ကမ္ဘာတစ်ခွင်မုန်းတီးမှု၏နိဂုံး
လွန်ခဲ့သည့်နှစ်ပေါင်းနှစ်ထောင်ကျော်က လူနည်းစုအုပ်စုတစ် ခုသည် မုန်းတီးမှု၏သားကောင်ဖြစ်ခဲ့ရသည်။ တာတူလျန်က အစောပိုင်းခရစ်ယာန်များအပေါ် ရောမတို့၏ခေတ်စားနေသော သဘောထားကို ဤသို့ဖွင့်ပြသည်– “မိုးမရွာလျှင်၊ မြေငလျင်လှုပ်လျှင်၊ အစာငတ်ပြတ်မှုနှင့် ကပ်ရောဂါဘေးဆိုက်လျှင် ‘ခရစ်ယာန်များကို ခြင်္သေ့ဆီသို့ခေါ်သွားပါ!’ ဟုချက်ချင်းဟစ်ကြော်ကြသည်။”
မုန်းတီးမှုဓားစာခံများဖြစ်ရငြားလည်း အစောပိုင်းခရစ်ယာန်များသည် တရားမမျှတမှုကို လက်တုံ့ပြန်ကလဲ့စားချေဖို့ သွေးဆောင်ခြင်းကို ငြင်းဆန်တွန်းလှန်ခဲ့ကြသည်။ မိမိ၏ကျော်ကြားသောတောင်ပေါ်ဒေသနာတွင် ယေရှုခရစ်ဤသို့မိန့်ခဲ့သည်– “‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်လော့။ ရန်သူကိုမုန်းလော့’ ဟူသော ပညတ်စကားကို သင်တို့ကြားရပြီ။ ငါပညတ်သည်ကား၊ . . . သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကိုကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။”—မဿဲ ၅:၄၃၊ ၄၄။
‘ရန်သူကိုမုန်းခြင်း’ သည် လုပ်ထိုက်သည့်အရာအဖြစ်ကိုင်စွဲထားသည့် ဂျူးတို့၏နှုတ်တိုက်ထုံးတမ်းတစ်ခုဖြစ်သည်။ သို့သော် ယေရှုက မိမိတို့၏မိတ်ဆွေလောက်ကိုမျှမဟုတ်ဘဲ ကျွန်ုပ်တို့၏ရန်သူကို ချစ်ရမည်ဟု မိန့်ခဲ့သည်။ ယင်းသည်ခက်ခဲလှသည်၊ သို့သော်မဖြစ်နိုင်ရာမဟုတ်ပါ။ ရန်သူကိုချစ်ခြင်းမည်သည် သူ၏လမ်းစဉ်များ သို့မဟုတ် သူ၏အကျင့်အကြံများရှိရှိသမျှကို ကြိုက်ရမည်ဟူ၍ မဆိုလိုပါ။ မဿဲမှတ်တမ်းတွင်တွေ့ရသည့် ဂရိစကားလုံးသည် မူနှင့်အညီပြုမူသည့်မေတ္တာတစ်ခုအဖြစ်ဖော်ပြသည့် အဂါးပေး မှဆင်းသက်လာသည်။ မူသဘောပြဋ္ဌာန်းထားသော အဂါးပေး မေတ္တာကို တင်ပြသည့်ပုဂ္ဂိုလ်တစ်ဦးသည် မိမိအားမုန်းတီးသူနှင့် မတော်မလျော်ဆက်ဆံသူကိုပင် ကောင်းကျိုးပြုသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယင်းသည်ခရစ်တော်ကိုတုပသည့်နည်းလမ်းဖြစ်ပြီး မုန်းတီးမှုကို အောင်နိုင်ရန် နည်းလမ်းဖြစ်သည်။ ဂရိကျမ်းပညာရှင်တစ်ဦး ဤသို့မှတ်သားခဲ့သည်– “[အဂါးပေး] သည် ဒေါသနှင့် ခါးသီးမှုဘက်သို့တိမ်းညွတ်တတ်သည့် ကျွန်ုပ်တို့ဇာတိသဘောကို အောင်နိုင်ရန် ထောက်ကူနိုင်သည်။” သို့သော် ယနေ့ခေတ်မုန်းတီးမှုတင်းကျမ်းဖြစ်နေသည့်လောကတွင် ယင်းကိုစွမ်းဆောင်နိုင်မည်လော။
ဝန်ခံရမည်မှာ၊ ခရစ်ယာန်ဟုကြွေးကြော်သူအားလုံးသည် ယေရှု၏နမူနာကိုလိုက်လျှောက်ရန် သန္နိဋ္ဌာန်ချမထားကြပါ။ ရဝမ်ဒါနိုင်ငံတွင် မကြာသေးမီကဖြစ်သည့် ရက်စက်ယုတ်မာမှုများကို အများစုအနေနှင့် ခရစ်ယာန်အခေါ်ခံသူလူမျိုးစုဝင်များက ပြုလုပ်ခဲ့သည်။ ရဝမ်ဒါတွင် အနှစ် ၂၀ ကြာလုပ်ဆောင်ခဲ့သည့် ရိုမင်ကက်သလစ်သီလရှင်ဖြစ်သူ ပီလာ ဒီယက်စ် အက်ပီလိုစင်က အဖြစ်အပျက်တစ်ခုကို ပြန်ပြောင်းပြောပြသည်။ လူတစ်ဦးသည် သူအသုံးပြုထားကြောင်းထင်ရှားသိသာသည့် လှံရှည်တစ်ချောင်းကိုကိုင်ရင်း သူမ၏ချာ့ချ်သို့ ချဉ်းလာသည်။ သီလရှင်က သူ့အား ဤသို့မေးခဲ့သည်– “ရှင်နေရာတကာသွားပြီးလူတွေကိုသတ်နေတာဟာ ဘာသဘောနဲ့လဲ။ ရှင်ဟာ ယေရှုအကြောင်းကို ထည့်မစဉ်းစားဘူးလား။” သူစဉ်းစားခဲ့ကြောင်းပြောကာ ချာ့ချ်သို့ဆက်လက်ဝင်ရောက်ပြီး ဒူးထောက်၍ ထက်သန်စွာပုတီးစိတ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။ သို့သော် ပြီးသွားသောအခါ ဆက်ပြီးသတ်ဖြတ်ဖို့ ထွက်သွားပြန်သည်။ “ကျွန်မတို့ ခရစ်ဝင်ကျမ်းကို ကျကျနနမသွန်သင်ဘူးဆိုတာကို အဲဒါကပြပါတယ်” ဟု ယင်းသီလရှင်က ဝန်ခံခဲ့သည်။ သို့သော် ဤကဲ့သို့ပျက်ကွက်မှုများက ယေရှု၏သတင်းတရားသည် ချို့တဲ့နေသည်ဟူ၍ အဓိပ္ပာယ်မသက်ရောက်ပါ။ စစ်မှန်သောခရစ်ယာန်ဘာသာတရားကို ကျင့်သုံးသူများသည် မုန်းတီးမှုကိုနိုင်နင်းအောင်မြင်နိုင်ပါသည်။
အကျဉ်းစခန်းများတွင် မုန်းတီးမှုကို နိုင်နင်းအောင်မြင်ခြင်း
ဇာတိဂျူးလူမျိုးတစ်ဦးဖြစ်သူ မက္ခစ်လိဘ်စတားသည် မီးလောင်တိုက်သွင်းမှုမှ ကပ်ကျော်အသက်ရှင်ခဲ့သည်။ သူ့မျိုးရိုးအမည်၏အဓိပ္ပာယ်မှာ “ချစ်မြတ်နိုးခံရသူ” ဟူ၍ဖြစ်သော်လည်း သူ့အတွက်အမုန်းဝေစုသာ ပို၍ရခဲ့ကြောင်းတွေ့ခဲ့ရသည်။ သူက နာဇီဂျာမနီတွင် မေတ္တာနှင့်မုန်းတီးမှုအကြောင်း သင်ခန်းစာရခဲ့သည်များကို ပြောပြခဲ့သည်။
“ကျွန်တော်ဟာ ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း ဂျာမနီနိုင်ငံ မန်းဟင်းမ်မြို့အနီးမှာ ကြီးပြင်းခဲ့ပါတယ်။ ဟစ်တလာက ဂျူးအားလုံးဟာ ဂျာမန်ပြည်သူများကို ကုပ်သွေးစုပ်နေတဲ့ ကြွယ်ဝသော အမြတ်ကြီးစားခေါင်းပုံဖြတ်သူများဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်ရဲ့အဖေဟာ နိမ့်ကျတဲ့ဖိနပ်ချုပ်သမားသာဖြစ်တာတော့ အမှန်ပါပဲဗျာ။ ဘာပဲဖြစ်ဖြစ်လေ နာဇီဝါဒဖြန့်မှုရဲ့လွှမ်းမိုးမှုကြောင့် အိမ်နီးနားချင်းများဟာ ကျွန်တော်တို့ကို စပြီးရန်လိုစိတ်မွေးနေကြပါတယ်။ ကျွန်တော်ဆယ်ကျော်သက်အရွယ်မှာ ရွာသားတစ်ယောက်က အနိုင်ကျင့်ပြီး ကျွန်တော်ရဲ့နဖူးကို ဝက်သွေးနဲ့သုတ်ခဲ့ပါတယ်။ တရားလွန်တဲ့ ဒီစော်ကားမှုဟာ အနာဂတ်မှာဖြစ်ပျက်မယ့်အရာရဲ့ ပဏာမသာဖြစ်ပါတယ်။ ၁၉၃၉ ခုနှစ်မှာ ဂက်စ်တာပိုက ကျွန်တော့်ကိုဖမ်းချုပ်ခဲ့ပြီး ကျွန်တော်ပိုင်ဆိုင်ရာမှန်သမျှကို သိမ်းခဲ့ပါတယ်။
“၁၉၄၀ ဇန်နဝါရီလကနေ ၁၉၄၅ မေလအထိ သီးခြားအကျဉ်းစခန်းငါးခု– စက္ကစင်ဟောက်စင်၊ နွိုင်ယန်ဂါမာ၊ အော့ဇ်ဝစ်၊ ဗြူနာ၊ ဗြူကန်ဝေါ့ဒ်မှာ အသက်ရှင်ကျန်ရစ်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ကျွန်တော့်ရဲ့အဖေဟာလည်း စက္ကစင်ဟောက်စင်သို့ အပို့ခံရပြီး ၁၉၄၀ ပြည့်နှစ်ရဲ့ ကြောက်ဖွယ်လိလိဖြစ်သော ဆောင်းတွင်းမှာ အသက်ပျောက်ခဲ့တယ်။ ကျွန်တော်ကိုယ်တိုင် အဖေ့ရဲ့ရုပ်ကလာပ်ကို မီးရှို့မယ့်လူသေကောင်တွေပုံထားတဲ့နေရာ မီးသင်္ဂြိုဟ်စက်ဆီကို ထမ်းသွားခဲ့တယ်။ ကျွန်တော့်ရဲ့မိသားစု စုစုပေါင်းရှစ်ယောက်ဟာ အကျဉ်းစခန်းတွေမှာ အသက်ဆုံးခဲ့ကြပါတယ်။
“အကျဉ်းသားတွေထဲမှာ ကာပို့စ် တွေဟာ အက်စ်အက်စ်အစောင့်တွေထက်တောင် မုန်းတီးခံရကြတယ်။ ကာပို့စ် တွေဆိုဒါဟာ အက်စ်အက်စ်တွေနဲ့ ပေါင်းတဲ့အကျဉ်းသားတွေဖြစ်ပြီး အဲ့ဒီအတွက်ကြောင့် သူတို့ဟာအတော်အတန်မျက်နှာသာရပါတယ်။ သူတို့ကို အစားအသောက်ဝေဖို့တာဝန်ပေးထားပြီး အခြားအကျဉ်းသားများကို ရိုက်ပုတ်တာတွေလည်း လုပ်ကြတယ်။ မကြာခဏပဲသူတို့ဟာ မတော်မတရားနိုင်ထက်စီးနင်း ပြုမူကြပါတယ်။ အက်စ်အက်စ်တွေကိုရော ကာပို့စ် တွေကိုပါ ဒီထက်ပိုပြီး အကြီးအကျယ်မုန်းတီးဖို့အကြောင်းရှိတယ်လို့ ကျွန်တော်ယူဆထားပေမဲ့လည်း အကျဉ်းကျစဉ်အတွင်းမှာ မေတ္တာဟာမုန်းတီးမှုထက်ပိုပြီး အစွမ်းတန်ခိုးကြီးမားတယ်ဆိုတာ သင်ယူမိခဲ့တယ်။
“အကျဉ်းသားများဖြစ်တဲ့ ယေဟောဝါသက်သေများရဲ့ မြဲမြံတဲ့ဇွဲသတ္တိက သူတို့ရဲ့ယုံကြည်ခြင်းဟာ ကျမ်းစာပေါ်မှာအခြေခံတယ်ဆိုတာ ကျွန်တော့်ကို ယုံကြည်စိတ်ချစေပြီး ကျွန်တော်ကိုယ်တိုင် သက်သေခံတစ်ယောက်ဖြစ်လာတယ်။ နွိုင်ယန်ဂါမာအကျဉ်းစခန်းမှာတွေ့ဆုံခဲ့တဲ့ သက်သေခံတစ်ယောက်ဖြစ်တဲ့ အန့်စ်ထ် ဗွိုင်ယာက ခရစ်တော်ရဲ့စိတ်သဘောကို မွေးမြူဖို့ ကျွန်တော့်ကိုအားပေးတိုက်တွန်းခဲ့တယ်။ ကျမ်းစာက ‘ဆဲရေးကဲ့ရဲ့ခံရတဲ့အခါ သူပြန်ပြီးဆဲဆိုကဲ့ရဲ့မှုမလုပ်ဘူး၊ သူ့ကို ဒုက္ခပေးနာကျင်စေသည့်အခါ ပြန်ပြီးမခြိမ်းခြောက်ဘဲ ဖြောင့်မတ်စွာတရားစီရင်သည့်သူထံကိုယ်ကိုကိုယ် ဆက်၍အပ်ပေး’ တယ်လို့ပြောထားပါတယ်။ (၁ ပေတရု ၂:၂၃) ကျွန်တော်အလားတူလုပ်ဖို့၊ ကလဲ့စားချေမှုကို အားလုံးရဲ့တရားသူကြီးဖြစ်တဲ့ ယေဟောဝါရဲ့လက်ထဲမှာထားဖို့ ကြိုးစားပါတယ်။
“အကျဉ်းစခန်းတွေမှာ ကုန်ခန်းခဲ့တဲ့ကျွန်တော့်ရဲ့နှစ်ကာလတွေက လူတွေဟာမသိဘဲ အမှားလုပ်တတ်လေ့ရှိကြောင်း သွန်သင်ပေးခဲ့ပါတယ်။ အက်စ်အက်စ်အစောင့်တိုင်း ဆိုးကြတာမဟုတ်ပါဘူး—ကျွန်တော့်အသက်ကို ကယ်ခဲ့တဲ့သူတစ်ယောက်ရှိတယ်။ တစ်ကြိမ်မှာ ကျွန်တော်ဟာ ဝမ်းလျှောခြင်းရဲ့ထိုးနှက်တဲ့ဒဏ်ကိုခံရပြီး အလုပ်ကနေ စခန်းကိုလမ်းပြန်မလျှောက်နိုင်တဲ့အထိ အားနည်းနေတယ်။ ကျွန်တော့်ကို နောက်တစ်နေ့နံနက်မှာ အော့ဇ်ဝစ်ရဲ့ဓာတ်ငွေ့ခန်းကို အပို့ခံရဖို့ရှိခဲ့ပေမဲ့ ကျွန်တော့်လိုဂျာမနီနယ်သားဖြစ်တဲ့ အက်စ်အက်စ်အစောင့်တစ်ဦးက ကျွန်တော့်အကျိုးအတွက် ကြားဝင်ပေးခဲ့တယ်။ သူဟာ ကျွန်တော့်ကို ပြန်နာလန်ထူလာတဲ့အထိ အနားယူနိုင်တဲ့ အက်စ်အက်စ်တွေရဲ့စားသောက်ဆိုင်မှာ အလုပ်ပေးခဲ့ပါတယ်။ တစ်နေ့မှာ သူကကျွန်တော့်ကို ဒီလိုဝန်ခံခဲ့ပါတယ်– ‘မက္ခစ်၊ ကျွန်တော်ဟာ အရှိန်ပြင်းပြင်းသွားနေပြီး ထိန်းသူမရှိတဲ့ရထားပေါ်မှာ ရောက်နေသလိုခံစားရတယ်ဗျာ။ ခုန်ချရင်လဲသေမှာပဲ၊ ဆက်နေရင်လဲ ကြေမွပျက်စီးမှာပဲဗျာ!’
“ဒီလူတွေဟာ ကျွန်တော့်လောက်ကို မေတ္တာလိုအပ်နေကြပါတယ်။ အမှန်တော့ ဒုက္ခရောက်စေတဲ့အခြေအနေများနဲ့ သေဒဏ်စီရင်မယ့်နေ့စဉ်ခြိမ်းခြောက်မှုများကို အောင်မြင်ကျော်လွှားနိုင်စေတဲ့အရာကတော့ ဘုရားသခင်ကို ကျွန်တော့်ရဲ့ယုံကြည်မှုနဲ့အတူ မေတ္တာနှင့်ချစ်ခင်ကြင်နာမှုတို့ဖြစ်ပါတယ်။ ကျွန်တော်ဟာ ကိုယ်စိတ်ထိခိုက်မှုမရှိဘဲ ကပ်ကျော်လွန်မြောက်ခဲ့ပါတယ်လို့မဆိုနိုင်ပေမဲ့ ကျွန်တော့်ရဲ့စိတ်ဒဏ်ရာတွေဟာ တော်တော့်ကိုလျော့ကျသွားပါတယ်။”
နှစ်ပေါင်း ၅၀ ကြာပြီးသည်အထိ မက္ခစ်ဆက်၍ထွန်းလင်းပြနေသေးသည့် နွေးထွေးလှိုက်လှဲမှုနှင့် ကြင်နာမှုတို့က သူ၏စကားမှန်ကန်ကြောင်း သက်သေဖြစ်သည်။ မက္ခစ်၏ဖြစ်ရပ်သည် တစ်ခုတည်းသောဖြစ်ရပ် မဟုတ်ပါ။ သူ့တွင် မုန်းတီးမှုကို ကျော်လွှားရန် ခိုင်လုံသောအကြောင်းရင်း—ခရစ်တော်ကို သူတုပလိုသည့်သဘောရှိသည်။ သူတို့၏အသက်တာကို ကျမ်းစာဖြင့်တည့်မတ်ထိန်းကျောင်းခံရသည့် အခြားသူများသည် ဤနှယ်ပင်ပြုမူခဲ့ကြပြီ။ ပြင်သစ်နိုင်ငံမှ ယေဟောဝါသက်သေတစ်ယောက်ဖြစ်သူ စီမွန်က ကိုယ်ကျိုးမဖက်သောမေတ္တာသည် တကယ်တမ်းမည်သည့်အဓိပ္ပာယ်ရှိကြောင်း သူမ တတ်သိခဲ့ပုံကို ရှင်းပြသည်။
“ဒုတိယကမ္ဘာစစ်မဖြစ်မီ အချိန်ကလေးမှာ သက်သေခံဖြစ်လာတဲ့ ကျွန်မရဲ့အမေ အမ္မာက လူတွေဟာ ပိုပြီးကောင်းတဲ့အရာဘာလဲဆိုတာ မသိတဲ့အတွက်ကြောင့် ဆိုးတဲ့အရာတွေကို လုပ်လေ့ရှိကြောင်း ကျွန်မကိုသွန်သင်ပေးခဲ့ပါတယ်။ ယေရှုက ကျွန်မတို့ဟာ ကိုယ့်ရန်သူကိုချစ်သင့်ပြီး ကျွန်မတို့ကိုညှဉ်းဆဲတဲ့လူတွေအတွက် ဆုတောင်းပေးသင့်ကြောင်း မိန့်ခဲ့တဲ့အတွက်ကြောင့် သူတို့ကိုပြန်ပြီးမုန်းမယ်ဆိုရင် ကျွန်မတို့ဟာ ခရစ်ယာန်စစ်မဟုတ်တော့ဘူးလို့ အမေကရှင်းပြတယ်။—မဿဲ ၅:၄၄။
“ကျွန်မရဲ့ယုံကြည်ခံယူထားချက်ကို စမ်းသပ်တဲ့ အလွန်ခက်ခဲတဲ့အခြေအနေတစ်ခုကို ပြန်သတိရမိတယ်။ ပြင်သစ်နိုင်ငံကို နာဇီသိမ်းပိုက်ချိန်အတွင်း အမေဟာ ကျွန်မတို့နေတဲ့အဆောက်အဦမှာရှိတဲ့ အိမ်နီးချင်းတစ်ယောက်ရဲ့လက်ချက်နဲ့ ဒုက္ခအကြီးအကျယ်ရောက်ခဲ့ရတယ်။ ဒီအမျိုးသမီးက ဂက်စ်တာပိုကို အမေ့သတင်းပေးလိုက်ရာ ရလဒ်အနေနဲ့ အမေဟာသေလုမြောပါးခံစားခဲ့ရတဲ့ ဂျာမန်ချွေးတပ်စခန်းမှာ နှစ်နှစ်ကြာနေခဲ့ရတယ်။ စစ်ပြီးသွားတဲ့အခါမှာ ပြင်သစ်ရဲက ဒီအမျိုးသမီးဟာ ဂျာမန်အလိုတော်ရိတစ်ဦးအဖြစ် ပြစ်မှုထင်ရှားစေဖို့ စာရွက်တစ်ရွက်မှာ အမေ့ကို လက်မှတ်ထိုးစေလိုပါတယ်။ ဒါပေမဲ့ အမေငြင်းဆိုခဲ့ပြီး ‘ဘုရားသခင်ဟာ တရားသူကြီးဖြစ်ပြီးအကောင်းအဆိုးအတွက် အကျိုးအပြစ်ပေးပိုင်ရှင်’ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ နှစ်အနည်းငယ်ကြာပြီးတဲ့နောက် အဲ့ဒီအိမ်နီးချင်းအမျိုးသမီးဟာ ကုလို့မရနိုင်တော့တဲ့ ကင်ဆာဝေဒနာသည်ဖြစ်လာပါတယ်။ သူရဲ့ကြမ္မာဆိုးအပေါ် ကြိတ်ဝမ်းသာနေမဲ့အစား ကျွန်မအမေဟာ သူမရဲ့နောက်ဆုံးအသက်တာလတွေမှာ သက်သောင့်သက်သာအရှိနိုင်ဆုံးဖြစ်အောင် နာရီပေါင်းများစွာ အချိန်ပေးကူညီခဲ့တယ်။ မုန်းတီးမှုအပေါ် ချစ်ခြင်းမေတ္တာရဲ့ ဒီအောင်ပွဲမျိုးကို ကျွန်မဘယ်တော့မှမေ့နိုင်တော့မှာမဟုတ်ဘူး။”
ဤနမူနာနှစ်ခုက တရားမမျှတမှုနှင့်ရင်ဆိုင်ရသည့်အခါတွင် မူကျင့်စဉ်မေတ္တာ၏အစွမ်းတန်ခိုးကို ဖော်ပြသည်။ သို့ရာတွင် ကျမ်းစာကိုယ်နှိုက်က “ချစ်ရသောအချိန်နှင့် မုန်းရသောအချိန်လည်း” ရှိကြောင်းပြောပါသည်။ (ဒေသနာ ၃:၁၊ ၈) ယင်းသည် မည်သို့ဖြစ်နိုင်သနည်း။
မုန်းတီးရသောအချိန်
ဘုရားသခင်သည် မုန်းတီးမှုမှန်သမျှကို မရှုတ်ချပါ။ ယေရှုခရစ်နှင့်ပတ်သက်၍ ကျမ်းစာဤသို့ဆိုသည်– “ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကို နှစ်သက်၍ မတရားသောအမှုကို မုန်းတော်မူ၏။” (ဟေဗြဲ ၁:၉) သို့ရာတွင် ဖောက်ပြားမှားယွင်းမှုကို မုန်းတီးခြင်းနှင့် ဖောက်ပြားမှားယွင်းမှုပြုသူကို မုန်းတီးခြင်းတို့ကြားတွင် ကွာခြားချက်ရှိသည်။
ယေရှုက ချစ်ခြင်းနှင့် မုန်းခြင်းကြားထားရမည့် သင့်တော်သောဟန်ချက်ကို နမူနာချမှတ်ခဲ့သည်။ ကိုယ်တော်သည် အရေခြုံမှုကို မုန်းတီးသော်လည်း အရေခြုံသူများအား သူတို့တွေးတောပုံများကို ပြောင်းလဲရန် ကြိုးစားထောက်မပေးခဲ့သည်။ (မဿဲ ၂၃:၂၇၊ ၂၈; လုကာ ၇:၃၆-၅၀) ကိုယ်တော်သည် ရမ်းကားမှုကို ရှုတ်ချသော်လည်း သူ့အားအဆုံးစီရင်သည့်သူများအတွက် ဆုတောင်းပေးခဲ့သည်။ (မဿဲ ၂၆:၅၂; လုကာ ၂၃:၃၄) ထို့အပြင် လောကီသားတို့သည် အကြောင်းမရှိဘဲကိုယ်တော်ကိုမုန်းတီးကြသော်လည်း လောကီသားတို့ကိုအသက်ပေးနိုင်ရန် မိမိ၏အသက်ကိုစွန့်ခဲ့သည်။ (ယောဟန် ၆:၃၃၊ ၅၁; ၁၅:၁၈၊ ၂၅) ကိုယ်တော်သည် ကျွန်ုပ်တို့အား မူကျင့်စဉ်မေတ္တာနှင့် ဘုရားရေးရာမုန်းတီးမှုတို့နှင့်ပတ်သက်သော စုံလင်သည့်နမူနာကို ထားရစ်ခဲ့သည်။
တရားမမျှတမှုက ယေရှုအား ကျင့်ဝတ်ဆိုင်ရာ ဒေါသထွက်အောင်လှုံ့ဆော်ခဲ့သကဲ့သို့ ကျွန်ုပ်တို့အား လှုံ့ဆော်ပေမည်။ (လုကာ ၁၉:၄၅၊ ၄၆) သို့သော် ခရစ်ယာန်များသည် ကိုယ်တိုင်ကိုယ်ကျလက်စားချေရန် အခွင့်အာဏာမရပါ။ “အဘယ်သူကိုမျှ ရန်တုံ့မမူကြနှင့်” ဟု တမန်တော်ပေါလုက ရောမတွင်ရှိခရစ်ယာန်များအား သွန်သင်ပေးခဲ့သည်။ “သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့။ . . . ကိုယ်တိုင် အပြစ်ပြန်၍မတုံ့ကြနှင့်။ . . . အဆိုးအားဖြင့်အရှုံးမခံနှင့်။ အကောင်းအားဖြင့် အဆိုးကိုနိုင်လော့။” (ရောမ ၁၂:၁၇-၂၁) ကျွန်ုပ်တို့ကိုယ်တိုင် မုန်းတီးမှုခံစားချက်ကို စွဲကိုင်ထားခြင်း (ဝါ) မှားယွင်းမှုတစ်ခုကို လက်စားချေခြင်းတို့ကို ငြင်းပယ်လိုက်သောအခါ မေတ္တာသည် အောင်ပွဲဆင်သည်။
မုန်းတီးမှုမရှိသည့်ကမ္ဘာတစ်ခု
ကမ္ဘာချီအတိုင်းအတာဖြင့် မုန်းတီးမှုပျောက်ကွယ်သွားဖို့အတွက် သန်းနှင့်ချီသောလူသားထုတွင် အမြစ်တွယ်နေသည့်သဘောထားကို ပြောင်းလဲပစ်ရမည်။ ယင်းသည် မည်သို့အထမြောက်နိုင်မည်နည်း။ ပါမောက္ခ အာဗင် စတော့ဘ်က အောက်ပါထောက်ခံချက်ကို ပေးသည်– “ကျွန်ုပ်တို့ထိခိုက်သူများကို တန်ဖိုးမထားဘဲသူများကို ကျွန်ုပ်တို့ကူညီပေးကြသည်။ ကျွန်ုပ်တို့သည် မိမိတို့ အကူအညီပေးလိုက်သူများကို ပိုမိုမြင့်မားစွာတန်ဖိုးထားလာပြီး အကူအညီပေးရာတွင် ကျေနပ်မှုခံစားရသည်အမျှ ကျွန်ုပ်တို့သည် ပို၍ဂရုစိုက်အကူအညီပေးသည့်သူများအဖြစ်လည်း မိမိကိုယ်ကို မြင်လာသည်။ ကျွန်ုပ်တို့ပန်းတိုင်များထဲမှတစ်ခုမှာ အခြားသူများအတွက် အကျိုးဆောင်ခြင်း၌ အကျယ်ပြန့်ဆုံးအတိုင်းအတာဖြင့် အတတ်နိုင်ဆုံးပါဝင်လုပ်ဆောင်သော အဖွဲ့အစည်းများကို ဖန်တီးရန်ဖြစ်ရမည်။”—အပြစ်၏ဇာစ်မြစ်များ။
တစ်နည်းဆိုရလျှင် မုန်းတီးမှုကိုထုတ်ပစ်ရာတွင် တစ်ယောက်ကိုတစ်ယောက်ထောက်မခြင်းအားဖြင့် မေတ္တာကို သင်ယူသည့်လူများရှိသော အဖွဲ့အစည်းတစ်ခုဖန်တီးခြင်း၊ စိတ်စွန်းကွက်မှု၊ အမျိုးသားရေးဝါဒ၊ လူမျိုးကြီးဝါဒနှင့် လူမျိုးစုစွဲဝါဒတို့က ဖြစ်ပေါ်စေသည့် ရန်လိုမုန်းတီးမှုရှိရှိသမျှကို မေ့လျော့ပစ်သည့်လူများရှိသော အဖွဲ့အစည်းတစ်ခုဖန်တီးခြင်းတို့ လိုအပ်ပါသည်။ ဤကဲ့သို့သောအဖွဲ့အစည်းတစ်ခုရှိပါသလော။ ယဉ်ကျေးမှုခေတ်ပြောင်း တော်လှန်ရေးကာလအတွင်း မုန်းတီးမှုကို ကိုယ်တွေ့ရင်ဆိုင်ခဲ့ရသည့် အမျိုးသားတစ်ဦး၏ တွေ့ကြုံမှုကို ဆင်ခြင်ကြည့်ပါ။
“ယဉ်ကျေးမှုခေတ်ပြောင်းတော်လှန်ရေး စတင်တဲ့အခါ လူတန်းစားတိုက်ပွဲတွင် အလျော့အတင်းလုပ်ဖို့အတွက် နေရာမရှိကြောင်း ကျွန်တော်တို့သွန်သင်ခံရကြသည်။ မုန်းတီးမှု ကလွှမ်းမိုးသည့်သဘောထားရှိသည်။ ကျွန်တော်သည် အစောင့်နီအဖွဲ့ဝင်တစ်ယောက်ဖြစ်လာပြီး လူတန်းစားရန်သူများကို—ကျွန်တော့်မိသားစုထဲမှာပင်နေရာတိုင်း—စ၍လိုက်လံရှာဖွေခဲ့သည်။ ထိုအချိန်တွင် ဆယ်ကျော်သက်တစ်ယောက်သာဖြစ်သော်လည်း ကျွန်တော်သည် အိမ်တွင်းရှာဖွေရေးတွင် ပါဝင်ခဲ့ရာ ဆန့်ကျင်လိုသည့်သဘောများနှင့်ပတ်သက်သည့် အထောက်အထားကို ရှာခဲ့ကြသည်။ ကျွန်တော်သည် ‘ခေတ်ပြောင်းတော်လှန်ရေးဆန့်ကျင်သူ’ တစ်ယောက်အကြောင်းကို ပြစ်တင်ပြောဆိုသည့် လူထုအစည်းအဝေးတစ်ခုကိုလည်း ဦးစီးကျင်းပခဲ့သည်။ အမှန်မှာ ဤစွဲချက်များသည် တစ်ခါတစ်ရံ ပုဂ္ဂိုလ်ရေးရန်လိုမုန်းတီးမှုပေါ်တွင် ပို၍အခြေပြုသည်။
“ပို၍ပို၍ရက်စက်ကြမ်းကြုတ်လာသော ကာယညှဉ်းဆဲမှုခံနေရသည့် များစွာသောလူများ—လူငယ်နှင့် လူကြီး၊ အမျိုးသားနှင့် အမျိုးသမီး—တို့ကိုကျွန်တော်တွေ့ခဲ့ရသည်။ ကျွန်တော်၏ကျောင်းဆရာတစ်ယောက်—လူကောင်းတစ်ယောက်—သည် ရာဇဝတ်သားတစ်ဦးအဖြစ် လှည့်လည်ပြသခံရသည်။ နှစ်လကြာပြီးနောက် ကျွန်တော့်ကျောင်းမှ အလွန်လေးစားခံရသည့် အခြားဆရာတစ်ဦးကို စူးဂျိုးမြစ်ထဲတွင် သေလျက်သားတွေ့ခဲ့ရပြီး ကျွန်တော်၏အင်္ဂလိပ်ဆရာသည် သူ့ကိုယ်သူဆွဲကြိုးချရန် အတင်းအကျပ်ပြုခံခဲ့ရသည်။ ကျွန်တော်သည် အထိတ်တလန့်ဖြစ်ကာ တွေဝေသွားခဲ့သည်။ ဤသူများသည် ကြင်နာသည့်နှလုံးသားပိုင်ရှင်များဖြစ်သည်။ ယင်းသို့ သူတို့ကိုဆက်ဆံခြင်းမှာ မှားသည်။ ထို့ကြောင့် ကျွန်တော်သည် အစောင့်နီအဖွဲ့သားများနှင့် ဆက်သွယ်မှုမှန်သမျှကို ဖြတ်တောက်ပစ်ခဲ့သည်။
“ဤမုန်းတီးမှုအချိန်ကာလပိုင်းသည် ရှားရှားပါးပါးမတော်တဆဖြစ်မှုတစ်ခုဟု ကျွန်တော်မထင်ပါ။ ဤရာစုနှစ်တွင် များစွာသောအမုန်းပွင့်အန်မှုများကို တွေ့ခဲ့ရပြီ။ သို့သော် မေတ္တာသည် မုန်းတီးမှုကို အနိုင်ယူနိုင်ကြောင်း ကျွန်တော်စိတ်ချယုံကြည်သည်။ ဤသည်မှာ ကျွန်တော့်ကိုယ်တွေ့အချို့အဝက်ဖြစ်သည်။ ကျွန်တော်သည် ယေဟောဝါသက်သေများနှင့် စတင်ပေါင်းသင်းသည့်အခါ လူအမျိုးအနွယ်နှင့် နောက်ခံမတူသည့်လူများအား သူတို့ပြသသည့် မေတ္တာစစ်က ကျွန်တော့်ကို စိတ်စွဲမှတ်စေခဲ့သည်။ ကျမ်းစာကတိပြုသကဲ့သို့ လူတိုင်း တစ်ယောက်ကိုတစ်ယောက်ချစ်ရန် သင်ယူကြမည့်အချိန်ကို ကျွန်တော်ရှေ့ ရှုမျှော်လင့်ပါသည်။”
မှန်ပါသည်၊ ယေဟောဝါသက်သေများ၏ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းသည် မုန်းတီးမှုကိုဖယ်ရှားပစ်နိုင်ကြောင်း သက်ရှိထင်ရှားနေသော သာဓကဖြစ်သည်။ သူတို့၏နောက်ခံသည်မည်သို့ပင်ဖြစ်စေကာမူ စိတ်စွန်းကွက်မှုကို အပြန်အလှန်လေးစားမှုနှင့်အစားထိုးကာ လူမျိုးစုစွဲဝါဒ၊ လူမျိုးကြီးဝါဒ (ဝါ) အမျိုးသားဝါဒနှင့်ပတ်သက်သော မည်သည့်အငုတ်ကိုမဆို ဆွဲနုတ်ပစ်ရန် ကြိုးစားနေကြသည်။ သူတို့၏အောင်မြင်မှုများအတွက် အခြေအမြစ်တစ်ခုမှာ မူအားဖြင့်ထိန်းကျောင်းလမ်းညွှန်ထားသည့် မေတ္တာကို ပြသရာတွင် ယေရှုခရစ်ကိုတုပဖို့ သူတို့စိတ်ဆုံးဖြတ်ထားခြင်းဖြစ်သည်။ နောက်အခြေအမြစ်တစ်ခုမှာ သူတို့ခံစားကောင်းခံစားနေရမည့် တရားမမျှတမှုမှန်သမျှကို ဘုရားသခင်နိုင်ငံတော်က အဆုံးသတ်ရန် မျှော်ကိုးကြခြင်းဖြစ်သည်။
ဘုရားသခင့်နိုင်ငံတော်သည် မုန်းတီးမှုမရှိသည့်ကမ္ဘာတစ်ခု၊ မုန်းတီးဖို့ရန် အပြစ်အနာအဆာပင်ရှိမည်မဟုတ်သည့်ကမ္ဘာတစ်ခု အထမြောက်ဖို့အတွက် အပြီးသတ်ဖြေရှင်းချက်ဖြစ်သည်။ ကျမ်းစာတွင် “ကောင်းကင်သစ်” အဖြစ်ဖော်ပြထားသည့် ဤကောင်းကင်အစိုးရသည် တရားမမျှတမှုမှ လွတ်ကင်းသည့်ကမ္ဘာတစ်ခုကို အာမခံပေးမည်ဖြစ်သည်။ ယင်းက “မြေကြီးသစ်” (ဝါ) တစ်ယောက်ကိုတစ်ယောက် မေတ္တာရှိဖို့ ပညာပေးထားပြီးဖြစ်မည့် လူ့ဘောင်သစ်ကို အုပ်စိုးမည်ဖြစ်သည်။ (၂ ပေတရု ၃:၁၃; ဟေရှာယ ၅၄:၁၃) ဤပညာရေးသည် မက္ခစ်၊ စီမွန်နှင့် အခြားသူများစွာ၏တွေ့ကြုံမှုများက သက်သေခံသည့်အတိုင်း ဆက်လက်လုပ်ဆောင်နေသည်။ ယင်းသည် မုန်းတီးမှုနှင့် ယင်း၏အကျိုးဆက်များကို ပယ်ရှားပစ်ရန် ကမ္ဘာချီအစီအစဉ်တစ်ခု၏ အရိပ်အငွေ့လေးဖြစ်သည်။
ယေဟောဝါသည် မိမိ၏ပရောဖက်ဟေရှာယမှတစ်ဆင့် အကျိုးဆက်ကို ဤသို့ဖော်ပြသည်– “ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ။ အကြောင်းမူကား ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့၊ မြေကြီးသည်ထာဝရဘုရားကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။” (ဟေရှာယ ၁၁:၉) ဘုရားသခင်ကိုယ်တော်တိုင်သည် မုန်းတီးမှုကိုရပ်တန့်စေမည်ဖြစ်သည်။ ယင်းသည် မေတ္တာပြရန် အခါသမယ အမှန်ပင်ဖြစ်တော့မည်။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
နာဇီက မက္ခစ်လိဘ်စတာ၏လက်ဝဲလက်ပေါ်တွင် အကျဉ်းသားနံပါတ်တစ်ခု မင်ကြောင်ထိုးပေးထားသည်
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
မကြာမီ မုန်းတီးမှုသည် အတိတ်တွင်ကျန်ရစ်သည့်အရာတစ်ခုဖြစ်မည်