ယခုပင် မှန်သောဘုရားသခင်အား အဘယ်ကြောင့်ကြောက်ရွံ့ရမည်နည်း
“ပညတ်တော်များကိုစောင့်ရှောက်၍ စစ်မှန်သောဘုရားသခင်ကိုခန့်ညားကြောက်ရွံ့ကြလော့။ ဤရွေ့ကား လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။”—ဒေသနာ ၁၂:၁၃၊ ကဘ။
၁၊ ၂။ တော်လျော်စွာ ဘုရားသခင်အားကြောက်ရွံ့ခန့်ညားခြင်းသည် အဘယ်ကြောင့်လျောက်ပတ်သနည်း။
ဘုရားသခင်အား ကြည်ညိုလေးစားပြီး အကြောင်းခိုင်လုံစွာခန့်ညားကြောက်ရွံ့ခြင်းသည် လူကိုအကျိုးပြုသည်။ လူ့စိုးရိမ်ကြောက်ရွံ့မှုများစွာတို့သည် စိတ်အနှောင့်အယှက်ဖြစ်စေပြီး ထိခိုက်နစ်နာစေတတ်သည့်တိုင်ဖြစ်သော်လည်း ယေဟောဝါဘုရားသခင်အားကြောက်ရွံ့ခန့်ညားခြင်းမူကား အမှန်ပင်အကျိုးရှိသည်။—ဆာလံ ၁၁၂:၁; ဒေသနာ ၈:၁၂။
၂ ယင်းကို ဖန်ဆင်းရှင်သိတော်မူသည်။ ဖန်ဆင်းရာတို့ကို ကိုယ်တော်မြတ်နိုးသောကြောင့် မိမိကို ခန့်ညားကြောက်ရွံ့၍ ကိုးကွယ်ကြရန် မိန့်မှာထားတော်မူသည်။ ကျွန်ုပ်တို့ဤသို့ဖတ်ရှုရသည်– “မြေကြီးပေါ်မှာနေသောသူ တည်းဟူသော အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တစ်ပါးက ‘တရားစီရင်တော်မူသောအချိန် ရောက်လာပြီဖြစ်၍ ဘုရားသခင်အားခန့်ညား၍ ဘုန်းတော်ကိုချီးမွမ်းကြလော့။ ကောင်းကင်၊ မြေကြီး . . . ကိုဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့’ ဟုကြီးသောအသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက်ရှိသည်ကို ငါမြင်၏။”—ဗျာဒိတ် ၁၄:၆၊ ၇၊ ကဘ။
၃။ ကျွန်ုပ်တို့၏ကနဦးမိဘများအတွက် ဖန်ဆင်းရှင်သည် အဘယ်အရာကို ပြုတော်မူခဲ့ပြီနည်း။
၃ ဤကမ္ဘာဂြိုဟ်နှင့် ကျွန်ုပ်တို့ကိုပါ ကိုယ်တော်ပိုင်သတော်မူသောကြောင့် အရာခပ်သိမ်းကိုဖန်ဆင်းတော်မူသော အသက်၏ပင်ရင်းကို ကျွန်ုပ်တို့ဥပေက္ခာမပြုသင့်ပါ။ (ဆာလံ ၂၄:၁) ကိုယ်တော်၏ ကြီးမားတော်မူသောမေတ္တာတော်ကြောင့် ယေဟောဝါသည် ကိုယ်တော့်မြေကြီးဆိုင်ရာ သားသမီးများကို အသက်ပေးတော်မူပြီး အံ့ဖွယ်ကောင်းသောနေအိမ်—လှပသောပရဒိသု—ကိုပေးထားတော်မူသည်။ သို့တိုင် ဤကောင်းမွန်လှသော ဆုကျေးဇူးကို ခံစားနိုင်ရန် စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာခြင်းအပေါ်မူတည်သည်။ အမှန်မှာ ယင်းကို အပ်နှင်းထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ပထမမိဘများသည် သူတို့၏နေအိမ်ကို ပြည့်စေ၍ နိုင်နင်းသည်အထိ ၎င်းကိုကြည့်ရှုပြုစုပြီး တိုးချဲ့ပေးရန်ဖြစ်သည်။ သူတို့သည် သူတို့၏ သားစဉ်မြေးဆက်တို့နှင့်အတူ ကမ္ဘာပေါ်နေထိုင်ကြမည့် ကုန်းသတ္တဝါ၊ လေသတ္တဝါ၊ ရေသတ္တဝါ အစရှိသော သက်ရှိသတ္တဝါများအပေါ် တာဝန်နှင့် အခွင့်ထူးများကို ရရှိထားကြသည်။ ကြီးမားသောဤတာဝန်ကို အပ်နှံခံရသည့် လူသားသည် ကိုယ်တော်ရှေ့စာရင်းရှင်းရမည်ဖြစ်သည်။
၄။ ဘုရားသခင်၏ဖန်ဆင်းခြင်းအပေါ် လူသားသည် မည်သို့ပြုခဲ့ပြီနည်း။
၄ ထိုအံ့ဖွယ်နည်းဖြင့် အစချီခွင့်ရရှိခဲ့သော်လည်း လူသားသည် မိမိ၏လှပတင့်တယ်သော မြေကြီးအိမ်ကို မည်သို့ညစ်ညူးစေခဲ့သည်ကို သတိပြုပါ! ဘုရားသခင်ပိုင်သတော်မူသော ဤရတနာကို မထီမဲ့မြင်ပြုပြီး မြေကြီးကို ညစ်ညူးစေခဲ့ကြပြီ။ ဤညစ်ညမ်းမှုသည် ကုန်းသတ္တဝါ၊ လေသတ္တဝါ၊ ရေသတ္တဝါမျိုးစိတ် အတော်များများကို အမျိုးပျက်ပြုန်းသွားစေနိုင်သည်အထိဖြစ်နေပြီ။ ကျွန်ုပ်တို့၏ တရားမျှတသော ချစ်ခြင်းမေတ္တာရှင် ဘုရားသခင်သည် ယင်းကို အစဉ်သည်းခံတော်မူမည်မဟုတ်ပါ။ ကမ္ဘာမြေကြီးကို ဖျက်ဆီးနေခြင်းက စာရင်းရှင်းရန်ဖြစ်စေပြီး ယင်းက မြောက်မြားစွာတို့အတွက် စိုးရိမ်စရာအကြောင်းဖြစ်သည်။ တစ်ဖက်မှကြည့်ပြန်လျှင် ဘုရားသခင်အား ရိုသေလေးစားစွာဖြင့် ယုံကြည်ကိုးစားသူများမူကား ဖြစ်ပျက်လာမည့်အမှုကိုသိရှိရသဖြင့် နှစ်သိမ့်မှုခံစားရသည်။ ယေဟောဝါသည် စာရင်းရှင်းတော်မူလိမ့်မည်။ မြေကြီးသည်လည်း နဂိုအခြေအနေအတိုင်း ပြန်ဖြစ်လာလိမ့်မည်။ ယင်းသည် စိတ်ထားမှန်ကန်သူ မြေကြီးသားများအတွက် အမှန်တကယ်ပင် သတင်းကောင်းဖြစ်ပေသည်။
၅၊ ၆။ ယေဟောဝါ၏ဖန်ဆင်းခြင်းနှင့်စပ်လျဉ်း၍ လူသားပြုမူခဲ့သည့်အမှုကို ကိုယ်တော်မည်သို့တုံ့ပြန်မည်နည်း။
၅ ဘုရားသခင်သည် မိမိ၏တရားစီရင်ချက်ကို အဘယ်နည်းဖြင့် ဆောင်ရွက်တော်မူမည်နည်း။ ဘုရားသခင့်ကောင်းကင်နိုင်ငံတော်၏ နန်းထိုင်ဘုရင် ယေရှုခရစ်တော်အားဖြင့် ဖြစ်သည်။ ထိုကောင်းကင်သားတော်အားဖြင့် ယေဟောဝါသည် လက်ရှိညစ်ညူးသော ဆန့်ကျင်ပုန်ကန်သည့်စနစ်ကို အဆုံးတိုင်စေမည်ဖြစ်သည်။ (၂ သက်သာလောနိတ် ၁:၆-၉; ဗျာဒိတ် ၁၉:၁၁) ဤနည်းဖြင့် ဘုရားသခင်အား ခန့်ညားကြောက်ရွံ့သူတို့သည် သက်သာမှုရပြီး တစ်ကြိမ်တည်းတွင် ကျွန်ုပ်တို့၏မြေအိမ်သည် ထိန်းသိမ်း ကာကွယ်ခံရမည်ဖြစ်သည်။
၆ ထိုသို့ အဘယ်နည်းဖြင့် ဖြစ်ပျက်လာမည်နည်း။ အာမဂေဒုန်စစ်ပွဲဖြင့် အထွတ်အထိပ်သို့ရောက်မည့် ဖြစ်လတ္တံ့သော ကြီးစွာသောဒုက္ခအကြောင်းကို သမ္မာကျမ်းစာက ဖော်ပြထားသည်။ (ဗျာဒိတ် ၇:၁၄; ၁၆:၁၆) ယင်းကား ဤညစ်ညမ်းသော အစီအစဉ်စနစ်နှင့် ၎င်းကိုညစ်ညမ်းစေသောသူတို့ကို ဘုရားသခင်အဆုံးစီရင်ခြင်းဖြစ်သည်။ အသက်ဆက်ရှင်မည့်သူများ ရှိနိုင်ပါမည်လော။ ရှိပါလိမ့်မည်! သူတို့သည် အကြောင်းမခိုင်လုံ၊ ကယောင်ချောက်ချားဖြစ်စေသည့် ကြောက်ရွံ့ခြင်းမျိုးနှင့် ဘုရားသခင်အား ခန့်ညားကြသူများမဟုတ်၊ ဘုရားသခင်အား လေးစားကြည်ညိုစွာ ကြောက်ရွံ့ခန့်ညားသူများဖြစ်သည်။ သူတို့သည် လွတ်မြောက်ကြမည်ဖြစ်သည်။—သု. ၂:၂၁၊ ၂၂။
အံ့မခန်းဖွယ်တန်ခိုးတော် ထင်ရှားခြင်း
၇။ မောရှေခေတ်တွင် ဘုရားသခင်သည် ဣသရေလလူမျိုး၏အကျိုးကို အဘယ်ကြောင့်ကြားဝင်ဆောင်ရွက်ပေးတော်မူသနည်း။
၇ ကျွန်ုပ်တို့၏ခေတ်သက္ကရာဇ်မတိုင်မီ နှစ်ပေါင်း ၁,၅၀၀ ခန့်က ယေဟောဝါဘုရားသခင်အား ဝတ်ပြုကိုးကွယ်သူများအကျိုးအလိုငှာ ကိုယ်တော်ပြုတော်မူသော တန်ခိုးကြီးမားသည့်လုပ်ရပ်တစ်ခုက ဤထူးခြားသောအဖြစ်အပျက်ကို ကြိုတင်ပုံဆောင်သည်။ တန်ခိုးကြီးမားသောအာဏာပိုင် အီဂျစ်နိုင်ငံသည် ယင်း၏တိုင်းတစ်ပါးသား ဣသရေလလုပ်သားအင်အားကို ကျေးကျွန်အဖြစ် စေစားခဲ့ရုံမက ထိုဣသရေလလူမျိုး၏ မွေးကင်းစယောက်ျားကလေးအားလုံးကို သေစေရမည်ဟု ထိုနိုင်ငံကိုအစိုးရသော ဖာရောမင်းက အမိန့်ထုတ်ခဲ့ရာ လူမျိုးပြုတ်သည့်အထိ သူတို့ကိုသတ်ဖြတ်ဖို့ကြိုးစားခဲ့သည်။ အီဂျစ်နိုင်ငံကို ဘုရားသခင်အောင်နိုင်ခြင်းသည် ထိုနိုင်ငံရေးစနစ်၏ ဖိစီးနှိပ်ကွပ်မှုအောက်မှ ဣသရေလလူမျိုးကို လွတ်မြောက်စေရန်၊ ဘုရားမြောက်မြားစွာကို ကိုးကွယ်ခြင်းကြောင့် ညစ်ညူးနေသောနိုင်ငံ၏နှောင်ကြိုးအောက်မှ လွတ်မြောက်စေရန်အတွက်ဖြစ်သည်။
၈၊ ၉။ မောရှေနှင့် ဣသရေလလူမျိုးသည် ဘုရားသခင်၏ကြားဝင်မှုကို မည်သို့တုံ့ပြန်ကြသနည်း။
၈ ထွက်မြောက်ရာ အခန်းကြီး ၁၅ ကအီဂျစ်နိုင်ငံမှ လွတ်မြောက်လာသည့် ဣသရေလလူမျိုး၏ တုံ့ပြန်ပုံကို ဖော်ပြသည်။ ယင်းမှတ်တမ်းကို အသေးစိတ်လေ့လာကြည့်ခြင်းအားဖြင့် ခရစ်ယာန်များသည် လက်ရှိဝိညာဉ်ရေးနှင့် ကာယရေးဘက် ညစ်ညမ်းနေသော စနစ်ကြီးမှ မည်သို့လွတ်မြောက်နိုင်ကြောင်းကို သဘောပေါက်လိမ့်မည်။ ထွက်မြောက်ရာ အခန်းကြီး ၁၅ ကိုသုံးသပ်ကြည့်စဉ် စစ်မှန်သောဘုရားသခင် ယေဟောဝါအား အဘယ်ကြောင့်ခန့်ညားသင့်ကြောင်း သိနားလည်ရန် အခန်းငယ်အချို့ကို ရွေးချယ်ဖတ်ရှုကြည့်ကြစို့။ အခန်းငယ် ၁ နှင့် ၂ မှစတင်ဖတ်မည်–
၉ “ထိုအခါ မောရှေနှင့် ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအား သီချင်းဆိုသောစကားဟူမူကား– ‘ထာဝရဘုရားသည် ဘုန်းပွင့်လျက် အောင်ပွဲခံတော်မူသည်ဖြစ်၍ ကိုယ်တော်အား သီချင်းဆိုပါအံ့။ မြင်းနှင့် မြင်းစီးသူရဲကို ပင်လယ်ထဲသို့ လှဲချတော်မူပြီ။ ထာဝရဘုရားသည် ငါ့အစွမ်းသတ္တိ၊ ငါသီချင်းဆိုကြောင်း၊ ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။”
၁၀။ အီဂျစ်စစ်တပ်ကို ဘုရားသခင်ဖျက်ဆီးပစ်ရန် ဖြစ်လာစေသည့်ဖြစ်ရပ်များကား အဘယ်နည်း။
၁၀ ယေဟောဝါသည် ဣသရေလလူမျိုးကို အီဂျစ်နိုင်ငံမှ မည်သို့လွတ်မြောက်စေခဲ့ကြောင်းဟူသည် ကမ္ဘာသိဖြစ်သည်။ ဖာရောမင်းသည် ဣသရေလလူမျိုးကို မလွှတ်မချင်း ထိုတန်ခိုးကြီးမားသော ကမ္ဘာ့အာဏာစက်အပေါ် ကပ်ဘေးများသင့်စေတော်မူခဲ့သည်။ သို့သော် ဖာရောမင်း၏စစ်သည်များသည် ခုခံနိုင်စွမ်းမရှိသော ဤလူမျိုးနောက်သို့လိုက်လံခဲ့ရာ ပင်လယ်နီကမ်းခြေတွင် ဖမ်းမိမည့်ပုံရှိသည်။ ဣသရေလလူမျိုးသည် ရရှိခါစလွတ်လပ်ခွင့်ကို အလျင်အမြန် ဆုံးရှုံးရတော့မည့်ပုံရှိသော်လည်း ယေဟောဝါ၏အကြံအစည်တော်ကား ထိုသို့မဟုတ်ပါ။ ကိုယ်တော်သည် မိမိ၏လူမျိုးကို ကယ်ဆယ်ရန် အံ့ဖွယ်နည်းဖြင့် ပင်လယ်နီတွင် လွတ်မြောက်ရာလမ်း ဖွင့်ပေးတော်မူခဲ့သည်။ အီဂျစ်လူမျိုးသည် သူတို့နောက် လိုက်ဝင်ကြသောအခါ ပင်လယ်ရေကို ပြန်လာစေပြီး ဖာရောမင်းနှင့် သူ၏ဗိုလ်ခြေအပေါင်းတို့ကို လွှမ်းမိုးနစ်မြုပ်စေတော်မူခဲ့သည်။—ထွက်မြောက်ရာ ၁၄:၁-၃၁။
၁၁။ အီဂျစ်နိုင်ငံကို ဘုရားသခင်အရေးယူတော်မူခဲ့ခြင်းက အဘယ်အရာကိုဖြစ်ပျက်စေသနည်း။
၁၁ အီဂျစ်နိုင်ငံ၏ ဗိုလ်ခြေအပေါင်းကို ယေဟောဝါ ဖျက်ဆီးတော်မူခဲ့သောကြောင့် ကိုယ်တော်သည် မိမိအားကိုးကွယ်သူများ၏ ချီးမွမ်းထောမနာပြုခြင်းကိုခံရပြီး နာမတော်ထင်ရှားကျော်ကြားလေသည်။ (ယောရှု ၂:၉၊ ၁၀; ၄:၂၃၊ ၂၄) မှန်ပေသည်၊ ကိုယ်တော်၏နာမတော်သည် ဝတ်ပြုကိုးကွယ်သူများကို မကယ်ဆယ်နိုင်သော အီဂျစ်နိုင်ငံ၏မှောက်မှားသည့် တန်ခိုးမဲ့ဘုရားများအထက် ချီးမြှင့်ခြင်းခံရသည်။ သူတို့၏ဘုရားများ၊ မင်းများနှင့် စစ်အင်အားတို့ကို ကိုးစားခဲ့ခြင်းသည် အချည်းနှီးသက်သက်သာဖြစ်ခဲ့သည်။ (ဆာလံ ၁၄၆:၃) ထို့ကြောင့် ဣသရေလလူမျိုးသည် မိမိလူမျိုးတော်ကို တန်ခိုးကြီးမားစွာ ကယ်တင်နိုင်တော်မူသည့် အသက်ရှင်တော်မူထသောဘုရားသခင်အား အကျိုးဖြစ်ထွန်းသောခန့်ညားကြောက်ရွံ့ခြင်းကိုတင်ပြသည့် ထောမနာသီချင်းများကို သီဆိုခဲ့ကြခြင်းသည် အံ့ဩစရာမဟုတ်ပေ။
၁၂၊ ၁၃။ ပင်လယ်နီအရပ်တွင် ဘုရားသခင် အောင်ပွဲခံခဲ့ခြင်းမှ ကျွန်ုပ်တို့အဘယ်အရာကို သင်ယူသင့်သနည်း။
၁၂ ထိုနည်းတူစွာ ကျွန်ုပ်တို့ခေတ်ရှိ အဘယ်မှောက်မှားသောဘုရားမျှလည်းကောင်း၊ နျူးကလီးယားလက်နက်များရှိစေကာမူ အဘယ်အင်အားကြီးနိုင်ငံမျှလည်းကောင်း ယေဟောဝါအား ယှဉ်ပြိုင်နိုင်မည်မဟုတ်ကြောင်း အသိအမှတ်ပြုသင့်သည်။ ကိုယ်တော်သည် မိမိ၏လူမျိုးကို ကယ်တင်နိုင်တော်မူ၍ အမှန်ပင်ကယ်တင်တော်မူမည်။ အကြောင်းမူကား ကိုယ်တော်သည် “ကောင်းကင်ဗိုလ်ခြေတို့၌လည်းကောင်း၊ မြေကြီးသားတို့၌လည်းကောင်း အလိုတော်ရှိသည်အတိုင်း စီရင်ပြုပြင်တော်မူ၏။ လက်တော်ကို အဘယ်သူမျှ မဆီးတားနိုင်။ ‘အဘယ်သို့ပြုသနည်း’ ဟု ကိုယ်တော်ကို ဆိုနိုင်သောသူမရှိ။” (ဒံယေလ ၄:၃၅) ဤစကားများကို ကျွန်ုပ်တို့အပြည့်အဝသဘောပေါက်ပါက ကျွန်ုပ်တို့သည်လည်း ပျော်ရွှင်စွာဖြင့် ကိုယ်တော်ကို ချီးမွမ်းထောမနာပြုရန် လှုံ့ဆော်ခံကြရသည်။
၁၃ ပင်လယ်နီအရပ်တွင် အောင်ပွဲခံသီချင်းကို သူတို့ ဤသို့ဆက်သီဆိုကြသည်– “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် စစ်သူရဲဖြစ်တော်မူ၏။ ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] တည်းဟူသော နာမတော် ရှိတော်မူ၏။” ထို့ကြောင့် ဤမရှုံးနိမ့်နိုင်သော စစ်သူရဲတော်သည် စိတ်ကူးထဲက နာမည်မရှိသော ထွင်လုံးသက်သက်မျှမဟုတ်ပါ။ ကိုယ်တော်၌ နာမတော်ရှိတော်မူသည်! ကိုယ်တော်သည် ‘ဖြစ်စေတော်မူသောသခင်’၊ ဖန်ဆင်းတော်မူရှင်၊ “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ဟူ၍နာမတော်ရှိသော . . . မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရား ဖြစ်တော်မူ” ၏။ (ထွက်မြောက်ရာ ၃:၁၄; ၁၅:၃-၅; ဆာလံ ၈၃:၁၈) ထို့ကြောင့် ရှေးအီဂျစ်လူမျိုးသည် အနန္တတန်ခိုးရှင် ဘုရားသခင်အား ဖီဆန်မည့်အစား တော်လျော်စွာလေးစားခြင်းအားဖြင့် ကြောက်ရွံ့ခန့်ညားမည်ဆိုလျှင် ပညာရှိရာရောက်မည်ဟု သင်မယူမှတ်ပေလော။
၁၄။ ပင်လယ်နီအရပ်တွင် ဘုရားရေးရာကြောက်ရွံ့ခြင်း၏တန်ဖိုးသည် မည်သို့ထင်ရှားသနည်း။
၁၄ ကမ္ဘာမြေကြီးကို တီထွင်သောသခင်အဖြစ် ပင်လယ်ကိုပြုလုပ်တော်မူသောအရှင်သည် ရေထုကို လုံးလုံးလျားလျားထိန်းချုပ်နိုင်တော်မူသည်။ (ထွက်မြောက်ရာ ၁၅:၈) လေကိုထိန်းချုပ်နိုင်သောအစွမ်းကိုပါအသုံးပြုတော်မူပြီး မဖြစ်နိုင်သောအမှုကို ကိုယ်တော်ပြုတော်မူခဲ့သည်။ ပင်လယ်ရေကို ကိုယ်တော်ကွဲပြတ်စေပြီး မိမိ၏လူမျိုးဖြတ်ကူးသွားနိုင်ရန် တစ်ဖက်တစ်ချက်တွင် ရေထရံရှိ စင်္ကြံတစ်ခုပေါ်စေတော်မူခဲ့သည်။ ဤမြင်ကွင်းကို မြင်ယောင်ကြည့်ပါ– ပင်လယ်ရေ တန်ချိန်သန်းပေါင်းများစွာအလယ်တွင် ဣသရေလလူမျိုးအတွက် လွတ်မြောက်ရာလမ်း ပေါ်လာ၍ သူတို့တစ်ဖက်တစ်ချက်ရှိရေသည် မြင့်မားသောထရံကြီးများပမာဖြစ်နေသည်။ မှန်ပေသည်၊ ဘုရားသခင်အပေါ် ကျန်းခံ့သောခန့်ညားစိတ် တင်ပြသူများသည် စောင့်ရှောက်ခံရကြသည်။ ထို့နောက် ယေဟောဝါသည် ရေကို ပြန်လွှတ်လိုက်ရာ ဖာရောမင်းနှင့် သူ၏ဗိုလ်ခြေ၊ သူတို့၏ပစ္စည်းကိရိယာအားလုံးတို့သည် နစ်မြုပ်သွားလေသည်။ အချည်းနှီးဘုရားများနှင့် လူ့စစ်အင်အားတို့ထက် တန်ခိုးတော်ကြီးမားလှသည်တကား! ယေဟောဝါသည် အမှန်တကယ်ပင် ကြောက်ရွံ့ခန့်ညားထိုက်သောအရှင်ဖြစ်တော်မူ၏။—ထွက်မြောက်ရာ ၁၄:၂၁၊ ၂၂၊ ၂၈; ၁၅:၈။
ဘုရားသခင်အား ကျွန်ုပ်တို့ခန့်ညားကြောက်ရွံ့ကြောင်း တင်ပြခြင်း
၁၅။ ဘုရားသခင်၏ တန်ခိုးကြီးမားသော ကယ်တင်ခြင်းလုပ်ရပ်များကို ကျွန်ုပ်တို့မည်သို့တုံ့ပြန်သင့်သနည်း။
၁၅ မောရှေနှင့်အတူ လုံခြုံစွာရပ်နေခဲ့ရမည်ဆိုလျှင် ကျွန်ုပ်တို့လည်း ဤသို့အမှန်သီဆိုလိုကြမည်– “အိုထာဝရဘုရား၊ ဘုရားများတို့တွင် အဘယ်မည်သောဘုရားသည် ကိုယ်တော်နှင့်တူပါသနည်း။ သန့်ရှင်းခြင်းအားဖြင့် ဘုန်းကြီးတော်မူထသော ချီးမွမ်းခြင်းကိုခံစဉ်တွင် ကြောက်မက်ဖွယ်ဖြစ်တော်မူထသော၊ အံ့ဖွယ်သောအမှုတို့ကို ပြုတော်မူသော၊ ကိုယ်တော်နှင့် အဘယ်ဘုရား တူပါသနည်း။” (ထွက်မြောက်ရာ ၁၅:၁၁) ထိုအချိန်ကတည်းက ထပ်တူပြင်းပြသောခံစားချက်များကို ရာစုနှစ်များတစ်လျှောက် ထပ်တလဲလဲဖော်ပြခဲ့ပြီ။ သမ္မာကျမ်းစာ၏ နောက်ဆုံးစာစောင်တွင် တမန်တော်ယောဟန်က ဘုရားသခင်၏ သစ္စာရှိဘိသိက်ခံအဖွဲ့တစ်ဖွဲ့ကို ဤသို့ဖော်ပြသည်– “ထိုသူတို့သည် ဘုရားသခင့်ကျွန်မောရှေ၏သီချင်းနှင့် သိုးသငယ်၏ သီချင်းကိုသီဆို” ကြသည်။ ထိုသီချင်းကြီးကား အဘယ်နည်း။ “အနန္တတန်ခိုးရှင်ယေဟောဝါ၊ ကိုယ်တော်၏အမှုတော်များသည် ကြီးမြတ်ထူးဆန်းလှပါ၏။ အိုကာလအစဉ်အဆက်တို့၏ဘုရင်၊ ကိုယ်တော်၏နည်းလမ်းတော်များသည် ဖြောင့်မတ်မှန်ကန်လှပါ၏။ အိုယေဟောဝါ၊ ကိုယ်တော်ကိုမကြောက်ရွံ့၊ နာမတော်ကိုမချီးမွမ်းဘဲ အဘယ်သူနေပါအံ့နည်း။ အကြောင်းမူကား၊ ကိုယ်တော်တစ်ပါးတည်းသာ သစ္စာတည်တော်မူ၏။”—ဗျာဒိတ် ၁၅:၂-၄၊ ကဘ။
၁၆၊ ၁၇။ ယနေ့ အဘယ်အံ့ဖွယ်ကောင်းသောအဖြစ်အပျက်ကို တွေ့မြင်နေရသနည်း။
၁၆ ထိုကြောင့် ယနေ့လည်း ဘုရားသခင်၏ ဖန်ဆင်းရာများကိုသာမက ကိုယ်တော်၏အမိန့်တော်များကိုပါ တန်ဖိုးထားသော လွတ်မြောက်လာသည့် ဝတ်ပြုသူများရှိသည်။ လူမျိုးအပေါင်းမှလူတို့သည် ဝိညာဉ်ရေးအရ လွတ်မြောက်လာခဲ့ပြီ။ ဤညစ်ညမ်းသောလောကမှ ခွဲထွက်လာကြသည်။ အကြောင်းမူကား သူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သောအမိန့်တော်များကို အသိအမှတ်ပြုပြီး လက်တွေ့ကျင့်သုံးကြသောကြောင့်ဖြစ်သည်။ နှစ်စဉ်ပင် ဤညစ်ညမ်းသောလောကမှ ထွက်လာကြပြီး ယေဟောဝါအားကိုးကွယ်သူများ၏ သန့်ရှင်းဖြောင့်မတ်သောအဖွဲ့အစည်းနှင့် ပူးပေါင်းလာသူ ထောင်ပေါင်းများစွာရှိသည်။ မကြာမီ ဗာဗုလုန်ဘာသာကို ဘုရားသခင်တရားစီရင်ပြီး ကျန်ကြွင်းသည့် ဤအစီအစဉ်စနစ်ကို ကိုယ်တော်ဖျက်ဆီးပြီးနောက် သူတို့သည် ဖြောင့်မတ်သောကမ္ဘာသစ်တွင် ထာဝစဉ်အသက်ရှင်ကြရလိမ့်မည်။
၁၇ ဗျာဒိတ် ၁၄:၆၊ ၇ နှင့်အညီ ယခုလူသားထုသည် ကောင်းကင်တမန်များ၏ ညွှန်ကြားမှုအတိုင်း ယေဟောဝါသက်သေများ ကြွေးကြော်နေကြသော တရားစီရင်ခြင်းသတင်းကို သတိပေးချက်အနေနှင့် ကြားနေကြရသည်။ လွန်ခဲ့သောနှစ်က နိုင်ငံပေါင်း ၂၃၀ ကျော်တွင် သက်သေခံ ငါးသန်းခန့်သည် ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းနှင့် ကိုယ်တော်၏ တရားစီရင်ရာ အချိန်ကို ထုတ်ပြန်ကြေညာခဲ့ကြပြီ။ ကယ်တင်ခြင်းရစေရန် လူသားချင်းတို့အား ပညာပေးရေးတွင် သက်သေခံများသည် လူတို့၏အိမ်များထံ မှန်မှန်လည်ပတ်ပြီး အခမဲ့ကျမ်းစာသင်တန်းများကို ကျင်းပပေးကြသည်။ ဤနည်းဖြင့် နှစ်စဉ်ပင် ထောင်ပေါင်းများစွာသောသူတို့သည် စစ်မှန်သောဘုရားသခင်အား အသိဉာဏ်ရှိရှိ ကြောက်ရွံ့ခန့်ညားပြီး ကိုယ်တော်အား မိမိကိုယ်ကိုဆက်ကပ်အပ်နှံ၍ နှစ်ခြင်းခံယူရန် အသိပညာအလုံအလောက်ရရှိလာကြသည်။ ဤကဲ့သို့သောသူများ စစ်မှန်သောဘုရားသခင်အား ကြောက်ရွံ့ခန့်ညားလာကြခြင်းသည် မည်မျှအားရဖွယ်ရာပါတကား!—လုကာ ၁:၄၉-၅၁; တမန်တော် ၉:၃၁; ဟေဗြဲ ၁၁:၇ နှိုင်းယှဉ်။
၁၈။ ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းတွင် ကောင်းကင်တမန်များ ပါဝင်နေကြောင်း အဘယ်အရာက ဖော်ပြသနည်း။
၁၈ ကောင်းကင်တမန်များသည် ဤဟောပြောခြင်းလုပ်ငန်းတွင် အမှန်တကယ်ပင် ပါဝင်နေကြသလော။ ယေဟောဝါသက်သေများသည် ဝိညာဏအကူအညီအတွက် လိုလိုလားလားဖြင့် ဆုတောင်းနေသည့် စိတ်ဒုက္ခရောက်နေသူတစ်ဦး၏အိမ်သို့ မကြာခဏရောက်ရှိသွားခြင်းသည် ကောင်းကင်တမန်၏လမ်းပြညွှန်ကြားမှုကြောင့်သာ အမှန်ဖြစ်ကြောင်း ထင်ရှားလှပေသည်! ဥပမာ၊ ကလေးသူငယ်တစ်ဦးနှင့်အတူ ယေဟောဝါသက်သေနှစ်ယောက်သည် ကာရစ်ဘီယံကျွန်းတစ်ကျွန်းပေါ် သတင်းကောင်းဟောပြောနေကြသည်။ မွန်းတည့်ချိန်နီးလာသဖြင့် လူကြီးနှစ်ယောက်က ရပ်တန့်ရန်ဆုံးဖြတ်လေသည်။ သူငယ်မူကား နောက်တစ်အိမ်သို့ ဆက်သွားလိုစိတ်ပြင်းပြနေသည်။ ထိုအချိန်တွင် လူကြီးနှစ်ဦးက ဆက်သွားမည့်ပုံမရှိကြောင်းကို သူငယ်တွေ့လေသော် တစ်ယောက်တည်းဆက်သွားပြီး တံခါးကိုခေါက်တော့သည်။ အမျိုးသမီးငယ်တစ်ဦးက တံခါးဖွင့်ပေး၏။ ယင်းကို လူကြီးနှစ်ဦး တွေ့ရှိသည့်အခါ သူမထံသွား၍ စကားပြောဆိုကြရသည်။ အိမ်ထဲဝင်ကြပါဟု သူမခေါ်ဖိတ်ပြီးနောက် မိမိသည် တံခါးခေါက်သံကြားချိန်တွင် ကျမ်းစာသင်ပေးမည့် သက်သေခံများကို စေလွှတ်ပေးတော်မူပါဟု ဘုရားသခင်ထံ သူမဆုတောင်းနေကြောင်း ရှင်းပြ၏။ ကျမ်းစာသင်အံမှုပြုလုပ်ရန် စီစဉ်လိုက်ကြသည်။
၁၉။ ဘုရားသခင်အား ကြောက်ရွံ့ခြင်းကြောင့် ရရှိသောအကျိုးကျေးဇူးအဖြစ် အဘယ်အရာကို ညွှန်ပြနိုင်သနည်း။
၁၉ ဘုရားသခင်၏ တရားစီရင်ခြင်းသတင်းကို သစ္စာရှိရှိတင်ပြပြောဆိုစဉ် ကိုယ်တော်၏ဖြောင့်မတ်သော အမိန့်တော်များကိုလည်း ကျွန်ုပ်တို့သွန်သင်ပေးကြသည်။ ၎င်းတို့ကို လူတို့ ကျင့်သုံးကြသည့်အခါ ကာယနှင့်ဝိညာဏကောင်းချီးများ ခံစားကြရ၏။ ဥပမာ၊ သမ္မာကျမ်းစာက စာရိတ္တယိုယွင်းမှုရှိရှိသမျှကို ရှင်းလင်းပြတ်သားစွာ ရှုတ်ချပြစ်တင်ထားသည်။ (ရောမ ၁:၂၆၊ ၂၇၊ ၃၂) ယနေ့ ကမ္ဘာတစ်ဝန်းတွင် ဘုရားသခင်၏ စံနှုန်းများကို အနှံ့အပြား ဥပေက္ခာပြုနေကြသည်။ အကျိုးရလဒ်ကား အဘယ်နည်း။ အိမ်ထောင်မြောက်မြားစွာ ပြိုကွဲနေကြပြီ။ ဤ ၂၀ ရာစုတွင် တစ်တိုင်းတစ်ပြည်လုံး ကူးစက်ပျံ့နှံ့နိုင်သော ကိုယ်အင်္ဂါချို့တဲ့စေသည့်၊ သို့မဟုတ် သေစေသည့် လိင်ဆိုင်ရာကူးစက်ရောဂါများသည် စာရိတ္တယိုယွင်းမှုကြောင့် နေရာအနှံ့ပြန့်ပွားနေသည်။ အမှန်ပင် အလွန်ကြောက်မက်ဖွယ်ကောင်းသော အေအိုင်ဒီအက်စ်ရောဂါသည် စာရိတ္တယိုယွင်းမှုကြောင့် များသောအားဖြင့် အကြီးအကျယ်ကူးစက် ပျံ့နှံ့နေပါသည်။ သို့သော် ဘုရားသခင်အား ကြည်ညိုလေးစားစွာဖြင့် ခန့်ညားကြောက်ရွံ့ခြင်းက စစ်မှန်သောဝတ်ပြုရေးကို လိုက်စားသူများအတွက် အမှန်တကယ်ပင် အကာအကွယ်ပေးသည်မဟုတ်ပေလော။—၂ ကောရိန္သု ၇:၁; ဖိလိပ္ပိ ၂:၁၂; တမန်တော် ၁၅:၂၈၊ ၂၉ ကိုလည်းရှုပါ။
ဘုရားသခင်အားခန့်ညားကြောက်ရွံ့ခြင်းမှ ယခုပင်ခံစားရသော အကျိုးများ
၂၀။ ယေဟောဝါသက်သေများသည် နာမည်ကောင်းရရှိသည်ကို အခြားသူများအသိအမှတ်ပြုကြောင်း အဘယ်အဖြစ်အပျက်က ဖော်ပြသနည်း။
၂၀ ဘုရားသခင်အားခန့်ညားကြောက်ရွံ့ပြီး ကိုယ်တော်၏အမိန့်တော်များကို လိုက်လျှောက်နာခံသူများသည် ကောင်းချီးများစွာ ခံစားကြရသည်။ ယေဟောဝါသက်သေများသည် အကျင့်စာရိတ္တကောင်းသော ငြိမ်းချမ်းသည့် ခရစ်ယာန်များအသင်းအပင်းဖြစ်ကြောင်းကို လူအများ တိုး၍တိုး၍ အသိအမှတ်ပြုနေကြောင်း ထင်ရှားစေသည့် အဖြစ်အပျက်တစ်ခုကို ဆင်ခြင်သုံးသပ်ကြည့်ပါ။ တောင်အမေရိကတိုက်တွင် အပြည်ပြည်ဆိုင်ရာစည်းဝေးပွဲကြီးတစ်ခုသို့ ကိုယ်စားလှယ်များအဖြစ် တက်ရောက်သည့် သက်သေခံတစ်စုသည် ဟိုတယ်တစ်ခုတွင် တည်းခိုကြသည်။ သက်သေခံမဟုတ်သူများ၏အစည်းအဝေးတစ်ခုကို ၎င်းနိုင်ငံ၏သမ္မတက မိန့်ခွန်းပေးဖို့ရန် ယင်းဟိုတယ်ကို တစ်ညအသုံးပြုခဲ့သည်။ လုံခြုံရေးအဖွဲ့တစ်ဖွဲ့က သမ္မတဖြစ်သူကို ဓာတ်လှေကားထဲသို့ အလျင်အမြန်ပို့ဆောင်ပေးစဉ် ထိုတွင်မည်သူရှိသည်ကို မသိသော သက်သေခံတစ်ဦးက လိုက်ဝင်လာသည့်အတွက် လုံခြုံရေးတပ်ဖွဲ့တို့သည် အံ့သြနေကြ၏။ မိမိအမှားကို သူမသိရှိလိုက်ရာ သက်သေခံက တောင်းပန်လေသည်။ သက်သေခံတစ်ဦးအဖြစ် အသိအမှတ်ပြုသော သူမ၏စည်းဝေးပွဲ ရင်ထိုးတံဆိပ်ကို ညွှန်ပြကာ မိမိသည် သမ္မတကို အဘယ်နည်းဖြင့်မျှ အန္တရာယ်ပြုမည်မဟုတ်ကြောင်း ရှင်းပြပါသည်။ အစောင့်တစ်ဦးက ပြုံးပြီး ဤသို့ဆိုသည်– “လူတိုင်း ယေဟောဝါသက်သေတွေလိုသာဆိုရင် ဒီလိုလုံခြုံမှု လုပ်ပေးနေစရာ မလိုပါဘူး။”—ဟေရှာယ ၂:၂-၄။
၂၁။ ယနေ့ လူတို့လိုက်လျှောက်ရာ အဘယ်လမ်းကြောင်းများပွင့်နေသနည်း။
၂၁ ဤကဲ့သို့သောသူများကို ယခု ယေဟောဝါစုသိမ်းနေပြီး ဤစနစ်၏အဆုံးဖြစ်သော ‘ကြီးစွာသောဆင်းရဲဒုက္ခအထဲက အရှင်လတ်လတ် ထွက်မြောက်’ နိုင်ရန် သူတို့ကို ကိုယ်တော်ပြင်ဆင်ပေးနေတော်မူသည်။ (ဗျာဒိတ် ၇:၉၊ ၁၀၊ ၁၄) ဤသို့သော ကယ်တင်ခြင်းသည် မတော်တဆဖြစ်လာသည့်ကိစ္စ မဟုတ်ပါ။ ကပ်ကျော်နိုင်ရန် ယေဟောဝါအား ခန့်ညားကြောက်ရွံ့ရမည်။ ကိုယ်တော်သည် ပိုင်သအုပ်စိုးထိုက်သူဖြစ်ကြောင်း အသိအမှတ်ပြုကာ မိမိကိုယ်ကို ကိုယ်တော့်ထံ ဆက်ကပ်အပ်နှံရမည်။ သို့သော် လူအများစုသည် အကာအကွယ်ပေးမည့် ခန့်ညားကြောက်ရွံ့သောသဘောမျိုးကို အမှန်ပင်မွေးမြူကြမည်မဟုတ်။ (ဆာလံ ၂:၁-၆) ရရှိထားသမျှ သက်သေသာဓကများအရ ယေဟောဝါရွေးချယ်တော်မူသော ဘုရင်ယေရှုခရစ်တော်သည် ခဲယဉ်းသော ၁၉၁၄ ခုနှစ်ကတည်းက နန်းထိုင်တော်မူခဲ့ပြီ။ ဆိုလိုသည်ကား ယေဟောဝါအပေါ် အကျိုးဖြစ်ထွန်းစေသည့် ခန့်ညားကြောက်ရွံ့သောသဘောကို မွေးမြူတင်ပြရန် ကျန်ကြွင်းသောအချိန်သည် အလွန်တိုတောင်းနေကြောင်းဟူ၍ဖြစ်သည်။ သို့တိုင် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် အခွင့်အာဏာရှိသူများပါအပါအဝင် လူတို့ကို ဤသို့ဖိတ်ခေါ်၍ တုံ့ပြန်နေစေတော်မူသည်– “သို့ဖြစ်၍ရှင်ဘုရင်တို့၊ ပညာသတိရှိကြလော့။ လောကီမင်းတို့ ဆုံးမခြင်းကို ခံကြလော့။ ကြောက်ရွံ့သောစိတ်နှင့် ထာဝရဘုရား၏အမှုတော်ကို ထမ်းရွက်၍ တုန်လှုပ်ခြင်းနှင့် ဝမ်းမြောက်ကြလော့။ သားတော်ကို နမ်းကြလော့။ သို့မဟုတ်လျှင် အမျက်တော်ထွက်၍ သင်တို့သည် လမ်း၌ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ သားတော်ကို ကိုးစားသောသူအပေါင်းတို့သည် မင်္ဂလာရှိကြ၏။”—ဆာလံ ၂:၇-၁၂။
၂၂။ ယခု ဘုရားသခင်အားကြောက်ရွံ့ခန့်ညားသူများအတွက် အဘယ်အနာဂတ်ရှိသနည်း။
၂၂ ကျွန်ုပ်တို့ကိုကယ်တင်တော်မူသောသခင်အဖြစ် ဖန်ဆင်းတော်မူရှင်ကို ချီးမွမ်းထောမနာပြုသူများအဝင် ဖြစ်နိုင်ကြပါစေ! သို့ဖြစ်နိုင်ရန် ကျွန်ုပ်တို့သည် ယခုပင် စစ်မှန်သောဘုရားသခင်အား ကြောက်ရွံ့ခန့်ညားဖို့ လိုသည်! (ဆာလံ ၂:၁၁; ဟေဗြဲ ၁၂:၂၈; ၁ ပေတရု ၁:၁၇ နှိုင်းယှဉ်။) ကိုယ်တော်၏ဖြောင့်မတ်သော အမိန့်တော်များကို ကျွန်ုပ်တို့ဆက်လက်သင်ယူကာ လိုက်နာကျင့်သုံးကြရမည်။ ဗျာဒိတ် ၁၅:၃၊ ၄ တွင်မှတ်တမ်းတင်ထားသော မောရှေ၏သီချင်းနှင့် သိုးသငယ်၏သီချင်းသည် ကမ္ဘာမြေကြီးပေါ်မှ ဆိုးသွမ်းမှုအားလုံးကို ယေဟောဝါသုတ်သင်ရှင်းလင်းပစ်ပြီးနောက် အပြစ်ကြောင့် ညစ်ညမ်းပျက်စီးနေသော လူသားနှင့် သူ၏မြေအိမ်ကို အကောင်းပကတိအတိုင်း ပြန်ဖြစ်စေရန် စတင်ဆောင်ရွက်သည့်အခါ အထွတ်အထိပ်သို့ရောက်လိမ့်မည်။ ထိုအခါ ကျွန်ုပ်တို့သည် လှိုက်လှိုက်လှဲလှဲနှင့် ဤသို့သီဆိုကြလိမ့်မည်– “အနန္တတန်ခိုးရှင်ယေဟောဝါ၊ ကိုယ်တော်၏အမှုတော်များသည် ကြီးမြတ်ထူးဆန်းလှပါ၏။ အိုကာလအစဉ်အဆက်တို့၏ဘုရင်၊ ကိုယ်တော်၏နည်းလမ်းတော်များသည် ဖြောင့်မတ်မှန်ကန်လှပါ၏။ အိုယေဟောဝါ၊ ကိုယ်တော်ကိုမကြောက်ရွံ့၊ နာမတော်ကိုမချီးမွမ်းဘဲ အဘယ်သူနေပါအံ့နည်း။”
သင်မှတ်မိသလော
◻ ယေဟောဝါသည် အကျိုးဖြစ်ထွန်းသောကြောက်ရွံ့ခြင်းကို ကျွန်ုပ်တို့ထံမှ အဘယ်ကြောင့်ရထိုက်သနည်း။
◻ ပင်လယ်နီအရပ်တွင် ဘုရားသခင်၏ဖြစ်မြောက်အောင်မြင်မှုများက အဘယ်အရာကို ထင်ရှားစေသနည်း။
◻ ကျွန်ုပ်တို့သည် ယေဟောဝါအား ရိုသေလေးစားစွာကြောက်ရွံ့ခန့်ညားသောကြောင့် အဘယ်အကျိုးကျေးဇူးများ ခံစားရသနည်း။
◻ ယခု ဘုရားသခင်အားကြောက်ရွံ့ခန့်ညားသူများအတွက် အဘယ်အနာဂတ်ကစောင့်မျှော်နေသနည်း။