“ငါတို့သည်ထိုသို့သောတရား၏အမှုကို ဆောင်ရွက်သောသူဖြစ်၍ . . . အားလျော့စိတ်ပျက်ခြင်း” မရှိ
ရော်နယ်တေလာပြောပြသည်
၁၉၆၃ ခုနှစ်နွေရာသီတွင် ကျွန်တော်အသက်လုနေရသည်။ ကမ်းစပ်တစ်လျှောက် ဖြတ်လျှောက်နေစဉ် မထင်မှတ်သောချိုင့်ထဲသို့ ချော်ကျသွားပြီး အလွန်နက်သောရေထဲထိ မြုပ်သွားသည်။ ရေမကူးတတ်သောကျွန်တော်သည် ကမ်းခြေမှကိုက်အနည်းငယ်လောက်တွင် ရေနစ်သေလုနီးနီးဖြစ်ခဲ့သည်။ ကျွန်တော်သည်ရေအောက်သို့ သုံးကြိမ် မြုပ်သွားပြီး ပင်လယ်ရေတဝကြီးသောက်ပြီးဖြစ်ရာ ကျွန်တော်၏ဖြစ်အင်ကို သိသွားသောမိတ်ဆွေတစ်ယောက်က ကျွန်တော့်အား ကမ်းခြေသို့ဒယဉ့်တိုက်ဆွဲသွားသည်။ ချက်ချင်း အသက်ရှူကူပေးခြင်းကြောင့် ကျွန်တော် အသက်မပျောက်ခဲ့ပါ။
မျှော်လင့်ချက်မဲ့သည်ဟု ထင်ရသောအခါ၌ပင် ဘယ်တော့မျှစိတ်မပျက်အားမလျော့ခြင်း၏ အရေးပါမှုကို ကျွန်တော် တန်ဖိုးထားလေးစားလာသည်မှာ ယင်းသည် ပထမဆုံးအကြိမ်မဟုတ်ပါ။ ငယ်ရွယ်စဉ်မှစ၍ ကျွန်တော့်၏ဝိညာဏအသက်တာအတွက် တိုက်ခဲ့ရသည်။
ယင်းကား ကျွန်တော် ခရစ်ယာန်သမ္မာတရားနှင့် ဦးဦးဆုံးဆက်သွယ်မိသည့် ဒုတိယကမ္ဘာစစ်၏ အမှောင်ထုလွှမ်းခြုံထားချိန်အတွင်းဖြစ်သည်။ ရုတ်တရက်ဗုံးကြဲတိုက်ခိုက်မှုအန္တရာယ်မှ လွတ်ကင်းရန် လန်ဒန်မြို့မှပြောင်းရွှေ့ခံရသည့် ထောင်နှင့်ချီသောကလေးများထဲတွင် ကျွန်တော်သည် တစ်ယောက်အပါအဝင်ဖြစ်သည်။ အသက် ၁၂ နှစ်သာရှိသေးသောကြောင့် စစ်သည် ကျွန်တော့်အတွက် အမှန်တကယ်အဓိပ္ပာယ်သိပ်မရှိလှပါ; ယင်းသည် စွန့်စားခန်းတစ်ခုကဲ့သို့လောက်သာ ဖြစ်သည်။
အင်္ဂလန်အနောက်တောင်ဘက် ဝက်စတင်စူပါမာရီဒေသရှိ သက်ကြီးရွယ်အို ဇနီးမောင်နှံက ကျွန်တော့်ကို ကြည့်ရှုစောင့်ရှောက်ထားသည်။ ဤဇနီးမောင်နှံအိမ်သို့ ကျွန်တော်ရောက်ပြီး မကြာမီတွင် ရှေ့ဆောင်ဓမ္မအမှုဆောင်တချို့သည် ကျွန်တော်ထံ စ၍လည်ပတ်ကြသည်။ ဟာဂရီးဗ်စ် မိသားစုဖြစ်သည်; သူတို့ထဲမှ စုစုပေါင်းလေးယောက်—ရက်ဂျ်၊ မက်ဗ်စ်၊ ပဲန်မလာ၊ ဗဲလရီ—တို့မှာ အထူးရှေ့ဆောင်များဖြစ်သည်။ ကျွန်တော်၏မွေးစားမိဘများက သမ္မာတရားကို လက်ခံခဲ့သည်။ ဘုရားသခင်၏စောင်းတော် စာအုပ်ကို လေ့လာပြီးနောက် ကျွန်တော်လည်း ယေဟောဝါထံ အမှုထမ်းဆောင်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။ ခြောက်သီတင်းသာရှိပြီးနောက်၌ ဟောပြောခြင်းလုပ်ငန်း၌ ပါဝင်ရန် ကျွန်တော့်ကို ခေါ်ဖိတ်ခဲ့သည်။
လယ်ကွင်းလုပ်ငန်းတော်တွင် ပထမဆုံးထွက်သည့်နေ့ကို ကျွန်တော်သတိရနိုင်တုန်းဖြစ်သည်။ ပြင်ဆင်မှုတစ်စုံတစ်ရာမရှိဘဲ စာအုပ်ငယ်တချို့ကို ကျွန်တော့်အားပေးပြီး ဤသို့ပြောသည်– “ညီအစ်ကိုက လမ်းရဲ့ဟိုဘက်အခြမ်းကို လုပ်သွားပါ။” ယင်းကား ဟောပြောခြင်း၏ ပထမဆုံးနေ့တွင် ကျွန်တော်တွေ့ကြုံခဲ့ရပုံဖြစ်သည်။ ထိုအချိန်က ကျွန်တော်တို့သည် အစွမ်းထက်သော ဒေသနာများပါဝင်သည့် ဓာတ်ပြားများကို အသုံးပြုကာ ဟောပြောလေ့ရှိသည်။ ကျွန်တော်၏အပျော်ဆုံးအချိန်များမှာဓာတ်စက်များကို တစ်အိမ်မှတစ်အိမ်သယ်ယူပြီး အသံသွင်းထားသော ဟောပြောချက်များကို ဖွင့်ပြနိုင်ချိန်များဖြစ်သည်။ ဤနည်းဖြင့် အသုံးပြုခံရခြင်းကို တကယ်အခွင့်ထူးအဖြစ် ကျွန်တော်ယူမှတ်ခဲ့သည်။
ကျောင်းတွင် အတော်များများသက်သေခံခဲ့ပြီး ကျောင်းအုပ်ကို ကျမ်းစာအဓိကအကြောင်းများပါ စာအုပ်အစုံလိုက်ဝေငှခြင်းကို ကျွန်တော်သတိရသည်။ အသက် ၁၃ နှစ်အရွယ်၌ အနီးအနားရှိ ဘာ့သ်မြို့တွင်ကျင်းပသော အစည်းအဝေးတွင် နှစ်ခြင်းခံခဲ့သည်။ ကျွန်တော်ဘယ်တော့မျှမေ့မည်မဟုတ်သည့် စစ်ပွဲကာလ စည်းဝေးကြီးနောက်တစ်ခုမှာ ၁၉၄၁ ခုနှစ်တွင် လက်စတာမြို့၊ ဒီမောန်ဖော့တ်ခန်းမ၌ ကျင်းပခဲ့သော စည်းဝေးကြီးဖြစ်သည်။ ထိုအချိန်က ကင်းမျှော်စင်အသင်း၏ ဥက္ကဋ္ဌဖြစ်သော ညီအစ်ကို ရပ်သဖော့ဒ်ထံမှ ကိုယ်တိုင်ရေးသားထားသည့် အမှာစကားပါဝင်သော ကလေးများစာအုပ်ကို ကျွန်တော့်အတွက် ရယူရန် စင်မြင့်ပေါ်သို့ တက်သွားခဲ့သည်။ ရောက်ရှိနေသည့် လူငယ်များကို ပေးသည့် တက်ကြွသောဟောပြောချက်က ယေဟောဝါထံ ထာဝစဉ်အမှုတော်ထမ်းဆောင်ရန် ကျွန်တော့်ဆန္ဒကို တိုး၍ခိုင်မာစေခဲ့သည်။
သို့ဖြင့် ကျွန်တော့်မွေးစားမိဘများနှင့်အတူ သမ္မာတရားတွင် ကြီးထွားလာရင်းပျော်ရွှင်ဖွယ်သောနှစ်နှစ်တာကို ကုန်လွန်စေခဲ့သည်။ သို့ရာတွင် အသက် ၁၄ နှစ်၌ လန်ဒန်သို့ပြန်ရပြီး အသက်မွေးမှုအတွက် အလုပ်စတင်လုပ်ရသည်။ ကျွန်တော့်မိသားစုနှင့် ပြန်ပေါင်းစည်းခဲ့သော်လည်း ကျွန်တော်၏ယုံကြည်ချက်များကို အိမ်တွင်ရှိ မည်သူမျှမလိုက်သောကြောင့် ယခုအခါတွင် ဝိညာဏရေးအရကိုယ့်ခြေပေါ်ကိုယ်ရပ်တည်ခဲ့ရသည်။ ယေဟောဝါသည် ကျွန်တော်လိုအပ်သည့် အကူအညီကို မကြာမီတွင် ပေးသနားခဲ့သည်။ လန်ဒန်သို့ကျွန်တော်ပြန်ရောက်သည်မှာ သုံးပတ်မျှသာရှိသေးသည်၊ ညီအစ်ကိုတစ်ယောက်က ကျွန်တော့်အိမ်လာပြီး ဒေသခံဘုရားသခင့်နိုင်ငံတော်ခန်းမသို့ ကျွန်တော့်အားခေါ်သွားရန်အဖေ၏ခွင့်ပြုချက်ကိုလာတောင်းခံသည်။ ဤညီအစ်ကိုမှာ ယခုအခါတွင် ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျွန်ဘားဖြစ်သည်။ သူသည် ဤခက်ခဲသော ဆယ်ကျော်သက်နှစ်များအတွင်း ကျွန်တော်၏ ဝိညာဏ “မိဘများ” တွင်တစ်ယောက်ဖြစ်လာသည်။
ကျွန်တော်သည် လန်ဒန်ဗေသလအိမ်ဘေးတွင်ရှိ ခရေဗန် တဲရစ်အရပ်ရှိ ပက်ဒင်းတန်အသင်းတော်တွင် စတင်တက်ရောက်နေသည်။ ကျွန်တော်သည် ဝိညာဉ်ရေး မိဘမဲ့ကလေးဖြစ်နေသောကြောင့် အသက်ကြီးရင့်သော ဘိသိက်ခံညီအစ်ကို “ပါပါ” ဟမ်ဖရီက ကျွန်တော့်ကိုအထူးဂရုစိုက်ရန် တာဝန်ရခဲ့သည်။ ယင်းသည် ဤအသင်းတော်တွင် အမှုထမ်းနေကြသည့် ဘိသိက်ခံညီအစ်ကို ညီအစ်မများစွာနှင့် ပေါင်းသင်းခွင့်ရရှိစေသည့် မဟာကောင်းချီးအမှန်ပင်ဖြစ်သည်။ ယောနဒပ်ဟုခေါ်သည့် မြေကြီးမျှော်လင့်ချက်ရှိသူ ကျွန်တော်တို့မှာ လူနည်းစုဖြစ်ကြသည်။ အမှန်မှာ ကျွန်တော်တက်ရောက်သည့် အသင်းတော်စာအုပ်ကြီးသင်တန်းတွင် တစ်ယောက်တည်းသော “ယောနဒပ်” မှာ ကျွန်တော်ဖြစ်သည်။ ကျွန်တော်သည် ရွယ်တူချင်းတို့နှင့် များများစားစားပေါင်းသင်းခွင့် မရရှိခဲ့သော်လည်း ရင့်ကျက်သောညီအစ်ကိုများနှင့် ဤတန်ဖိုးရှိသောပေါင်းသင်းမှုက အသုံးဝင်သောသင်ခန်းစာများစွာကို ကျွန်တော်အားသွန်သင်ပေးခဲ့သည်။ အရေးအပါဆုံးတစ်ခုမှာ ယေဟောဝါ၏လုပ်ငန်းတော်ကို ဘယ်တော့မျှမစွန့်ခြင်း ဖြစ်ပေမည်။
ထိုနေ့ရက်များတွင် ကျွန်တော်တို့သည် ဟောပြောခြင်းလုပ်ဆောင်မှုအတွက် အပတ်၏အဆုံးပိုင်းတစ်ခုလုံးကို အသုံးပြုလေ့ရှိသည်။ ကျွန်တော်သည် “အသံချဲ့စက်ပါသောကား” ကို ကြည့်ရှုထိန်းသိမ်းရသည်။ ယင်းကားမှာ အမှန်အားဖြင့် အသံချဲ့စက်ကိရိယာနှင့် ကားဘက်ထရီထားရန် ပြုပြင်ထားသော သုံးဘီးဆိုင်ကယ်ဖြစ်သည်။ ကျွန်တော်သည် စနေနေ့တိုင်း သုံးဘီးဆိုင်ကယ်စီးပြီး သီးခြားလမ်းထောင့်များသို့သွားကာ တေးသံတချို့ဖွင့်ပြီးနောက် ညီအစ်ကို ရပ်သဖော့ဒ်၏ ဟောပြောချက်ထဲမှတစ်ခုကို ဖွင့်ပြသည်။ စနေနေ့များကို မဂ္ဂဇင်းအိတ်များနှင့် လမ်းဘေးလုပ်ငန်းလုပ်ဆောင်မှုအတွက်လည်း အသုံးပြုသည်။ တနင်္ဂနွေနေ့သည် စာအုပ်ငယ်များနှင့် စာအုပ်ကြီးများကို ကမ်းလှမ်းဝေငှသည့် တစ်အိမ်မှတစ်အိမ်လုပ်ရန်နေ့အဖြစ် သတ်မှတ်ထားသည်။
ဇွဲရှိသော အသက်အရွယ်ကြီးသည့် ညီအစ်ကိုများနှင့် ပေါင်းသင်းမှုက ကျွန်တော့်အား ရှေ့ဆောင်လုပ်လိုသည့်ဆန္ဒကို လှုံ့ဆော်ပေးခဲ့သည်။ ယင်းဆန္ဒသည် ခရိုင်စည်းဝေးကြီးများတွင် ရှေ့ဆောင်ဟောပြောချက်များကို နားထောင်ရသောအခါ ပို၍ပြင်းပြလာသည်။ ကျွန်တော်၏အသက်တာအပေါ် အလွန့်အလွန်အကျိုးသက်ရောက်သည့် စည်းဝေးကြီးတစ်ခုမှာ ၁၉၄၇ ခုနှစ်၌ လန်ဒန်မြို့ အားကော့ခန်းမတွင် ကျင်းပခဲ့သောစည်းဝေးကြီးဖြစ်သည်။ နှစ်လကြာပြီးနောက် ကျွန်တော်သည် ရှေ့ဆောင်လုပ်ငန်းတွင် နာမည်ပေးသွင်းကာ ထိုအချိန်ကပင်ရှိခဲ့သည့် ရှေ့ဆောင်စိတ်ဓာတ်ကို ဆက်ရှိစေရန် အားထုတ်ထိန်းသိမ်းလာခဲ့သည်။ တဖြည်းဖြည်းတိုးတက်လာသော ကျမ်းစာသင်အံမှုများကို ကျင်းပခြင်းမှရသည့် ရွှင်လန်းမှုက ယင်းသည်မှန်ကန်သောရွေးချယ်မှုဖြစ်ကြောင်း ထပ်၍ခိုင်မာစေသည်။
စပိန်သတို့သမီးနှင့် စပိန်တာဝန်
၁၉၅၇ ခုနှစ်တွင် ပက်ဒင်းတန်အသင်းတော်နှင့်ပူးပေါင်းပြီး ရှေ့ဆောင်နေစဉ် ရာဖာအဲလာဟုခေါ်သည့် ချစ်စရာစပိန်ညီအစ်မနှင့် ဆုံစည်းခဲ့သည်။ လအနည်းငယ်ကြာပြီးနောက် ကျွန်တော်တို့လက်ထပ်လိုက်ကြသည်။ ကျွန်တော်တို့၏ပန်းတိုင်မှာ အတူတကွရှေ့ဆောင်လုပ်ရန်ဖြစ်သည်၊ သို့သော်လည်း ရာဖာအဲလာ၏မိဘများကို တွေ့ဆုံနိုင်ရန် မဒရစ်မြို့သို့ ဦးဆုံးသွားခဲ့သည်။ ယင်းသည် ကျွန်တော်အသက်တာကို ပြောင်းလဲပစ်သည့် လည်ပတ်မှုဖြစ်သည်။ မဒရစ်တွင် ကျွန်တော်တို့ရှိနေစဉ် စပိန်ဌာနခွဲကြီးကြပ်မှူး ညီအစ်ကို ရေး ဒူဇင်ဘယ်ရီးက အတွေ့အကြုံရှိညီအစ်ကိုများ အကြီးအကျယ်လိုအပ်နေသည့် စပိန်တွင် အမှုဆောင်ခြင်းကို ထည့်သွင်းစဉ်းစားမည်လောဟု ကျွန်တော့်အားမေးခဲ့သည်။
ဤဖိတ်ခေါ်မှုမျိုးကို ကျွန်တော်တို့ မည်သို့ငြင်းနိုင်ပါမည်နည်း။ သို့ဖြစ်သောကြောင့် ၁၉၅၈ ခုနှစ်တွင် စပိန်၌ အတူတကွအချိန်ပြည့်လုပ်ငန်းကို စတင်ခဲ့သည်။ ထိုအချိန်တွင် နိုင်ငံသည် ဖရန်ကို၏အုပ်ချုပ်မှုအောက်၌ရှိပြီး ကျွန်တော်တို့၏လုပ်ငန်းကို တရားဝင်အသိအမှတ်မပြုသေးရာ ယင်းက ဟောပြောခြင်းလုပ်ငန်းကို အလွန့်အလွန်ခက်ခဲစေသည်။ ထို့ပြင် ကျွန်တော်သည် ပထမနှစ်အနည်းငယ်တွင် စပိန်ဘာသာစကားနှင့် လုံးပန်းခဲ့ရသည်။ တစ်ဖန် အသင်းတော်တွင်ရှိ ညီအစ်ကိုများနှင့် ပြောဆိုဆက်သွယ်နိုင်ခြင်းမပြုနိုင်သဖြင့် တောက်လျှောက်စိတ်ဓာတ်ကျဆင်းမှုကြောင့် တစ်ကြိမ်ထက်မက ကျွန်တော်ငိုပင်ငိုခဲ့သော်လည်း ယင်းသည် အလျော့မပေးရန် နောက်အကြောင်းတစ်ခုဖြစ်သည်။
စပိန်စကားမပြောတတ်လျက်ပင် ကြီးကြပ်မှူးများအလွန့်အလွန်လိုအပ်ရာ တစ်လအတွင်း အုပ်စုငယ်ကလေးကို ကျွန်တော်ကြည့်ရှုရသည်။ လျှို့ဝှက်လုပ်ရသော ကျွန်တော်တို့လုပ်ငန်း၏ အခြေအနေကြောင့် ကြေညာသူ ၁၅ ယောက်မှ ၂၀ ပါဝင်သော အုပ်စုငယ်လေးများအဖြစ် ဖွဲ့စည်းထားကာ အသင်းတော်ငယ်လေးသဖွယ် လုပ်ဆောင်သည်။ ပထမတွင် ပရိသတ်ထံမှ အဖြေကို အမြဲတမ်းနားမလည်နိုင်သောကြောင့် စည်းဝေးများကိုင်ရန် အလွန်အမင်းအာရုံစိုက်ရသည်။ သို့သော်လည်း ကျွန်တော့်ဇနီးက အနောက်ဘက်တွင်ထိုင်ပြီး ကျွန်တော်ရှုပ်ထွေးနေကြောင်း သတိပြုမိပါက အဖြေသည်မှန်ကြောင်း အခိုင်အမာပြုရန် မသိမသာခေါင်းညိတ်ပြမည်ဖြစ်သည်။
ကျွန်တော့်တွင် ဘာသာစကားများအတွက် အထုံဝါသနာပါမလာရကား အရာရာတိုင်းကို ကျွန်တော်ပိုမိုလွယ်ကူစွာလုပ်နိုင်သည့် အင်္ဂလန်သို့ပြန်မည်ဟု တစ်ကြိမ်ထက်မက စဉ်းစားခဲ့သည်။ သို့သော်လည်း ကနဦးမှစ၍ ကျွန်တော်ချစ်မြတ်နိုးရသော စပိန်ညီအစ်ကို ညီအစ်မများ၏ မေတ္တာနှင့် မိတ်ဆွေပီသမှုတို့ကို ဘာသာစကားနှင့်ပတ်သက်သော ကျွန်တော်၏စိတ်ဓာတ်ကျဆင်းမှုအတွက် အစားရခဲ့သည်။ ထို့အပြင် ယေဟောဝါသည် ယင်းအရာအားလုံးကို အကျိုးနပ်သည်ဟု ထင်မြင်စေရန်ပြုသော အထူးအခွင့်အရေးများနှင့် ကျွန်တော့်ကို ကောင်းချီးသွန်းလောင်းခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် စပိန်မှကိုယ်စားလှယ်အဖြစ် နယူးယောက် အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးသို့ တက်ရောက်ရန် ဖိတ်ခေါ်ခြင်းခံခဲ့ရသည်။ ထို့နောက် ၁၉၆၂ ခုနှစ်တွင် မော်ရိုကိုနိုင်ငံ၊ တန်ဂျီးယားမြို့၌ ကျွန်တော်တို့အတွက် ဖွဲ့စည်းထားသော နိုင်ငံတော်ဓမ္မအမှုကျောင်းတွင် တန်ဖိုးမဖြတ်နိုင်သည့် လေ့ကျင့်မှုကို ရရှိခဲ့သည်။
ဘာသာစကားအပြင် ကျွန်တော်ရင်ဆိုင်ရသော အခြားပြဿနာမှာ ရဲများဖမ်းခေါ်သွားမည်ကို မပြတ်စိုးရိမ်နေခြင်းဖြစ်သည်။ နိုင်ငံခြားသားတစ်ယောက်အနေနှင့် အဖမ်းခံရလျှင် နယ်နှင်ခံရမည်ကို ကျွန်တော်သိထားသည်။ ဘေးအန္တရာယ်ကို လျော့ပါးစေရန် ကျွန်ုပ်တို့သည် နှစ်ယောက်စီလုပ်ဆောင်ခဲ့ကြသည်။ တစ်ယောက်က သက်သေခံနေစဉ် အခြားတစ်ယောက်က အန္တရာယ်အရိပ်အကဲတစ်စုံတစ်ရာကို နားစွင့်နေမည်ဖြစ်သည်။ အိမ်ခန်းတွဲအဆောက်အအုံများ၏ အပေါ်ဆုံးဖြစ်လေ့ရှိသည့် အခန်းတစ်ခန်းနှစ်ခန်းကို သွားရောက်လည်ပတ်ပြီးနောက် နှစ်တန်းသုံးတန်းအကွာ အခြားအခန်းနှစ်ခန်း၊ သုံးခန်းတွင် သွားရောက်မည်ဖြစ်သည်။ ကျမ်းစာကို တွင်တွင်ကျယ်ကျယ်အသုံးပြုကြပြီး စိတ်ဝင်စားသူများကို ဝေငှရန် စာအုပ်ငယ် အနည်းအကျဉ်းလောက်သာ ကျွန်တော်တို့၏ အပေါ်ကုတ်အင်္ကျီထဲတွင် ထည့်၍သယ်သွားကြသည်။
မဒရစ်တွင် တစ်နှစ်ကြာပြီးနောက် ကျွန်တော်တို့သည် သက်သေခံလုံးဝမရှိသည့် စပိန်အနောက်မြောက်ဘက်ရှိ မြို့ကြီးဖြစ်သော ဗီဂိုမြို့သို့ တာဝန်ခန့်အပ်ခံရသည်။ ကျွန်တော်တို့အား ကမ္ဘာလှည့်ခရီးသည်များအဖြစ် ယူမှတ်ခံရရန် ပထမတစ်လလောက်တွင် ကျွန်တော့်ဇနီးက အများဆုံးသက်သေခံရန် အဖွဲ့အစည်းက အကြံပေးသည်။ မထင်မရှားချဉ်းကပ်သည့်ကြားမှ ကျွန်တော်တို့ဟောပြောခြင်းလုပ်ငန်းကို အာရုံစိုက်ခဲ့ကြသည်။ တစ်လအတွင်း ဓမ္မဆရာက ရေဒီယိုမှ ကျွန်တော်တို့အား စတင်ရှုတ်ချလေသည်။ သူတို့က ထိုအချိန်တွင် တရားမဝင်သလောက်ဖြစ်နေသောကျမ်းစာအုပ် အကြောင်းကို မောင်နှံစုံနှစ်ယောက် တစ်အိမ်မှတစ်အိမ် လိုက်ပြောနေကြောင်း သူတို့၏သာသနာနယ်တွင် နေထိုင်သူများကို သတိပေးသည်။ “အလိုရှိနေသော မောင်နှံစုံ” မှာ နိုင်ငံခြားသားတစ်ဦးနှင့် သူ၏စကားအများဆုံးပြောသည့် စပိန်ဇနီးတို့ ဖြစ်သည်။
ဓမ္မဆရာက ဤအန္တရာယ်ရှိမောင်နှံစုံကို စကားပြောဆိုရုံပြုခြင်းသည် အပြစ်ရှိကြောင်း၊ ဓမ္မဆရာတစ်ဦးထံ ချက်ချင်းအပြစ်ဝန်ခံမှသာ အပြစ်လွတ်မည်ဖြစ်ကြောင်း အမိန့်ထုတ်လိုက်သည်။ ထို့ကြောင့်ပင် အမျိုးသမီးတစ်ယောက်နှင့် ပျော်ပျော်ရွှင်ရွှင်စကားလက်ဆုံကျအပြီးတွင် မိမိသည် သွားရောက်အပြစ်ဝန်ခံရမည်ဖြစ်ကြောင်း ကျွန်တော်တို့ကို တောင်းတောင်းပန်ပန်နှင့် ပြောခဲ့သည်။ သူမ၏အိမ်မှ ကျွန်တော်တို့ထွက်လာသောအခါ သုတ်သီးသုတ်ပြာနှင့် ချာ့ချ်ဘက်သို့ သူမသွားသည်ကို တွေ့လိုက်ရသည်။
အတင်းအကျပ်နှင်ထုတ်ခြင်း
ဗီဂိုမြို့သို့ ရောက်ပြီး နှစ်လမျှကြာသေးစဉ် ရဲက ရုတ်တရက်ဖမ်းဆီးခဲ့သည်။ ကျွန်တော်တို့ကို ဖမ်းသည့်ရဲသားက သက်ညှာပြီး ရဲစခန်းသို့သွားစဉ်တွင် လက်ထိတ်မခတ်ပေ။ မကြာမီက သက်သေခံခဲ့သည့် မျက်မှန်းတန်းမိသော လက်နှိပ်စက်ရိုက်သူတစ်ဦးကို ရဲစခန်း၌ တွေ့ရသည်။ ကျွန်တော်တို့အား ရာဇဝတ်သားကဲ့သို့ဆက်ဆံကြောင်း တွေ့မြင်ရခြင်းသည် သူမကို အနေရခက်စေကြောင်းထင်ရှားပြီး ကျွန်တော်တို့အား ပြစ်မှုစွဲဆိုခြင်းတွင် သူမ မပါဝင်ကြောင်း အလျင်အမြန်လာ၍အခိုင်အမာပြောပြသည်။ မည်သို့ပင်ဖြစ်ပါစေ ကျွန်တော်တို့အား “စပိန်၏ဝိညာဏစည်းလုံးမှု” ကို အန္တရာယ်ပြုသူများဖြစ်ကြောင်း စွပ်စွဲခံရကာ နောက်ခြောက်သီတင်းတွင် နှင်ထုတ်ခံခဲ့ရသည်။
အနှောင့်အယှက် ရှိသော်လည်း လက်လျှော့ရန် မရည်ရွယ်ပါ။ အိုင်ဘီးရီးယန်း ပင်နီဇွဲလားတွင် လုပ်ဆောင်စရာ များစွာရှိနေတုန်းပင်ဖြစ်သည်။ တန်ဂျီးယားတွင် သုံးလကြာပြီးနောက် အခြားအမှုမဆောင်ရသေးသော ရပ်ကွက်ဖြစ်သည့် ဂျီဘရော်တာသို့ ခန့်အပ်ခြင်းခံခဲ့ရသည်။ တမန်တော်ပေါလုပြောသကဲ့သို့ပင် ဓမ္မအမှုကို ကျွန်တော်တို့ တန်ဖိုးထားပါက ဆက်လက်လုပ်ဆောင်နေလိမ့်မည်ဖြစ်ပြီး ဆုချခံရမည်ဖြစ်သည်။ (၂ ကောရိန္သု ၄:၁၊ ၇၊ ၈) ယင်းသည် ကျွန်တော်တို့၏ ကိစ္စတွင် မှန်ကန်ကြောင်းသက်သေပြသည်။ ဂျီဘရော်တာတွင် ပထမဆုံးအိမ်ကို ကျွန်တော်တို့သွားရောက်လည်ပတ်ခဲ့ရာ တစ်အိမ်ထောင်လုံးနှင့် ကျမ်းစာသင်အံမှု စတင်ဖြစ်ခဲ့သည်။ များမကြာမီ ကျွန်တော်တို့သည် တစ်ယောက်လျှင် သင်အံမှု ၁၇ ခုစီသင်ပေးနေရသည်။ ကျွန်တော်တို့နှင့် သင်အံမှုပြုသူများစွာတို့သည် သက်သေခံများဖြစ်လာခဲ့ကြပြီး နှစ်နှစ်အကြာတွင် ကြေညာသူ ၂၅ ယောက်ရှိသော အသင်းတော်တစ်ခုဖြစ်သွားသည်။
သို့သော် ဗီဂိုမှာကဲ့သို့ပင် ဓမ္မဆရာများက ကျွန်တော်တို့အား စတင်ဆန့်ကျင်ဖို့အစီအစဉ်လုပ်ခဲ့သည်။ ဂျီဘရော်တာ၏ အင်္ဂလီကန်ဂိုဏ်းအုပ်က ကျွန်တော်တို့သည် “မလိုလားအပ်သူများ” ဖြစ်ကြောင်း ရဲချုပ်ကို သတိပေးခဲ့ပြီး သူ၏သြဇာညောင်းရန် ကြိုးစားမှု နောက်ဆုံးတွင် လိုဘပြည့်ခဲ့သည်။ ၁၉၆၂ ခုနှစ် ဇန်နဝါရီတွင် ကျွန်တော်တို့သည် ဂျီဘရော်တာမှ နှင်ထုတ်ခံခဲ့ရသည်။ နောက်ထပ်ကျွန်တော်တို့ ဘယ်ကိုသွားမည်နည်း။ စပိန်တွင် အကြီးအကျယ်လိုအပ်နေတုန်းဖြစ်ရာ ကျွန်တော်တို့၏ ယခင်ရဲမှတ်တမ်းများကို ဖိုင်ထဲတွင်သီးခြားသိမ်းထားလောက်ပြီဟူသော မျှော်လင့်ချက်ဖြင့် ပြန်သွားခဲ့ကြသည်။
နေရောင်ရွှန်းသော စဗေးမြို့သည် ကျွန်တော်တို့၏ ဌာနေသစ်ဖြစ်သည်။ ဤတွင် အခြားရှေ့ဆောင်မောင်နှံစုံဖြစ်သော ရေးနှင့် ပက်ကားကပ်တို့နှင့်အတူ ရင်းနှီးစွာဖြင့် ရွှင်လန်းဖွယ် လုပ်ဆောင်ခဲ့သည်။ စဗေးမြို့တော်သည် လူဦးရေ ငါးသိန်းရှိသော်လည်း ကြေညာသူမှာ ၂၁ ယောက်သာရှိသည့်အတွက် ဤတွင်လုပ်ဆောင်စရာများစွာရှိပါသည်။ ယခုအခါ ယင်းတွင် ကြေညာသူ ၁,၅၀၀ နှင့်အတူ အသင်းတော် ၁၅ ခုရှိသည်။ တစ်နှစ်ကြာပြီးနောက် ကျွန်တော်တို့ နှစ်လို့ဖွယ်အံ့အားသင့်မှုဖြစ်ခဲ့ရသည်; ဘာစီလိုနာဒေသတွင် နယ်လှည့်လုပ်ငန်းလုပ်ဆောင်ရန် ဖိတ်ခေါ်ခံခဲ့ရသည်။
ကျွန်တော်တို့လုပ်ငန်းကို တရားဝင်အသိအမှတ်ပြုခြင်းမရှိသေးသော နိုင်ငံတွင် တိုက်နယ်လုပ်ငန်းသည် ကွာခြားသည်။ အများစုမှာ လုပ်ရည်ကိုင်ရည်ရှိညီအစ်ကို အလွန်နည်းသော အုပ်စုငယ်လေးများကို ကျွန်တော်တို့အပတ်စဉ် လည်ပတ်သည်။ ဤကြိုးစားလုပ်ဆောင်သော ညီအစ်ကိုများသည် သူတို့အား ကျွန်တော်တို့ပေးနိုင်သည့် လေ့ကျင့်မှုနှင့် အထောက်အပံ့အားလုံးလိုအပ်သည်။ ဤတာဝန်ကို ကျွန်တော်တို့ မြတ်နိုးသည်! သက်သေခံရှိလျှင်ပင် အနည်းအကျဉ်းသာရှိသည့် ဒေသများတွင် နှစ်များစွာ ကုန်လွန်ခဲ့ပြီးနောက် ကျွန်တော်တို့သည် သီးခြားညီအစ်ကို ညီအစ်မများစွာထံ သွားရောက်လည်ပတ်ရခြင်းကို လိုလားနှစ်သက်ခဲ့သည်။ ထို့အပြင် ဟောပြောခြင်းလုပ်ငန်းသည် ဘာစီလိုနာတွင် ပို၍လွယ်ကူပြီး များစွာသောသူများသည် ကျမ်းစာသင်လိုကြသည်။
စိတ်ဓာတ်ကျမှုကို တိုက်လှန်ခြင်း
သို့သော် ခြောက်လမျှကြာပြီးနောက် ကျွန်တော့်အသက်တာ အကြီးအကျယ်ပြောင်းလဲခဲ့သည်။ အစောပိုင်းတွင် ဖော်ပြခဲ့သည့် မတော်တဆဖြစ်သောအခါ ပင်လယ်ကမ်းခြေတွင် ကျွန်တော်တို့၏ ပထမဆုံးအားလပ်ရက်သည် ကြေကွဲဖွယ်ရာနီးနီးဖြစ်လာခဲ့သည်။ ကာယရေးအရ ရေနစ်သေလုနီးပါးဖြစ်ခြင်း၏ စိတ်ချောက်ချားမှုမှ မြန်မြန်ဆန်ဆန် ပြန်ကောင်းခဲ့သည်၊ သို့တိုင်ဤမတော်တဆဖြစ်မှုက ကျွန်တော်၏နဗ်ကြောအဖွဲ့တွင် မဖျောက်ဖျက်နိုင်သည့် အမာရွတ်ထင်ကျန်ခဲ့သည်။
လအနည်းငယ် တိုက်နယ်လုပ်ငန်းတွင် ဆက်၍ကြိုးစားလုပ်ဆောင်ခဲ့သော်လည်း နောက်ဆုံးတွင် ဆေးကုသမှုခံယူရန် အင်္ဂလန်သို့ ပြန်ခဲ့ရသည်။ နှစ်နှစ်ကြာပြီးနောက် စပိန်သို့ပြန်ကာတိုက်နယ်လုပ်ငန်းကို တစ်ကျော့ပြန်လုပ်ဆောင် နိုင်သည့်အထိ လုံးလုံးပြန်ကောင်းခဲ့သည်။ သို့သော် ယင်းသည် အခိုက်အတန့်သာဖြစ်သည်။ ကျွန်တော့်ဇနီး၏မိဘများသည် အကြီးအကျယ်မကျန်းမမာဖြစ်လာပြီး သူတို့ကို ကြည့်ရှုနိုင်ရန် အချိန်ပြည့်လုပ်ငန်းမှ ထွက်လိုက်သည်။
၁၉၆၈ ခုနှစ်တွင် ဘဝသည်ပိုမိုခက်ခဲလာပြီး အလွန်ပြင်းထန်သည့် စိတ်ဗယောက်ဗယက်ဖြစ်မှုကို ခံစားရသည်။ ဘယ်တော့မျှ နာလန်ထူတော့မည်မဟုတ်ဟု ရာဖာအဲလာနှင့် ကျွန်တော်တို့နှစ်ယောက်စလုံး ထင်မှတ်ခဲ့သည့်အချိန်များဖြစ်သည်။ ယင်းသည် နောက်တစ်ကြိမ်ရေနစ်သကဲ့သို့ဖြစ်သော်လည်း အခြားတစ်နည်းဖြင့်ဖြစ်သည်! အပျက်သဘောထားများ လွှမ်းမိုးစေရုံမက စိတ်ဓာတ်ကျမှုက ကျွန်တော်၏စွမ်းအားရှိရှိသမျှကို လုယူသွားခဲ့သည်။ ကျွန်တော့်အား အမြဲတမ်းလိုလိုအနားယူစေသည့် အလွန့်အလွန်အားအင်ဆုတ်ယုတ်မှုကို ခံစားခဲ့ရသည်။ ဤအချိန်တွင် ဤပြဿနာမျိုးကို ညီအစ်ကိုအားလုံးနားမလည်ခဲ့ပါ; ယေဟောဝါနားလည်ခဲ့သည်ကို ကျွန်တော်ကောင်းကောင်းသိသည်။ စိတ်ဓာတ်ကျသူများအတွက် အလွန်နားလည်မှုရှိပြီး ဖေးမကူညီပေးသည့် ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများပါ ဝမ်းမြောက်ဖွယ်ဆောင်းပါးများကို ဖတ်ရှုခြင်းသည် ကျွန်တော်အတွက် အလွန့်အလွန်ကျေနပ်မှု ရရှိခဲ့သည်။
ဤခက်ခဲသောကာလတစ်လျှောက် ကျွန်တော့်ဇနီးသည် အားပေးမှု၏ တည်မြဲသောအခြေအမြစ်ဖြစ်သည်။ ပြဿနာများကို အတူတကွဖြေရှင်းခြင်းသည် အိမ်ထောင်သံယောဇဉ်ကို အမှန်ပင်သန်မာစေသည်။ ရာဖာအဲလာ၏ မိဘများကွယ်လွန်ပြီးနောက် ၁၂ နှစ်အကြာတွင် ကျွန်တော်၏ကျန်းမာရေးသည် အချိန်ပြည့်လုပ်ငန်းကို ပြန်လုပ်နိုင်သည်ဟု ထင်မှတ်ရသည့်အထိ တိုးတက်ကောင်းမွန်လာသည်။ ၁၉၈၁ ခုနှစ်တွင် ကျွန်တော်တို့ကို အံ့အားသင့်ပြီး ဝမ်းပန်းတသာဖြစ်စေသည့် တိုက်နယ်လုပ်ငန်းတွင် အမှုထမ်းရန် ထပ်မံဖိတ်ခေါ်ခြင်းခံခဲ့ရသည်။
နယ်လှည့်ဓမ္မအမှုတွင် ကျွန်တော်တို့ယခင် တွေ့ကြုံမှုကစ၍ စပိန်တွင် ကြီးမားသော သီအိုကရက်တစ်ပြောင်းလဲမှုများဖြစ်ခဲ့ပြီ။ ယခုအခါ လွတ်လွတ်လပ်လပ်ဟောပြောခွင့်ရသောကြောင့် ကျွန်တော့်ကိုယ်ကို အခြေအနေများနှင့် လိုက်ဖက်အောင် ပြောင်းလဲရသည်။ မည်သို့ဆိုစေ တိုက်နယ်ကြီးကြပ်မှူးအဖြစ် ထပ်မံထမ်းဆောင်ခြင်းသည် အခွင့်ထူးကြီးဖြစ်သည်။ ခက်ခဲသောအခြေအနေများကြားတွင် ကျွန်တော်တို့ရှေ့ဆောင်လုပ်ခဲ့ခြင်းက အခက်အခဲပြဿနာများရှိကြသည့် ရှေ့ဆောင်များကို အားပေးနိုင်ရန်ဖြစ်စေခဲ့သည်။ ထို့အပြင် အခြားသူများအား ရှေ့ဆောင်အစီအစဉ်များတွင် ပါဝင်ရန် ကျွန်တော်တို့ကြိမ်ဖန်များစွာ အကူအညီပေးနိုင်ခဲ့သည်။
မဒရစ်နှင့် ဘာစီလိုနာတွင် နယ်လှည့်လုပ်ငန်း ၁၁ နှစ်လုပ်ပြီးနောက် တစ်ကျော့ပြန်ကျန်းမာရေးချို့တဲ့မှုက လုပ်ငန်းတာဝန် ပြောင်းလဲရန် လိုအပ်လာသည်။ အကြီးအကဲတစ်ဦးအဖြစ်ထမ်းဆောင်နိုင်သည့် စလာမန်းကားမြို့သို့ အထူးရှေ့ဆောင်အဖြစ် ကျွန်တော်တို့ တာဝန်ခန့်အပ်ခြင်းခံခဲ့ရသည်။ စလာမန်းကားမှ ညီအစ်ကိုများက ကျွန်တော်တို့အား ချက်ချင်းပင် ကိုယ့်အိမ်ကဲ့သို့ခံစားစေသည်။ တစ်နှစ်ကြာပြီးနောက် နောက်အကျပ်အတည်းတစ်ခုက ကျွန်တော်တို့၏ခံနိုင်ရည်ကို စမ်းသပ်ခဲ့သည်။
ရာဖာအဲလာသည် နားမလည်နိုင်လောက်အောင် အလွန်သွေးအားနည်းလာပြီး ဆေးစစ်ချက်များက အူမကင်ဆာဖြစ်နေကြောင်း ဖော်ပြသည်။ ယခုကျွန်တော်သည် မိမိကိုယ်ကို လူသန်ကြီးဖြစ်စေပြီး ဇနီးသည်ကို တတ်နိုင်သလောက် အဘက်ဘက်မှထောက်ပံ့ခဲ့သည်။ ကျွန်တော်တို့သည် ပထမတွင် မယုံကြည်ဘဲ နောက်ပိုင်းတွင် ကြောက်ရွံ့တုန်လှုပ်သွားသည်။ ရာဖာအဲလာသည် ဤတောင်ကို ကျော်နိုင်ပါမည်လော။ ဤကဲ့သို့သော အချိန်များတွင် ယေဟောဝါ၌အပြည့်အဝယုံစားခြင်းသည် ကျွန်တော်တို့အား ဆက်လက်လုပ်ဆောင်ရန်ဖေးမပေးသည်။ ရာဖာအဲလာသည် အောင်အောင်မြင်မြင်ခွဲစိတ်ပြီးသွားကြောင်း ပြောရသည်ကို ကျွန်တော်ဝမ်းသာပြီး ကင်ဆာထပ်ဖြစ်တော့မည်မဟုတ်ဟု ကျွန်တော်တို့မျှော်လင့်ကြသည်။
စပိန်တွင် ကုန်ခန်းခဲ့သည့် ၃၆ နှစ်တာကာလအတွင်း ရေစီးတစ်ခါ ရေသာတစ်လှည့်ဖြစ်သော်လည်း ဝိညာဏကြီးထွားသော ဤကာလတစ်လျှောက် အသက်ရှင်ရခြင်းကို နှလုံးနွေးထွေးခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ကျွန်တော်တို့တွေ့မြင်ခဲ့သည့် ၈၀၀ ခန့်သောအုပ်စုငယ်လေးသည် ယနေ့တွင် ၁၀၀,၀၀၀ ကျော်သော လူစုကြီးသို့ ကြီးထွားလာသည်။ ပျော်ရွှင်မှုများဖြစ်သော—အခြားသူများသမ္မာတရားကို လက်ခံရန်ကူညီပေးခြင်း၊ ဝိညာဉ်ရေးအရရင့်ကျက်လာခြင်း၊ လင်မယားနှစ်ယောက် ဒိုးတူပေါင်ဖက်လုပ်ကိုင်ခြင်းနှင့် တတ်နိုင်သမျှ အကောင်းဆုံးနည်းဖြင့် ကျွန်တော်တို့၏အသက်တာကို အသုံးပြုခဲ့သည်ဟူသော ခံစားချက်တို့က ကျွန်တော်တို့၏အခက်အခဲများကိုသေးသိမ်သွားစေခဲ့သည်။
ပေါလုက ကောရိန္သုသို့ရေးသော သူ၏ဒုတိယစာတွင် ဤသို့ဆိုသည်– “ငါတို့သည် ထိုသို့သော တရား၏အမှုကိုဆောင်ရွက်သောသူဖြစ်၍ ကရုဏာကျေးဇူးတော်ကို ခံရသည်နှင့်အညီ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။” (၂ ကောရိန္သု ၄:၁) အတိတ်ကိုပြန်ပြောင်းကြည့်လျှင် အားလျော့စိတ်ပျက်ခြင်းမှ အကာအကွယ်ပေးသည့် အချက်အလက်များစွာရှိကြောင်း ကျွန်တော်ယုံကြည်သည်။ ကျွန်တော်၏ ပုံသွင်းခံနှစ်များအတွင်း စိတ်ဝင်တစားစောင့်ရှောက်ပေးခဲ့သည့် သစ္စာတည်ကြည်သော ဘိသိက်ခံညီအစ်ကိုများ၏ နမူနာက အုတ်မြစ်ကောင်းကို ချပေးခဲ့သည်။ တူညီသော ဝိညာဏပန်းတိုင်များတွင် ပါဝင်လုပ်ဆောင်သည့်အိမ်ထောင်ဖက်ကို ရရှိထားခြင်းသည် အံ့သြဝမ်းမြောက်ဖွယ် အကူအညီဖြစ်သည်; ကျွန်တော်စိတ်ဓာတ်ကျနေစဉ်တွင် ရာဖာအဲလာက ကျွန်တော်ကို စိတ်ဓာတ်မြှင့်တင်ပေးပြီး သူမကိုလည်း ကျွန်တော်က အလားတူပြုလုပ်ပေးခဲ့သည်။ ဟာသဉာဉ်ရှိခြင်းသည်လည်း အလွန်အဖိုးထိုက်သောအရာဖြစ်သည်။ ညီအစ်ကိုများနှင့်အတူရယ်မောနိုင်ခြင်း—နောက်ကိုယ့်ကိုယ်ကို ရယ်မောခြင်း—သည် ပြဿနာအခက်အခဲများကို တစ်နည်းနည်းဖြင့် လျော့နည်းသည်။
ထိုထက်ကား ရင်ဆိုင်ရသည့် စုံစမ်းမှုများတွင် ခံရပ်နိုင်ရန် ယေဟောဝါ၏စွမ်းအားလိုအပ်သည်။ ပေါလု၏ ဤစကားကို ကျွန်တော်အမြဲသတိရသည်– “ငါ့ကိုခွန်အားနှင့်ပြည့်စုံစေသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။” ယေဟောဝါကျွန်တော်တို့ဘက်တွင်ရှိသောကြောင့် ဘယ်တော့မျှအားလျော့စိတ်ပျက်ဖို့မလိုပါ။—ဖိလိပ္ပိ ၄:၁၃။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
၁၉၅၈ ခုနှစ်တွင် ရော်နယ်နှင့် ရာဖာအဲလာ တေလာ
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
စပိန်တွင် ပိတ်ပင်မှုအောက် အစည်းအဝေးကျင်းပခြင်း (၁၉၆၉)