အကြမ်းဖက်မှု နေရာတိုင်း၌ရှိ
မိမိ၏ကားထဲတွင်ထိုင်၍ မီးပွိုင့်မီးအပြောင်းကိုစောင့်နေစဉ် ယာဉ်မောင်းသည် လူထွားကြီးတစ်ဦး ဆဲရေးတိုင်းထွာ၍ လက်သီးလက်မောင်းတန်းကာ မိမိထံသို့လျှောက်လာနေသည်ကို ရုတ်တရက်သတိပြုမိလိုက်၏။ ယာဉ်မောင်းက ခပ်မြန်မြန်လေး သူ၏တံခါးများကိုသော့ခတ်ကာ ပြတင်းပေါက်များကိုပိတ်ပစ်လိုက်သော်လည်း လူထွားကြီးမှာမူ ဆက်လာနေဆဲဖြစ်သည်။ ရောက်လာသောအခါ ထိုလူကြီးက ကားကိုလှုပ်ယမ်း၍ တံခါးကိုဆွဲဖွင့်ကြည့်သည်။ နောက်ဆုံး စိတ်ရှုပ်ထွေးလာကာ သူ၏လက်သီးကြီးကိုမြှောက်၍ ကားရှေ့လေကာမှန်ကိုထိုးချလိုက်ရာ မှန်မှာအစိတ်စိတ်အမြွှာမြွှာကွဲသွားလေသည်။
ယင်းသည် လျှို့ဝှက်သည်းဖိုဇာတ်ကားတစ်ကားမှ ပြကွက်တစ်ကွက်လော။ မဟုတ်ပါ! ယင်းမှာ အေးငြိမ်း၍ ကိုယ်စိတ်ပင်ပန်းမှုကို ဖြေလျှော့စေသောဝန်းကျင်ကြောင့် နာမည်ကြီးလှသည့် ဟာဝိုင်ယီ၊ ဟာအာဝူကျွန်း၌ဖြစ်သော ယာဉ်သွားယာဉ်လာအငြင်းပွားမှုတစ်ရပ်ဖြစ်သည်။
ယင်းသည်အဆန်းမဟုတ်ပါ။ တံခါးများမှ သော့ခလောက်များ၊ ပြတင်းပေါက်များမှ သံတိုင်များ၊ အဆောက်အအုံများမှ လုံခြုံရေးအမှုထမ်းများ၊ “ယာဉ်မောင်း၌ ငွေမပါ” ဟုပင်ဆိုထားသော ဘတ်စကားပေါ်မှ စာတန်းများ—အားလုံးတို့သည် တစ်ခုတည်းသောအရာကို ညွှန်ပြနေပေသည်– နေရာတိုင်း၌ အကြမ်းဖက်မှုရှိ၏!
အိမ်၌ အကြမ်းဖက်မှု
အိမ်သည် လူတစ်ဦး၏နားခိုရာနေရာအဖြစ် ကြာမြင့်စွာကပင် ရင်ဝယ်ပိုက်မိခဲ့ကြပြီ။ သို့သော် ဤနှစ်ခြိုက်ဖွယ်ရှုမြင်ချက်သည် အလျင်အမြန်ပြောင်းလဲလျက်ရှိ၏။ ကလေးများကို မတော်မတရားပြုကျင့်မှု၊ အိမ်ထောင်ဖက်ကို ရိုက်နှက်မှုနှင့် လူသတ်မှုတို့ ပါဝင်ပတ်သက်နေသော မိသားစုအကြမ်းဖက်မှုသည် ကမ္ဘာတစ်ခွင်လုံး၌ သတင်းစာခေါင်းစဉ်ကြီးများဖြစ်နေကြပေပြီ။
ဥပမာ၊ “ဗြိတိန်နိုင်ငံရှိ အနည်းဆုံး ကလေးသူငယ် ၇၅၀,၀၀၀ တို့သည် အိမ်တွင်းအကြမ်းဖက်မှုဘေးအန္တရာယ်ကြောင့် ကြာမြင့်စွာခံစားရသောစိတ်ဒဏ်ရာကို ခံစားနေကောင်းခံစားနေရမည်” ဟု မဲန်ချက်စတား ဂါဒီယန် ဝီးခ်လီးကဆိုသည်။ ဤသတင်းမှာ “အမေးအမြန်းခံရသောအမျိုးသမီး လေးပုံသုံးပုံတို့က သူတို့၏ကလေးများသည် အကြမ်းဖက်မှုဖြစ်ရပ်များကို တွေ့မြင်ကြရကြောင်းပြောကြပြီး၊ ကလေးသုံးပုံပုံ နှစ်ပုံနီးပါးတို့သည် သူတို့၏မိခင်များ ရိုက်နှက်ခံရသည်ကို တွေ့မြင်ရကြသည်” ဟူသည့်အချက်တွင်လည်းတွေ့ရသော စစ်ဆေးချက်တစ်ခု၌ အခြေခံထားခြင်းဖြစ်သည်။ အလားတူစွာပင်၊ ယူ.အက်စ်. သတင်းနှင့်ကမ္ဘာ့အစီရင်ခံစာအရ ကလေးများအား မတော်မတရားပြုကျင့်မှု၊ လျစ်လျူရှုထားမှုတို့နှင့်ပတ်သက်၍ ယူ.အက်စ်. အကြံပေးဘုတ်အဖွဲ့က “ကလေးသူငယ်ပေါင်း ၂,၀၀၀၊ အများစုမှာ ၄ နှစ်အောက်သာရှိကြသေးသောသူတို့သည် မိဘများ သို့မဟုတ် ကြည့်ရှုစောင့်ရှောက်သူများလက်ထဲတွင် နှစ်စဉ်သေဆုံးကြရ” ကြောင်း ခန့်မှန်းကြသည်။ ယင်းက ယာဉ်တိုက်မှု၊ ရေနစ်မှု သို့မဟုတ် လိမ့်ကျမှုတို့ကြောင့်သေသောသူအရေအတွက်ထက် ကျော်လွန်သွားကြောင်းဖြင့် သတင်းစာကဆိုသည်။
အိမ်တွင်းအကြမ်းဖက်မှုတွင် အိမ်ထောင်ဖက်ကိုမတော်မတရားကျင့်မှုလည်း ပါဝင်သည်။ ယင်းမှာ တွန်းထိုးခြင်းမှ လက်ဖြင့်ရိုက်ပုတ်ခြင်း၊ ကန်ခြင်း၊ ပိတ်လှောင်ထားခြင်း၊ ရိုက်နှက်ခြင်း၊ ဓား သို့မဟုတ် သေနတ်ဖြင့် ခြိမ်းခြောက်ခြင်း၊ အသတ်ခံရခြင်းအထိပင် ဖြစ်သည်။ ယနေ့အချိန်၌ ဤအကြမ်းဖက်မှုပုံစံကို နှစ်ဖက်စလုံးက ပြုကျင့်ကြသည်။ လာရောက်တိုင်တန်းကြသည့် လင်မယားအကြား၌ဖြစ်သောအကြမ်းဖက်မှုများတွင် ပြဿနာ၏လေးပုံတစ်ပုံခန့်မှာ ယောက်ျားဘက်က စခြင်းဖြစ်ပြီး နောက်လေးပုံတစ်ပုံမှာ မိန်းမဘက်က စခြင်းဖြစ်ကာ ကျန်ပြဿနာတို့မှာ နှစ်ဖက်စလုံးကို အပြစ်ဆိုထိုက်သော ရန်ပွဲများအဖြစ် ကောင်းကောင်းဖော်ပြနိုင်ပေသည်ဟု လေ့လာမှုတစ်ရပ်က တွေ့ရှိ၏။
အလုပ်ခွင်၌ အကြမ်းဖက်မှု
အစဉ်အလာအရ အိမ်မှလွဲလျှင် အလုပ်ခွင်သည် လူတစ်ဦးအတွက် စည်းစနစ်ကျနမှု၊ လေးစားမှုနှင့် ယဉ်ကျေးဖော်ရွေမှုတို့ကို ဆည်းပူးရာအရပ်ဖြစ်သည်။ သို့သော် ယင်းသည် ထိုသို့ ဖြစ်ဟန်မတူတော့ပေ။ ဥပမာ၊ ယူ.အက်စ်. တရားရေးဌာနမှထုတ်ပြန်သောစာရင်းက နှစ်စဉ် ၉၇၀,၀၀၀ ကျော်သောသူတို့သည် အလုပ်ခွင်၌ အကြမ်းဖက်ပြစ်မှု၏သားကောင်များဖြစ်ကြရကြောင်း ဖော်ပြသည်။ တစ်နည်းဆိုရသော်၊ အဆင့်မြင့်လုံခြုံရေး—အမေရိကန် လုံခြုံရေးအင်ဂျင်နီယာအဖွဲ့အစည်းဂျာနယ်ပါ အစီရင်ခံစာတစ်ရပ်အရ “အလုပ်သမားများသည် အလုပ်၌ အကြမ်းဖက်မှုတစ်မျိုးမျိုး၏သားကောင်ဖြစ်နိုင်သည့်အခွင့်အလမ်း လေးချိုးတစ်ချိုးရှိကြပေသည်။”
အကြီးအကျယ်ဒုက္ခပေးနေသည်မှာ အလုပ်ခွင်၌အကြမ်းဖက်မှုသည် ခိုက်ရန်ဖြစ်ပွားခြင်းနှင့် သားပုပ်လေလွင့်ပြောဆိုခြင်းဖြင့်သာ မပြီးပြတ်ခြင်းပင်ဖြစ်သည်။ “အခြားအလုပ်သမားများက အလုပ်ရှင်နှင့် အလုပ်သမားများကိုရည်ရွယ်၍ဆန့်ကျင်သော အကြမ်းဖက်မှုသည် ယခုအချိန်၌ ယူ.အက်စ်. တွင်အလျင်အမြန်ကြီးထွားလာနေသော လူသတ်မှုအမျိုးအစားပင်ဖြစ်သည်” ဟု ထိုအစီရင်ခံစာ၌ပင် ဖော်ပြထားသည်။ ၁၉၉၂ ခုနှစ်တွင် အလုပ်နှင့်စပ်လျဉ်း၍ သေဆုံးသည့် သေမှု ၆ မှုတွင် ၁ မှုသည် လူသတ်မှုဖြစ်သည်; အမျိုးသမီးများနှင့်စပ်လျဉ်း၍ဆိုရလျှင် ၂ မှုတွင် ၁ မှုခန့်ဟု ခန့်မှန်းရသည်။ တစ်ချိန်က စည်းစနစ်ကျနသောအလုပ်ခွင်ကို အကြမ်းဖက်မှုလှိုင်းလုံးကြီးက တိုက်စားသွားပြီဖြစ်ကြောင်း ငြင်းနိုင်မည်မဟုတ်ပေ။
အားကစားနှင့် ဖျော်ဖြေရေးအတွင်းရှိ အကြမ်းဖက်မှု
ဘဝအသက်တာ၌ပို၍ကြိုးစားလုပ်ဆောင်နိုင်ဖို့အတွက် လူတစ်ဦးအားပြန်လည်လန်းဆန်းစေရန် အပျင်းဖြေ သို့မဟုတ် စိတ်ပြေလက်ပျောက်စေသောနည်းအဖြစ် အားကစားနှင့် ဖျော်ဖြေရေးကို လိုက်စားခဲ့ကြပြီ။ ယနေ့ ဖျော်ဖြေရေးသည် ဒေါ်လာ သန်းပေါင်းများစွာကုန်ကျသော လုပ်ငန်းစုကြီးတစ်ခုဖြစ်နေပေသည်။ ဤအမြတ်အစွန်းများသောဈေးကွက်မှ အမြတ်အစွန်းများနိုင်သမျှ များနိုင်ဖို့ရန် ဖြန့်ဖြူးရောင်းချသူများသည် သူတို့၏ကုန်များကိုရှင်းပစ်ဖို့အတွက် မည်သည့်နည်းကိုမဆိုအသုံးပြုရန် ဝန်မလေးကြပေ။ ယင်းနည်းများအနက် တစ်နည်းမှာ အကြမ်းဖက်မှုပင်ဖြစ်သည်။
ဥပမာ၊ ဗီဒီယိုဂိန်း ထုတ်လုပ်သူတစ်ဦးသည် ပွဲကြည့်ပရိသတ်များက “သူ့ကိုသတ်ပစ်၊ သတ်ပစ်!” ဟု ကြွေးကြော်နေစဉ် စစ်သည်က ရန်သူ့ခေါင်းနှင့်ကျောရိုးကိုဆွဲထုတ်ပစ်လိုက်သော ရေပန်းစားလှသည့်စစ်ပွဲဂိန်းတစ်ခုကို ထုတ်လုပ်ကြောင်း စီးပွားရေးမဂ္ဂဇင်းတစ်စောင်ဖြစ်သည့် ဖော်ဘီစ် က ဖော်ပြထားသည်။ သို့သော် ပြိုင်ဘက်ကုမ္ပဏီတစ်ခုအတွက် ပြုလုပ်ပေးထားသော ထိုဂိန်းမျိုး၏မူကွဲမှာမူ ထိုမျှသွေးထွက်သံယိုမရှိလှပေ။ အကျိုးရလဒ်ကားအဘယ်နည်း။ ပို၍ဆိုးသည့်အကြမ်းဖက်မှုမူကွဲက ယင်း၏ပြိုင်ဘက်ထက် ၃ ချိုး ၂ ချိုး ပိုရောင်းခဲ့ရသည်။ ယင်းက ငွေသားထုကြီးအဖြစ်ပြောင်းသွားလေသည်။ အိမ်တွင်ကစားဖို့အတွက် ဤဂိန်းမျိုး၏မူကွဲများ ဈေးကွက်သို့ရောက်လာသောအခါ ကုမ္ပဏီများသည် နိုင်ငံတကာနှုန်းအားဖြင့် ပထမနှစ်ပတ်အတွင်း ဒေါ်လာ ၆၅ သန်းကို ရရှိခဲ့သည်။ အကျိုးအမြတ်ပါဝင်ပတ်သက်လာသောအခါ အကြမ်းဖက်မှုသည် သုံးစွဲသူများကိုမျှားရန်အတွက် နောက်ထပ်ချိတ်တစ်ခုသာဖြစ်သွားလေတော့သည်။
အားကစား၌ အကြမ်းဖက်မှုသည် စဉ်းစားစရာနောက်အကြောင်းတစ်ရပ်ဖြစ်သည်။ ကစားသူများသည် ထိခိုက်ဒဏ်ရာရအောင် မည်မျှသူတို့လုပ်နိုင်ခဲ့ခြင်းတွင် ဂုဏ်ယူတတ်ကြသည်။ ဥပမာ၊ ၁၉၉၀ ခုနှစ်၌ကျင်းပသော ဟော်ကီကစားပွဲတစ်ခု၌ ပြစ်ဒဏ် ၈၆ ကြိမ်ချခံခဲ့ရသည်—အားလုံးထဲတွင် အများဆုံးပင်ဖြစ်သည်။ အကြီးအကျယ်ဝရုန်းသုန်းကားဖြစ်နေသောအခြေအနေကြောင့် သုံးနာရီခွဲကြာ ပွဲပျက်သွားခဲ့သည်။ ကစားသမားတစ်ဦးသည် မျက်ရိုးအက်သွားပြီး မျက်ကြည်လွှာခြစ်မိကာ ဟက်တက်ကွဲဒဏ်ရာများ ရရှိသွားသည်။ အဘယ့်ကြောင့် ဤသို့အကြမ်းဖက်ရသနည်း။ ကစားသမားတစ်ဦးက ဤသို့ရှင်းပြသည်– “ရန်ပွဲအလီလီနဲ့ တကယ့်ကိုစိတ်လှုပ်ရှားဖွယ်ကစားပွဲကို ခင်ဗျားနိုင်လို့ရှိရင် အိမ်ပြန်သွားတဲ့အခါ ခင်ဗျားရဲ့အဖွဲ့သားတွေနဲ့ နည်းနည်းလောက်ပိုရင်းနှီးလာတယ်လို့ခံစားရတယ်။ ရန်ပွဲတွေက စိတ်တက်ကြွဖွယ်ကစားပွဲဖြစ်စေတယ်လို့ ကျွန်တော်ထင်တယ်။” ယနေ့ အားကစားများစွာတို့တွင် အကြမ်းဖက်မှုသည် ရည်မှန်းချက်သို့ရောက်ရန် နည်းလမ်းမျှဖြစ်သည်သာမက ယင်းကိုယ်နှိုက်က လိုလားချက်ဖြစ်လာဟန်ရှိပေသည်။
ကျောင်းတွင်း အကြမ်းဖက်မှု
ကျောင်းကို လူငယ်လေးများ သူတို့၏အခြားပူပန်မှုအားလုံးတို့ကို နောက်တွင်ချန်ထားပြီး သူတို့၏တွေးတောဉာဏ်နှင့် ကိုယ်ခန္ဓာတို့ကို ကြီးထွားဖွံ့ဖြိုးမှုအပေါ်တွင်သာ အာရုံစူးစိုက်နိုင်ရာ ခံတပ်မြို့တစ်ခုအဖြစ် ရှုမြင်လေ့ရှိကြသည်။ သို့သော် ယနေ့တွင် ကျောင်းသည် ယင်းကဲ့သို့သော လုံခြုံသည့်နေရာတစ်ခုမဟုတ်တော့ပေ။ ၁၉၉၄ ခုနှစ်၌ ဂဲလပ်ဆန္ဒခံယူပွဲတစ်ရပ်တွင် အကြမ်းဖက်မှုနှင့် လူဆိုးဂိုဏ်းများသည် အမေရိကန်နိုင်ငံရှိ ပြည်သူပိုင်ကျောင်းများ၌ နံပါတ်တစ်ပြဿနာဖြစ်ကာ ယခင်နှစ်ကနံပါတ်တစ်ပြဿနာဖြစ်ခဲ့သော ဘဏ္ဍာရေးပြဿနာထက်ပင် ပိုမိုဆိုးရွားလာသည်။ အခြေအနေက မည်မျှဆိုးရွားနေ၍နည်း။
“ကျောင်းတွင်း သို့မဟုတ် ကျောင်းအနီးအနားတွင်ဖြစ်သော အကြမ်းဖက်မှု၏သားကောင် သင်ဖြစ်ဖူးသလော” ဟုမေးမြန်းခံရသော စစ်ဆေးမေးမြန်းချက်တစ်ခု၌ ကျောင်းသား ၄ ပုံ ၁ ပုံနီးပါးက ဟုတ်ကဲ့ဟု ဖြေဆိုကြသည်။ ဆယ်ပုံ တစ်ပုံသောဆရာဆရာမများကလည်း ဟုတ်မှန်ကြောင်း ဖြေဆိုကြသည်။ ထိုစစ်ဆေးမေးမြန်းချက်၌ပင် ယောက်ျားလေးနှင့် မိန်းကလေးများပါအပါ ကျောင်းသားကျောင်းသူ ၁၃ ရာခိုင်နှုန်းသည် တစ်ကြိမ်မဟုတ်တစ်ကြိမ် ကျောင်းသို့လက်နက်ယူဆောင်လာခဲ့ဖူးကြောင်း ဝန်ခံကြသည်။ သူတို့အများစုက ယင်းသို့လုပ်ရခြင်းသည် အခြားသူများအထင်ကြီးစေရန် သို့မဟုတ် ကိုယ့်ကိုယ်ကိုကာကွယ်ရန်အတွက်သာဖြစ်ကြောင်း ဆိုကြသည်။ သို့သော် ၁၇ နှစ်အရွယ်ကျောင်းသားတစ်ဦးသည် ဆရာက သူ၏သေနတ်ကိုသိမ်းရန် ကြိုးစားသောအခါ ဆရာ၏ရင်အုံကို သေနတ်ဖြင့်ပစ်ထည့်လိုက်သည်။
အကြမ်းဖက်ယဉ်ကျေးမှုတစ်ရပ်
ယနေ့ အကြမ်းဖက်မှုသည် နေရာတကာ၌ရှိနေကြောင်း မငြင်းဆိုနိုင်ပါ။ အိမ်၊ အလုပ်ခွင်၊ ကျောင်းနှင့် ဖျော်ဖြေရေးတို့၌ အကြမ်းဖက်ယဉ်ကျေးမှုတစ်ရပ်ကို ကျွန်ုပ်တို့ရင်ဆိုင်နေရကြသည်။ ယင်းကို နေ့စဉ် တွေ့မြင်ကြားနာနေရကြသောကြောင့် များစွာသောသူတို့သည် ယင်းကို သာမန်အဖြစ်သာ လက်ခံယူမှတ်ထားကြသည်။ မိမိတို့ကိုယ်တိုင်သားကောင်ဖြစ်ကြတော့မှသာ သူတို့က ယင်းတစ်နေ့နေ့အဆုံးတိုင်လိမ့်မည်လောဟု မေးကြသည်။ အဖြေကို သင်သိလိုသလော။ သို့ဖြစ်ပါက နောက်ဆောင်းပါးကို ကျေးဇူးပြု၍ဖတ်ကြည့်ပါ။