“လက်အားမလျော့စေနှင့်”
“လက်အားမလျော့စေနှင့်။ . . . သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အလယ်၌ရှိ၍၊ တန်ခိုးကြီးသောဘုရားသည် သင့်ကို ကယ်တင်တော်မူလိမ့်မည်။”—ဇေဖနိ ၃:၁၆၊ ၁၇။
၁။ ကျမ်းပညာရှင်တစ်ဦးက ဇေဖနိပရောဖက်ပြုချက်နှင့်စပ်လျဉ်း၍ အဘယ်သို့ဆိုသနည်း။
ဇေဖနိ၏ပရောဖက်ပြုချက်သည် ဘီ.စီ.အီး. သတ္တမရာစုနှင့် ဆဋ္ဌမရာစုတို့တွင် ဦးဆုံးပြည့်စုံမှုထက်မက မီးမောင်းထိုးပြခဲ့သည်။ ပါမောက္ခ စီ.အက်ဖ်. ကိုင်းလ်က ဇေဖနိနှင့်ပတ်သက်သော သူ၏ဋီကာတွင် ဤသို့ရေးသားထားသည်– “ဇေဖနိ၏ပရောဖက်ပြုချက်သည် . . . ယုဒလူမျိုးသည် ယင်း၏အပြစ်များကြောင့်နှင့် လောကီတိုင်းနိုင်ငံများသည် ဘုရားသခင်၏လူများကိုရန်လိုမုန်းတီးမှုကြောင့် ယင်းတို့အပေါ်ကျရောက်မည့် တရားစီရင်ခြင်းမှပေါ်ပေါက်လာသော လောကတစ်ခုလုံးကို တရားစီရင်ခြင်းကြေညာချက်ဖြင့် အစပြုရုံသာမဟုတ်ဘဲ ယေဟောဝါ၏ မဟာကြောက်မက်ဖွယ်နေ့ တစ်လျှောက်လုံးနှင့်ပါ သက်ဆိုင်သည်။”
၂။ ဇေဖနိအချိန်က အခြေအနေများနှင့် ယနေ့ခရစ်ယာန်ဘောင်အတွင်းရှိ အခြေအနေကြား အဘယ်တူညီချက်များရှိသနည်း။
၂ ယနေ့ ယေဟောဝါ၏တရားစီရင်ချက်မှာ ဇေဖနိအချိန်ကထက် သာ၍ကြီးမားကျယ်ပြန့်သောအတိုင်းအတာဖြင့် ဖျက်ဆီးခံရမည့်လူမျိုးများကို စုစည်းရန်ဖြစ်သည်။ (ဇေဖနိ ၃:၈) မိမိတို့ခရစ်ယာန်ပါဟုဆိုကြသည့် ထိုလူမျိုးများသည် ဘုရားသခင့်အမြင်တွင် အလွန်ပြစ်တင်ရှုတ်ချဖွယ်ရာဖြစ်နေသည်။ ယေရုရှလင်သည် ယေဟောဝါအပေါ် သစ္စာမဲ့မှုအတွက် ကြီးလေးသည့်ပြစ်ဒဏ်ခံရသကဲ့သို့ ခရစ်ယာန်ဘောင်သည်လည်း မိမိ၏လျှပ်ပေါ်လော်လည်သည့် လမ်းစဉ်များအတွက် ဘုရားသခင်ထံတွင် ထုချေရမည်။ ဇေဖနိအချိန်က ယုဒနှင့် ယေရုရှလင်ကိုဆန့်ကျင် ကြေညာခဲ့သည့် ဘုရားသခင့်စီရင်ချက်များသည် ခရစ်ယာန်ဘောင်ချာ့ချ်များ၊ ယင်း၏ဂိုဏ်းဂဏများနှင့် သာ၍ပင် ထိထိမိမိသက်ဆိုင်သည်။ သူတို့သည်လည်း ဘုရားသခင်ကို ဂုဏ်ယုတ်စေသည့် တိတ္ထိမြစ်ဖျားခံ အယူဝါဒများစွာဖြင့် စင်ကြယ်သောဝတ်ပြုရေးကို ညစ်ညမ်းစေခဲ့ကြသည်။ သူတို့သည် ခေတ်သစ်စစ်မက်ယဇ်ပလ္လင်ပေါ်တွင် မိမိတို့၏ကျန်းမာသန်စွမ်းသော သားများကို ပူဇော်ခဲ့ကြပြီ။ ထို့အပြင် ပုံဆောင်ယေရုရှလင်မြို့သားများသည် နာမည်ခံခရစ်ယာန်အယူဝါဒကို နက္ခတ်ဗေဒင်ပညာ၊ နတ်ဝိဇ္ဇာအတတ်များနှင့် ယုတ်ညံ့သည့် လိင်ဆိုင်ရာအကျင့်ယိုယွင်းမှုများပါဝင်သော ဗာလဝတ်ပြုရေး၏အကြွင်းအကျန်များနှင့် ပေါင်းစပ်လိုက်ကြသည်။—ဇေဖနိ ၁:၄၊ ၅။
၃။ ယနေ့ လောကခေါင်းဆောင်များစွာနှင့် နိုင်ငံရေးအုပ်စိုးသူများနှင့်ပတ်သက်၍ အဘယ်အရာပြောနိုင်သနည်း၊ ဇေဖနိ အဘယ်သို့ပရောဖက်ပြုခဲ့သနည်း။
၃ ခရစ်ယာန်ဘောင်လောက၏ နိုင်ငံရေးခေါင်းဆောင်များစွာသည် ချာ့ချ်တွင် ထင်ပေါ်ကျော်ကြားလိုကြသည်။ သို့သော် သူတို့အများစုမှာ ယုဒ၏ “မင်းညီမင်းသားများ” နည်းတူ “ဟောက်သောခြင်္သေ့” နှင့် အငန်းမရလုယက်စားသောက်တတ်သော “ဝံပုလွေ” များကဲ့သို့ လူများကို ခေါင်းပုံဖြတ်ကြသည်။ (ဇေဖနိ ၃:၁-၃၊ သမ္မာ) ဤကဲ့သို့သောသူများ၏ နိုင်ငံရေးနောက်လိုက်များသည် “အနိုင်အထက်ပြုခြင်း၊ လှည့်စားခြင်းအားဖြင့်ရသော ဥစ္စာနှင့် မိမိသခင်၏အိမ်ကိုပြည့်စေသောသူ” များ ဖြစ်ကြသည်။ (ဇေဖနိ ၁:၉) လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှုတို့သည် နှံ့ပြားနေသည်။ ခရစ်ယာန်ဘောင်အတွင်းအပြင်ရှိ အရေအတွက်တိုးပွားလာနေသော နိုင်ငံရေးအုပ်စိုးသူများမူ ဗိုလ်ခြေတို့၏အရှင် ယေဟောဝါ၏လူမျိုးတော်ဖြစ်သော ကိုယ်တော်၏သက်သေခံများကိုဆန့်ကျင် ‘လေလုံးထွား’ ကြကာ သူတို့ကိုစက်ဆုပ်အထင်သေးစရာ “ဂိုဏ်း” တစ်ခုအဖြစ် သဘောထားကြသည်။ (ဇေဖနိ ၂:၈; တမန်တော် ၂၄:၅၊ ၁၄၊ သမ) ဤကဲ့သို့သော နိုင်ငံရေးခေါင်းဆောင်များနှင့် သူတို့၏နောက်လိုက်အားလုံးနှင့်စပ်လျဉ်း၍ ဇေဖနိ ဤသို့ပရောဖက်ပြုခဲ့သည်– “ထာဝရဘုရားအမျက်ထွက်တော်မူသောနေ့၌ သူတို့ရွှေငွေသည် သူတို့ကို မကယ်တင်နိုင်ရာ။ ဒေါသအမျက်တော်မီးသည် တစ်ပြည်လုံးကိုလောင်လိမ့်မည်။ ပြည်သူပြည်သားအပေါင်းတို့ကို အလျင်အမြန်စီရင်၍ အကုန်အစင် သုတ်သင်ပယ်ရှင်းတော်မူလိမ့်မည်။”—ဇေဖနိ ၁:၁၈။
‘ထာဝရဘုရားအမျက်ထွက်တော်မူရာနေ့၌ ပုန်းရှောင်ရာ’
၄။ ယေဟောဝါ၏နေ့ကြီးကို ကပ်ကျော်သူများရှိမည်ဖြစ်ကြောင်း အဘယ်အရာပြသနည်း၊ သို့သော် သူတို့ဘာလုပ်ရမည်နည်း။
၄ ယုဒပြည်သားအားလုံး ဘီ.စီ.အီး. သတ္တမရာစုတွင် သုတ်သင်ခံခဲ့ရသည်မဟုတ်။ အလားတူစွာ ယေဟောဝါ၏နေ့ကြီးတွင် ကပ်ကျော်မည့်သူများရှိမည်။ ဤကဲ့သို့သောသူများအတွက် မိမိ၏ပရောဖက် ဇေဖနိအားဖြင့် ယေဟောဝါဤသို့မိန့်တော်မူသည်– “အမိန့်တော်အတိုင်း မစီရင်၊ သင်တို့အချိန်သည် ဖွဲကဲ့သို့မလွန်၊ ထာဝရဘုရား၏ပြင်းစွာသောအမျက်တော်သည် သင်တို့အပေါ်သို့မရောက်၊ ထာဝရဘုရား၏အမျက်တော်နေ့သည် သင်တို့အပေါ်သို့မရောက်မီ၊ ကိုယ်ကိုစစ်ကြောကြလော့။ တရားတော်အတိုင်းကျင့်၍၊ စိတ်နှိမ့်ချသောပြည်သူပြည်သားအပေါင်းတို့၊ ထာဝရဘုရားကို ရှာကြလော့။ ဖြောင့်မတ်ခြင်းနှင့် စိတ်နှိမ့်ချခြင်းကိုလည်းရှာကြလော့။ ထာဝရဘုရားအမျက်ထွက်တော်မူသောနေ့၌ သင်တို့သည် ပုန်းရှောင်ရာကို တွေ့ကောင်းတွေ့ကြလိမ့်မည်။”—ဇေဖနိ ၂:၂၊ ၃။
၅။ ဤဆုံးခန်းကာလတွင် ဇေဖနိ၏သတိပေးချက်ကို ဦးဆုံးလိုက်နာသူများကား မည်သူများနည်း၊ ယေဟောဝါသည် သူတို့ကို မည်သို့အသုံးပြုထားတော်မူသနည်း။
၅ ဤလောက၏နိဂုံးအချိန်တွင် ထိုပရောဖက်ပြုဖိတ်ခေါ်ချက်ကို ဦးဆုံးလိုက်နာသူများမှာ ဘိသိက်ခံခရစ်ယာန်များဖြစ်သော ဝိညာဏဣသရေလအကြွင်းအကျန်များဖြစ်သည်။ (ရောမ ၂:၂၈၊ ၂၉; ၉:၆; ဂလာတိ ၆:၁၆) ဖြောင့်မတ်ခြင်းနှင့် စိတ်နှိမ့်ချခြင်းကို ရှာဖွေပြီး ယေဟောဝါတရားစီရင်ချက်များကို အလေးထားဂရုမူခြင်းကြောင့် သူတို့သည် ၁၉၁၉ ခုနှစ်တွင် မှားယွင်းသောဘာသာရေးအင်ပါယာဖြစ်သည့် မဟာဗာဗုလုန်မှ ကယ်လွှတ်ခံရကာ ဘုရားသခင့်မျက်နှာသာတော်ကို ပြန်လည်ရရှိခဲ့ကြသည်။ ဤအချိန်မှစ၍ အထူးသဖြင့် ၁၉၂၂ ခုနှစ်ကတည်းကစ၍ ဤသစ္စာရှိအကြွင်းအကျန်များသည် ချာ့ချ်များ၊ ခရစ်ယာန်ဘောင်ဂိုဏ်းဂဏများနှင့် တိုင်းနိုင်ငံများကိုဆန့်ကျင်လျက် ယေဟောဝါ၏စီရင်ချက်များကို မကြောက်ရွံ့စတမ်း ကြွေးကြော်လာခဲ့ကြသည်။
၆။ (က) သစ္စာရှိကျန်ကြွင်းသူများနှင့်စပ်လျဉ်း၍ ဇေဖနိမည်သို့ပရောဖက်ပြုခဲ့သနည်း။ (ခ) ဤပရောဖက်ပြုချက် မည်သို့ပြည့်စုံခဲ့ပြီနည်း။
၆ ဤသစ္စာရှိကျန်ကြွင်းသူများနှင့်ပတ်သက်၍ ဇေဖနိက ဤသို့ပရောဖက်ပြုခဲ့သည်– “နှိမ့်ချဆင်းရဲသောအမျိုးကို သင့်အလယ်၌ ငါချန်ထားမည်။ ထိုသူတို့သည် ထာဝရဘုရား၏နာမတော်ကို ခိုလှုံကြလိမ့်မည်။ ကျန်ကြွင်းသောဣသရေလအမျိုးသားတို့သည် မတရားသောအမှုကို မပြုရကြ။ မုသာမပြောရကြ။ သူတို့နှုတ်၌ လှည့်စားတတ်သောလျှာမရှိရ။ အဘယ်သူမျှမကြောက်စေဘဲ စားသောက်လျက်၊ အိပ်လျက်နေရကြလိမ့်မည်။” (ဇေဖနိ ၃:၁၂၊ ၁၃) ဤဘိသိက်ခံခရစ်ယာန်များသည် ယေဟောဝါ၏နာမတော်ကို အမြဲပင်ဦးထိပ်ပန်ဆင်ကြသည်၊ အထူးသဖြင့် ယေဟောဝါသက်သေများဟူသည့် နာမည်ကို ခံယူခဲ့ချိန်ဖြစ်သော ၁၉၃၁ ခုနှစ်မှစတင်၍ ယင်းသို့လုပ်ဆောင်ခဲ့သည်။ (ဟေရှာယ ၄၃:၁၀-၁၂) ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုနှင့်ဆိုင်သည့်ပြဿနာကို မီးမောင်းထိုးပြခြင်းအားဖြင့် ဘုရားသခင့်နာမတော်ကို သူတို့ဂုဏ်တင်ခဲ့ရာ ယင်းသည် သူတို့အတွက် ခိုလှုံရာတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။ (သု. ၁၈:၁၀) ယေဟောဝါသည် သူတို့ကို ဝိညာဉ်အစာအလျှံပယ်ကျွေးမွေးတော်မူရာ ဝိညာဏပရဒိသုတွင် ကြောက်ရွံ့မှုမရှိဘဲ နေထိုင်ကြရသည်။—ဇေဖနိ ၃:၁၆၊ ၁၇။
“မြေကြီးသားအမျိုးမျိုးတို့တွင် ချီးမွမ်းခြင်းဂုဏ်အသရေ”
၇၊ ၈။ (က) အဘယ်ထပ်ဆင့်ပရောဖက်ပြုချက်သည် ဝိညာဏဣသရေလ အကြွင်းအကျန်များအပေါ်တွင် ပြည့်စုံခဲ့ပြီနည်း။ (ခ) သန်းနှင့်ချီသောလူများသည် အဘယ်အရာကို အသိအမှတ်ပြုလာကြသနည်း၊ ယင်းနှင့်စပ်လျဉ်း၍ သင့်ကိုယ်ပိုင်ခံစားချက်များကား အဘယ်နည်း။
၇ ယေဟောဝါ၏နာမတော်နှင့် ကိုယ်တော့်နှုတ်ကပါဌ်တော်မှ ဖြောင့်မတ်သောမူများအပေါ် အကြွင်းအကျန်များ၏ အလွန်ကြီးမားသည့်သံယောဇဉ်ကို သတိမပြုမိလိုက်ဘဲမရှိကြပါ။ စိတ်ရင်းမှန်သောသူများသည် အကြွင်းအကျန်များ၏အကျင့်အကြံနှင့် ဤလောကနိုင်ငံရေးနှင့် ဘာသာရေးခေါင်းဆောင်ပိုင်း၏ အဂတိလိုက်စားမှု၊ အရေခြုံမှုတို့အကြား ကွာခြားမှုကို သိမြင်လာခဲ့ကြသည်။ ယေဟောဝါသည် “ကျန်ကြွင်းသော [ဝိညာဏ] ဣသရေလအမျိုးသားတို့” ကို ကောင်းချီးပေးတော်မူခဲ့သည်။ ကိုယ်တော်သည် သူတို့အား မိမိ၏နာမတော်ကို ခံယူခွင့်ပေးခြင်းအားဖြင့် ဂုဏ်ပြုတော်မူပြီး ဤကမ္ဘာပေါ်ရှိလူများအလယ်တွင် နာမည်ကောင်းရစေတော်မူသည်။ ယင်းသည် ဇေဖနိ၏ ဤပရောဖက်ပြုချက်နှင့်အညီဖြစ်သည်– “‘ထိုကာလ၌ သင်တို့ကို တစ်ဖန်ငါဆောင်ခဲ့၍ စုဝေးစေသဖြင့် သိမ်းသွားခြင်းကိုခံရသောသူတို့ကို သင်တို့မျက်မှောက်၌ တစ်ဖန်ဆောင်ခဲ့ပြန်သောအခါ၊ မြေကြီးသားအမျိုးမျိုးတို့တွင် ချီးမွမ်းခြင်းဂုဏ်အသရေကို သင်တို့အားပေးမည်’ ဟု ထာဝရဘုရားမိန့်တော်မူ၏။”—ဇေဖနိ ၃:၂၀။
၈ အကြွင်းအကျန်များပေါ်သို့ ယေဟောဝါ၏ကောင်းချီး သွန်းလောင်းနေကြောင်း ၁၉၃၅ ခုနှစ်မှစ၍ ပကတိသန်းနှင့်ချီသော လူများ အသိအမှတ်ပြုလာကြသည်။ သူတို့သည် ဤဝိညာဏဂျူး သို့မဟုတ် ဝိညာဏဣသရေလလူများ၏နောက် ဝမ်းမြောက်ဝမ်းသာလိုက်ကြ၍ ဤသို့ဆိုကြသည်– “ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူကြောင်း အကျွန်ုပ်တို့သည် ကြားသိ၍ သင်တို့နှင့်အတူလိုက်ကြပါရစေ။” (ဇာခရိ ၈:၂၃၊ သမ္မာ) ဘိသိက်ခံအကြွင်းအကျန်များကို ခရစ်တော်က “မိမိ၏ [မြေကြီးဆိုင်ရာ] ဥစ္စာရှိသမျှ” အပ်နှင်းထားသည့် ‘သစ္စာနှင့်သတိပညာရှိသောကျွန်’ အဖြစ် ဤ “အခြားသိုးများ” က အသိအမှတ်ပြုကြသည်။ သူတို့သည် ကျွန်အတန်းအစားက “အချိန်တန်လျှင်” တည်ခင်းကျွေးမွေးသော ဝိညာဏအစာကို ကျေးဇူးတင်စွာ သုံးဆောင်ကြသည်။—ယောဟန် ၁၀:၁၆; မဿဲ ၂၄:၄၅-၄၇။
၉။ သန်းနှင့်ချီသောလူများသည် အဘယ် “ဘာသာစကား” ကို ပြောဆိုရန်သင်ယူခဲ့ကြပြီနည်း၊ အခြားသိုးတို့သည် ဘိသိက်ခံအကြွင်းအကျန်များနှင့်အတူ အဘယ်ကြီးမားသောလုပ်ငန်းတွင် “ပခုံးချင်းယှဉ်၍” လုပ်ဆောင်နေကြသနည်း။
၉ အကြွင်းအကျန်များနှင့်အတူ သန်းနှင့်ချီသော ဤအခြားသိုးများသည် “စင်ကြယ်သောဘာသာစကား”a နှင့်အညီ နေထိုင်ပြောဆိုရန် သင်ယူနေကြသည်။ ယေဟောဝါသည် ဇေဖနိမှတစ်ဆင့် ဤသို့ပရောဖက်ပြုခဲ့သည်– “ထိုအခါ၊ လူမျိုးအပေါင်းတို့သည် အမှုတော်ကိုပခုံးချင်းယှဉ်၍ ထမ်းဆောင်မည်အကြောင်း၊ ယေဟောဝါ၏နာမတော်ကို ပတ္ထနာပြုစေခြင်းငှာ စင်ကြယ်သောဘာသာစကားကို သူတို့အားငါပေးမည်။” (ဇေဖနိ ၃:၉၊ ကဘ) မှန်ပါသည်၊ အခြားသိုးများသည် “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည့်အကြောင်း၊ [ဘုရားသခင့်] နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို” အရေးတကြီးဟောပြောခြင်းလုပ်ငန်းတွင် “သိုးစုငယ်” ၏ ဘိသိက်ခံအဖွဲ့ဝင်များနှင့်အတူ “ပခုံးချင်းယှဉ်၍” ယေဟောဝါထံ စည်းလုံးစွာအမှုဆောင်ကြသည်။—လုကာ ၁၂:၃၂; မဿဲ ၂၄:၁၄။
“ထာဝရဘုရား၏နေ့ရက်သည် လာလိမ့်မည်”
၁၀။ ဘိသိက်ခံအကြွင်းအကျန်များသည် အဘယ်အရာနှင့်ပတ်သက်၍ အမြဲပင်ယုံကြည်စိတ်ချကြပြီး အတန်းအစားတစ်ခုအနေနှင့် သူတို့အဘယ်အရာကို တွေ့မြင်ရကြမည်နည်း။
၁၀ ဘိသိက်ခံအကြွင်းအကျန်များသည် တမန်တော်ပေတရု၏ ဤမှုတ်သွင်းခံစကားကို မပြတ်စိတ်စွဲမှတ်ထားကြသည်– “လူအချို့တို့သည် နှေးခြင်းကို မှတ်သည်အတိုင်း၊ ထာဝရဘုရားသည်ကတိတော်အရာမှာ နှေးတော်မမူ။ ငါတို့တွင် အဘယ်သူမျှမပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှာ အလိုတော်ရှိ၍၊ ငါတို့ကိုသည်းခံတော်မူ၏။ သူခိုးသည် ညအခါလာသကဲ့သို့ ထာဝရဘုရား၏နေ့ရက်သည်လာလိမ့်မည်။” (၂ ပေတရု ၃:၉၊ ၁၀) သစ္စာရှိကျေးကျွန်အတန်းအစား၏အဖွဲ့ဝင်များသည် ကျွန်ုပ်တို့အချိန်တွင် ယေဟောဝါ၏နေ့ရက်ရောက်မည်ကို တစ်ခါမျှသံသယမဝင်ခဲ့ကြပေ။ ထိုနေ့ကြီးသည် ပုံဆောင်ယေရုရှလင်ဖြစ်သော ခရစ်ယာန်ဘောင်နှင့် မဟာဗာဗုလုန်မှ ကျန်ကြွင်းသူများအပေါ် စီရင်ချက်ချခြင်းနှင့် အစပြုမည်။—ဇေဖနိ ၁:၂-၄; ဗျာဒိတ် ၁၇:၁၊ ၅; ၁၉:၁၊ ၂။
၁၁၊ ၁၂။ (က) ဇေဖနိပရောဖက်ပြုချက်၏ အဘယ်အခြားအပိုင်းသည် အကြွင်းအကျန်များအပေါ်တွင် ပြည့်စုံခဲ့ပြီနည်း။ (ခ) ဘိသိက်ခံအကြွင်းအကျန်များသည် “လက်အားမလျော့စေနှင့်” ဟူသည့် တောင်းဆိုချက်ကို မည်သို့လိုက်နာခဲ့ကြသနည်း။
၁၁ သစ္စာရှိအကြွင်းအကျန်များသည် ၁၉၁၉ ခုနှစ်တွင် မှားယွင်းသောဘာသာရေး ကမ္ဘာ့အင်ပါယာဖြစ်သည့် မဟာဗာဗုလုန်တွင် ဝိညာဏသုံ့ပန်းဘဝမှ လွတ်မြောက်ပေးခြင်းခံရသည့်အတွက် ဝမ်းမြောက်ကြသည်။ သူတို့သည် ဤဇေဖနိပရောဖက်ပြုချက်၏ ပြည့်စုံချက်ကို တွေ့ကြုံခဲ့ကြသည်– “အိုဇိအုန်သတို့သမီး၊ သီချင်းဆိုလော့! အိုဣသရေလအမျိုး၊ ကြွေးကြော်လော့! အိုယေရုရှလင်သတို့သမီး၊ စိတ်နှလုံးအကြွင်းမဲ့ဝမ်းမြောက်ရွှင်လန်းလော့! ထာဝရဘုရားသည် သင်၏အပြစ်ဒဏ်တို့ကို ပပျောက်စေ၍၊ သင်၏ရန်သူတို့ကို ပယ်ရှားတော်မူပြီ။ ဣသရေလအမျိုး၏ ရှင်ဘုရင်ထာဝရဘုရားသည် သင့်အလယ်၌ရှိတော်မူ၏။ သင်သည် နောက်တစ်ဖန်ဘေးဥပဒ်နှင့်မတွေ့မကြုံရ။ ‘မစိုးရိမ်နှင့်’ ဟု၊ ယေရုရှလင်မြို့အားလည်းကောင်း၊ ‘လက်အားမလျော့စေနှင့်’ ဟု၊ ဇိအုန်တောင်အားလည်းကောင်း ထိုအခါဆိုရ၏။ ‘သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်အလယ်၌ရှိ၍ တန်ခိုးကြီးသောဘုရားသည် သင့်ကိုကယ်တင်တော်မူလိမ့်မည်။’”—ဇေဖနိ ၃:၁၄-၁၇။
၁၂ ယေဟောဝါသည် သူတို့အလယ်တွင်ရှိနေကြောင်း ယုံကြည်စိတ်ချမှုနှင့် အထောက်အထားအလျှံပယ်ရှိထားသောကြောင့် ဘိသိက်ခံအကြွင်းအကျန်များသည် သူတို့၏ဘုရားပေးတာဝန်ကို ကျေပွန်စေရေးအတွက် မကြောက်မရွံ့ဘဲ ရှေ့သို့ချီတက်ခဲ့ကြသည်။ သူတို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောကြပြီး ခရစ်ယာန်ဘောင်၊ မဟာဗာဗုလုန်မှကျန်ကြွင်းသူများနှင့် စာတန်၏ဆိုးသွမ်းသောစနစ်တစ်ခုလုံးတို့အပေါ် ယေဟောဝါ၏စီရင်ချက်ကို ကြေညာကြသည်။ ၁၉၁၉ ခုနှစ်မှစ၍ ဆယ်စုနှစ်များတစ်လျှောက် သူတို့သည် လောကဓံမုန်တိုင်းကြားမှ ဤဘုရားပေးအမိန့်တော်ကို နာခံခဲ့ကြသည် (သမ)– “အိုဇိအုန်မြို့၊ ကြောက်ရွံ့ခြင်း၊ လက်လျော့ခြင်းမရှိလင့်။” သူတို့သည် ယေဟောဝါ၏နိုင်ငံတော်သတင်းကြေညာရေး၌ သန်းထောင်နှင့်ချီသော ဝေစာများ၊ မဂ္ဂဇင်းများ၊ စာအုပ်ကြီးစာအုပ်ငယ်များ ဝေငှရာတွင် လက်ပန်းမကျကြပါ။ ၁၉၃၅ ခုနှစ်ကတည်းက မိမိတို့နှင့်အတူပါဝင်လာသည့် အခြားသိုးများအတွက် သူတို့သည်ယုံကြည်ခြင်းတိုးပွားစေသောစံနမူနာ ဖြစ်ခဲ့သည်။
‘သင်တို့၏လက်အားမလျော့စေနှင့်’
၁၃၊ ၁၄။ (က) ဂျူးအချို့သည် ယေဟောဝါထံအမှုဆောင်ခြင်းမှ အဘယ်ကြောင့် နောက်ဆုတ်သွားခဲ့ကြသနည်း၊ ယင်းသည် မည်သို့ပေါ်လွင်ထင်ရှားလာသနည်း။ (ခ) အဘယ်အရာကိုလုပ်ခြင်းသည် ကျွန်ုပ်တို့အတွက် ပညာမဲ့ရာကျမည်နည်း၊ အဘယ်လုပ်ငန်းတွင် ကျွန်ုပ်တို့လက်အားမလျော့သင့်သနည်း။
၁၃ ကျွန်ုပ်တို့သည် ‘ယေဟောဝါ၏နေ့ကြီးကို ငံ့လင့်’ နေရင်း ဇေဖနိပရောဖက်ပြုချက်မှ လက်တွေ့ကျသောအကူအညီကို မည်သို့ရယူနိုင်သနည်း။ ဦးဆုံးအနေနှင့်၊ ယေဟောဝါ၏နေ့နီးကပ်နေခြင်းကို သံသယဝင်သောကြောင့် ယေဟောဝါနောက်တော်သို့ လိုက်ရာမှ နောက်ဆုတ်သွားသည့် ဇေဖနိအချိန်ရှိ ဂျူးများကဲ့သို့ ဖြစ်မသွားရန် သတိထားသင့်သည်။ ဤဂျူးများသည် မိမိတို့၏သံသယများကို ဖွင့်ဟပြောဖို့မလိုဘဲ သူတို့၏အပြုအမူလမ်းစဉ်က သူတို့သည် ယေဟောဝါ၏နေ့ကြီးနီးနေသည်ကို အမှန်တကယ်မယုံကြည်ကြောင်း ထင်ရှားခဲ့သည်။ သူတို့သည် ယေဟောဝါကို ဆက်၍ငံ့လင့်နေမည့်အစား စည်းစိမ်ဥစ္စာစုဆောင်းခြင်းကိုသာ အာရုံစိုက်ခဲ့ကြသည်။—ဇေဖနိ ၁:၁၂၊ ၁၃; ၃:၈။
၁၄ ယနေ့အချိန်သည် သံသယများကို ကျွန်ုပ်တို့၏နှလုံးတွင် အမြစ်တွယ်ခွင့်ပြုရမည့်အချိန်မဟုတ်ပါ။ ယေဟောဝါ၏နေ့ရောက်လာမည်ကို ကျွန်ုပ်တို့၏စိတ် သို့မဟုတ် နှလုံးမှထုတ်ပယ်ထားခြင်းသည် အလွန်ပညာမဲ့ရာကျမည်။ (၂ ပေတရု ၃:၁-၄၊ ၁၀) ကျွန်ုပ်တို့သည် ယေဟောဝါနောက်တော်လိုက်ရာမှ နောက်ဆုတ်သွားခြင်း သို့မဟုတ် ကိုယ်တော်၏လုပ်ငန်းတော်တွင် ‘ကျွန်ုပ်တို့လက်အား လျော့သွားစေခြင်း’ တို့ကို ရှောင်သင့်သည်။ ယင်းတွင် ကျွန်ုပ်တို့ ‘သတင်းကောင်း’ ဟောပြောရာ၌ ‘ဖင့်နွှဲသောလက်ဖြင့်လုပ်ကိုင်မှု’ မပြုခြင်းပါဝင်သည်။—သု. ၁၀:၄ သမ; မာကု ၁၃:၁၀။
လျစ်လျူရှုမှုကို တိုက်လှန်ခြင်း
၁၅။ ယေဟောဝါ၏လုပ်ငန်းတော်တွင် ကျွန်ုပ်တို့ကို လက်ပန်းကျစေနိုင်သောအရာကား အဘယ်နည်း၊ ယင်းပြဿနာကို ဇေဖနိပရောဖက်ပြုချက်တွင် မည်သို့တင်ကူးဖော်ပြခဲ့သနည်း။
၁၅ ဒုတိယအနေနှင့်၊ ကျွန်ုပ်တို့သည် လျစ်လျူရှုခံရသောကြောင့် အားလျော့စေသည့် အကျိုးဆက်များကို သတိထားသင့်သည်။ အနောက်နိုင်ငံအများအပြားတွင် ဝိညာဉ်ရေးကိစ္စများအပေါ် အလေးမထားကြခြင်းသည် သတင်းကောင်းဟောပြောသူတချို့ကို စိတ်ဓာတ်ကျလာစေနိုင်သည်။ ဤသို့သောလျစ်လျူရှုမှုသည် ဇေဖနိအချိန်တွင်လည်း ရှိခဲ့သည်။ ယေဟောဝါသည် မိမိ၏ပရောဖက်မှတစ်ဆင့် ဤသို့မိန့်တော်မူခဲ့သည်– “‘ထာဝရဘုရားသည် ကျေးဇူးကိုလည်း မပြု၊ အပြစ်ကိုလည်းမပေး’ ဟု အောက်မေ့ . . . သောသူတို့ကို ငါစစ်ကြောမည်။” (ဇေဖနိ ၁:၁၂) ကျောင်းများနှင့် ကောလိပ်များအတွက် ကင်းဘရစ်ကျမ်းစာ၌ ဤကျမ်းပိုဒ်ကို ရေးသားရာတွင် အေ.ဘီ. ဒေးဗစ်စင်က ယင်းသည် “ခံစားချက်ကင်းမဲ့စွာ လျစ်လျူရှုခြင်း သို့မဟုတ် လူ့ရေးရာများတွင် မြင့်မားသည့် အစွမ်းတန်ခိုးရှင်တစ်ဦး၏ မည်သည့်ကြားဝင်ဆောင်ရွက်ပေးမှုနှင့်ပတ်သက်၍မဆို အယုံအကြည်မရှိသည့်အဖြစ်သို့ကျဆင်းသွား” သူများကို ရည်ညွှန်းကြောင်း ဖော်ပြခဲ့သည်။”
၁၆။ ခရစ်ယာန်ဘောင်ချာ့ချ်အသင်းသားများစွာတွင် အဘယ်စိတ်ထားရှိသနည်း၊ သို့သော် ယေဟောဝါသည် အဘယ်အားပေးချက်ကို ကျွန်ုပ်တို့အား ပေးထားတော်မူသနည်း။
၁၆ လျစ်လျူရှုခြင်းသည် ယနေ့ကမ္ဘာ့ဒေသများစွာတွင်၊ အထူးသဖြင့် သာ၍ကြွယ်ဝသောနိုင်ငံများတွင် လွှမ်းမိုးနေသောသဘောထားဖြစ်သည်။ ခရစ်ယာန်ဘောင်ချာ့ချ်အသင်းသားများပင် ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့အချိန်တွင် လူ့ရေးရာများကို ကြားဝင်ဆောင်ကြဉ်းပေးတော်မူမည်ကို စိုးစဉ်းမျှမယုံကြပါ။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဖြင့် သူတို့ထံမဖြစ်မနေရောက်အောင် ကျွန်ုပ်တို့၏ ကြိုးစားလုပ်ဆောင်မှုများကို သံသယအပြုံးလေးတစ်ချက်ဖြင့်ဖြစ်စေ၊ “ငါစိတ်မဝင်စားဘူး!” ဟု တုံးတိတိပြောဆိုခြင်းဖြင့်ဖြစ်စေ၊ သူတို့ပယ်ချခဲ့ကြသည်။ ဤအခြေအနေများအောက်တွင် သက်သေခံခြင်းလုပ်ငန်း၌ မဆုတ်မနစ်ဇွဲတင်ပြရန်မှာ အမှန်ပင် စိန်ခေါ်ချက်တစ်ခုဖြစ်နိုင်သည်။ ယင်းက ကျွန်ုပ်တို့၏ခံနိုင်ရည်စမ်းသပ်မှုဖြစ်သည်။ သို့သော် ယေဟောဝါသည် မိမိ၏သစ္စာရှိလူမျိုးတော်ကို ဇေဖနိ၏ပရောဖက်ပြုချက်အားဖြင့် ဤသို့အားပေးစကားဆိုသည်– “လက်အားမလျော့စေနှင့် . . . သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်အလယ်၌ရှိ၍၊ တန်ခိုးကြီးသောဘုရားသည် သင့်ကိုကယ်တင်တော်မူလိမ့်မည်။ သင်၌အားရဝမ်းမြောက်တော်မူလိမ့်မည်။ ချစ်ခြင်းမေတ္တာ၌ကျိန်းဝပ်၍၊ သီချင်းဆိုခြင်းနှင့်တကွ သင်၌ဝမ်းမြောက်တော်မူလိမ့်မည်။”—ဇေဖနိ ၃:၁၆၊ ၁၇။
၁၇။ အခြားသိုးအဝင်လူသစ်များသည် အဘယ်စံနမူနာကို လိုက်လျှောက်သင့်သနည်း၊ မည်သို့လိုက်လျှောက်သင့်သနည်း။
၁၇ အကြွင်းအကျန်များအပြင် အခြားသိုးအဝင် အသက်အရွယ်ကြီးရင့်သူများသည်လည်း ဤနောက်ဆုံးကာလတွင် အလွန်ကြီးကျယ်သည့်စုသိမ်းခြင်းလုပ်ငန်းကို ပြီးမြောက်စေခဲ့ပြီဖြစ်ကြောင်း ယေဟောဝါလူမျိုးတော်၏ ခေတ်သစ်သမိုင်းတွင် အဖြစ်မှန်တစ်ရပ်ဖြစ်သည်။ ဤသစ္စာရှိခရစ်ယာန်အားလုံးသည် ဆယ်စုနှစ်များတစ်လျှောက် ခံနိုင်ရည်တင်ပြခဲ့ကြသည်။ ခရစ်ယာန်ဘောင်ဒေသအများစုတွင်ဖြစ်နေသည့် လျစ်လျူရှုခြင်းက မိမိတို့ကိုစိတ်ဓာတ်ကျသွားစေရန် ခွင့်မပြုကြပါ။ သို့ဖြစ်၍ အခြားသိုးအဝင် လူသစ်များသည် ယနေ့နိုင်ငံများစွာတွင် အလွန်လွှမ်းမိုးပျံ့နှံ့နေသည့် ဝိညာဉ်ရေးကိစ္စများကိုလျစ်လျူရှုခြင်းကြောင့် စိတ်ဓာတ်မကျသင့်ပါ။ မိမိတို့၏ ‘လက်အားလျော့ခြင်း’ သို့မဟုတ် လက်ကျသွားခြင်းမဖြစ်ပါစေနှင့်။ သူတို့သည် သိုးကဲ့သို့သောသူများအား ယေဟောဝါ၏နေ့နှင့် လိုက်ပါလာမည့် ကောင်းချီးများနှင့်ပတ်သက်သော သမ္မာတရားသင်ယူမှုကို အကူအညီပေးရန် လက်ရှိ ကင်းမျှော်စင်၊ နိုးလော့! နှင့် အထူးစီမံထားသည့် အခြားစာပေစာတမ်းကောင်းများကို အခွင့်အရေးရတိုင်းအသုံးပြုနိုင်ပါစေ။
နေ့တော်ကြီးကို စောင့်မျှော်နေစဉ် ရှေ့သို့ချီ!
၁၈၊ ၁၉။ (က) မဿဲ ၂၄:၁၃ နှင့် ဟေရှာယ ၃၅:၃၊ ၄ တို့တွင် ခံနိုင်ရည်ရှိရန်အတွက် အဘယ်အားပေးတိုက်တွန်းချက်ကို ကျွန်ုပ်တို့တွေ့ရသနည်း။ (ခ) ကျွန်ုပ်တို့သည် ယေဟောဝါ၏လုပ်ငန်းတော်တွင် စည်းလုံးစွာရှေ့သို့ချီတက်နေစဉ် အဘယ်အာမခံချက်ကို ရရှိထားကြသနည်း။
၁၈ ယေရှုဤသို့မိန့်တော်မူခဲ့သည်– “အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။” (မဿဲ ၂၄:၁၃) ထို့ကြောင့် ကျွန်ုပ်တို့သည် ယေဟောဝါ၏နေ့ကြီးကို စောင့်ဆိုင်းနေရင်း “အားမရှိသောလက်တို့” သို့မဟုတ် ‘တုံချိသောဒူးတို့’ ကို မရှိစေပါနှင့်! (ဟေရှာယ ၃၅:၃၊ ၄) ဇေဖနိပရောဖက်ပြုချက်က ယေဟောဝါနှင့်ပတ်သက်၍ ဤသို့အခိုင်အမာဆိုသည်– “တန်ခိုးကြီးသောဘုရားသည် သင့်ကို ကယ်တင်တော်မူလိမ့်မည်။” (ဇေဖနိ ၃:၁၇) ယေဟောဝါသည် မိမိ၏လူမျိုးတော်တစ်ဖက် ‘လေလုံးထွားနေ’ သည့် နိုင်ငံများကို အပိုင်းပိုင်းဖြတ်ပစ်ဖို့ သားတော်ကို အမိန့်ပေးသောအခါ “ကြီးစွာသောဒုက္ခ” နောက်ဆုံးပိုင်းတစ်လျှောက် ‘လူအုပ်ကြီး’ ကို ကယ်တင်မည်။—ဗျာဒိတ် ၇:၉၊ ၁၄; ဇေဖနိ ၂:၁၀၊ ၁၁; ဆာလံ ၂:၇-၉။
၁၉ ယေဟောဝါ၏နေ့ကြီး ချဉ်းကပ်လာသည်နှင့်အမျှ ကျွန်ုပ်တို့သည် ဇွဲရှိရှိဖြင့် ရှေ့သို့ချီကာ ကိုယ်တော်အမှုတော်ကို “ပခုံးချင်းယှဉ်၍” ထမ်းဆောင်ကြပါစို့! (ဇေဖနိ ၃:၉၊ ကဘ) သို့ပြုခြင်းဖြင့် ကျွန်ုပ်တို့ကိုယ်နှိုက်နှင့် မရေတွက်နိုင်သော အခြားသူများသည် “ထာဝရဘုရားအမျက်ထွက်တော်မူသောနေ့၌ . . . ပုန်းရှောင်ရာကိုတွေ့” မည့်အနေအထားတွင်ရှိပြီး ကိုယ်တော်၏သန့်ရှင်းသောနာမတော် သန့်ရှင်းမြင့်မြတ်ရေးကို သက်သေခံခွင့် ရရှိမည်ဖြစ်သည်။—ဇေဖနိ ၂:၃။
[အောက်ခြေမှတ်ချက်များ]
a “စင်ကြယ်သောဘာသာစကား” နှင့်ပတ်သက်သည့် အပြည့်အစုံဆွေးနွေးတင်ပြချက်ကို ကင်းမျှော်စင် ၁၉၉၁၊ ဧပြီ ၁ ရက်ထုတ်၊ စာမျက်နှာ ၂၀-၅ နှင့် ၁၉၉၁၊ မေ ၁ ရက်ထုတ် စာမျက်နှာ ၁၀-၂၀ တို့တွင် ရှု။
ပြန်လည်ဆွေးနွေးခြင်းဖြင့်
◻ ခရစ်ယာန်ဘောင်အတွင်းရှိ ဘာသာရေးအခြေအနေသည် ဇေဖနိအချိန်ကအခြေအနေနှင့် အဘယ်နည်းများဖြင့် ဆင်တူသနည်း။
◻ ယနေ့နိုင်ငံရေးခေါင်းဆောင်အများသည် ဇေဖနိအချိန်ရှိ လောကီ “မင်းညီမင်းသားများ” နှင့် မည်သို့ဆင်တူသနည်း။
◻ ဇေဖနိအားဖြင့်ပေးသော အဘယ်ကတိတော်များသည် အကြွင်းအကျန်များအပေါ်တွင် ပြည့်စုံခဲ့ပြီနည်း။
◻ သန်းနှင့်ချီသောသူများသည် အဘယ်အရာကို အသိအမှတ်ပြုလာကြသနည်း။
◻ ကျွန်ုပ်တို့သည် ယေဟောဝါ၏လုပ်ငန်းတော်တွင် အဘယ်ကြောင့် လက်အားမလျော့သင့်သနည်း။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ဇေဖနိကဲ့သို့၊ သစ္စာရှိဘိသိက်ခံခရစ်ယာန် အကြွင်းအကျန်များသည် ယေဟောဝါ၏စီရင်ချက်များကို မကြောက်ရွံ့စတမ်းကြေညာလာခဲ့ကြသည်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
“အခြားသိုး” များသည် လူများ၏လျစ်လျူ ရှုခြင်းက မိမိတို့ကိုစိတ်ဓာတ်ကျစေရန် ခွင့်မပြုကြ