ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၁၁/၁၅ စာ. ၁၅-၂၀
  • “ခိုလှုံရာမြို့” တွင် နေ၍ အသက်ရှင်လော့!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ခိုလှုံရာမြို့” တွင် နေ၍ အသက်ရှင်လော့!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့သည် အမှန်ပင်သွေးပြစ်သင့်သလော
  • ယေရှု၏အရေးပါသော အခန်းကဏ္ဍ
  • မျက်မှောက်ခေတ် ခိုလှုံရာမြို့
  • ခိုလှုံရာမြို့မှ ထွက်ပြေးခြင်း
  • ကျွန်ုပ်တို့အတွက် အဖိုးတန်သင်ခန်းစာများ
  • ခိုလှုံရာမြို့များ—ဘုရားသခင်၏ ကရုဏာပါသောပြင်ဆင်ပေးချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ယေဟောဝါဆီမှာ သင် ခိုလှုံနေသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ‘ယေဟောဝါ၏နာမကို ခိုလှုံပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ယေဟောဝါဆီမှာ ခိုလှုံပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၁၁/၁၅ စာ. ၁၅-၂၀

“ခိုလှုံရာမြို့” တွင် နေ၍ အသက်ရှင်လော့!

“ထိုသူသည် ယဇ်ပုရောဟိတ်မင်းမသေမီတိုင်အောင် မိမိမှီခိုသော [“ခိုလှုံရာ၊” ကဘ] မြို့ထဲမှာ နေရမည်။” —တောလည်ရာ ၃၅:၂၈။

၁ သေစားသေစေသောသူကား မည်သူနည်း၊ ကိုယ်တော်သည် အဘယ်အရေးယူမှု မကြာမီလုပ်ဆောင်တော့မည်နည်း။

ယေဟောဝါ၏ သေစားသေစေသောသူ ယေရှုခရစ်သည် တိုက်ခိုက်မှုစတင်တော့မည်။ မိမိ၏ကောင်းကင်တပ်မဟာနှင့်အတူ ဤလက်စားချေသူသည် နောင်တမယူဘဲသွေးပြစ်ကျူးလွန်သူရှိရှိသမျှကို မကြာမီအရေးယူအပြစ်ပေးတော့မည်။ မှန်ပါသည်၊ ယေရှုသည် အလျင်အမြန်ချဉ်းကပ်လာနေသည့် “ကြီးစွာသောဒုက္ခ” အတွင်း ဘုရားသခင့်စီရင်ပိုင်ခွင့်ရှိသူအနေနှင့် တာဝန်ထမ်းဆောင်မည်။ (မဿဲ ၂၄:၂၁၊ ၂၂; ဟေရှာယ ၂၆:၂၁) သို့နှင့် လူသားတို့သည် မိမိတို့၏သွေးပြစ်နှင့် ထိပ်တိုက်ရင်ဆိုင်ကြရမည်။

၂။ တစ်ခုတည်းသော စစ်မှန်သည့်ခိုလှုံရာနေရာကား အဘယ်နည်း၊ အဘယ်မေးခွန်းများကို ဖြေဆိုရန် လိုအပ်သနည်း။

၂ လုံခြုံမှုရနိုင်သည့်နည်းလမ်းမှာ ပုံဆောင်ခိုလှုံရာမြို့လမ်းပေါ်တက်ကာ မိမိအသက်အတွက် ပြေးရမည်ဖြစ်သည်! ထိုမြို့သို့ဝင်ခွင့်ရလျှင် ယင်းသည် စစ်မှန်သည့်တစ်ခုတည်းသောခိုလှုံရာ နေရာဖြစ်ရကား ခိုဝင်သူတစ်ဦးသည် ဤနေရာတွင် နေရမည်ဖြစ်သည်။ သို့ရာတွင် ‘ကျွန်ုပ်တို့အားလုံးသည် တစ်စုံတစ်ယောက်ကို တစ်ခါမျှမသတ်ခဲ့သောကြောင့် အမှန်ပင်သွေးပြစ်ရှိပါသလော၊ ယေရှုသည် အဘယ်ကြောင့်သေစားသေစေသူဖြစ်ရသနည်း၊ မျက်မှောက်ခေတ်ခိုလှုံရာမြို့ကား အဘယ်နည်း၊ မည်သူတစ်ဦးတစ်ယောက်သည် အန္တရာယ်မရှိဘဲ ယင်းမှထွက်သွားနိုင်ပါသလော၊’ ဟု သင်တွေးကောင်းတွေးမည်။

ကျွန်ုပ်တို့သည် အမှန်ပင်သွေးပြစ်သင့်သလော

၃။ မောရှေပညတ်၏အဘယ်ထင်ရှားသည့်အစိတ်အပိုင်းက သန်းနှင့်ချီသောကမ္ဘာသားများသည် သွေးပြစ်တွင် ပါဝင်နေကြကြောင်းသိမြင်နားလည်ရန် ကျွန်ုပ်တို့ကို ထောက်ကူသနည်း။

၃ သန်းထောင်နှင့်ချီသောမြေကြီးသားများသည် သွေးပြစ်တွင် ပါဝင်နေကြကြောင်းကို သိမြင်ရန် မောရှေပညတ်၏ ထင်ရှားသည့် အစိတ်အပိုင်းတစ်ခုက ကျွန်ုပ်တို့ကိုထောက်ကူမည်။ သွေးသွန်းမှုအတွက် ဝေမျှခံရသည့်တာဝန်တစ်ခုကို ဘုရားသခင်သည် ဣသရေလလူမျိုးများအပေါ် ချမှတ်ထားတော်မူသည်။ တစ်စုံတစ်ယောက်သည် အသတ်ခံရပြီး သတ်သွားသူကိုမသိလိုက်ပါက တရားသူကြီးများသည် အနီးဆုံးမြို့ကို သိရှိဆုံးဖြတ်ရန် ထိုနေရာမှ အနီးအနားရှိမြို့များသို့ အကွာအဝေးကို တိုင်းတာရမည်။ အပြစ်မှကင်းဝေးစေရန် သွေးပြစ်သင့်ကြောင်း ထင်ရသည့်မြို့မှ အကြီးအကဲများသည် မစိုက်မပျိုးသည့် ရေမပြတ်သောချိုင့်ဝှမ်းတွင် မခိုင်းရသေးသော နွားသငယ်မ၏လည်ပင်းကို ချိုးရမည်။ ‘လေဝိသားယဇ်ပုရောဟိတ်တို့ကို ရိုက်ပုတ်ခြင်းအမှုရှိသမျှ စီရင်ဆုံးဖြတ်ရန် ဘုရားသခင်ရွေးချယ်ထားသောကြောင့်’ ယင်းကို သူတို့ရှေ့တွင် လုပ်ရမည်။ ထိုမြို့၏အကြီးအကဲများသည် နွားမ၏အပေါ်တွင် မိမိတို့လက်ကို ဆေးပြီး ဤသို့ပြောသည်– “ငါတို့လက်သည် ဤအသွေးကိုမသွန်း၊ ငါတို့မျက်စိသည် မမြင်။ အိုထာဝရဘုရား ရွေးတော်မူသောကိုယ်တော်၏လူ ဣသရေလအမျိုးကို သနားတော်မူပါ။ မသေထိုက်သောသူကို သတ်သောအပြစ်သည် ကိုယ်တော်၏လူ ဣသရေလအမျိုးအပေါ်သို့ ရောက်စေတော်မမူပါနှင့်။” (တရားဟောရာ ၂၁:၁-၉) ယေဟောဝါဘုရားသခင်သည် ဣသရေလနိုင်ငံကို သွေးဖြင့်မညစ်ညူးစေလို၊ ယင်းပြည်သူလူထုကို ဝေမျှခံရသည့်သွေးပြစ် မသင့်စေလိုပါ။

၄။ မဟာဗာဗုလုန်တွင် သွေးပြစ်ကျူးလွန်ခြင်းနှင့်ပတ်သက်သည့် အဘယ်မှတ်တမ်းများရှိသနည်း။

၄ မှန်ပါသည်၊ ဝေမျှခံရသောသွေးပြစ် သို့မဟုတ် ဘုံလူစုသွေးပြစ်ကဲ့သို့သော အရာတစ်ခုရှိသည်။ ကမ္ဘာ့ဗာဗုလုန်ဘာသာရေးအင်ပါယာဖြစ်သော မဟာဗာဗုလုန်အပေါ်တွင် သက်ရောက်သည့် အလွန်ကြီးမားသောသွေးပြစ်ကို သုံးသပ်ကြစို့။ သူမသည် ယေဟောဝါကျေးကျွန်များ၏အသွေးနှင့် ယစ်မူးနေပါသည်တကား! (ဗျာဒိတ် ၁၇:၅၊ ၆; ၁၈:၂၄) ခရစ်ယာန်ဘောင်ဘာသာတရားများသည် ငြိမ်သက်ခြင်းမင်းသားနောက် လိုက်ဖို့ဟစ်ကြော်ကြသော်လည်း စစ်များ၊ ဘာသာရေးခုံရုံးများနှင့် အသက်သတ်သည့် ခရူးဆိတ်စစ်ပွဲများက ဘုရားသခင်ရှေ့တွင် သူမ၏သွေးပြစ်ကို ထင်ရှားစေသည်။ ဟေရှာယ ၉:၆; ယေရမိ ၂:၃၄) အမှန်မှာ သူမသည် ဤရာစု၏ကမ္ဘာစစ်ကြီးနှစ်ခုတွင် လူသန်းပေါင်းများစွာသေဆုံးရခြင်းအတွက် ကြီးမားသည့်အပြစ်ဒဏ်ကို ခံရမည်။ ထို့ကြောင့် ဗာဗုလုန်ဘာသာ၏နောက်လိုက်များအပြင် ထောက်ခံသူများနှင့် လူ့စစ်မက်ရေးတွင် ပါဝင်သူများသည် ဘုရားသခင်ရှေ့တွင် သွေးပြစ်ရှိကြသည်။

၅။ ဣသရေလနိုင်ငံတွင် အချို့လူများသည် အမှတ်တမဲ့လူသတ်မိသူများကဲ့သို့ မည်သို့ဖြစ်သွားရသနည်း။

၅ အချို့လူများသည် တမင်တကာဖြစ်စေ၊ ဂရုမစိုက်သောကြောင့်ဖြစ်စေ လူအသက်ကို သေစေခဲ့ကြသည်။ အခြားသူများမူ ဘုရားသခင့်အလိုတော်ကျဖြစ်သည်ဟု ဘာသာရေးခေါင်းဆောင်များက ဖြားယောင်းကောင်းဖြားယောင်းမည့် အစုလိုက်အပြုံလိုက်လူသတ်မှုတွင် ပါဝင်ခဲ့ကြသည်။ ထို့အပြင် အချို့သူများသည် ဘုရားသခင့်ကျေးကျွန်များကို ညှဉ်းဆဲသတ်ဖြတ်ကြသည်။ သို့သော် ကျွန်ုပ်တို့သည် ဤကဲ့သို့သောအရာများကို မလုပ်လျှင်ပင် ဘုရားသခင့်ပညတ်တော်နှင့် အလိုတော်ကို မသိခဲ့ကြသောကြောင့် လူ့အသက်ဆုံးမှုအတွက် ဘုံလူစုတာဝန်ကို ဝေမျှခံကြရသည်။ ကျွန်ုပ်တို့သည် ‘ရန်ငြိုးဖွဲ့ခြင်းမရှိဘဲ မိမိအဖော်ကို သတ်မိ’ သည့် အမှတ်တမဲ့လူသတ်မိသူနှင့်တူသည်။ (တရားဟောရာ ၁၉:၅) ဤကဲ့သို့သောသူတို့သည် ဘုရားသခင်ကို တောင်းပန်သင့်ပြီး ပုံဆောင်ခိုလှုံရာမြို့တွင်းသို့ ပြေးဝင်သင့်သည်။ ဤသို့မပြေးလျှင် သေစားသေစေသောသူ၏လက်ချက်ဖြင့် အသက်ဆုံးလိမ့်မည်။

ယေရှု၏အရေးပါသော အခန်းကဏ္ဍ

၆။ ယေရှုသည် လူသားများ၏ အနီးစပ်ဆုံးဆွေမျိုးဖြစ်သည်ဟု အဘယ်ကြောင့် ဆိုနိုင်သနည်း။

၆ ဣသရေလနိုင်ငံတွင် သေစားသေစေသောသူသည် အသတ်ခံရသူ၏ သွေးအနီးဆုံး အမျိုးသားဖြစ်သည်။ ကမ္ဘာပေါ်တွင် အသတ်ခံရသူရှိရှိသမျှနှင့် အထူးသဖြင့် အသတ်ခံရသော ယေဟောဝါ၏ကျေးကျွန်များအတွက် လက်စားချေရန် ယနေ့ခေတ် သေစားသေစေသောသူသည် လူသားအားလုံး၏ အမျိုးသားဆွေမျိုးဖြစ်ရလိမ့်မည်။ ထိုအခန်းကဏ္ဍကို ယေရှုခရစ်က ဝင်ရောက်လုပ်ဆောင်ပေးသည်။ သူသည် စုံလင်သောလူသားတစ်ဦးအဖြစ် မွေးဖွားလာသည်။ ယေရှုသည် မိမိ၏အပြစ်မဲ့သောအသက်ကို ရွေးဖိုးပူဇော်သကာအဖြစ် သေခြင်းတွင် အဆုံးရှုံးခံလိုက်ကာ ကောင်းကင်သို့ ရှင်ပြန်ထမြောက်ပြီးနောက်တွင် အပြစ်ရှိ၍ သေအံ့ဆဲဆဲဖြစ်နေသည့် အာဒံ့မျိုးဆက်များ၏အကျိုးအလို့ငှာ ယင်း၏တန်ဖိုးကို ဘုရားသခင်ထံ ဆက်သခဲ့သည်။ ထို့ကြောင့် ခရစ်တော်သည် လူသားတို့၏ရွေးနုတ်ရှင်၊ ကျွန်ုပ်တို့၏အနီးစပ်ဆုံးဆွေမျိုး—တော်မှန်သည့် သေစားသေစေသောသူ ဖြစ်လာသည်။ (ရောမ ၅:၁၂; ၆:၂၃; ဟေဗြဲ ၁၀:၁၂) ယေရှုကို သူ၏ခြေတော်ရာလိုက်လျှောက်သည့် ဘိသိက်ခံ နောက်တော်လိုက်များ၏ ညီအစ်ကိုအဖြစ် သတ်မှတ်ဖော်ပြထားသည်။ (မဿဲ ၂၅:၄၀၊ ၄၅; ဟေဗြဲ ၂:၁၁-၁၇) ကောင်းကင်ဘုရင်အနေနှင့် ကိုယ်တော်သည် ထာဝစဉ်အသက်ရှင်ကြမည့် မိမိ၏မြေကြီးလက်အောက်ခံများအဖြစ် ကိုယ်တော့်ပူဇော်သကာမှ အကျိုးခံစားမည့်သူများ၏ “ထာဝရအဘ” ဖြစ်လာသည်။ (ဟေရှာယ ၉:၆၊ ၇) ထို့ကြောင့် ယေဟောဝါသည် လူသားတို့၏ ဤအမျိုးသားဆွေမျိုးကို သေစားသေစေသောသူအရာတွင် သင့်လျော်စွာခန့်ထားလိုက်သည်။

၇။ မဟာယဇ်ပုရောဟိတ်မင်းကြီးအနေနှင့် ယေရှုသည် လူသားများအတွက် အဘယ်အရာ လုပ်ဆောင်ပေးသနည်း။

၇ ယေရှုသည် အပြစ်မဲ့သော၊ စမ်းသပ်ခံပြီးသော၊ စာနာတတ်သော ယဇ်ပုရောဟိတ်မင်းကြီးလည်းဖြစ်သည်။ (ဟေဗြဲ ၄:၁၅) ထိုအရည်အချင်းဖြင့် ကိုယ်တော်သည် လူသားတို့အတွက် အပြစ်ကျေအေးစေသော ပူဇော်သကာ၏ အကျိုးကို လက်တွေ့အသုံးပြုခဲ့သည်။ ခိုလှုံရာမြို့များကို “ဣသရေလအမျိုးသားဖြစ်စေ၊ ဝင်နေသူဖြစ်စေ၊ အာဂန္တုဖြစ်စေ . . . လူတိုင်း” အတွက် တည်ဆောက်ထားသည်။ (တောလည်ရာ ၃၅:၁၅၊ သမ) ထို့ကြောင့် မဟာယဇ်ပုရောဟိတ်မင်းကြီးသည် ပူဇော်သကာ၏အကျိုးကို မိမိ၏ဘိသိက်ခံ နောက်တော်လိုက်များဖြစ်သော “ဣသရေလအမျိုးသား” တို့အတွက် ဦးဆုံးလက်တွေ့အသုံးပြုခဲ့သည်။ ယခုအခါတွင် ယင်းကို ပုံဆောင်ခိုလှုံရာမြို့၌ ‘လာရောက်ဝင်နေသူ တိုင်းတစ်ပါးသားများ’ နှင့် ‘အခြေချသူများ’ အတွက် လက်တွေ့အသုံးပြုနေသည်။ သခင်ယေရှုခရစ်၏ ဤ “အခြားသိုးတို့” သည် ကမ္ဘာပေါ်တွင် ထာဝစဉ်အသက်ရှင်ရန် မျှော်လင့်ကြသည်။—ယောဟန် ၁၀:၁၆; ဆာလံ ၃၇:၂၉၊ ၃၄။

မျက်မှောက်ခေတ် ခိုလှုံရာမြို့

၈။ ပုံဆောင်ခိုလှုံရာမြို့ကား အဘယ်နည်း။

၈ ပုံဆောင်ခိုလှုံရာမြို့ကား အဘယ်နည်း။ ယင်းသည် လေဝိခိုလှုံရာမြို့ခြောက်မြို့ထဲမှ တစ်မြို့လည်းဖြစ်၊ ဣသရေလယဇ်ပုရောဟိတ်မင်းကြီး၏ မွေးရပ်ဌာနေလည်းဖြစ်သည့် ဟေဗြုန်မြို့ကဲ့သို့ ပထဝီဒေသတစ်ခုမဟုတ်ပါ။ မျက်မှောက်ခေတ်ခိုလှုံရာမြို့ကား သွေး၏သန့်ရှင်းမြင့်မြတ်မှုနှင့်ဆိုင်သည့် ကိုယ်တော့်ပညတ်တော်ကို ချိုးဖောက်ခြင်းကြောင့်ခံရသည့် သေဒဏ်မှကျွန်ုပ်တို့ကိုကာကွယ်ပေးဖို့ ဘုရားသခင့်ပြင်ဆင်ပေးချက် ဖြစ်သည်။ (ကမ္ဘာဦး ၉:၆) စိတ်လိုကိုယ်လျောက်ဖြစ်စေ၊ အမှတ်တမဲ့ဖြစ်စေ ဤပညတ်ကိုချိုးဖောက်သူတိုင်းသည် ဘုရားသခင်၏ခွင့်လွှတ်ခြင်းနှင့် ယဇ်ပုရောဟိတ်မင်းကြီး ယေရှုခရစ်၏အသွေးတော်တွင် ယုံကြည်ခြင်းအားဖြင့် မိမိ၏အပြစ်ချေဖျက်ခံရရန် ကြိုးစားရမည်။ ကောင်းကင်မျှော်လင့်ချက်ရှိသော ဘိသိက်ခံခရစ်ယာန်များနှင့် မြေကြီးတွင်နေရန် အလားအလာရှိသည့် ‘လူအုပ်ကြီး’ တို့သည် ယေရှု၏အပြစ်ကျေအေးစေသော ပူဇော်သကာ၏အကျိုးကျေးဇူးများမှ အကျိုးရယူကြကာ ပုံဆောင်ခိုလှုံရာမြို့တွင် ရောက်နေကြသည်။—ဗျာဒိတ် ၇:၉၊ ၁၄; ၁ ယောဟန် ၁:၇; ၂:၁၊ ၂။

၉။ တာရှုမြို့သားရှောလုသည် သွေးနှင့်ဆိုင်သည့် ဘုရားသခင်၏ပညတ်ကို မည်သို့ချိုးဖောက်သနည်း၊ သို့သော် သဘောထားပြောင်းလိုက်ကြောင်း သူမည်သို့ပြသခဲ့သနည်း။

၉ တမန်တော်ပေါလုသည် ခရစ်ယာန်ဖြစ်မလာမီ သွေးနှင့်ဆိုင်သည့် ပညတ်ကို ချိုးဖောက်ခဲ့သည်။ တာရှုမြို့သားရှောလုဘဝက သူသည် ယေရှု၏နောက်တော်လိုက်များကို ညှဉ်းဆဲခဲ့သည့်အပြင် သူတို့အသတ်ခံရခြင်းကို သဘောပင်တူခဲ့သည်။ ပေါလုက “ထိုသို့ငါပြုသောအခါ ယုံခြင်းမရှိ၊ အမှန်မသိဘဲပြုသောကြောင့် ကရုဏာတော်ကို ငါခံရပြီ” ဟုပြောခဲ့သည်။ (၁ တိမောသေ ၁:၁၃; တမန်တော် ၉:၁-၁၉) ရှောလုတွင် နောင်တယူလိုသောသဘောထားရှိခဲ့ပြီး နောက်ပိုင်းတွင် ယုံကြည်ခြင်းနှင့်ဆိုင်သည့် များစွာသောအကျင့်များအားဖြင့် သက်သေထူခဲ့သည်။ သို့ရာတွင် ပုံဆောင်ခိုလှုံရာမြို့ကို ဝင်ရောက်နိုင်ရန်အလို့ငှာ ရွေးနုတ်ဖိုးကို ယုံကြည်ခြင်းထက်မက လိုအပ်သည်။

၁၀။ ဩတ္တပ္ပစိတ်ကောင်းကို မည်သို့ရရှိနိုင်ပြီး ယင်းကို ထိန်းသိမ်းရန် အဘယ်အရာလုပ်ရမည်နည်း။

၁၀ အမှတ်တမဲ့လူသတ်မိသူသည် သွေးသွန်းခြင်းနှင့်ပတ်သက်ပြီး ဘုရားသခင်ရှေ့တွင် ဩတ္တပ္ပစိတ်ကောင်းရှိကြောင်း သက်သေထူနိုင်မှသာလျှင် ဣသရေလနိုင်ငံ၏ခိုလှုံရာမြို့တစ်မြို့တွင် ခိုဝင်နေနိုင်သည်။ ဩတ္တပ္ပစိတ်ကောင်းရှိနိုင်ရန် ကျွန်ုပ်တို့သည် ယေရှု၏ပူဇော်သကာကို ယုံကြည်၍ မိမိ၏အပြစ်များကို နောင်တရပြီး မိမိတို့၏လမ်းစဉ်ကို ပြောင်းလဲပစ်ရမည်။ ကျွန်ုပ်တို့သည် ခရစ်တော်မှတစ်ဆင့် ဘုရားသခင့်ထံတွင် ဆုတောင်းဆက်ကပ်အပ်နှံခြင်းဖြင့် ဩတ္တပ္ပစိတ်ကောင်းကို တောင်းဆိုရန်နှင့် ရေနှစ်ခြင်းအားဖြင့် ယင်းကိုအမှတ်သညာပြုရန် လိုအပ်သည်။ (၁ ပေတရု ၃:၂၀၊ ၂၁) ဤသြတ္တပ္ပစိတ်ကောင်းက ကျွန်ုပ်တို့ကို ယေဟောဝါနှင့် စင်ကြယ်သောဆက်ဆံရေးရရှိစေသည်။ ဩတ္တပ္ပစိတ်ကောင်းကို ထိန်းသိမ်းထားဖို့ တစ်ခုတည်းသောနည်းမှာ ရှေးခိုလှုံရာမြို့များတွင် ခိုလှုံနေသူများသည် ပညတ်ကို နာခံခဲ့ရပြီး သူတို့အားပေးထားသည့်တာဝန်များကို ပြီးစီးအောင်ဆောင်ရွက်ကြရသည့်နည်းတူပင် ပုံဆောင်ခိုလှုံရာမြို့တွင် ဘုရားသခင့်တောင်းဆိုချက်များအတိုင်း လိုက်လျှောက်ရမည်ဖြစ်ပြီး ကျွန်ုပ်တို့အားအပ်နှင်းထားသည့်လုပ်ငန်းကို လုပ်ဆောင်ရမည်။ ယနေ့ဘုရားသခင့်လူမျိုးတော်အတွက် အရေးအကြီးဆုံးသောလုပ်ငန်းမှာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကြေညာခြင်းဖြစ်သည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) ထိုလုပ်ငန်းကိုလုပ်ဆောင်ခြင်းက ယနေ့ခေတ်ခိုလှုံရာမြို့တွင် အသုံးကျသည့်နေထိုင်သူများစေရန် ကျွန်ုပ်တို့ကို ထောက်ကူမည်။

၁၁။ ကျွန်ုပ်တို့သည် မျက်မှောက်ခေတ် ခိုလှုံရာမြို့ထဲတွင် လုံလုံခြုံခြုံရှိနေရန် အဘယ်အရာကို ရှောင်ရမည်နည်း။

၁၁ သေစားသေစေသောသူက သွေးပြစ်ရှိသူအားလုံးကို မကြာမီအရေးယူတော့မည်ဖြစ်သောကြောင့် မျက်မှောက်ခေတ်ခိုလှုံရာမြို့မှ ထွက်သွားခြင်းသည် ကျွန်ုပ်တို့ကိုယ်ကို ဖျက်ဆီးခြင်းနှင့် တွေ့စေရာရောက်သည်။ ဤအကာအကွယ်ပေးထားသည့်မြို့၏ အပြင်ဘက်တွင် သို့မဟုတ် ဤစားကျက်မြေ၏ နယ်နိမိတ်အစပ်နားရှိ အန္တရာယ်ဒေသတွင် အဖမ်းခံသင့်သည့်အချိန်မဟုတ်ပါ။ ကျွန်ုပ်တို့သည် ယဇ်ပုရောဟိတ်မင်းကြီး၏ အပြစ်ကျေအေးစေသော ပူဇော်သကာတွင် ယုံကြည်ခြင်းမရှိတော့ပါက ပုံဆောင်ခိုလှုံရာမြို့ပြင်ဘက်၌ လက်စတုံးခံရလိမ့်မည်။ (ဟေဗြဲ ၂:၁; ၆:၄-၆) ကျွန်ုပ်တို့လည်း လောကီလမ်းစဉ်များကို ခံယူပြီး ယေဟောဝါအဖွဲ့အစည်း၏ အစွန်အဖျားတွင်နေလျှင်ဖြစ်စေ၊ ကျွန်ုပ်တို့ကောင်းကင်ခမည်းတော်၏ ဖြောင့်မှန်သောစံညွှန်းများမှ သွေဖည်သွားလျှင်ဖြစ်စေ လုံခြုံမှုရှိမည်မဟုတ်ပါ။—၁ ကောရိန္သု ၄:၄။

ခိုလှုံရာမြို့မှ ထွက်ပြေးခြင်း

၁၂။ ယခင်ကသွေးပြစ်ကျူးလွန်သူများသည် ပုံဆောင်ခိုလှုံရာမြို့တွင် မည်မျှကြာကြာနေရမည်နည်း။

၁၂ ဣသရေလနိုင်ငံတွင် အမှတ်တမဲ့လူသတ်မိသူတစ်ဦးသည် “ယဇ်ပုရောဟိတ်မင်းမသေမီတိုင်အောင်” ခိုလှုံရာမြို့တွင် နေရသည်။ (တောလည်ရာ ၃၅:၂၈) ထို့ကြောင့် ယခင်ကသွေးပြစ်ကျူးလွန်သူများသည် ပုံဆောင်ခိုလှုံရာမြို့တွင် မည်မျှကြာကြာနေရမည်နည်း။ ယဇ်ပုရောဟိတ်မင်းကြီး ယေရှုခရစ်၏လုပ်ဆောင်မှုများကို သူတို့ မလိုအပ်တော့သည့်အထိဖြစ်သည်။ “အကြင်သူတို့သည် ယေရှုအားဖြင့် ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်ကြ၏။ ထိုသူတို့၏အမှုကို ကိုယ်တော်သည် စောင့်လျက် ကာလအစဉ်အသက်ရှင်သောကြောင့် သူတို့ကို အစဉ်ကယ်တင်ခြင်းငှာတတ်နိုင်တော်မူ၏” ဟုပေါလုပြောသည်။ (ဟေဗြဲ ၇:၂၅) အပြစ်နှင့် ယခင်သွေးပြစ်စွန်းကွက်မှုဆက်လက်ရှိနေသေးသ၍ မစုံလင်သောလူသားများ ဘုရားသခင့်ရှေ့တော်တွင် ဖြောင့်မတ်သောရပ်တည်မှုရှိနိုင်ရန်အလို့ငှာ ယဇ်ပုရောဟိတ်မင်းကြီး၏လုပ်ဆောင်မှုများ လိုအပ်မည်ဖြစ်သည်။

၁၃။ မျက်မှောက်ခေတ် “ဣသရေလအမျိုးသား” တို့ကား မည်သူတို့နည်း၊ သူတို့သည် “ခိုလှုံရာမြို့” ထဲတွင် မည်မျှကြာကြာနေရမည်နည်း။

၁၃ ရှေးခိုလှုံရာမြို့များသည် “ဣသရေလအမျိုးသား” များ၊ လာရောက်ဝင်နေသူတိုင်းတစ်ပါးသားများနှင့် အခြေချနေထိုင်သူများအတွက် တည်ဆောက်ထားကြောင်း သတိရပါ။ “ဣသရေလအမျိုးသား” တို့မှာ ဝိညာဏဣသရေလလူမျိုးများဖြစ်သည်။ (ဂလာတိ ၆:၁၆) သူတို့သည် ကမ္ဘာပေါ်တွင် အသက်ရှင်နေသ၍ကာလပတ်လုံး ပုံဆောင်ခိုလှုံရာမြို့ထဲတွင် နေကြရမည်။ အဘယ်ကြောင့်နည်း။ သူတို့သည် မစုံလင်သောအသွေးအသားများဖြစ်နေကြဆဲဖြစ်ရာ ယင်းကြောင့် မိမိတို့ကောင်းကင်ယဇ်ပုရောဟိတ်မင်းကြီး၏ ကျေအေးစေသောအကျိုး လိုအပ်ဆဲဖြစ်သည်။ သို့သော် ဤဘိသိက်ခံခရစ်ယာန်များ သေပြီး ကောင်းကင်၌ နာမ်ဝိညာဉ်အသက်တာသို့ ရှင်ပြန်ထမြောက်ခြင်းခံရသောအခါတွင် ယဇ်ပုရောဟိတ်မင်းကြီး၏ ကျေအေးစေသောလုပ်ဆောင်မှုများ မလိုအပ်တော့ဘဲ အသွေးအသား၊ ယင်းနှင့်ဒွန်တွဲပါလာသည့် သွေးပြစ်သင့်မှုတို့ကို ထာဝစဉ်စွန့်လိုက်မည်ဖြစ်သည်။ ဤကဲ့သို့သော ရှင်ပြန်ထမြောက်သွားသည့် ဘိသိက်ခံများအတွက် ယဇ်ပုရောဟိတ်မင်းကြီးသည် ကျေအေးစေသည့် အကာအကွယ်ပေးသည့် အဖြစ်အနေတွင် သေသွားပြီးဖြစ်ပေမည်။

၁၄။ ကောင်းကင်တက်ရန် အလားအလာရှိသူများသည် မျက်မှောက်ခေတ်ခိုလှုံရာမြို့ထဲတွင် နေရန်အခြားအဘယ်အရာကလိုအပ်စေသေးသနည်း။

၁၄ လူ့ဇာတိပိုင်ဆိုင်ထားခြင်းကိုယ်နှိုက်က ကောင်းကင်ဆိုင်ရာ “ခရစ်တော်နှင့်အတူဘုန်းဝင်စား” မည့်သူများသည် သူတို့၏မြေကြီးအသက်တာကို သေခြင်းတွင် သစ္စာရှိရှိဆုံးခန်းတိုင်သည်အထိ ပုံဆောင်ခိုလှုံရာမြို့တွင် နေရန်လိုအပ်လျက်ရှိသည်။ သူတို့သေသောအခါ လူ့ဇာတိကို ထာဝစဉ်စွန့်လွှတ်လိုက်ကြမည်။ (ရောမ ၈:၁၇; ဗျာဒိတ် ၂:၁၀) ယေရှု၏ပူဇော်သကာသည် လူ့ဇာတိရှိသူများနှင့်သာ သက်ဆိုင်သည်။ ထို့ကြောင့် ဝိညာဏဣသရေလလူများသည် ရှင်ပြန်ထမြောက်ခံရပြီး “ဘုရားပကတိကိုဆက်ဆံရသောသူ” များကဲ့သို့ ကောင်းကင်တွင် ထာဝစဉ်နေမည့် နာမ်ဝိညာဉ်သတ္တဝါအဖြစ်ပြောင်းလဲသွားသောအခါတွင် ယဇ်ပုရောဟိတ်မင်းကြီးသည် သူတို့အတွက် သေသွားသည်။—၂ ပေတရု ၁:၄။

၁၅။ ခေတ်သစ် ‘လာရောက်နေထိုင်သူ တိုင်းတစ်ပါးသားများ’ နှင့် ‘အခြေချနေထိုင်သူများ’ ကား မည်သူများဖြစ်ပြီး မဟာယဇ်ပုရောဟိတ်မင်းကြီးသည် သူတို့အတွက် အဘယ်အရာလုပ်ဆောင်ပေးတော်မူမည်နည်း။

၁၅ ယဇ်ပုရောဟိတ်မင်းကြီးသည် ယနေ့ခေတ် ‘လာရောက်ဝင်နေသူ တိုင်းတစ်ပါးသားများနှင့်’ ‘အခြေချနေထိုင်သူများ’ နှင့်စပ်လျဉ်း၍ ဘယ်သောအခါတွင် “သေ” သွားကာ သူတို့ကို ပုံဆောင်ခိုလှုံရာမြို့မှ ထွက်ခွင့်ရရှိစေမည်နည်း။ လူအုပ်ကြီးအဝင်ဖြစ်သော ဤသူများသည် ကြီးစွာသောဒုက္ခပြီးလျှင်ပြီးချင်း ဤခိုလှုံရာမြို့ထဲမှ ထွက်မသွားနိုင်ကြသေးပါ။ အဘယ်ကြောင့်နည်း။ သူတို့သည် မစုံလင်မှုနှင့် အပြစ်ပြုတတ်သော အသွေးအသားအဖြစ်တွင် ရှိနေကြဆဲဖြစ်ရာ ယဇ်ပုရောဟိတ်မင်းကြီး၏ အကာအကွယ်အောက်တွင် ဆက်နေရန် လိုအပ်ဦးမည်ဖြစ်သောကြောင့်တည်း။ ဘုရင်အရာနှင့် ယဇ်ပုရောဟိတ်အရာထမ်းရွက်စဉ် အနှစ်တစ်ထောင်အတွင်း ကိုယ်တော်၏ ကျေအေးစေခြင်းလုပ်ငန်းများမှ သူတို့ကိုယ်တိုင်အကျိုးရယူခံစားခြင်းအားဖြင့် လူ့စုံလင်မှုကို ရရှိကြမည်။ စာတန်နှင့် နတ်ဆိုးများကို တစ်ခဏမျှပြန်လွှတ်ကာ သူတို့၏သမာဓိကို နောက်ဆုံးနှင့် လုံးလုံးအပြီးသတ်စမ်းသပ်ရန်အတွက် ယေရှုသည် သူတို့ကို ထိုအချိန်တွင် ဘုရားသခင့်ထံတော်သို့ ဆက်သမည်။ သူတို့သည် ဘုရားသခင့်နှစ်သက်လက်ခံမှုနှင့်အတူ ဤစမ်းသပ်မှုကိုကျော်သွားခြင်းကြောင့် ယေဟောဝါသည် သူတို့ကို ဖြောင့်မတ်ကြောင်း ကြေညာတော်မူမည်ဖြစ်သည်။ သို့နှင့် သူတို့သည် လူ့စုံလင်မှု၏ အလွန်ပြည့်စုံသောအနေအထားသို့ရောက်ရှိမည်။—၁ ကောရိန္သု ၁၅:၂၈; ဗျာဒိတ် ၂၀:၇-၁၀။ ကင်းမျှော်စင် ၁၉၉၁ ဒီဇင်ဘာ ၁၅၊ စာမျက်နှာ ၁၂၊ စာပိုဒ် ၁၅၊ ၁၆ ကိုရှု၊

၁၆။ ကြီးစွာသောဒုက္ခကို ကပ်ကျော်သူများသည် ယဇ်ပုရောဟိတ်မင်းကြီး၏ ကျေအေးစေသောလုပ်ဆောင်မှုများ မလိုအပ်တော့သည့်အချိန်ကား အဘယ်အချိန်နည်း။

၁၆ ထို့ကြောင့် ကြီးစွာသောဒုက္ခကိုကပ်ကျော်သူများသည် ခရစ်တော်၏ အနှစ်တစ်ထောင်အုပ်ချုပ်မှုအဆုံးအထိ ပုံဆောင်ခိုလှုံရာမြို့ထဲတွင်နေခြင်းအားဖြင့် ကောင်းသောသြတ္တပ္ပစိတ်ကို ဆက်လက်ထိန်းသိမ်းထားကြရမည်။ စုံလင်သောလူသားများအနေနှင့် သူတို့သည် ယဇ်ပုရောဟိတ်မင်းကြီး၏ ကျေအေးစေသောလုပ်ဆောင်မှုများ ထပ်မံလိုအပ်တော့မည်မဟုတ်ဘဲ ကိုယ်တော်၏အကာအကွယ်အောက်မှ ထွက်လာကြမည်။ ယေရှုသည် မိမိပူဇော်သကာ၏သန့်စင်စေသောအသွေးဖြင့် သူတို့၏အကျိုးအတွက်လုပ်ဆောင်ရန် လိုအပ်မည်မဟုတ်တော့ရကား ထိုအချိန်တွင် သူတို့အတွက် ကိုယ်တော်သည် ယဇ်ပုရောဟိတ်မင်းအဖြစ်မှ သေသွားမည်။ ထိုအချိန်တွင် သူတို့သည် ပုံဆောင်ခိုလှုံရာမြို့ကို စွန့်ခွာကြမည်ဖြစ်သည်။

၁၇။ ခရစ်တော်၏အနှစ်တစ်ထောင်အုပ်စိုးချိန်အတွင်း ထမြောက်လာမည့်သူများသည် ပုံဆောင်ခိုလှုံရာမြို့သို့ဝင်ပြီး နေရန် အဘယ်ကြောင့် လိုအပ်မည်မဟုတ်သနည်း။

၁၇ ယေရှု၏အနှစ်တစ်ထောင်အုပ်စိုးချိန်အတွင်း ထမြောက်လာသူများသည် ပုံဆောင်ခိုလှုံရာမြို့သို့ဝင်ရပြီး ယဇ်ပုရောဟိတ်မင်းကြီးသေသည့်အထိ ဤတွင်နေရမည်လော။ မနေရပါ။ သူတို့၏အပြစ်ရှိခြင်းတွက် ပြစ်ဒဏ်ကို သေခြင်းဖြင့် ပေးဆောင်ခဲ့သောကြောင့်တည်း။ (ရောမ ၆:၇; ဟေဗြဲ ၉:၂၇) မည်သို့ပင်ဖြစ်ပါစေ ယဇ်ပုရောဟိတ်မင်းကြီးသည် သူတို့ကို စုံလင်သည့်အခြေအနေထိရောက်ရန် ဖေးမသွားမည်။ သူတို့သည် အနှစ်တစ်ထောင်အပြီး နောက်ဆုံစမ်းသပ်ချက်ကို အောင်မြင်စွာကျော်သွားပါက ဘုရားသခင်သည်လည်း မြေကြီးပေါ်တွင် ထာဝရအသက်အာမခံချက်နှင့်အတူ သူတို့ကိုဖြောင့်မတ်ကြောင်းကြေညာတော်မူမည်။ အမှန်မှာ ဘုရားသခင့်တောင်းဆိုချက်များအတိုင်း လိုက်လျှောက်ရန်ပျက်ကွက်ခြင်းသည် သမာဓိစောင့်သိသူများဖြစ်မဖြစ် နောက်ဆုံးစမ်းသပ်ချက်ကို မကျော်သူ လူသားတိုင်းအပေါ်တွင် ဒဏ်စီရင်ခြင်းနှင့် ဖျက်ဆီးခြင်းကိုကျရောက်စေမည်။

၁၈။ ယေရှု၏ဘုရင်အရာနှင့် ယဇ်ပုရောဟိတ်အရာတို့နှင့်စပ်လျဉ်း၍ အဘယ်အရာသည် လူသားတို့နှင့်အတူ ထာဝစဉ်ကျန်ရစ်မည်နည်း။

၁၈ ဣသရေလယဇ်ပုရောဟိတ်မင်းသည် နောက်ဆုံးတွင်သေသွားသည်။ သို့သော် ယေရှုမှာမူ “မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်” လာသည်။ (ဟေဗြဲ ၆:၁၉၊ ၂၀; ၇:၃) ထို့ကြောင့် လူသားများအတွက် ဖျန်ဖြေရေးယဇ်ပုရောဟိတ်မင်းကြီးအဖြစ် ယေရှု၏ရာထူးကုန်ဆုံးသွားခြင်းသည် ကိုယ်တော်သေလွန်သွားခြင်းမဟုတ်ပါ။ ဘုရင်နှင့်ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် ကိုယ်တော့်လုပ်ဆောင်မှု၏ ကောင်းကျိုးများသည် လူသားတို့နှင့်အတူ ထာဝစဉ်ကျန်ရစ်ဖြစ်မည်ပြီး လူသားများသည် ဤအဖြစ်အနေများတွင် ကိုယ်တော်အမှုဆောင်ခဲ့ခြင်းအတွက် ကိုယ်တော်ထံ ထာဝစဉ်ကျေးဇူးမကင်းသူများဖြစ်နေမည်။ ထို့အပြင် စင်ကြယ်သည့်ယေဟောဝါ၏ဝတ်ပြုရေးတွင် ယေရှုသည် ထာဝစဉ်ကာလပတ်လုံး ဦးဆောင်သွားမည်။—ဖိလိပ္ပိ ၂:၅-၁၁။

ကျွန်ုပ်တို့အတွက် အဖိုးတန်သင်ခန်းစာများ

၁၉။ ခိုလှုံရာမြို့ဆိုင်ရာအစီအစဉ်များမှ မုန်တီးခြင်း၊ ချစ်ခြင်းတို့နှင့်စပ်လျဉ်းသည့် အဘယ်သင်ခန်းစာကို သင်ယူနိုင်သနည်း။

၁၉ ကျွန်ုပ်တို့သည် ခိုလှုံရာမြို့ဆိုင်ရာအစီအစဉ်များမှ သင်ခန်းစာများစွာရရှိနိုင်ပါသည်။ ဥပမာ၊ မုန်းတီးမှုကြောင့် လူသတ်သော မည်သည့်လူသတ်သမားကိုမျှ ခိုလှုံရာမြို့တွင် နေခွင့်မပြုပါ။ (တောလည်ရာ ၃၅:၂၀၊ ၂၁) ထို့ကြောင့် ပုံဆောင်ခိုလှုံရာမြို့တွင် တစ်စုံတစ်ယောက်သည် သူ၏နှလုံးသားတွင် မိမိညီအစ်ကိုကို အမုန်းပွားရန် မည်သို့အခွင့်ပေးနိုင်ပါမည်နည်း။ “မိမိညီအစ်ကိုကို မုန်းသောသူမည်သည်ကား လူအသက်ကိုသတ်သောသူဖြစ်၏။ လူအသက်ကို သတ်သောသူတစ်စုံတစ်ယောက်၌မျှ ထာဝရအသက်မတည်သည်ကို သင်တို့သိကြ၏” ဟု တမန်တော်ယောဟန် ရေးသားခဲ့သည်။ ထို့ကြောင့် “ငါတို့သည် အချင်းချင်းချစ်ကြကုန်အံ့။ ချစ်ခြင်းမေတ္တာသည် ဘုရားသခင်မှဖြစ်” ၏။—၁ ယောဟန် ၃:၁၅; ၄:၇၊ သမ။

၂၀။ သေစားသေစေသောသူထံမှ အကာအကွယ်ရရန် ပုံဆောင်ခိုလှုံရာမြို့တွင်ရှိသူများသည် အဘယ်အရာလုပ်ရမည်နည်း။

၂၀ သေစားသေစေသောသူလက်မှ အကာအကွယ်ရရန် အမှတ်တမဲ့လူသတ်မိသူများသည် ခိုလှုံရာမြို့ထဲတွင် နေရကြသည်၊ ယင်း၏စားကျက်မြေကိုလွန်၍ လျှောက်မသွားရပါ။ ပုံဆောင်ခိုလှုံရာမြို့တွင် ရှိသူများနှင့်ပတ်သက်၍ကော အသို့နည်း။ ကြီးမြတ်သောသေစားသေစေသူ၏လက်မှ လွတ်ရန်အတွက် သူတို့သည် ဤမြို့ကို စွန့်ခွာမသွားကြပါ။ အမှန်မှာ သူတို့သည် စားကျက်မြေ၏နယ်စပ်နားဟုဆိုနိုင်သောနေရာသို့ သွားဖို့သွေးဆောင်ခြင်းကို ဆန့်ကျင်ရန်လိုသည်။ သူတို့သည် မိမိတို့နှလုံးတွင် စာတန့်လောကအား ချစ်စိတ်ပိုလာခြင်းကို အခွင့်မပေးဖို့ ဂရုပြုရမည်။ သို့ဖြစ်နိုင်ရန် ဆုတောင်းပြီး ကြိုးစားအားထုတ်ဖို့ လိုပေမည်၊ တစ်ချိန်တည်းတွင် သူတို့၏အသက်သည် ယင်းအပေါ်တွင် မူတည်နေသည်။—၁ ယောဟန် ၂:၁၅-၁၇; ၅:၁၉။

၂၁။ မျက်မှောက်ခေတ်ခိုလှုံရာမြို့ရှိသူများအားဖြင့် အဘယ်အကျိုးဖြစ်ထွန်းသောလုပ်ငန်း ပြီးစီးနေသနည်း။

၂၁ ရှေးခိုလှုံရာမြို့တွင်ရှိ အမှတ်တမဲ့လူသတ်မိသူတို့သည် လုပ်သားကောင်းများဖြစ်ကြရမည်။ အလားတူစွာ ဘိသိက်ခံ “ဣသရေလအမျိုး” တို့သည် ရိတ်သိမ်းသမားများနှင့် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများအဖြစ် ပုံနမူနာကောင်းပြကြသည်။ (မဿဲ ၉:၃၇၊ ၃၈; မာကု ၁၃:၁၀) ယနေ့ခိုလှုံရာမြို့တွင် ‘ဝင်ရောက်နေထိုင်သူ တိုင်းတစ်ပါးသားများ’ နှင့် ‘အခြေချနေထိုင်သူများ’ အနေနှင့် မြေကြီးပေါ်တွင်နေထိုင်ရန်အလားအလာရှိသူ ခရစ်ယာန်များသည် အသက်ပေးလုပ်ငန်းကို ကမ္ဘာပေါ်တွင်ရှိနေသေးသည့် ဘိသိက်ခံများနှင့် ရင်ဘောင်တန်းလုပ်ဆောင်ရန် အခွင့်ထူးရရှိထားကြသည်။ ယင်းသည် အလွန်အကျိုးဖြစ်ထွန်းသော လုပ်ငန်းပါတကား! ပုံဆောင်ခိုလှုံရာမြို့တွင် သစ္စာရှိရှိလုပ်ဆောင်နေသူများသည် သေစားသေစေသူ၏လက်တွင် ထာဝရအသက်ဆုံးရခြင်းမှ လွတ်မြောက်ကြမည်။ အသက်ဆုံးမည့်အစား သူတို့သည် ဘုရားသခင်၏မဟာ ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် ကိုယ်တော်၏လုပ်ဆောင်မှုမှ ထာဝရကောင်းကျိုးများကို ရရှိကြမည်။ သင်သည် ခိုလှုံရာမြို့တွင်နေ၍ ထာဝစဉ်အသက်ရှင်မည်လော။

သင်မည်သို့ဖြေဆိုမည်နည်း

◻ သန်းပေါင်းမြောက်မြားစွာသော မြေကြီးသားများသည် သွေးပြစ်ရှိကြကြောင်း အဘယ်ကြောင့်ဆိုနိုင်သနည်း။

◻ လူသားတို့နှင့်စပ်လျဉ်း၍ ယေရှုခရစ်သည် အဘယ်အခန်းကဏ္ဍများကို လုပ်ဆောင်သနည်း။

◻ ပုံဆောင်ခိုလှုံရာမြို့ကား အဘယ်နည်း၊ ယင်းတွင် မည်သို့ဝင်ရောက်ရသနည်း။

◻ လူများသည် ပုံဆောင်ခိုလှုံရာမြို့မှ အဘယ်အချိန်တွင် လွှတ်ပေးခံရမည်နည်း။

◻ ခိုလှုံရာမြို့အစီအစဉ်များမှ အဘယ်အဖိုးတန်သင်ခန်းစာများကို ကျွန်ုပ်တို့ရနိုင်သနည်း။

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ယေရှုခရစ်သည် မည်သည့်အရေးကြီးသောအခန်းကဏ္ဍကို ဝင်ရောက်လုပ်ဆောင်ကြောင်း သင်သိပါသလော

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ