သာ၍ကောင်းသောအသက်တာ—မကြာမီ!
ကြိုတင်ခန့်မှန်းချက်များပြုရာတွင် အမြဲလိုလိုမှန်ကန်သော မိုးလေဝသခန့်မှန်းသူတစ်ဦးကို စဉ်းစားကြည့်ပါ။ နောက်တစ်နေ့တွင်မိုးရွာမည်ဟု ညနေပိုင်းသတင်းတွင် သူကြိုတင်ခန့်မှန်းချက်ပြုပါက နောက်တစ်နေ့မနက် သင်အိမ်မှထွက်ခွာသောအခါ ထီးယူသွားရန် တွန့်ဆုတ်နေမည်မဟုတ်။ သူ၏အတိတ်မှတ်တမ်းက သင့်ယုံကြည်စိတ်ချမှုကို ရရှိသွားသည်။ သူပြောသည့်အတိုင်း သင်လုပ်ဆောင်၏။
ယခု၊ ပရဒိသုကမ္ဘာပေါ်၌ သာ၍ကောင်းသောအသက်တာနှင့်ပတ်သက်သည့် ယေဟောဝါ၏ကတိတော်အပေါ် မည်မျှယုံကြည်အားထားနိုင်သနည်း။ ကိုယ်တော်၏အတိတ်မှတ်တမ်းက ဘာကိုထောက်ပြသနည်း။ သမ္မာကျမ်းစာပရောဖက်ပြုချက်များ၏ ပြည့်စုံချက်က ယေဟောဝါ၏မှတ်တမ်းကို ထင်ရှားစွာသက်သေထူသည်။ ကိုယ်တော်သည် အစဉ်အမြဲတိကျသော၊ မှန်ကန်သောဘုရားတစ်ပါးဖြစ်သည်။ (ယောရှု ၂၃:၁၄; ဟေရှာယ ၅၅:၁၁) ယေဟောဝါဘုရားသခင်၏ကတိတော်များသည် အလွန်ယုံကြည်အားထားနိုင်ရကား တစ်ခါတစ်ရံ အနာဂတ်အဖြစ်အပျက်များကို ကတိပြုရာတွင် ယင်းတို့ဖြစ်ပြီးသွားပြီးသကဲ့သို့ပင် ပြောဆို၏။ ဥပမာ၊ သေခြင်းနှင့် ဝမ်းနည်းပူဆွေးခြင်း ဘယ်တော့မျှမရှိတော့မည့် ကမ္ဘာသစ်တစ်ခုကို ကိုယ်တော်ကတိပေးပြီးနောက် ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “အမှု [ကတိပြုထားသောကောင်းချီးများ] ပြီးပြီ!” တစ်နည်းအားဖြင့် “ယင်းတို့သည်အမှန်တရားဖြစ်သည်!”—ဗျာဒိတ် ၂၁:၅၊ ၆၊ အောက်ခြေမှတ်ချက်၊ ကဘ။
မှန်ပါသည်၊ ယေဟောဝါ၏အတိတ်က ကတိတော်များ ပြည့်စုံခြင်းက လူသားများအတွက် သာ၍ကောင်းသောအသက်တာနှင့်ပတ်သက်သည့် ကိုယ်တော့်ကတိတော်ကိုယုံကြည်စိတ်ချစေသည်။ သို့သော် ဤသာ၍ကောင်းသောအသက်တာ မည်သည့်အချိန်တွင် ရောက်လာလိမ့်မည်နည်း။
သာ၍ကောင်းသောအသက်တာ—မည်သည့်အချိန်တွင်နည်း
သာလွန်ကောင်းမွန်သောအသက်တာ မကြာမီရောက်လာလိမ့်မည်! ယင်းကို ကျွန်ုပ်တို့စိတ်ချနိုင်သည်။ အကြောင်းမှာ ပရဒိသုက သာ၍ကောင်းသောအသက်တာသို့ တင်သွင်းပေးတော့မည့်အချိန်မတိုင်မီကလေးတွင် ကမ္ဘာပေါ်၌ ဆိုးရွားသောအမှုအရာ မြောက်မြားစွာဖြစ်လာလိမ့်မည်ဟု ကျမ်းစာကဆိုထားသည်။ ထိုဆိုးရွားသောအရာများ ယခုဖြစ်ပျက်နေသည်။
ဥပမာ၊ ယေရှုခရစ်က စစ်ကြီးများဖြစ်လိမ့်မည်ဟု ကြိုဟောခဲ့သည်။ ကိုယ်တော်က “လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်” ဟု ဆိုသည်။ (မဿဲ ၂၄:၇) ယင်းပရောဖက်ပြုချက် တကယ်ဖြစ်ပျက်လာသည်။ ၁၉၁၄ မှ ၁၉၄၅ ခုနှစ်အတွင်း ကမ္ဘာစစ်နှစ်ခုဖြစ်ခဲ့ကာ ဆက်လက်၍ တစ်နိုင်ငံနှင့်တစ်နိုင်ငံတိုက်ခိုက်ကြသော အခြားစစ်ပွဲမြောက်မြားစွာလည်းဖြစ်ခဲ့သည်။ “နှစ်စဉ်ပျမ်းမျှနှုန်းအရ ဤအချိန်အတောအတွင်း၌ [ဒုတိယကမ္ဘာစစ်ကတည်းက] စစ်ကြောင့်သေသောအရေအတွက်သည် ၁၉ ရာစုကထက် နှစ်ဆကျော်များပြီး ၁၈ ရာစုကထက် ခုနှစ်ဆများသည်။”—၁၉၉၃ ကမ္ဘာ့စစ်တပ်နှင့် လူမှုရေးကုန်ကျစရိတ်။
ရောဂါဘယပျံ့နှံ့မှုက ပရဒိသုအတွင်း သာ၍ကောင်းသောအသက်တာနီးကပ်နေမှု၏ နောက်လက္ခဏာတစ်ခုဖြစ်သည်။ ‘အရပ်ရပ်တို့၌ ကာလနာများပြား’ လိမ့်မည်အကြောင်း ယေရှုကြိုဟောခဲ့သည်။ (လုကာ ၂၁:၁၁) ဤပရောဖက်ပြုချက်တကယ်ဖြစ်ပျက်လာသလော။ ဖြစ်လာပါသည်။ ပထမကမ္ဘာစစ်ဖြစ်ပြီးနောက် စပိန်တုပ်ကွေးကြောင့် လူပေါင်းသန်း ၂၀ သေကျေခဲ့သည်။ ထိုအချိန်မှစ၍ ကင်ဆာ၊ နှလုံးရောဂါ၊ ငှက်ဖျား၊ အေအိုင်ဒီအက်စ်နှင့် အခြားဖျားနာမှုတို့ကြောင့် လူသန်းပေါင်းများစွာသေကျေခဲ့ရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ညစ်ညမ်းသောရေမှဖြစ်သည့်ရောဂါများ (ဝမ်းရောဂါနှင့် အူတွင်းရှိပိုးကူးစက်နာတို့ပါဝင်) သည် နှစ်စဉ်အသက်သန်းပေါင်းများစွာကို တောင်းဆိုနေသည်။
ယေရှုက “အစာခေါင်းပါးခြင်း” ဖြစ်လိမ့်မည်ဟုလည်း ဆိုထား၏။ (မဿဲ ၂၄:၇) ရှေ့ဆောင်းပါးတွင် သတိပြုခဲ့ရသည့်အတိုင်း ကမ္ဘာပေါ်ရှိ ဆင်းရဲသားများသည် စားစရာအလုံအလောက်မရှိကြပေ။ ယင်းသည် ပရဒိသု၌ သာလွန်ကောင်းမွန်သောအသက်တာ မကြာမီရောက်လာတော့မည်ဟူသည့် လက္ခဏာ၏ နောက်အစိတ်အပိုင်းတစ်ခုဖြစ်သည်။
“ကြီးစွာသောမြေလှုပ်ခြင်း” ဖြစ်လိမ့်မည်ဟု ယေရှုပြောသည်။ (လုကာ ၂၁:၁၁) ယင်းသည်လည်း ကျွန်ုပ်တို့အချိန်၌ တကယ်ဖြစ်ပျက်လာပါသည်။ ၁၉၁၄ ခုနှစ်ကတည်းက အလွန်ဆိုးရွားသော မြေငလျင်လှုပ်မှုများကြောင့်ဖြစ်သည့် ပျက်စီးမှုသည် အသက်ထောင်ပေါင်းများစွာကို သေစေခဲ့သည်။
သမ္မာကျမ်းစာက ‘နောက်ဆုံးနေ့ရက်ကာလ’ သည် လူတို့၌ပြောင်းလဲမှုဖြစ်ခြင်းအားဖြင့် မှတ်သားခံရမည်ဖြစ်ကြောင်း ဆိုထားသည်။ သူတို့သည် “ကိုယ်ကိုကိုယ်ချစ်သောသူ”၊ “ငွေကို တပ်မက်သောသူ” ဖြစ်ကြပြီး ကလေးများသည် “မိဘစကားကို နားမထောင်သောသူ” ဖြစ်ကြမည်။ လူအများတို့သည် “ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကို သာ၍ နှစ်သက်သောသူ” များဖြစ်ကြမည်။ (၂ တိမောသေ ၃:၁-၅) လူအများ ဤဖော်ပြချက်နှင့်ကိုက်ညီနေကြောင်း သင်သဘောမတူပေလော။
မကောင်းမှုများကို လူများသည်ထက်များစွာပြုကျင့်လာကြရာ ဥပဒေမဲ့ပြုကျင့်မှု တိုးများလာသည်။ ယင်းသည်လည်း ကြိုဟောထားပါသည်။ မဿဲ ၂၄:၁၂ အရ “မတရားသောအမှုတို့သည် များပြား” ကြမည်အကြောင်း ယေရှုမိန့်တော်မူခဲ့သည်။ ရာဇဝတ်မှုသည် လွန်ခဲ့သောနှစ်များကထက် ယခုပိုဆိုးနေကြောင်း သင်သဘောတူပေလိမ့်မည်။ လူတို့သည် လုယက်ခြင်း၊ လိမ်လည်ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် အန္တရာယ်ပေးခြင်းခံရဖို့ နေရာတကာ၌ ကြောက်ရွံ့နေကြသည်။
စစ်မှုများ၊ ပျံ့နှံ့လျက်ရှိသော ရောဂါ၊ အစားအစာခေါင်းပါးမှု၊ မြေငလျင်၊ တိုးပွားလျက်ရှိသော ရာဇဝတ်မှုနှင့် လူသားချင်းဆက်ဆံရေးတွင် ဆိုးရွားလာသောပြောင်းလဲမှု—ကျမ်းစာကြိုဟောထားသည့်အတိုင်း ဤအရာအားလုံးတို့သည် ယနေ့ထင်ရှားလျက်ရှိသည်။ ‘ဒါပေမဲ့ လူ့သမိုင်းတစ်လျှောက်လုံးမှာ ဒီအရာတွေ ဖြစ်ခဲ့တာပဲမဟုတ်လား’ ဟု သင်မေးပေမည်။ ‘ကျွန်ုပ်တို့ခေတ်နှင့်ပတ်သက်၍ ကွာခြားချက်ကားအဘယ်နည်း။’
ယနေ့ဖြစ်ပျက်နေသောအရာများအပေါ် အလွန်အရေးပါသောအသွင်အပြင်အချို့ရှိပါသည်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ နောက်ဆုံးကာလ၌ရောက်ရှိနေကြောင်း၊ သာ၍ကောင်းသောအသက်တာ နီးကပ်လျက်ရှိပြီဖြစ်ကြောင်း အစားအစာခေါင်းပါးခြင်းကဲ့သို့သော ကြန်အင်လက္ခဏာတစ်ခုစီတို့က သက်သေထူလိမ့်မည်ဟု မပြောပါ။ နောက်ဆုံးကာလနှင့်ပတ်သက်သော သမ္မာကျမ်းစာပရောဖက်ပြုချက်များသည် ဘုရားတရားမဲ့သောလူမျိုးဆက်အပေါ် ပြည့်စုံလိမ့်မည်။—မဿဲ ၂၄:၃၄-၃၉; လုကာ ၁၇:၂၆၊ ၂၇။
ထို့အပြင် အတော်လေးထူးခြားနေသည်မှာ ယေရှုပရောဖက်ပြုချက်၏ ကြန်အင်လက္ခဏာတချို့—အထူးသဖြင့် အစားအစာခေါင်းပါးမှုနှင့် ပျံ့နှံ့လျက်ရှိသောရောဂါနှင့်ပတ်သက်၍—ယနေ့အချိန်၌ တကယ်ဖြစ်ပျက်လာခြင်းဖြစ်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သိပ္ပံဆိုင်ရာအောင်မြင်မှုသည် ဤမျှတိုင်တစ်ခါမျှမကြီးကျယ်ဖူးပါ။ ဆေးဘက်ဆိုင်ရာအသိပညာနှင့် ကုသမှုနည်းစနစ်များသည် ဤမျှတိုင်တစ်ခါမျှမတိုးတက် သို့မဟုတ် မပျံ့နှံ့ဖူးသေးပါ။ ဤကဲ့သို့သောအချိန်မျိုးတွင် ရောဂါဘယနှင့် ငတ်မွတ်မှု ပိုဆိုးလာမည်၊ ပိုကောင်းလာမည်မဟုတ်ဟု ဘုရားသခင်တစ်ပါးတည်းသာ ကိုယ်တော်၏နှုတ်ကပါဌ်တော်ကျမ်းစာတွင် ကြိုဟောနိုင်ပေသည်။
နောက်ဆုံးကာလ သို့မဟုတ် ‘နောက်ဆုံးနေ့ရက်ကာလ’ နှင့်ပတ်သက်သော သမ္မာကျမ်းစာပရောဖက်ပြုချက်များသည် တကယ်ဖြစ်လာနေသောကြောင့် ကျွန်ုပ်တို့ အဘယ်သို့ကောက်ချက်ချနိုင်သနည်း။ သာ၍ကောင်းသောအသက်တာ နီးကပ်နေပြီဟူ၍တည်း! သို့သော် ယင်းမည်သို့ရောက်လာမည်နည်း။
သာ၍ကောင်းသောအသက်တာ—မည်သို့အားဖြင့်နည်း
လူသားများ ပရဒိသုကိုဖြစ်ပေါ်စေနိုင်သည်ဟု သင်ထင်သလော။ သမိုင်းတစ်လျှောက်လုံးမှ ယနေ့ခေတ်ထိတိုင် လူသားအုပ်ချုပ်မှုအမျိုးမျိုးရှိခဲ့သည်။ အချို့တို့သည် လူတို့၏လိုအပ်ရာကို ကျေနပ်နှစ်သိမ့်မှုရရှိစေရန် အလွန့်အလွန်ကြိုးစားအားထုတ်ခဲ့ကြပြီ။ သို့တိုင် များစွာသောပြဿနာများ ပို၍သာဆိုးလာသည်။ ကြွယ်ဝသောနိုင်ငံနှင့် ဆင်းရဲသောနိုင်ငံ နှစ်မျိုးစလုံးတွင် အစိုးရများသည် မူးယစ်ဆေးအလွဲသုံးမှု၊ အနေချို့တဲ့မှု၊ ဆင်းရဲမွဲတေမှု၊ ရာဇဝတ်မှု၊ အလုပ်အကိုင်မရှိမှု၊ စစ်မှုတို့နှင့် နပန်းလုံးနေရကြသည်။
ဤပြဿနာအချို့ကို အစိုးရများဖြေရှင်းပေးနိုင်သည့်တိုင် ကျန်းမာရေးမကောင်းမှုမှ လုံးလုံးလွတ်မြောက်သွားရန် ဘယ်တော့မျှလုပ်ပေးနိုင်မည်မဟုတ်ပါ; အိုမင်းခြင်းနှင့် သေခြင်းကိုလည်း အဆုံးတိုင်စေနိုင်မည်မဟုတ်ပါ။ ရှင်းနေသည်မှာ ပရဒိသုကို ဤကမ္ဘာမြေကြီးသို့ လူသားများ မယူဆောင်ပေးနိုင်ပါ။
ပညာရှိစွာ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “မင်းများမှစ၍ မကယ်တင်နိုင်သောလူသားကို မကိုးစားကြနှင့်။” သို့ဆိုလျှင် မည်သူ့ကို ကျွန်ုပ်တို့ယုံကြည်ကိုးစားသင့်သနည်း။ သမ္မာကျမ်းစာက ဤသို့ဖြေသည်– “ယာကုပ်အမျိုး၏ဘုရားသခင်မစတော်မူသောသူ၊ မိမိဘုရားသခင် ထာဝရဘုရားကို မျှော်လင့်သောသူသည် မင်္ဂလာရှိ၏။” (ဆာလံ ၁၄၆:၃၊ ၅) ယေဟောဝါဘုရားသခင်အား ယုံကြည်ကိုးစားလျှင် ကျွန်ုပ်တို့ဘယ်တော့မျှ စိတ်ပျက်ရလိမ့်မည်မဟုတ်ပါ။
ကမ္ဘာမြေကြီး၊ နေ၊ ကြယ်တို့ကို ဖန်ဆင်းနိုင်သောဉာဏ်ပညာတန်ခိုးနှင့် ပြည့်စုံတော်မူသည့် ပုဂ္ဂိုလ်သည် ကမ္ဘာမြေကြီးကို ပရဒိသုတစ်ခုဖြစ်အောင်လုပ်ပေးနိုင်မည်မှာ သေချာပါသည်။ လူသားတို့ကို သာ၍ကောင်းသောအသက်တာ၌ မွေ့လျော်ကြစေရန် တတ်စွမ်းနိုင်သည်။ ယေဟောဝါဘုရားသခင်သည် မည်သည့်အရာကိုမဆိုလုပ်ဆောင်ရန် ရည်ရွယ်ထားပါက ကိုယ်တော်လုပ်ဆောင်နိုင်ပြီး အောင်လည်းအောင်မြင်လိမ့်မည်။ ကိုယ်တော်၏နှုတ်ကပါဌ်တော်က ဤသို့ဆိုသည်– “ဘုရားသခင်တတ်နိုင်တော်မမူသော အမှုမရှိ။” (လုကာ ၁:၃၇) သို့သော် သာ၍ကောင်းသောအသက်တာကို ဘုရားသခင် မည်သို့ယူဆောင်လာပေးမည်နည်း။
ယေဟောဝါသည် လူသားတို့အတွက် သာလွန်ကောင်းမွန်သောအသက်တာကို မိမိ၏နိုင်ငံတော်အားဖြင့်ယူဆောင်လာပေးမည်။ ဘုရားသခင်၏နိုင်ငံတော်ကား အဘယ်နည်း။ ယင်းသည် ဘုရားသခင်ခန့်အပ်သော အုပ်စိုးရှင်ယေရှုခရစ်အုပ်ချုပ်မည့် တကယ့်အစိုးရတစ်ခုဖြစ်သည်။ ဘုရားသခင့်နိုင်ငံတော်သည် ကောင်းကင်၌အခြေစိုက်သော်လည်း ပရဒိသုမြေကြီးပေါ်၌ နေထိုင်မည့်သူများထံသို့ အံ့ဖွယ်ကောင်းချီးများနှင့် သာလွန်ကောင်းမွန်သောအသက်တာကို မကြာမီယူဆောင်လာပေးမည်ဖြစ်သည်။—ဟေရှာယ ၉:၆၊ ၇။
သမ္မာကျမ်းစာ၌ မဿဲ ၆:၉-၁၃ တွင်တွေ့ရသော ယေရှု၏စံပြဆုပတ္ထနာနှင့် သင်အကျွမ်းတဝင်ဖြစ်ပေမည်။ ဘုရားသခင်ထံသို့တောင်းလျှောက်သော ထိုဆုတောင်းချက်၏တစ်စိတ်တစ်ပိုင်းက ဤသို့ဆို၏– “နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။” ထိုဆုတောင်းချက်နှင့်အညီ ဘုရားသခင့်နိုင်ငံတော်သည် ကမ္ဘာမြေကြီးအတွက် ယေဟောဝါဘုရားသခင်၏ရည်ရွယ်တော်မူချက်ကို ဖြစ်မြောက်အောင်မြင်စေရန် “တည်ထောင်” လာပါလိမ့်မည်။ ကိုယ်တော်၏ရည်ရွယ်ချက်မှာ ကမ္ဘာမြေကြီးကို ပရဒိသုတစ်ခုဖြစ်လာစေရန်တည်း။
နောက်ဆုံးမေးခွန်းတစ်ခု ပေါ်လာပြန်သည်– ရောက်လာတော့မည့်ပရဒိသုတွင် သာ၍ကောင်းသောအသက်တာကို မွေ့လျော်နိုင်ရန် သင်ဘာလုပ်ရမည်နည်း။
သင်လုပ်ဆောင်ရမည့်အရာ
ယေဟောဝါဘုရားသခင်သည် မိမိ၏အလိုတော်ကို ဆောင်သောသူအားလုံးတို့အား ပရဒိသုတွင် သာ၍ကောင်းသောအသက်တာမျှော်လင့်ချက်ကို မေတ္တာပါစွာကမ်းလှမ်းထားသည်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့ဆိုထား၏– “ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။” (ဆာလံ ၃၇:၂၉) သို့ရာတွင် ဘုရားသခင်၏အမြင်တွင် လူတစ်ဦးဖြောင့်မတ်အောင် အဘယ်အရာကဖြစ်စေမည်နည်း။
ယေဟောဝါ၏အလိုတော်နှင့်တွေ့ရန် ကျွန်ုပ်တို့အား ကိုယ်တော်လုပ်စေလိုတော်မူသောအရာအကြောင်းကို ပိုသိရှိအောင် သင်ယူဖို့လိုသည်။ ဘုရားသခင်နှင့်ပတ်သက်သော အသိပညာကိုသင်ယူပြီး ယင်းကိုအသက်တာတွင် ကျင့်သုံးလျှင် ကျွန်ုပ်တို့ထာဝရအသက်ရှင်နိုင်မည်။ ဘုရားသခင့်ထံ ဆုတောင်းချက်တစ်ခု၌ ယေရှုဤသို့ဆိုသည်– “ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။”—ယောဟန် ၁၇:၃။
ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်အကြောင်းကို ပြောပြသောစာအုပ်သည် ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာကျမ်းစာဖြစ်သည်။ ယင်းသည် ယေဟောဝါ၏ တန်ဖိုးအရှိဆုံးသောလက်ဆောင်များထဲမှ တစ်ခုဖြစ်သည်။ သမ္မာကျမ်းစာသည် မိမိ၏ကလေးများထံသို့ မေတ္တာရှိသောဖခင်တစ်ဦးက ပေးသောစာတစ်စောင်နှင့်တူသည်။ ယင်းက လူသားများအတွက် သာ၍ကောင်းသောအသက်တာဖြစ်ပေါ်စေမည်ဟူသည့် ဘုရားသခင့်ကတိတော်အကြောင်းကို ပြောပြပြီး ယင်းကိုမည်သို့ရရှိနိုင်ကြောင်းကို ဖော်ပြသည်။ သမ္မာကျမ်းစာသည် အတိတ်က ဘုရားသခင် အဘယ်အရာပြုတော်မူခဲ့ကြောင်း၊ အနာဂတ်၌ ကိုယ်တော် အဘယ်အရာပြုတော်မူမည်ဟူသည့်အကြောင်း ကျွန်ုပ်တို့ကို သိခွင့်ပေးသည်။ ကျွန်ုပ်တို့၏ပြဿနာများကို အောင်မြင်စွာယခုမည်သို့ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း လက်တွေ့ကျအကြံဉာဏ်များကိုလည်းပေးသည်။ အမှန်တကယ်ပင်၊ ဘုရားသခင်၏နှုတ်ကပါဌ်တော်သည် ပြဿနာနှင့်ပြည့်နေသောကမ္ဘာ၌ပင် ပျော်ရွှင်မှုအတော်အတန်ကို မည်သို့ရှာယူရန် သင်ပေးသည်။—၂ တိမောသေ ၃:၁၆၊ ၁၇။
ယေဟောဝါသက်သေများသည် သင့်အတွက် အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုကို ဝမ်းမြောက်စွာစီစဉ်ပေးပါလိမ့်မည်။ နီးကပ်လျက်ရှိသောအနာဂတ်၌ သာလွန်ကောင်းမွန်သောအသက်တာမျှော်လင့်ချက်နှင့်အတူ ပျော်ရွှင်သောအသက်တာကို ယခုမည်သို့ရရှိနိုင်ကြောင်း သင်ယူပါလေ။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ကျမ်းစာပရောဖက်ပြုချက်များက သာ၍ကောင်းသောအသက်တာ နီးကပ်နေကြောင်းကိုပြသသည်
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဘုရားသခင့်နိုင်ငံတော်သည် လူသားများအတွက် သာ၍ကောင်းသောအသက်တာကို ဆောင်ကြဉ်းပေးလိမ့်မည်