အလွန်အဖိုးထိုက်သောပုလဲတစ်လုံးကို ကျွန်ုပ်တို့အားပေးခဲ့
ရစ်ချဒ်ဂွန်သာ ပြောပြသည်
၁၉၅၉ စက်တင်ဘာလကဖြစ်သည်။ ဂျူလီယိုစီဇာသင်္ဘောကိုစီးပြီး အတ္တလန်တိတ်သမုဒ္ဒရာကို ကျွန်တော်တို့ဖြတ်ကူးကာ နယူးယောက်မြို့မှ စပိန်နိုင်ငံ၊ ကဒစ်ဇ်မြို့သို့ သွားနေကြသည်။ ကျွန်တော်နှင့်ကျွန်တော့်ဇနီးရီတာကို အခြားသာသနာပြုမောင်နှံစုံဖြစ်သည့် ပေါလ်နှင့်အဲဗလင် ဟန်ဒတ်မာ့ခ်တို့နှင့်အတူ ထိုအိုင်ဘီရီယန်နိုင်ငံတွင်အမှုဆောင်ရန် ကင်းမျှော်စင်အသင်းကတာဝန်အပ်နှင်းခဲ့သည်။ အခက်အခဲအမျိုးမျိုးကို ကျွန်တော်တို့ကြုံကြိုက်ကြရတော့မည်ဖြစ်သည်။ သို့သော် သာသနာပြုလုပ်ငန်းသို့ ကျွန်တော်တို့မည်သို့ဝင်ရောက်ထမ်းဆောင်လာကြသနည်း။
ရီတာနှင့်ကျွန်တော်သည် ၁၉၅၀ ခုနှစ်တွင် ယူ.အက်စ်.အေ. နယူးဂျာစီမြို့၌ ယေဟောဝါသက်သေများအဖြစ် နှစ်ခြင်းခံခဲ့သည်။ ထို့နောက်များမကြာမီအချိန်တွင် အလွန်အဖိုးထိုက်သောပုလဲတစ်လုံးကို ကျွန်တော်တို့ပိုင်ဆိုင်ခွင့်ရစေသည့် ဆုံးဖြတ်ချက်တစ်ခုကိုပြုခဲ့ကြသည်။ ကျွန်တော်တို့အသင်းတော်ရပ်ကွက်တွင်အမှုဆောင်ညီအစ်ကိုညီအစ်မ အလုံအလောက်ရှိနေသည်။ ယင်းကြောင့် ဟောပြောသူများ အလုံအလောက်မရှိသောနေရာတွင် သွားရောက်အမှုဆောင်ရန် စေတနာ့ဝန်ထမ်းအဖြစ်ထမ်းဆောင်လျှင်ကောင်းမည်ဟု ကျွန်တော်တို့ယူမှတ်ခဲ့ကြသည်။ ၁၉၅၈ ခုနှစ်နွေကာလ၊ နယူးယောက်မြို့၌ ယေဟောဝါသက်သေများကျင်းပသည့် အပြည်ပြည်ဆိုင်ရာစည်းဝေးပွဲကြီးတွင် သာသနာပြုလုပ်ငန်း၌ပါဝင်ဆောင်ရွက်ရန် လျှောက်လွှာရေးတင်ခဲ့ကြသည်။
ထိုနောက်များမကြာမီအချိန်တွင် ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်းကိုတက်ဖို့ ကျွန်တော်တို့ဖိတ်ခေါ်ခံရသည်။ တစ်နှစ်အတွင်း သာသနာပြုများအဖြစ် စပိန်နိုင်ငံသို့သွားရန် အသင့်ပြင်ဆင်နေကြရသည်။ ခရီးသွားရန်အစီအစဉ်များပြုလုပ်၍ စိတ်တက်ကြွနေကြသည့်အတွက် ကျွန်တော်တို့အား ပေးအပ်ခဲ့သည့်အရာကို ကောင်းစွာသဘောမပေါက်ကြပါ။ ယေရှုသည် အလွန်အဖိုးထိုက်သောပုလဲတစ်လုံးအကြောင်း ပြောဆိုဖူးသည်။ (မဿဲ ၁၃:၄၅၊ ၄၆) ကိုယ်တော့်ပုံဥပမာ၏အကြောင်းရင်းမဟုတ်သော်လည်း သာသနာပြုများအဖြစ် အမှုထမ်းခွင့်ရခြင်းသည် ကျွန်တော်တို့အတွက် ထိုပုလဲကိုရခြင်းနှင့်တူပါသည်။ နောက်ကြောင်းပြန်ကြည့်သည့်အခါ ယေဟောဝါအဖွဲ့အစည်းတွင် ဤထူးမြတ်သောအမှုထမ်းခွင့်ကို ယခုသာ၍ပင်တန်ဖိုးထားကြသည်။
မမေ့နိုင်သောအတွေ့အကြုံ
ထိုစဉ်က နယူးယောက်ပြည်နယ်၊ ဖင်းဂါးလိတ်စ်ဒေသရှိ အလွန်လှပသောကျေးလက်တောရွာဝန်းကျင်တွင် ဂိလဒ်သာသနာပြုသင်တန်းကို ပို့ချခဲ့သည်။ ထိုတွင်ခြောက်လတာကာလအတွင်း လောကီရေးရာပြဿနာများမှသီးခြားနေပြီး ကျမ်းစာလေ့လာမှုနှင့် စစ်မှန်သောခရစ်ယာန်ပေါင်းသင်းမှုကို အပြည့်အဝခံစားခဲ့ကြရသည်။ ကျွန်တော်တို့နှင့်အတူ သင်တန်းတက်ခဲ့သူများသည် ဩစတြေးလျ၊ ဘိုလီးဗီးယား၊ ဗြိတိန်၊ ဂရိနှင့် နယူးဇီလန်နိုင်ငံများပါအပါအဝင် ကမ္ဘာ့ဒေသအသီးသီးမှ ရောက်လာကြသည်။ ၁၉၅၉ ဩဂုတ်လတွင် ကျွန်တော်တို့သည် သာသနာပြုရန်တာဝန်ကျရာဒေသအသီးသီးသို့ မျက်ရည်တဝဲလည်လည်နှင့် နှုတ်ဆက်ခွဲခွာခဲ့ကြရသည်။ တစ်လအကြာတွင် စပိန်မြေကို ကျွန်တော်တို့နင်းလိုက်ကြသည်။
ယဉ်ကျေးမှုအသစ်
ဧရာမဂျီဘရော်တာကျောက်ဆောင်အနီး အဲလ်ဂျီစာရစ္စတောင်ဘက်ဆိပ်ကမ်း၌ ကျွန်တော်တို့ကမ်းကပ်ခဲ့သည်။ ထိုညတွင် ကျွန်တော်တို့လေးယောက်—ရီတာ၊ ကျွန်တော်နှင့် ဟန်ဒတ်မာ့ခ်မောင်နှံစုံ—တို့သည် မဒရစ်ဒ်မြို့သို့ရထားစီးသွားကြသည်။ ဟိုတယ်မာကားဒေါသို့ရောက်သောအခါ အသင်းမ၏လျှို့ဝှက်ဌာနခွဲမှ ညီအစ်ကိုများကို စောင့်မျှော်နေကြရသည်။ ထိုစဉ်က စပိန်နိုင်ငံသည် ဗိုလ်ချုပ်ကြီးဖရန်စစ္စကိုဖရန်ကို၏ အာဏာရှင်စနစ်အောက်တွင်ရှိသည်။ ယင်းကြောင့် ထိုနိုင်ငံတွင်အသိအမှတ်ပြုခံရသော တရားဝင်ဘာသာတစ်ခုတည်းသာရှိ၍ ၎င်းကား ရိုမန်ကက်သလစ်ချာ့ချ်ဖြစ်သည်။ အခြားမည်သည့်ဘာသာတရား၏လုပ်ဆောင်မှုမဆို တရားမဝင်ခဲ့ပါ။ ယေဟောဝါသက်သေများ၏ တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းလုပ်ငန်းကိုလည်း ပိတ်ပင်ထားသည်။ ဘာသာရေးအစည်းအဝေးများကိုပင် တားမြစ်ထားသောကြောင့် ထိုစဉ်က စပိန်နိုင်ငံတွင်ရှိ အသင်းတော် ၃၀ မှ ယေဟောဝါသက်သေ ၁,၂၀၀ တို့သည် အခြားနိုင်ငံများနည်းတူ ဘုရားသခင့်နိုင်ငံတော်ခန်းမများတွင် စည်းဝေးခွင့်မရှိကြပါ။ ကိုယ်ပိုင်နေအိမ်များတွင်သာ လျှို့ဝှက်ပြီး ကျွန်တော်တို့စည်းဝေးတက်ခဲ့ကြရသည်။
စပိန်ဘာသာစကားသင်ယူ၍ လုပ်ငန်းစတင်ခြင်း
ကျွန်တော်တို့အတွက် ပထမဦးဆုံးစိန်ခေါ်ချက်မှာ ဘာသာစကားကိုသင်ယူခြင်းဖြစ်သည်။ ပထမလတွင် စပိန်စကားကို နာရီပေါင်း ၁၁ နာရီ နေ့စဉ်သင်ယူကြရသည်။ နံနက်တိုင်း ၄ နာရီသင်ယူကြပြီး ကျန် ၇ နာရီတွင်ကိုယ်တိုင်လေ့လာဖတ်ရှုကြရသည်။ ဒုတိယလ၏နံနက်ပိုင်းတွင် ထပ်တူပြုကြသည်။ သို့သော် မွန်းလွဲပိုင်းတွင် တစ်အိမ်မှတစ်အိမ်ဟောပြောကြရသည်။ သင်စဉ်းစားကြည့်နိုင်မည်လော! ဘာသာစကားမတတ်မြောက်သေးဘဲ စက္ကူကတ်ပြားပေါ်ရေးထားသော အလွတ်ရသည့်နိဒါန်းတစ်ခုဖြင့် ရီတာနှင့်ကျွန်တော်သည် အခြားသူမပါဘဲ တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် ပါဝင်ခဲ့ကြရသည်။
မဒရစ်ဒ်မြို့၏ အလုပ်သမားလူတန်းစားရပ်ကွက်ဖြစ်သည့် ဗဲလီကာ့စ်အရပ်တွင် အိမ်တစ်အိမ်၏တံခါးခေါက်ခဲ့ချိန်ကိုသတိရသည်။ လိုရမည်ရ စက္ကူကတ်ပြားကိုကိုင်ထားပြီး စပိန်စကားဖြင့် ကျွန်တော်ဤသို့ဆိုသည်– “မင်္ဂလာပါ။ ကျွန်တော်တို့ခရစ်ယာန်လုပ်ငန်း ဆောင်ရွက်နေတယ်။ ကျမ်းစာက ဒီလိုပြောတယ်။ (ကျမ်းချက်တစ်ချက်ဖတ်လေ့ရှိသည်။) ဒီစာအုပ်ကလေးကို ယူထားစေချင်တယ်။” အိမ်ရှင်မက စိုက်ကြည့်ပြီး စာအုပ်ကလေးကိုယူလိုက်ပါသည်။ ထိုအိမ်သို့ ပြန်လည်ပတ်သွားသည့်အခါ အိမ်ထဲဖိတ်ခေါ်ခံရသည်။ ကျွန်တော်တို့ပြောဆိုသမျှကို သူစိုက်ကြည့်နားထောင်ရုံနားထောင်နေသည်။ သူမကို ကျွန်တော်တို့အတတ်နိုင်ဆုံး ကျမ်းစာသင်ပေးခဲ့သည်။ သင်အံမှုပြုလုပ်ချိန်တွင် သူမက စိုက်ကြည့်နားထောင်ခဲ့သည်။ အတန်ကြာလေသော် ကျွန်တော်တို့ရောက်စက ဒိုင်အော့စ် (ဘုရား) ဆိုသောစကားမှအပ သူမဘာဆိုဘာမျှနားမလည်ခဲ့သော်လည်း ယင်းစကားလုံးကြောင့် ကောင်းမွန်ရာဖြစ်မည်ဟုမှတ်ယူခဲ့ကြောင်း ကျွန်တော်တို့အားပြောပြပါသည်။ နောက်ပိုင်းတွင် သူမသည် ကျမ်းစာအသိပညာအတော်များများရှိလာပြီး နှစ်ခြင်းခံကာ ယေဟောဝါသက်သေတစ်ဦးဖြစ်လာသည်။
စပိန်ဘာသာစကားသင်ယူခြင်းသည် ကျွန်တော့်အတွက် အလွန်ခဲယဉ်းသည်။ မြို့တွင်းတွင် ခရီးသွားလာစဉ် ကြိယာ၏သဏ္ဌာန်အမျိုးမျိုးကို ကျွန်တော်အလွတ်ကျက်ယူလေ့ရှိသည်။ တစ်ပတ်အတွင်းကျက်ထားသမျှကို နောက်အပတ်တွင်မေ့သွားတတ်သည်! တကယ်စိတ်ဓာတ်ကျစရာပင် ဖြစ်ခဲ့သည်။ ကျွန်တော်မကြာခဏပင် လက်မြှောက်အရှုံးပေးခါနီးဖြစ်သည်။ စပိန်စကားကို ကောင်းကောင်းမပြောတတ်ဘဲ စပိန်ညီအစ်ကိုများကို ဦးစီးခဲ့ရသည့်အတွက် သူတို့သည် ကျွန်တော့်ကိုအတော်ပင်သည်းခံခဲ့ကြရသည်။ ခရိုင်စည်းဝေးပွဲကြီးတစ်ခုတွင် ညီအစ်ကိုတစ်ယောက်သည် စင်မြင့်ပေါ်မှကြေညာရမည့်အကြောင်းကို လက်ရေးဖြင့်ရေးပေးသည်။ သူ၏လက်ရေးကို ကျွန်တော်ကောင်းကောင်းမဖတ်တတ်သည့်အတွက် ကျွန်တော်ဤသို့ကြေညာမိသည်– “ညီအစ်ကိုများရဲ့မျူလီတာ့စ် (ချိုင်းထောက်များ) ကိုမနက်ဖန် ခန်းမကိုယူလာခဲ့ကြပါ။” အမှန်မှာ “ညီအစ်ကိုများရဲ့မာလီတာ့စ် (ဝန်စည်စလယ်များ) ကိုမနက်ဖန် ခန်းမကိုယူလာခဲ့ကြပါ” ဟူ၍ဖြစ်ရမည်။ အားလုံးရယ်စရာဖြစ်သွားသည့်အတွက် ကျွန်တော်လည်း ရှက်ကိုးရှက်ကန်းဖြစ်သွားရသည်။
မဒရစ်ဒ်မြို့တွင် အစပိုင်းစုံစမ်းခြင်းများ
မဒရစ်ဒ်မြို့တွင် ထိုအစပိုင်းနှစ်အနည်းငယ်သည် ရီတာနှင့်ကျွန်တော့်အတွက် စိတ်ဓာတ်ရေးရာဘက်၌ အတော်ပင်ခဲယဉ်းခဲ့သည်။ ကျွန်တော်တို့အိမ်ကိုလွမ်းရုံမက မိတ်ဆွေများကိုလည်း အလွန်သတိရနေသည်။ အမေရိကမှစာရတိုင်း အိမ်ကိုလွမ်းသောစိတ်ပေါ်လာတတ်သည်။ ထိုသို့အကြီးအကျယ်တမ်းတလွမ်းဆွတ်ရသောအချိန်များရှိသော်လည်း တဖြည်းဖြည်းပျောက်သွားပါသည်။ အမှန်မှာ အလွန်အဖိုးထိုက်သောပုလဲတစ်လုံးအတွက် အိမ်၊ မိသားစုနှင့်မိတ်ဆွေများကို စွန့်လွှတ်ခဲ့ကြပြီ။ ကျွန်တော်တို့အလိုက်အထိုက်နေတတ်ရန် လိုနေသည်။
မဒရစ်ဒ်မြို့တွင် ကျွန်တော်တို့စနေထိုင်စဉ်က ဘော်ဒါဆောင်ဟောင်းတစ်ခုတွင် နေထိုင်ခဲ့သည်။ အခန်းနှင့် တစ်နေ့လျှင်အစာသုံးနပ်ရရှိခဲ့သည်။ မှောင်သောအခန်းငယ်တွင် ကောက်ရိုးမွေ့ရာပေါ်အိပ်ခဲ့ကြရသည်။ ကျွန်တော်တို့ရသော လစဉ်ထောက်ပံ့ကြေးအနည်းငယ်သည် လခပေးခြင်းအတွက် လောက်ရုံသာရှိသည်။ များသောအားဖြင့် နေ့လည်စာကို တည်းခိုခန်းတွင်စားလေ့ရှိသည်။ ညစာကို ပူးပူးနွေးနွေးစားနိုင်ရန် ပိုင်ရှင်က မီးဖိုထဲထားပေးတတ်သည်။ သို့ရာတွင် တစ်နေ့လုံးသွားလာစဉ်တွင် ဆာတတ်ကြသည့်အတွက် ထောက်ပံ့ကြေးမကျန်သည့်အခါ ကိုယ်ပိုင်ငွေအနည်းအကျဉ်းကိုအသုံးပြုပြီး အပေါဆုံးချော့ကလက်ကို ရှာဝယ်စားတတ်ကြသည်။ သို့သော် အသင်းမ၏ဇုန်ကြီးကြပ်မှူး အလည်အပတ်ရောက်လာပြီးနောက်တွင် ဤအခြေအနေများပြောင်းလဲခဲ့သည်။ ကျွန်တော်တို့၏အခြေအနေကို သူတွေ့မြင်ပြီး သာသနာပြုအိမ်အဖြစ်အသုံးပြုဖို့ရန် တိုက်ခန်းတစ်ခန်းကို ရှာငှားခိုင်းပါသည်။ ယင်းသည် မီးဖိုချောင်တွင် စည်ပိုင်းပြတ်ထဲရပ်၍ ရေချိုးရခြင်းထက် သာ၍ကောင်းပါသည်။ ယခု ကျွန်တော်တို့မှာရေချိုးခန်း၊ အစာသိမ်းဆည်းရန် ရေခဲသေတ္တာနှင့် အစာချက်ပြုတ်ရန် လျှပ်စစ်မီးဖိုရှိမည်ဖြစ်သည်။ ဤထောက်ညှာမှုအတွက် ကျွန်တော်တို့အလွန်ကျေးဇူးတင်မိသည်။
မဒရစ်ဒ်မြို့တွင် ထူးခြားသောတွေ့ကြုံမှုများ
တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းလုပ်ငန်းကို သတိရှိရှိဆောင်ရွက်ခဲ့ကြရသည်။ မဒရစ်ဒ်မြို့တွင် နေ့စဉ်အုန်းအုန်းကျွက်ကျွက်ရှိခြင်းကြောင့် ကျွန်တော်တို့သည် မထင်မရှားဖြစ်ဖို့ရန် အခွင့်သာခဲ့သည်။ နိုင်ငံခြားသားများနှင့်မတူဖို့ရန် အများဝတ်စားပြုမူသကဲ့သို့ ကျွန်တော်တို့ကြိုးစား၍ဝတ်စားပြုမူပါသည်။ တစ်အိမ်မှတစ်အိမ် ကျွန်တော်တို့၏ဟောပြောနည်းမှာ တိုက်တစ်တိုက်အတွင်းဝင်ပြီး တံခါးတစ်ခုကိုခေါက်၍ ထွက်လာသူအားသက်သေခံပြီးနောက် ထိုတိုက်ခန်း၊ ထိုလမ်းနှင့်ထိုရပ်ကွက်မှ ထွက်ခွာသွားတတ်ကြသည်။ အိမ်ရှင်သည် ရဲကိုအမြဲခေါ်လိုက်နိုင်စရာအကြောင်းရှိသည်။ ထိုကြောင့် ယင်းအရပ်ဒေသတွင် မရှိနေခြင်းက ပညာအရှိဆုံးဖြစ်သည်။ အမှန်မှာ ဤနည်းအတိုင်း သတိချပ်၍အမှုဆောင်သည့်ကြားမှ ပေါလ်နှင့်အဲဗလင် ဟန်ဒတ်မာ့ခ်တို့သည် အဖမ်းခံရပြီး ၁၉၆၀ ခုနှစ်တွင် ပြည်နှင်ခံခဲ့ရသည်။ သူတို့သည် အနီးနားရှိ ပေါ်တူဂီနိုင်ငံသို့သွားပြီး မြေအောက်ဌာနခွဲရုံးလုပ်ငန်းကို ပေါလ်သည် နှစ်ချီ၍ကြီးကြပ်ပေးခဲ့ရသည်။ ယနေ့သူသည် ကာလီဖိုးနီးယားပြည်နယ်၊ စဲန်ဒယေးဂိုးမြို့တွင် မြို့တော်ကြီးကြပ်မှူးအဖြစ် အမှုဆောင်ရွက်နေပါသည်။
သို့ရာတွင် ကျွန်တော်တို့အတွက်မူကား အညီအမျှဖြစ်ခြင်းကို ခံစားခဲ့ရသည်။ လအနည်းငယ်အကြာတွင် ပေါ်တူဂီနိုင်ငံမှ သာသနာပြုခြောက်ဦးအား ထိုနိုင်ငံမှထွက်ခွာရန် အမိန့်ပေးခဲ့သည်! ယင်းက ကျွန်တော်တို့အတွက် ဝမ်းသာစရာဖြစ်လာသည်။ အကြောင်းမှာ ဂိလဒ်တွင် ကျွန်တော်တို့နှင့်အတူ သင်တန်းတက်ခဲ့သော အဲရစ်ခ်နှင့်ဟေဇဲလ် ဗက်ဗရစ်ဂျ်တို့သည် ပေါ်တူဂီမှ စပိန်နိုင်ငံသို့ပြောင်းရွှေ့နေထိုင်ရန် တာဝန်ရခဲ့ကြသည်။ သို့ဖြစ်၍ ၁၉၆၂ ခု၊ ဖေဖော်ဝါရီလတွင် ဟိုတယ်မာကားဒေါသို့ ကျွန်တော်တို့ပြန်ရောက်သွားပြီး အဲရစ်ခ်နှင့်ဟေဇဲလ်တို့ကို ကြိုဆိုခဲ့သည်။
မဒရစ်ဒ်မြို့တွင်ရောက်ခါစ အစောပိုင်းအချိန်တွင် ရီတာနှင့်ကျွန်တော်သည် ဘာသာရေးအရေခြုံမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည်။ တွေ့ရှိသမျှ စွန့်ပစ်ထားရာဆောက်လုပ်ရေးပစ္စည်းများနှင့် ဆောက်ထားသောတဲကုပ်တစ်ခုတွင်နေထိုင်သည့် ဗနာဒိုနှင့်မာရီယားအမည်ရှိ မောင်နှံစုံတစ်စုံနှင့် ကျွန်တော်တို့ကျမ်းစာလေ့လာသည်။ ညနက်သည်အထိ သူတို့နှင့်လေ့လာပြီးနောက် သူတို့တွင်ရှိ ပေါင်မုန့်၊ ဝိုင်နှင့် ဒိန်ခဲ သို့မဟုတ် သူတို့၌ရှိရာကို ဧည့်ခံကျွေးမွေးပါသည်။ သင်အံမှုပြီးသည့်တစ်ညသောအခါ ဒိန်ခဲဘူးကို သူတို့ထုတ်ယူလာသည်။ ၎င်းဘူးအပေါ်တွင် “စပိန်လူမျိုးတို့အတွက် အမေရိကန်လူမျိုးထံမှ—ရောင်းရန်မဟုတ်” ဟုအင်္ဂလိပ်စာလုံးကြီးများ ရေးသားထားသည်။ ဤဆင်းရဲသားမိသားစုသည် ယင်းဒိန်ခဲကို အဘယ်ကရသနည်း။ ဆင်းရဲသားများအား စားစရာဝေငှပေးရန် အစိုးရက ကက်သလစ်ချာ့ချ်ကို အသုံးပြုထားသည်။ သို့သော် ဘုန်းကြီးက ယင်းကိုရောင်းစားနေပါသည်!
စစ်တပ်တွင် အသီးသီးသောဓမ္မအမှု
မကြာမီ ကျွန်တော်တို့အတွက်နှင့် အခြားသူများစွာအတွက်ပါ ကြွယ်ဝသောကောင်းချီးတစ်ရပ်ဖြစ်လာမည့် ဝမ်းသာစရာအကြောင်းတစ်ခု ဖြစ်ပျက်ခဲ့သည်။ မဒရစ်ဒ်မြို့မှ မိုင်အနည်းငယ်ဝေးလံသည့် ယူ.အက်စ်. လေတပ်အခြေစိုက်စခန်းတွင် တာဝန်ကျသော ဝေါလ်တာကီဒဲရှ်အမည်ရှိ လူငယ်တစ်ဦးထံ အလည်အပတ်သွားရန် ဌာနခွဲမှအကြောင်းကြားစာရောက်လာပါသည်။ သူနှင့်သူ၏ဇနီးအပြင် လေတပ်မှအခြားမောင်နှံစုံတစ်စုံနှင့်လည်း ကျွန်တော်တို့ကျမ်းစာသင်အံမှုစတင်နိုင်ခဲ့သည်။
ထိုအချိန်အတောအတွင်း ကျွန်တော်သည် ယူ.အက်စ်. လေတပ်အရာရှိများနှင့် သင်အံမှုငါးခုကို အင်္ဂလိပ်ဘာသာစကားဖြင့် ကျင်းပနေပါသည်။ ၎င်းတို့အနက် ခုနစ်ဦးသည် နှစ်ခြင်းယူလိုက်ပြီး အမေရိကန်နိုင်ငံသို့ပြန်သွားသည့်နောက် အမျိုးသားလေးဦးသည် အသင်းတော်အကြီးအကဲများဖြစ်လာကြသည်။
ထိုအချိန်တွင် ကျွန်တော်တို့၏လုပ်ငန်းကို ပိတ်ပင်ထားသောကြောင့် စာအုပ်စာတမ်းများနှင့်ကျမ်းစာများကို နိုင်ငံတွင်းသို့သွင်းနိုင်သည့်နည်းလမ်း အလွန်နည်းသည်။ သို့ရာတွင် စာပေအချို့ကို ကမ္ဘာလှည့်ခရီးသည်အချို့နှင့် ကျွန်တော်တို့၏အမေရိကန်အဆက်အသွယ်များက ယူလာပေးလေ့ရှိသည်။ လျှို့ဝှက်စာအုပ်စာတမ်းဌာနကိုကြီးကြပ်ရန် ဌာနခွဲက ကျွန်တော့်အား တာဝန်ပေးထားပါသည်။ ၎င်းကို ဗဲလီကာ့စ်အရပ်ရှိစာအုပ်ဆိုင်တစ်ခု၏ အနောက်သိုလှောင်ခန်းတွင်ထားသည်။ ပိုင်ရှင်၏ဇနီးသည် ယေဟောဝါသက်သေတစ်ဦးဖြစ်သည်။ ပိုင်ရှင်ကိုယ်တိုင် သက်သေခံတစ်ဦးမဟုတ်သော်လည်း ကျွန်တော်တို့၏လုပ်ငန်းကို သူလေးစားသည်။ သူသည် သူကိုယ်တိုင်နှင့်သူ၏လုပ်ငန်းထိခိုက်နိုင်မည့်အကြောင်းရှိလျက်နှင့် ဤအနောက်ခန်းတွင် စာအုပ်စာတမ်းများကို ကျွန်တော်ထုပ်ပိုးပြီး တစ်တိုင်းပြည်လုံးသို့ တင်ပို့ပေးနိုင်ရန် ခွင့်ပြုထားပါသည်။ ဤအခန်းသည် ဖုန်ထူ၍စာအုပ်ပုံးများနှင့်ပွနေသောအခန်းပုံစံ အမြဲရှိရမည်ဖြစ်သောကြောင့် အလျင်အမြန်တပ်ဆင်ပြီး အလုပ်လုပ်နိုင်ရန်နှင့် စက္ကန့်ပိုင်းအတွင်း ဖြုတ်၍ဝှက်ထားနိုင်မည့် ခုံရှည်တစ်ခုနှင့်စင်များကို ကျွန်တော်ဆောက်လုပ်ထားရသည်။ အလုပ်ပြီး၍ ဆိုင်ခန်းတွင်မည်သူမျှမရှိတော့သည့်တိုင်စောင့်ပြီးနောက် အထုပ်အပိုးများနှင့် ကျွန်တော်အလျင်အမြန်ထွက်သွားသည်။
ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများနှင့် အခြားစာပေများအစရှိသည့် ဝိညာဏစာပေစာတမ်းများကို တစ်နိုင်ငံလုံးရှိ အသင်းတော်များထံ တင်ပို့ပေးခွင့်ရခြင်းသည် အမှန်အခွင့်ထူးဖြစ်ပါသည်။ ထိုအချိန်အခါသည် တကယ်စိတ်လှုပ်ရှားဖွယ်အချိန်ကာလဖြစ်ခဲ့သည်။
အိမ်တွင်းကျမ်းစာသင်အံမှုပေါင်း ၁၆ ခုကိုရီတာကျင်းပခွင့်ရသည်။ ၎င်းတို့အနက် တစ်ဝက်ခန့်သည် နှစ်ခြင်းခံပြီးသောယေဟောဝါ၏သက်သေများဖြစ်လာကြသည်။ ဒိုလောရစ္စသည် နှလုံးရောဂါကြောင့် အေးချမ်းသောဆောင်းတွင်းတွင် အိပ်ရာထဲနေရသော အိမ်ရှင်မငယ်တစ်ဦးဖြစ်သည်။ နွေဦးပိုင်းတွင် သူမထ၍ အနည်းအကျဉ်းလှုပ်ရှားနိုင်သည်။ ဒိုလောရစ္စသည် ယုံကြည်ခြင်းထက်သန်သဖြင့် ပြင်သစ်နိုင်ငံ၊ တူလူ့စ်မြို့တွင် ခရိုင်စည်းဝေးကြီးကျင်းပရန်အချိန်ကျရောက်သောအခါ သူမအလွန်တက်ရောက်လိုသည်။ သူမ၏နှလုံးရောဂါအခြေအနေကြောင့် ခရီးမသွားသင့်ဟု ဆရာဝန်ကသတိပေးပါသည်။ သူမ၏ခင်ပွန်း၊ မိခင်နှင့်အခြားသူများကိုနှုတ်ဆက်ရန် ဘူတာရုံသို့ အိမ်အဝတ်အစားနှင့် ခြေညှပ်ဖိနပ်ကိုစီးပြီး ဝန်စည်စလည်မပါဘဲလိုက်လာခဲ့သည်။ မျက်ရည်ဝဲလာပြီး မိမိမပါဘဲသူတို့အားလုံးခရီးသွားကြတော့မည်ကို ဝမ်းနည်းစွာကြည့်နေစဉ် သူမပါ ရထားပေါ်တက်ပြီး ပြင်သစ်နိုင်ငံသို့ လိုက်ပါသွားလေတော့သည်! ဤသို့ဖြစ်ပျက်သည်ကို ရီတာမသိလိုက်ပါ။ သို့သော် စည်းဝေးပွဲကြီးတွင် ဒိုလောရစ္စ၏ပြုံးရွှင်သောမျက်နှာကို တွေ့မြင်လိုက်ရ၍ အလွန်အံ့သြဝမ်းသာခဲ့ရသည်!
ထူးခြားသော ကျမ်းစာသင်အံမှု
မဒရစ်ဒ်မြို့၌ ကျွန်တော်တို့တာဝန်ကျခဲ့စဉ် အဖြစ်အပျက်များတွင် “ပါမောက္ခ” ဒေါန်ဘီနစ်ဂနိုဖရန်ကိုအကြောင်းထည့်မပြောဘဲ နိဂုံးမချုပ်နိုင်ပါ။ ဒေသခံသက်သေခံတစ်ဦးသည် ကျွန်တော်တို့အား အလွန်အိုနေသည့်တိုက်ခန်းတွင် ဇနီးဖြစ်သူနှင့်အတူနေထိုင်သော သက်ကြီးရွယ်အိုတစ်ဦးထံ အလည်အပတ်ခေါ်သွားပါသည်။ သူနှင့် ကျမ်းစာသင်အံမှုစတင်နိုင်ခဲ့သည်။ သင်အံမှုကျင်းပချိန် တစ်နှစ်ခွဲအကြာတွင် သူသည် နှစ်ခြင်းခံပြီး ယေဟောဝါသက်သေတစ်ဦးဖြစ်လိုကြောင်း ပြောပါသည်။
ဤသက်ကြီးရွယ်အို ဒေါန်ဘီနစ်ဂနိုဖရန်ကိုသည် ထိုစဉ်က စပိန်နိုင်ငံ၏အာဏာရှင် ဖရန်စစ္စကိုဖရန်ကို၏ဝမ်းကွဲအစ်ကိုဖြစ်သည်။ ဒေါန်ဘီနစ်ဂနိုသည် လွတ်လပ်မှုကိုမြတ်နိုးသူတစ်ဦးဖြစ်သည်။ စပိန်ပြည်တွင်းစစ်တွင် သူသည် သမ္မတနိုင်ငံဘက်မှ သူ၏ဝမ်းကွဲကိုတိုက်ခိုက်ခဲ့သည်။—ဗိုလ်ချုပ်သည် စစ်နိုင်ပြီး အာဏာရှင်အစိုးရကို တည်ထောင်ခဲ့သည်။ ၁၉၃၉ ခုနှစ်ကတည်းက ဒေါန်ဘီနစ်ဂနိုသည် အလုပ်အကိုင်လုပ်ခွင့်မရဘဲ မလုံမလောက်စားသောက်နေထိုင်ခဲ့ရရှာသည်။ သို့ ဖြင့် စပိန်နိုင်ငံ၏စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးဖရန်စစ္စကိုဖရန်ကို၏ဝမ်းကွဲသည် ယေဟောဝါသက်သေတစ်ဦးဖြစ်လာသည်။
မထင်မမှတ်ဘဲရသော ဖိတ်ခေါ်ချက်
၁၉၆၅ ခုနှစ်တွင် စပိန်ဌာနခွဲရုံးက ဘာစီလိုနာပြည်နယ်တွင် တိုက်နယ်လှည့်ရန် ကျွန်တော်တို့အား အခွင့်အရေးကမ်းလှမ်းခဲ့သည်။ ယင်းအတွက် မဒရစ်ဒ်မြို့တွင် ကျွန်တော်တို့အကျွမ်းဝင်ရင်းနှီးခင်မင်ရသည့် ချစ်စရာကောင်းသောညီအစ်ကိုများနှင့် ခွဲခွာကြရတော့မည်ဖြစ်သည်။ ဘဝအတွေ့အကြုံအသစ်တစ်ခုဖြစ်သည်သာမက ကျွန်တော့်အတွက် စမ်းသပ်ချက်တစ်ခုလည်း ယခုစတင်တော့မည်ဖြစ်သည်။ ကျွန်တော့်ကိုယ်ကိုကျွန်တော် အမြဲအားမရခဲ့သောကြောင့် ဤအခွင့်အရေးသည့် ကျွန်တော့်အတွက် စိုးရွံ့စရာဖြစ်ပါသည်။ ဤလုပ်ငန်းကဏ္ဍတွင် ကျွန်တော်ထိရောက်နိုင်ဖို့ ယေဟောဝါသာကူညီပေးခဲ့ကြောင်း ကျွန်တော်ကောင်းကောင်းသိသည်။
အသင်းတော်တစ်ခုထံ ပတ်စဉ်လှည့်ပတ်နေရသည့်အတွက် ညီအစ်ကိုများအိမ်တွင် ကျွန်တော်တို့တည်းခိုရကြသည်။ အတည်တကျနေသည်မရှိဘဲ နှစ်ပတ်တစ်ခါခန့် အိမ်ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ဤသို့ပြုခြင်းသည် အထူးသဖြင့်အမျိုးသမီးတစ်ဦးအတွက် ခဲယဉ်းပါသည်။ သို့သော် များမကြာမီအချိန်တွင် ဘာစီလိုနာပြည်နယ်၌နေထိုင်သော ဟိုစေးနှင့်ရိုဆာ အဲစ်ကရူဒေးတို့က သူတို့အိမ်တွင်ရက်ရှည်တည်းခိုရန် ခေါ်ဖိတ်ပါသည်။ သူတို့၏စေတနာကို ကျွန်တော်တို့အလွန်တန်ဖိုးထားပါသည်။ အကြောင်းမှာ ယင်းအတွက်ကြောင့် ကျွန်တော်တို့သည် ကိုယ်ပိုင်ပစ္စည်းအချို့ကို တစ်နေရာတည်း၌ထားနိုင်ရုံမက တနင်္ဂနွေညတိုင်း ကိုယ့်အိမ်ကိုယ်ပြန်နိုင်ခွင့်ရှိစေသည်။
နောက်လေးနှစ်အတွင်း ရီတာနှင့်ကျွန်တော်သည် မြေထဲပင်လယ်ကမ်းခြေရှိ ကက်တာလိုနီယားပြည်နယ်တွင် တိုက်နယ်လှည့်ခဲ့ကြသည်။ ထိုစဉ်က ကျမ်းစာအစည်းအဝေးအားလုံးတို့ကို ကိုယ်ပိုင်အိမ်များတွင် ပုန်းလျှိုးပုန်းကွယ် ကျင်းပခဲ့ကြရသည်။ တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းလုပ်ငန်းကိုလည်း မသိမသာ သတိရှိရှိထမ်းဆောင်ခဲ့ကြရ၏။ တစ်ခါတစ်ရံ အထူးသဖြင့် တိုက်နယ်စည်းဝေးပွဲကျင်းပသည့်အခါ တောအုပ်တွင် အသင်းတော်တစ်ခုလုံးနှင့်အတူ “ပျော်ပွဲစား” ထွက်ကြသည်။
အလုပ်ပြုတ်၊ လွတ်လပ်ခွင့်ဆုံးရှုံးမည်ကို မစိုးရိမ်ဘဲ အသင်းတော်များကို စည်းစည်းလုံးလုံးနှင့် တက်တက်ကြွကြွရှိနေစေရန် ကြိုးစားအားထုတ်ခဲ့သော တကယ်ချီးကျူးစရာကောင်းသည့် ဝိညာဏညီအစ်ကိုမြောက်မြားစွာတို့ကို ကျွန်တော်တို့မေ့နိုင်မည်မဟုတ်ပါ။ မြို့ကြီးအပြင်ရှိ မြို့ငယ်များသို့ လုပ်ငန်းတိုးချဲ့သွားရန် သူတို့မြောက်မြားစွာ ဦးစီးဦးဆောင်ခဲ့ကြသည်။ ယင်းကြောင့် ၁၉၇၀ ခုနှစ်တွင် စပိန်နိုင်ငံ၌ လွတ်လပ်စွာကိုးကွယ်ဝတ်ပြုခွင့်ရသောအခါ အကြီးအကျယ်တိုးတက်ခဲ့ရခြင်းအကြောင်းဖြစ်သည်။
တိုင်းတစ်ပါးတွင်ထမ်းဆောင်ရသော တာဝန်ကို စွန့်လွှတ်ခဲ့ရခြင်း
စပိန်နိုင်ငံတွင် ကျွန်တော်တို့နေထိုင်ခဲ့သော ဆယ်နှစ်အတွင်း ယေဟောဝါအားအမှုထမ်းခြင်း၏ ဤအထူးကောင်းချီးကို ပျော်မွေ့ခြင်းမှအလိုက်သင့် ပြောင်းလဲရန်ဖြစ်စေသော အကြောင်းတစ်ခုကား ကျွန်တော်တို့မိဘများ၏အခြေအနေဖြစ်သည်။ မကြာခဏဆိုသလို ကျွန်တော်တို့အားခန့်အပ်ထားရာတာဝန်ကိုလက်လွှတ်ပြီး အိမ်ပြန်၍ မိဘနှစ်ပါးကိုပြုစုစောင့်ရှောက်ကြည့်ရှုရမည့်အရေး ပေါ်လာခဲ့သည်။ သို့ရာတွင် ကျွန်တော့်မိဘများအနီးရှိ အသင်းတော်များမှ ညီအစ်ကိုညီအစ်မများ၏ချစ်ခြင်းမေတ္တာကြောင့် စပိန်နိုင်ငံတွင် လုပ်ငန်းဆက်ထမ်းဆောင်နိုင်ခဲ့ရကြသည်။ မှန်ပါသည်၊ သာသနာပြုလုပ်ငန်းတွင် ကျွန်တော်တို့နှစ်ချီဆောင်ရွက်နိုင်ခြင်းသည် တစ်စိတ်တစ်ပိုင်းအနေနှင့် ဘုရားသခင့်နိုင်ငံတော်မှုရေးရာတို့ကို ကျွန်တော်တို့နှင့်တွဲဖက်၍ ရှေ့ ဦးထားသော အခြားသူများကြောင့်ဖြစ်ပါသည်။
နောက်ဆုံး၊ ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျွန်တော့်မိခင်ကိုပြုစုရန် အိမ်ပြန်ခဲ့သည်။ ထိုလတွင်ပင် ကျွန်တော့်ဖခင်ကွယ်လွန်သွားရာ အမေသည် အထီးကျန်ဖြစ်ရတော့သည်။ သို့တိုင် အချိန်ပြည့်လုပ်ငန်း၌ပါဝင်နိုင်ရန် အထိုက်အလျောက်လွတ်လပ်သေးသဖြင့် နယ်လှည့်လုပ်ငန်းတွင်အမှုထမ်းရန် တာဝန်ရပါသည်။ သို့သော် ဤတစ်ကြိမ်တွင် အမေရိကန်နိုင်ငံ၌ဖြစ်သည်။ ထိုအချိန်မှစ၍ နှစ်ပေါင်း ၂၀ တိုင် စပိန်တိုက်နယ်များတွင် အမှုထမ်းခွင့်ရခဲ့သည်။ အလွန်အဖိုးထိုက်သော သာသနာပြုပုလဲလုံးကို ကျွန်တော်တို့လက်လွှတ်ခဲ့ရသော်လည်း အခြားပုလဲတစ်လုံးကို ပြန်ရပါသည်။
မူးယစ်ဆေးဝါးနှင့် အကြမ်းဖက်မှုကြားဟောပြောခြင်း
ယခု ကျွန်တော်တို့သည် ရာဇဝတ်မှုထူပြောသောမြို့ကြီးများနေ ညီအစ်ကိုညီအစ်မမြောက်မြားစွာတို့နှင့်ယှဉ်တွဲ၍အမှုထမ်းနေကြပါသည်။ ဘရွတ်ကလင်၊ နယူးယောက်မြို့တွင် တိုက်နယ်လုပ်ငန်းကိုစတင်ခဲ့သည့် ပထမအပတ်တွင်ပင် ရီတာ၏ပိုက်ဆံအိတ် အလုခံခဲ့ရသည်။
တစ်ချိန်တွင် ရီတာနှင့်ကျွန်တော်သည် နယူးယောက်မြို့၏ အခြားရပ်ကွက်တစ်ခုတွင် အုပ်စုနှင့်အတူ တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းလုပ်ငန်းကို လုပ်ဆောင်နေသည်။ လမ်းထောင့်တစ်ခုကို ကွေ့ဝင်လိုက်ကြသည့်အခါ တိုက်အိုတစ်လုံး၏နံရံရှိ အပေါက်တစ်ပေါက်ရှေ့တွင် လူအချို့တန်းစီရပ်နေသည်ကို ကျွန်တော်တို့တွေ့လိုက်ရသည်။ ဆက်လမ်းလျှောက်ကြသည့်အခါ လမ်းဘေးတွင် ကျွန်တော်တို့ကိုရပ်ကြည့်နေသော လူငယ်တစ်ဦးနှင့်မျက်မှန်းတန်းမိသည်။ အလှမ်းဝေးသောလမ်းထောင့်တစ်ခု၌ အခြားလူငယ်တစ်ဦးသည် ရဲကားများကို စောင့်ကြည့်နေသည်။ မူးယစ်ဆေးဝါးသယ်ယူရောင်းဝယ်ခြင်းလုပ်ဆောင်နေသည့်အခိုက် ကျွန်တော်တို့ရောက်ရှိလာခြင်းဖြစ်သည်။ ပထမအစောင့်က လန့်ဖျပ်သွားသည်။ သို့သော် ကင်းမျှော်စင်ကိုသူတွေ့မြင်လိုက်၍ စိတ်အေးသွားသည်။ ကျွန်တော်သည် ရဲအရာရှိတစ်ဦးဖြစ်နိုင်သည်ကိုး! ထို့နောက် စပိန်စကားဖြင့် “!လို့စ်အာတာလာယာစ်! !လို့စ်အာတာလာယာစ်!” (ကင်းမျှော်စင်၊ ကင်းမျှော်စင်) ဟူ၍သူအော်ပြောလိုက်သည်။ မဂ္ဂဇင်းအားဖြင့် ကျွန်တော်တို့မည်သူမည်ဝါများဖြစ်ကြောင်းကို သူတို့သိကြရာ အားလုံးအဆင်ပြေသွားပါသည်။ သူ၏အနားမှ ကျွန်တော်ဖြတ်သွားစဉ် “ဘွဲနော့စ်ဒီအာ့စ်၊ ကိုမိုအဲစ်တာ” (မင်္ဂလာပါ၊ နေကောင်းလား) ဟူ၍သူ့ကိုနှုတ်ဆက်သည်။ သူလည်းနှုတ်ဆက်ပြီး ဆုတောင်းပေးပါဟု ကျွန်တော့်ကိုတောင်းဆိုသည်!
ခဲယဉ်းသောဆုံးဖြတ်ချက်
၁၉၉၀ ခုနှစ်တွင် ကျွန်တော့်အမေအနားတွင် ကျွန်တော်နေ့တိုင်းရှိနေရန် လိုအပ်လာသည်။ နယ်လှည့်လုပ်ငန်းတွင် ဆက်ပါဝင်နိုင်ရန် အတတ်နိုင်ဆုံးကြိုးစားခဲ့သော်လည်း တာဝန်နှစ်ခုစလုံးကို ကျွန်တော်တို့မထမ်းဆောင်နိုင်ကြောင်း အသိစိတ်ကညွှန်ကြားသည်။ အမေလိုအပ်နေသည့် မေတ္တာပါပြုစုစောင့်ရှောက်မှုကို ကျွန်တော်တို့အမှန်ပေးလိုသည်။ သို့သော် ဤတွင်တစ်ဖန် ကျွန်တော်တို့တကယ်မြတ်နိုးသော အလွန်အဖိုးထိုက်သည့်ပုလဲကိုစွန့်လွှတ်လိုက်ရန် အကြောင်းပေါ်လာပြန်သည်။ ကမ္ဘာပေါ်ရှိကျောက်မြတ်ရတနာအားလုံးနှင့် ယင်းကကျွန်တော်တို့အတွက်ပြုလုပ်ပေးနိုင်သမျှကို ယေဟောဝါအဖွဲ့အစည်းတွင် သာသနာပြုတစ်ဦးအဖြစ်၊ သို့မဟုတ် နယ်လှည့်ကြီးကြပ်မှူးတစ်ဦးအဖြစ် အမှုထမ်းသောကျောက်မြတ်ရတနာများနှင့်နှိုင်းယှဉ်လိုက်လျှင် မဖြစ်စလောက်ချေ။
ရီတာနှင့်ကျွန်တော်သည် ယခု အသက် ၆၀ ကျော်ပိုင်းထဲဝင်နေကြပြီ။ ဒေသခံစပိန်ဘာသာစကားပြောသောအသင်းတော်တစ်ခုတွင် အမှုထမ်းခွင့်ရခြင်းနှင့် ကျေနပ်ရောင့်ရဲနေကြသည်။ ယေဟောဝါ၏လုပ်ငန်းတော်တွင် အမှုဆောင်ခွင့်ရသောနှစ်ပေါင်းကို ပြန်စဉ်းစားကြည့်သည့်အခါ အလွန်အဖိုးထိုက်သောပုလဲများကို ကျွန်တော်တို့အားအပ်နှင်းတော်မူခဲ့သည့်အတွက် ကျေးဇူးတင်မဆုံးနိုင်ပါ။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
မဒရစ်ဒ်ကျွဲရိုင်းကွင်းအပြင်ဘက်တွင် ရီတာ၊ ပေါလ်နှင့်အဲဗလင် ဟန်ဒတ်မာ့ခ် (ညာဘက်) တို့နှင့်အတူ
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
တောအုပ်တွင် “ပျော်ပွဲစားထွက်” စဉ်အသင်းတော်ထံလည်ပတ်ခြင်း