စာရှုသူများထံမှ မေးခွန်းလွှာ
တပည့်တော်ယာကုပ်က ဤသို့ပြောသောအခါ သူဘာကိုဆိုလိုသနည်း– “ငါ့ညီအစ်ကိုတို့ ငါတို့သည်သာ၍ကျပ်တည်းသော စစ်ကြောစီရင်ခြင်းကို ခံရမည်ဟုသင်တို့သိ၍ အများသောဆရာမဖြစ်ကြနှင့်။”—ယာကုပ် ၃:၁။
ယာကုပ်က ခရစ်ယာန်များအား အခြားသူများကို သွန်သင်ပို့ချခြင်းမှ စိတ်ဓာတ်ကျစေနေခြင်းမဟုတ်သည်မှာ သေချာပါသည်။ မဿဲ ၂၈:၁၉၊ ၂၀ တွင် ယေရှုက မိမိ၏တပည့်တော်များကို “လူမျိုးတကာတို့ကို ငါတပည့်ဖြစ်စေ . . . ငါသည် သင်တို့အားပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေး” ရန် မိန့်မှာခဲ့သည်။ ထို့ကြောင့် ခရစ်ယာန်အားလုံးသည် ဆရာများဖြစ်သင့်သည်။ တမန်တော်ပေါလုက ဟေဗြဲခရစ်ယာန်များအား သူတို့သည် ဆရာများမဖြစ်ကြသေးသည့်အတွက်ကြောင့် ဆုံးမခဲ့သည်။ သူဤသို့ရေးခဲ့သည်– “သင်တို့သည် ကာလကြာသောကြောင့် ဆရာအဖြစ်သို့ရောက်သင့်သော်လည်း၊ ဘုရားသခင်၏ဗျာဒိတ်တော်၌ ရှေးဦးစွာသင်ရသော တရားနုတို့ကို သူတစ်ပါးထံ၌ တစ်ဖန်သင်ရသောအကြောင်းရှိသည်။”—ဟေဗြဲ ၅:၁၂။
ဤသို့ဆိုလျှင် ယာကုပ်က မည်သည့်အကြောင်းပြောနေပါသနည်း။ သူသည် အသင်းတော်တွင် အထူးသွန်သင်ခြင်းအခွင့်ထူးများရထားသည့် ပုဂ္ဂိုလ်များကို ရည်ညွှန်းနေခြင်းဖြစ်သည်။ ဧဖက် ၄:၁၂ တွင် ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “ထိုသခင် [အသင်းတော်၏ဦးခေါင်း ယေရှုခရစ်] သည် လူအချို့တို့ကို တမန်တော်အရာ၌လည်းကောင်း၊ အချို့တို့ကို ပရောဖက်အရာ၌လည်းကောင်း၊ အချို့တို့ကို သာသနာပြုအရာ၌လည်းကောင်း၊ အချို့တို့ကို သင်းအုပ်အရာ၊ ဆရာအရာ၌လည်းကောင်း ခန့်ထားတော်မူ၏။” ယနေ့ကဲ့သို့ပင် ပထမရာစုအသင်းတော်ထဲတွင်လည်း အထူးသွန်သင်ခြင်းအခွင့်အရာများရှိခဲ့သည်။ ဥပမာ၊ အုပ်ချုပ်ရေးအဖွဲ့သည် “သစ္စာနှင့်သတိပညာရှိသောကျွန်” ကို ကိုယ်စားပြုပြီး ကမ္ဘာချီအသင်းတော်ကိုသွန်သင်ကြီးကြပ်ပေးရန် အထူးတာဝန်ရထားသည်။ (မဿဲ ၂၄:၄၅၊ သမ) နယ်လှည့်ကြီးကြပ်မှူးများနှင့် အသင်းတော်အကြီးအကဲများလည်း အထူးသွန်သင်ခြင်းတာဝန်များ ရထားကြသည်။
ဘုရားသခင့်ကြီးလေးသောတရားစီရင်မှုကို ကြောက်ရွံ့ရသည့်အတွက် ယာကုပ်က အရည်အချင်းရှိခရစ်ယာန်အမျိုးသားများသည် သွန်သင်သူ၏တာဝန်ကို မယူသင့်ကြောင်း ပြောနေခြင်းဖြစ်သလော။ ဤသို့မဆိုလိုပါ။ ၁ တိမောသေ ၃:၁ တွင် ဖော်ပြသကဲ့သို့ အကြီးအကဲအရာသည် ကြီးမားသောအခွင့်ထူးဖြစ်ကြောင်း ဤသို့ဆိုသည်– “သင်းအုပ်အရာကို တောင့်တသောသူသည် ကောင်းသောအမှုအရာကို တောင့်တသည်။” အသင်းတော်အကြီးအကဲတစ်ဦးအဖြစ် ခန့်အပ်ဖို့အတွက် မရှိမဖြစ်သောအရာတစ်ခုမှာ “ဆုံးမသြဝါဒပေးတတ်သောသူ” တစ်ဦးဖြစ်ခြင်းတည်း။ (၁ တိမောသေ ၃:၂) ယာကုပ်သည် ပေါလု၏မှုတ်သွင်းခံစကားများနှင့် မဆန့်ကျင်ပါ။
သို့ရာတွင် ပထမရာစု၌ အချို့တို့သည် အရည်အသွေးမမီ၊ ခန့်အပ်ထားခြင်းလည်းမရှိပါဘဲလျက် မိမိတို့ကိုယ်ကို ဆရာများအဖြစ် တင်မြှောက်ထားကြပုံရှိသည်။ ထိုကဏ္ဍတွင် အတော်အတန်ထင်ပေါ်မှုရှိသည်ဟု သူတို့ထင်မှတ်ပုံရှိကြပြီး သူတို့ဂုဏ်ကိုထင်ပေါ်စေလိုကြသည်။ (မာကု ၁၂:၃၈-၄၀; ၁ တိမောသေ ၅:၁၇ နှိုင်းယှဉ်။) တမန်တော်ယောဟန်က ‘အကဲအမှူးလုပ်ချင်သော်လည်း ယောဟန်က အခွင့်မပေးသည့်’ ဒယောတရပ်အကြောင်းဖော်ပြထားသည်။ (၃ ယောဟန် ၉) တိမောသေပထမစောင် ၁:၇ [သတင်းကောင်း] တွင် ‘မိမိတို့ပြောဆိုသောစကားကိုသော်လည်းကောင်း၊ မိမိတို့ပိုင်နိုင်စွာပြောဆိုသည့် အကြောင်းအရာကိုသော်လည်းကောင်း နားမလည်ကြဘဲ ပညတ်ဆိုင်ရာနည်းပြဆရာလုပ်ချင်’ သောသူတချို့အကြောင်း ပြောထားသည်။ ယာကုပ် ၃:၁ ပါ စကားများသည် ဆရာများဖြစ်ချင်ကြသော်လည်း မှားယွင်းသောရည်ရွယ်ချက်များရှိသည့် အမျိုးသားများနှင့်အထူးသဖြင့်လျော်ကန်သည်။ ဤကဲ့သို့သောသူများသည် သိုးတော်စုကို အကြီးအကျယ်ထိခိုက်နစ်နာစေနိုင်ပြီး ယင်းနှင့်အညီ ပြင်းထန်သောတရားစီရင်ချက်ကို ခံရလိမ့်မည်။—ရောမ ၂:၁၇-၂၁; ၁၄:၁၂။
ယာကုပ် ၃:၁ သည် အရည်အချင်းရှိသူများနှင့် ဆရာများအဖြစ် အမှုဆောင်နေသူများအတွက်လည်း ကောင်းသောသတိပေးချက်တစ်ခုဖြစ်သည်။ သူတို့အား များစွာအပ်နှင်းထားရကား သူတို့ကို များစွာတောင်းဆိုမည်ဖြစ်သည်။ (လုကာ ၁၂:၄၈) ယေရှုဤသို့မိန့်ဆိုခဲ့သည်– “လူတို့သည် အကျိုးမဲ့သောစကားကို ပြောသမျှအတွက် တရားဆုံးဖြတ်သောနေ့၌ စစ်ကြောခြင်းကို ခံရကြလတ္တံ့။” (မဿဲ ၁၂:၃၆) ယင်းသည် စကားပြောရာတွင် ပို၍သြဇာသက်ရောက်သည့် ခန့်အပ်ခံအကြီးအကဲများအတွက် အထူးသဖြင့်မှန်ကန်သည်။
အကြီးအကဲများသည် ယေဟောဝါ၏သိုးများအပေါ် သူတို့၏ဆက်ဆံပုံအတွက် စစ်ကြောခြင်းခံရမည်။ (ဟေဗြဲ ၁၃:၁၇) သူတို့ပြောစကားက အသက်တာများအပေါ် အကျိုးသက်ရောက်မှုရှိသည်။ ထို့ကြောင့် အကြီးအကဲတစ်ဦးသည် ကိုယ့်ထင်မြင်ချက်များကိုအမွှန်းတင်ခြင်း သို့မဟုတ် ဖာရိရှဲများကဲ့သို့ သိုးများအား ကြမ်းကြမ်းတမ်းတမ်းဆက်ဆံခြင်းတို့ကို သတိချပ်သင့်သည်။ သူသည် ယေရှုပြခဲ့သည့် ထပ်တူနက်ရှိုင်းသောမေတ္တာမျိုးပြရန် ကြိုးစားရမည်။ သွန်သင်မှုအခြေအနေအရပ်ရပ်တွင်၊ အထူးသဖြင့် တရားရေးရာကိစ္စရပ်များနှင့် ပတ်သက်လာသောအခါတွင် အကြီးအကဲတစ်ဦးသည် ကောက်ခါငင်ကာပြောသည့် စကားများ သို့မဟုတ် ကိုယ်ပိုင်အယူအဆသက်သက်တို့ကို ပြောဆိုသုံးနှုန်းခြင်းတို့ဖြင့်မဟုတ်ဘဲ မိမိ၏စကားများကို ချိန်ဆသင့်သည်။ ယေဟောဝါရှင်နှင့် ကိုယ်တော့်နှုတ်ကပါဌ်တော်၊ ကိုယ်တော့်အဖွဲ့အစည်းမှတစ်ဆင့် လမ်းညွှန်ချက်တို့အပေါ် ပုံအပ်ယုံကြည်ခြင်းအားဖြင့် သိုးထိန်းဖြစ်သူသည် “ကျပ်တည်းသောစစ်ကြောစီရင်ခြင်း” ကိုမခံရဘဲ ဘုရားသခင့်ကြွယ်ဝသောကောင်းချီးကို ရရှိခံစားရမည်တည်း။