ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၉/၁ စာ. ၂၂-၂၆
  • “မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာသင်အံမှုအုပ်စုတစ်စု ဖွဲ့စည်း
  • ဓမ္မဆရာများ၏ အတိုက်အခံ
  • ကျွန်ုပ်တို့၏ ဟောပြောခြင်းလုပ်ငန်း
  • စစ်ပွဲအတွင်းနှစ်များ
  • အိမ်ထောင်ရေးနှင့်ပတ်သက်သည့် ယေဟောဝါ၏စံနှုန်း ရှင်းလင်းလာ
  • လုပ်ငန်းတော်အခွင့်အရေးများ
  • စစ်မှန်သောမေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏
  • ကျွန်တော် ဖြုန်းတီးတဲ့သားမိုက်ဖြစ်ခဲ့
    နိုးလော့!—၂၀၀၆
  • ဘုရားသခင်ရေးရာရောင့်ရဲခြင်းက ကျွန်တော့်ကို ထောက်မကူညီခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ကြွယ်ဝတဲ့ ခရစ်ယာန် အမွေအနှစ်က ရှင်သန်ကြီးထွားစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၉/၁ စာ. ၂၂-၂၆

“မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏”

စဲမြူအယ်လ် ဒီ. လဒီစူရီ ပြောပြသည်

နောက်ကြောင်းကိုပြန်စဉ်းစားပြီး ဖြစ်ပျက်လာတာတွေကိုကြည့်တဲ့အခါ ကျွန်တော်အံ့သြမိတယ်။ ယေဟောဝါဟာ ကမ္ဘာတစ်ဝန်းမှာ တကယ်အံ့သြစရာတွေကို ပြုလုပ်နေတယ်။ နိုင်ဂျီးရီးယားနိုင်ငံ၊ အီလက်ရှာမြို့မှာ ၁၉၃၁ ခုနှစ်ကစပြီး ဟောပြောခဲ့တဲ့ ကျွန်တော်တို့လူနည်းစုကလေးဟာ အခု အသင်းတော် ၃၆ ခုဖြစ်နေပြီ။ ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်းဆင်းသူတွေ ပထမဦးဆုံးအကြိမ်ရောက်လာတဲ့ ၁၉၄၇ ခုနှစ်တုန်းက နိုင်ဂျီးရီးယားနိုင်ငံမှာရှိတဲ့ ဟောပြောကြေညာနေသူ ၄,၀၀၀ လောက်ဟာ အခုဆိုရင် ၁၈၀,၀၀၀ ကျော်အထိ တိုးများလာပြီ။ အဲ့ဒီအစောပိုင်းအချိန်က တိုးတက်လာလိမ့်မယ်လို့ လုံးဝမမျှော်လင့်ခဲ့ဘူး။ အိပ်မက်တောင်မမက်ခဲ့ဘူး။ ဒီဝမ်းသာစရာကောင်းတဲ့အလုပ်ကို ကျွန်တော်လည်း ပါဝင်လုပ်ကိုင်ခွင့်ရခဲ့လို့ သိပ်ကျေးဇူးတင်တာပဲ! ဒီအကြောင်းကို ပြောပြပါရစေ။

ကျွန်တော့်အဖေဟာ သေနတ်နဲ့ ယမ်းမှုန့်ကို တစ်မြို့ပြီးတစ်မြို့သွားပြီး အရောင်းအဝယ်လုပ်သူဖြစ်တယ်; သူဟာ အိမ်မှာ မရှိသလောက်ပါပဲ။ ကျွန်တော်သိသလောက်ဆိုရင် သူ့မှာ မိန်းမခုနစ်ယောက်ရှိတယ်။ ဒါပေမဲ့ သူတို့အားလုံး သူနဲ့အတူမနေကြဘူး။ ကျွန်တော့်အမေကို အဖေက သေဆုံးသွားတဲ့ သူ့အစ်ကိုဆီကတစ်ဆင့်ရတယ်။ အမေက သူ့ရဲ့ ဒုတိယမိန်းမဖြစ်လာပြီး ကျွန်တော်ဟာ အမေနဲ့အတူနေတယ်။

တစ်နေ့ကျတော့ အနီးအနားရွာမှာနေတဲ့ သူ့ရဲ့ပထမမိန်းမဆီကနေ အဖေပြန်လာတယ်။ အဲဒီမှာသူရှိနေတုန်း ကျွန်တော့်အဖေတူ အမေကွဲညီအစ်ကိုက ကျောင်းတက်နေတယ်လို့ သိခဲ့တယ်။ သူဟာ ကျွန်တော်နဲ့တစ်ရွယ်တည်း ဆယ်နှစ်ဖြစ်တယ်။ ဒါနဲ့ ကျွန်တော်လည်း ကျောင်းနေရမယ်လို့ အဖေဆုံးဖြတ်တယ်။ ကျွန်တော့်ကိုသူ ကိုးပဲနီပေးတယ်—သုံးပဲနီက ပြဋ္ဌာန်းစာအုပ်အတွက်၊ ခြောက်ပဲနီက ကျောက်သင်ပုန်းအတွက်ဖြစ်တယ်။ အဲ့ဒါ ၁၉၂၄ ခုနှစ်က ဖြစ်တယ်။

ကျမ်းစာသင်အံမှုအုပ်စုတစ်စု ဖွဲ့စည်း

ကျွန်တော်ငယ်ငယ်ကတည်းက ဘုရားသခင်ရဲ့နှုတ်ကပါဌ်တော် သမ္မာကျမ်းစာကို မြတ်နိုးခဲ့တယ်။ ကျောင်းကျမ်းစာသင်တန်းတွေမှာ သိပ်ပျော်တာပဲ။ ကျွန်တော့်ဥပုသ်စာသင်ကျောင်းဆရာတွေကလည်း ကျွန်တော့်ကို အမြဲချီးမွမ်းတယ်။ ဒါနဲ့ ၁၉၃၀ ခုနှစ်က အီလက်ရှာမြို့မှာ ပထမဦးဆုံးအကြိမ်လာဟောတဲ့ နယ်လှည့်ကျမ်းစာကျောင်းသားရဲ့ ဟောပြောချက်ကိုသွားနားထောင်ဖို့ အခွင့်အရေးရတယ်။ ဟောပြောချက်ပြီးတော့ သူက ယိုရူဘာ ဘာသာနဲ့ထုတ်ဝေတဲ့ ဘုရားသခင်၏စောင်းတော် စာအုပ်ကို ကျွန်တော့်ကိုဝေငှတယ်။

ဥပုသ်စာသင်ကျောင်းကို ကျွန်တော်မှန်မှန်တက်တယ်။ အခုကျတော့ အဲ့ဒီမှာသွန်သင်ပေးတဲ့ အယူဝါဒအချို့ကို ကန့်ကွက်ဖို့ ဘုရားသခင်၏စောင်းတော် စာအုပ်ကို ကျွန်တော်ယူသွားတယ်။ အငြင်းအခုံတွေဖြစ်လာတယ်။ ဒီ ‘သွန်သင်မှုအသစ်’ ကိုမလိုက်ဖို့လည်း ချာ့ချ်ခေါင်းဆောင်တွေက ကျွန်တော့်ကိုမကြာခဏသတိပေးတယ်။

နောက်နှစ်ကျတော့ ကျွန်တော်လမ်းပေါ်မှာလျှောက်သွားနေတုန်းမှာ တရားဟောနေတဲ့လူတစ်ယောက်ရဲ့စကားကို နားထောင်နေတဲ့လူစုတစ်စုကိုတွေ့မိတယ်။ ဟောပြောသူက ကျမ်းစာကျောင်းသား ဂျေ. အိုင်. အိုဝင်ပါ ဖြစ်တယ်။ သူ့ကို လေဂေါ့စ်မြို့ကနေ ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောတဲ့လုပ်ငန်းကို ကြီးကြပ်နေတဲ့ (ကျမ်းစာ ဘရောင်းလို့ မကြာခဏခေါ်ခံရသော) ဝီလျံ အာရ်. ဘရောင်းက စေလွှတ်တာဖြစ်တယ်။aအီလက်ရှာမြို့မှာ ဘုရားသခင်၏စောင်းတော် စာအုပ်ကို လေ့လာနေတဲ့ ကျမ်းစာလေ့လာတဲ့အုပ်စုကလေးတစ်စုရှိတဲ့အကြောင်း သိတာနဲ့ ကျွန်တော် သူတို့နဲ့သွားပေါင်းသင်းတယ်။

အဲ့ဒီအုပ်စုမှာ ကျွန်တော်အငယ်ဆုံးပဲ—၁၆ နှစ်သာရှိသေးတဲ့ ကျောင်းသားဖြစ်တယ်။ တကယ်ဆိုရင် အသက် ၃၀ ပိုင်းနဲ့ အဲ့ဒီထက်ပိုကြီးတဲ့လူတွေနဲ့ ရင်းရင်းနှီးနှီးပေါင်းသင်းတာကို ကျွန်တော်သိပ်ရှက်ကြောက်သင့်တယ်။ ဒါပေမဲ့ ကျွန်တော် သူတို့နဲ့အတူပေါင်းသင်းတာကို သူတို့ကသဘောကျပြီး ကျွန်တော့်ကိုအားပေးတယ်။ သူတို့က ကျွန်တော့်အဖေတွေလိုပဲ။

ဓမ္မဆရာများ၏ အတိုက်အခံ

မကြာခင်မှာပဲ ဓမ္မဆရာတွေက ကျွန်တော်တို့ကို အကြီးအကျယ်အတိုက်အခံလုပ်ကြတယ်။ တစ်ချိန်က အချင်းချင်းတိုက်ခိုက်ခဲ့တဲ့ ကက်သလစ်တွေ၊ အင်္ဂလီကန်တွေနဲ့ အခြားသူတွေက စုပေါင်းပြီး ကျွန်တော်တို့ကို အတိုက်အခံလုပ်ကြတယ်။ ဒေသခံလူကြီးတွေနဲ့အတူပေါင်းပြီး ကျွန်တော်တို့စိတ်ပျက်သွားကြရအောင် ကြိုးစားလုပ်တယ်။ ကျွန်တော်တို့စာအုပ်တွေဟာ လူထုကိုအန္တရာယ်ပေးတယ်ဆိုပြီး သိမ်းဆည်းလိုက်ဖို့ ရဲတွေကိုလွှတ်တယ်။ ဒါပေမဲ့ ခရိုင်ရဲအုပ်က အဲ့ဒီစာအုပ်တွေကို သိမ်းပိုက်ခွင့်မရှိဘူးလို့ သူတို့ကိုသတိပေးတယ်။ ဒါနဲ့ နှစ်ပတ်ကြာတော့ စာအုပ်တွေကိုပြန်ပို့ပေးတယ်။

အဲ့ဒီနောက်မှာ အိုဘာ၊ ဒါမှမဟုတ် စော်ဘွားနဲ့ အခြားမြို့မျက်နှာဖုံးတွေနဲ့တွေ့ဆုံဖို့ ဆင့်ခေါ်ခံရတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့အုပ်စုမှာ လူ ၃၀ လောက်ရှိတယ်။ သူတို့ရည်ရွယ်ချက်ကတော့ အဲ့ဒီ “အန္တရာယ်ပေးတဲ့” စာအုပ်တွေကို ဆက်မဖတ်ကြဖို့ တားမြစ်ဖို့ဖြစ်တယ်။ ကျွန်တော်တို့ဟာ သူစိမ်းတွေလားလို့မေးခံရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့မျက်နှာကိုသေချာကြည့်ပြီးတဲ့အခါ “သူစိမ်းတချို့ပါပေမဲ့၊ ဒါငါတို့သားချင်းတွေပဲ” လို့ဖြေဆိုကြတယ်။ ကျွန်တော်တို့ကိုဘေးဒုက္ခရောက်စေမယ့် ဘာသာတစ်ခုရဲ့စာအုပ်တွေကို ဆက်မလေ့လာစေချင်ဘူးလို့ သူတို့ကပြောတယ်။

အဲ့ဒီအထင်ကရပုဂ္ဂိုလ်တွေရဲ့စကားကို ကျွန်တော်တို့နားမထောင်ဘူးလို့ စိတ်ဆုံးဖြတ်ပြီးသားဖြစ်လို့ ဘာမှမပြောဘဲ ကျွန်တော်တို့အိမ်ပြန်ခဲ့ကြတယ်။ ကျွန်တော်တို့အများစုက သိနားလည်လာတဲ့အကြောင်းတွေကြောင့် အရမ်းဝမ်းသာနေပြီး ဆက်လေ့လာဖို့ စိတ်ဆုံးဖြတ်ထားပြီးသား ဖြစ်ကြတယ်။ လူနည်းစုက ကြောက်လန့်ပြီး ကျွန်တော်တို့အုပ်စုကနေထွက်သွားကြပေမဲ့ ကျွန်တော်တို့အများကတော့ လက်သမားဆိုင်တစ်ခုမှာစုပြီး ဆက်လေ့လာကြတယ်။ ကျွန်တော်တို့မှာ သင်တန်းမှူးလုံးဝမရှိဘူး။ ဆုတောင်းခြင်းနဲ့စပြီး စာအုပ်ထဲကအပိုဒ်တွေကို အလှည့်ကျပဲ ဖတ်ကြတယ်။ တစ်နာရီလောက်ကြာတဲ့အခါ ပြန်ဆုတောင်းပြီး အိမ်ပြန်သွားကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို ထောက်လှမ်းနေကြတယ်။ အကြီးအမှူးများနဲ့ ဘာသာရေးခေါင်းဆောင်များက ကျွန်တော်တို့ကို နှစ်ပတ်တစ်ခါ ဆင့်ခေါ်ပြီး ကျမ်းစာကျောင်းသားများရဲ့စာပေတွေကိုမလေ့လာဖို့ သတိပေးတယ်။

အဲ့ဒီအတောအတွင်းမှာ ကျွန်တော်တို့ဟာ ရှိတဲ့အသိပညာနည်းနည်းနဲ့ လူတွေကိုအကူအညီပေးနေကြတယ်။ လူအများကလည်း သဘောတူလက်ခံကြတယ်။ တစ်ယောက်ပြီးတစ်ယောက် ကျွန်တော်တို့နဲ့အတူ ပေါင်းသင်းလာကြတယ်။ အတော်ပျော်ရွှင်ကြရပေမဲ့ ကျွန်တော်တို့ပေါင်းသင်းနေတဲ့ဘာသာအကြောင်းကို သိပ်နားမလည်ကြဘူး။

၁၉၃၂ ခုနှစ်အစောပိုင်းမှာ လေဂေါ့စ်မြို့ကနေ ညီအစ်ကိုတစ်ယောက် ရောက်လာပြီး ကျွန်တော်တို့ကို ဖွဲ့စည်းပေးတယ်။ ဧပြီလမှာ “ကျမ်းစာ” ဘရောင်းလည်း ရောက်လာတယ်။ လူ ၃၀ လောက်ရှိတဲ့အုပ်စုကို သူမြင်ပြီး ကျွန်တော်တို့ဖတ်ရှုလေ့လာနေကြတာတွေ ဘယ်လောက်တိုးတက်နေပြီလည်းဆိုတဲ့အကြောင်း ညီအစ်ကိုဘရောင်းက မေးတယ်။ ကျွန်တော်တို့သိတာအားလုံး သူ့ကိုပြောပြတယ်။ ဒါနဲ့ နှစ်ခြင်းခံနိုင်ပြီလို့ သူကပြောတယ်။

ခြောက်သွေ့ရာသီဖြစ်နေတဲ့အတွက် အီလက်ရှာမြို့ကနေ ကိုးမိုင်လောက်ဝေးတဲ့နေရာကိုသွားရပြီး ကျွန်တော်တို့လူ ၃၀ လောက်နှစ်ခြင်းယူခဲ့တယ်။ အဲ့ဒီအချိန်ကတည်းက ကိုယ့်ကိုယ်ကို ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောသူတွေအဖြစ် ယူမှတ်ပြီး တစ်အိမ်တက်တစ်အိမ်ဆင်းသွားကြရော။ ဒီအလုပ်ကိုလုပ်မယ်လို့ မထင်ခဲ့ပေမဲ့ ခုကျတော့ ကိုယ်သိထားတာတွေနဲ့အခြားသူကို ပြောပြဖို့ စိတ်ထက်သန်ခဲ့ကြတယ်။ ကျွန်တော်ရင်ဆိုင်ရတဲ့ အယူအဆမှားတွေကို ချေပနိုင်ရအောင် အထောက်အထားအနေနဲ့ ကျမ်းစာကိုအသုံးပြုဖို့ ကောင်းကောင်းပြင်ဆင်ရတယ်။ ဒါကြောင့် ကျွန်တော်တို့အစည်းအဝေးတွေမှာ ယုံကြည်ချက်တွေကိုဆွေးနွေးပြီး ကိုယ်သိတာတွေကို အချင်းချင်းသိရအောင် ကူညီပေးကြတယ်။

ကျွန်ုပ်တို့၏ ဟောပြောခြင်းလုပ်ငန်း

မြို့နယ်တစ်ခုလုံးအနှံ့ရောက်အောင် ကျွန်တော်တို့ဟောပြောကြတယ်။ လူတွေက ကဲ့ရဲ့ပြီး အော်ဟစ်ငေါက်ငေါ်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဂရုမစိုက်ခဲ့ဘူး။ သင်ယူစရာ အများကြီးရှိနေသေးပေမဲ့ ကျွန်တော်တို့မှာ အမှန်တရားရထားလို့ အရမ်းဝမ်းသာတယ်။

တနင်္ဂနွေနေ့တိုင်း ကျွန်တော်တို့ တစ်အိမ်တက်တစ်အိမ်ဆင်းသွားတယ်။ လူတွေက မေးခွန်းတွေမေးကြတယ်။ ကျွန်တော်တို့က အတတ်နိုင်ဆုံး ကြိုးစားဖြေဆိုပေးကြတယ်။ တနင်္ဂနွေနေ့ ညနေပိုင်းမှာ လူထုဟောပြောချက်ပေးတယ်။ ကျွန်တော်တို့မှာ ဘုရားသခင့်နိုင်ငံတော်ခန်းမ မရှိတဲ့အတွက် အိမ်ပြင်မှာပဲ အစည်းအဝေးတွေလုပ်တယ်။ လူတွေကိုစုတယ်၊ ဟောပြောချက်ပေးတယ်၊ မေးခွန်းတွေမေးဖို့ ဖိတ်ခေါ်တယ်။ တစ်ခါတလေ ချာ့ချ်တွေထဲမှာ ဟောပြောကြတယ်။

ယေဟောဝါသက်သေတွေအကြောင်းကို လုံးဝမကြားဖူးတဲ့နေရာတွေဆီလည်း ကျွန်တော်တို့ ရောက်အောင်သွားခဲ့ကြတယ်။ စက်ဘီးတွေနဲ့သွားကြတာများတယ်။ ဒါပေမဲ့ တစ်ခါတလေ ကားငှားသွားကြတယ်။ ရွာတစ်ရွာကိုရောက်တဲ့အခါ ကားဟွန်းကျယ်ကျယ်တီးလိုက်တယ်။ တစ်ရွာလုံး ကြားကြမှာပဲ! ဘာဖြစ်မှန်းကိုသိချင်ကြပြီး လူတွေထွက်လာကြတယ်။ အဲ့ဒီအခါ ကျွန်တော်တို့က သတင်းတရားကို ဟောပြောတယ်။ ဟောပြီးတာနဲ့ လူတွေက စာအုပ်စာတမ်းတွေကို အလုအယက်ယူကြတယ်။ စာအုပ်အများကြီးပဲ ဝေငှခဲ့ရတယ်။

ဘုရားသခင့်နိုင်ငံတော် ရောက်ရှိလာမဲ့အချိန်ကို ကျွန်တော်တို့အရမ်းမျှော်တာပဲ။ ၁၉၃၅ နှစ်ချုပ်စာအုပ် ကို ကျွန်တော်တို့ ရရှိတဲ့အချိန်ကို မှတ်မိသေးတယ်။ ညီအစ်ကိုတစ်ယောက်က တစ်နှစ်လုံးအတွက် ဆွေးနွေးရန်ကျမ်းချက်များဇယားအပြည့်ကိုတွေ့တော့ “အာမဂေဒုန်လာဖို့ တစ်နှစ်လုံးစောင့်ရအုန်းမှာလား” လို့မေးခဲ့တယ်။

အဖြေပေးရာတွင် သင်တန်းမှူးက “အာမဂေဒုန်မနက်ဖြန်ရောက်လာရင် နှစ်ချုပ်စာအုပ် ကို မဖတ်တော့ဘဲနေမယ်ထင်လား၊ ညီအစ်ကို” လို့မေးခဲ့တယ်။ ညီအစ်ကိုက မထင်ဘူးလို့ဖြေဆိုတဲ့အခါ သင်တန်းမှူးက “အဲ့ဒီလိုဆိုရင် ဘာကြောင့်စိတ်ပူနေရသလဲ” လို့ပြောတယ်။ ဟိုတုန်းကရော အခုထိတိုင် ယေဟောဝါရဲ့နေ့ကို ကျွန်တော်တို့အရမ်းမျှော်လင့်တယ်။

စစ်ပွဲအတွင်းနှစ်များ

ဒုတိယကမ္ဘာစစ်အတွင်းမှာ ကျွန်တော်တို့ရဲ့စာအုပ်တွေ တင်သွင်းခွင့်ကိုပိတ်ပင်ထားတယ်။ အီလက်ရှာမြို့က ညီအစ်ကိုတစ်ယောက် မထင်မမှတ်ဘဲနဲ့ ရဲတစ်ယောက်ကို စည်းစိမ် ဆိုတဲ့စာအုပ်ဝေငှမိတယ်။ ရဲသားက “ဒီစာအုပ်ကို ဘယ်သူပိုင်သလဲ” လို့မေးတယ်။ ညီအစ်ကိုက သူ့စာအုပ်လို့ ဖြေတယ်။ ရဲသားက အဲ့ဒီစာအုပ်ဟာ တားမြစ်ထားတဲ့စာအုပ်ဆိုပြီး သူ့ကိုရဲစခန်းကိုခေါ်သွားပြီး အချုပ်ချလိုက်တယ်။

ရဲစခန်းကို ကျွန်တော်လိုက်သွားကာ စုံစမ်းမေးမြန်းပြီးနောက် ညီအစ်ကိုကိုအာမခံနဲ့ ထုတ်လာတယ်။ အဲ့ဒီနောက် လေဂေါ့စ်မြို့မှာရှိတဲ့ ညီအစ်ကိုဘရောင်းဆီ ကျွန်တော်ဖုန်းဆက်ပြီး အဖြစ်အပျက်တွေကိုပြောပြတယ်။ ကျွန်တော်တို့စာအုပ်တွေကို မဝေငှရဘူးဆိုတဲ့ တားမြစ်ချက်ရှိလားလို့လည်း သူ့ကိုမေးတယ်။ ကျွန်တော်တို့ရဲ့စာအုပ်များကို ဖြန့်ဝေတာမဟုတ်ဘဲ တင်သွင်းတာကိုပဲ ပိတ်ပင်ထားတဲ့အကြောင်း ညီအစ်ကိုဘရောင်းက ရှင်းပြတယ်။ နောက်သုံးရက်ကြာတော့ ဘာဆက်ဖြစ်ပျက်နေတယ်ဆိုတာကိုသိရအောင် ညီအစ်ကိုဘရောင်းက လေဂေါ့စ်မြို့ကနေ ညီအစ်ကိုတစ်ယောက်ကိုလွှတ်လိုက်တယ်။ နောက်နေ့မှာ မဂ္ဂဇင်းတွေ၊ စာအုပ်တွေနဲ့ ကျွန်တော်တို့အားလုံး ထွက်ဟောပြောဖို့ ဒီညီအစ်ကိုက ဆုံးဖြတ်တယ်။

ကျွန်တော်တို့အားလုံး လူအုပ်ခွဲပြီး အဘက်ဘက်သွားကြတယ်။ တစ်နာရီလောက်ကြာတော့ ညီအစ်ကိုအများစုကို ဖမ်းဆီးထားတဲ့သတင်းရတယ်။ ဒါနဲ့ လည်ပတ်ရောက်ရှိလာတဲ့ညီအစ်ကိုနဲ့ကျွန်တော် ရဲစခန်းကိုလိုက်သွားတယ်။ စာအုပ်တွေကို မတားမြစ်ထားဘူးဆိုတာကိုရှင်းပြတာ ရဲက လက်မခံဘူး။

ဖမ်းဆီးခံရတဲ့ ညီအစ်ကို ၃၃ ယောက်ကို အိုက်ဖာမြို့၊ တရားသူကြီးချုပ်ရဲ့ တရားရုံးကို ခေါ်သွားတယ်။ ကျွန်တော်လည်း သူတို့နဲ့အတူလိုက်သွားတယ်။ ကျွန်တော်တို့ကို ဖမ်းသွားတာကိုတွေ့တဲ့ မြို့သူမြို့သားများက “ဒီကနေ့ ဒီလူတွေတော့ အပြုတ်ပဲ။ နောက်ပြန်လာကြတော့မှာမဟုတ်ဘူး” လို့သူတို့အော်ပြောကြတယ်။

စွဲချက်ကို နိုင်ဂျီးရီးယန်းသား တရားသူကြီးချုပ်ထံ တင်ပြခဲ့တယ်။ စာအုပ်နဲ့မဂ္ဂဇင်းအားလုံးကို ပြသထားတယ်။ ဒီလူတွေကို ဘယ်သူဖမ်းဆီးဖို့ အမိန့်ထုတ်သလဲဆိုပြီး ရဲချုပ်ကို သူကမေးလိုက်တယ်။ ရဲချုပ်ကလည်း ခရိုင်ရဲမှူးရဲ့ညွှန်ကြားချက်ကို လိုက်နာခဲ့တယ်လို့ဖြေတယ်။ တရားသူကြီးချုပ်က ရဲချုပ်နဲ့ ကျွန်တော်တို့အထဲက ကျွန်တော်ပါအပါအဝင် ကိုယ်စားလှယ်လေးယောက်ကို သူ့ရဲ့ သီးသန့်အခန်းထဲ ခေါ်သွားတယ်။

မစ္စတာဘရောင်းက ဘယ်သူလဲလို့ သူမေးတယ်။ လေဂေါ့စ်မြို့မှာနေတဲ့ ကင်းမျှော်စင်အသင်းရဲ့ကိုယ်စားလှယ်ဖြစ်တယ်လို့ ကျွန်တော်တို့က ပြောပြတယ်။ အဲ့ဒီကျတော့ သူက ကျွန်တော်တို့နဲ့ပတ်သက်ပြီး မစ္စတာဘရောင်းဆီက သံကြိုးကိုသူလက်ခံရရှိတဲ့အကြောင်း ပြောပြတယ်။ အဲ့ဒီနေ့ရက်မှာ အမှုကိုရွှေ့ဆိုင်းလိုက်ပြီး ညီအစ်ကိုတွေကို အာမခံပေးခွင့်ပြုတယ်။ နောက်နေ့ကျတော့ ညီအစ်ကိုတွေကို တရားသေလွှတ်ပြီး လွတ်လပ်ခွင့်ပေးတယ်။ စာအုပ်တွေကိုလည်း ပြန်အပ်ဖို့ ရဲသားတွေကို အမိန့်ပေးလိုက်တယ်။

ကျွန်တော်တို့ အီလက်ရှာမြို့ကို သီချင်းဆိုပြီး ပြန်သွားကြတယ်။ ဒီတစ်ခါလည်း လူတွေပြန်အော်ကြတယ်။ ဒါပေမဲ့ သူတို့က “ပြန်လာနေကြပြီ” လို့အော်ပြောတယ်။

အိမ်ထောင်ရေးနှင့်ပတ်သက်သည့် ယေဟောဝါ၏စံနှုန်း ရှင်းလင်းလာ

၁၉၄၇ ခုနှစ်မှာ ဂိလဒ်ကျောင်းဆင်းသူသုံးယောက် နိုင်ဂျီးရီးယားနိုင်ငံကို ပထမဆုံးအကြိမ် ရောက်လာကြတယ်။ အဲ့ဒီညီအစ်ကိုတွေထဲက တိုနီ အက်တဝိဒ်ဟာ အခုထိ နိုင်ဂျီးရီးယားဗေသလအိမ်မှာ အမှုထမ်းနေတုန်းပဲ။ အဲ့ဒီအချိန်ကစပြီး နိုင်ဂျီးရီးယားနိုင်ငံမှာ ယေဟောဝါရဲ့အဖွဲ့အစည်း အကြီးအကျယ်ပြောင်းလဲလာတာကို ကျွန်တော်တို့ တွေ့ကြရတော့တယ်။ အပြောင်းအလဲကြီးတစ်ခုကတော့ မယားပြိုင်စနစ်အပေါ် ကျွန်တော်တို့ရဲ့အမြင်ပဲ။

၁၉၄၁ ခု၊ ဖေဖော်ဝါရီလမှာ ကျွန်တော် အိုလာဘီစီ ဖာစူဘာကိုလက်ထပ်ပြီး နောက်ထပ်မယားတွေမယူရဘူးဆိုတာကို သဘောပေါက်တယ်။ ဒါပေမဲ့ သာသနာပြုတွေရောက်လာတဲ့ ၁၉၄၇ ခုနှစ်အထိ အသင်းတော်တွေထဲမှာ မယားပြိုင်စနစ်ဟာ သာမန်ကိစ္စတစ်ခုပဲ။ မယားပြိုင်ယူထားတဲ့ညီအစ်ကိုတွေဟာ မသိလို့မိန်းမတစ်ယောက်ထက်မက ယူမိခဲ့ကြတယ်လို့ သူတို့ကိုပြောပြတယ်။ အဲ့ဒါကြောင့် မိန်းမနှစ်ယောက်၊ သုံးယောက်၊ လေးယောက်၊ ငါးယောက်အထိရှိနေရင် သူတို့ကို ဆက်ပေါင်းနိုင်တယ်၊ ဒါပေမဲ့ နောက်ထပ်မယူသင့်တော့ဘူးဆိုတဲ့ ပေါ်လစီကို ကျွန်တော်တို့ပိုက်ထားကြတယ်။

လူအများက ကျွန်တော်တို့နဲ့ လာပေါင်းချင်ကြတယ်။ အထူးသဖြင့် အီလက်ရှာမြို့မှာရှိတဲ့ ချယ်ရူဗင်နဲ့ စဲရဖင်အဖွဲ့က ပေါင်းချင်တယ်။ ယေဟောဝါသက်သေများသာ အမှန်တရားကိုသွန်သင်တဲ့သူတွေဖြစ်တယ်လို့ သူတို့က ပြောတယ်။ ကျွန်တော်တို့ရဲ့သွန်သင်ချက်တွေကို လက်ခံနိုင်ကြပြီး သူတို့ရဲ့ချာ့ချ်တွေကို ဘုရားသခင့်နိုင်ငံတော်ခန်းမတွေဖြစ်အောင် ပြုပြင်ချင်ကြတယ်။ အဲ့ဒါကို ကျွန်တော်တို့ကလည်း ကြိုးစားကူညီနေကြတယ်။ သူတို့ရဲ့အကြီးအကဲတွေကိုလေ့ကျင့်ပေးဖို့ ဌာနတွေတောင် ကျွန်တော်တို့မှာရှိတယ်။

အဲ့ဒီနောက် မယားပြိုင်စနစ်နဲ့ပတ်သက်ပြီး ညွှန်ကြားချက်အသစ် ရောက်လာတယ်။ သာသနာပြုတစ်ယောက်က ၁၉၄၇ ခုနှစ်အတွင်း တိုက်နယ်စည်းဝေးပွဲတစ်ခုမှာ ဟောပြောချက်တစ်ခုပေးခဲ့တယ်။ သူက အကျင့်အကြံကောင်းအကြောင်း ဟောတယ်။ နောက်ပြီး ၁ ကောရိန္သု ၆:၉၊ ၁၀ ကိုသူကိုးကားတယ်။ အဲ့ဒီမှာ မဖြောင့်မတ်တဲ့လူတွေဟာ ဘုရားသခင်ရဲ့နိုင်ငံတော်ကိုမဝင်စားနိုင်ဘူးလို့ပြောထားတယ်။ သူက ဒီလိုဆက်ပြောတယ်– “မယားပြိုင်ထားသူများ ဘုရားသခင့်နိုင်ငံတော် မဝင်ကြရဘူး!” ပရိသတ်က “ဟို့၊ မယားပြိုင်ထားသူတွေ ဘုရားသခင့်နိုင်ငံတော်မဝင်ကြရဘူးတဲ့” လို့အော်ဟစ်ပြောကြတယ်။ ကွဲပြားမှုဖြစ်လာတယ်။ စစ်ပွဲဖြစ်သွားသလိုပဲ။ ပေါင်းသင်းခါစ လူသစ်အတော်များများက “ငါတို့သိပ်မရောရသေးတာ ဘုရားကျေးဇူးပဲ” လို့ပြောပြီး ဆက်မပေါင်းတော့ဘူး။

ဒါပေမဲ့ ညီအစ်ကိုအများက သူတို့ရဲ့မိန်းမတွေကို ကွာပြီး အိမ်ထောင်ရေးကို ပြုပြင်ကြတယ်။ မိန်းမတွေကို ငွေထုတ်ပေးပြီး ‘မင်းတို့ငယ်သေးတယ်ဆိုရင် နောက်ယောက်ျားရှာယူကြပါ။ မင်းတို့ကို ယူမိတဲ့အတွက် ငါအမှားလုပ်မိသွားတယ်။ အခု ငါ မယားတစ်ယောက်တည်းရဲ့ ယောက်ျား ဖြစ်ရတော့မယ်’ လို့တောင်းပန်ကြတယ်။

မကြာခင် နောက်ထပ်ပြဿနာတစ်ခု ပေါ်လာပြန်တယ်။ တချို့က မိန်းမတစ်ယောက်တည်းနဲ့ပေါင်းဖို့ ဆုံးဖြတ်ကာ တခြားမိန်းမတွေကို ကွာပြီးမှ စိတ်ပြောင်းလဲပြီး ပေါင်းမယ်လို့အရင် ဆုံးဖြတ်ထားတဲ့မိန်းမနဲ့ပြန်ကွာပြီး ကွာခဲ့တဲ့မိန်းမတွေထဲကတစ်ယောက်ကို ပြန်ပေါင်းချင်ကြတယ်! အဲ့ဒါနဲ့ ပြဿနာတွေပြန်စလာရော။

“အသက်ပျိုစဉ်အခါလက်ထပ်” ယူထားတဲ့မယားအကြောင်းဖော်ပြတဲ့ မာလခိ ၂:၁၄ ကိုအခြေခံပြီး ဘရွတ်ကလင်မြို့ရှိဌာနချုပ်ကနေ ညွှန်ကြားချက်ထပ်ရောက်လာတယ်။ ညွှန်ကြားချက်အရဆိုရင် လင်ယောက်ျားတွေဟာ ပထမဦးဆုံး ထိမ်းမြားခဲ့တဲ့ဇနီးသည်နဲ့ ဆက်ပေါင်းရမှာဖြစ်တယ်။ နောက်ဆုံး အဲ့ဒီအတိုင်းပဲ ဆုံးဖြတ်လုပ်ကိုင်ကြတယ်။

လုပ်ငန်းတော်အခွင့်အရေးများ

၁၉၄၇ ခုနှစ်မှာ အသင်းမက အသင်းတော်တွေကို ပိုအားရှိဖို့နဲ့ တိုက်နယ်များအဖြစ်ဖွဲ့စည်းဖို့ စလုပ်ကိုင်တယ်။ အခု တိုက်နယ်ကြီးကြပ်မှူးလို့ခေါ်တဲ့ ‘ညီအစ်ကိုများအတွက် အမှုထမ်းများ’ အဖြစ် အသိပညာများများရှိပြီး ရင့်ကျက်တဲ့ညီအစ်ကိုတွေကို ခန့်အပ်ချင်တယ်။ ညီအစ်ကိုဘရောင်းက အဲ့ဒီတာဝန်ကို လက်ခံနိုင်မလားလို့ ကျွန်တော့်ကိုမေးတယ်။ ကျွန်တော်က နှစ်ခြင်းယူတာ ယေဟောဝါအလိုတော်ကိုဆောင်ရွက်ဖို့ဖြစ်တယ်လို့ပြောပြီး “ညီအစ်ကိုပဲ ကျွန်တော့်ကိုနှစ်ခြင်းပေးခဲ့တာ။ အခု ယေဟောဝါကို ပိုအမှုထမ်းနိုင်ခွင့်ရတဲ့အခါ ကျွန်တော်ငြင်းမယ်ထင်သလား” လို့ပြန်ဖြေခဲ့တယ်။

အဲ့ဒီနှစ် အောက်တိုဘာလမှာ ကျွန်တော်တို့ ခုနစ်ယောက်ကို လေဂေါ့စ်မြို့ကို ခေါ်လိုက်ပြီး တိုက်နယ်လုပ်ငန်းစမလုပ်ခင် ကျွန်တော်တို့ကို လေ့ကျင့်ပေးတယ်။ အဲ့ဒီတုန်းက တိုက်နယ်တွေက အတော်ကျယ်ဝန်းတယ်။ တစ်နိုင်ငံလုံးကို တိုက်နယ်ခုနစ်ခုသာ ခွဲထားပေးတယ်။ အသင်းတော်တွေကလည်း သိပ်မရှိသေးဘူး။

ညီအစ်ကိုတွေအတွက် အမှုထမ်းများအလုပ်က အတော်ခက်တယ်။ အမြဲလိုလို အိုက်စပ်စပ် တောတောင်အရပ်ကိုဖြတ်ပြီး နေ့တိုင်း မိုင်ပေါင်းအတော်လမ်းလျှောက်ခဲ့ရတယ်။ အပတ်တိုင်း တစ်ရွာပြီးတစ်ရွာသွားရတယ်။ တစ်ခါတလေဆိုရင် ကျွန်တော့်ခြေထောက်တွေ သွားပြီလို့ထင်ခဲ့ရတယ်။ သေတော့မလားလို့တောင် ထင်ခဲ့ရဘူးတယ်! ဒါပေမဲ့ ပျော်ရွှင်မှုလည်း အတော်များပါတယ်။ အထူးသဖြင့် အလင်းတရားကိုလက်ခံသူအရေအတွက် တိုးများလာတာကိုတွေ့တဲ့အခါ ပျော်ရွှင်မှုရတယ်။ စဉ်းစားကြည့်ပါ။ ခုနစ်နှစ်အတွင်းမှာပဲ တစ်နိုင်ငံလုံးမှာ ကြေညာသူအရေအတွက်ဟာ လေးဆတိုးလာတယ်!

၁၉၅၅ ခုနှစ်အထိ ကျွန်တော်တိုက်နယ်လုပ်ငန်းမှာ ပါဝင်ခဲ့တယ်။ အဲ့ဒီအချိန်မှာ ကျန်းမာရေးမကောင်းလို့ အီလက်ရှာမြို့ကို ပြန်သွားနေရပြီး အဲ့ဒီမှာ မြို့ကြီးကြပ်မှူးအဖြစ် ကျွန်တော့်ကိုခန့်အပ်ခဲ့တယ်။ အိမ်ပြန်ရောက်လာတော့ ကျွန်တော့်မိသားစုရဲ့ဝိညာဉ်ရေးကို အချိန်ပိုပေးနိုင်ခဲ့တယ်။ အခု ကျွန်တော့်သားသမီး ခြောက်ယောက်စလုံးဟာ ယေဟောဝါကို သစ္စာရှိရှိ အမှုထမ်းနေကြတယ်။

စစ်မှန်သောမေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏

လွန်လေပြီးတဲ့နှစ်တွေကို ကျွန်တော်ပြန်စဉ်းစားကြည့်တဲ့အခါ ကျေးဇူးတင်စရာတွေ အများကြီးပဲရှိတယ်။ စိတ်ဓာတ်ကျစရာတွေ၊ စိုးရိမ်စရာတွေ၊ ဖျားနာမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ပျော်ရွှင်မှုတွေလည်း အများကြီးပါပဲ။ ကျွန်တော်တို့ရဲ့အသိပညာနဲ့ သိနားလည်မှုဟာ နှစ်တွေတစ်လျှောက် တဖြည်းဖြည်းတိုးတက်လာပေမဲ့ “မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏” လို့ဆိုတဲ့ ၁ ကောရိန္သု ၁၃:၈ ရဲ့အဓိပ္ပာယ်ကို ကိုယ်တွေ့နားလည်ခဲ့ရတယ်။ ယေဟောဝါကို ခင်ဗျားချစ်ပြီး ဘုရားသခင်ရဲ့လုပ်ငန်းကို စွဲစွဲမြဲမြဲလုပ်ကိုင်မယ်ဆိုရင် ခင်ဗျားရဲ့ အခက်အခဲတွေကြားမှာ ဘုရားသခင်အကူအညီပေးမှာဖြစ်ပြီး ကောင်းချီးတွေသွန်းလောင်းလိမ့်မယ်ဆိုတာ သေချာတယ်။

သမ္မာတရားအလင်းဟာ ပိုပြီးပိုပြီး လင်းထိန်လာနေတယ်။ အစတုန်းကဆိုရင် အာမဂေဒုန်ချက်ချင်းရောက်လာတော့မယ်လို့ ကျွန်တော်တို့ထင်ခဲ့တာ; အဲ့ဒါကြောင့်လည်း အတတ်နိုင်ဆုံး အလုပ်အမြန်ပြီးသွားရအောင် ကြိုးစားလုပ်ကိုင်ခဲ့ကြတယ်။ ဒါပေမဲ့ အဲ့ဒါအားလုံးဟာ ကျွန်တော်တို့အကျိုးအတွက်ပါပဲ။ ဒါကြောင့်လည်း ဆာလံဆရာရဲ့စကားကို ကျွန်တော်သဘောတူနိုင်တာဖြစ်တယ်– “ငါသည် အသက်ရှင်စဉ်အခါ ထာဝရဘုရားကို ချီးမွမ်းမည်။ ငါဖြစ်စဉ်ကာလပတ်လုံး ငါ၏ဘုရားသခင်ကို ထောမနာသီချင်းဆိုမည်။”—ဆာလံ ၁၄၆:၂။

[အောက်ခြေမှတ်ချက်များ]

a ညီအစ်ကိုဘရောင်းအား ကျမ်းစာ ဘရောင်းဟုခေါ်ခဲ့ခြင်းသည် ကျမ်းစာကို ခိုင်လုံသည့်အထောက်အထားအဖြစ် သူကအမြဲအသုံးပြုသောကြောင့်ဖြစ်သည်။—ကင်းမျှော်စင် စက်တင်ဘာ ၁၊ ၁၉၉၂၊ စာမျက်နှာ ၃၂ ပါ “ဧဝံဂေလိတရားဟောသူ အစစ်အမှန်၏ ရိတ်သိမ်းခြင်း” အကြောင်း ရှု။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

၁၉၅၅ ခုနှစ်က မီလ်တင်ဟင်ရှယ်လ်နှင့် စဲမြူအယ်လ်

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

စဲမြူအယ်လ်နှင့် သူ၏ဇနီး၊ အိုလာဘီစီ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ