မျက်နှာဖုံးအကြောင်းအရာ | အကောင်းဆုံး လက်ဆောင်ဟာ ဘာလဲ
“ရခဲ့ဖူးသမျှထဲမှာ အကောင်းဆုံးလက်ဆောင်ပဲ”
၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးက ခွေးကလေးတစ်ကောင် လက်ဆောင်ရချိန်မှာ အဲဒီလို ပြောခဲ့တယ်။ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးက အထက်တန်းကျောင်းသူဘဝမှာ ဖခင်ဆီက ကွန်ပျူတာတစ်လုံး လက်ဆောင်ရလိုက်တဲ့အတွက် သူ့ဘဝ ပြောင်းလဲသွားတယ်လို့ ပြောတယ်။ လက်ထပ်ပြီးခါစ အမျိုးသားတစ်ဦးက ဇနီးကိုယ်တိုင် လုပ်ပေးတဲ့ မင်္ဂလာသက်တမ်း တစ်နှစ်ပြည့် အမှတ်တရ ပို့စကတ်လေးဟာ ရခဲ့ဖူးသမျှ လက်ဆောင်တွေထဲမှာ အကောင်းဆုံးပဲလို့ ပြောတယ်။
နှစ်စဉ် လူများစွာဟာ အထူးအခါသမယတွေမှာ မိတ်ဆွေ ဒါမှမဟုတ် ဆွေမျိုးအတွက် “အကောင်းဆုံး” လက်ဆောင်ပေးနိုင်ဖို့ အချိန်ကုန်ခံ၊ အပင်ပန်းခံပြီး ကြိုးစားကြတယ်။ အထက်မှာပါတဲ့ တုံ့ပြန်မှုမျိုးကို လူတိုင်း ကြားချင်ကြမှာပဲ။ သင်ကော။ တကယ် တန်ဖိုးထားခံရတဲ့ လက်ဆောင်ကို ပေးချင်သလား၊ ဒါမှမဟုတ် အဲဒီလို လက်ဆောင်မျိုး ရချင်သလား။
လက်ဆောင်တွေဟာ ရရှိသူကိုရော ပေးသူကိုပါ ပျော်ရွှင်ကျေနပ်မှု ခံစားရစေတယ်။ ဒါကြောင့် လက်ဆောင်ပေးတာ၊ လက်ဆောင်ရတာတွေဟာ အလွန် စိတ်ကြည်နူးစေတယ်။ “ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်” လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (တမန်တော် ၂၀:၃၅) တကယ်တန်ဖိုးထားခံရတဲ့ လက်ဆောင်မျိုး ဖြစ်မယ်ဆိုရင် ပေးကမ်းခြင်းကနေ ပျော်ရွှင်မှု ပိုခံစားရပါလိမ့်မယ်။
လက်ဆောင်ပေးတဲ့အခါ နှစ်ဦးနှစ်ဖက် ပျော်ရွှင်မှု ခံစားရစေတဲ့ လက်ဆောင်မျိုးဖြစ်ဖို့ ဘာလုပ်နိုင်သလဲ။ “အကောင်းဆုံး” လက်ဆောင်ပေးဖို့ မတတ်နိုင်ဘူးဆိုရင်တောင် ကိုယ့်ရဲ့လက်ဆောင် တန်ဖိုးထားခံရအောင် ဘာတွေ လုပ်နိုင်သလဲ။