ကြောက်ရွံ့မှု–ယခု ရိုးနေသော်လည်း ထာဝစဉ်တော့မဟုတ်!
ကြောက်ရွံ့မှုသည် ဤမျှမြင်နေကျဖြစ်ခြင်းကို ဘုရားသခင့်နှုတ်ကပါဌ်တော်၏ကျောင်းသားများ မအံ့သြကြပါ။ ယေဟောဝါသက်သေများသည် သူတို့၏ဓမ္မအမှုတွင် ကျယ်ကျယ်ပြန့်ပြန့်ဟောပြောနေသည့်အတိုင်း လူ့သမိုင်း၌သတ်မှတ်ထားသောအချိန်အတွင်းတွင် ကျွန်ုပ်တို့အသက်ရှင်နေရကြောင်း သက်သေသာဓကများစွာရှိပါသည်။ ယင်းကို ပျံ့နှံ့နေသောကြောက်ရွံ့မှုအားဖြင့် သတ်မှတ်ထားကြောင်းသင်သိသည်။ သို့သော် ကျွန်ုပ်တို့၏အချိန်ကို ကြာမြင့်စွာကတည်းက ယေရှုမှတ်သား သို့မဟုတ် ညွှန်ပြခဲ့သည်။ ကိုယ်တော်သည် မိမိ၏ရောက်ရှိနေခြင်းနှင့် အစီအစဉ်စနစ်၏ဆုံးခန်း သို့မဟုတ် ‘ဤလောက၏ကုန်ဆုံးခြင်း’ အကြောင်းနှင့်ပတ်သက်သော တမန်တော်များ၏မေးခွန်းကို ဖြေကြားနေခြင်းဖြစ်သည်။—မဿဲ ၂၄:၃။
ယေရှုကြိုတင်မိန့်တော်မှုခဲ့ရာအချို့မှာ ဤသို့ဖြစ်၏–
“လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ ကြီးစွာသောမြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ မိုးကောင်းကင်၌လည်း ကြောက်မက်ဖွယ်သောအရာနှင့် ကြီးစွာသောပုဗ္ဗနိမိတ်တို့သည် ပေါ်ထွန်းကြလိမ့်မည်။”—လုကာ ၂၁:၁၀၊ ၁၁။
“ကြောက်မက်ဖွယ်သောအရာ” အကြောင်း ကိုယ်တော့်မှတ်ချက်ကို သင်သတိပြုမိသလော။ နောက်ပိုင်း ထိုဖြေကြားချက်၌ပင် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့ချစ်ရသူများအပေါ် သိသာထင်ရှားစွာ တိုက်ရိုက်ထိခိုက်လာနိုင်သော ကြောက်ရွံ့မှုနှင့်ပတ်သက်သည့် အရေးကြီးဖော်ပြချက်နောက်တစ်ခုကို ယေရှုပေးခဲ့သည်။ သို့သော် ထိုအကြောင်းကိုအာရုံမစိုက်မီ ကျွန်ုပ်တို့ နောက်ဆုံးကာလတွင်အသက်ရှင်နေရကြောင်း ထပ်ဆင့်အထောက်အထားအချို့ကို အနည်းငယ်ပြန်သုံးသပ်ကြည့်ကြစို့။—၂ တိမောသေ ၃:၁။
စစ်မှုကိုကြောက်ရွံ့ရသည့် ခိုင်လုံသောအကြောင်း
စစ်တိုက်ခိုက်မှုများက ကမ္ဘာ့အစိတ်အပိုင်းများစွာတွင် ပျက်စီးစေ၏။ ဥပမာ၊ အရှေ့အလယ်ပိုင်းဒေသစစ်ပွဲအပြီး မီးလောင်၍ကျန်ခဲ့သော ရေနံတွင်းများကို ဂီအိုမဂ္ဂဇင်းက “လူ့လက်ဖြစ် အကြီးမားဆုံးဝန်းကျင်အနိဌာရုံ” ဟူ၍ခေါ်ဝေါ်ခဲ့သည်။ စစ်သည် လူသန်းပေါင်းများစွာကို သေကျေ သို့မဟုတ် ကိုယ်အင်္ဂါချို့တဲ့စေ၏။ ပထမကမ္ဘာစစ်တွင် သေကျေခဲ့သည့် သန်းပေါင်းများစွာသော စစ်သည်နှင့် အရပ်သားများကိုကျော်လွန်၍ ဒုတိယကမ္ဘာစစ်တွင် ၅၅ သန်းသေကျေခဲ့ကြ၏။ ဤလောကကုန်ဆုံးဖို့နီးကပ်လာကြောင်း နိမိတ်လက္ခဏာတစ်စိတ်တစ်ပိုင်းအနေနှင့် “လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံရန်ဘက်ပြုကြလိမ့်မည်” ဟု ယေရှုပြောခဲ့သည့်စကားကို သတိရပါ။
လူမျိုးတုံး သတ်ဖြတ်ခြင်း—လူမျိုးတစ်မျိုးလုံး သို့မဟုတ် လူသားတစ်ရပ်လုံးကို ဖျက်ဆီးခြင်း—ကိုလည်း လျစ်လျူမရှုသင့်ပါ။ သန်းပေါင်းများစွာသော အာမီးနီးယား၊ ကမ္ဘောဒီးယား၊ ဂျူး၊ ရဝမ်ဒါ၊ ယူကရိန်းနှင့် အခြားလူမျိုးများအားသတ်ဖြတ်မှုက ၂၀ ရာစုအတွင်း လူသားတို့၏တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော သွေးပြစ်ကို ထပ်ဖြည့်စွက်ပေးသည်။ ဘာသာရေးအစွန်းရောက်ခြင်း၏လှုံ့ဆော်မှုကြောင့် လူမျိုးစုမုန်းတီးမှုရှိနေသော တိုင်းနိုင်ငံများ၌ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းဆက်ဖြစ်ပျက်နေကြ၏။ မှန်ပါသည်၊ စစ်မှုသည် ကမ္ဘာကြီးအား လူ့အသွေးထဲတွင် ဆက်နှစ်မြှုပ်နေစေတုန်းပင်ဖြစ်သည်။
မျက်မှောက်ခေတ်စစ်မှုများသည် စစ်ပြီးသွားသည့်နောက်ပိုင်း၌ပင် သားကောင်များဖြစ်ကြရသည်။ သာဓကအနေနှင့် လက်လွတ်စပယ်နိုင်သော မြေမြှုပ်မိုင်းများထောင်ခြင်းကိုစဉ်းစားကြည့်ပါ။ လူ့အခွင့်အရေးကိုစောင့်ကြည့်ခြင်း သုတေသနအဖွဲ့မှ မှတ်တမ်းအရ “ကမ္ဘာတစ်ဝန်းရှိမိုင်း သန်း ၁၀၀ ခန့်သည် အရပ်သားများကိုခြိမ်းခြောက်နေ၏။” ဤကဲ့သို့သောမိုင်းများသည် ယင်းကိုအသုံးပြုသောစစ်များ ပြီးဆုံးသွားသည့်နောက် အတော်ကြာကြာအထိပင် အပြစ်မဲ့ယောက်ျား၊ မိန်းမနှင့် ကလေးများကို အန္တရာယ်ပြုနေဆဲဖြစ်သည်။ နိုင်ငံပေါင်း ၆၀ ကျော်တို့တွင် မြေမြှုပ်မိုင်းကြောင့် လစဉ် ထောင်နှင့်ချီသောသူများ ဒဏ်ရာရ သို့မဟုတ် သေကြရသည်။ အသက်နှင့် ကိုယ်အင်္ဂါကိုအန္တရာယ်ပေးသောဤအရာအား အဘယ်ကြောင့်စနစ်တကျ မဖယ်ရှားနိုင်သနည်း။ သည်နယူးယောက်တိုင်းမ်စ်က ဤသို့ရှင်းလင်းပြသည်– “မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်မှ နေ့စဉ်ရှင်းလင်းသည်ထက်ပို၍ မိုင်းကိုထောင်ကြသောကြောင့် အသေအပျောက်နစ်နာဆုံးရှုံးမှုမှာ တဖြည်းဖြည်းတိုးလာနေခြင်းဖြစ်သည်။”
ထို ၁၉၉၃ ခုနှစ် သတင်းစာဆောင်းပါးက ဤမိုင်းများရောင်းခြင်းသည် “နှစ်စဉ် ဒေါ်လာသန်း ၂၀၀ အထိဝင်သော” စီးပွားရေးကြီးတစ်ခု ဖြစ်လာပြီဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်း၌ “၄၈ နိုင်ငံတွင် ကုမ္ပဏီ ၁၀၀ ခန့်နှင့် အစိုးရကိုယ်စားလှယ်များ” ပါဝင်ကာ မိုင်း “အမျိုးကွဲပေါင်း ၃၄၀ ကို တင်ပို့ခဲ့ကြသည်။” စဉ်းလဲစွာပင် အချို့မိုင်းများကို ကလေးများအား ဆွဲဆောင်မှုရှိစေရန် ကစားစရာများနှင့်တူအောင် ပုံစံထုတ်ခဲ့ကြသည်! စဉ်းစားကြည့်ပါ၊ အပြစ်မဲ့ကလေးများကို ဒဏ်ရာရအောင်၊ သေကျေအောင် တမင်သက်သက်ရည်ရွယ်ခဲ့သည်တကား! “ပေါက်ကွဲတတ်သည့်ဗုံး သန်းပေါင်း ၁၀၀” ဟု ခေါင်းစဉ်တပ်ထားသော သတင်းစာခေါင်းကြီးပိုင်းဆောင်းပါးတစ်ခုက မိုင်းသည် “ဓာတု၊ ဇီဝနှင့် နျူကလီးယားလက်နက်များထက် လူများကို ပို၍သေကျေ၊ ဒဏ်ရာရစေသည်” ဟု ဆိုသည်။
သို့ရာတွင် မြေမြှုပ်မိုင်းသည် ကမ္ဘာ့ဈေးကွက်၌ရောင်းသည့် တစ်ခုတည်းသော သေစေနိုင်သည့်ကုန်ပစ္စည်းမဟုတ်ပါ။ လောဘတက်နေသည့် လက်နက်ထုတ်လုပ်သူများသည် ဒေါ်လာသန်းနှင့်ချီသောစီးပွားရေးကို ကမ္ဘာတစ်ဝန်း၌ လုပ်နေကြသည်။ ကာကွယ်ရေးဆိုင်ရာ ပြန်ကြားရေးဌာနမှ ထုတ်ဝေသော သည် ဒီဖဲန်းစ် မောနီတာ ကဤသို့ဖော်ပြ၏– “ပြီးခဲ့သောဆယ်စုနှစ်များတစ်လျှောက် [ထိပ်သီးနိုင်ငံတစ်နိုင်ငံသည်] ဒေါ်လာ ၁၃၅ ဘီလီယံတန်ဖိုးရှိ လက်နက်များကို တင်ပို့ခဲ့သည်။” ယင်းအင်အားကြီးနိုင်ငံသည် တုန်လှုပ်ဖွယ် ဒေါ်လာ ၆၃ ဘီလီယံတန်ဖိုးရှိသော လက်နက်များကိုရောင်းချရန်၊ စစ်တပ်တည်ဆောက်ဖွဲ့စည်းပေးရန်နှင့် ၁၄၂ နိုင်ငံကိုလေ့ကျင့်ပေးရန်အတွက် ခွင့်ပြုခဲ့” သည်။ ဤသို့အားဖြင့် အနာဂတ်စစ်ပွဲနှင့် လူသားဒုက္ခအတွက် မျိုးစေ့ကြဲနေကြသည်။ သည် ဒီဖဲန်းစ် မောနီတာအရ “၁၉၉၀ ခုနှစ်တစ်ခုတည်းတွင် စစ်မှုများသည် လူ ၅ သန်းကို လက်နက်ကိုင်ရန်လေ့ကျင့်ပေးပြီး ဒေါ်လာ ၅၀ ဘီလီယံ အကုန်အကျခံကာ အများစုမှာ အရပ်သားများဖြစ်ကြသော လူနှစ်သိန်းငါးသောင်းကို သတ်ဖြတ်ခဲ့ကြသည်။” ထိုနှစ်မှစ၍ နောက်ထပ်သန်းပေါင်းများစွာကို ကြောက်ရွံ့၊ သေကျေစေသော စစ်ပွဲအမြောက်အမြားကို သင်မြင်ယောင်ကြည့်နိုင်သည်!
ကမ္ဘာကြီးနှင့် ယင်း၏သက်ရှိကို တိုး၍ဖျက်ဆီးနေ
ပါမောက္ခဘာရီ ကွန်မနာက “ကမ္ဘာ့ပတ်ဝန်းကျင်ညစ်ညမ်းစေမှုကို ဤအတိုင်းဆက်၍လွှတ်ထားလျှင် ကမ္ဘာဂြိုဟ်သည် လူသားများနေထိုင်၍မရသော ဂြိုဟ်ဖြစ်လာမည်ကို ကျွန်ုပ်ယုံကြည်သည်” ဟုသတိပေး၏။ ပြဿနာမှာပညာခေါင်းပါးမှုကြောင့်မဟုတ်ဘဲ ဝိသမလောဘကြောင့်သာဖြစ်ကြောင်းသူဆက်ပြော၏။ မျှတ၍ ချစ်ခြင်းမေတ္တာနှင့်ပြည့်စုံတော်မူသော ကျွန်ုပ်တို့ဘုရားသခင်သည် ဤအခြေအနေကို အကန့်အသတ်မရှိ သည်းခံခွင့်လွှတ်ထားပြီး ညစ်ညမ်းမှုကို တိုး၍ကြောက်ရွံ့နေရန် ကျွန်ုပ်တို့အား ထားရစ်လိမ့်မည်ဟု သင်ထင်သလော။ ကမ္ဘာကြီးကို လုယက်ဖျက်ဆီးခြင်းက ဤလုယက်ဖျက်ဆီးသူများနှင့် စာရင်းရှင်းပြီး ထို့နောက်ဤဂြိုဟ်ကြီးကို ဘုရားသခင်ပြန်လည်ထူထောင်ပေးရန် ဟစ်ကြွေးနေသည်။ ယင်းကား ‘ဤလောက၏ကုန်ဆုံးခြင်း’ နှင့်ပတ်သက်၍ တမန်တော်များကိုဖြေကြားရာတွင် ယေရှုသုံးသပ်ဖော်ပြခဲ့သည့် အကြောင်းအရာမှ တစ်စိတ်တစ်ပိုင်းပင်ဖြစ်သည်။
ဘုရားသခင်မည်သို့စာရင်းရှင်းမည်ကိုမစဉ်းစားမီ လူ့မှတ်တမ်းများကို နောက်ထပ်သုံးသပ်ကြည့်ကြစို့။ လူတို့၏ အလွဲပြုမူခြင်းစာရင်းတစ်စိတ်တစ်ပိုင်းကိုယ်နှိုက်ကပင် ဝမ်းနည်းစရာဖြစ်သည်– သစ်တောများအားလုံးကို ပြုန်းတီးစေသော အက်စစ်မိုးနှင့် လောဘကြီးသော သစ်ခုတ်အလေ့အထများ; နျူကလီးယားစွန့်ပစ်ပစ္စည်း၊ ဓာတုဗေဒအဆိပ်အတောက်နှင့် မိလ္လာအညစ်အကြေးများကို စည်းမဲ့ကမ်းမဲ့စွန့်ပစ်ခြင်း; အိုဇုန်းလွှာ၏ကာကွယ်ပေးနိုင်စွမ်းကို လျော့နည်းစေခြင်း; ပေါင်းသတ်ဆေးနှင့် ပိုးသတ်ဆေးများကို စည်းမဲ့ကမ်းမဲ့အသုံးပြုခြင်းတို့ ဖြစ်သည်။
စီးပွားရေးအုပ်စုများသည် အကျိုးအမြတ်ရရှိဖို့အတွက် ကမ္ဘာကြီးကို အခြားသောနည်းများဖြင့် ညစ်ညမ်းစေနေကြ၏။ တန်နှင့်ချီသော စွန့်ပစ်ပစ္စည်းများကို မြစ်များ၊ ပင်လယ်များ၊ လေနှင့် မြေထဲသို့ နေ့စဉ်စွန့်ပစ်နေကြသည်။ သိပ္ပံပညာရှင်များသည် မိုးကောင်းကင်ကို အာကာသအမှိုက်သရိုက်များဖြင့် ပြန့်ကျဲနေစေပြီး ပုံဆောင်ပြောရလျှင် ပြန်လည်သိမ်းဆည်းခြင်းမရှိကြချေ။ ကမ္ဘာကြီးသည် လှည့်ပတ်နေသောအမှိုက်ထုကြီးဖြင့် ရစ်ပတ်ခံရခြင်းသို့ လျင်မြန်စွာရောက်ရှိနေသည်။ ကမ္ဘာကြီးသည် မိမိဘာသာအသစ်ပြန်၍လုပ်နိုင်စေရန် ဘုရားသခင်ဖန်ဆင်းထားသော သဘာဝဖြစ်စဉ်များသာမရှိခဲ့လျှင် ကျွန်ုပ်တို့၏မြေစံအိမ်သည် အသက်ကို ထောက်ပံ့ပေးလိမ့်မည်မဟုတ်သည့်အပြင် လူသည် မိမိတို့၏အမှိုက်သရိုက်ထဲတွင် ကြာမြင့်စွာကပင် မွန်းကျပ်၍သေနေလောက်ပေပြီ။
လူသည် မိမိကိုယ်ကိုပင် ညစ်ညမ်းစေ၏။ ဥပမာအနေနှင့် ဆေးရွက်ကြီးနှင့် မူးယစ်ဆေးဝါးအလွဲသုံးမှုကို စဉ်းစားကြည့်ပါ။ အမေရိကန်နိုင်ငံတွင် ဤကဲ့သို့သောပစ္စည်းများအလွဲသုံးခြင်းကို “နိုင်ငံတော်၏နံပါတ်တစ် ကျန်းမာရေးပြဿနာ” ဟု နာမည်ပေးထားသည်။ ယင်းက ထိုနိုင်ငံအား နှစ်စဉ်ဒေါ်လာ ၂၃၈ ဘီလီယံကုန်ကျစေပြီး ယင်းမှ ဒေါ်လာ ၃၄ ဘီလီယံကို “မလိုအပ်သော [ယင်းမှာ ရှောင်၍ရသော] ကျန်းမာရေးစောင့်ရှောက်မှု” တွင် အသုံးပြုနေရသည်။ သင်နေထိုင်သောဒေသ၌ ဆေးရွက်ကြီးအတွက် ပေးဆပ်ရသော ငွေနှင့်အသက်တို့ကို သင်မည်သို့ထင်သနည်း။
အခွင့်အရေးတစ်ခုအဖြစ် အများကတောင်းဆိုကြသော စည်းလွတ်ဝါးလွတ်နှင့် လွဲမှားသော ဘဝပုံစံသည် သေစေနိုင်သည့် လိင်ဆက်ဆံခြင်းမှကူးစက်သည့်ရောဂါဖြစ်သော ကြောက်မက်ဖွယ်အသီး သီးပွင့်စေပြီး သေခြင်းသို့ စောစောပို့ပေးသည်။ မြို့ကြီးသတင်းစာများ၏ နာရေးကြော်ငြာသည့်ကော်လံများ၌ ယခုဆိုလျှင် ၃၀ ကျော်နှင့် ၄၀ ကျော်အရွယ်တွင် သေဆုံးသူအရေအတွက်တိုးလာကြောင်းဖော်ပြထားသည်ကို တွေ့ရ၏။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဖျက်ဆီးတတ်သည့်အကျင့်များ မကြာမီမှာပင် သူတို့ကိုကျော့မိသွားလေ့ရှိသောကြောင့်ဖြစ်သည်။ ဤလိင်ဆိုင်ရာနှင့် အခြားရောဂါများကပ်ဘေးကြီးတိုးပွားလာခြင်းသည် ယေရှု၏ပရောဖက်ပြုချက်နှင့်လည်း ကိုက်ညီစေသည်။ အကြောင်းမှာ “ကာလနာများပြားခြင်း” ဖြစ်လိမ့်မည်ဟု ကိုယ်တော်မိန့်တော်မူခဲ့သောကြောင့်ဖြစ်သည်။
သို့သော် အဆိုးရွားဆုံးညစ်ညမ်းမှုမှာ လူသားတို့၏သဘောထားနှင့် စိတ်၊ သို့မဟုတ် တွေးခေါ်ပုံတို့ပင်ဖြစ်၏။ ယခုအထိကျွန်ုပ်တို့ဖော်ပြခဲ့သော ညစ်ညူးမှုပုံစံအားလုံးတို့ကို ပြန်သုံးသပ်ကြည့်လျှင် ယင်းတို့အများစုမှာ သဘောထားညစ်ညမ်းမှု၏အကျိုးရလဒ်များပင် မဟုတ်ပေလော။ ယုတ်မာသောသဘောထားရှိသူများက အခြားသူအပေါ်ကျူးလွန်သည့် လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှုနှင့် အခြားအဓမ္မမှုပုံစံအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသောဒုက္ခဆင်းရဲကို စဉ်းစားကြည့်ပါ။ နှစ်စဉ်ပြုလုပ်နေသော ကိုယ်ဝန်ဖျက်ချမှုသန်းပေါင်းများစွာသည် စိတ္တနှင့် ဝိညာဏညစ်ညူးမှုလက္ခဏာတစ်ခုဖြစ်ကြောင်းလည်း လူအများအသိအမှတ်ပြုကြသည်။
လူငယ်များ၏သဘောထားတွင် အများအပြားတွေ့ရ၏။ မိဘနှင့် အခြားသောအခွင့်အာဏာကို မလေးစားခြင်းက မိသားစုပြိုကွဲမှုနှင့် ဥပဒေ၊ စည်းမျဉ်းများကို အာခံမှုဖြစ်ပေါ်စေသည်။ အခွင့်အာဏာကို ကျန်းခံ့သောကြောက်ရွံ့မှုမရှိခြင်းသည် လူငယ်များ ဝိညာဉ်ရေးကင်းမဲ့ခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေ၏။ ထို့ကြောင့် ဆင့်ကဲဝါဒ၊ ဘုရားမဲ့ဝါဒနှင့် အခြားသော ယုံကြည်ခြင်းကိုဖျက်ဆီးသည့် သီအိုရီများကို သွန်သင်သူများသည် အလွန်ပင်အပြစ်ကြီးလေးလှသည်။ မိမိတို့ကို ခေတ်မီပြီး “မှန်ကန်” သည်ဟုလက်ခံရန် ကြိုးစားရာတွင် ကျမ်းစာကို ကျောခိုင်းကြသော ဘာသာရေးဆရာအများသည်လည်း အပြစ်ရှိကြသည်။ လောကဉာဏ်ပညာဖြင့်လွှမ်းမိုးခံရသောသူတို့နှင့် အခြားသူများတို့သည် ရှေ့နောက်မညီသော လူ့အတွေးအခေါ်များကိုသွန်သင်ကြသည်။
အကျိုးရလဒ်မှာ ထင်ရှားလှ၏။ ဘုရားသခင်နှင့် လူကိုချစ်သောမေတ္တာကမဟုတ်ဘဲ လောဘနှင့် မုန်းတီးမှုက လူများကိုလှုံ့ဆော်ပေးသည်။ ပုပ်ပျက်သောအသီးများမှာ ပျံ့နှံ့နေသော စာရိတ္တယိုယွင်းမှု၊ အဓမ္မမှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့ ဖြစ်သည်။ ဝမ်းနည်းစရာမှာ ယင်းက ရိုးဖြောင့်သောပုဂ္ဂိုလ်များ၌ လူသည် မိမိကိုယ်တိုင်နှင့် ဤဂြိုဟ်ကြီးအားဖျက်ဆီးပစ်မည့် ကြောက်ရွံ့ခြင်းအပါအဝင် ကြောက်ရွံ့မှုကိုဖြစ်စေသည်။
ပိုဆိုးလာမည်လော၊ ကောင်းလာမည်လော
ကြောက်ရွံ့မှုနှင့်ပတ်သက်၍ မဝေးတော့သောအနာဂတ်တွင်ဘာရှိသနည်း။ ကြောက်ရွံ့မှု ဆက်တိုးပွားလာမည်လော၊ ယင်းကိုအောင်နိုင်မည်လော။ မိမိ၏တမန်တော်များအား ယေရှုပြောခဲ့သည့်အရာကို နောက်တစ်ဖန်သတိပြုကြဦးစို့။
ကိုယ်တော်က နီးကပ်လျက်ရှိသောအနာဂတ်၌ ဖြစ်ပျက်လာမည့်အရာကို ညွှန်ပြခဲ့သည်—ကြီးစွာသောဒုက္ခဖြစ်၏။ ဤသည်တို့မှာ ကိုယ်တော်၏မိန့်မြွက်ရာများဖြစ်သည်–“ထိုကာလ၏ဒုက္ခဆင်းရဲခြင်းနောက် ရုတ်ခနဲနေသည်မိုက်လိမ့်မည်။ လသည် အရောင်ကိုမပေး။ ကြယ်တို့သည် ကောင်းကင်မှကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ ထိုအခါလူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။”—မဿဲ ၂၄:၂၉၊ ၃၀။
ထို့ကြောင့် ကြီးစွာသောဒုက္ခသည် မကြာမီ စတင်တော့မည်ဟု ကျွန်ုပ်တို့မျှော်လင့်နိုင်သည်။ ယင်း၏ပထမအပိုင်းသည် ကမ္ဘာတစ်ဝန်းရှိဗာဗုလုန်ဘာသာအပေါ် လက်တုံ့ပြန်ခြင်းဖြစ်လိမ့်မည်အကြောင်း အခြားကျမ်းစာပရောဖက်ပြုချက်များက ညွှန်ပြသည်။ ထို့နောက် ကောင်းကင်မှထူးဆန်းရာအချို့အပါအဝင် ခုလေးတင်ကိုးကားလိုက်သော ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာများ ဖြစ်လာလိမ့်မည်။ သန်းပေါင်းများစွာသောသူတို့အပေါ် မည်သည့်အကျိုးသက်ရောက်မည်နည်း။
အကျယ်တဝင့် ပရောဖက်ပြုဖော်ပြချက်များကို တွေ့ရသော ယေရှုဖြေကြားချက်၏ အပြိုင်မှတ်တမ်းကိုသုံးသပ်ကြည့်ပါ–
“နေလကြယ်နက္ခတ်များ၌ ပုဗ္ဗနိမိတ်များပေါ်ထွန်းလာလိမ့်မည်။ ကမ္ဘာပေါ်တွင် လူမျိုးအပေါင်းတို့သည် ပင်လယ်လှိုင်းတံပိုး မြည်ဟီးသံကြောင့် စိတ်ဒုက္ခရောက်ကြလိမ့်မည်။ လူတို့သည် ကမ္ဘာပေါ်တွင်ဆိုက်ရောက်လတ္တံ့သော ဘေးများကိုမြော်မြင်၍ ကြောက်လန့်ကာ စိတ်အားလျော့ကြလိမ့်မည်။ ကောင်းကင်နက္ခတ်တာရာတို့သည် တုန်လှုပ်ကြလိမ့်မည်။”—လုကာ ၂၁:၂၅၊ ၂၆၊ သတင်းကောင်း။
ယင်းသည် ကျွန်ုပ်တို့အရှေ့ ၌ ရှိနေသည်။ သို့သော် လူသားအားလုံး စိတ်အားလျော့လောက်သည့်အထိ ဤသို့ကြောက်ရွံ့လိမ့်မည်မဟုတ်ပါ။ ၎င်းနှင့်ဆန့်ကျင်လျက် ယေရှုက “ထိုအမှုအရာတို့သည်ဖြစ်စရှိသောအခါ သင်တို့ကို ရွေးနုတ်သောအချိန်ကာလရောက်လုနီးသည်ကိုထောက်သဖြင့် မျှော်ကြည့်၍ခေါင်းကိုကြွကြလော့” မိန့်တော်မူခဲ့သည်။—လုကာ ၂၁:၂၈။
ဤအားရှိဖွယ်စကားများကို မိမိ၏စစ်မှန်သောတပည့်တော်များအား ရည်ညွှန်းပြောကြားခြင်းဖြစ်သည်။ သူတို့သည် ကြောက်ရွံ့လှသဖြင့် စိတ်အားလျော့ သို့မဟုတ် မလှုပ်မရှားဖြစ်နေမည့်အစား၊ ကြီးစွာသောဒုက္ခ၏အထွတ်အထိပ် ရောက်လုနီးကြောင်းကိုသိလျက်နှင့်ပင် ကြောက်ရွံ့မှုကင်းစွာ ခေါင်းကြွနိုင်စရာအကြောင်း ရှိပေလိမ့်မည်။ အဘယ်ကြောင့် မကြောက်ရွံ့ကြသနည်း။
အကြောင်းမှာ ဤ “ကြီးစွာသောဒုက္ခ” တစ်ခုလုံးမှ ကပ်ကျော်လွတ်မြောက်မည့်သူများ ရှိလိမ့်မည်ဟု ကျမ်းစာက ရှင်းလင်းစွာတင်ပြထားသောကြောင့်ဖြစ်၏။ (ဗျာဒိတ် ၇:၁၄၊ သမ) ကျွန်ုပ်တို့သာ ကပ်ကျော်လွတ်မြောက်မည့်သူများအဝင်ဖြစ်မည်ဆိုလျှင် ဘုရားသခင့်လက်တော်မှ တုနှိုင်းမရသောကောင်းချီးများကို ပျော်မွေ့ခံစားနိုင်ကြောင်း ယင်းကိုကတိပြုသောမှတ်တမ်းက ဆို၏။ ယင်းက ယေရှုသည် “သူတို့ကို လုပ်ကျွေး၍ အသက်စမ်းရေတွင်းသို့ လမ်းပြလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်” ဟူသည့် အာမခံချက်ဖြင့် နိဂုံးချုပ်ထားသည်။—ဗျာဒိတ် ၇:၁၆၊ ၁၇။
ကျွန်ုပ်တို့အပါအဝင်ဖြစ်နိုင်သည့် ဤကဲ့သို့သောကောင်းချီးများကိုပျော်မွေ့ခံစားမည့်သူများသည် ယနေ့လူသားများကိုကပ်သင့်နေသည့် ကြောက်ရွံ့မှုများရှိကြမည်မဟုတ်ပါ။ သို့သော် ယင်းက ကြောက်ရွံ့မှုလုံးဝမရှိတော့ဟု မဆိုလိုပါ။ အကြောင်းမှာ ကျမ်းစာက ကောင်းသောနှင့် ကျန်းခံ့သောကြောက်ရွံ့မှုရှိ၏ဟု ဖော်ပြသောကြောင့်ဖြစ်သည်။ နောက်ဆောင်းပါးက ယင်းသည် အဘယ်အရာဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့ကို မည်သို့အကျိုးသက်ရောက်စေသင့်ကြောင်း သုံးသပ်ပေလိမ့်မည်။
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
ယေဟောဝါအားဝတ်ပြုကိုးကွယ်သူများ ချဉ်းကပ်လာလျက်ရှိသည့်ကမ္ဘာသစ်ကို ပျော်ရွှင်စွာစောင့်မျှော်ကြသည်
[Picture Credit Line on page 7]
Pollution: Photo: Godo-Foto; rocket: U.S. Army photo; trees burning: Richard Bierregaard, Smithsonian Institution