သည်။ မြင့်မြတ်သောသမ္မာတရားကြောင့် ကျွန်ုပ်တို့လွတ်လပ်ခဲ့ပြီ။ (ယောဟန် ၈:၃၂) ဤဘာသာရေးပြည့်တန်ဆာမှ လွတ်မြောက်ခြင်းကလည်း သူမ၏အပြစ်များနှင့် ကျွန်ုပ်တို့မဆက်ဆံ၊ သူမ၏ကပ်ဆိုးများကို မခံရ၊ သူမနှင့်အတူ ပျက်စီးမည်မဟုတ်ကြောင်းကို ဆိုလို၏။ (ဗျာဒိတ် ၁၈:၁-၈) ယင်းတို့မှ လွတ်မြောက်ခွင့်ရ၍ ဝမ်းနည်းစရာလုံးဝမရှိပါ!
၁၀။ ယေဟောဝါ၏လူမျိုးအနေနှင့် အဘယ်ဉာဏ်အလင်းရရှိထားသနည်း။
၁၀ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သဘောပေါက်နားလည်ပြီး အသုံးချခြင်းသည် အလွန်ရွှင်လန်းစရာအကြောင်းများဖြစ်သည်။ ဗာဗုလုန်ဩဇာအောက် မရှိတော့ဘဲ “သစ္စာနှင့်သတိပညာရှိသောကျွန်” မှတစ်ဆင့် ကောင်းကင်ခမည်းတော် ပေးသနားတော်မူသည့် သာ၍ရှင်းလင်းသော ဝိညာဏထိုးထွင်းသိမြင်မှုကို ကျွန်ုပ်တို့ရထားကြသည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ) ကမ္ဘာသားအပေါင်းတို့အနက် ယေဟောဝါကို သီးသန့်ကိုးကွယ်သူများသာလျှင် သန့်ရှင်းသောဝိညာဉ်တော်နှင့် နှုတ်ကပါဌ်တော်ကိုသော်လည်းကောင်း၊ အလိုတော်ကိုသော်လည်းကောင်း သိမြင်နားလည်နိုင်သော ကောင်းချီးရရှိသည်။ ပေါလုဆိုသကဲ့သို့ဖြစ်သည်– “ထိုအရာ [ကိုယ်တော်ကို ချစ်မြတ်နိုးသူများအတွက် ကိုယ်တော့်ပြင်ဆင်ချက်များ] ကိုဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အား ဖော်ပြတော်မူ၏။ ဝိညာဉ်တော်သည် ဘုရားသခင်၏ နက်နဲသောအရာတိုင်အောင် ခပ်သိမ်းသောအရာတို့ကို စစ်တော်မူ၏။” (၁ ကောရိန္သု ၂:၉၊ ၁၀) နယပုံပြင် ၄:၁၈ ပါစကားများရည်ညွှန်းသည့် တဖြည်းဖြည်းတိုး၍ နားလည်လာသော အသိပညာကို ရရှိထားသဖြင့် ကျေးဇူးတင်သင့်ရုံမက ရွှင်လန်းနိုင်ကြပါသည်– “ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သောအရုဏ်ကဲ့သို့ဖြစ်၍ နေထွက်သည်တိုင်အောင် တိုးပွားထွန်းလင်းတတ်၏။”
ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်နှင့် ထာဝရအသက်
၁၁။ ရွှင်လန်းဖွယ် ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်ကို အခြားသူများအား မည်သို့ရရှိစေခဲ့ပြီနည်း။
၁၁ ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်သည်လည်း ကျွန်ုပ်တို့အား ရွှင်လန်းစေသည်။ (မဿဲ ၆:၉၊ ၁၀) ယေဟောဝါသက်သေများအနေနှင့် ဘုရားသခင့်နိုင်ငံတော်သည်သာ လူသားအပေါင်းတို့အတွက် တစ်ခုတည်းသောမျှော်လင့်ရာဖြစ်ကြောင်းကို ကြွေးကြော်ခဲ့သည်မှာကြာပေပြီ။ ဥပမာ၊ ကမ္ဘာတစ်ဝန်း စည်းဝေးပွဲကြီး ၅၁ ခု၌ ယေဟောဝါသက်သေဟူသော အမည်ကို ခံယူကြမည်ဟု တစ်ခဲနက်သြဘာပေးပြီး ဝမ်းသာအားရ အဓိဋ္ဌာန်ပြုခဲ့သည့် ၁၉၃၁ ခုနှစ်ကို ဆင်ခြင်ကြည့်လေ။ (ဟေရှာယ ၄၃:၁၀-၁၂) ထိုအဓိဋ္ဌာန်ပြုချက်နှင့်တကွ ဂျေ. အက်ဖ်. ရပ်သဖော့ဒ် (ထိုစဉ်က ကင်းမျှော်စင်အသင်းဥက္ကဋ္ဌ) ၏အရေးပါသော စည်းဝေးပွဲမိန့်ခွန်းကို ဘုရားသခင့်နိုင်ငံတော်၊ လောက၏ မျှော်လင့်ချက် စာအုပ်ငယ်တွင် ပုံနှိပ်ထုတ်ဝေထားသည်။ ယင်း၌ ထိုစည်းဝေးကြီးတွင် ပြုခဲ့သော အခြားအဓိဋ္ဌာန်တစ်ခုဖြစ်သည့် ခရစ်ယာန်ဘောင်၏ ယုံကြည်ခြင်းဖောက်ပြန်မှုနှင့် ယေဟောဝါ၏ ဩဝါဒကို မထီမဲ့မြင်ပြုခြင်းတို့ကို အများသိဖြစ်ရန် ထုတ်ပြန်ပြဋ္ဌာန်းချက်ပါပါသည်။ ဤသို့လည်း ကြေညာသည်– “လောက၏မျှော်လင့်ရာကား ဘုရားသခင့်နိုင်ငံတော်ဖြစ်၍ အခြားမည်သည့်အရာတစ်ခုမျှ မရှိပါ။” ယေဟောဝါသက်သေများသည် လအနည်းငယ်အတွင်းတွင် ဤစာအုပ်ငယ် ငါးသန်းကျော်ကို ကမ္ဘာတစ်ခွင် ဖြန့်ချိခဲ့သည်။ ထိုအချိန်ကတည်းက ဘုရားသခင့်နိုင်ငံတော်သည် လူသား၏ တစ်ခုတည်းသောမျှော်လင့်ရာဖြစ်ကြောင်း ကျွန်ုပ်တို့မကြာခဏ အခိုင်အမာပြောဆိုခဲ့ပြီ။
၁၂။ ယေဟောဝါအမှုတော်ထမ်းသူများရှေ့တွင် အသက်ရှင်ခြင်းနှင့်စပ်လျဉ်းသည့် အဘယ်ရွှင်လန်းဖွယ် မျှော်လင့်ချက်များ ရှိသနည်း။
၁၂ ဘုရားသခင့်နိုင်ငံတော်အစိုးရအောက် ထာဝရအသက်ရနိုင်ခွင့်ကြောင့်လည်း ကျွန်ုပ်တို့ရွှင်လန်းကြသေးသည်။ ဘိသိက်ခံခရစ်ယာန် “သိုးစုငယ်” သည် ရွှင်လန်းဖွယ် ကောင်းကင်မျှော်လင့်ချက် ရရှိထားသည်။ “အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော မျှော်လင့်ခြင်းအကြောင်း ရှိစေခြင်းငှာ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့် ကင်းစင်သော အမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့် ကြီးစွာသောကရုဏာတော်နှင့်အညီ ငါတို့ကိုတစ်ဖန် ဖြစ်ဖွားစေတော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ ထိုအမွေတော်သည်ကား . . . သင်တို့အဖို့ ကောင်းကင်ဘုံ၌ သိုထားလျက်ရှိသော အမွေတည်း။” (လုကာ ၁၂:၃၂; ၁ ပေတရု ၁:၃၊ ၄) ယနေ့ ယေဟောဝါသက်သေအများစုသည် ဘုရားသခင့်နိုင်ငံတော်၏ပိုင်နက် ပရဒိသုတွင် ထာဝရအသက်ရရှိရန် မျှော်လင့်ကြသည်။ (လုကာ ၂၃:၄၃; ယောဟန် ၁၇:၃) ကျွန်ုပ်တို့၏ ရွှင်လန်းဖွယ် မျှော်လင့်ချက်များနှင့် နှိုင်းယှဉ်နိုင်သည့် အရာတစ်စုံတစ်ခုမျှ ကမ္ဘာသားတို့တွင် မရှိပါ။ ယင်းတို့ကို အမှန်တန်ဖိုးထား မြတ်နိုးသင့်ပေသည်!
စိတ်ချမ်းမြေ့ဖွယ် ညီအစ်ကိုများ အသင်းအပင်း
၁၃။ ကျွန်ုပ်တို့၏ အပြည်ပြည်ဆိုင်ရာ ညီအစ်ကိုများအသင်းအပင်းကို မည်သို့သဘောထားသင့်သနည်း။
၁၃ ဘုရားသခင်၏အလိုတော်နှင့်တွေ့သော အပြည်ပြည်ဆိုင်ရာ ညီအစ်ကိုများအသင်းအပင်းအဝင် ဖြစ်ရခြင်းသည်လည်း ရွှင်လန်းအားရစရာဖြစ်သည်။ ကမ္ဘာပေါ်တွင် ချစ်ခင်ဖွယ်အကောင်းဆုံးဖြစ်သောအပေါင်းအသင်းများကို ကျွန်ုပ်တို့ရရှိထားသဖြင့် ဝမ်းသာနိုင်သည်။ ယေဟောဝါဘုရားသခင်ကိုယ်တော်တိုင်ပင် ကျွန်ုပ်တို့ခေတ်ကိုရည်ညွှန်းကာ ဤသို့မိန့်တော်မူသည်– “လူမျိုးအပေါင်းတို့ကိုလည်း ငါလှုပ်ဦးမည်။ လူမျိုးအပေါင်းတို့ နှစ်သက်ဖွယ်သောအရာသည် ရောက်၍ ဤအိမ်ကို ဘုန်းနှင့် ငါပြည့်စုံစေမည်။” (ဟဂ္ဂဲ ၂:၇) ခရစ်ယာန်အားလုံးတို့သည် မစုံလင်သူများဖြစ်ကြသည်မှာ မှန်ပါသည်။ သို့ရာတွင် ဤသို့သောသူများကို ယေဟောဝါသည် ယေရှုခရစ်မှတစ်ဆင့် မိမိအထံတော်သို့ သွေးဆောင်တော်မူခဲ့ပြီ။ (ယောဟန် ၁၄:၆) နှစ်သက်ဖွယ်ကောင်းသည်ဟု ယေဟောဝါယူမှတ်တော်မူသောသူများကို ကိုယ်တော်သည် အထံတော်သို့ ရောက်စေတော်မူပြီဖြစ်ရာ သူတို့အား ညီရင်းအစ်ကိုသဘောဖြင့် ချစ်မည်၊ တန်ဖိုးထားမြတ်နိုးမည်၊ ဘုရားတရားလုပ်ငန်းများ၌ သူတို့နှင့် ပူးပေါင်းလုပ်ဆောင်မည်၊ သူတို့စုံစမ်းခြင်းခံရသည့်အခါ အားပေးမည်၊ သူတို့အတွက် ဆုတောင်းမည်ဆိုလျှင် ကျွန်ုပ်တို့၏ရွှင်လန်းခြင်းသည် တိုးပွားလာပါလိမ့်မည်။
၁၄။ ၁ ပေတရု ၅:၅-၁၁ မှ အဘယ်အားပေးမှု ရရှိနိုင်သနည်း။
၁၄ ယင်းတို့အားလုံးသည် ကျွန်ုပ်တို့ကို ပျော်ရွှင်မှု ပေးပါလိမ့်မည်။ အမှန်မှာ ယေဟောဝါ၌ရွှင်လန်းခြင်းကား ကမ္ဘာတစ်ဝန်းရှိ ကျွန်ုပ်တို့၏ဝိညာဏ ညီအစ်ကိုများအသင်းအပင်း၏ ခိုလှုံရာဖြစ်သည်။ ကျွန်ုပ်တို့အားလုံးသည် နှိပ်စက်ညှဉ်းပန်းခြင်းနှင့် အခြားအခက်အခဲအမျိုးမျိုးကို ခံကြရသည်။ သို့သော် ယင်းက ကျွန်ုပ်တို့အား အတူတကွစုစည်းစေကာ ဘုရားသခင်၏ စစ်မှန်သော ကမ္ဘာ့အဖွဲ့အစည်းတစ်ခုအဖြစ် စည်းလုံးမှု ရှိစေသင့်သည်။ ပေတရုပြောသည့်အတိုင်း ကျွန်ုပ်တို့သည် ဘုရားသခင်၏ တန်ခိုးကြီးသောလက်တော်အောက်၌ ကိုယ့်ကိုယ်ကိုနှိမ့်ချလျက် ကိုယ်တော်သည် ကျွန်ုပ်တို့အား ဂရုစိုက်တော်မူသည်ကို သိရှိထားပြီး စိုးရိမ်စရာရှိရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံသင့်သည်။ မာရ်နတ်သည် အဘယ်သူကို မျိုရမည်နည်းဟု လိုက်လံရှာဖွေနေသောကြောင့် သမာသတိရှိရမည်။ သို့သော် ဤကိစ္စတွင် ကျွန်ုပ်တို့တစ်ဦးတည်းမဟုတ်ကြောင်း ပေတရုက ဤသို့ထပ်ဆင့်သည်– “လူ့ပြည်အရပ်ရပ်တို့၌ရှိသော သင်တို့ညီအစ်ကိုများတို့သည် ထိုသို့သောဆင်းရဲကို ခံရကြသည်ဟု သိမှတ်လျက် ယုံကြည်ခြင်း၌ တည်၍ မာရ်နတ်ကို ဆီးတားကြလော့။” ဤရွှင်လန်းအားရဖွယ် အပြည်ပြည်ဆိုင်ရာ ညီအစ်ကိုများအသင်းအပင်းသည် ဘယ်သောအခါမျှ ပြိုကွဲမည်မဟုတ်ပါ။ အကြောင်းမှာ ‘ဘုရားသခင်သည် ခဏဆင်းရဲခံပြီးသော ကျွန်ုပ်တို့ကို စုံလင်တည်ကြည်ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်’ ဟုကတိထားတော်မူသည်။ (၁ ပေတရု ၅:၅-၁၁) စဉ်းစားကြည့်လေ။ ကျွန်ုပ်တို့၏ရွှင်လန်းဖွယ် ညီအစ်ကိုများအသင်းအပင်းသည် အစဉ်တည်ရှိရလိမ့်မည်!
အဓိပ္ပာယ်ပြည့်ဝသော ဘဝအသက်တာ
၁၅။ ယေဟောဝါသက်သေများသည် အဓိပ္ပာယ်ပြည့်ဝသော ဘဝအသက်တာရှိသည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။
၁၅ ဒုက္ခမြားမြောင်သော ဤကမ္ဘာပေါ်တွင် ကျွန်ုပ်တို့ရွှင်လန်းနိုင်ကြခြင်းသည် အဓိပ္ပာယ်ပြည့်ဝသော ဘဝအသက်တာရရှိထားသောကြောင့်ပင်ဖြစ်သည်။ ကျွန်ုပ်တို့အားလည်းကောင်း၊ အခြားသူများအားလည်းကောင်း ရွှင်လန်းစေသော ဓမ္မအမှုကို ကျွန်ုပ်တို့အား အပ်နှင်းထားပြီ။ (ရောမ ၁၀:၁၀) ဘုရားသခင်ထံ၌ အလုပ်လုပ်သူချင်းများဖြစ်ရခြင်းသည် အမှန်တကယ်ပင် ရွှင်လန်းစရာ အခွင့်ထူးပင်ဖြစ်သည်။ ယင်းနှင့်စပ်လျဉ်း၍ ပေါလု ဤသို့ဆိုသည်– “ပေါလုကား အဘယ်သူနည်း။ အာပေါလုကား အဘယ်သူနည်း။ . . . ထာဝရဘုရားသည် အသီးအသီးတို့အား အခွင့်ပေးသနားတော်မူသည်နှင့်အညီ သင်တို့ကို ယုံကြည်ခြင်းသို့ရောက်စေသော ဓမ္မဆရာပေတည်း။ ငါသည် စိုက်ပျိုးသောသူဖြစ်၏။ အာပေါလုသည် ရေလောင်းသောသူဖြစ်၏။ အပင်ကို ကြီးပွားစေသောသူကား၊ ဘုရားသခင်ပေတည်း။ စိုက်ပျိုးသောသူ မတတ်နိုင်။ ရေလောင်းသောသူလည်း မတတ်နိုင်။ ကြီးပွားစေတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏။ သို့သော်လည်း စိုက်ပျိုးသောသူနှင့် ရေလောင်းသောသူသည် တစ်လုံးတစ်ဝတည်းဖြစ်၍ အသီးအသီး မိမိလုပ်သည်အတိုင်း မိမိအကျိုးကို ခံရလိမ့်မည်။ ငါတို့သည် ဘုရားသခင်ထံ၌ အလုပ်လုပ်သောသူချင်းဖြစ်ကြ၏။ သင်တို့သည် ဘုရားသခင်၏ ဥယျာဉ်တော် ဖြစ်ကြ၏။ ဘုရားသခင်၏ ကျောင်းတော်တိုက်လည်း ဖြစ်ကြ၏။”—၁ ကောရိန္သု ၃:၅-၉။
၁၆၊ ၁၇။ ယေဟောဝါ၏လူမျိုးသည် ရွှင်လန်းဖွယ် အဓိပ္ပာယ်ပြည့်ဝသော ဘဝအသက်တာ များရှိကြောင်း အဘယ်ပုံဥပမာများကို ဖော်ညွှန်းနိုင်သနည်း။
၁၆ ယေဟောဝါ၏အမှုတော်ကို သစ္စာရှိရှိ ထမ်းဆောင်လျှင် ရွှင်လန်းဖွယ်၊ အဓိပ္ပာယ်ပြည့်ဝသော ဘဝအသက်တာ ရရှိနိုင်ကြောင်း ဖော်ညွှန်းသည့် ပုံဥပမာများစွာကို တင်ပြနိုင်ပါသည်။ ဤသို့ပြောဆိုကြလေ့ရှိသည်– “ပြည့်လျှံနေတဲ့ ဘုရားသခင့်နိုင်ငံတော်ခန်းမ [ယင်းဆက်ကပ်အပ်နှံပွဲနေ့] ကိုကြည့်လိုက်တဲ့အခါ ကျွန်တော့်မိသားစု ရှစ်ယောက်ဖြစ်တဲ့ ကျွန်တော်တို့ လင်မယား၊ ကလေးသုံးယောက်နဲ့ သူတို့ရဲ့ အိမ်ထောင်ဖက်တွေကို တွေ့ရတယ်။ . . . ဘုရားသခင်ရဲ့လုပ်ငန်းတော်မှာ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးရဲ့ ဘဝအသက်တာဟာ တကယ်ပဲဝမ်းသာအားရစရာဖြစ်ပြီး အဓိပ္ပာယ်ပြည့်ဝတယ်။”
၁၇ ယေဟောဝါ၏လုပ်ငန်းတော်တွင် အမှန်အဓိပ္ပာယ်ပြည့်ဝသော ရွှင်လန်းဖွယ်ရာ အသက်တာဘဝကို အဘယ်အသက်အရွယ်ရှိရှိ စတင်နိုင်ကြောင်း သိရခြင်းသည်လည်း အားတက်စရာပင်ဖြစ်သည်။ ဥပမာ၊ ဘိုးဘွားရိပ်သာတစ်ခုတွင် သမ္မာတရားရရှိခဲ့သော အမျိုးသမီးတစ်ဦးသည် အသက် ၁၀၂ နှစ်အရွယ်တွင် ယေဟောဝါသက်သေတစ်ဦးအဖြစ် နှစ်ခြင်းခံယူခဲ့သည်။ ဤနည်းဖြင့် ‘ဘုရားမှန်ကို ကြောက်ရွံ့ပြီး ပညတ်တော်တို့ကို စောင့်ရှောက်’ ကာ ရွှင်လန်းဝမ်းသာ အသက်ချုပ်ငြိမ်းနိုင်ခဲ့သည်။—ဒေသနာ ၁၂:၁၃။
အစဉ်အမြဲ တည်တံ့သော ခိုလှုံရာ
၁၈။ စိတ်မချမ်းမသာဖြစ်ခြင်းကို ပပျောက်စေပြီး ရွှင်လန်းခြင်း တိုးပွားစေရန် မည်သို့ပြုလုပ်နိုင်မည်နည်း။
၁၈ သစ္စာရှိသူများအတွက် ယေဟောဝါ၌ရွှင်လန်းခြင်းသည် အစဉ်အမြဲတည်တံ့သော ခိုလှုံရာဖြစ်သည်။ ဤသို့ဆိုသော်လည်း ယင်းရွှင်လန်းခြင်းကြောင့် စိတ်အားငယ်ရတော့မည်မဟုတ်ဟု မဆိုလိုပါ။ ဂေသရှေမန်ဥယျာဉ်တွင် ယေရှုက “ငါ့စိတ်ဝိညာဉ် သေလောက်အောင် ညှိုးငယ်သည်” ဟုမိန့်တော်မူခဲ့၏။ (မာကု ၁၄:၃၂-၃၄) အတ္တအကျိုးကိုလိုက်စားခြင်းကြောင့် စိတ်မချမ်းမသာ ဖြစ်နေရသည်ဆိုလျှင်ကော မည်သို့ပြုမည်နည်း။ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့၏ဘဝပုံစံကို ပြောင်းလဲပစ်ကြစို့။ ကိုယ်ကျိုးစွန့်၍ လေးလံသော ကျမ်းပေးတာဝန်များကို ထမ်းဆောင်သည့်အတွက်ကြောင့် ရွှင်လန်းခြင်း လျော့နည်းနေရလျှင် ဖိစီးမှုဒဏ်မှ သက်သာရာရပြီး ပြန်အားရဝမ်းသာ ဖြစ်လာနိုင်ရန် ညှိ၍ပြုပြင်ဖို့လိုကောင်းလိုလိမ့်မည်။ ထို့ပြင် အပြစ်နှင့်ပြည့်သော ဇာတိသဘော၊ ဆိုးသွမ်းသောလောကနှင့် မာရ်နတ်ကို အားသွန်ခွန်စိုက် ငြင်းဆန်ခြင်းအားဖြင့် အလိုတော်နှင့်တွေ့ရန် ကြိုးစားမည်ဆိုလျှင် ယေဟောဝါသည် ကျွန်ုပ်တို့အား ရွှင်လန်းခြင်းဆုကျေးဇူးကို ပေးသနားတော်မူလိမ့်မည်။—ဂလာတိ ၅:၂၄; ၆:၁၄; ယာကုပ် ၄:၇။
၁၉။ ဘုရားသခင့်အဖွဲ့အစည်းတွင် ရရှိထားသော အဘယ်အခွင့်အရေးကိုမဆို မည်သို့ယူမှတ်သင့်သနည်း။
၁၉ ဤတွင် ဆွေးနွေးတင်ပြထားသည့်အကြောင်းများစွာနှင့် အခြားအကြောင်း မြောက်မြားစွာတို့ကြောင့် ကျွန်ုပ်တို့ရွှင်လန်းကြသည်။ အသင်းတော် ကြေညာသူများဖြစ်စေ၊ အချိန်ပြည့်လုပ်ငန်းတော် တစ်မျိုးမျိုးတွင် ပါဝင်နေသူများဖြစ်စေ ကျွန်ုပ်တို့သည် သခင်အရှင်၏လုပ်ငန်းတော်တွင် အလုပ်များနေနိုင်ကြသည်။ ယင်းသည်လည်း ကျွန်ုပ်တို့၏ရွှင်လန်းခြင်းကို အမှန်တိုးပွားစေပါမည်။ (၁ ကောရိန္သု ၁၅:၅၈) ယေဟောဝါအဖွဲ့အစည်းတွင် မည်သည့်အခွင့်အရေးမဆို ရရှိထားစေကာမူ ကျေးဇူးတင်ကြစို့။ ရွှင်လန်းသော မေတ္တာရှင်ဘုရားသခင်၏ မြင့်မြတ်လှသည့်လုပ်ငန်းတော်ကို ဝမ်းသာအယ်လဲ ဆက်လက်ဆောင်ရွက်ကြစို့။—၁ တိမောသေ ၁:၁၁။
၂၀။ ကျွန်ုပ်တို့၏အကြီးမြတ်ဆုံး အခွင့်အရေးကား အဘယ်နည်း။ အဘယ်အရာကို ကျွန်ုပ်တို့စိတ်ချနိုင်သနည်း။
၂၀ ယေဟောဝါ၏ မြင့်မြတ်သောနာမတော်ကို ကိုယ်တော်၏သက်သေများအဖြစ် ခံယူခွင့်ရရှိထားသောကြောင့် ကျွန်ုပ်တို့အထူးတလည်ရွှင်လန်းနိုင်ကြသည်။ ကျွန်ုပ်တို့သည် မစုံလင်သူများဖြစ်ကြပြီး စုံစမ်းခြင်းအမျိုးမျိုး ကြုံတွေ့ကြရသည်မှာမှန်၏။ သို့သော် ယေဟောဝါသက်သေများအဖြစ် ကျွန်ုပ်တို့ခံစားရသော ကောင်းချီးမင်္ဂလာမြောက်မြားစွာတို့ကို အမြဲသတိရကြစို့။ ချစ်ခင်စဖွယ်ကောင်းသော ကောင်းကင်ခမည်းတော်၏ ကူညီမစမှုကိုလည်း မပျက်မကွက် ရမည့်အကြောင်း မမေ့ပါနှင့်။ ယေဟောဝါ၌ ရွှင်လန်းခြင်းသည် ကျွန်ုပ်တို့၏ခိုလှုံရာဖြစ်ပါက အစဉ်ကောင်းချီးရမည်ကို ယုံကြည်စိတ်ချနိုင်ပါသည်။
သင်မည်သို့ ဖြေဆိုမည်နည်း
◻ “ယေဟောဝါ၌ ရွှင်လန်းခြင်း” ကားအဘယ်နည်း။
◻ ခရစ်ယာန်များသည် ရွှင်လန်းခြင်း အစစ်အမှန်ကို မည်သို့ရရှိနိုင်သနည်း။
◻ ယေဟောဝါသက်သေများ ရွှင်လန်းခြင်းရှိကြသည့်အကြောင်းအချို့ကား အဘယ်နည်း။
◻ ယေဟောဝါ၌ ရွှင်လန်းခြင်းသည် အဘယ်ကြောင့် အစဉ်အမြဲတည်တံ့သော ခိုလှုံရာ ဖြစ်ရသနည်း။