“သမ္မာတရားနှင့် ငြိမ်သက်ခြင်းကို မြတ်နိုးကြလော့”!
“ဗိုလ်ခြေတို့၏အရှင် ယေဟောဝါ၏နှုတ်ကပါဌ်တော်သည် ငါ့ဆီသို့ဆက်ပြီးရောက်လာ၍ . . . မိန့်တော်မူသည်ကား၊ ‘. . . သမ္မာတရားနှင့် ငြိမ်သက်ခြင်းကို မြတ်နိုးကြလော့။’”—ဇာခရိ ၈:၁၈၊ ၁၉၊ ကဘ။
၁၊ ၂။ (က) ငြိမ်သက်ခြင်းနှင့်ပတ်သက်သည့် လူသားတို့၏မှတ်တမ်းကား အဘယ်နည်း။ (ခ) ဤမျက်မှောက်လောကသည် စစ်မှန်သောငြိမ်သက်ခြင်းကို အဘယ်ကြောင့် ဘယ်သောအခါမျှတွေ့နိုင်မည်မဟုတ်သနည်း။
“ကမ္ဘာပေါ်တွင် မည်သည့်အခါ၌မျှ ငြိမ်သက်ခြင်းမရှိခဲ့ဖူးပါ။ တစ်နေရာမဟုတ် တစ်နေရာ—များသောအားဖြင့် နေရာအများတွင် တစ်ကြိမ်တည်း—၌ စစ်အမြဲတိုက်နေသည်” ဟု ယူ.အက်စ်.အေ.၊ မက်ဆာချူးဆက်တက္ကသိုလ်၏ ပါမောက္ခ မီလ်တန်မေယာ က ဆိုခဲ့သည်။ စိတ်မချမ်းသာစရာ ဝေဖန်ချက်ပါတကား! လူသားသည် ငြိမ်းချမ်းရေးကို အမှန်လိုလားပါသည်။ နိုင်ငံရေးသမားများသည် ငြိမ်းချမ်းရေးရှိရန် ရောမခေတ်က ပက်စ်ရိုမာနာမှစ၍ စစ်အေးတိုက်ပွဲအတွင်း “အပြန်အလှန်ဖျက်ဆီးခြင်း” မူဝါဒအထိ နည်းအမျိုးမျိုးတို့ကို စမ်းသပ်ကျင့်သုံးလာခဲ့ကြပြီ။ သို့သော် အဆုံးတွင် သူတို့၏ကြိုးပမ်းမှုအားလုံး အချည်းနှီးသက်သက်ဖြစ်ခဲ့ရလေသည်။ လွန်ခဲ့သည့် ရာစုနှစ်ပေါင်းများစွာကတည်းက ဟေရှာယဖော်ပြသကဲ့သို့ ‘မိတ်သဟာယစကားကိုပြောသောတမန်တို့သည် ပြင်းစွာ ငိုကြွေးကြရ၏။’ (ဟေရှာယ ၃၃:၇) ယင်းသို့ အဘယ်ကြောင့်ဖြစ်ရသနည်း။
၂ အဓွန့်ရှည်သောငြိမ်းချမ်းရေးသည် မုန်းတီးမှုနှင့် လောဘ ကင်းမဲ့သည့်အဖြစ်မှ ပေါ်ပေါက်လာရမည်ဖြစ်သောကြောင့်တည်း; ယင်းသည် သမ္မာတရားပေါ်တွင် အခြေခံရမည်။ ငြိမ်သက်ခြင်းသည် မုသားများအပေါ် အခြေမခံနိုင်ပါ။ ယင်းကြောင့် ရှေးဣသရေလနိုင်ငံ ပြန်လည်တည်ထောင်လာပြီး ငြိမ်သက်ခြင်းရှိလိမ့်မည်ဟု ယေဟောဝါကတိပေးတော်မူစဉ်က ဤသို့မိန့်တော်မူ၏– “မြစ်ကဲ့သို့ ချမ်းသာကိုလည်းကောင်း၊ စီးသောရေကဲ့သို့ တစ်ပါးအမျိုးသားတို့၏ စည်းစိမ်ကိုလည်းကောင်း ယေရုရှလင်မြို့သို့ ငါရောက်စေမည်။” (ဟေရှာယ ၆၆:၁၂) ဤအစီအစဉ်စနစ်၏ဘုရား စာတန်မာရ်နတ်သည် “လူအသက်ကိုသတ်သောသူ၊” လူသတ်သမားဖြစ်ပြီး ‘မုသားစကား၌ကျင်လည်သော မုသား၏အဘ’ ဖြစ်သည်။ (ယောဟန် ၈:၄၄; ၂ ကောရိန္သု ၄:၄) ဤကဲ့သို့သောဘုရား အစိုးရသည့်လောကသည် မည်သို့ငြိမ်းချမ်းနိုင်ပါမည်နည်း။
၃။ မိမိ၏လူမျိုးတော်သည် ဒုက္ခမြားမြောင်သောကမ္ဘာတွင် အသက်ရှင်နေထိုင်ကြရသော်လည်း ယေဟောဝါသည် သူတို့အား အဘယ်ထူးခြားသောဆုကျေးဇူး ပေးသနားတော်မူသနည်း။
၃ သို့သော် ထူးခြားလှသည်ကား စစ်ဒဏ်ခံရသောစာတန့်လောကတွင် ယေဟောဝါ၏လူမျိုးနေထိုင်လျက်ပင် ကိုယ်တော်သည် သူတို့အားငြိမ်သက်ခြင်းရှိစေတော်မူ၏။ (ယောဟန် ၁၇:၁၆) ဘီ.စီ.အီး. ခြောက်ရာစုတွင် ယေရမိမှတစ်ဆင့် ကိုယ်တော်ပေးသည့်ကတိတော်ကို ပြည့်စုံစေတော်မူပြီး ကိုယ်တော်၏အထူးလူမျိုးအား သူတို့၏ပြည်တော်၌ ပြန်နေထိုင်စေတော်မူသောအခါ သူတို့အား “ငြိမ်သက်ခြင်းနှင့် သမ္မာတရား” ကိုပေးသနားတော်မူခဲ့သည်။ (ယေရမိ ၃၃:၆) ဤနောက်ဆုံးသောကာလတွင်လည်း ကိုယ်တော်၏လူမျိုးသည် ကမ္ဘာ့အဆိုးတကာ့အဆိုးဆုံး ဒုက္ခကာလကို တွေ့ကြုံလာခဲ့ရသော်လည်း သူတို့၏ “တိုင်းနိုင်ငံ” သို့မဟုတ် မြေကြီးဆိုင်ရာဝိညာဏနယ်မြေတွင် “ငြိမ်သက်ခြင်းနှင့် သမ္မာတရား” ကို ရှိစေတော်မူခဲ့ပြီ။ (ဟေရှာယ ၆၆:၈; မဿဲ ၂၄:၇-၁၃; ဗျာဒိတ် ၆:၁-၈) ဇာခရိအခန်းကြီး ၈ ကိုကျွန်ုပ်တို့ဆက်ဆွေးနွေးကြစဉ် ဘုရားပေးငြိမ်သက်ခြင်းနှင့် သမ္မာတရားကို ကျွန်ုပ်တို့ပိုမိုတန်ဖိုးထားလေးမြတ်လာပြီး ယင်း၌အမြဲပါဝင်နေနိုင်ရန် ကိုယ်တိုင်ဘာလုပ်ရမည်အကြောင်း သိလာကြရလိမ့်မည်။
“သင်တို့လက်ကို အားကြီးစေကြလော့”
၄။ ငြိမ်သက်ခြင်းကို ခံစားရရန် ဣသရေလလူမျိုးသည် မည်သို့ပြုမူရမည်ဟု ဇာခရိက သူတို့ကို တိုက်တွန်းပေးသနည်း။
၄ ဇာခရိအခန်းကြီး ၈ တွင် ဆဋ္ဌမအကြိမ်မြောက် ယေဟောဝါထံတော်မှ အားတက်စဖွယ်ကြွေးကြော်ချက်ကို ကြားရကြသည်– “ဗိုလ်ခြေတို့၏အရှင် ယေဟောဝါမိန့်တော်မူသည်ကား ‘ဗိမာန်တော်ကို တည်ဆောက်ခြင်းငှာ ဗိုလ်ခြေတို့၏အရှင် ယေဟောဝါ၏အိမ်တော်တိုက်မြစ်ကို ချသောကာလ၌ရှိသော ပရောဖက်တို့ ဟောပြောသော ဤစကားကို ယခုကာလ၌ ကြားသောသူတို့၊ သင်တို့လက်ကို အားကြီးစေကြလော့။ ထိုကာလအထက်၌ လူ့အခမရှိ; တိရစ္ဆာန်အခမရှိ; ထွက်ဝင်သောသူတို့သည် ရန်သူရှိသောကြောင့် ချမ်းသာမရကြ။’”—ဇာခရိ ၈:၉၊ ၁၀၊ ကဘ။
၅၊ ၆။ (က) ဣသရေလလူမျိုး၏ စိတ်ဓာတ်ကျမှုကြောင့် ဣသရေလနိုင်ငံ၏အခြေအနေကား အဘယ်နည်း။ (ခ) ယေဟောဝါ၏ဝတ်ပြုရေးကို ရှေ့ဦးထားမည်ဆိုလျှင် အဘယ်ပြောင်းလဲမှုဖြစ်မည်ဟု ဣသရေလလူမျိုးကို ကိုယ်တော်ကတိပြုတော်မူသနည်း။
၅ ယေရုရှလင်မြို့တွင် ဗိမာန်တော်ကို ပြန်ဆောက်နေစဉ် ဤစကားများကို ဇာခရိပြောဆိုခဲ့သည်။ ယခင်က ဗာဗုလုန်နိုင်ငံမှ ပြန်လာသော ဣသရေလလူမျိုးသည် စိတ်ဓာတ်ကျပြီး ဗိမာန်တော်ကို ဆက်မဆောက်ကြတော့ချေ။ သူတို့သည် စည်းစိမ်ရှိဖို့ရန် အာရုံပြုကြသောကြောင့် ယေဟောဝါထံတော်မှ ကောင်းချီးမရ၊ ငြိမ်သက်ခြင်းလည်း မရကြချေ။ သူတို့သည် ထွန်ယက်စိုက်ပျိုးပြီး စပျစ်ဥယျာဉ်များကို ပြုစုကြသော်လည်း တိုးတက်ကြီးပွားမှုမရှိပါ။ (ဟဂ္ဂဲ ၁:၃-၆) ‘အခမရ’ ဘဲ သူတို့လုပ်ကိုင်နေဘိသကဲ့သို့ဖြစ်သည်။
၆ ယခု ဗိမာန်တော်ကို ပြန်တည်ဆောက်နေပြီဖြစ်ရာ ‘အားကြီးကြဖို့၊’ ယေဟောဝါ၏ဝတ်ပြုရေးကို သတ္တိရှိရှိ ရှေ့ဦးထားကြဖို့ ဇာခရိက ဂျူးများကို အားပေးပါသည်။ သို့ပြုလျှင် မည်သို့ဖြစ်မည်နည်း။ “‘ယခုမူကား၊ ကျန်ကြွင်းသော ဤလူတို့၌ ငါသည် အရင်ကဲ့သို့မပြု’ ဟု ဗိုလ်ခြေတို့၏အရှင် ယေဟောဝါမိန့်တော်မူ၏။ ‘အကြောင်းမူကား ငြိမ်သက်ခြင်းမျိုးစေ့ရှိလိမ့်မည်; စပျစ်ပင်သည် အသီးကိုလည်းကောင်း၊ မြေသည် မိမိစီးပွားကိုလည်းကောင်း၊ မိုးကောင်းကင်သည် နှင်းရည်ကိုလည်းကောင်း ပေးရလိမ့်မည်။ ကျန်ကြွင်းသော ဤလူတို့သည် ဤအရာအလုံးစုံတို့ကို ရတတ်စေခြင်းငှာ ငါပြုမည်။ အိုယုဒအမျိုးနှင့် ဣသရေလအမျိုးတို့၊ သင်တို့သည် တစ်ပါးအမျိုးတို့တွင် ကျိန်ဆဲရာဖြစ်ဖူးသကဲ့သို့၊ ကောင်းချီးခံရာဖြစ်စေခြင်းငှာ ငါကယ်တင်မည်။ မစိုးရိမ်ကြနှင့်။ လက်အားကြီးကြလော့။’” (ဇာခရိ ၈:၁၁-၁၃၊ ကဘ) ဣသရေလလူမျိုးသည် သန္နိဋ္ဌာန်ချပြီး ပြုမူလုပ်ကိုင်ကြမည်ဆိုလျှင် အမှန်တိုးတက်ကြီးပွားလိမ့်မည်။ အစောပိုင်းတွင် လူမျိုးအသီးသီးတို့သည် ကျိန်ဆဲရာဖြစ်ဖူးခြင်းအကြောင်း ဥပမာတင်ပြလိုလျှင် ဣသရေလလူမျိုးကို ညွှန်းနိုင်ကြသည်။ ယခုမူကား ဣသရေလလူမျိုးသည် ကောင်းချီးခံရရာဥပမာဖြစ်ချေပြီ။ ‘သူတို့လက်ကို အားကြီးစေ’ ရန် အလွန်ကောင်းလှသည့်အကြောင်းတစ်ရပ်ပါတကား!
၇။ (က) ၁၉၉၅ လုပ်ငန်းတော်နှစ်တွင် အထွတ်သို့ရောက်သည့် အဘယ်သဲလှိုက်ရင်ဖိုဖြစ်သောပြောင်းလဲမှုများကို ယေဟောဝါ၏လူမျိုးတွေ့ကြုံခဲ့ရသနည်း။ (ခ) နှစ်ချုပ်မှတ်တမ်းကိုကြည့်သောအခါ အဘယ်နိုင်ငံများသည် ကြေညာသူများ၊ ရှေ့ဆောင်များ၊ ပျမ်းမျှနာရီများနှင့်စပ်လျဉ်း၍ ထူးခြားသောမှတ်တမ်းသွင်းသည်ကို သင်တွေ့သနည်း။
၇ ယနေ့ကော မည်သို့နည်း။ ၁၉၁၉ ခုနှစ်မတိုင်မီနှစ်များတွင် ယေဟောဝါ၏လူမျိုးသည် ဇွဲလုံ့လလျော့နည်းနေကြ၏။ သူတို့သည် ပထမကမ္ဘာစစ်အတွင်း ကြားနေဝါဒကို အပြည့်အဝမကျင့်သုံးခဲ့ကြချေ။ သူတို့၏ဘုရင် ယေရှုခရစ်တော်နောက်သို့လိုက်မည့်အစား လူတစ်ဦးတစ်ယောက်၏နောက်သို့လိုက်ရန် ဆန္ဒရှိနေကြသည်။ အကျိုးဆက်ကား အချို့သူများသည် အဖွဲ့အစည်း၏အတွင်းနှင့်အပြင်တို့မှ အတိုက်အခံပြုမှုကြောင့် စိတ်ဓာတ်ကျခဲ့ကြသည်။ ထို့နောက် ၁၉၁၉ ခုနှစ်တွင် ယေဟောဝါ၏အကူအညီဖြင့် သူတို့သည် မိမိတို့လက်များကို အားကြီးစေကြသည်။ (ဇာခရိ ၄:၆) ယေဟောဝါသည် သူတို့ကို ငြိမ်သက်ခြင်းပေးတော်မူသဖြင့် အကြီးအကျယ်တိုးတက်ကြီးပွားလာလေသည်။ ယင်းကို ၁၉၉၅ ခုနှစ်တွင် အထွတ်အထိပ်ရောက်သည့် သူတို့၏လွန်ခဲ့သော ၇၅ နှစ်တာမှတ်တမ်းကဖော်ပြသည်။ လူမျိုးတစ်မျိုးအနေနှင့် ယေဟောဝါသက်သေများသည် လူမျိုးရေးစိတ်၊ လူမျိုးစုအစွဲ၊ ဘက်လိုက်မှုနှင့် အခြားအခြားသော မုန်းတီးမှုများကို ရှောင်ရှားကြသည်။ (၁ ယောဟန် ၃:၁၄-၁၈) သူတို့သည် ယေဟောဝါ၏ဝိညာဏဗိမာန်တော်တွင် စစ်မှန်သောဇွဲလုံ့လနှင့် အမှုတော်ကိုထမ်းဆောင်ကြသည်။ (ဟေဗြဲ ၁၃:၁၅; ဗျာဒိတ် ၇:၁၅) လွန်ခဲ့သောနှစ် တစ်နှစ်တည်းတွင် သူတို့သည် ကောင်းကင်ခမည်းတော်အကြောင်းပြောဆိုခြင်းတွင် နာရီပေါင်း သန်းတစ်ထောင်ကျော်အသုံးပြုခဲ့ကြသည်! လစဉ်လတိုင်း ကျမ်းစာသင်အံမှုပေါင်း ၄,၈၆၅,၀၆၀ ခုကျင်းပခဲ့သည်။ ရှေ့ဆောင်လုပ်ငန်းတွင် ပျမ်းမျှအားဖြင့် ၆၆၃,၅၂၁ ဦး လစဉ်ပါဝင်ခဲ့ကြသည်။ ခရစ်ယာန်ဘောင်ဓမ္မဆရာများသည် ဝတ်ပြုရေးတွင် အမှန်စိတ်အားထက်သန်သူများ၏ဥပမာကိုတင်ပြလိုလျှင် ယေဟောဝါသက်သေများကို ညွှန်ပြတတ်ကြသည်။
၈။ ခရစ်ယာန်တစ်ဦးစီသည် “ငြိမ်သက်ခြင်းမျိုးစေ့” မှမည်သို့အကျိုးခံစားနိုင်သနည်း။
၈ သူတို့၏ဇွဲလုံ့လကြောင့် ယေဟောဝါသည် မိမိ၏လူမျိုးအား “ငြိမ်သက်ခြင်းမျိုးစေ့” ပေးတော်မူသည်။ ထိုမျိုးစေ့ကိုစိုက်ပျိုးသူ တစ်ဦးစီသည် သူ၏နှလုံး၌လည်းကောင်း၊ သူ၏အသက်တာ၌လည်းကောင်း ငြိမ်သက်ခြင်း တိုးပွားကြီးထွားလာသည်ကို တွေ့မြင်ရလိမ့်မည်။ ယေဟောဝါနှင့်လည်းကောင်း၊ ခရစ်ယာန်ချင်းတို့နှင့်လည်းကောင်း ငြိမ်သက်မှုရှိခြင်းကို မီအောင်လိုက်သောယုံကြည်သူ ခရစ်ယာန်တိုင်းသည် ယေဟောဝါ၏နာမတော်ခံယူထားသောလူမျိုး၏ သမ္မာတရားနှင့် ငြိမ်သက်ခြင်းကိုခံစားကြရသည်။ (၁ ပေတရု ၃:၁၁၊ ကဘ; ယာကုပ် ၃:၁၈ နှိုင်းယှဉ်။) ယင်းသည် အလွန်ကောင်းသည်မဟုတ်ပေလော။
“မစိုးရိမ်ကြနှင့်”
၉။ ယေဟောဝါသည် လူမျိုးတော်နှင့် မည်သို့ပြောင်းလဲပြီးဆက်ဆံမည်ဟု ကတိပြုတော်မူသနည်း။
၉ ယခု ယေဟောဝါထံတော်မှ သတ္တမမြောက်ကြွေးကြော်ချက်ကို ကျွန်ုပ်တို့ဖတ်ရ၏။ ယင်းကား အဘယ်နည်း။ “ဗိုလ်ခြေတို့၏အရှင် ယေဟောဝါမိန့်တော်မူသည်ကား ‘သင်တို့၏ဘိုးဘေးတို့သည် ငါ့အမျက်ကို နှိုးဆော်ကြသောအခါ အပြစ်ပြုမည်ဟုငါသည် နောင်တမရဘဲကြံသကဲ့သို့ တစ်ဖန် ယခုကာလ၌ ယေရုရှလင်မြို့နှင့် ယုဒအမျိုးကို ကျေးဇူးပြုမည် ဟုငါကြံပြန်၏။ မစိုးရိမ်ကြနှင့်’ ဟု ဗိုလ်ခြေတို့၏အရှင် ယေဟောဝါမိန့်တော်မူ၏။”—ဇာခရိ ၈:၁၄၊ ၁၅၊ ကဘ။
၁၀။ ယေဟောဝါသက်သေများသည် မစိုးရိမ်ကြကြောင်း သူတို့၏အဘယ်မှတ်တမ်းက ဖော်ပြသနည်း။
၁၀ ယေဟောဝါ၏လူမျိုးသည် ပထမကမ္ဘာစစ်အတွင်း ဝိညာဏသဘောအရ ပြန့်လွင့်နေကြသော်လည်း သူတို့၏နှလုံးတွင်း၌မူ မှန်ကန်ရာကို ပြုမူလုပ်ကိုင်လိုကြသည်။ သို့ဖြစ်၍ ယေဟောဝါသည် သူတို့ကို အနည်းငယ်ပဲ့ပြင်ဆုံးမပြီးနောက် သူတို့နှင့်ဆက်ဆံပုံကို ပြောင်းလဲလိုက်လေသည်။ (မာလခိ ၃:၂-၄) ယနေ့ ကိုယ်တော်ပြုမူစီရင်ခဲ့သမျှကို ပြန်သုံးသပ်ပြီး ကိုယ်တော့်ကို များစွာကျေးဇူးတင်ကြပါသည်။ မှန်ပါသည်၊ ကျွန်ုပ်တို့သည် ‘ခပ်သိမ်းသောလူမျိုးတို့၏မုန်းခြင်း’ ကိုခံခဲ့ကြရပြီ။ (မဿဲ ၂၄:၉) များစွာသောသူတို့သည် အကျဉ်းချခံခဲ့ရ၏။ အချို့ဆိုလျှင် သူတို့၏ယုံကြည်ခြင်းအတွက် အသေခံခဲ့ကြရသည်။ ဂရုမစိုက်ခြင်း သို့မဟုတ် ရန်မူခြင်းကို မကြာခဏ ကြုံတွေ့ကြရသည်။ သို့တိုင် ကျွန်ုပ်တို့မစိုးရိမ်ကြပါ။ ယေဟောဝါသည် မျက်မြင်ရသော သို့မဟုတ် မရသော မည်သည့်အတိုက်အခံထက်မဆို တန်ခိုးကြီးမားတော်မူကြောင်း ကျွန်ုပ်တို့သိကြပါသည်။ (ဟေရှာယ ၄၀:၁၅; ဧဖက် ၆:၁၀-၁၃) ဤစကားကို ကျွန်ုပ်တို့ စဉ်ဆက်မပြတ်နာခံကြမည်– “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ကို မျှော်လင့်လော့; အားယူ၍ ရဲရင့်သောစိတ်နှလုံးရှိလော့။”—ဆာလံ ၂၇:၁၄။
“တစ်ယောက်နှင့်တစ်ယောက် မှန်သောစကားကိုပြောကြလော့”
၁၁၊ ၁၂။ ယေဟောဝါထံတော်မှကောင်းချီးများကို အပြည့်အဝခံစားလိုလျှင် ကျွန်ုပ်တို့တစ်ဦးစီသည် အဘယ်အရာကို စိတ်စွဲလမ်းသင့်သနည်း။
၁၁ ယေဟောဝါထံတော်မှကောင်းချီးများကို အပြည့်အဝခံစားရန် ကျွန်ုပ်တို့သတိရသင့်သည့်အရာများရှိသည်။ ဇာခရိက ဤသို့ဆိုသည်– “‘သင်တို့ကျင့်ရမည့်အကျင့်ဟူမူကား၊ သင်တို့ရှိသမျှသည် တစ်ယောက်နှင့်တစ်ယောက် မှန်သောစကားကိုပြောကြလော့။ မြို့တံခါးဝမှာ တရားတွေ့သည်အမှုကို အမှန်တရားအတိုင်းလည်းကောင်း၊ ငြိမ်းချမ်းစွာလည်းကောင်း တရားဆုံးဖြတ်စီရင်ကြလော့။ တစ်ယောက်ကိုတစ်ယောက် အဘယ်သူမျှ မကောင်းသောအကြံကို မကြံကြနှင့်။ မမှန်သောကျိန်ဆိုခြင်းကို မနှစ်သက်ကြနှင့်။ ထိုသို့သောအမှုရှိသမျှတို့ကို ငါမုန်းသည်’ ဟုယေဟောဝါမိန့်တော်မူ၏။”—ဇာခရိ ၈:၁၆၊ ၁၇၊ ကဘ။
၁၂ မှန်သောစကားပြောဆိုရန် ကျွန်ုပ်တို့ကို ယေဟောဝါ တိုက်တွန်းတော်မူသည်။ (ဧဖက် ၄:၁၅၊ ၂၅) ကိုယ်တော်သည် ဒုစရိုက်ကိုပြုခြင်းငှာ မကောင်းသောအကြံကိုကြံသောသူ၊ ကိုယ်ကျိုးအတွက် အမှန်တရားကိုဖုံးကွယ်သောသူ၊ သို့မဟုတ် မမှန်သောကျိန်ဆိုခြင်းကိုပြုသောသူတို့၏ ဆုပတ္ထနာများကို နားညောင်းတော်မမူပါ။ (သု. ၂၈:၉) အယူဖောက်ပြန်ခြင်းကို ကိုယ်တော်ရွံမုန်းသောကြောင့် သမ္မာကျမ်းစာ၏အမှန်တရားကို မှီဝဲဆည်းကပ်စေလိုတော်မူသည်။ (ဆာလံ ၂၅:၅; ၂ ယောဟန် ၉-၁၁) ထို့ပြင် ဣသရေလနိုင်ငံ၏ မြို့တံခါးဝများတွင်ထိုင်သော အသက်ကြီးသူများနည်းတူ တရားရေးရာကိစ္စများကို ကိုင်တွယ်သော အကြီးအကဲများသည် သူတို့၏ဆုံးမသြဝါဒနှင့် ဆုံးဖြတ်ချက်များကို ကိုယ်ပိုင်အယူအဆများအပေါ်မဟုတ်ဘဲ ကျမ်းစာသမ္မာတရားအပေါ်အခြေပြုသင့်သည်။ (ယောဟန် ၁၇:၁၇) ခရစ်ယာန်သိုးထိန်းများအနေနှင့် သူတို့သည် ငြင်းခုံသူအချင်းချင်း သင့်တင့်စေရန်လည်းကောင်း၊ နောင်တရသော အပြစ်ပြုသူများကို ဘုရားသခင့်ရှေ့တော်၌ ငြိမ်သက်ခြင်းပြန်ခံစားရစေရန်လည်းကောင်း ‘ငြိမ်းချမ်းစွာ တရားဆုံးဖြတ်စီရင်’ ဖို့ ယေဟောဝါအလိုရှိတော်မူသည်။ (ယာကုပ် ၅:၁၄၊ ၁၅; ယုဒ ၂၃) တစ်ကြိမ်တည်းတွင် မှားယွင်းမှုကို တမင်ဆက်ကျင့်ကြံနေသော အသင်းတော်၏ငြိမ်သက်ခြင်းကို အနှောင့်အယှက်ပြုသူတို့ကို သတ္တိရှိရှိနှင်ထုတ်ခြင်းအားဖြင့် အသင်းတော်၏ငြိမ်သက်ခြင်းကို ထိန်းသိမ်းကြ၏။—၁ ကောရိန္သု ၆:၉၊ ၁၀။
“အားရဝမ်းမြောက်ရွှင်လန်းစွာ”
၁၃။ (က) အစာရှောင်ခြင်းနှင့်ပတ်သက်၍ အဘယ်အပြောင်းအလဲအကြောင်း ဇာခရိပရောဖက်ပြုသနည်း။ (ခ) ဣသရေလနိုင်ငံတွင် အဘယ်အစာရှောင်ခြင်းကို စောင့်ခဲ့သနည်း။
၁၃ ယခု အဋ္ဌမမြောက် လေးနက်သောကြွေးကြော်ချက်ကို ကျွန်ုပ်တို့ကြားရကြသည်– “ဗိုလ်ခြေတို့၏အရှင် ယေဟောဝါမိန့်တော်မူသည်ကား၊ စတုတ္ထလတွင် အစာရှောင်ခြင်း၊ ပဉ္စမလတွင် အစာရှောင်ခြင်း၊ သတ္တမလတွင် အစာရှောင်ခြင်း၊ ဒသမလတွင် အစာရှောင်ခြင်းတို့သည် ယုဒအမျိုး အားရဝမ်းမြောက်ရွှင်လန်းစွာ ပွဲခံချိန်ကာလဖြစ်ကြလိမ့်မည်။ ထို့ကြောင့် သမ္မာတရားနှင့် ငြိမ်သက်ခြင်းကို မြတ်နိုးကြလော့။’” (ဇာခရိ ၈:၁၉၊ ကဘ) မောရှေ၏ပညတ်တရားအောက်တွင် ဣသရေလလူမျိုးသည် နောင်တရခြင်း အထိမ်းအမှတ်အနေနှင့် အပြစ်ဖြေရာနေ့တွင် အစာရှောင်ကြသည်။ (ဝတ်ပြုရာ ၁၆:၂၉-၃၁) ဇာခရိဖော်ပြသော အစာရှောင်ခြင်းလေးခုသည် ယေရုရှလင်မြို့ကို သိမ်းပိုက်ဖျက်ဆီးခြင်းကြောင့် ငိုကြွေးမြည်တမ်းဖို့အတွက် ဖြစ်ပုံရှိသည်။ (၄ ဓမ္မရာဇဝင် ၂၅:၁-၄၊ ၈၊ ၉၊ ၂၂-၂၆) ယခုမူကား ဗိမာန်တော်ကို ပြန်လည်တည်ဆောက်နေပြီး ယေရုရှလင်မြို့သည် လူသူစည်ကားနေပြန်ပြီ။ ငိုကြွေးမြည်တမ်းခြင်းအစား အားရရွှင်လန်းခြင်းရှိနေ၍ အစာရှောင်ခြင်းတို့သည် ပွဲခံချိန်ကာလများဖြစ်ကြလိမ့်မည်။
၁၄၊ ၁၅။ (က) သတိရအောက်မေ့ပွဲသည် များစွာဝမ်းမြောက်ရွှင်လန်းစရာအကြောင်း မည်သို့ဖြစ်သနည်း။ ယင်းက ကျွန်ုပ်တို့အား အဘယ်အရာကို သတိရစေသင့်သနည်း။ (ခ) နှစ်ချုပ်မှတ်တမ်းအရ အဘယ်နိုင်ငံများတွင် သတိရအောက်မေ့ပွဲကို တက်ရောက်သူဦးရေ ထူးခြားထင်ရှားသနည်း။
၁၄ ယနေ့ ဇာခရိဖော်ပြသည့် အစာရှောင်ခြင်း၊ သို့မဟုတ် ပညတ်တရားစီရင်သော အစာရှောင်ခြင်းတို့ကို ကျွန်ုပ်တို့မစောင့်ကြချေ။ ယေရှုသည် ကျွန်ုပ်တို့၏အပြစ်ကိုဖြေဖို့ရန် မိမိကိုယ်ကိုပူဇော်ခဲ့သောကြောင့် စတိလောက်သာမဟုတ်ဘဲ လုံးလုံးလျားလျား အပြစ်ဖုံးအုပ်ခံရမည့် သာ၍ကြီးမြတ်သော အပြစ်ဖြေရာနေ့၏ ကောင်းချီးများကို ခံစားနေကြရ၏။ (ဟေဗြဲ ၉:၆-၁၄) ကောင်းကင်ယဇ်ပုရောဟိတ်မင်းကြီး ယေရှုခရစ်၏အမိန့်တော်အရ ခရစ်ယာန်ပြက္ခဒိန်တွင် တစ်ခုတည်းသော အရေးကြီးသည့်ပွဲခံရာနေ့ရက်အဖြစ် ကိုယ်တော်၏သေခြင်းကို သတိရအောက်မေ့ပွဲကျင်းပကြသည်။ (လုကာ ၂၂:၁၉၊ ၂၀) ကျွန်ုပ်တို့သည် ထိုပွဲတော်ကို နှစ်စဉ်အတူတကွကျင်းပကြရာတွင် “အားရဝမ်းမြောက်ရွှင်လန်း” ကြသည်မဟုတ်သလော။
၁၅ လွန်ခဲ့သောနှစ်က ပွဲတော်တွင် လူပေါင်း ၁၃,၁၄၇,၂၀၁ ယောက်ပါဝင်ဆင်နွှဲခဲ့ကြသည်။ ၎င်းအရေအတွက်ကား ၁၉၉၄ ခုနှစ်ထက် ၈၅၈,၂၈၄ ယောက်များပါသည်။ များစွာသော လူများပါတကား! ပွဲတော်တွင်ပါဝင်ဆင်နွှဲဖို့အတွက် ဘုရားသခင့်နိုင်ငံတော်ခန်းမများသို့ များပြားသောလူတို့ အလွန်ထူးခြားစွာ ရောက်ရှိလာကြသည့်အခါ ယေဟောဝါသက်သေများ၏ အသင်းတော်ပေါင်း ၈၈,၆၂၀ ခုတို့တွင်မည်မျှဝမ်းမြောက်ရွှင်လန်းကြမည်ကို စဉ်းစားကြည့်ပါလေ။ တက်ရောက်သူအားလုံးတို့သည် ‘လမ်းခရီးလည်းဖြစ်၊ သမ္မာတရားလည်းဖြစ်၊ အသက်လည်းဖြစ်” တော်မူပြီး ယခု ယေဟောဝါ၏ ကြီးမြတ်တော်မူသော “ငြိမ်သက်ခြင်းမင်းသား” အဖြစ် စိုးမိုးနေတော်မူသောသူ၏သေခြင်းကို သတိရအောက်မေ့ကြစဉ် “သမ္မာတရားနှင့် ငြိမ်သက်ခြင်းကို မြတ်နိုး” ကြရန် အမှန်ပင် လှုံ့ဆော်ခံခဲ့ရမည်တကား! (ယောဟန် ၁၄:၆; ဟေရှာယ ၉:၆၊ ကဘ) ဗရုန်းဗရင်းဖြစ်မှုနှင့် စစ်ဒဏ်ကိုခံရသောတိုင်းနိုင်ငံများတွင် ထိုပွဲတော်ကိုကျင်းပခဲ့သူတို့အတွက် ယင်းပွဲတော်သည် အထူးအဓိပ္ပာယ်လေးနက်ပါသည်။ ၁၉၉၅ ခုနှစ်အတွင်း ကျွန်ုပ်တို့၏ညီအစ်ကိုအချို့သည် မဖော်ပြနိုင်လောက်အောင်ဖြစ်သော ဆိုးရွားမှုများကို ကြုံတွေ့ခဲ့ကြရသည်။ သို့တိုင် ‘အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သူတို့၏စိတ်နှလုံးကို စောင့်မခဲ့သည်။’—ဖိလိပ္ပိ ၄:၇။
‘ယေဟောဝါ၏မျက်နှာသာတော်ကိုရခြင်းငှာ အသနားခံကြစို့’
၁၆၊ ၁၇။ လူမျိုးအသီးသီးမှလူတို့သည် ‘ယေဟောဝါ၏မျက်နှာသာတော်ကို မည်သို့ရ’ နိုင်မည်နည်း။
၁၆ သို့သော် သတိရအောက်မေ့ပွဲကိုတက်ရောက်သူ သန်းပေါင်းများစွာတို့သည် အဘယ်မှလာကြသနည်း။ ယေဟောဝါ၏ နဝမမြောက်မိန့်တော်မူချက်က ရှင်းပြသည်– “ဗိုလ်ခြေတို့၏အရှင် ယေဟောဝါမိန့်တော်မူသည်ကား ‘များစွာသောမြို့သူရွာသား၊ လူအမျိုးမျိုးတို့သည် လာကြလိမ့်မည်။ မြို့တစ်မြို့၌နေသောသူသည် အခြားမြို့တစ်မြို့၌နေသောသူတို့ဆီသို့သွား၍ “ယေဟောဝါ၏မျက်နှာသာတော်ကိုရခြင်းငှာလည်းကောင်း၊ ဗိုလ်ခြေတို့၏အရှင် ယေဟောဝါကိုရှာခြင်းငှာလည်းကောင်း စိတ်အားထက်သန်စွာ သွားကြကုန်အံ့။ ငါလည်းသွားမည်” ဟု ခေါ်ကြလိမ့်မည်။ ကြီးသောတိုင်းနိုင်ငံသား၊ လူအမျိုးမျိုးတို့သည် ဗိုလ်ခြေတို့၏အရှင် ယေဟောဝါကို ယေရုရှလင်မြို့၌ရှာ၍ ယေဟောဝါ၏မျက်နှာသာတော်ကိုရခြင်းငှာ အမှန်လာကြလိမ့်မည်။’”—ဇာခရိ ၈:၂၀-၂၂၊ ကဘ။
၁၇ သတိရအောက်မေ့ပွဲကိုတက်ရောက်သူများသည် “ဗိုလ်ခြေတို့၏အရှင် ယေဟောဝါကိုရှာ” လိုကြသည်။ သူတို့အနက် များစွာသောသူတို့သည် ကိုယ်တော်၏ဆက်ကပ်အပ်နှံ နှစ်ခြင်းခံပြီးသား ကျေးကျွန်များဖြစ်ကြသည်။ တက်ရောက်သူ အခြားသန်းပေါင်းများစွာတို့မှာမူ ထိုအဆင့်သို့ မတက်လှမ်းရသေးချေ။ အချို့တိုင်းနိုင်ငံများတွင် သတိရအောက်မေ့ပွဲကိုတက်ရောက်သူဦးရေသည် ဘုရားသခင့်နိုင်ငံတော်ကြေညာသူများအရေအတွက်ထက် လေးငါးဆတိုင် များပါသည်။ ဤစိတ်ဝင်စားသူများစွာတို့သည် ဆက်လက်တိုးတက်နိုင်ကြရန် အကူအညီလိုသည်။ ယေရှုသည် ကျွန်ုပ်တို့အပေါင်း၏အပြစ်အတွက် အသေခံတော်မူပြီး ယခု ဘုရားသခင်၏နိုင်ငံတော်ဘုရင်အဖြစ် စိုးစံနေတော်မူကြောင်း သိကျွမ်းခြင်းအသိပညာ၌ ဝမ်းမြောက်ရွှင်လန်းနိုင်ကြရန် သူတို့ကို သွန်သင်ပေးကြစို့။ (၁ ကောရိန္သု ၅:၇၊ ၈; ဗျာဒိတ် ၁၁:၁၅) ထို့ပြင် ယေဟောဝါဘုရားသခင်ထံ သူတို့ကိုယ်ကိုသူတို့ ဆက်ကပ်အပ်နှံပြီး ကိုယ်တော့်ခန့်အပ်ခံဘုရင်၏လက်အောက်ခံများဖြစ်ကြရန် အားပေးတိုက်တွန်းကြစို့။ ဤနည်းဖြင့် သူတို့သည် “ယေဟောဝါ၏မျက်နှာသာတော်ကိုရ” ကြလိမ့်မည်။—ဆာလံ ၁၁၆:၁၈၊ ၁၉; ဖိလိပ္ပိ ၂:၁၂၊ ၁၃။
“ဘာသာအသီးအသီးကိုပြောတတ်သော လူအမျိုးမျိုးတို့မှ ဆယ်ယောက်သောလူတို့”
၁၈၊ ၁၉။ (က) ဇာခရိ ၈:၂၃ ၏ပြည့်စုံချက်တွင် ယနေ့ မည်သူသည် “ဂျူး” ဖြစ်သနည်း။ (ခ) ယနေ့ “ယုဒလူဖြစ်သော သူ၏အဝတ်စွန်းကိုကိုင်” သော “ဆယ်ယောက်သောလူတို့သည်” မည်သူများဖြစ်သနည်း။
၁၈ ဇာခရိကျမ်း၏ အဋ္ဌမအခန်းတွင် “ဗိုလ်ခြေတို့၏အရှင် ယေဟောဝါမိန့်တော်မူသည်ကား” ဟူ၍ နောက်ဆုံးအကြိမ် ကျွန်ုပ်တို့ဖတ်ရှုရသည်။ ယေဟောဝါ၏ နောက်ဆုံးကြွေးကြော်ချက်ကား အဘယ်နည်း။ “ထိုကာလ၌ ဘာသာအသီးအသီးကိုပြောတတ်သောလူအမျိုးမျိုးတို့မှ ဆယ်ယောက်သောလူတို့သည် ယုဒလူဖြစ်သော သူ၏အဝတ်စွန်းကိုကိုင်လျက် ‘ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူသည်ဟု အကျွန်ုပ်တို့သည် ကြားသိသောကြောင့် သင်တို့နှင့်အတူ လိုက်ပါမည်’ ဟု ဆိုကြလိမ့်မည်။” (ဇာခရိ ၈:၂၃၊ ကဘ) ဇာခရိခေတ်တွင် ဇာတိပကတိဣသရေလလူမျိုးသည် ဘုရားသခင်ရွေးချယ်ထားတော်မူသောလူမျိုးဖြစ်သည်။ သို့ရာတွင် ပထမရာစု၌ ဣသရေလလူမျိုးသည် ယေဟောဝါ၏မေရှိယကို ငြင်းပယ်ခဲ့သည်။ သို့ဖြစ်၍ ကျွန်ုပ်တို့၏ဘုရားသခင်သည် ဝိညာဏဂျူးများဖြင့်ဖွဲ့စည်းထားသော “ဘုရားသခင်၏ဣသရေလလူမျိုး၊” “ယုဒလူ” ဣသရေလလူမျိုးအသစ်—ကို မိမိ၏အထူးလူမျိုးအဖြစ် ရွေးချယ်တော်မူသည်။ (ဂလာတိ ၆:၁၆; ယောဟန် ၁:၁၁; ရောမ ၂:၂၈၊ ၂၉) နောက်ဆုံးတွင် ဤသူတို့၏အရေအတွက်သည် ၁၄၄,၀၀၀ ဖြစ်ရပေမည်။ ဤသူတို့သည် ယေရှုနှင့်အတူ ကောင်းကင်နိုင်ငံတော်တွင် စိုးစံကြရန် လူတို့အထဲက ရွေးနုတ်ခံရကြမည်ဖြစ်သည်။—ဗျာဒိတ် ၁၄:၁၊ ၄။
၁၉ ဤ ၁၄၄,၀၀၀ တို့မှအများစုသည် သစ္စာရှိရှိကွယ်လွန်ကြပြီး သူတို့၏ကောင်းကင်ဆုကျေးဇူးကို ခံယူခဲ့ကြပြီ။ (၁ ကောရိန္သု ၁၅:၅၁၊ ၅၂; ဗျာဒိတ် ၆:၉-၁၁) မြေကြီးပေါ်တွင် အနည်းငယ်ကျန်ကြွင်းနေသေး၍ ဤ “ယုဒလူ” နှင့်အတူလိုက်ပါသွားဖို့ ရွေးချယ်သော “ဆယ်ယောက်သောလူတို့” သည် “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ . . . လူများအပေါင်းတို့” အမှန်ဖြစ်လာသည်ကို သူတို့တွေ့ရှိရကြကာ ဝမ်းမြောက်ရွှင်လန်းနေကြသည်။—ဗျာဒိတ် ၇:၉; ဟေရှာယ ၂:၂၊ ၃; ၆၀:၄-၁၀၊ ၂၂။
၂၀၊ ၂၁။ ဤလောက၏အဆုံးနီးလာသည်နှင့်အမျှ ကျွန်ုပ်တို့သည် မည်သို့ ယေဟောဝါနှင့် ငြိမ်သက်စွာနေနိုင်ကြမည်နည်း။
၂၀ ဤလောက၏အဆုံးသည် မြေကြီးလက်ခတ်မလွဲ နီးလာနေစဉ် ခရစ်ယာန်ဘောင်သည် ယေရမိခေတ်က ယေရုရှလင်မြို့နှင့်တူပါသည်– “အကျွန်ုပ်တို့သည် ငြိမ်သက်ခြင်းကို မျှော်လင့်သော်လည်း ကောင်းကျိုးကိုမရကြပါ။ ချမ်းသာကိုမျှော်လင့်သော်လည်း ဘေးနှင့်သာ တွေ့ရကြပါ၏!” (ယေရမိ ၁၄:၁၉) တိုင်းနိုင်ငံများက မှောက်မှားသောဘာသာရေးကိုတိုက်ခိုက်ပြီး ရက်စက်စွာအဆုံးစီရင်သည့်အခါ ထိုဘေးသည် အထွတ်အထိပ်သို့ ရောက်လိမ့်မည်။ ထို့နောက်များမကြာမီအချိန်တွင် တိုင်းနိုင်ငံများကိုယ်နှိုက်သည် ဘုရားသခင်၏ နောက်ဆုံးစစ်ပွဲ၊ အာမဂေဒုန်တွင် ဖျက်ဆီးခြင်းခံရလိမ့်မည်။ (မဿဲ ၂၄:၂၉၊ ၃၀; ဗျာဒိတ် ၁၆:၁၄၊ ၁၆; ၁၇:၁၆-၁၈; ၁၉:၁၁-၂၁) ထိုအချိန်အခါသည် အမှန်တကယ်ရုန်းရင်းဆန်ခတ်ဖြစ်မည်ပါတကား!
၂၁ ယေဟောဝါသည် သမ္မာတရားမြတ်နိုးကာ “ငြိမ်သက်ခြင်းမျိုးစေ့” ကိုပြုစုပျိုးထောင်သောသူတို့ကို ထိုကာလတစ်လျှောက်လုံး ကာကွယ်ပေးတော်မူမည်။ (ဇာခရိ ၈:၁၂; ဇေဖနိ ၂:၃) ထို့ကြောင့် ကိုယ်တော့်လူမျိုး၏ပြည်တော်တွင် လုံခြုံစွာနေပြီး ဇွဲရှိရှိ ကိုယ်တော့်ကို လူသိရှင်ကြားချီးမွမ်းထောမနာပြုကာ လူများနိုင်သမျှ များစွာတို့ကို “ယေဟောဝါ၏မျက်နှာသာတော်ကိုရ” စေရန် အကူအညီပေးကြစို့။ ထိုသို့ပြုလုပ်ကြမည်ဆိုလျှင် ယေဟောဝါ၏ငြိမ်သက်ခြင်း၌ ကျွန်ုပ်တို့အမြဲပျော်မွေ့နေကြလိမ့်မည်။ မှန်ပါသည်၊ “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် မိမိလူစုကို ခိုင်ခံ့စေတော်မူမည်။ ထာဝရဘုရားသည် [“ယေဟောဝါ၊” ကဘ] မိမိလူစုအား ငြိမ်သက်ခြင်းကောင်းချီးမင်္ဂလာကို ပေးတော်မူမည်။”—ဆာလံ ၂၉:၁၁။
သင်ရှင်းပြနိုင်သလော
◻ ဇာခရိခေတ်တွင် ဘုရားသခင်၏လူမျိုးသည် ‘မိမိတို့၏လက်ကို မည်သို့အားကြီးစေ’ သနည်း။ ယနေ့ကော မည်သို့နည်း။
◻ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဂရုမစိုက်ခြင်းနှင့် ရန်မူခြင်းတို့ကို ကျွန်ုပ်တို့ မည်သို့တုံ့ပြန်သနည်း။
◻ ‘တစ်ယောက်နှင့်တစ်ယောက် မှန်သောစကားကိုပြောခြင်း’ တွင်အဘယ်အရာပါဝင်သနည်း။
◻ လူတစ်ဦးတစ်ယောက်သည် ‘ယေဟောဝါ၏မျက်နှာသာတော်ကို မည်သို့ရ’ နိုင်မည်နည်း။
◻ ဇာခရိ ၈:၂၃ ၏ပြည့်စုံမှုတွင် ဝမ်းမြောက်ရွှင်လန်းဖွယ်ကောင်းသည့် ကြီးမားသော အဘယ်အကြောင်း တွေ့ ရှိရသနည်း။
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
လွန်ခဲ့သောနှစ်တွင် ယေဟောဝါသက်သေများသည် လူတို့ကို ဘုရားသခင့်နိုင်ငံတော်အကြောင်းပြောဆိုခြင်းတွင် နာရီပေါင်း ၁,၁၅၀,၃၅၃,၄၄၄ ကို အသုံးပြုခဲ့ကြသည်