ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၁၂/၁၅ စာ. ၄-၇
  • ပေးကမ်းခြင်း စိတ်ဓာတ် အသင်၌ရှိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပေးကမ်းခြင်း စိတ်ဓာတ် အသင်၌ရှိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တစ်ဦးတစ်ယောက်ထံမှ မျက်နှာသာ သင်ရလိုသလော
  • လက်ဆောင်သည် စိတ်စေတနာရှိသောနှလုံးမှ လာခြင်းလော
  • သင့်အဓိကအရေးထားမှု —အချိန်အခါလော သို့မဟုတ် မေတ္တာတင်ပြခြင်းလော
  • တစ်နှစ်ပတ်လုံး ရက်ရောမှုရှိသည့်စိတ်ဓာတ်
  • အကောင်းဆုံးလက်ဆောင် ရှာပုံတော်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • “ရခဲ့ဖူးသမျှထဲမှာ အကောင်းဆုံးလက်ဆောင်ပဲ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • ဘုရားပေးတဲ့ အကောင်းဆုံးလက်ဆောင်​—⁠ဘာကြောင့် အလွန်အဖိုးတန်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၁၂/၁၅ စာ. ၄-၇

ပေးကမ်းခြင်း စိတ်ဓာတ် အသင်၌ရှိသလော

ပေးကမ်းရန် လူများအားလှုံ့ဆော်သောစိတ်ဓာတ် တစ်ခုထက်မကရှိကြောင်း သင်တွေ့ရှိသလော။ လက်ဆောင်သည် ချစ်ခြင်းမေတ္တာ၊ ရက်ရောမှုနှင့် ကျေးဇူးတင်မှုကို ပြသော ဖော်ပြချက်တစ်ခုဖြစ်ပေမည်။ သို့သော်လည်း လက်ဆောင်သည် လူတစ်ဦး၏မျက်နှာသာရလိုသောဆန္ဒမှလည်း ဖြစ်လာတတ်ကြောင်း သင်သတိမပြုမိပေလော။ သို့မဟုတ် တာဝန်ရှိသည်ဟူသောခံစားချက်မျိုးဖြင့်ပေးခြင်း သို့မဟုတ် ပေးကမ်းသူက တစ်ခုခုပြန်ရလို၍ ပေးခြင်းဖြစ်ကောင်းဖြစ်ပေမည်။

လက်ဆောင်သည် လှပသောဖဲကြိုးလေးဖြင့်ချည်ထားသော အထုပ်ထဲတွင်ရှိပေမည်။ သို့သော် နှစ်သက်ဖွယ်ကောင်းသောလက်ဆောင်သည် ပန်းစည်းတစ်စည်း၊ ဟင်းတစ်ခွက် သို့မဟုတ် ကြင်နာသောအပြုအမူတစ်ခုလည်း ဖြစ်ကောင်းဖြစ်မည်မှာ မမှန်ကန်ပေလော။ အမှန်ဆိုလျှင် အလွန်ကျေးဇူးတင်ခြင်းကိုခံရသော လက်ဆောင်များသည် ကိုယ်ကိုယ်တိုင်ကို ပေးကမ်းခြင်းဖြစ်လေ့ရှိသည်။

တစ်ဦးတစ်ယောက်ထံမှ မျက်နှာသာ သင်ရလိုသလော

လူတို့သည် တစ်ဦးတစ်ယောက်ထံမှမျက်နှာသာရလို၍ ထိုသူကို လက်ဆောင်ပေးကမ်းလေ့ရှိသည်။ နိုင်ငံအချို့တွင် သတို့သမီးဖြစ်လာဖို့ အလားအလာရှိသောသူတစ်ဦး၏မေတ္တာကို ရလိုသောလူငယ်သည် သူမထံပန်းများယူလာပေးပေမည်။ သို့သော် ပညာရှိသောအမျိုးသမီးသည် လက်ဆောင်ထက် ကျော်၍ရှုမြင်တတ်သည်။ လူငယ်၏လက်ဆောင်နောက်ကွယ်ရှိစိတ်ဓာတ်သည် သူ့အား ခင်ပွန်းကောင်းလည်းဖြစ်စေမည်ဖြစ်သော နှစ်သက်ဖွယ်ကောင်းသည့်အရာ ဟုတ်မဟုတ်ကို သူမသည် ဆင်ခြင်လေ့ရှိသည်။ ဤကဲ့သို့သောလက်ဆောင်သည် ဘုရားရေးရာစိတ်ဓာတ်ကို ထင်ဟပ်ပြပါက ပေးကမ်းသူနှင့် လက်ခံသူနှစ်ဦးစလုံးအတွက် ပျော်ရွှင်မှုကို များစွာဖြစ်စေနိုင်သည်။

သမ္မာကျမ်းစာက နာဗလ၏ဇနီးအဘိဂဲလသည် ဣသရေလ၏အနာဂတ်ဘုရင်ဖြစ်ရန် ဘုရားသခင်ရွေးချယ်ထားသောသူအဖြစ် သူမသိရှိထားသော ဒါဝိဒ်အတွက် လက်ဆောင်ကို ရက်ရောစွာအလျင်အမြန် ပြင်ဆင်ပေးခဲ့ခြင်းအကြောင်းဆိုထားသည်။ သူမသည်လည်း မျက်နှာသာရလို၍ဖြစ်သည်။ သူမ၏လင်ယောက်ျားသည် ဒါဝိဒ်ကိုမောင်းနှင်ထုတ်ပြီး ဒါဝိဒ်၏လူများကို ပြစ်တင်ကြိမ်းမောင်းအော်ဟစ်ခဲ့သည်။ လက်နက်ကိုင်လူ ၄၀၀ ခန့်ရှိသော အုပ်စုတစ်စုကို ဦးဆောင်၍ ဒါဝိဒ်သည် နာဗလနှင့် သူ၏အိမ်သူအိမ်သားများကို ဖျက်ဆီးရန် ထွက်ခဲ့၏။ အဘိဂဲလသည် ကြားဖြတ်ဝင်၍ ဒါဝိဒ်၏လူများအတွက်အစားအသောက်များဖြစ်သော ရက်ရောသည့်လက်ဆောင်ကိုအလျင်အမြန်ပေးပို့ခဲ့သည်။ လက်ဆောင်များနောက် သူမကိုယ်တိုင်လိုက်လာကာ သူမ၏လင်ယောက်ျားလုပ်ခဲ့ရာများကို နှိမ့်ချစွာဝန်ခံပြီး ဒါဝိဒ်နှင့်သူမပြောဆိုဆင်ခြင်စဉ် ကြီးမားလှသောထက်မြက်သည့်ဉာဏ်စွမ်းကို သူမထင်ရှားပြခဲ့သည်။

သူမ၏ရည်ရွယ်ချက်သည် မြင့်မြတ်ပြီး ကောင်းသည့်အကျိုးရလဒ်ရရှိခဲ့၏။ ဒါဝိဒ်သည် သူမ၏လက်ဆောင်ကိုလက်သင့်ခံပြီး ဤသို့ဆိုခဲ့သည်– “သင်သည် နေရာအိမ်သို့ ငြိမ်ဝပ်စွာသွားလော့။ သင်၏စကားကို ငါနားထောင်ပြီ။ သင်၏မျက်နှာကိုလည်း ထောက်၍နေမည်။” နာဗလသေပြီးနောက်ပိုင်း ဒါဝိဒ်သည် အဘိဂဲလကိုလက်ထပ်ရန်ပင် ကြံရွယ်ခဲ့ပြီး သူမဝမ်းမြောက်စွာလက်ခံခဲ့သည်။—၁ ဓမ္မရာဇဝင် ၂၅:၁၃-၄၂။

သို့သော်လည်း အချို့သောကိစ္စများ၌ လူတစ်ဦးရှာဖွေသောမျက်နှာသာတွင် တရားမျှတမှုကို ဖောက်လှဲဖောက်ပြန်ပြုသည့် ဘက်လိုက်မှုတင်ပြခြင်းပင် ပါဝင်နိုင်သည်။ ယင်းကဲ့သို့သောကိစ္စတွင် လက်ဆောင်သည် လာဘ်ထိုးခြင်းဖြစ်သွားသည်။ ပေးကမ်းသူက အကျိုးခံစားရလိမ့်မည်ဟုထင်သော်လည်း စိတ်ငြိမ်သက်မှုကို သူဆုံးရှုံးသွားသည်။ အခြားသူများသိရှိသွားလိမ့်မည်ဟူသည့် အန္တရာယ်မျိုးရှိနေလေ့ရှိပြီး ယင်းအတွက်သူစာရင်းရှင်းရလိမ့်မည်ဖြစ်သည်။ လိုလားသောမျက်နှာသာကို ရရှိသည့်တိုင် ယခုဆိုလျှင် ထိုသို့သောသူ၏စိတ်ထားသည် သံသယဖြစ်ဖွယ်ရှိသူအဖြစ် နာမည်ရရှိနေပေမည်။ ဘုရားရေးရာဉာဏ်ပညာကို ထင်ဟပ်ပြရင်း သမ္မာကျမ်းစာက ယင်းကဲ့သို့သောလက်ဆောင်များကို တားမြစ်ထားသည်။—တရားဟောရာ ၁၆:၁၉; ဒေသနာ ၇:၇။

လက်ဆောင်သည် စိတ်စေတနာရှိသောနှလုံးမှ လာခြင်းလော

ပေးလိုသောကြောင့် သင်ချစ်ရသူတစ်ဦးကိုပေးကမ်းခြင်းသည် အခြားသူများက သင်သည် ပေးသင့်သည်ဟုစိတ်ထင်ရှိစေသောကြောင့် ပေးကမ်းခြင်းထက် ပို၍ပျော်ရွှင်မှုရရှိစေသည်မှာအမှန်။

ရုပ်ပစ္စည်းလိုအပ်နေသောခရစ်ယာန်ချင်းတို့အတွက် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများကိုစုစည်းခြင်းနှင့်စပ်လျဉ်း၍ တမန်တော်ပေါလုသည် ဘုရားရေးရာပေးကမ်းခြင်းနှင့်ဆိုင်သော အလွန်ကောင်းသည့်မူအချို့ကို ချမှတ်ခဲ့သည်။ သူဤသို့ရေးသားခဲ့၏– “စေတနာစိတ်သည် အသင့်ရှိလျှင် မတတ်နိုင်သောအမှုကိုမထောက်ဘဲ၊ တတ်နိုင်သောအမှုကိုထောက်၍ နှစ်သက်တော်မူဖွယ်ဖြစ်၏။” သူဤသို့ထပ်ဆင့်သည်– “နှမြောသောစိတ်နှင့်မလှူရ၊ မလှူဘဲမနေရဟု စိတ်ထင်နှင့်မလှူရ၊ အကြောင်းမူကား စေတနာစိတ်နှင့်လှူသောသူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏။” (၂ ကောရိန္သု ၈:၁၂; ၉:၇) ထို့ကြောင့် သင့်အပေါ်များစွာမူတည်နေသည်။ လက်ဆောင်အရမ်းကာရောပေးကမ်းခြင်းဖြင့် အကြွေးတင်စေမည့်အစား မိမိ၌ရှိသည့်ငွေနှင့်အညီ သင်နေထိုင်သလော။ အများအားဖြင့် လူမှုရေး သို့မဟုတ် စီးပွားရေး၏ဖိအားပေးမှုကြောင့် ပေးရန်အကျပ်ကိုင်ခံရသည်ဟုခံစားရမည့်အစား နှလုံးတွင်စိတ်ပိုင်းဖြတ်ထားသည့်အတိုင်း သင်လုပ်ဆောင်သလော။ ဤကဲ့သို့သောဘုရားရေးရာမူများကိုလိုက်လျှောက်သော ကနဦးခရစ်ယာန်များထံ ပေါလု ဤသို့စာရေးခဲ့သည်– “သူတို့အလှူဒါနကို ငါတို့သည်ယူ၍ သူတို့နှင့်ကူညီလျက် သန့်ရှင်းသူတို့အားလုပ်ကျွေးခြင်းအမှုကို ဆောင်ရွက်မည်အကြောင်း သူတို့သည် တိုက်တွန်းသွေးဆောင်သောစကားများအားဖြင့်ငါတို့ကို တောင်းပန်ကြ၏။”—၂ ကောရိန္သု ၈:၄။

ယင်းနှင့်ဆန့်ကျင်လျက် ၁၉၉၄ နိုဝင်ဘာ/ဒီဇင်ဘာလထုတ် Royal Bank Letterက ခရစ္စမတ်ရောက်ခါနီးသီတင်းပတ်များနှင့်ပတ်သက်၍ ဤသို့ဆိုသည်– “ထိုရာသီသည် ပစ္စည်းများမဝယ်လိုက်ရဘဲဖြစ်လိမ့်မည်စိုး၍ ဝယ်ယူထားကြဖို့ သုံးစွဲသူများကိုတွန်းအားပေးရန် စီးပွားရေးအဖွဲ့အစည်းများက ဖန်တီးပေးသောစိတ်လှုပ်ရှားဖွယ်ဖြစ်စေသည့်အချိန်အခါဖြစ်သည်။” အကြွေးဖြင့်ဝယ်ယူပါက လက်ဆောင်ပေးခြင်းမှရသော မည်သည့်ကျေနပ်မှုမဆိုသည် ငွေပေးချေရသောအခါ၌ လျင်မြန်စွာမှေးမှိန်သွားမည်ဖြစ်သည်။

သင့်အဓိကအရေးထားမှု —အချိန်အခါလော သို့မဟုတ် မေတ္တာတင်ပြခြင်းလော

လက်ဆောင်များပေးကမ်းခြင်းကို ယင်းလိုအပ်သည်ဟုထင်ရသည့် အချိန်အခါများတွင် ပို၍ပေးကမ်းသလော။ ထိုသို့ ဖြစ်ပါက လိုလိုချင်ချင်ပေးကမ်းခြင်းမှ ရရှိနိုင်သောပျော်ရွှင်မှုအတော်ကလေးကို သင်လက်လွတ်ဆုံးရှုံးကောင်းဆုံးရှုံးနေမည်ဖြစ်သည်။

သတ်မှတ်ထားသောနေ့ရက်များတွင် လက်ဆောင်ပေးကမ်းခြင်းမှ ရရှိသောအကျိုးရလဒ်များနှင့်မကျေနပ်နိုင်သူ များစွာရှိသည်။ လက်ဆောင်များပေးကမ်းခြင်းကို မျှော်လင့်သည့်အချိန်အခါနီးလာသည်နှင့်အမျှ သူမ၏ကလေးများတွင် လောဘစိတ်ပေါ်လွင်လာသည်ဟု စာရေးဆရာမလည်းဖြစ်သော မိခင်တစ်ဦးက ဝန်ခံပြောကြားခဲ့သည်။ နောက်တစ်စုံတစ်ရာကိုမျှော်လင့်နေသည့်အတွက်ကြောင့် နှစ်သက်ဖွယ်ကောင်းသောလက်ဆောင်မှရရှိသည့် သူမ၏ပျော်ရွှင်မှုသည် ပျက်ယွင်းရသည်ဟု သူမဝန်ခံသည်။ ပွဲတော်များနှင့် လက်ဆောင်များလဲလှယ်ခြင်း၏ကြန်အင်လက္ခဏာဖြစ်သော အားလပ်ရက်များသည် အလွန်စိတ်ဖိစီးသော၊ အရက်သေစာအလွဲသုံးစားပြုကြသော အချိန်အခါလည်းဖြစ်သည်ဟု သတင်းစာအများတို့က ဆိုကြသည်။

အားလပ်ရက်အချိန်တွင် လက်ဆောင်ပေးခြင်းကိုအလေးပေးခြင်းက တစ်ခါတစ်ရံ ကလေးများကို ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုရှိစေတတ်ကြောင်း သတိပြုမိကာ သည်နယူးယောက်တိုင်းမ်စ်တွင် ကိုးကားခံရသည့် စိတ်ပညာဆိုင်ရာ ပါမောက္ခတစ်ဦးက ဤသို့အကြံပြုထားသည်– “ဖိစီးမှုလျော့နည်းစေသောနည်းအဖြစ် အခြားရက်များတွင် လက်ဆောင်အချို့ပေးစမ်းကြည့်ပါ။” ယင်းသည် ကောင်းသောအကျိုးရလဒ်ရှိလိမ့်မည်ဟု သင်ထင်သလော။

ခရစ္စမတ်နှင့် မွေးနေ့ပွဲများမကျင်းပသောအိမ်ထောင်စုတွင်နေထိုင်သည့် ၁၂ နှစ်အရွယ် တာမီက ဤသို့ရေးသားခဲ့သည်– “သင်တို့မမျှော်လင့်ထားတဲ့အချိန်မှာ လက်ဆောင်တစ်ခုရတာဟာ ပိုပျော်ရတယ်။” တစ်နှစ်တစ်ခါ သို့မဟုတ် နှစ်ခါသာ လက်ဆောင်များပေးကမ်းမည့်အစား သူမ၏မိဘများသည် သူနှင့် သူမ၏မောင်လေးကို တစ်နှစ်ပတ်လုံး ပေးလေ့ရှိသည်ဟု သူမကပြောပြသည်။ သို့သော် ထိုလက်ဆောင်များထက် သူမအတွက်ပိုအရေးကြီးသောအရာ ရှိသေးသည်။ “ပျော်စရာကောင်းတဲ့မိသားစုအသက်တာမျိုး ကျွန်မရရှိထားတယ်” ဟု သူမပြောခဲ့သည်။

ခိုင်မြဲသောမိသားစုများ၏ လျှို့ဝှက်ချက်များ ဟူသည့်စာအုပ်က ဤသို့ပွင့်ပွင့်လင်းလင်းဖော်ပြထားသည်– “ကျွန်ုပ်တို့ချစ်ရသူများ၏ မွေးနေ့ပွဲများ၊ နှစ်ပတ်လည်ပွဲများ သို့မဟုတ် အားလပ်ရက်များတွင် သင့်လျော်သောလက်ဆောင်များကိုရွေးချယ်ပေးရန် ကျွန်ုပ်တို့အများစုသည် တစ်နှစ်လျှင်အကြိမ်ကြိမ် ငွေနှင့် အချိန်ကိုအသုံးပြုကြသည်။ အားလုံးတို့တွင်အကောင်းဆုံးသောလက်ဆောင်သည် ဘဏ်စုငွေမှ တစ်ပြားမျှထုတ်ယူစရာမလိုပါ။ ထုပ်ပိုးစရာလည်းမလိုပါ။ သင့်အသက်တာသည် သင်၌ရှိသော တန်ဖိုးအရှိဆုံးပိုင်ဆိုင်ရာဖြစ်သည်ဟု လူအများနည်းတူ သင်ယုံကြည်ပါက သင့်အသက်တာ၏တစ်စိတ်တစ်ပိုင်းလေးသည် သင်၌ရှိသည့် ပေးရန်တန်ဖိုးအရှိဆုံးသောလက်ဆောင်ဖြစ်သည်။ ကျွန်ုပ်တို့ချစ်ရသူများအတွက်ပေးသော အချိန်ပမာဏအားဖြင့် ယင်းတန်ဖိုးရှိလက်ဆောင်ကို ကျွန်ုပ်တို့ပေးကြသည်။”

ထိုပေးကမ်းမှုကို သင့်ကိုယ်ပိုင်မိသားစုထက်မကအား ပေးကမ်းနိုင်ပါသည်။ အခြားသူများ၏သိသာသည့်လိုအပ်မှုကို ဖြည့်စွက်ရန် လိုလိုလားလားပေးကမ်းခြင်းသည် ထူးခြားသောကျေနပ်ရောင့်ရဲမှုကို ရရှိနိုင်သည်။ ဆင်းရဲသောသူ၊ ခြေမစွမ်းသောသူနှင့် မျက်စိကန်းသောသူတို့ကို မေတ္တာပါသောဂရုစိုက်မှုတင်ပြရန် ကျွန်ုပ်တို့အား ယေရှုတိုက်တွန်းပြီး ဤသို့ထပ်ဖြည့်စွက်သည်– “သို့ဖိတ်ခေါ်လျှင် သင်သည်မင်္ဂလာရှိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် သင့်အားပြန်၍ကျေးဇူးဆပ်နိုင်စွမ်းမရှိကြသောကြောင့်ဖြစ်သည်။”—လုကာ ၁၄:၁၂-၁၄၊ သတင်းကောင်း။

ယင်းကဲ့သို့သောပေးကမ်းခြင်းပုံသက်သေတစ်ခုကို မကြာသေးမီက Rockland Journal-News (U.S.A) သတင်းတွင်ဖော်ပြထားသည်။ မျက်မမြင် သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦး၏အိမ် ပြိုပျက်သွားသောအခါ မိတ်ဆွေများသည် အိမ်အသစ်တစ်လုံးပြန်ဆောက်ပေးကြသည်။ ဒေသခံကုမ္ပဏီအချို့က အလှူငွေများထည့်ဝင်ကြပြီး ဒေသခံအစိုးရဌာနက ငွေကြေးထောက်ပံ့ပေးသည်။ “သို့သော်လည်း ပို၍အရေးကြီးသည်မှာ ဟာဗာစထူ ယေဟောဝါသက်သေများ၏အသင်းတော်ကို တက်ရောက်ကြသောသူ အများဖြစ်သည့် ၁၅၀ ထက်မနည်းသောသူတို့သည် အိမ်ကိုဆောက်လုပ်ရန် အချိန်ကိုထည့်လှူကြသည်” ဟု သတင်းစာကဆိုသည်။

ဆောင်းပါးတွင် ဤသို့ဆက်ရေးသားထားသည်– “ဆောက်လုပ်နေသည့်နေရာတွင် အစားအသောက်များနှင့်ပြည့်နေသည့်စားပွဲဘေး၌ ပစ္စည်းပုံကြီးရှိသည်။ နှစ်ရက်အတွင်း အလုပ်သမားများသည် အမြင့်သုံးထပ်ရှိသော မိသားစုနှစ်စုအိမ်ကို ဆောက်လိုက်ကြသည်။ ယေဟောဝါသက်သေများသည် အဆောက်အအုံများကို လျင်မြန်စွာဆောက်လုပ်နိုင်စွမ်းကြောင့် နာမည်ကြီးကြသည်။ . . . သို့သော် ယင်းကဲ့သို့သောလျင်မြန်မှုသည် မေတ္တာဖြင့်လုပ်ဆောင်ရာတွင် တာရှည်ခံရန်တည်းဟူသော အမြဲတည်သည့်သူတို့၏ရည်ရွယ်ရင်းအကြောင်းနှင့် ခြားနားသည်။ မီးဇ်. ဗလက်လီသည် သူမ၏အိမ်သစ်လေးကို မတွေ့မြင်နိုင်သော်လည်း လက်ဖြင့်ထိစမ်းနိုင်ပြီး ဤကိုယ်ကျိုးမဲ့သောလုပ်ဆောင်ချက်ကြောင့် လှုံ့ဆော်ခံရသော သူမ၏နှလုံးသားသည် ယင်း၏အတိမ်အနက်ကို သိရှိပေမည်။”

တစ်နှစ်ပတ်လုံး ရက်ရောမှုရှိသည့်စိတ်ဓာတ်

အမှန်တကယ် ရက်ရောသည့်စိတ်ဓာတ်ရှိသူများသည် အထူးနေ့ရက်များကို စောင့်မနေပါ။ သူတို့၏အသက်တာသည် ကိုယ်ကျိုးအတွက်သာမဟုတ်ပါ။ ကောင်းသည့်အရာတစ်စုံတစ်ခုကို ရရှိပါက အခြားသူတို့နှင့်မျှဝေရခြင်းကို သူတို့နှစ်သက်ကြသည်။ ယင်းက သူတို့သည် လက်ဆောင်မပေးမနေရပေးရသည့်သူများဖြစ်သည်ဟုမဆိုလိုပါ။ ယင်းက ဤမျှအထိပေးသောကြောင့် သူတို့၏မိသားစုများ ငတ်ပြတ်နေကြရသည်ဟု မဆိုလိုပါ။ ယင်းက သူတို့သည် လက်ခံသူအပေါ်သက်ရောက်သည့်အကျိုးဆက်ကို မစဉ်းစားဘဲ ပေးသည်ဟုမဆိုလိုပါ။ သို့သော်လည်း ပေးကမ်းကြရန် မိမိ၏တပည့်တော်များကို ယေရှုမှာကြားခဲ့သည့်အတိုင်း သူတို့သည် “ပေးကမ်းကြ” သူများဖြစ်သည်။—လုကာ ၆:၃၈၊ သမ။

အသက်ကြီးရင့်သူ၊ ဖျားနာသူ သို့မဟုတ် တစ်နည်းနည်းဖြင့် အားပေးမှုလိုအပ်နေသူများဖြစ်သော မိတ်ဆွေနှင့် အိမ်နီးချင်းများ၏အခြေအနေကို သိရှိကြသည်။ သူတို့၏ “လက်ဆောင်” သည် ဈေးသွားပေးခြင်း သို့မဟုတ် အိမ်အလုပ်များကို ကူညီပေးခြင်းတို့ ဖြစ်ကောင်းဖြစ်မည်။ ထင်းခွဲပေးခြင်း သို့မဟုတ် ဆီးနှင်းများကို ဂေါ်ပြားဖြင့်ကော်ပစ်ခြင်း ဖြစ်ကောင်းဖြစ်မည်။ အသင့်ပြင်ထားသော ဟင်းတစ်ခွက် သို့မဟုတ် အချိန်တစ်နာရီမျှ လာရောက်လည်ပတ်ကာအတူတကွစာဖတ်ရှုကြခြင်း ဖြစ်ကောင်းဖြစ်မည်။ သူတို့၏အသက်တာကိုယ်နှိုက်တွင် အလုပ်များနေမည်ဖြစ်သော်လည်း အကူအညီမပေးနိုင်လောက်သည့်အထိတော့မဟုတ်ပေ။ “အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်းအရာသည် သာ၍မင်္ဂလာရှိသည်” ဟူသည် အမှန်ပင်ဖြစ်ကြောင်း အတွေ့အကြုံများမှ သူတို့တတ်သိခဲ့ကြပေပြီ။—တမန်တော် ၂၀:၃၅။

ပေးကမ်းသောသူအားလုံးတို့တွင် အကြီးမြတ်ဆုံးသောပေးကမ်းရှင်မှာ ကျွန်ုပ်တို့၏ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်ပင်ဖြစ်သည်။ ကိုယ်တော်သည် “ခပ်သိမ်းသောသူတို့အား ဇီဝအသက်နှင့်တကွ ထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်းသောအရာတို့ကို ပေးတော်မူ” ထားသည်။ (တမန်တော် ၁၇:၂၅) သမ္မာကျမ်းစာထဲတွင် ဆိုးယုတ်မှု၊ ဖျားနာမှု၊ သေခြင်းတို့ကို အဆုံးတိုင်စေပြီး ကမ္ဘာကြီးကို ပရဒိသုတစ်ခုဖြစ်အောင်လုပ်ရန် ကိုယ်တော်၏ရည်ရွယ်ချက်နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့အားထိုးထွင်းသိမြင်စေရန်လည်း ပြင်ဆင်ပေးထားသည်။ (ဆာလံ ၃၇:၁၀၊ ၁၁; ဗျာဒိတ် ၂၁:၄၊ ၅) ယင်းကိုသိရှိလာသောအခါ ရက်ရောသည့်စိတ်ဓာတ်ရှိသူတို့သည် သတင်းကောင်းကို သူတို့အတွက်သာသိမ်းထားလိမ့်မည်မဟုတ်ပေ။ သူတို့၏အပျော်ရွှင်ဆုံးသောအရာတစ်ခုမှာ အခြားသူများနှင့် ယင်းကိုမျှဝေရခြင်းပင်ဖြစ်သည်။ သူတို့၏စိတ်ဓာတ်သည် ပေးကမ်းခြင်းဆိုင်ရာဘုရားရေးရာစိတ်ဓာတ် အမှန်ပင်ဖြစ်တော့သည်။ သင်မွေးမြူပျိုးထောင်နေသောစိတ်ဓာတ်သည် ယင်းစိတ်ဓာတ်မျိုးဖြစ်သလော။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

တန်ဖိုးအရှိဆုံးသောလက်ဆောင်အချို့သည် ငွေအကုန်အကျမရှိပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ