စာရိတ္တပျက်ပြားမှု မရှိသည့် ကမ္ဘာဆိုင်ရာ ကတိတော်
စာရိတ္တပျက်ပြားမှုသည် အဆင့်အတန်းအမျိုးမျိုးရှိ အဖွဲ့အစည်းတိုင်းသို့ ထိုးဖောက်ဝင်ရောက်နေပြီ။ အုပ်ချုပ်ရေး၊ သိပ္ပံပညာ၊ အားကစား၊ ဘာသာတရား (ဝါ) စီးပွားရေးလုပ်ငန်းတို့တွင် စာရိတ္တပျက်ပြားမှုသည် ထိန်းသိမ်း၍မရဟန်ရှိသည်။
တစ်နိုင်ငံပြီးတစ်နိုင်ငံတွင် စာရိတ္တပျက်ပြားမှုနှင့်ပတ်သက်သည့် စိတ်ပျက်စရာ ကောင်းသည့်သတင်းများသည် ခေါင်းကြီးပိုင်းတွင် ဖော်ပြဝေဖန်ထားသည်။ ပြည်သူလူထု၏အကျိုးစီးပွားအတွက် တာဝန်ခံလုပ်ဆောင်သူများသည် မိမိတို့၏အကျိုးစီးပွားကိုသာ လုပ်ဆောင်သူများအဖြစ် ဖော်ပြခံနေရသည်။ အများအခေါ် “ကော်လာဖြူရာဇဝတ်မှု” သည် သောင်းကျန်းမင်းမူနေသည်။ အထက်တန်းလွှာ သို့မဟုတ် လူကုံထံများသည် မိမိတို့၏ပုံမှန်လုပ်ငန်းများပါဝင်လုပ်ဆောင်မှုတွင် ကျင့်ဝတ်ဆိုင်ရာနှင့် ရာဇဝတ်မှုဆိုင်ရာ ကြီးလေးသောချိုးဖောက်မှုများကို ကျူးလွန်ကြသည်။
နိုင်ငံတစ်နိုင်ငံတွင် “နှစ်နှစ်တာရဲစုံစမ်းစစ်ဆေးမှုနှင့် နေ့စဉ်နီးပါးမျှ ဖမ်းဆီးချုပ်နှောင်ခြင်းတို့က ပြင်မရသည့်စာရိတ္တပျက်ပြားသူများကို အဟန့်အတားမဖြစ်ဘဲရှိနေတုန်းပင်ဖြစ်သည်” ဟု ဗြိတိသျှ စီးပွားရေးပညာရှင်မဂ္ဂဇင်းက ဆိုသည်။
စာရိတ္တပျက်ပြားမှုများ ယင်းကဲ့သို့ပျံ့နှံ့မှုကြောင့် ယနေ့များစွာသောသူတို့သည် မိမိတို့ယုံကြည်ကိုးစားနိုင်မည့်သူ တစ်ယောက်မျှမရှိပါဟု ယူဆကြသည်။ သူတို့သည် ကျမ်းရေးသူဒါဝိဒ်၏ သဘောထားကို ပဲ့တင်ထပ်ကြသည်– “လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်းဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏။ ကောင်းသောအကျင့်ကိုကျင့်သောသူ မရှိ။ တစ်ယောက်မျှမရှိ။”—ဆာလံ ၁၄:၃။
သင်သည် ဤအမှန်တကယ်ပျံ့နှံ့နေသည့် စာရိတ္တပျက်ပြားမှုကို မည်သို့ခုခံတွန်းလှန်နိုင်မည်နည်း။ ယနေ့လူအများစုသည် ယင်းကိုလုံးဝလျစ်လျူရှုထားကြသည်။ သို့သော်သင်သည် စာရိတ္တပျက်ပြားမှုကို လျစ်လျူရှုထားလျှင်ပင် ယင်းက သင့်ကိုထိခိုက်စေနေဆဲပင်ဖြစ်သည်။ မည်သို့အားဖြင့်နည်း။
စာရိတ္တပျက်ပြားမှုက သင့်ကိုထိခိုက်
ကြီးမားသောအတိုင်းအတာနှင့်ဖြစ်စေ၊ သေးငယ်သောအတိုင်းအတာနှင့်ဖြစ်စေ၊ စာရိတ္တပျက်ပြားမှုနှစ်မျိုးစလုံးက နေထိုင်မှုစရိတ်ကိုတိုးများစေကာ၊ ထုတ်လုပ်မှုအရည်အသွေးလျော့ပါးစေခြင်းဖြင့် အလုပ်အကိုင်များရှားပါးပြီး လုပ်ခသာ၍နည်းစေခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ဥပမာ၊ အလွဲသုံးစားလုပ်ခြင်းနှင့် ကလိန်ကျခြင်းကဲ့သို့သော ရာဇဝတ်မှုများကြောင့် ဆုံးရှုံးမှုသည် ဖောက်ထွင်းမှု၊ ဓားပြမှု၊ ခိုးမှုတို့နှင့်ဆက်စပ်နေသည့် ဆုံးရှုံးမှုထက် အနည်းဆုံးဆယ်ဆပို၍များကြောင်း ခန့်မှန်းထားသည်။ “အမေရိကန်တွင် ကော်ပိုရေးရှင်းအဖွဲ့များဆိုင်ရာ ရာဇဝတ်မှုများကြောင့်ဆုံးရှုံးမှုသည် ဒေါ်လာ ၂၀၀,၀၀၀,၀၀၀,၀၀၀—ရာဇဝတ်ဂိုဏ်းများကြောင့်ဆုံးရှုံးမှု၏သုံးဆ ရှိသည်ဟု ခန့်မှန်းထား” ကြောင်း ဗြိတဲန်နစ်ကာစွယ်စုံကျမ်းသစ် (၁၉၉၂) ကဆိုသည်။ ဤထိခိုက်မှုများသည် အလွယ်အကူတွေ့မြင်နိုင်မည်မဟုတ်သော်လည်း “ဤကဲ့သို့သောရာဇဝတ်မှုများသည် လုပ်သားများ၊ စားသုံးသူများနှင့် ဝန်းကျင်တို့၏လုံခြုံမှုအပေါ် ကြီးမားသောအရှိန်ဖြင့် ထိခိုက်ထိုးနှက်ခဲ့ပြီ” ဖြစ်ကြောင်း ဤအခြေခံအကြောင်းရင်းက ရှင်းပြသည်။
စာရိတ္တပျက်ပြားမှုကြောင့်ဖြစ်သည့် နာကြည်းဖွယ်အသီးများက ရှောလမုန်မင်း၏ ဤစကားများကို ကျွန်ုပ်တို့အားသတိရစေသည်– “တစ်ဖန်တုံ၊ နေအောက်မှာပြုသမျှသော ညှဉ်းဆဲခြင်းတို့ကိုငါထပ်၍ဆင်ခြင်၏။ ညှဉ်းဆဲခြင်းကိုခံရသောသူတို့သည် ငိုကြွေးသော်လည်း၊ ချမ်းသာပေးနိုင်သောသူမရှိ။ ညှဉ်းဆဲတတ်သောသူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူမရှိ။”—ဒေသနာ ၄:၁။
သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် စာရိတ္တပျက်ပြားမှုကို မိမိတို့ကိုယ်တိုင် လက်မြှောက်အလျှော့ပေးလိုက်ရန်လော။ ယင်းသည် မရှောင်လွှဲနိုင်သောအရာဖြစ်နေပါသလော။ စာရိတ္တပျက်ပြားမှုမရှိသည့်ကမ္ဘာသည် စိတ်ကူးယဉ် အိပ်မက်တစ်ခုလော။ မဟုတ်သည်မှာ ဝမ်းသာစရာပင်! ကျမ်းစာက ကျွန်ုပ်တို့အား မတရားမှုနှင့် တရားမဲ့မှုတို့သည် မကြာမီပယ်ရှားခံရမည်ဖြစ်ကြောင်း သွန်သင်သည်။
ကျွန်ုပ်တို့အား ကျမ်းစာသွန်သင်သည့်အရာ
ကျမ်းစာက စာရိတ္တပျက်ပြားမှုသည် အစွမ်းထက်သော ကောင်းကင်တမန်တစ်ပါးက ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့ပြီး မိမိနှင့်ပူးပေါင်းရန် ပထမလူမောင်နှံစုံကို သွေးဆောင်ခဲ့ချိန်တွင် အစပြုခဲ့ကြောင်း ကျွန်ုပ်တို့အားပြောပြသည်။ (ကမ္ဘာဦး ၃:၁-၆) သူတို့၏အပြစ်ပြုသော လမ်းစဉ်မှ ကောင်းကျိုးတစ်စုံတစ်ခုမျှ ထွက်ပေါ်မလာပါ။ ယင်းအစား အာဒံနှင့်ဧဝတို့ ယေဟောဝါဘုရားသခင်ကို ပုန်ကန်သည့်နေ့မှစ၍ စာရိတ္တပျက်ပြားမှု၏ဆိုးကျိုးများကို စတင်ခံစားခဲ့ကြရသည်။ သူတို့၏ခန္ဓာကိုယ်သည် တဖြည်းဖြည်းယိုယွင်းလာပြီး မလွဲရှောင်နိုင်သည့် သေခြင်းသို့ ဦးတည်နေသည်။ (ကမ္ဘာဦး ၃:၁၆-၁၉) ဤအချိန်မှစ၍ သမိုင်းသည် တံစိုးစားမှု၊ လှည့်စားမှု၊ ကလိန်ကျမှုအစဉ်အလာများနှင့် တင်းကျမ်းဖြစ်နေသည်။ သို့ဖြစ်သော်လည်း ပြစ်မှုကျူးလွန်သူအများစုသည် အပြစ်စီရင်ခြင်းမခံရဘဲဖြစ်နေပုံရှိသည်။
သာမန်ရာဇဝတ်သားများနှင့်မတူဘဲ စာရိတ္တပျက်ပြားသော တာဝန်ရှိလူကြီးများသည် ထောင်ကျခဲသည် သို့မဟုတ် တရားမဝင်ရရှိထားရာအတွက် လျော်ကြေးပေးကြသည်။ တံစိုးစားခြင်း၊ လာဘ်ထိုးထားခြင်း၊ လခပေးထားခြင်းတို့ကို တိတ်တဆိတ်လုပ်ထားလေ့ရှိသောကြောင့် အဆင့်မြင့်စာရိတ္တပျက်ပြားမှုကို ထင်ထင်ပေါ်ပေါ်အထုပ်ဖြေပြရန် ခက်ခဲလေ့ရှိသည်။ သို့သော်ယင်းက စာရိတ္တပျက်ပြားမှုမရှိသည့်ကမ္ဘာသည် စိတ်ကူးယဉ်အိပ်မက်တစ်ခုဖြစ်သည်ဟု မဆိုလိုပါ။
စာရိတ္တပျက်ပြားမှုအချုပ်အနှောင်မှ လွတ်ကျွတ်ခြင်းသည် လူ့ဖန်ဆင်းရှင်ယေဟောဝါထံတော်မှ သက်ရောက်မည်။ ဘုရားသခင်ကြားဝင်ခြင်းသည် တစ်ခုတည်းသောဖြေရှင်းမှုဖြစ်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ လူသားများမမြင်နိုင်သောရန်သူ စာတန်မာရ်နတ်သည် လူ့လောကကို ဆက်လက်လှည့်ဖြားနေသည်။ ၁ ယောဟန် ၅:၁၉ တွင် ကျွန်ုပ်တို့ဖတ်ရသကဲ့သို့ “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ရှိကြသည်။” သက်ဆိုင်သူအများစု အပြစ်ဒဏ်မခံရသည့် တိုးပွားနေသောစာရိတ္တပျက်ပြားမှုကို ရှင်းပြနိုင်သည့်အခြားအရာရှိနိုင်ပါမည်လော။
အဘယ်လူသားစု၏ အားထုတ်မှုမျှ စာတန်နှင့် သူ၏နတ်ဆိုးများကို မနှိမ်နင်းနိုင်ပါ။ ဘုရားသခင့်ကြားဝင်မှုကသာလျှင် နာခံမှုရှိသောလူသားများအား “ဘုရားသခင်သားတို့၏ ထူးမြတ်သောလွှတ်ခြင်းချမ်းသာ” ကို အာမခံချက်ပေးနိုင်သည်။ (ရောမ ၈:၂၁) ယေဟောဝါက မကြာမီ စာတန်သည် လူသားတို့အားမလှည့်ဖြားနိုင်အောင် ချုပ်ထားခြင်းခံရမည်ဖြစ်ကြောင်း ကတိပြုတော်မူသည်။ (ဗျာဒိတ် ၂၀:၃) ထိုအချိန်အတွင်း ကျွန်ုပ်တို့သည် စာရိတ္တပျက်ပြားမှုမရှိသော ကမ္ဘာသစ်တွင် နေလိုပါက ဤလောက၏စာရိတ္တပျက်ပြားသောလမ်းစဉ်များကို ငြင်းပယ်ရမည်။
လူများပြောင်းလဲနိုင်
ယေရှုခရစ်၏အချိန်ကာလက မိမိတို့၏အာဏာကိုအလွဲသုံးစားပြုသူများနှင့် လူသားချင်းတို့ကို ဖိနှိပ်သူများရှိခဲ့ကြသည်။ ဥပမာအနေနှင့် အခွန်ခံများသည် သူတို့၏စာရိတ္တပျက်ပြားသော အကျင့်အကြံများကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည်။ ယင်းသည် အတိအကျဖော်ပြထားသော ဘုရားသခင့်ပညတ်ရှိလင့်ကစားဖြစ်ပျက်ခဲ့သည်– “သင်သည် တံစိုးမစားရ။ တံစိုးသည် ပညာရှိ၏မျက်စိကို ကွယ်စေ၍ ဖြောင့်မတ်သောသူတို့၏ စကားကိုလွဲစေတတ်၏။” (ထွက်မြောက်ရာ ၂၃:၈) အခွန်ခံခေါင်းဇက္ခဲက မတော်မတရားစွဲချက်တင်ကာ မရမကတောင်းခဲ့ကြောင်း ဝန်ခံခဲ့သည်။ သို့သော် ယေရှုသည် လူမှုရေးဘဝပုံစံကို အသစ်ပြုပြင်ရန် ကမကထပြုမည့်အစား နောင်တရရန်နှင့် စာရိတ္တပျက်ပြားသောလမ်းစဉ်များကို စွန့်လွှတ်ရန် တစ်ဦးချင်းနှင့် ဆက်ဆံခဲ့သည်။ ရလဒ်အနေနှင့် မဿဲနှင့် ဇက္ခဲတို့ကဲ့သို့သော စာရိတ္တပျက်ပြားသည်ဟု သတင်းထွက်သည့် အခွန်ခံများသည် မိမိတို့၏ဘဝပုံစံဟောင်းများကို စွန့်လွှတ်ခဲ့ကြသည်။—မဿဲ ၄:၁၇; ၉:၉-၁၃; လုကာ ၁၉:၁-၁၀။
ယနေ့မရိုးသားသည့်အကျင့်အကြံများတွင် ပါဝင်ပတ်သက်ခဲ့သူများသည် “မှန်သောဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းပါရမီအားဖြင့် ဘုရားသခင်နှင့်အတူအမျှဖန်ဆင်းတော်မူသော လူသစ်ကိုယူတင်ဝတ်ဆောင်” ခြင်းအားဖြင့် စာရိတ္တပျက်ပြားမှုကို အလားတူငြင်းပယ်နိုင်ကြသည်။ (ဧဖက် ၄:၂၄) အခွန်များကို ရိုးသားစွာပေးရန် သို့မဟုတ် သံသယဖြစ်ဖွယ်စီမံကိန်းများတွင် ပါဝင်ခြင်းကို ရပ်တန်းကရပ်ရန်မှာ မလွယ်ကူလှပါ။ သို့သော်လည်း မည်သည့်အားထုတ်မှုမဆိုသည် အကျိုးနပ်ပါသည်။
ဤစာရိတ္တပျက်ပြားသောလောက၏ ပုံသွင်းမခံရတော့ဘဲ အခြားသူများ၏ကောင်းကျိုးအတွက် စိုးရိမ်ပူပန်သောသူများသည် အတွင်းငြိမ်သက်မှုကို ခံစားကြရသည်။ မှားယွင်းလုပ်ဆောင်မှုတွင် ဖမ်းချုပ်ထားခြင်းခံရလေမလားဟု ထိတ်လန့်ပူပန်စရာမရှိတော့ပါ။ ယင်းအစား သူတို့သည် ဩတ္တပ္ပစိတ်ကောင်းကို ပိုင်ဆိုင်ခံစားကြရသည်။ သူတို့သည် ပရောဖက်ဒံယေလနှင့်ပတ်သက်သော ကျမ်းစာပါပုံနမူနာကို တုပကြသည်။ ကျမ်းစာမှတ်တမ်းက အရာရှိကြီးများသည် ဒံယေလတစ်ဖက်တွင် တစ်စုံတစ်ခုသော အပြစ်အနာအဆာကို မပြတ်ရှာဖွေနေကြောင်း ဆိုထားသည်။ “ဒံယေလသည် သစ္စာနှင့်ပြည့်စုံ၍ အပြစ်တစ်စုံတစ်ခုမျှမရှိသောကြောင့် အပြစ်တင်ခွင့်ကို ရှာ၍မတွေ့ကြ။”—ဒံယေလ ၆:၄။
ယေဟောဝါ၏ကတိတော်
ယေဟောဝါက “အဓမ္မလူသည် အကြိမ်တစ်ရာတိုင်အောင် အဓမ္မအမှုကိုပြု၍ အသက်တာရှည်သော်လည်း ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့သည် ရှေ့တော်၌ကြောက်ရွံ့သောကြောင့်၊ ကောင်းသောအကျိုးကို ခံရကြမည်ဟု ငါအမှန်သိ၏။ အဓမ္မလူမူကား ဘုရားသခင့်ရှေ့တော်၌ မကြောက်ရွံ့သောကြောင့် ကောင်းသောအကျိုးကို မခံရ။ အရိပ်နှင့်တူသော မိမိအသက်သည်လည်းမရှည်ရ” ဟု ကတိပေးထားသည်။—ဒေသနာ ၈:၁၂၊ ၁၃။
စိတ်မချမ်းမြေ့မှုကိုဖြစ်စေသော စာရိတ္တပျက်ပြားမှုမရှိတော့သည့်အခါတွင် မည်မျှသက်သာရာရလိမ့်မည်ဖြစ်ခြင်း! စာရိတ္တပျက်ပြားမှုမရှိသည့်ကမ္ဘာတွင် ထာဝစဉ်အသက်ရှင်ရန်မှာ ကောင်းချီးတစ်ရပ်ပါတကား! ယင်းသည်မဖြစ်နိုင်သောအရာမဟုတ်။ ကျမ်းစာက “မုသာနှင့်ကင်းစင်သော ဘုရားသခင်သည် ရှေးကပ်ကာလမရောက်မီ ကတိထားတော်မူ . . . သော ထာဝရအသက်ကို မျှော်လင့်” ခြင်းအကြောင်းပြောထားသည်။ (တိတု ၁:၁၊ ၂) သင်သည် စာရိတ္တပျက်ပြားမှုကို ရွံမုန်းပြီး ဖြောင့်မတ်မှန်ကန်ရာကို ချစ်မြတ်နိုးလျှင် စာရိတ္တပျက်ပြားမှုမရှိသည့် ကမ္ဘာနှင့်ပတ်သက်သော ဘုရားသခင့်ကတိတော်၏ ပြည့်စုံမှုကို ကောင်းစွာတွေ့မြင်ရပေမည်။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
စာရိတ္တပျက်ပြားမှုသည် အုပ်ချုပ်ရေးနှင့် စီးပွားရေးနယ်ပယ်တွင်များပြားသည်
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
စာရိတ္တပျက်ပြားမှုက တာဝန်ခံအရာရှိများနှင့် ဆက်ဆံရေးကိုထိခိုက်စေလေ့ရှိ