ငြိမ်သက်ခြင်းနှင့် သမ္မာတရားကို ယေဟောဝါကြွယ်ဝစွာ ပေးသနား
“သူတို့ကို ငါကျန်းမာစေမည်။ ကြွယ်ဝသောငြိမ်သက်ခြင်းနှင့် သမ္မာတရားကို သူတို့အား ငါပြမည်။”—ယေရမိ ၃၃:၆၊ ကဘ။
၁၊ ၂။ (က) ငြိမ်သက်ခြင်းနှင့်ပတ်သက်၍ တိုင်းနိုင်ငံများ၏ သမိုင်းမှတ်တမ်းကား အဘယ်နည်း။ (ခ) ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် ယေဟောဝါသည် ငြိမ်သက်ခြင်းအကြောင်း ဣသရေလလူမျိုးကို အဘယ်သင်ခန်းစာပေးတော်မူသနည်း။
ငြိမ်သက်ခြင်း! အမှန်နှစ်လို့ဖွယ်ဖြစ်လျက်နှင့် လူ့သမိုင်းတွင် အလွန့်အလွန်ခေါင်းပါးလှပါတကား! အထူးသဖြင့် ၂၀ ရာစုသည် ငြိမ်းချမ်းသောရာစုနှစ်မဖြစ်ခဲ့ပေ။ ယင်းအစား လူ့သမိုင်းတွင် အဆိုးတကာ့အဆိုးဆုံး စစ်ပွဲကြီးနှစ်ခုဖြစ်ပျက်ခဲ့သည်။ ပထမကမ္ဘာစစ်ကြီးပြီးနောက် ကမ္ဘာ့ငြိမ်းချမ်းရေး တည်မြဲတည်ရှိစေရန် နိုင်ငံပေါင်းချုပ်အသင်းကို ဖွဲ့စည်းခဲ့ကြသည်။ ထိုအဖွဲ့အစည်းသည် အောင်မြင်မှုမရခဲ့ပါ။ ဒုတိယကမ္ဘာစစ်ကြီးပြီးနောက်တွင် ထပ်တူရည်ရွယ်ချက်မျိုးဖြင့် ယူအဲန်ကို တည်ထောင်ခဲ့သည်။ ယင်းသည်လည်း အောင်မြင်မှုလုံးဝမရကြောင်း နေ့စဉ်သတင်းစာများ ဖတ်ရှုရုံဖြင့် သိရှိနေကြရသည်။
၂ လူ့အဖွဲ့အစည်းများသည် ငြိမ်သက်ခြင်းမပေးနိုင်သည့်အတွက် အံ့အားသင့်ရမည်လော။ လုံးဝအံ့အားသင့်စရာမလိုပါ။ လွန်ခဲ့သော နှစ်ပေါင်း ၂,၅၀၀ ကျော်အချိန်က ဘုရားသခင်ရွေးချယ်ထားတော်မူသော ဣသရေလလူမျိုးသည် ယင်းနှင့်စပ်လျဉ်း၍ သင်ခန်းစာတစ်ခုရရှိခဲ့သည်။ ဘီ.စီ.အီး. ခုနစ်ရာစုတွင် ကမ္ဘာ့အာဏာစက်ကိုဆက်ခံသော ဗာဗုလုန်နိုင်ငံသည် ဣသရေလလူမျိုး၏ ငြိမ်သက်ခြင်းကို ခြိမ်းခြောက်ခဲ့ရာ ဣသရေလနိုင်ငံသည် အီဂျစ်နိုင်ငံကို စစ်ကူတောင်းခဲ့သည်။ အီဂျစ်နိုင်ငံသည် သူတို့ကို မကူညီနိုင်ချေ။ (ယေရမိ ၃၇:၅-၈; ယေဇကျေလ ၁၇:၁၁-၁၅) ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် ဗာဗုလုန်ဗိုလ်ခြေတို့သည် ယေရုရှလင်မြို့ရိုးများကို ဖြိုဖျက်ပြီး ယေဟောဝါ၏ဗိမာန်တော်ကို မီးရှို့လိုက်ကြသည်။ ဤသို့အားဖြင့် လူ့အဖွဲ့အစည်းများကို အားထားမှီခိုခြင်းသည် အချည်းနှီးသက်သက်သာဖြစ်ကြောင်း ဣသရေလလူမျိုးတို့ ခဲခဲယဉ်းယဉ်းသိမြင်ခဲ့ရသည်။ ငြိမ်သက်မှုခံစားရမည့်အစား လူမျိုးတစ်မျိုးလုံးသည် ဗာဗုလုန်နိုင်ငံသို့ ပြည်နှင်ခံများအဖြစ် ခေါ်ဆောင်သွားခြင်းခံရလေသည်။—၂ ရာဇဝင်ချုပ် ၃၆:၁၇-၂၁။
၃။ ယေရမိမှတစ်ဆင့် ယေဟောဝါမိန့်တော်မူသောစကား၏ ပြည့်စုံချက်အဖြစ် အဘယ်သမိုင်းဝင်အဖြစ်အပျက်များက ဣသရေလလူမျိုးကို ငြိမ်သက်ခြင်းအကြောင်း ဒုတိယအကြိမ်သင်ခန်းစာရစေသနည်း။
၃ သို့သော် ဣသရေလနိုင်ငံတွင် စစ်မှန်သောငြိမ်သက်ခြင်းရရှိစေမည့်သူကား အီဂျစ်နိုင်ငံမဟုတ်ဘဲ မိမိကိုယ်တော်တိုင်ဖြစ်ကြောင်း ယေရုရှလင်မြို့ မပျက်စီးမီကတည်းက ယေဟောဝါမိန့်မှာတော်မူခဲ့သည်။ ကိုယ်တော်သည် ယေရမိအားဖြင့် ဤသို့ကတိထားတော်မူ၏– “သူတို့ကို ငါကျန်းမာစေမည်။ ကြွယ်ဝသောငြိမ်သက်ခြင်းနှင့် သမ္မာတရားကို သူတို့အား ငါပြမည်။ ယုဒလူမျိုးသုံ့ပန်းများနှင့် ဣသရေလလူမျိုးသုံ့ပန်းများကို တစ်ဖန်ငါဆောင်ခဲ့၍ ရှေးဦးစွာကကဲ့သို့ တည်ဆောက်မည်။” (ယေရမိ ၃၃:၆၊ ၇၊ ကဘ) ဗာဗုလုန်နိုင်ငံ စစ်ရှုံး၍ ပြည်နှင်ခံရသူ ဣသရေလလူမျိုး လွတ်လပ်မှုရခဲ့သော ဘီ.စီ.အီး. ၅၃၉ ခုနှစ်တွင် ယေဟောဝါ၏ကတိတော်သည် စတင်ပြည့်စုံလေသည်။ (၂ ရာဇဝင်ချုပ် ၃၆:၂၂၊ ၂၃) ဘီ.စီ.အီး. ၅၃၇ ခုနှစ်နှောင်းပိုင်းအချိန်တိုင်လေသော် ဣသရေလအမျိုးသားတစ်စုသည် နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးအကြိမ် တဲတော်ပွဲကို ဣသရေလပြည်၌ ကျင်းပကြသည်! ပွဲတော်ပြီးနောက် ယေဟောဝါ၏ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ကြ၏။ ယင်းကြောင့် သူတို့မည်သို့ခံစားကြရသနည်း။ မှတ်တမ်းက ဤသို့ဆိုသည်– “ဗိမာန်တော်တိုက်မြစ်ကို ချရသောကြောင့် လူအပေါင်းတို့သည် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းလျက် ကျယ်သောအသံနှင့်ကြွေးကြော်ကြ၏။”—ဧဇရ ၃:၁၁၊ သမ္မာ။
၄။ ယေဟောဝါသည် ဗိမာန်တော်ဆောက်လုပ်ရေးကို ပြီးစီးစေရန် ဣသရေလလူမျိုးကို မည်သို့လှုံ့ဆော်သနည်း။ ငြိမ်သက်ခြင်းအကြောင်း အဘယ်ကတိတော်ပြုသနည်း။
၄ သို့သော် ထိုပျော်ရွှင်အားရဖွယ်အစနှင့် စတင်ပြီးနောက် ဣသရေလလူမျိုးသည် ရန်ဘက်ပြုသူများကြောင့် စိတ်ဓာတ်ကျပြီး ဗိမာန်တော်ဆောက်လုပ်ရေးကို ရပ်စဲလိုက်ကြသည်။ နှစ်အတန်ကြာလေသော် ယေဟောဝါသည် ပရောဖက်ဟဂ္ဂဲနှင့်ဇာခရိတို့ကို ပေါ်ပေါက်စေတော်မူပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ပြီးစီးရန် ဣသရေလလူမျိုးကို လှုံ့ဆော်စေသည်။ ဆောက်လုပ်မည့်ဗိမာန်တော်နှင့်စပ်လျဉ်းသည့် ဟဂ္ဂဲ၏ဤစကားများသည် သူတို့အတွက် မည်မျှအားတက်စရာဖြစ်ခဲ့မည်တကား– “‘နောက်တည်သော ဤအိမ်တော်သည် အရင်အိမ်တော်ထက် ဘုန်းသာ၍ကြီးလိမ့်မည်’ ဟုကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ ‘ဤအရပ်၌လည်း ငြိမ်သက်ခြင်းကို ငါပေးမည်’ ဟုကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။”—ဟဂ္ဂဲ ၂:၉။
ကတိတော်များကို ယေဟောဝါပြည့်စုံစေ
၅။ ဇာခရိကျမ်း၏ အဋ္ဌမအခန်းသည် အဘယ်နည်းဖြင့်ထူးခြားသနည်း။
၅ ဘီ.စီ.အီး. ခြောက်ရာစုက ဘုရားသခင့်လူမျိုးတော်ကို ခွန်အားရှိစေခဲ့သော မှုတ်သွင်းခံ ရူပါရုံများနှင့် ပရောဖက်ပြုချက် မြောက်မြားစွာကို ဇာခရိအနာဂတ္တိကျမ်းတွင် ဖတ်ရှုရသည်။ ယေဟောဝါ၏ထောက်ပံ့ကူညီမှုကို ကျွန်ုပ်တို့ဆက်ရရှိနေကြောင်း ယင်းပရောဖက်ပြုချက်များကပင် စိတ်ချစေသည်။ ယေဟောဝါသည် ကျွန်ုပ်တို့ခေတ်တွင်လည်း ကိုယ်တော်၏လူမျိုးတော်အား ငြိမ်သက်ခြင်းပေးတော်မူမည်ဟု ၎င်းတို့က လုံးလုံးလျားလျားယုံကြည်စိတ်ချစေသည်။ ဥပမာ၊ ပရောဖက်ဇာခရိသည် မိမိအမည်တပ်ထားသောစာစောင်၏ အဋ္ဌမအခန်းကြီးတွင် ‘ယေဟောဝါမိန့်တော်မူသည်ကား’ ဟူသောစကားကို ဆယ်ကြိမ်တိုင် ပြောဆိုသည်။ ယင်းကိုပြောဆိုသည့် အကြိမ်တိုင်း ဘုရားသခင့်လူမျိုးတော်၏ ငြိမ်သက်ခြင်းနှင့်ပတ်သက်သော ဘုရားသခင်၏ ကြွေးကြော်ချက်ကို ယင်းစကားများက နိဒါန်းပျိုးသည်။ ဤကတိတော်များအနက် အချို့သည် ဇာခရိခေတ်တွင် ပြည့်စုံခဲ့သည်။ ယနေ့အချိန်တွင် အားလုံးတို့သည် ပြည့်စုံပြီး၊ သို့မဟုတ် ပြည့်စုံဆဲရှိသည်။
‘ငါသည် ဇိအုန်တောင်အဖို့ မနာလိုဖြစ်၏’
၆၊ ၇။ ယေဟောဝါသည် အဘယ်နည်းဖြင့် ‘ဇိအုန်အဖို့ ကြီးစွာအမျက်ထွက်၍ မနာလိုဖြစ်’ သနည်း။
၆ ဤအသုံးအနှုန်းသည် ဇာခရိ ၈:၂ [ကဘ] တွင်ပထမအကြိမ်ပါသည်။ ထိုတွင် ဤသို့ဖတ်ရှုရ၏– “ဗိုလ်ခြေတို့၏အရှင် ယေဟောဝါ မိန့်တော်မူသည်ကား ‘ငါသည် ဇိအုန်တောင်အဖို့ ကြီးစွာသောမနာလိုခြင်းဖြင့် မနာလိုဖြစ်မည်။ ကြီးစွာအမျက်ထွက်၍ သူ့အဖို့ ငါမနာလိုဖြစ်မည်။’” ကိုယ်တော်၏လူမျိုးတော်အတွက် မနာလိုဖြစ်မည်၊ အလွန်စိတ်အားကြီးမည်ဟု ယေဟောဝါကတိထားတော်မူခြင်းကား သူတို့တွင်ငြိမ်သက်ခြင်းပြန်ရှိစေရန်ဆောင်ရွက်ပေးဖို့ နိုးကြားစွာရှိနေမည်ကို ဆိုလိုခြင်းဖြစ်သည်။ ဣသရေလလူမျိုးကို ၎င်း၏ပြည်တော်သို့ ပြန်ပို့ဆောင်ပြီး ဗိမာန်တော်ကို ပြန်တည်ဆောက်စေခြင်းသည် ထိုစိတ်အားကြီးခြင်း၏ သာဓကဖြစ်သည်။
၇ သို့သော် ယေဟောဝါ၏လူမျိုးကို ဆန့်ကျင်ခဲ့သူများကော မည်သို့နည်း။ ဤရန်သူများအပေါ်ထွက်သော ကိုယ်တော်၏ ‘ကြီးစွာသောအမျက်’ သည် လူမျိုးတော်အဖို့ စိတ်အားကြီးခြင်းနှင့် ညီမျှမည်ဖြစ်သည်။ သစ္စာရှိဂျူးများသည် ပြန်တည်ဆောက်ထားသော ဗိမာန်တော်တွင် ဝတ်ပြုကိုးကွယ်ကြသည့်အခါ သူတို့သည် ကျဆုံးသွားပြီဖြစ်သော တန်ခိုးကြီးဗာဗုလုန်နိုင်ငံ၏ အဖြစ်ဆိုးကို ပြန်ဆင်ခြင်သုံးသပ်နိုင်ကြမည်ဖြစ်သည်။ ဗိမာန်တော်ပြန်တည်ဆောက်ခြင်းကို ကြိုးစားတားဆီးခဲ့သော ရန်သူများ လုံးဝအရှုံးပေးခဲ့ရခြင်းကိုလည်း သူတို့စဉ်းစားကြည့်နိုင်ကြသည်။ (ဧဇရ ၄:၁-၆; ၆:၃) ယေဟောဝါသည် ကတိတော်တည်သောကြောင့် သူတို့ကျေးဇူးတော် ချီးမွမ်းနိုင်ကြမည်။ ကိုယ်တော်၏စိတ်အားကြီးမှုကြောင့် သူတို့အောင်ပွဲခံကြရပါသည်တကား!
“မှန်ကန်ခြင်းမြို့တော်”
၈။ အစောပိုင်းအချိန်များနှင့်မတူဘဲ ဇာခရိခေတ်တွင် ယေရုရှလင်မြို့သည် အဘယ်နည်းဖြင့် မှန်ကန်ခြင်းမြို့တော်ဖြစ်လာသနည်း။
၈ “ယေဟောဝါ မိန့်တော်မူသည်ကား” ဟု ဇာခရိ ဒုတိယအကြိမ် ရေးသားလေသည်။ ဤအကြိမ်တွင် ယေဟောဝါမိန့်တော်မူသည်ကား အဘယ်နည်း။ “ဇိအုန်တောင်သို့ ငါပြန်လာပြီး ယေရုရှလင်မြို့တွင်နေမည်; ယေရုရှလင်မြို့ကို မှန်ကန်ခြင်းမြို့တော်ဟူ၍လည်းကောင်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ယေဟောဝါ၏တောင်တော်၊ သန့်ရှင်းသောတောင်ဟူ၍လည်းကောင်း အမှန်သမုတ်ကြလိမ့်မည်။” (ဇာခရိ ၈:၃၊ ကဘ) ဘီ.စီ.အီး ၆၀၇ မတိုင်မီ ယေရုရှလင်မြို့သည် မှန်ကန်ခြင်းမြို့တော် လုံးဝမဟုတ်ခဲ့ပါ။ ယင်း၏ယဇ်ပုရောဟိတ်များနှင့် ပရောဖက်များသည် ပျက်စီးယိုယွင်းပြီး သူမ၏လူမျိုးသည်လည်း သစ္စာမရှိကြချေ။ (ယေရမိ ၆:၁၃; ၇:၂၉-၃၄; ၁၃:၂၃-၂၇) ယခုမူကား ဘုရားသခင်၏လူမျိုးတော်သည် ဗိမာန်တော်ကို ပြန်တည်ဆောက်နေခြင်းအားဖြင့် စင်ကြယ်သောဝတ်ပြုရေး ထမ်းဆောင်ရန် သူတို့မှာတာဝန်ရှိကြောင်း တင်ပြကြသည်။ ယေဟောဝါသည် ယေရုရှလင်မြို့တွင် စိတ်ဝိညာဉ်အားဖြင့် ပြန်ကျိန်းဝပ်တော်မူသည်။ စင်ကြယ်သောဝတ်ပြုရေးဆိုင်ရာ သမ္မာတရားစကားများကိုလည်း မြို့တော်တွင် တစ်ဖန်ပြန်ပြောဆိုနေကြရာ ယေရုရှလင်မြို့ကို “မှန်ကန်ခြင်းမြို့တော်” ဟူ၍ခေါ်ဆိုနိုင်ပေသည်။ ၎င်းမြို့စိုက်တည်ရာ မြင့်မားသောအရပ်ကြောင့် ယင်းကို “ယေဟောဝါ၏တောင်တော်” ဟုခေါ်နိုင်ပါသည်။
၉။ ၁၉၁၉ ခုနှစ်တွင် “ဘုရားသခင်၏ဣသရေလအမျိုး” သည် အဘယ်ထူးခြားသောပြောင်းလဲမှုကို ကြုံတွေ့ရသနည်း။
၉ ဤကြွေးကြော်ချက်နှစ်ခုသည် ရှေးဣသရေလနိုင်ငံအတွက် အဓိပ္ပာယ်လေးနက်သကဲ့သို့ ၂၀ ရာစုကုန်လုနီးချိန်တွင် ကျွန်ုပ်တို့အတွက်လည်း အဓိပ္ပာယ်များစွာရှိသည်။ ရှေးဣသရေလလူမျိုးသည် ဗာဗုလုန်နိုင်ငံသို့ သုံ့ပန်းများအဖြစ် ခေါ်ဆောင်သွားခြင်းခံရသည့်နည်းတူ လွန်ခဲ့သော နှစ်ပေါင်း ၈၀ နီးပါးကာလ၊ ပထမကမ္ဘာစစ်ကြီးအတွင်းတွင် “ဘုရားသခင်၏ဣသရေလအမျိုး” ကိုကိုယ်စားပြုသည့် ဘိသိက်ခံသူ ထောင်ပေါင်းအနည်းငယ်သည် ဝိညာဏသုံ့ပန်းအဖြစ်သို့ ရောက်ရှိခဲ့ကြသည်။ (ဂလာတိ ၆:၁၆) ပရောဖက်ပြုချက်အရ သူတို့သည် လမ်းပေါ်၌ရှိသော အလောင်းကောင်များဖြစ်နေကြသည်။ သို့တိုင် သူတို့သည် ယေဟောဝါကို “စိတ်ဖြင့်လည်းကောင်း၊ သမ္မာတရားဖြင့်လည်းကောင်း” အမှန်ဝတ်ပြုလိုကြ၏။ (ယောဟန် ၄:၂၄၊ ကဘ) သို့ဖြစ်၍ ၁၉၁၉ ခုနှစ်တွင် ယေဟောဝါသည် သူတို့ကိုသုံ့ပန်းအဖြစ်မှ လွတ်မြောက်စေပြီး ဝိညာဏအသေအဖြစ်မှ ပြန်ထမြောက်စေတော်မူခဲ့သည်။ (ဗျာဒိတ် ၁၁:၇-၁၃) ဤနည်းအားဖြင့် ယေဟောဝါသည် ဟေရှာယ၏ ပရောဖက်ပြုချက်ဆိုင်ရာမေးခွန်းဖြစ်သော “တိုင်းနိုင်ငံကို တစ်နေ့ခြင်းတွင် ဖွားတတ်သလော။ ပြည်သူပြည်သားအပေါင်းတို့ကို တစ်ပြိုင်နက် ဖွားတတ်သလော” ကို ဖွားတတ်ပါသည်ဟူ၍ ပြတ်ပြတ်သားသားဖြေဆိုတော်မူသည်။ (ဟေရှာယ ၆၆:၈) ၁၉၁၉ ခုနှစ်တွင် ယေဟောဝါ၏လူမျိုးသည် သူတို့၏ “ပြည်တော်” သို့မဟုတ် ကမ္ဘာပေါ်ရှိ ဝိညာဏမြေရာတွင် ဝိညာဏလူမျိုးအဖြစ် တစ်ဖန်ပြန်တည်ရှိလေသည်။
၁၀။ ၁၉၁၉ ခုနှစ်မှစပြီး ဘိသိက်ခံခရစ်ယာန်များသည် သူတို့၏ “ပြည်တော်” တွင်အဘယ်ကောင်းချီးများ၌ မွေ့လျော်နေကြရသနည်း။
၁၀ ဘိသိက်ခံခရစ်ယာန်များသည် ထိုပြည်တော်တွင် လုံခြုံစွာနေထိုင်လျက် ယေဟောဝါ၏ ဝိညာဏမဟာဗိမာန်တော်တွင် အမှုတော်ထမ်းကြသည်။ သူတို့သည် ယေရှု၏မြေကြီးဆိုင်ရာဥစ္စာရှိသမျှကိုစောင့်ရှောက်ရန် တာဝန်ခံသည့် “သစ္စာနှင့်သတိပညာရှိသောကျွန်” အဖြစ် ခန့်အပ်ခံရသည်။ ဤအခွင့်အရေးကို ၂၀ ရာစုကုန်ဆုံးလုနီးပါးဖြစ်သည့် ယခုအချိန်တိုင် သူတို့မွေ့လျော်နေကြသည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ) ယေဟောဝါသည် “ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင်” ဖြစ်တော်မူကြောင်းကို သူတို့ကောင်းစွာသိရှိလာကြသည်။—၁ သက်သာလောနိတ် ၅:၂၃။
၁၁။ ခရစ်ယာန်ဘောင် ဘာသာရေးခေါင်းဆောင်များသည် ဘုရားသခင့်လူမျိုး၏ရန်သူများဖြစ်ကြောင်း မည်သို့တင်ပြလာခဲ့ကြသနည်း။
၁၁ သို့သော် ဘုရားသခင့်ဣသရေလအမျိုး၏ ရန်သူများကော မည်သို့နည်း။ ရန်သူများအပေါ်ထွက်သော ယေဟောဝါ၏အမျက်တော်သည် ကိုယ်တော့်လူမျိုးအဖို့ စိတ်အားကြီးခြင်းနှင့် တန်းတူညီမျှဖြစ်သည်။ ပထမကမ္ဘာစစ်အတွင်းက ခရစ်ယာန်ဘောင် ဘာသာရေးခေါင်းဆောင်များသည် သမ္မာတရားစကားပြောဆိုသော ဤခရစ်ယာန်လူနည်းစုကို မျိုးပြုတ်သွားစေရန် ကြိုးစားဖိစီးနှိပ်ကွပ်ခဲ့သော်လည်း မအောင်မြင်ပါ။ ဒုတိယကမ္ဘာစစ်အတွင်း ခရစ်ယာန်ဘောင်ဓမ္မဆရာများသည် တစ်ခုတည်းသောအမှုကိစ္စ၌ တစ်သဘောတည်းရှိကြသည်– တိုက်ပွဲ၏နှစ်ဖက်စလုံးမှလူတို့သည် ယေဟောဝါသက်သေများကို နှိပ်ကွပ်ရန် အစိုးရများကို တိုက်တွန်းနှိုးဆော်ပေးကြသည်။ ယနေ့ပင်လျှင် တိုင်းနိုင်ငံများစွာတွင် ဘာသာရေးခေါင်းဆောင်များသည် ယေဟောဝါသက်သေများ၏ ခရစ်ယာန်တရားဟောပြောခြင်းလုပ်ငန်းကို ချုပ်ချယ်ရန်၊ သို့မဟုတ် ပိတ်ပင်ရန် သွေးထိုးပေးနေကြသည်။
၁၂၊ ၁၃။ ခရစ်ယာန်ဘောင်ကို ယေဟောဝါအမျက်တော်ထွက်ကြောင်း မည်သို့ထင်ရှားသနည်း။
၁၂ ဤအမှုကို ယေဟောဝါသည် သတိမပြုမိဘဲမနေပါ။ ပထမကမ္ဘာစစ်ကြီးပြီးနောက် ခရစ်ယာန်ဘောင်နှင့်တကွ မဟာဗာဗုလုန်၏ ကျန်အဖွဲ့အားလုံးတို့သည် ပြိုလဲခဲ့ကြသည်။ (ဗျာဒိတ် ၁၄:၈) ခရစ်ဘောင်သည် အမှန်ပြိုလဲနေကြောင်း ၁၉၂၂ ခုနှစ်မှစတင်၍ လူသိရှင်ကြားဖြစ်လာသည်။ ထိုအချိန်တွင် ပုံဆောင်ရာကပ်ဘေးများ ဆက်တိုက်ကျရောက်ခဲ့သည်။ ၎င်းတို့က သူမ၏ဝိညာဏအသေအဖြစ်ကို လူအများအား ဖော်ထုတ်ပြ၍ မကြာမီ သူမပျက်စီးရတော့မည့်အကြောင်း သတိပေးပါသည်။ (ဗျာဒိတ် ၈:၇–၉:၂၁) ဤကပ်ဘေးများကို ဆက်သွန်းလောင်းနေကြောင်း သာဓကအနေနှင့် ၁၉၉၅၊ ဧပြီ ၂၃ ရက်တွင် “မှားယွင်းသောဘာသာတရား၏အဆုံးနီးပြီ” ဟူသည့် ဟောပြောချက်ကို ကမ္ဘာတစ်ဝန်းဟောပြောခဲ့ပြီး ယင်းနှင့်တစ်ဆက်တည်း နိုင်ငံတော်သတင်းအထူးထုတ် သန်းပေါင်းများစွာကို ဖြန့်ဝေခဲ့သည်။
၁၃ ယနေ့ ခရစ်ယာန်ဘောင်၏အခြေအနေသည် သနားစဖွယ်ဖြစ်သည်။ ၂၀ ရာစုနှစ်တစ်လျှောက်လုံးတွင် ၎င်း၏ဓမ္မဆရာများနှင့် ဓမ္မအမှုဆောင်များ ကောင်းချီးပေးသော ရက်စက်ကြမ်းကြုတ်သည့်စစ်ပွဲများ၌ ယင်း၏အသင်းသားအချင်းချင်းတို့သည် တစ်ဦးကိုတစ်ဦး သတ်ဖြတ်ခဲ့ကြသည်။ အချို့နိုင်ငံများတွင် သူမသည် လုံးဝသြဇာမရှိပါ။ ခရစ်ယာန်ဘောင်သည် မဟာဗာဗုလုန်၏ ကျန်အဖွဲ့များနှင့်အတူ ဖျက်ဆီးခံရရန် ကြိုတင်သတ်မှတ်ထားနှင့်ပြီးဖြစ်သည်။—ဗျာဒိတ် ၁၈:၂၁။
ယေဟောဝါ၏လူမျိုးတော်အတွက် ငြိမ်သက်ခြင်း
၁၄။ ငြိမ်သက်ခြင်းရှိသောလူမျိုးတစ်မျိုးအကြောင်း အဘယ်ပရောဖက်ပြုချက်ဆိုင်ရာ ကွင်းကွင်းကွက်ကွက်ရေးသားစီကုံးချက်ကို ပေးထားသနည်း။
၁၄ တစ်ဖက်တွင် ယေဟောဝါ၏တတိယကြွေးကြော်ချက်က ဖော်ပြသည့်အတိုင်း ဤ ၁၉၉၆ ခုနှစ်၌ ယေဟောဝါ၏လူမျိုးသည် သူတို့၏ပြန်လည်တည်ထောင်ရာပြည်တော်တွင် ကြွယ်ဝသောငြိမ်သက်ခြင်း၌ ပျော်မွေ့နေကြ၏– “ဗိုလ်ခြေတို့၏အရှင် ယေဟောဝါမိန့်တော်မူသည်ကား ‘အိုသောယောက်ျားမိန်းမ၊ အသက်ကြီး၍ တောင်ဝှေးကိုင်သောသူအပေါင်းတို့သည် ယေရုရှလင်မြို့လမ်းတို့၌ နေကြလေဦးမည်။ မြို့လမ်းတို့သည်လည်း ကစားသောသူငယ် ယောက်ျားကလေး၊ မိန်းကလေးတို့နှင့် အပြည့်ရှိကြလိမ့်မည်။”—ဇာခရိ ၈:၄၊ ၅၊ ကဘ။
၁၅။ လူမျိုးတို့သည် စစ်ဖြစ်နေကြသော်လည်း ယေဟောဝါ၏ကျေးကျွန်များသည် အဘယ်ငြိမ်သက်ခြင်း၌ ပျော်မွေ့လာခဲ့ပြီနည်း။
၁၅ ဤကြည်နူးဖွယ်ကောင်းသော ကွင်းကွင်းကွက်ကွက်ရေးသားစီကုံးချက်သည် ယခုစစ်ဒဏ်ခံနေရသောကမ္ဘာတွင် အလွန်ထူးခြားသောအရာ—ငြိမ်သက်နေသည့်လူမျိုး—ကို သရုပ်ဖော်သည်။ ၁၉၁၉ ခုနှစ်ကတည်းက ဟေရှာယ၏ ပရောဖက်ပြုချက်စကားများ ပြည့်စုံခဲ့ပြီ– “‘ဝေးသောသူ၌လည်းကောင်း၊ နီးသောသူ၌လည်းကောင်း ငြိမ်သက်ခြင်းဖြစ်စေ၊ ငြိမ်သက်ခြင်းဖြစ်စေ၊ သူ၏အနာကို ငါပျောက်စေမည်’ ဟု ထာဝရဘုရား မိန့်တော်မူ၏။ . . . ‘မတရားသောသူတို့၌ ငြိမ်သက်ခြင်းမရှိ’ ဟု ငါ၏ဘုရားသခင်မိန့်တော်မူ၏။” (ဟေရှာယ ၅၇:၁၉-၂၁) ယေဟောဝါ၏လူမျိုးသည် ဤလောကနှင့်မစပ်ဆိုင်သော်လည်း လူမျိုးတို့၏ရုန်းရင်းဆန်ခတ်မှုဒဏ်ကိုရှောင်လွှဲနိုင်ကြမည်ကားမဟုတ်ပါ။ (ယောဟန် ၁၇:၁၅၊ ၁၆) သူတို့သည် အချို့သောတိုင်းနိုင်ငံများတွင် ခဲယဉ်းကျပ်တည်းမှု အပြင်းအထန်ခံရကြသည်။ အသတ်ခံခဲ့သူ အနည်းငယ်ပင်ရှိသည်။ သို့တိုင် စစ်မှန်သောခရစ်ယာန်များသည် အဓိကနည်းနှစ်နည်းဖြင့် ငြိမ်သက်ခြင်းရှိကြသည်။ ပထမအနေနှင့် သူတို့သည် “သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်နှင့်ငြိမ်သက်မှုကို ခံစားကြ” ရသည်။ (ရောမ ၅:၁၊ ကဘ) ဒုတိယတစ်ခုမှာ သူတို့အလယ်တွင် သင့်တင့်ငြိမ်သက်မှုရှိသည်။ သူတို့သည် ‘ရှေးဦးစွာစင်ကြယ်စေ၍ ၎င်းနောက် ငြိမ်းချမ်းစေသော’ “ထက်ရပ်ပညာ” ကိုပြုစုပျိုးထောင်ကြသည်။ (ယာကုပ် ၃:၁၇၊ ကဘ; ဂလာတိ ၅:၂၂-၂၄) ထို့ပြင် “စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအပိုင်ရ၍ များပြားသောငြိမ်သက်ခြင်းချမ်းသာ၌ မွေ့ပျော်ကြ” မည့်အပြည့်အဝ ငြိမ်သက်ခြင်းချမ်းသာရှိမည့်အချိန်ကို စောင့်မျှော်နေကြသည်။—ဆာလံ ၃၇:၁၁၊ ကဘ။
၁၆၊ ၁၇။ (က) “အသက်အရွယ်ကြီးရင့်သောယောက်ျားမိန်းမ” နှင့် “ယောက်ျားကလေး၊ မိန်းကလေးများ” ပါ ယေဟောဝါ၏အဖွဲ့အစည်းကို မည်သို့အားရှိစေခဲ့ပြီနည်း။ (ခ) ယေဟောဝါလူမျိုး၏ငြိမ်သက်ခြင်းကို အဘယ်အရာက ထင်ရှားစေသနည်း။
၁၆ ယေဟောဝါ၏လူမျိုးအလယ်တွင် ကိုယ်တော့်အဖွဲ့အစည်း၏ အစောပိုင်းအောင်မြင်မှုများကို သတိရမှတ်မိသေးသည့် ဘိသိက်ခံသူ “အသက်အရွယ်ကြီးရင့်သောယောက်ျားမိန်းမ” များ၊ ယနေ့ထိတိုင် ရှိနေသေးသည်။ သူတို့၏သစ္စာတည်ကြည်မှုနှင့် ခံနိုင်ရည်တို့သည် များစွာတန်ဖိုးထားလေးစားခြင်းခံရသည်။ သူတို့ထက်အနည်းငယ် ငယ်ရွယ်သော ဘိသိက်ခံသူများသည် ဗရုတ်သုတ်ခဖြစ်ခဲ့သည့် ၁၉၃၀ ပြည့်လွန်နှစ်များ၊ ဒုတိယကမ္ဘာစစ်နှင့် ၎င်းနောက်ဖြစ်ပေါ်ခဲ့သော စိတ်လှုပ်ရှားဖွယ်တိုးပွားမှုနှစ်များအတွင်း ဦးစီးဦးဆောင်ပြုခဲ့ကြသည်။ ထို့ပြင် အထူးသဖြင့် ၁၉၃၅ ခုနှစ်ကတည်းက “အခြားသိုး” အဝင် “လူအုပ်ကြီး” တစ်စုပေါ်ပေါက်လာသည်။ (ဗျာဒိတ် ၇:၉; ယောဟန် ၁၀:၁၆) ဘိသိက်ခံခရစ်ယာန်များသည် အသက်ကြီးရင့်လာ၍ အရေအတွက် လျော့နည်းလာစဉ် အခြားသိုးတို့သည် ဟောပြောခြင်းလုပ်ငန်းကို တာဝန်ယူကာ ကမ္ဘာအနှံ့အပြားတိုးချဲ့ထမ်းဆောင်နေကြသည်။ မကြာမီနှစ်များအတွင်း အခြားသိုးတို့သည် ဘုရားသခင့်လူမျိုး၏ပြည်တော်အတွင်းသို့ အစုလိုက်အပြုံလိုက်ဝင်ရောက်လာခဲ့ပေပြီ။ ကြည့်ပါလေ၊ လွန်ခဲ့သောနှစ်တစ်နှစ်တည်းတွင်ပင် ယေဟောဝါထံ ဆက်ကပ်အပ်နှံကြောင်း ရေ၌နှစ်ခြင်းခံခြင်းဖြင့် ဖော်ပြသူ ၃၃၈,၄၉၁ ယောက်ရှိသည်တကား! ဤလူသစ်များသည် ဝိညာဉ်ရေးအရ အမှန်တကယ်ပင် အလွန်ငယ်ရွယ်သူများဖြစ်ကြသည်။ သူတို့သည် “ပလ္လင်ပေါ်မှာ ထိုင်တော်မူသော ငါတို့၏ဘုရားသခင်နှင့် သိုးသငယ်” ကို ကျေးဇူးတင်စွာ ချီးမွမ်းထောမနာပြုသူများ၏အရေအတွက်ကို တိုးများလာစေသောဤသူတို့၏ ပျိုမျစ်လန်းဆန်းမှုနှင့် စိတ်အားထက်သန်မှုကို တန်ဖိုးထားပါသည်။—ဗျာဒိတ် ၇:၁၀။
၁၇ ယနေ့ ‘မြို့လမ်းတို့သည်လည်း ယောက်ျားကလေး၊ မိန်းကလေး’ လူငယ့်အားအင်အပြည့်ရှိသက်သေခံများတို့နှင့် ‘အပြည့်ရှိနေသည်။’ ၁၉၉၅ လုပ်ငန်းတော်နှစ်တွင် ၂၃၂ ခုသော တိုင်းနိုင်ငံနှင့် ကျွန်းများတို့မှ မှတ်တမ်းများရရှိခဲ့သည်။ သို့သော် ဘိသိက်ခံနှင့်အခြားသိုးစပ်ကြား တစ်ဦးကိုတစ်ဦးပြိုင်ဆိုင်မှု၊ လူမျိုးနွယ်စုချင်းမုန်းတီးမှု၊ မတော်လျော်သော မနာလိုမှုတို့ လုံးဝမရှိပါ။ သူတို့အားလုံး ဝိညာဉ်ရေးအရ အတူတကွတိုးတက်ကြီးထွားပြီး မေတ္တာဖြင့် တပေါင်းတစည်းရှိကြသည်။ ယေဟောဝါသက်သေများ၏ ကမ္ဘာချီညီအစ်ကိုအသင်းအပင်းသည် ကမ္ဘာ့မြင်ကွင်းပေါ်တွင် အမှန်တကယ်ပင် ထူးခြားပါသည်။—ကောလောသဲ ၃:၁၄; ၁ ပေတရု ၂:၁၇။
ယေဟောဝါအတွက် ခဲယဉ်းလွန်းသလော
၁၈၊ ၁၉။ ၁၉၁၉ ခုနှစ်မှစတင်သောနှစ်များတွင် လူ့မျက်မှောက်၌ ခဲယဉ်းလွန်းဟန်ရှိသောအမှုကို ယေဟောဝါမည်သို့ဖြစ်မြောက်စေတော်မူခဲ့သနည်း။
၁၈ ဝိညာဏချုပ်နှောင်မှုအောက် စိတ်ဓာတ်ကျနေသူ ဘိသိက်ခံအကြွင်းအကျန် ထောင်ပေါင်းအနည်းငယ်သာရှိသည့် ၁၉၁၈ ခုနှစ်က မည်သို့ဖြစ်ပျက်လာမည်ကို မည်သူမျှ ကြိုတင်မသိနိုင်ကြပါ။ မည်သို့ဆိုစေကာမူ ယေဟောဝါ၏စတုတ္ထအကြိမ်မြောက် ပရောဖက်ပြုကြွေးကြော်ချက်က ဖော်ပြသည့်အတိုင်း ကိုယ်တော်သိတော်မူသည်– “ဗိုလ်ခြေတို့၏အရှင် ယေဟောဝါမိန့်တော်မူသည်ကား ‘ထိုအမှုသည် ထိုကာလတွင် ကျန်ကြွင်းသော ဤလူတို့အတွက် ခဲယဉ်းသော်လည်း ငါ့အတွက် ခဲယဉ်းဖွယ်ဖြစ်ရာသလော’ ဟု ဗိုလ်ခြေတို့၏အရှင် ယေဟောဝါမိန့်တော်မူ၏။”—ဇာခရိ ၈:၆၊ ကဘ။
၁၉ ၁၉၁၉ ခုနှစ်တွင် ရှေ့၌ လူမျိုးတော်ပြုလုပ်ရမည့်အလုပ်အတွက် ယေဟောဝါ၏ဝိညာဉ်တော်သည် သူတို့ကို ပြန်အသက်ဝင်စေသည်။ သို့တိုင် ယေဟောဝါကိုဝတ်ပြုသူ ဤအဖွဲ့အစည်းငယ်အပေါ် သူတို့သစ္စာတည်ကြည်ရန် ယုံကြည်ခြင်းရှိဖို့လိုပါသည်။ သူတို့သည် အရေအတွက်အလွန်နည်းပြီး မရှင်းမလင်းဖြစ်နေသည့်အကြောင်း မြောက်မြားစွာရှိ၏။ သို့ရာတွင် ယေဟောဝါသည် သူတို့ကို အဖွဲ့အစည်းလိုက် တစ်စတစ်စ ခွန်အားရှိစေတော်မူခဲ့ပြီး ခရစ်ယာန်လုပ်ငန်းဖြစ်သည့် သတင်းကောင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းတို့ကို သူတို့လုပ်ဆောင်နိုင်ရန် အသင့်ရှိစေတော်မူသည်။ (ဟေရှာယ ၆၀:၁၇၊ ၁၉; မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) ကြားနေမှု၊ စကြဝဠာပိုင်သအုပ်စိုးမှု အစရှိသည့် အရေးကြီးကိစ္စများကို တဖြည်းဖြည်းချင်း သဘောပေါက်လာစေတော်မူခဲ့သည်။ ထိုသက်သေခံလူနည်းစုကလေးဖြင့် အလိုတော်ကို ပြီးပြည့်စုံစေရန် ယေဟောဝါအတွက် အလွန်ခဲယဉ်းပါသလော။ အဖြေသည် အမှန်တကယ်မခဲယဉ်းပါဖြစ်သည်! ယင်းကို ဤမဂ္ဂဇင်း၏ စာမျက်နှာ ၁၂ မှ ၁၅ တွင်ပါသည့် ၁၉၉၅ ခုလုပ်ငန်းတော်နှစ်အတွင်း ယေဟောဝါသက်သေများ၏ လုပ်ငန်းဇယားက ဖော်ပြသည်။
“ငါသည်လည်း သူတို့၏ဘုရားသခင် ဖြစ်လိမ့်မည်”
၂၀။ ဘုရားသခင့်လူမျိုးကို စုသိမ်းခြင်းသည် မည်မျှကျယ်ပြန့်မည်ဟု ပရောဖက်ပြုထားသနည်း။
၂၀ ပဉ္စမကြွေးကြော်ချက်က ယနေ့ ယေဟောဝါသက်သေများ၏ ရွှင်လန်းအားရဖွယ်အခြေအနေကို ဆက်လက်၍ဖော်ပြသည်– “ဗိုလ်ခြေတို့၏အရှင် ယေဟောဝါမိန့်တော်မူသည်ကား ‘ငါ၏လူမျိုးတော်ကို နေထွက်ရာ၊ နေဝင်ရာပြည်များမှ ငါကယ်ဆယ်မည်။ သူတို့ကို ငါအမှန်ဆောင်ယူကာ ယေရုရှလင်မြို့ထဲတွင် နေထိုင်ကြရလိမ့်မည်; သူတို့သည် ငါ့လူမျိုးဖြစ်လာရမည်။ ငါသည်လည်း မှန်ကန်ခြင်းနှင့် ဖြောင့်မတ်ခြင်းဖြင့် သူတို့၏ဘုရားသခင်ဖြစ်လိမ့်မည်။”—ဇာခရိ ၈:၇၊ ၈၊ ကဘ။
၂၁။ ယေဟောဝါလူမျိုး၏ ကြွယ်ဝသောငြိမ်သက်ခြင်းကို အဘယ်နည်းဖြင့် ထိန်းသိမ်းပြီး တိုးပွားစေခဲ့သနည်း။
၂၁ ကမ္ဘာတစ်ဝန်း “နေထွက်ရာမှ နေဝင်ရာပြည်များ” အထိ သတင်းကောင်းကို ဟောပြောနေကြပြီဖြစ်ကြောင်း ၁၉၉၆ ခုနှစ်တွင် ကျွန်ုပ်တို့မဆိုင်းမတွ ပြောဆိုနိုင်ကြသည်။ လူမျိုးအပေါင်းမှလူများကို တပည့်ဖြစ်စေခဲ့ပြီဖြစ်ရာ သူတို့သည် ယေဟောဝါ၏ ဤကတိတော် ပြည့်စုံနေကြောင်း သိမြင်ကြသည်– “သင်၏သားတို့သည် ယေဟောဝါ၏သွန်သင်တော်မူခြင်းခံရသူများ ဖြစ်ကြလိမ့်မည်။ သင့်သားများ၏ ငြိမ်သက်ခြင်းသည် ကြွယ်ဝလိမ့်မည်။” (ဟေရှာယ ၅၄:၁၃၊ ကဘ) ကျွန်ုပ်တို့သည် ယေဟောဝါ၏သွန်သင်မှုကို ခံရသောကြောင့် ငြိမ်သက်ခြင်းရှိသည်။ ယင်းအတွက် စာပေစာတမ်းများကို ဘာသာစကားပေါင်း ၃၀၀၀ ကျော်ဖြင့်ပုံနှိပ်ထုတ်ခဲ့ပြီဖြစ်သည်။ လွန်ခဲ့သောနှစ်တစ်နှစ်တည်းတွင် ဘာသာစကားပေါင်း ၂၁ ထပ်တိုးလာသည်။ ယခုအခါ ကင်းမျှော်စင်မဂ္ဂဇင်းကို ဘာသာစကားပေါင်း ၁၁၁ ဖြင့်လည်းကောင်း၊ နိုးလော့! မဂ္ဂဇင်းကို ဘာသာစကားပေါင်း ၅၄ ဖြင့်လည်းကောင်း တစ်ပြိုင်တည်းထုတ်ဝေနေသည်။ ပြည်လုံးကျွတ်နှင့် အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးများက ဘုရားသခင့်လူမျိုး၏ ငြိမ်သက်ခြင်းကို လူသိရှင်ကြားကြေညာသည်။ ပတ်စဉ်အစည်းအဝေးများက ကျွန်ုပ်တို့ကို စည်းလုံးစေပြီး ခိုင်ခံ့မြဲမြံနိုင်ဖို့ရန် လိုအပ်သော အားပေးမှုကို ရရှိစေသည်။ (ဟေဗြဲ ၁၀:၂၃-၂၅) မှန်ပါ၏၊ ယေဟောဝါသည် မိမိ၏လူမျိုးတော်ကို “မှန်ကန်ခြင်းနှင့် ဖြောင့်မတ်ခြင်းဖြင့်” သွန်သင်ပေးနေတော်မူသည်။ ကိုယ်တော်သည် မိမိ၏လူမျိုးတော်ကို ငြိမ်သက်ခြင်းရှိစေတော်မူသည်။ ထိုများပြားသောငြိမ်သက်ခြင်း၌ ကျွန်ုပ်တို့ ဝင်စားခွင့်ရခြင်းသည် ကောင်းချီးကြီးမားလှသည်တကား!
သင်ရှင်းပြနိုင်သလော
◻ မျက်မှောက်ခေတ်တွင် ယေဟောဝါသည် အဘယ်နည်းဖြင့် မိမိ၏လူမျိုးတော်အဖို့ ‘ကြီးစွာအမျက်ထွက်၍ မနာလိုဖြစ်’ တော်မူသနည်း။
◻ စစ်ဒဏ်ခံနေရသောနိုင်ငံများတွင်ပင် ယေဟောဝါ၏လူမျိုးသည် အဘယ်နည်းဖြင့် ငြိမ်သက်ခြင်း၌ ပျော်မွေ့သနည်း။
◻ အဘယ်နည်းဖြင့် ‘မြို့လမ်းတို့သည်လည်း ယောက်ျားကလေး၊ မိန်းကလေးတို့နှင့် အပြည့်ရှိကြ’ သနည်း။
◻ ယေဟောဝါ၏လူမျိုးသည် ကိုယ်တော်၏သွန်သင်မှုကို ရရှိနိုင်ရန် အဘယ်ပြင်ဆင်မှုများရှိထားသနည်း။
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
ယေဟောဝါသာလျှင် စိတ်ချရသော ငြိမ်သက်ခြင်း၏ပင်ရင်းအမြစ် ဖြစ်တော်မူကြောင်း ဘီ.စီ.အီး. ခြောက်ရာစုတွင် ဗိမာန်တော်ကို ပြန်တည်ဆောက်သော သစ္စာရှိဂျူးများ သိရှိလာကြသည်