ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
ယေဟောဝါကို ချီးမွမ်းဂုဏ်တင်သည့် ကောင်းသောအကျင့်များ
“သူတစ်ပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကိုချီးမွမ်းစေခြင်းငှာ သူတစ်ပါးရှေ့ ၌ သင်တို့အလင်းကို လင်းစေကြလော့” ဟု ယေရှုသည် မိမိ၏တောင်ပေါ်ဒေသနာ၌ တပည့်တော်များအား မိန့် ကြားတော်မူခဲ့သည်။ (မဿဲ ၅:၁၆) ထိုနည်းတူပင် မျက်မှောက်ခေတ်ရှိ စစ်မှန်သောခရစ်ယာန်များသည် ယေဟောဝါကို ချီးမွမ်းဂုဏ်တင်သည့် ‘ကောင်းသောအကျင့်များ’ တွင် ပါဝင်ဆောင်ရွက်ကြပါသည်။
အဆိုပါ ကောင်းသောအကျင့်များကား အဘယ်နည်း။ ၎င်းတို့၌ သတင်းကောင်းဟောပြောခြင်း ပါဝင်သော်လည်း ကျွန်ုပ်တို့၏စံထားအပ်သောအကျင့်အကြံသည်လည်း အရေးကြီးသည့်အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်။ လူများအား ခရစ်ယာန်အသင်းတော်သို့ ဦးဆုံးဆွဲဆောင်မှုဖြစ်စေသည့်အရာမှာ ကျွန်ုပ်တို့၏ကောင်းသောအကျင့်အကြံပင် ဖြစ်လေ့ရှိသည်။ အောက်ပါတွေ့ကြုံမှုများသည် မာတီနစ်ရှိ ယေဟောဝါသက်သေများ မည်သို့အားဖြင့် ‘သူတစ်ပါးရှေ့၌ သူတို့အလင်းကို လင်းစေခဲ့ကြောင်း’ ဖော်ပြသည်။
▫တစ်အိမ်မှတစ်အိမ်လုပ်ငန်း၌ပါဝင်နေစဉ် ယေဟောဝါသက်သေတစ်ဦးသည် ကက်သလစ်အမျိုးသမီးတစ်ဦးထံသို့ ရောက်သွားခဲ့သည်။ ဤအမျိုးသမီးသည် ၂၅ နှစ်တိုင် သူမနှင့် လက်မထပ်ထားသော အမျိုးသားတစ်ဦးနှင့်အတူ နေထိုင်သည်။ လွန်ခဲ့သည့် ခုနစ်နှစ်ခန့်က သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည်a ဟူသည့်စာအုပ်ကို သူမရရှိခဲ့ပြီးကတည်းက ယေဟောဝါသက်သေများ၏သွန်သင်ချက်တို့နှင့် အကျွမ်းတဝင်ရှိနေခဲ့သည်။ “ဘာသာတွေကတော့ အများကြီးရှိပါတယ်။ ဒီအရှုပ်အရှင်းတွေအားလုံးအလယ်မှာ ဘယ်သူ့ကိုယုံရမယ်ဆိုတာကိုတော့ ကျွန်မ မသိဘူး” ဟု သက်သေခံကို အမျိုးသမီးက ပြောပြသည်။ သမ္မာတရားဟူသည် ကျမ်းစာအတွင်း၌သာ ရှာတွေ့နိုင်ကြောင်း၊ ၎င်းကို ရှာဖွေရန်အတွက် ကျမ်းစာကို ဂရုတစိုက်လေ့လာမှုပြုပြီး ဘုရားသခင်၏ဝိညာဉ်တော်နှင့် လမ်းညွှန်မှုအတွက် ကိုယ်တော်ထံဆုတောင်းရမည်ဖြစ်ကြောင်း သက်သေခံက ရှင်းပြသည်။
အချိန်အတန်ကြာအထိ အမျိုးသမီးသည် ကျမ်းစာကိုလေ့လာမှုပြုရန် စိတ်ဝင်စားမှုရှိသော်လည်း ယေဟောဝါသက်သေများ၏ ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် ခရစ်ယာန်စည်းဝေးများသို့ တက်ရောက်ဖို့ရန် အကြိမ်ကြိမ်ဖိတ်ခေါ်မှုကို ငြင်းဆန်ခဲ့သည်။ အဘယ့်ကြောင့်နည်း။ သူမ အလွန့်အလွန်ရှက်သောကြောင့်ဖြစ်၏။ သို့ရာတွင် ခရစ်တော်၏သေခြင်းကို သတိရအောက်မေ့သည့်ပွဲသို့တက်ရောက်ရန် ဖိတ်ခေါ်ချက်တစ်ခုကို လက်ခံရရှိပြီးသည့်နောက် သူမ၏ရှက်ကြောက်မှုကို ချိုးနှိမ်ကာ တက်ရောက်ခဲ့သည်။
စည်းဝေးနှင့်ပတ်သက်၍ သူမစိတ်ထဲ အလွန်စွဲမှတ်သွားစေသည့်အရာမှာ ဘုရားသခင့်နိုင်ငံတော်ခန်းမတွင်းရှိ ချစ်ချစ်ခင်ခင်ရှိကြသည့် အသိုင်းအဝိုင်းပင်ဖြစ်သည်။ ဤကဲ့သို့စစ်မှန်သည့်ခင်မင်မှုမျိုးကို သူမ၏ချာ့ချ်တွင် မကြုံတွေ့ခဲ့ရဖူးချေ! ထိုစည်းဝေးကိုတက်ရောက်ပြီးသည့်နောက်ပိုင်း ဒေသခံသက်သေခံများကျင်းပသော စည်းဝေးအားလုံးကို သူမစတင်တက်ရောက်လေတော့သည်။ ထို့ ပြင် သူမနှင့်အတူနေထိုင်သော အမျိုးသားနှင့် မကြာမီပင် လက်ထပ်လိုက်သည်။ ယခုဆိုလျှင် သူမသည် နှစ်ခြင်းခံပြီးသော အသင်းတော်သားအဝင် တစ်ဦးဖြစ်နေလေပြီ။
▫နောက်သက်သေခံတစ်ဦး၏ ကောင်းသောအကျင့်များကလည်း ရလဒ်ကောင်းကို ဖြစ်ထွန်းစေခဲ့သည်။ သူမသည် ရုံးတစ်ရုံး၌ တာဝန်ကြီးလေးသောရာထူးကို ရရှိထားသည်။ ရေယူနီယံကျွန်းမှ လူတစ်ဦးကို အလုပ်ခန့်လိုက်သည့်နောက် အလုပ်သမားအချို့တို့က သူ၏အရပ်နိမ့်မှုကိုအကြောင်းပြု၍ သူ့ကို လှောင်ပြောင်ကြလေသည်။ သူသည် ဝိုင်းဟားစရာဖြစ်နေလေတော့သည်။ ဆန့်ကျင်ဘက်အနေနှင့် သက်သေခံသည် ထိုလူကို အမြဲကြင်နာ၍ လေးစားစွာဆက်ဆံသည်။ မကြာမီပင် သူမအဘယ်ကြောင့် ထိုမျှကွဲပြားရကြောင်း သူမေးလာလေသည်။
သက်သေခံက သူမ၏လေးစားတတ်သောအကျင့်အကြံသည် ယေဟောဝါသက်သေများထံမှ သူမသင်ယူသိရှိခဲ့ရသော ကျမ်းစာမူများကြောင့်ဖြစ်ကြောင်း ရှင်းပြသည်။ ဘုရားသခင်၏ရည်ရွယ်တော်မူချက်များနှင့် ကမ္ဘာသစ်မျှော်လင့်ချက်တို့နှင့်ပတ်သက်၍ ကျမ်းစာက အဘယ်အရာပြောဆိုထားကြောင်းကိုလည်း သူ့ကို ပြသပေးသည်။ ထိုလူသည် ကျမ်းစာသင်အံမှုကို လက်ခံလိုက်ပြီး ခရစ်ယာန်စည်းဝေးများကို စတင်တက်ရောက်ကာ သူနှင့်အတူနေထိုင်နေသော အမျိုးသမီးနှင့်လက်ထပ်လိုက်သည်။
နောက်ဆုံးတွင် သူသည် ရေယူနီယံသို့ ပြန်သွားသည်။ ယခင်က သူသည် အမျိုးများ၊ အထူးသဖြင့် သူ့ဇနီး၏မိသားစုနှင့် အဆင်မပြေမှုများ ကြုံတွေ့ခဲ့ရသည်။ သို့သော် ယခုအချိန်၌ သူတို့သည် သူ၏ကောင်းသော ခရစ်ယာန်အကျင့်အကြံကြောင့် စိတ်တွင် အလွန်စွဲမှတ်ခဲ့ကြပြီ။ ထိုလူသည် နှစ်ခြင်းခံပြီးဖြစ်ကာ ယခုလောလောဆယ်၌ ဓမ္မအမှုထမ်းတစ်ဦးဖြစ်လေသည်။ သူ၏ဇနီးနှင့် သမီးနှစ်ယောက်အပါအဝင် မိသားစုဝင်အတော်များများတို့သည်လည်း ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကြေညာသူများအဖြစ် ခရစ်ယာန်အသင်းတော်တွင် အမှုထမ်းနေကြလေသည်။
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ နယူးယောက်မှ ထုတ်ဝေသည်။