ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၁၁/၁၅ စာ. ၁၀-၁၄
  • ခိုလှုံရာမြို့များ—ဘုရားသခင်၏ ကရုဏာပါသောပြင်ဆင်ပေးချက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခိုလှုံရာမြို့များ—ဘုရားသခင်၏ ကရုဏာပါသောပြင်ဆင်ပေးချက်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူသတ်သမားအတွက် ခိုလှုံရာလော
  • ယေဟောဝါ၏ကရုဏာပါသော ပြင်ဆင်ပေးချက်
  • ခိုလှုံရာသို့ထွက်ပြေးခြင်း
  • လူ့အသက်သတ်သူများ အမှုဆိုင်သောအခါဝယ်
  • တည်မြဲသောအကျိုးများ
  • ယေဟောဝါဆီမှာ သင် ခိုလှုံနေသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • “ခိုလှုံရာမြို့” တွင် နေ၍ အသက်ရှင်လော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ယေဟောဝါဆီမှာ ခိုလှုံပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
  • သင်သိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၁၁/၁၅ စာ. ၁၀-၁၄

ခိုလှုံရာမြို့များ—ဘုရားသခင်၏ ကရုဏာပါသောပြင်ဆင်ပေးချက်

“ထိုမြို့ခြောက်မြို့တို့ကား၊ လူအသက်ကိုအမှတ်တမဲ့သတ်မိသော ဣသရေလအမျိုးသား၊ သင်တို့တွင် တည်းခိုသော တစ်ပါးအမျိုးသားတို့သည် ပြေး၍ မှီခိုရာ [“ခိုလှုံရာ၊” ကဘ] မြို့ဖြစ်သတည်း။”—တောလည်ရာ ၃၅:၁၅။

၁ အသက်၊ သွေးပြစ်တို့နှင့်ပတ်သက်သည့် ဘုရားသခင့်ရှုမြင်ချက်ကား အဘယ်နည်း။

ယေဟောဝါဘုရားသခင်သည် လူ့အသက်ကို မြင့်မြတ်သောအရာအဖြစ် ယူမှတ်သည်။ အသက်သည် အသွေးတွင်တည်သည်။ (ဝတ်ပြုရာ ၁၇:၁၁၊ ၁၄) ထို့ကြောင့် ကမ္ဘာပေါ်တွင် ဦးဆုံးမွေးဖွားခြင်းခံရသည့် ကာဣနသည် မိမိ၏ညီအာဗေလကို သတ်သောအခါ သွေးပြစ်သင့်ခဲ့သည်။ သို့ဖြစ်ရကား ဘုရားသခင်က ကာဣနကို ဤသို့မိန့်တော်မူသည်– “သင့်ညီအသွေး၏အသံသည် မြေထဲက ငါ့ကိုအော်ဟစ်လျက်ရှိသည်တကား။” လျှောက်လဲချက်ကောင်းသော်လည်း လူသတ်မှုဖြစ်သည့်နေရာရှိ မြေပြင်ကို စွန်းထင်းသောအသွေးက ရက်ရက်စက်စက် ဖြတ်တောက်ခြင်းခံခဲ့ရသည့် အသက်အကြောင်း အသံတိတ်သက်သေခံသည်။ အကျိုးအပြစ်ကိုဆပ်ပေးရန် အာဗေလ၏အသွေးသည် ဘုရားသခင်ထံ အော်ဟစ်နေသည်။—ကမ္ဘာဦး ၄:၄-၁၁။

၂။ ရေလွှမ်းမိုးပြီးနောက်တွင် အသက်အပေါ် ယေဟောဝါ၏တန်ဖိုးထားမှု မည်သို့ အလေးထားဖော်ပြခြင်းခံရသနည်း။

၂ ဘုရားသခင်သည် လူ့အသက်ကိုတန်ဖိုးထားကြောင်း ကမ္ဘာချီရေလွှမ်းမိုးဘေးကြီးကို ကပ်ကျော်သူများအနေဖြင့် ဖြောင့်မတ်သောနောဧနှင့် သူ့မိသားစု သင်္ဘောထဲမှ ထွက်ခဲ့သည့်နောက်ပိုင်းတွင် အလေးထားမိန့်တော်မူခဲ့သည်။ ထိုအချိန်၌ ယေဟောဝါသည် လူသားတို့၏နေ့စဉ်အစာတွင် တိရစ္ဆာန်အသားများကိုပါ တိုးချဲ့စားသုံးခွင့်ပြုလိုက်သည်။ သို့သော် အသွေးမပါဘဲနှင့်ဖြစ်သည်။ ကိုယ်တော် ဤသို့လည်းအမိန့်တော်ချမှတ်ခဲ့သည်– “သင်တို့စိုးလ်၏အသွေးကို ငါပြန်တောင်းမည်။ အသက်ရှင်သောသတ္တဝါအပေါင်းတို့၏ထံမှ ယင်းကိုငါပြန်တောင်းမည်။ လူ၏ထံမှ၊ သူ၏ညီအစ်ကို တစ်ယောက်စီထံမှ လူ၏စိုးလ်ကို ငါပြန်တောင်းမည်။ တစ်စုံတစ်ယောက်သည် လူ့အသွေးကိုသွန်းလျှင် ထိုသူ၏အသွေးသည် လူ့လက်ဖြင့်အသွန်းခံရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။” (ကမ္ဘာဦး ၉:၅၊ ၆၊ ကဘ) အသတ်ခံရသူ၏အနီးစပ်ဆုံးဆွေမျိုးသည် လူသတ်သမားကို တွေ့သောအခါ သတ်ပိုင်ခွင့်ရှိသည်ကို ယေဟောဝါအသိအမှတ်ပြုသည်။—တောလည်ရာ ၃၅:၁၉။

၃။ မောရှေပညတ်က အသက်၏မြင့်မြတ်မှုကို မည်သို့အလေးပေးခဲ့သနည်း။

၃ ပရောဖက်မောရှေမှတစ်ဆင့် ဣသရေလလူမျိုးအားပေးသော ပညတ်တော်တွင် အသက်၏မြင့်မြတ်မှုကို အထပ်ထပ်အခါအခါ အလေးပေးဖော်ပြထားသည်။ ဥပမာ၊ ဘုရားသခင်ဤသို့မိန့်မှာတော်မူသည်– “လူ့အသက်ကို မသတ်နှင့်။” (ထွက်မြောက်ရာ ၂၀:၁၃) ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနှင့် ပတ်သက်သော သေလောက်သည့်ထိခိုက်မှုအကြောင်းပြောထားသည့် မောရှေပညတ်တွင်လည်း အသက်အပေါ် တန်ဖိုးထားမှုကို အထင်အရှားတွေ့ရသည်။ အမျိုးသားနှစ်ဦးရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် သူမ သို့မဟုတ် သူမ၏မမွေးသေးသောရင်သွေးသည် သေလောက်သည့်မတော်တဆထိခိုက်ဒဏ်ရာရသွားပါက တရားသူကြီးများသည် အခြေအနေများနှင့် စိတ်လိုကိုယ်လျောက်ပြုမူသည့်အတိုင်းအတာတို့ကို ချင့်ချိန်ရမည်ဖြစ်သော်လည်း အပြစ်ဒဏ်ကား စိုးလ်အတွက်စိုးလ် သို့မဟုတ် “အသက်အတွက်အသက်” ဖြစ်သည်။ (ထွက်မြောက်ရာ ၂၁:၂၂-၂၅) သို့သော် ဣသရေလလူသတ်သမားတစ်ဦးသည် သူ၏ရမ်းကားသောလုပ်ရပ်၏ အကျိုးဆက်များမှ တစ်နည်းနည်းဖြင့် လွတ်မြောက်နိုင်သလော။

လူသတ်သမားအတွက် ခိုလှုံရာလော

၄။ အတိတ်က ဣသရေလနိုင်ငံပြင်ပတွင် အဘယ်ခိုလှုံရာဌာနများ ရှိခဲ့ကြသနည်း။

၄ ဣသရေလနိုင်ငံမဟုတ်သော အခြားနိုင်ငံများတွင် လူသတ်သမားများနှင့် အခြားရာဇဝတ်သားများအတွက် ခိုလှုံရာဂေဟာကို ဖွင့်ပေးထားသည်။ ရှေးဧဖက်မြို့ရှိ အာတေမိနတ်ဘုရားမ၏ဗိမာန်ကဲ့သို့သော နေရာများတွင် ယင်းတို့ကို ဖွင့်လှစ်ထားခဲ့သည်။ အလားတူနေရာများနှင့်စပ်လျဉ်း၍ ဤသို့ဖော်ပြထားသည်– “အချို့သောဝတ်ကျောင်းများသည် ရာဇဝတ်သားများကို ပြုစုပျိုးထောင်ပေးသောဂေဟာများဖြစ်သည်; ခိုလှုံရာဂေဟာအရေအတွက်ကို ကန့်သတ်ထားရန် လိုအပ်လာသည့်အထိဖြစ်လေ့ရှိသည်။ အေသင်မြို့တွင် အချို့သောခိုလှုံရာဂေဟာများကိုသာ ဒုက္ခသည်စခန်းများ (ဥပမာ၊ ကျေးကျွန်များအတွက်ထားသည့် သီးစုစ်ဗိမာန်) အဖြစ် ဥပဒေက အသိအမှတ်ပြုထားသည်။ တိုက်ဗီးရီးယပ်စ်လက်ထက် (သက္ကရာဇ် ၂၂ ခုနှစ်) တွင် ခိုလှုံရာဂေဟာဖွင့်လှစ်ခွင့်ကို မြို့အနည်းငယ်တွင် ကန့်သတ်လိုက်ရသည့်အထိ ဝတ်ကျောင်းများရှိ ရာဇဝတ်ကောင်အုပ်စုများသည် အလွန်အန္တရာယ်ပေးလာသည်။” (ဂျူးစွယ်စုံကျမ်း၊ ၁၉၀၉၊ အတွဲ ၂၊ စာမျက်နှာ ၂၅၆) နောက်ပိုင်းတွင် ခရစ်ယာန်ဘောင်ချာ့ချ်များသည် ခိုလှုံရာဂေဟာများဖြစ်လာသော်လည်း ယင်းသည် ဓမ္မဆရာများက မြို့ပြအာဏာပိုင်များထံမှ အာဏာကို လွှဲပြောင်းယူတော့မည့်ပုံဖြစ်လာပြီး တရားမျှတမှုအတွက် သင့်လျော်သောဆောင်ရွက်စီမံမှုကို ချယ်လှယ်မည့်သဘောဘက်ယိမ်းလာသည်။ အလွဲသုံးစားပြုမှုများက အဆုံး၌ ဤအစီအစဉ်ကို ဖျက်သိမ်းပစ်ရသည့်အခြေသို့ဆိုက်သွားသည်။

၅။ ပေါ့ဆမှုကြောင့် လူတစ်ဦးသေဆုံးရသောအခါ ယင်းကိုကရုဏာပြထိုက်ရာအဖြစ် ပညတ်တော်က ခွင့်မပြုကြောင်း အဘယ်သာဓကရှိခဲ့သနည်း။

၅ ဣသရေလလူမျိုးများထဲတွင် တမင်လူသတ်သူများကို ခိုလှုံရာနေရာတွင် ခိုလှုံခွင့်မပြုပါ။ ဘုရားသခင့်ယဇ်ပလ္လင်၌ အမှုထမ်းနေသည့် လေဝိယဇ်ပုရောဟိတ်ပင်ဖြစ်ပါစေ အကောက်ကြံလူသတ်မှုကျူးလွန်လျှင် သေဒဏ် စီရင်ခံရမည်။ (ထွက်မြောက်ရာ ၂၁:၁၂-၁၄) ထို့အပြင် ပေါ့ဆမှုကြောင့် လူတစ်ဦးသေဆုံးရသောအခါ ပညတ်တော်က ယင်းကိုကရုဏာပြထိုက်သည့်အရာအဖြစ် ခွင့်မပြုပါ။ ဥပမာ၊ လူတစ်ယောက်သည် မိမိအိမ်အသစ်၏ ပြားသောအိမ်ခေါင်မိုးတွင် အရံအတားလုပ်ထားရသည်။ ယင်းသို့မပြုဘဲ အိမ်မိုးပေါ်မှ လူတစ်ယောက်ယောက်ကျသေလျှင် ဤအိမ်အပေါ်သို့ သွေးပြစ်ရောက်လိမ့်မည်။ (တရားဟောရာ ၂၂:၈) ထို့အပြင် ဝှေ့တတ်သည့်နွား၏ပိုင်ရှင်သည် သတိပေးထားခြင်းခံရလျက်နှင့် ကောင်းစွာစောင့်ကြပ်ထိန်းကျောင်းခြင်းမရှိသောကြောင့် မိမိ၏တိရစ္ဆာန်က လူတစ်ယောက်ကိုသတ်မိလျှင် ဤနွားပိုင်ရှင်သည် သွေးပြစ်သင့်ပြီး သေဒဏ်ခံရနိုင်သည်။ (ထွက်မြောက်ရာ ၂၁:၂၈-၃၂) ဘုရားသခင်သည် အသက်ကိုအလွန် အလေးအမြတ်ထားကြောင်း နောက်ထပ်သာဓကတစ်ခုမှာ ဖောက်ထွင်းဝင်ရောက်သူကို မြင်နိုင်ပြီး မည်သူမည်ဝါဖြစ်မှန်းသိနိုင်သည့် နေ့လယ်နေ့ခင်းတွင် ဤသူခိုးကို သေသည်အထိရိုက်သူသည် သွေးပြစ်သင့်ကြောင်း ဖော်ပြချက်တွင် အထင်အရှားတွေ့ရသည်။ (ထွက်မြောက်ရာ ၂၂:၂၊ ၃) ရှင်းနေသည်မှာ လုံးဝဟန်ချက်ညီသော ဘုရားသခင်၏ ပညတ်တော်များက တမင်လူသတ်သူများကို သေဒဏ်မှလွတ်ငြိမ်းခွင့်မပြုခဲ့ပါ။

၆။ ရှေးဣသရေလနိုင်ငံတွင် “အသက်အတွက်အသက်” ပညတ်ကို မည်သည့်နည်းဖြင့်လိုက်လျှောက်ကြသနည်း။

၆ လူသတ်မှုသည် ရှေးဣသရေလနိုင်ငံတွင် ဖြစ်ပွားလျှင် အသတ်ခံရသူ၏အသွေးအတွက် လက်စားချေပေးရမည်။ လူသတ်သမားကို “သေစားသေစေသောသူ” က ကွပ်မျက်လိုက်သောအခါမှသာ “အသက်အတွက် အသက်” ပညတ်နှင့် ဘောင်ဝင်သွားသည်။ (တောလည်ရာ ၃၅:၁၉) လက်စားချေသူသည် အသတ်ခံရသောသူ၏ အနီးစပ်ဆုံးဆွေမျိုး အမျိုးသားဖြစ်သည်။ သို့ရာတွင် အမှတ်တမဲ့ လူသတ်မိသူများနှင့် ပတ်သက်၍ကောအသို့နည်း။

ယေဟောဝါ၏ကရုဏာပါသော ပြင်ဆင်ပေးချက်

၇။ အမှတ်တမဲ့လူသတ်မိသူများအတွက် အဘယ်ပြင်ဆင်ပေးမှုများကို ဘုရားသခင်ပြုလုပ်ထားပေးသနည်း။

၇ မတော်တဆ သို့မဟုတ် အမှတ်တမဲ့ လူသတ်မိသူများအတွက် ဘုရားသခင်သည် ခိုလှုံရာမြို့များကို စီစဉ်ပေးထားသည်။ ဤမြို့တို့နှင့်ပတ်သက်ပြီး မောရှေအား ဤသို့မိန့်တော်မူခဲ့သည်– “သင်သည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ ‘သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ခါနာန်ပြည်သို့ရောက်ကြသောအခါ၊ လူအသက်ကိုအမှတ်တမဲ့သတ်မိသောသူပြေး၍ မှီခိုရာ [“ခိုလှုံရာ၊” ကဘ] မြို့တို့ကို ရွေးထားရမည်။ ထိုမြို့တို့ကား လူအသက်ကိုသတ်သောသူသည် ပရိသတ်ရှေ့သို့ရောက်၍ တရားစီရင်ခြင်းကို မခံမီတိုင်အောင် သေစားသေစေသောသူ၏လက်မှလွတ်၍ မှီခိုရာ [“ခိုလှုံရာ၊” ကဘ] မြို့ဖြစ်ရသတည်း။ . . . ယော်ဒန်မြစ်အရှေ့ဘက်၌ခိုလှုံရာ [“မှီခိုရာ၊” ကဘ] မြို့သုံးမြို့၊ ခါနာန်ပြည်၌မှီခိုရာ [“ခိုလှုံရာ၊” ကဘ] မြို့သုံးမြို့၊ ပေါင်းခြောက်မြို့တို့ကို ရွေးထားရမည်။ ထိုမြို့ခြောက်မြို့တို့ကား လူအသက်ကို အမှတ်တမဲ့သတ်မိသော . . . အမျိုးသားတို့သည် ပြေး၍ မှီခိုရာ [“ခိုလှုံရာ၊” ကဘ] မြို့ဖြစ်သတည်း။’”—တောလည်ရာ ၃၅:၉-၁၅။

၈။ ခိုလှုံရာမြို့များသည် မည်သည့်နေရာတွင် တည်ရှိကြပြီး အမှတ်တမဲ့လူသတ်မိသူများသည် ယင်းမြို့များသို့ရောက်ရန် မည်သို့အထောက်အကူရသနည်း။

၈ ကတိထားတော်မူရာပြည်သို့ ဣသရေလူမျိုးများဝင်သောအခါ သူတို့သည် နာခံမှုရှိရှိဖြင့် ခိုလှုံရာမြို့ခြောက်မြို့ကို တည်ခဲ့ကြသည်။ ယင်းတို့ထဲမှ သုံးမြို့—ကေဒေရှ၊ ရှေခင်၊ ဟေဗြုန်—တို့သည် ယော်ဒန်မြစ် အနောက်ဘက်ကမ်းတွင် တည်ရှိသည်။ ယော်ဒန်မြစ်အရှေ့ဘက်ကမ်းတွင် ဂေါလန်၊ ရာမုတ်နှင့် ဗေဇာမြို့တို့ရှိကြသည်။ ထိုခိုလှုံရာမြို့ခြောက်မြို့သည် ကောင်းမွန်သော လမ်းများပေါ်တွင် အလှမ်းမီနိုင်သောနေရာများ၌တည်ရှိကြသည်။ ဤလမ်းများတစ်လျှောက် သင့်လျော်သောနေရာများတွင် “ခိုလှုံရာ” ဟူသည့် စကားလုံးကိုရေးသားထားသည့် ဆိုင်းဘုတ်များရှိသည်။ ဤဆိုင်းဘုတ်များက ခိုလှုံရာမြို့၏ တည်နေရာကို ညွှန်ပြရာ အမှတ်တမဲ့လူသတ်မိသူသည် မိမိအသက်အတွက် အနီးဆုံးမြို့သို့ ပြေးသည်။ ဤတွင် သေစားသေစေသောသူ၏လက်မှ အကာအကွယ်ရနိုင်သည်။—ယောရှု ၂၀:၂-၉။

၉။ ယေဟောဝါသည် အဘယ်ကြောင့်နှင့် မည်သူတို့၏အကျိုးအတွက် ခိုလှုံရာမြို့များကို ပြင်ဆင်ပေးထားသနည်း။

၉ ဘုရားသခင်သည် ခိုလှုံရာမြို့များကို အဘယ်အတွက်ကြောင့် စီစဉ်ထားသနည်း။ တိုင်းပြည်သည် အပြစ်မဲ့သူတို့၏အသွေးများနှင့် မညစ်ညူးရလေအောင်နှင့် လူများပေါ်သို့ သွေးပြစ်မသင့်ရလေအောင် ယင်းတို့ကို စီစဉ်ထားသည်။ (တရားဟောရာ ၁၉:၁၀) မည်သူ၏အကျိုးအတွက် ဤခိုလှုံရာမြို့များကို စီစဉ်ထားသနည်း။ ပညတ်တော်က ဤသို့ဆိုထားသည်– “ထိုခြောက်မြို့ကား၊ ဣသရေလအမျိုးသားဖြစ်စေ၊ ဝင်နေသူဖြစ်စေ၊ အာဂန္တုဖြစ်စေ၊ သူ့အသက်ကို မတော်တဆသတ်မိသောလူတိုင်း၊ ပြေးသွားခိုဝင်ရာဖြစ်သတည်း။” (တောလည်ရာ ၃၅:၁၅၊ သမ) ထို့ကြောင့် ကရုဏာပြနေစဉ် ဘက်လိုက်မှုမရှိရန်နှင့် တရားမျှတမှု၏ ရည်ရွယ်ချက်ကိုဖြစ်မြောက်စေရန်အလို့ငှာ ယေဟောဝါသည် ဣသရေလလူမျိုးများအား အမှတ်တမဲ့လူသတ်မိသည့် (၁) ဇာတိဣသရေလလူမျိုး၊ (၂) ဣသရေလနိုင်ငံတွင် လာရောက်ဝင်နေသည့် တိုင်းတစ်ပါးသား အာဂန္တုများ၊ (၃) ဤပြည်တွင်ရှိနေကြသည့် အခြားနိုင်ငံများမှ လာရောက်အခြေချသူများအတွက် ခိုလှုံရာမြို့များကို သီးသန့်ရွေးဖယ်ထားဖို့ မိန့်မှာတော်မူခဲ့သည်။

၁၀။ ခိုလှုံရာမြို့များသည် ဘုရားသခင်၏ကရုဏာပါသော ပြင်ဆင်ပေးချက်ဖြစ်သည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။

၁၀ အမှတ်တမဲ့လူသတ်မိသူ တစ်ယောက်ဖြစ်လျှင်ပင် ဘုရားသခင်၏ ဤအမိန့်ပြဋ္ဌာန်းချက်အရ သူသည် ကွပ်မျက်ခံရမည်မှာ မှတ်သားစရာပင်– “တစ်စုံတစ်ယောက်သည် လူ့အသွေးကိုသွန်းလျှင် ထိုသူ၏အသွေးသည် လူ့လက်ဖြင့်အသွန်းခံရမည်။” ထို့ကြောင့် အမှတ်တမဲ့လူသတ်မိသူတစ်ဦးသည် ခိုလှုံရာမြို့တစ်မြို့မြို့ကို ထွက်ပြေးနိုင်ခြင်းမှာ ယေဟောဝါဘုရားသခင်၏ ကရုဏာပါသော ပြင်ဆင်ပေးချက်ကြောင့်သာဖြစ်သည်။ သာမန်လူများသည် သေစားသေစေသောသူထံမှ ထွက်ပြေးသွားသူတစ်ဦးကို ကိုယ်ချင်းစာနာတတ်ကြကြောင်း ထင်ရှားသည်၊ သူတို့အားလုံးသည် ထပ်တူအမှားမျိုး အမှတ်တမဲ့ကျူးလွန်မိကောင်း ကျူးလွန်မိနိုင်ပြီး ခိုလှုံရာနှင့် ကရုဏာလိုအပ်သည်ကို သိထားသောကြောင့်ဖြစ်သည်။

ခိုလှုံရာသို့ထွက်ပြေးခြင်း

၁၁။ ရှေးဣသရေလနိုင်ငံတွင် လူတစ်ဦးသည် မိမိအလုပ်လုပ်ဖော်ကို မတော်တဆသတ်မိပါက ဘာလုပ်နိုင်သနည်း။

၁၁ ဥပမာတစ်ခုသည် ခိုလှုံရာအတွက် ဘုရားသခင့်ကရုဏာပါသောအစီအစဉ်အပေါ် သင့်တန်ဖိုးထားလေးမြတ်မှုကို ကောင်းစွာတိုးပွားလာစေနိုင်သည်။ သင်သည် ရှေးဣသရေလနိုင်ငံ၌ ထင်းခုတ်နေသူတစ်ယောက်ဖြစ်သည်ဟု စဉ်းစားကြည့်ပါ။ ပုဆိန်အသွားက အရိုးမှ ရုတ်တရက်ကျွတ်ထွက်သွားပြီး အလုပ်လုပ်ဖော်တစ်ဦးကို သေလောက်သည့်ထိခိုက်မှုဖြစ်ခဲ့သည် ဆိုပါစို့။ သင်ဘာလုပ်မည်နည်း။ ပညတ်တရားက ဤသို့သောအခြေအနေအတွက် စီစဉ်ပေးထားသည်။ သင်သည် ဤဘုရားပေးပြင်ဆင်ချက်မှ အခွင့်အရေးယူလုပ်ဆောင်မည်မှာ သေချာသည်– “လူအသက်ကိုသတ်မိ၍ ကိုယ်အသက်ချမ်းသာစေခြင်းငှာ ထို [ခိုလှုံရာ] မြို့သို့ပြေးရသောသူ၏အမှုဟူမူကား၊ လူသည် ထင်းခုတ်ခြင်းငှာ အဖော်နှင့်တောသို့သွား၍ သစ်ပင်ကို ခုတ်လှဲစဉ်အခါ၊ ပုဆိန်သည် အရိုးကျွတ်၍၊ အဖော်ကိုထိသောကြောင့် မိမိအဖော်သေအောင်ပြုမိသောသူနှင့်တူ၍၊ ရန်ငြိုးဖွဲ့ခြင်းမရှိဘဲ မိမိအဖော်ကို အမှတ်တမဲ့သတ်မိသောသူသည် ထိုမြို့တစ်စုံတစ်မြို့သို့ပြေး၍၊ အသက်ချမ်းသာရလိမ့်မည်။” (တရားဟောရာ ၁၉:၄၊ ၅) သို့သော် သင်သည် ခိုလှုံရာမြို့တစ်မြို့သို့ ရောက်သွားသည့်တိုင် ဖြစ်ပျက်ခဲ့ရာများအတွက် တာဝန်အားလုံးလွတ်ငြိမ်းသွားမည်မဟုတ်ပါ။

၁၂။ အမှတ်တမဲ့လူသတ်မိသူတစ်ဦးသည် ခိုလှုံရာမြို့တစ်မြို့သို့ ရောက်သွားပြီးနောက် အဘယ်အစီအစဉ်ကို ဆက်၍လိုက်နာရမည်နည်း။

၁၂ သင့်အား ပျူပျူငှာငှာလက်ခံမည်ဖြစ်သော်လည်း သင်သည် ခိုလှုံရာမြို့ဂိတ်ရှိ အကြီးအကဲများအား သင်၏အကြောင်းခြင်းရာများကို တင်ပြရမည်ဖြစ်သည်။ မြို့ထဲဝင်ရောက်ပြီးနောက် သင်သည် လူသတ်မှုဖြစ်သည့်ဒေသတွင် တရားစီရင်ပိုင်ခွင့်ရှိသော ဣသရေလပရိသတ်တို့ကို ကိုယ်စားပြုသည့် မြို့ဂိတ်ရှိ အကြီးအကဲများရှေ့တွင် အမှုဆိုင်ရန် ပြန်ပို့ခြင်းခံရမည်။ ဤတွင် သင်သည် မိမိ၌အပြစ်မရှိကြောင်း သက်သေထူရန် အခွင့်ရှိမည်။

လူ့အသက်သတ်သူများ အမှုဆိုင်သောအခါဝယ်

၁၃၊ ၁၄။ အကြီးအကဲများသည် လူသတ်မိသူတစ်ဦးကို အမှုစစ်ဆေးစဉ်အတွင်း အသေအချာသိလိုသည့်အချက်အချို့ကား အဘယ်နည်း။

၁၃ တရားစီရင်ပိုင်ခွင့်ရှိသည့် မြို့ဂိတ်မှ အကြီးအကဲများရှေ့တွင် အမှုဆိုင်စဉ် သင်သည် သင့်ယခင်ပြုမူကျင့်ကြံပုံအပေါ် အလေးပေးပြောဆိုခြင်းကို ကျေးဇူးတင်စိတ်ဖြင့် သတိပြုမိမည်မှာ သေချာသည်။ အကြီးအကဲများသည် သင်နှင့် အသတ်ခံရသူတို့၏ဆက်ဆံရေးကို ဂရုတစိုက်ချင့်ချိန်မည်ဖြစ်သည်။ သူ့ကိုသင်မုန်းသလော၊ သူ့ကို အလစ်ချောင်းခဲ့သလော၊ သူကို တမင်သတ်ခဲ့သလော။ ဤသို့ဖြစ်ပါက အကြီးအကဲများသည် သင့်ကို သေစားသေစေသူ၏လက်သို့ အပ်လိုက်မည်ဖြစ်ရာ သင်သေဖို့သာရှိမည်။ ဤတာဝန်ရှိအမျိုးသားများသည် “အပြစ်ကင်းသူ၏ သွေးသွန်းပြစ်ကို ဣသရေလအမျိုးမှ ပယ်ရှား” ရန် ပညတ်တော်၏တောင်းဆိုချက်များကို သိရှိရမည်ဖြစ်သည်။ (တရားဟောရာ ၁၉:၁၁-၁၃၊ သမ) ဤကဲ့သို့ပင် ယနေ့တရားစီရင်ရေးနှင့်ဆိုင်သည့် လုပ်ဆောင်မှုတွင် ခရစ်ယာန်အကြီးအကဲများသည် ကျမ်းစာကို ကောင်းကောင်းသိရှိနားလည်ထားရန် လိုအပ်ပြီး အပြစ်သား၏ယခင်သဘောထားနှင့် အပြုအမူတို့ကို ထည့်တွက်ကာ ယင်းတို့နှင့်အညီပြုမူရန်လိုသည်။

၁၄ ကြင်နာစွာ စစ်ဆေးပြီး၊ မြို့၏အကြီးအကဲများက သင်သည် အသတ်ခံရသူကို ချောင်းမြောင်းခဲ့ခြင်းရှိမရှိ သိလိုမည်။ (ထွက်မြောက်ရာ ၂၁:၁၂၊ ၁၃) သင်သည် သူ့ကို ကွယ်ရာမှ ချောင်းမြောင်းလုပ်ကြံခဲ့ခြင်းဖြစ်သလော။ (တရားဟောရာ ၂၇:၂၄) သင်သည် သူ့ကိုသတ်ရန် အကောက်ကြံသည့်နည်းအချို့ကို သုံးသည်အထိ ဒေါသနှိုးဆွခြင်းခံရသလော။ ဤသို့ဖြစ်လျှင် သင်သည် အသေခံထိုက်သည်။ (ထွက်မြောက်ရာ ၂၁:၁၄) အထူးသဖြင့် အကြီးအကဲများသည် သင်နှင့် အသတ်ခံရသူစပ်ကြား ရန်ငြိုး သို့မဟုတ် မုန်းတီးမှု ရှိမရှိကို သိထားရန်လိုမည်။ (တရားဟောရာ ၁၉:၄၊ ၆၊ ၇; ယောရှု ၂၀:၅) အကြီးအကဲများက သင်သည်အပြစ်မဲ့သူဖြစ်ကြောင်း တွေ့ရှိကာ ခိုလှုံရာမြို့သို့ သင့်အားပြန်ပို့လိုက်သည် ဆိုကြပါစို့။ ပြခဲ့သည့်ကရုဏာအတွက် သင်မည်မျှကျေးဇူးတင်လိုက်မည်ဖြစ်ခြင်း!

ခိုလှုံရာမြို့သားဘဝ

၁၅။ အမှတ်တမဲ့လူသတ်မိသူအပေါ်တွင် အဘယ်တောင်းဆိုချက်များကို စည်းကြပ်ထားသနည်း။

၁၅ အမှတ်တမဲ့လူအသက်သတ်မိသူတစ်ဦးသည် ခိုလှုံရာမြို့ထဲတွင် သို့မဟုတ် မြို့တံတိုင်းအပြင်ဘက် အတောင် ၁,၀၀၀ (ပေ ၁,၄၅၀ ခန့်) အတွင်းတွင် ရှိနေရမည်။ (တောလည်ရာ ၃၅:၂-၄) သူသည် ဤအမှတ်ကို ကျော်၍လျှောက်သွားလျှောက်လာပါက သေစားသေစေသောသူနှင့် ပက်ပင်းတိုးမိကောင်း တိုးမိနိုင်သည်။ ဤအခြေအနေများအောက်တွင် လက်စားချေသူက လူ့အသက်သတ်မိသူကို အပြစ်ဒဏ်မခံရဘဲ သတ်ပစ်နိုင်သည်။ သို့သော် လူ့အသက်သတ်မိသူကို ခြေထိတ်လက်ထိတ်ခတ်မထား၊ အကျဉ်းချမထားပါ။ ခိုလှုံရာမြို့တွင် လာရောက်နေထိုင်သူတစ်ဦးအနေနှင့် သူသည် လက်မှုပညာတစ်ခုခုကို သင်ယူရမည်၊ အလုပ်လုပ်သူတစ်ယောက်ဖြစ်ရမည်၊ လူ့ဘောင်တွင် အသုံးဝင်သောအဖွဲ့သားတစ်ယောက်အဖြစ် အမှုထမ်းရမည်။

၁၆။ (က) အမှတ်တမဲ့လူသတ်မိသူသည် ဤခိုလှုံရာမြို့တွင် မည်မျှကြာကြာဆက်နေရသနည်း။ (ခ) ယဇ်ပုရောဟိတ်မင်း၏သေခြင်းက လူသတ်မိသူကို ခိုလှုံရာမြို့မှ အဘယ်ကြောင့် ထွက်သွား၍ရနိုင်စေသနည်း။

၁၆ အမှတ်တမဲ့လူသတ်မိသူသည် ဤခိုလှုံရာမြို့တွင် မည်မျှကြာကြာဆက်နေရမည်နည်း။ အသက်ထက်ဆုံးဖြစ်နိုင်သည်။ မည်သို့ဆိုစေ ပညတ်တော်က ဤသို့ချမှတ်ထားသည်– “ထိုသူသည် ယဇ်ပုရောဟိတ်မင်းမသေမီတိုင်အောင်၊ မိမိမှီခိုသော [“ခိုလှုံရာ၊” ကဘ] မြို့ထဲမှာ နေရမည်။ ယဇ်ပုရောဟိတ်မင်းသေသောနောက်မှ ထိုသူသည် မိမိပိုင်သောမြေသို့ ပြန်ရသောအခွင့်ရှိ၏။” (တောလည်ရာ ၃၅:၂၆-၂၈) ယဇ်ပုရောဟိတ်မင်းသေခြင်းက အမှတ်တမဲ့လူသတ်မိသူကို ခိုလှုံရာမြို့မှ အဘယ်ကြောင့် ထွက်သွားခွင့်ရစေသနည်း။ အမှန်မှာ ယဇ်ပုရောဟိတ်မင်းသည် ဤလူမျိုးတွင် အဓိကရအဖြစ်ဆုံး ပုဂ္ဂိုလ်ကြီးများထဲမှ တစ်ဦးဖြစ်သည်။ ထို့ကြောင့် သူ၏သေခြင်းသည် ဣသရေလအမျိုးအနွယ်အားလုံး သိလာမည့် ထူးခြားသည့်အဖြစ်အပျက်တစ်ခုကဲ့သို့ ဖြစ်မည်။ ခိုလှုံရာမြို့ရှိ ခိုလှုံနေသူအားလုံးသည် သေစားသေစေသောသူတို့၏ အန္တရာယ်မှလွတ်ကင်းကာ မိမိတို့၏ဌာနေများသို့ ပြန်နိုင်ကြသည်။ အဘယ်ကြောင့်နည်း။ ဘုရားသခင့်ပညတ်တော်က လူ့အသက်သတ်မိသူကို သတ်ရန် လက်စားချေသူ၏အခွင့်အရေးမှာ ယဇ်ပုရောဟိတ်မင်းသေခြင်းနှင့်အတူ ကုန်ဆုံးသွားပြီဖြစ်ကြောင်း ပြဋ္ဌာန်းထားရာ ယင်းကိုလူတိုင်းအသိဖြစ်သည်။ အနီးစပ်ဆုံးဆွေမျိုးသည် ထိုနောက်ပိုင်းတွင် သေသူအတွက် လက်စားချေလိုက်ပါက သူသည် လူသတ်ကောင်ဖြစ်ပြီး လူသတ်မှုအတွက် အပြစ်ဒဏ်ကို လုံးဝကျခံရမည်ဖြစ်သည်။

တည်မြဲသောအကျိုးများ

၁၇။ အမှတ်တမဲ့လူသတ်မိသူအပေါ်တွင် တင်ထားသည့် ကန့်သတ်ချက်များ၏ ရရှိလာနိုင်သည့်အကျိုးများကား အဘယ်နည်း။

၁၇ အမှတ်တမဲ့လူသတ်မိသူအပေါ်တွင် တင်ထားသည့် ကန့်သတ်ချုပ်ချယ်မှုများမှ ရရှိလာနိုင်သည့်အကျိုးဆက်များကား အဘယ်နည်း။ ယင်းတို့က သူသည် လူတစ်ဦးကို သေစေခဲ့ကြောင်း သတိပေးချက်တစ်ရပ်ဖြစ်သည်။ သူသည် ဤနောက်ပိုင်းတွင် လူအသက်ကို မြင့်မြတ်သောအရာအဖြစ် အမြဲရှုမြင်သွားစရာအကြောင်းရှိမည်။ ထို့အပြင် သူသည် ကရုဏာပါပါဆက်ဆံခံခဲ့ရဖူးသည်ကို မေ့ပစ်နိုင်မည်မဟုတ်တော့ချေ။ ကရုဏာပြခြင်းခံခဲ့ရကား သူသည် အခြားသူများကို ကရုဏာပြလိုမည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်သည်။ ကန့်သတ်မှုများနှင့် ဒွန်တွဲနေသည့် ခိုလှုံရာမြို့များဆိုင်ရာအစီအစဉ်သည် သာမန်လူများအပေါ်တွင်လည်း အကျိုးသက်ရောက်ခဲ့သည်။ မည်သို့အားဖြင့်နည်း။ သူတို့သည် လူ့အသက်နှင့်ပတ်သက်၍ ဂရုမစိုက် သို့မဟုတ် အလေးမထား မပြုမူသင့်ကြောင်း ယင်းက သူတို့ကို စွဲမှတ်သွားစေမည်မှာ သေချာသည်။ ထိုသို့အားဖြင့် ခရစ်ယာန်များသည် မတော်တဆအသက်ဆုံးမှုဖြစ်ကောင်းဖြစ်နိုင်သည့် ဂရုမစိုက်ပြုမူမှုများကို ရှောင်ရန်လိုအပ်ကြောင်း သတိပေးခံရသည်။ ခိုလှုံရာမြို့များအတွက် ဘုရားသခင့်ကရုဏာပါသောအစီအစဉ်က သင့်လျော်သည့်အခါတွင် ထိုသို့ကရုဏာပြရန်လည်း ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသင့်သည်။—ယာကုပ် ၂:၁၃။

၁၈။ ခိုလှုံရာမြို့များဆိုင်ရာ ဘုရားသခင့်အစီအစဉ်သည် အဘယ်နည်းများဖြင့် အကျိုးဖြစ်ထွန်းသနည်း။

၁၈ ခိုလှုံရာမြို့များအတွက် ယေဟောဝါဘုရားသခင်၏ပြင်ဆင်ပေးချက်သည် အခြားနည်းများဖြင့်လည်း အကျိုးဖြစ်ထွန်းသည်။ ပြည်သူပြည်သားများသည် လူသတ်သမားတစ်ဦးကို အမှုမစစ်ဆေးမီ အပြစ်ရှိသူဟူ၍ယူမှတ်ကာ လိုက်ရှာဖို့အတွက် ရပ်ရွာကာကွယ်စောင့်ရှောက်ရေးအဖွဲ့များကို မဖွဲ့စည်းကြပါ။ ယင်းအစား သူတို့သည် ထိုသူကို တမင်လူသတ်မှုကျူးလွန်သူဟု သဘောမထားသည့်အပြင် လုံခြုံမှုအတွက် အကူအညီပင်ပေးလိုက်သေးသည်။ ထို့အပြင် ခိုလှုံရာမြို့များ ပြင်ဆင်ပေးသည့်အစီအစဉ်သည် လူသတ်သမားများကို လူထုကငွေကြေးထောက်ပံ့ရပြီး အခြားလူဆိုးများနှင့် နီးနီးကပ်ကပ်ပေါင်းသင်းမိရာမှ သာ၍ဆိုးရွားသော ရာဇဝတ်ကောင်များဖြစ်လာလေ့ရှိသောနေရာဖြစ်သည့် အကျဉ်းထောင်များနှင့် စာရိတ္တပြုပြင်ရေးစခန်းများတွင် ထားသည့် ယနေ့ခေတ်အစီအစဉ်များနှင့် အလွန်ဆန့်ကျင်ဘက်ဖြစ်သည်။ ခိုလှုံရာမြို့အစီအစဉ်တွင် အကျဉ်းသားများက အကျဉ်းထောင်များမှ ထွက်ပေါက်ရှာလေ့ရှိခြင်းကို ကာကွယ်ရန် တန်ဖိုးကြီးမားသော တံတိုင်းများ၊ သံအကာအရံများကို ဆောက်လုပ်ခြင်း၊ ပြုပြင်မွမ်းမံခြင်းနှင့် စောင့်ရှောက်ခြင်းတို့ မလိုအပ်ပါ။ အမှန်မှာ လူအသက်သတ်မိသူများသည် “အကျဉ်းထောင်” ကို ရှာခဲ့ကြပြီး သတ်မှတ်ထားသည့် အချိန်အတွင်းဤတွင်နေခဲ့ကြသည်။ သူသည် အလုပ်လုပ်သူတစ်ယောက်လည်းဖြစ်ရမည်ဖြစ်ပြီး ဤသို့ဖြင့် လူသားချင်းတို့ကို အကျိုးဖြစ်ထွန်းစေရန် တစ်ခုခုလုပ်ဆောင်သည်။

၁၉။ ခိုလှုံရာမြို့များနှင့်ပတ်သက်၍ အဘယ်မေးခွန်းများ ပေါ်လာသနည်း။

၁၉ အမှတ်တမဲ့လူသတ်မိသူများအကာအကွယ်ရရန် ဣသရေလနိုင်ငံ၏ခိုလှုံရာမြို့များကို ယေဟောဝါစီစဉ်ထားပေးခြင်းသည် အမှန်ပင် ကရုဏာပြရာရောက်သည်။ ဤပြင်ဆင်ပေးချက်က အသက်အပေါ်တန်ဖိုးထားမှုကို သာ၍တိုးပွားလာစေသည်မှာ သေချာသည်။ သို့ရာတွင် ရှေးခိုလှုံရာမြို့များက ၂၀ ရာစုတွင်အသက်ရှင်နေကြသည့် လူများအတွက် အဓိပ္ပာယ်ရှိသလော။ ကျွန်ုပ်တို့သည် ယေဟောဝါဘုရားသခင့်ရှေ့တော်မှောက်တွင် သွေးပြစ်သင့်နိုင်ပြီး မိမိတို့သည် ကိုယ်တော်ကရုဏာလိုအပ်ကြောင်း မသိလိုက်ဘဲဖြစ်နိုင်သလော။ ဣသရေလနိုင်ငံ၏ခိုလှုံရာမြို့များသည် ကျွန်ုပ်တို့အတွက် ယခုခေတ်အထူးအဓိပ္ပာယ်တစ်ခုခုရှိပါသလော။

သင်မည်သို့ဖြေဆိုမည်နည်း

◻ ယေဟောဝါသည် လူ့အသက်ကို မည်သို့ရှုမြင်သနည်း။

◻ မတော်တဆလူသတ်မိသူအတွက် အဘယ်ကရုဏာပါသောပြင်ဆင်ပေးချက်ကို ဘုရားသခင် ပြုလုပ်ထားသနည်း။

◻ လူသတ်မိသူသည် ခိုလှုံရာမြို့ထဲ မည်သို့ဝင်ခွင့်ရသနည်း၊ သူသည် ဤတွင်မည်မျှကြာကြာနေရသနည်း။

◻ မတော်တဆလူသတ်မိသူအပေါ်တွင် တင်ထားသည့် ကန့်သတ်မှုများမှ ရနိုင်ဖွယ်ရှိသည့် အကျိုးများကားအဘယ်နည်း။

[စာမျက်နှာ ၁၂ ပါ မြေပုံ]

ဣသရေလနိုင်ငံ၏ခိုလှုံရာမြို့များသည် အလှမ်းမီနိုင်သောနေရာများတွင်တည်ရှိကြသည်

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ကေဒေရှ ယော်ဒန်မြစ် ဂေါလန်

ရှေခင် ရာမုတ်

ဟေဗြုန် ဗေဇာ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ