ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၄/၁ စာ. ၁၆-၂၁
  • “ဂျားကို ချီးမွမ်းကြလော့၊ အသင်လူများ!”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ဂျားကို ချီးမွမ်းကြလော့၊ အသင်လူများ!”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မေရှိယဘုရင်ကို ရှုစားလော့!
  • “အဆုံး” မည်သို့ရောက်လာသနည်း
  • ဂျားကို ချီးမွမ်းရမည့်အခါသမယ
  • တရားစီရင်တော်မူခြင်းအတွက် ဂျားအား ချီးမွမ်းကြလော့
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • ထာဝရဘုရင်ကို ချီးမွမ်းလေ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ယေရှုခရစ်ပေါ်ထွန်းချိန်၌ ကယ်တင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • “ကြည့်ရှုလော့! ငါသည်ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်”
    “ကြည့်ရှုလော့ ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်”
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၄/၁ စာ. ၁၆-၂၁

“ဂျားကို ချီးမွမ်းကြလော့၊ အသင်လူများ!”

“အသက်ရှိသောသူအပေါင်းတို့သည် ထာဝရဘုရား [“ဂျား၊” ကဘ] ကို ချီးမွမ်းကြစေ။”—ဆာလံ ၁၅၀:၆။

၁၊ ၂။ (က) စစ်မှန်သောခရစ်ယာန်အယူဝါဒသည် ပထမရာစုတွင် အဘယ်အတိုင်းအတာအထိ တိုးတက်ခဲ့သနည်း။ (ခ) တမန်တော်များသည် အဘယ်သို့ တင်ကြိုသတိပေးခဲ့သနည်း။ (ဂ) အယူဖောက်ပြန်မှုသည် မည်သို့တိုးပွားခဲ့သနည်း။

ယေရှုခရစ်သည် မိမိ၏တပည့်တော်များကို ခရစ်ယာန်အသင်းတော်အဖြစ် ဖွဲ့စည်းခဲ့သည်။ ယင်းသည် ပထမရာစုတွင် တိုးပွားခဲ့သည်။ ခါးသီးသောဘာသာရေးအတိုက်အခံကြားမှ ‘ဧဝံဂေလိတရားကို ကောင်းကင်အောက်၌ရှိသမျှသော ဝေနေယျသတ္တဝါတို့အား ဟောပြောခဲ့သည်။’ (ကောလောသဲ ၁:၂၃) သို့သော် ယေရှုခရစ်၏တမန်တော်များ ကွယ်လွန်သွားပြီးနောက်တွင် စာတန်သည် အယူဖောက်ပြန်ခြင်းကို မသိမသာလှုံ့ဆော်ပေးခဲ့သည်။

၂ ယင်းနှင့်ပတ်သက်၍ တမန်တော်များကို ကြိုတင်သတိပေးထားသည်။ ဥပမာ၊ ပေါလုက ဧဖက်မြို့မှ အကြီးအကဲများကို ဤသို့ပြောခဲ့သည်– “သင်တို့သည် ကိုယ်ကိုသတိနှင့် ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိ [“သားတော်၏၊” ကဘ] အသွေးနှင့်ဝယ်တော်မူသောအသင်းတော်ကို လုပ်ကျွေးစေခြင်းငှာ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကိုအအုပ်အချုပ်ခန့်ထားတော်မူသော သိုးစုတစ်စုလုံးကိုလည်း သတိနှင့်ကြည့်ရှုကြလော့။ အကြောင်းမူကား ငါမရှိသည်နောက် ကြမ်းတမ်းသောတောခွေးတို့သည် သိုးများကိုမသနားဘဲ သင်တို့အထဲသို့ဝင်မည်ကိုလည်းကောင်း၊ တပည့်တော်များကို သွေးဆောင်ခြင်းငှာ မှားသောစကားကိုပြောတတ်သော လူတို့သည် သင်တို့အထဲ၌လည်းပေါ်လာမည်ကိုလည်းကောင်း ငါသိ၏။” (တမန်တော် ၂၀:၂၈-၃၀; ၂ ပေတရု ၂:၁-၃; ၁ ယောဟန် ၂:၁၈၊ ၁၉ လည်းရှု။) သို့နှင့် စတုတ္ထရာစုတွင် အယူဖောက်ပြန်သော ခရစ်ယာန်ဘာသာတရားသည် ရောမအင်ပါယာနှင့် စတင်ပေါင်းစည်းလုပ်ဆောင်ခဲ့သည်။ ရာစုနှစ်အနည်းငယ်ကြာပြီးနောက် ရောမပုပ်ရဟန်းနှင့် ဆက်စပ်ထားသည့် ဟိုးလီးရိုမင်အင်ပါယာသည် လူသားအများစုကို အုပ်စိုးလာခဲ့သည်။ အချိန်တန်သော် ပရိုတက်စတင့်ပြန်လည်တည်ထောင်ရေးက ချာ့ချ်၏ ဆိုးညစ်မှုများကို ဆန့်ကျင်ပုန်ကန်ခဲ့သော်လည်း ယင်းသည် ခရစ်ယာန်ဘာသာတရားစစ်ကို ပြန်လည်မထူထောင်နိုင်ခဲ့ပါ။

၃။ (က) သတင်းကောင်းကို ဝေနေယျသတ္တဝါအပေါင်းတို့အား မည်သည့်အချိန်တွင်နှင့် မည်သို့ကြေညာခဲ့သနည်း။ (ခ) ၁၉၁၄ ခုနှစ်တွင် အဘယ်ကျမ်းစာအခြေပြုမျှော်လင့်ချက်များကို သိမြင်လာသနည်း။

၃ မည်သို့ပင်ဖြစ်ပါစေ ၁၉ ရာစု၏အဆုံးနီးလာသောအခါ စိတ်ရိုးမှန်သည့်ကျမ်းစာကျောင်းသား အုပ်စုတစ်စုသည် ဟောပြောခြင်းနှင့် ‘ကောင်းကင်အောက်ရှိ ဝေနေယျသတ္တဝါအပေါင်းကို သတင်းကောင်းမျှော်လင့်ချက်’ ကမ်းလှမ်းခြင်းတို့တွင် တစ်ဖန်အလုပ်များနေခဲ့ကြပြန်သည်။ ဤအုပ်စုသည် သူတို့၏ကျမ်းစာပရောဖက်ပြုချက် လေ့လာမှုကို အခြေပြုကာ “တစ်ပါးအမျိုးသားများ၏ခန့်အပ်ရာအချိန်” မှာ ဘီ.စီ.အီး ၆၀၇ ခုနှစ်တွင် ယေရုရှလင်မြို့ပျက်စီးခြင်းနှင့်စတင်သည့် “ခုနစ်ကာလ” သို့မဟုတ် အနှစ် ၂,၅၂၀ အချိန်ပိုင်း၏အဆုံးကို မှတ်သားပြသောနှစ်အဖြစ် ၁၉၁၄ ခုနှစ်ကို အနှစ် ၃၀ ထက်မက ကြိုတင်ကာထောက်ပြခဲ့သည်။ (လုကာ ၂၁:၂၄၊ ကဘ; ဒံယေလ ၄:၁၆၊ ကဘ) မျှော်လင့်ထားသည့်အတိုင်းပင် ၁၉၁၄ ခုနှစ်သည် မြေကြီးပေါ်ရှိလူ့ရေးရာများတွင် အလှည့်အပြောင်းဖြစ်သွားကြောင်း ထင်ရှားခဲ့သည်။ ကောင်းကင်တွင်လည်း သမိုင်းဝင်အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သည်။ ထိုအချိန်တွင် ထာဝရဘုရင်သည် မိမိ၏တွဲဖက်ဘုရင် ယေရှုခရစ်ကို ကောင်းကင်ပလ္လင်တွင် နန်းတင်ခဲ့ပြီး ဤမြေကြီးမျက်နှာပြင်မှ ဆိုးသွမ်းမှုရှိရှိသမျှကို သုတ်သင်ပစ်ရန်နှင့် ပရဒိသုကို ပြန်လည်တည်ထောင်ရန် အသင့်ပြင်ခဲ့သည်။—ဆာလံ ၂:၆၊ ၈၊ ၉; ၁၁၀:၁၊ ၂၊ ၅။

မေရှိယဘုရင်ကို ရှုစားလော့!

၄။ ယေရှုသည် မိက္ခေလဟူသည့် ကိုယ်တော့်နာမ၏အဓိပ္ပာယ်နှင့် မည်သို့ပနံသင့်သနည်း။

၄ ၁၉၁၄ ခုနှစ်တွင် မေရှိယဘုရင် ယေရှုသည် စတင်လှုပ်ရှားခဲ့သည်။ ကိုယ်တော်သည် ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို သင်္ကာယနကင်းရှင်းစေရန် ဆန္ဒပြင်းပြရကား ကျမ်းစာထဲတွင် “ဘုရားသခင်နှင့်အဘယ်သူ တူသနည်း” ဟူ၍အဓိပ္ပာယ်ရှိသော မိက္ခေလဟုလည်း ကိုယ်တော်ကို အမည်ပေးထားသည်။ ဗျာဒိတ် ၁၂:၇-၁၂ တွင် မှတ်တမ်းတင်ထားသည့်အတိုင်း တမန်တော်ယောဟန်က ဖြစ်ပျက်မည့်အရာကို ရူပါရုံဖြင့် ဤသို့ဖော်ပြခဲ့သည်– “ကောင်းကင်၌စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ကောင်းကင်တမန်တို့သည် နဂါးကိုစစ်တိုက်ကြ၏။ နဂါးနှင့်သူ၏တမန်တို့သည် စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်၌လည်းသူတို့နေစရာမရှိ။ ထိုအခါ ဤလောကတစ်နိုင်ငံလုံးကို လှည့်ဖြား၍မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကိုလည်းကောင်း၊ သူနှင့်အတူသူ၏တမန်တို့ကိုလည်းကောင်း မြေကြီးသို့ချလိုက်ကြ၏။” ကြီးကျယ်သောကျရှုံးမှုကြီးပင်!

၅၊ ၆။ (ခ) ၁၉၁၄ ခုနှစ်နောက်ပိုင်းတွင် ကောင်းကင်မှနေ၍ အဘယ်စိတ်လှုပ်ရှားဖွယ်ကြေညာချက်ကို ကြေညာခဲ့သနည်း။ (ခ) မဿဲ ၂၄:၃-၁၃ သည် ယင်းနှင့်မည်သို့မည်ပုံ ဆက်နွှယ်သနည်း။

၅ ထို့နောက် ကောင်းကင်တွင် ကျယ်လောင်သောအသံကြီးက ဤသို့ကြွေးကြော်ခဲ့သည်– “ယခုမှာ ကယ်တင်ခြင်းဖြစ်၏။ တန်ခိုးတော်လည်းဖြစ်၏။ ငါတို့ဘုရားသခင်၏နိုင်ငံတော်နှင့် သူ၏ခရစ်တော်၏ အာဏာတော်စက်လည်းဖြစ်၏။ အကြောင်းမူကား၊ ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင့်ရှေ့တော်၌ နေ့ညမပြတ်အပြစ်တင်သောရန်သူကို အောက်သို့ချလေပြီ။ သူတို့ [သစ္စာရှိခရစ်ယာန်များ] သည် သိုးသငယ် [ယေရှုခရစ်] ၏အသွေးအားဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံချက် နှုတ်ကပါဌ်တရားအားဖြင့်လည်းကောင်း အောင်မြင်၍အသေခံသည်တိုင်အောင် ကိုယ်အသက်ကို မနှမြောကြ!” ယင်းက တန်ဖိုးကြီးမားလှသော ယေရှု၏ရွေးဖိုးပူဇော်သကာကို ယုံကြည်ကြောင်းတင်ပြသည့် သမာဓိစောင့်သိသူများအတွက် ကယ်လွတ်ခြင်းမည်၏။—သု. ၁၀:၂; ၂ ပေတရု ၂:၉။

၆ ကောင်းကင်ဘုံ၌ ကြီးသောအသံက ဤသို့ဆက်ကြေညာသည်– “ထို့ကြောင့် ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြလော့။ မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီ!” ဤကမ္ဘာမြေကြီးအတွက် ပရောဖက်ပြုထားသည့် “အမင်္ဂလာ” သည် ဤရာစုနှစ်တွင် မြေကြီးကိုဘေးပြုသည့် ကမ္ဘာစစ်များ၊ အစာငတ်မွတ်ခြင်း၊ ကပ်ရောဂါ၊ မြေငလျင်လှုပ်မှုများနှင့် မတရားမှုတို့ဖြင့် ထင်ရှားခဲ့ပြီ။ မဿဲ ၂၄:၃-၁၃ တွင်မှတ်တမ်းတင်ထားသည့်အတိုင်း ယင်းတို့သည် ‘ဤအစီအစဉ်စနစ်၏ ဆုံးခန်းဆိုင်ရာ နိမိတ်’ အဝင်ဖြစ်မည်အကြောင်း ယေရှုက တင်ကူးမိန့်တော်မူခဲ့သည်။ ဤပရောဖက်ပြုချက်မှန်ကန်သည့်အနေနှင့် ၁၉၁၄ ကတည်းမှစ၍ လူသားများသည် မြေကြီးပေါ်တွင် ယခင်ကလူ့သမိုင်းတစ်လျှောက် ကြုံခဲ့ဖူးသမျှနှင့်နှိုင်းမပြနိုင်လောက်သည့် အမင်္ဂလာကိုတွေ့ ကြုံခဲ့ကြရသည်။

၇။ ယေဟောဝါသက်သေများသည် အဘယ်ကြောင့် အရေးတကြီးဟောပြောကြသနည်း။

၇ စာတန်ဆိုင်ရာအမင်္ဂလာ လွှမ်းမိုးသည့်ဤခေတ်တွင် လူသားတို့သည် အနာဂတ်အတွက် မျှော်လင့်ချက် တွေ့ရှိနိုင်ပါမည်လော။ အမှန်ပင် တွေ့ရှိနိုင်ပါသည်၊ မဿဲ ၁၂:၂၁ (သမ) တွင်ယေရှုဤသို့မိန့်မြွက်ထားသည့်အတွက်ဖြစ်သည်– “သူ၏နာမကိုလည်း လူမျိုးခြားတို့ စောင့်စားကြလတ္တံ့”! လူမျိုးများတွင် ထိခိုက်သည့်အခြေအနေများက ‘အစီအစဉ်စနစ် ဆုံးခန်း၏နိမိတ်’ ကိုသာမက မေရှိယနိုင်ငံတော်၏ကောင်းကင်ဆိုင်ရာဘုရင်အဖြစ် ‘ယေရှု၏ရောက်ရှိနေခြင်း၏နိမိတ်’ ကိုလည်းမှတ်သားပြသည်။ ထိုဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်၍ ယေရှုက ဤသို့ထပ်၍မိန့်မြွက်ခဲ့သည်– “နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှအဆုံးသည်ဖြစ်လတ္တံ့။” (မဿဲ ၂၄:၁၄) ယနေ့ မည်သည့်လူစုသည် ဘုရားသခင့်နိုင်ငံတော်အုပ်စိုးမှုဆိုင်ရာ မြင့်မြတ်သောမျှော်လင့်ချက်ကို ကြေညာနေသနည်း။ ယေဟောဝါသက်သေများပင်တည်း! ဖြောင့်မတ်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ဖြင့်အုပ်ချုပ်မည့် ဘုရားသခင့်နိုင်ငံတော်သည် ကမ္ဘာ့ရေးရာများကို ထိန်းသိမ်းကိုင်တွယ်လုနီးပြီဖြစ်ကြောင်း တစ်အိမ်မှတစ်အိမ် လူသိရှင်ကြားအရေးတကြီးကြွေးကြော်ကြသည်။ ဤဓမ္မအမှုတွင် သင်ပါဝင်နေသလော။ သင်၌ ယင်းထက်သာ၍ကြီးမားသည့်အခွင့်ထူး မရှိနိုင်တော့ပါ!—၂ တိမောသေ ၄:၂၊ ၅။

“အဆုံး” မည်သို့ရောက်လာသနည်း

၈၊ ၉။ (က) စီရင်ချက်ကို “ဘုရားသခင့်အိမ်တော်မှ” မည်သို့စတင်ခဲ့သနည်း။ (ခ) ခရစ်ယာန်ဘောင်သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မည်သို့ချိုးဖောက်ခဲ့ပြီနည်း။

၈ လူသားများသည် တရားစီရင်ရာကာလတွင်း ဝင်ရောက်နေပြီဖြစ်သည်။ ၁ ပေတရု ၄:၁၇ တွင် ကျွန်ုပ်တို့အား အသိပေးထားသည့်အတိုင်း တရားစီရင်ချက်သည် “ဘုရားသခင်၏အိမ်တော်”—၁၉၁၄-၁၈ ခုနှစ်အတွင်း ပထမကမ္ဘာစစ်၏သတ်ဖြတ်မှုဖြင့် ‘နောက်ဆုံးနေ့ရက်များ’ အစပြုချိန်ကတည်းက ထင်ရှားခဲ့သော အမည်ခံခရစ်ယာန်အဖွဲ့အစည်းများ—ကိုစီရင်ခြင်းဖြင့် စတင်ခဲ့သည်။ ဤတရားစီရင်ချက်တွင် ခရစ်ယာန်ဘောင်၏အခြေအနေ မည်သို့ရှိသနည်း။ ၁၉၁၄ ခုနှစ်ကတည်းက စစ်များကို ထောက်ပံ့ပေးရာတွင် ခရစ်ယာန်ဘောင်၏ရပ်တည်မှုကို သုံးသပ်ကြည့်ကြစို့။ ဓမ္မဆရာများသည် သူတို့၏ဟောပြောမှုကြောင့် တိုက်ခိုက်ရေးများတွင်ပါဝင်ကြသည့် “အပြစ်မရှိသောဆင်းရဲသားတို့ကို အသေသတ်၍၊ သွန်းသောအသွေး” နှင့်စွန်းနေသည်မဟုတ်ပေလော။—ယေရမိ ၂:၃၄။

၉ မဿဲ ၂၆:၅၂ တွင်မှတ်တမ်းတင်ထားသည့်အတိုင်း ယေရှု ဤသို့မိန့်မြွက်ခဲ့သည်– “ဓားကိုကိုင်သောသူရှိသမျှတို့သည် ဓားဖြင့်ဆုံးခြင်းသို့ရောက်ကြလိမ့်မည်။” ယင်းသည် ဤရာစုနှစ်၏စစ်ပွဲများတွင် အလွန်မှန်ကန်ခဲ့ပြီတကား! ဓမ္မဆရာများသည် လူငယ်များအား ဘာသာတူချင်းမှ အခြားလူငယ်များကိုပင် သိမ်းရုံးသတ်ဖြတ်ရန် တိုက်တွန်းခဲ့ကြသည်။ လူမျိုးရေးဝါဒကို ဘုရားသခင်နှင့်ခရစ်တော်တို့ထက် ပို၍ချီးမြှောက်ခဲ့ပြီ။ မကြာသေးမီက အချို့သောအာဖရိကနိုင်ငံများတွင် လူမျိုးစုအတွယ်အတာကို ကျမ်းစာမူများထက်ပို၍ဦးစားပေးခဲ့ကြသည်။ လူဦးရေအများစုမှာ ကက်သလစ်ဖြစ်သည်ဟု သိထားကြသော ရဝမ်ဒါ၌ မကြာသေးမီက သန်းဝက်သောလူများသည် လူမျိုးစုအကြမ်းဖက်မှုတွင် သိမ်းရုံးသတ်ဖြတ်ခြင်းခံခဲ့ရသည်။ ဗက်တီကင်သတင်းစာ L’Osservatore Romano တွင် ပုပ်ရဟန်းမင်းက ဤသို့ဝန်ခံခဲ့သည်– “အကြောင်းမလှစွာ ကက်သလစ်များပင် တာဝန်မကင်းသော မျိုးဖြုတ်သတ်ဖြတ်မှုကြီး လုံးလုံးဖြစ်နေပြီ။”—ဟေရှာယ ၅၉:၂၊ ၃; မိက္ခာ ၄:၃၊ ၅ နှိုင်းယှဉ်။

၁၀။ ယေဟောဝါသည် ဗာဗုလုန်ဘာသာတရားအပေါ် အဘယ်စီရင်ချက်ကို ချမှတ်မည်နည်း။

၁၀ တစ်ယောက်ကိုတစ်ယောက်သတ်ဖြတ်ရန် ပုရိသယောက်ျားများကို အားပေးအားမြှောက်လုပ်သည့် သို့မဟုတ် မိမိတို့၏သိုးစုဝင်များက အခြားအသင်းသားများကို သတ်ဖြတ်နေသည်ကို လက်ပိုက်ကြည့်နေသည့် ဘာသာတရားများကို ထာဝရဘုရင်သည် မည်သို့ရှုမြင်သနည်း။ ဗာဗုလုန်ဘာသာတရား၏ ကမ္ဘာချီဘာသာရေးစနစ်ကြီးဖြစ်သော မဟာဗာဗုလုန်နှင့်ပတ်သက်၍ ဗျာဒိတ် ၁၈:၂၁၊ ၂၄ ကကျွန်ုပ်တို့ကို ဤသို့ပြောပြသည်– “ခွန်အားကြီးသောကောင်းကင်တမန်တစ်ပါးသည် ကြီးစွာသော ကြိတ်ဆုံကျောက်ကဲ့သို့သော ကျောက်ကိုချီယူ၍ ပင်လယ်ထဲသို့ ချပစ်ပြီးလျှင် ‘ထိုနည်းတူ ဗာဗုလုန်မြို့ကြီးကို ပြင်းထန်စွာချပစ်၍ နောက်တစ်ဖန်မပေါ်မရှိရ။ ပရောဖက်တို့၏အသွေး၊ သန့်ရှင်းသူတို့၏အသွေး၊ မြေကြီးပေါ်မှာ ကွပ်မျက်သောသူအပေါင်းတို့၏အသွေးကို ထိုမြို့၌တွေ့၏။’”

၁၁။ ခရစ်ယာန်ဘောင်တွင် အဘယ်တုန်လှုပ်ဖွယ်ကောင်းသောအရာများ ဖြစ်ပျက်ခဲ့ပြီနည်း။

၁၁ ကျမ်းစာပရောဖက်ပြည့်စုံချက်အနေဖြင့် တုန်လှုပ်ဖွယ်ကောင်းသောအရာများ ခရစ်ဘောင်တွင်ဖြစ်ပျက်နေသည်။ (ယေရမိ ၅:၃၀၊ ၃၁; ၂၃:၁၄ နှိုင်းယှဉ်။) အဓိကအားဖြင့် ဓမ္မဆရာများ၏လျစ်လျူရှုခွင့်ပြုထားသော သဘောထားကြောင့် သူတို့၏သိုးများသည် စာရိတ္တယိုယွင်းမှုဖြင့် လုံးထွေးနေသည်။ ခရစ်ယာန်နိုင်ငံတစ်ခုအဖြစ် ယူဆထားသော အမေရိကန်ပြည်ထောင်စုတွင် အိမ်ထောင်ထက်ဝက်ခန့်သည် ကွာရှင်းမှုတွင် လမ်းဆုံးကြရသည်။ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်းနှင့် လိင်တူမေထုန်တို့သည် ချာ့ချ်အသင်းသားများတွင် တံခါးမရှိဓားမရှိဖြစ်နေသည်။ ဓမ္မဆရာများက ငယ်ရွယ်သော ယောက်ျားလေးများနှင့် မိန်းကလေးများကို လိင်ပိုင်းဆိုင်ရာမတရားပြုကျင့်နေကြသည်—ဖြစ်ပျက်မှုအနည်းငယ်သာမဟုတ်ချေ။ ဤကိစ္စများပါဝင်သော တရားရုံး၏ဖြေရှင်းချက်များအရ အမေရိကန်နိုင်ငံရှိ ချာ့ချ်သည် ဆယ်စုနှစ်တစ်ခုအတွင်း ဒေါ်လာတစ်ဘီလီယံကုန်ကျနိုင်သည်ဟု ဆိုသည်။ ခရစ်ယာန်ဘောင်သည် ၁ ကောရိန္သု ၆:၉၊ ၁၀ ပါတမန်တော်ပေါလု၏ ဤစကားများကို ဥပေက္ခာပြုခဲ့ပြီ– “မတရားသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရသည်ကို သင်တို့မသိကြသလော။ အလွဲမယူကြနှင့်။ မတရားသောမေထုန်၌မှီဝဲသောသူ၊ . . . သူ့မယားကိုပြစ်မှားသောသူ၊ ယောက်ျားချင်းမေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ၊ သူ့ဥစ္စာကိုခိုးသောသူ၊ လောဘလွန်ကျူးသောသူ၊ သေရည်သေရက်နှင့်ယစ်မူးသောသူ၊ ဆဲရေးကဲ့ရဲ့သောသူ၊ အနိုင်အထက်လုယူသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ။”

၁၂။ (က) ထာဝရဘုရင်သည် မဟာဗာဗုလုန်ကို မည်သို့အရေးယူတော်မူမည်နည်း။ (ခ) ခရစ်ယာန်ဘောင်နှင့်မတူဘဲ ယေဟောဝါ၏လူများသည် “ဟာလေလုယ” တေးထပ်များကို အဘယ်အကြောင်းကြောင့် သီကျူးကြမည်နည်း။

၁၂ မကြာမီတွင် ထာဝရဘုရင်သည် မိမိကောင်းကင်ဆိုင်ရာ စစ်သေနာပတိချုပ် ခရစ်တော်ယေရှုအားဖြင့် ကြီးစွာသောဒုက္ခကို လွှတ်လိုက်တော်မူမည်။ ဦးဦးဆုံးတွင်၊ ခရစ်ယာန်ဘောင်နှင့် မဟာဗာဗုလုန်၏အခြားဂိုဏ်းခွဲရှိရှိသမျှသည် ယေဟောဝါ၏စီရင်ခြင်းကို ခံရကြမည်။ (ဗျာဒိတ် ၁၇:၁၆၊ ၁၇) သူတို့သည် ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာအားဖြင့် ယေဟောဝါစီမံပေးသည့် ကယ်တင်ခြင်းကို မရထိုက်သူများဖြစ်ကြောင်း သူတို့ဘာသာပြသခဲ့ကြသည်။ သူတို့သည် ဘုရားသခင့်သန့်ရှင်းသောနာမတော်ကို မလေးမခန့်ပြုကြသည်။ (ယေဇကျေလ ၃၉:၇ နှိုင်းယှဉ်။) သူတို့၏ဖိတ်ဖိတ်တောက်နေသော ဘာသာရေးအဆောက်အအုံများထဲတွင် “ဟာလေလုယ” တေးထပ်များကို သူတို့သီဆိုနေကြခြင်းသည် မည်မျှကဲ့ရဲ့မှုပါတကား! သူတို့သည် ယေဟောဝါ၏နာမတော်မြတ်ကို မိမိတို့၏ကျမ်းစာဘာသာပြန်များမှ ထုတ်ပယ်ပစ်လိုက်ကြသော်လည်း “ဟာလေလုယ” အဓိပ္ပာယ်မှာ “ယကိုချီးမွမ်းလော့”—“ယ” မှာ “ယေဟောဝါ” ၏အတိုကောက်ဖြစ်သည်ဟူသည့်အချက်ကိုမူ သတိမူမိဟန်မတူချေ။ လျောက်ပတ်စွာပင် ဗျာဒိတ် အခန်းကြီး ၁၉:၁-၆ တွင် မဟာဗာဗုလုန်အပေါ် ဘုရားသခင်စီရင်ချက်ချသော အောင်ပွဲခံအခမ်းအနားတွင် မကြာမီ သီဆိုမည့် “ဟာလေလုယ” တေးထပ်များကို မှတ်တမ်းတင်ထားသည်။

၁၃၊ ၁၄။ (က) အဘယ်ထူးကဲသော အဖြစ်အပျက်များ ဆက်၍ဖြစ်ပျက်သနည်း။ (ခ) ဘုရားကိုကြောက်ရွံ့သောလူသားများအတွက် အဘယ်ပျော်ရွှင်ဖွယ်ရလဒ်ရှိသနည်း။

၁၃ အစီအစဉ်အရ နောက်တစ်ခုမှာ နိုင်ငံများနှင့် လူများအပေါ်သို့ စီရင်ချက်ချ၊ လုပ်ဆောင်ရန် ယေရှု၏ ‘ရောက်တော်မူခြင်း’ ဖြစ်သည်။ ကိုယ်တော် ဤသို့ပရောဖက်ပြုတော်မူသည်– “လူသားသည် မိမိဘုန်းအာနုဘော်ကိုဆောင်လျက် သန့်ရှင်းသောကောင်းကင်တမန်များ အခြံအရံတို့နှင့်တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသောပလ္လင်တော်ပေါ်မှာထိုင်၍ ရှေ့တော်၌လူမျိုးအပေါင်းတို့ကို စုဝေးစေသဖြင့် သိုးထိန်းသည်သိုးနှင့်ဆိတ်တို့ကို တခြားစီခွဲထားသကဲ့သို့ လူအပေါင်းတို့ကို အသီးအခြားခွဲ၍ သိုးတို့ကိုလက်ယာတော်ဘက်၊ ဆိတ်တို့ကိုလက်ဝဲတော်ဘက်၌ ထားတော်မူလတ္တံ့။ ထိုအခါ လက်ယာတော်ဘက်၌ရှိသောသူတို့အား မင်းကြီးက ငါ့ခမည်းတော်ထံကောင်းချီးမင်္ဂလာကို ခံသောသူတို့ ကမ္ဘာဦးကပင်သင်တို့အဖို့ပြင်ဆင်သော နိုင်ငံကိုလာ၍အမွေခံကြလော့။” (မဿဲ ၂၅:၃၁-၃၄) အခန်းငယ် ၄၆ က ဆိတ်အတန်းအစားသည် “ထာဝရအပြစ်ဒဏ်ခံရာသို့လည်းကောင်း၊ ဖြောင့်မတ်သောသူတို့မူကား ထာဝရအသက်ရှင်ရာသို့လည်းကောင်း သွားရကြလတ္တံ့” ဟု ဆက်၍မိန့်တော်မူသည်။

၁၄ ဤကျမ်းစာအခန်းကြီးက “ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်” ဖြစ်တော်မူသော ကျွန်ုပ်တို့၏ ကောင်းကင်သခင် ယေရှုခရစ်သည် ထိုအချိန်တွင် မည်သို့ အာမဂေဒုန်စစ်ပွဲဆီသို့ အသော့နှင်ကာ စာတန့်စနစ်နှင့် ယင်း၏စီးပွားရေးအင်အားစုများကို ဖျက်ဆီးပစ်မည်ကိုဖော်ပြသည်။ သို့ဖြင့် ခရစ်တော်သည် “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏ဒေါသအမျက်တော်” ကို စာတန့်မြေကြီးပိုင်နက်တစ်ခုလုံးအပေါ်သို့ သွန်ချလိုက်တော်မူမည်။ ‘ယခင်ကရှိသောအရာများ ပျောက်လွင့်သွား’ သည်နှင့်အမျှ ဘုရားကိုကြောက်ရွံ့သောလူသားများအား ဘုရားသခင်သည် “မျက်စိ၌မျက်ရည်ရှိသမျှကို သုတ်တော်မူ” မည့် ဘုန်းကျက်သရေရှိသော ကမ္ဘာသစ်တွင် နေရာချပေးတော်မူမည်။—ဗျာဒိတ် ၁၉:၁၁-၁၆; ၂၁:၃-၅။

ဂျားကို ချီးမွမ်းရမည့်အခါသမယ

၁၅၊ ၁၆။ (က) ယေဟောဝါ၏ပရောဖက်ပြုစကားကို ကျွန်ုပ်တို့အလေးဂရုပြုခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။ (ခ) ပရောဖက်များနှင့် တမန်တော်များက ကယ်တင်ခြင်းရဖို့အတွက် ကျွန်ုပ်တို့လုပ်ဆောင်ရမည့်အရာသည် အဘယ်အရာဖြစ်ကြောင်း ထောက်ပြသနည်း၊ ယနေ့လူသားထုကြီးအတွက် အဘယ်အဓိပ္ပာယ်ရှိနိုင်သနည်း။

၁၅ ထိုတရားစီရင်ရာနေ့ရက်သည် အလွန်နီးကပ်လျက်ရှိသည်တကား! ထို့ကြောင့် ထာဝရဘုရင်၏ပရောဖက်ပြုစကားများကို ဂရုပြုခြင်းသည် မှန်ကန်လှသည်။ မှားယွင်းသောဘာသာတရား၏ သွန်သင်ချက်များနှင့် ထုံးစံများတွင် ကျော့မိခံနေရဆဲဖြစ်သူများအတွက် ကောင်းကင်အသံက ဤသို့ကြေညာသည်– “ငါ၏လူမျိုးတို့၊ သူ၏အပြစ်တို့ကို ဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ဘေးဒဏ်များကို ခံခြင်းနှင့်လည်းကောင်း ကင်းလွတ်အံ့သောငှာ သူ၏အထဲကထွက်ကြလော့။” သို့သော် လွတ်မြောက်လာသူများ အဘယ်သို့သွားရမည်နည်း။ အမှန်တရားတစ်ခုတည်းသာရှိနိုင်ရကား ဘာသာမှန်တစ်ခုတည်းသာရှိသည်။ (ဗျာဒိတ် ၁၈:၄; ယောဟန် ၈:၃၁၊ ၃၂; ၁၄:၆; ၁၇:၃) ကျွန်ုပ်တို့၏ထာဝရအသက်သည် ထိုဘာသာတရားကို ရှာတွေ့ခြင်းနှင့် ယင်း၏ဘုရားသခင်ကို နာခံခြင်းအပေါ်တွင် တည်မှီနေသည်။ ဆာလံ ၈၃:၁၈ တွင် ကိုယ်တော်ကိုညွှန်ပြထားရာ ဤသို့ဖတ်ရသည်– “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ဟူ၍နာမတော်ရှိသော ကိုယ်တော်တစ်ပါးတည်းသာလျှင် မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားဖြစ်တော်မူကြောင်းကို သိကြပါစေသော။”

၁၆ သို့သော် ကျွန်ုပ်တို့သည် ထာဝရဘုရင်၏နာမတော်ကို သိရုံမျှနှင့်မပြီးပါ။ ကျမ်းစာကိုလေ့လာဖို့လိုပြီး ကိုယ်တော်၏မြင့်မြတ်သောအရည်အသွေးများနှင့် ရည်ရွယ်တော်မူချက်များအကြောင်း သင်ယူဖို့လိုသည်။ ထို့နောက် ရောမ ၁၀:၉-၁၃ (သမ္မာ) တွင် ဖော်ပြထားသကဲ့သို့ ကျွန်ုပ်တို့သည် ဤခေတ်အတွက် ကိုယ်တော့်အလိုတော်ကို လုပ်ဆောင်ရန်လိုအပ်သည်။ တမန်တော်ပေါလုက မှုတ်သွင်းခံပရောဖက်များကို ကိုးကားကာ ဤသို့နိဂုံးချုပ်ထားသည်– “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏နာမတော်ကိုအမှီပြု၍ ပတ္ထနာပြုသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတ္တံ့။” (ယောလ ၂:၃၂; ဇေဖနိ ၃:၉) ကယ်တင်ခြင်း၊ ဟုတ်စ။ မှန်ပါသည်၊ ပုပ်ပျက်ယိုယွင်းနေသော စာတန်၏လောကအပေါ် စီရင်ချက်ချသည့်အခါ ခရစ်တော်အားဖြင့် ယေဟောဝါ၏ရွေးနုတ်ဖိုးအစီအစဉ်ကို ယုံကြည်ပြီးလိုက်နာသော ယနေ့အသက်ရှင်နေကြသည့် လူသားထုကြီးအနေနှင့် လာမည့်ကြီးစွာသောဒုက္ခမှ ကယ်လွှတ်ခြင်းခံရမည်။—ဗျာဒိတ် ၇:၉၊ ၁၀၊ ၁၄။

၁၇။ အဘယ်မြင့်မြတ်သောမျှော်လင့်ချက်က မောရှေနှင့် သိုးသငယ်တို့၏သီချင်းကို သီဆိုခြင်းတွင် ယခုပင်ပါဝင်ရန် ကျွန်ုပ်တို့အားလှုံ့ဆော်သင့်သနည်း။

၁၇ ကပ်ကျော်ဖို့မျှော်လင့်သူများအတွက် ဘုရားသခင့်အလိုတော်ကား အဘယ်နည်း။ ကျွန်ုပ်တို့သည် မောရှေနှင့် သိုးသငယ်တို့၏သီချင်းကို သီဆိုခြင်းနှင့် ကိုယ်တော်၏အောင်ပွဲကို မျှော်လင့်စောင့်စားသည့်အနေနှင့် ‘ထာဝရဘုရင်ကို ချီးမွမ်းခြင်း’ တို့တွင် ယခုပင်ပါဝင်ကြရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ကြီးကျယ်မြင့်မြတ်သော ရည်ရွယ်တော်မူချက်များကို အခြားသူများအားပြောပြခြင်းအားဖြင့် ယင်းကိုလုပ်ဆောင်သည်။ ကျွန်ုပ်တို့သည် ကျမ်းစာကို တိုး၍သိနားလည်လာသည်နှင့်အမျှ ထာဝရဘုရင်ထံ မိမိတို့၏အသက်တာကို ဆက်ကပ်အပ်နှံကြသည်။ သို့ပြုခြင်းက ဟေရှာယ ၆၅:၁၇-၁၉ တွင် တွေ့ရသည့်အတိုင်း ဤဘုန်းတန်ခိုးကြီးသောဘုရင်ဖော်ပြသည့် အစီအစဉ်အောက်တွင် ကျွန်ုပ်တို့ကိုထာဝစဉ်အသက်ရရှိစေမည်– “မိုးကောင်းကင်သစ် [ယေရှု၏မေရှိယ နိုင်ငံတော်] နှင့် မြေကြီးသစ် [ဖြောင့်မတ်သော လူဘောင်သစ်] ကို ငါဖန်ဆင်းမည်။ အရင်မိုးကောင်းကင်နှင့် မြေကြီးကိုမအောက်မေ့ရ။ နှလုံးမမှတ်မိရ။ ငါဖန်ဆင်းလတ္တံ့သောအရာကြောင့် သင်တို့သည်အစဉ်အမြဲဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်။

၁၈၊ ၁၉။ (က) ဆာလံ ၁၄၅ ပါဒါဝိဒ်၏စကားများက ကျွန်ုပ်တို့အဘယ်အရာကို လုပ်ဆောင်ရန် တွန်းအားပေးသင့်သနည်း။ (ခ) ကျွန်ုပ်တို့သည် ယေဟောဝါ၏လက်တော်တွင် အဘယ်အရာကို စိတ်ချလက်ချမျှော်လင့်နိုင်သနည်း။

၁၈ ဆာလံဆရာဒါဝိဒ်က ဤစကားများဖြင့် ထာဝရဘုရင်ကို ဖော်ပြသည်– “ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်ချီးမွမ်းဖွယ်ဖြစ်တော်မူ၏။ ကြီးမြတ်တော်မူခြင်းကို စစ်၍မကုန်နိုင်။” (ဆာလံ ၁၄၅:၃) ကိုယ်တော်၏ကြီးမြတ်တော်မူခြင်းသည် အာကာသ၏အတိုင်းအတာနှင့် ထာဝရတို့ကဲ့သို့ပင် စစ်၍မကုန်နိုင်ပေ! (ရောမ ၁၁:၃၃) ကျွန်ုပ်တို့သည် မိမိတို့ဖန်ဆင်းရှင်နှင့် ကိုယ်တော်၏သားတော်ခရစ်တော်ယေရှုအားဖြင့်ဖြစ်သည့် ရွေးဖိုးအစီအစဉ်တို့နှင့်ပတ်သက်သော အသိပညာကို ဆက်၍သင်ယူနေစဉ် ကျွန်ုပ်တို့၏ထာဝရဘုရင်ကို ပို၍ပို၍ချီးမွမ်းလိုကြမည်။ ကျွန်ုပ်တို့သည် ဆာလံ ၁၄၅:၁၁-၁၃ တွင်ဖော်ပြထားသည့်အတိုင်း ပြုလိုကြမည်– “နိုင်ငံတော်၏ဘုန်းကိုလည်းကောင်း၊ တန်ခိုးတော်ကိုလည်းကောင်း၊ ဟောပြောမြွက်ဆိုသဖြင့်၊ တန်ခိုးပါသောအမှုတော်များနှင့် နိုင်ငံတော်၏ဘုန်းအသရေများကို လူသားတို့အားဖော်ပြကြပါ၏။ ကိုယ်တော်၏နိုင်ငံသည် နိစ္စထာဝရနိုင်ငံဖြစ်၍ အာဏာတော်သည် ကာလအစဉ်အဆက်တည်ရပါ၏။ ထာဝရဘုရားသည် လဲသောသူရှိသမျှတို့ကို ထောက်မတော်မူ၏။”

၁၉ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် မိမိ၏ကြေညာချက်ကို ပြည့်စုံစေမည်ဖြစ်ကြောင်း ကျွန်ုပ်တို့စိတ်ချလက်ချမျှော်လင့်နိုင်သည်– “လက်တော်ကိုဖွင့်၍ အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏။” ထာဝရဘုရင်သည် ဤနောက်ဆုံးနေ့ရက်များနိဂုံးချုပ်သည့်အထိ ကျွန်ုပ်တို့ကို ညင်သာစွာဦးဆောင်တော်မူမည်၊ ဒါဝိဒ်က ကျွန်ုပ်တို့အား ဤသို့အာမခံသည့်အတွက်ဖြစ်သည်– “ထာဝရဘုရားသည် ကြည်ညိုသောသူအပေါင်းတို့ကို စောင့်မတော်မူ၏။ မတရားသောသူအပေါင်းတို့ကိုကား၊ ဖျက်ဆီးတော်မူမည်။”—ဆာလံ ၁၄၅:၁၆၊ ၂၀။

၂၀။ နောက်ဆုံး ဆာလံငါးခုတွင် ဖော်ပြထားသည့်အတိုင်း ထာဝရဘုရင်၏ဖိတ်ခေါ်တော်မူချက်ကို သင်မည်သို့တုံ့ပြန်သနည်း။

၂၀ ကျမ်းစာပါ နိဂုံးပိုင်းဆာလံအခန်းကြီးငါးခု၌ တစ်ခုစီတွင် “ဟာလေလုယ” ဖိတ်ခေါ်ချက်ဖြင့် အဖွင့်အပိတ်လုပ်ထားသည်။ ထို့ကြောင့် ဆာလံ ၁၄၆ ကကျွန်ုပ်တို့အားဤသို့ဖိတ်ခေါ်ထားသည်– “[“ဂျားကိုချီးမွမ်းကြလော့၊ အသင်လူများ!၊” ကဘ] အိုငါ့ဝိညာဉ် ထာဝရဘုရားကို ချီးမွမ်းလော့။ ငါသည် အသက်ရှင်စဉ်အခါ ထာဝရဘုရားကို ချီးမွမ်းမည်။ ငါဖြစ်စဉ်ကာလပတ်လုံး ငါ၏ဘုရားသခင်ကို ထောမနာသီချင်းဆိုမည်။” ဤဖိတ်ခေါ်ချက်ကို သင်ဖြေကြားမည်လော။ ကိုယ်တော်ကို သင်ချီးမွမ်းလိုစိတ်ရှိသင့်သည်အမှန်! သင်သည် ဆာလံ ၁၄၈:၁၂၊ ၁၃ တွင်ဖော်ပြထားသည့် သူများထဲတွင်ပါဝင်ပါစေ– “လူပျိုနှင့်အပျိုများ၊ လူအိုနှင့် လူကလေးများတို့ ထာဝရဘုရားကို ချီးမွမ်းကြလော့။ နာမတော်တစ်ပါးတည်းသာလျှင်မြတ်၍ ဘုန်းတော်သည် မြေကြီးနှင့်ကောင်းကင်အပေါ်ထက်၌ ရှိသောကြောင့် ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြစေ။” ဤဖိတ်ခေါ်ချက်ကို ကျွန်ုပ်တို့သည် နှလုံးအပြည့်ဖြင့် တုံ့ပြန်နိုင်ပါစေ– “ထာဝရဘုရားကို ချီးမွမ်းကြလော့!” ထာဝရဘုရင်ကို သံပြိုင်ချီးမွမ်းကြစို့!

သင့်မှတ်ချက်ကား အဘယ်နည်း

◻ ယေရှု၏တမန်တော်များက မည်သို့တင်ကြိုသတိပေးခဲ့သနည်း။

◻ ၁၉၁၄ နှစ်ဆန်းပိုင်းတွင် အဘယ် ပြတ်သားသည့်လုပ်ဆောင်မှုများ ဖြစ်ပျက်ခဲ့ပြီနည်း။

◻ အဘယ်စီရင်ချက်များကို ယေဟောဝါချမှတ်မည့်ဆဲဆဲဖြစ်သနည်း။

◻ ထာဝရဘုရင်ကို ချီးမွမ်းရန် ဤအချိန်သည် အဘယ်ကြောင့်အရေးကြီးဆုံးဖြစ်သနည်း။

[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်]

အကြီးအကျယ်ကပ်ဆိုက်နေသော ဗရုန်းသုန်းကားခေတ်

၂၀ ရာစုအစောပိုင်းအချိန်တွင် ဗရုန်းသုန်းကားခေတ်တစ်ခုစတင်ကြောင်း လူများစွာ အသိအမှတ်ပြုခဲ့ပြီ။ ဥပမာ၊ ယူအက်စ် ဆီးနိတ်အမတ် ဒယ်နီရယ် ပက်ထရစ် မွိုင်နီဟန်ရေးသားပြီး ၁၉၉၃ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ဗရုတ်ဗရက်ဖြစ်ခြင်း စာအုပ်၏စကားချီးတွင် “၁၉၁၄ ခုနှစ်၏ ကပ်ဆိုက်မှုကြီး” ကို ဤသို့မှတ်ချက်ချသည်– “စစ်ပွဲဖြစ်သည်နှင့် ကမ္ဘာကြီးလည်း ပြောင်းလဲသွားသည်—လုံးလုံးလျားလျားပင်။ ယနေ့ကမ္ဘာပေါ်တွင် ၁၉၁၄ ခုနှစ်က တည်ရှိခဲ့ပြီး ထိုအချိန်ကတည်းကဖြစ်သည့် ရမ်းကားမှုကြောင့် မိမိတို့အုပ်ချုပ်ရေးပုံစံကို ပြောင်းလဲခြင်းမရှိသောနိုင်ငံ ရှစ်နိုင်ငံသာရှိသည်။ . . . ကျန်နိုင်ငံ ၁၇၀ ခန့်မှအချို့နိုင်ငံများသည်လည်း မကြာမီကအတော်ပင်ဗရုန်းသုန်းကားဖြစ်မှုကို တွေ့ကြုံခဲ့ရသည်။” မှန်ပါသည်၊ ၁၉၁၄ ကတည်းကအစပြုသည့် ခေတ်သည် ကပ်ဘေးတစ်ခုပြီးတစ်ခုထပ်ဆင့်ဖြစ်ပွားလာခဲ့သည်။

အထိန်းအကွပ်မဲ့—နှစ်ဆယ့်တစ်ရာစုရောက်ခါနီး ကမ္ဘာချီဗရုန်းသုန်းကားဖြစ်မှု စာအုပ်ကိုလည်း ၁၉၉၃ ခုနှစ်တွင်ထုတ်ဝေခဲ့သည်။ စာရေးဆရာမှာ ယူအက်စ်လုံခြုံရေးကောင်စီ၏ ခေါင်းဆောင်ဟောင်းဖြစ်သူ ဇူးဘစ်နက်ဖ် ဘရေဇင်းစကီးဖြစ်သည်။ သူဤသို့ရေးသားခဲ့သည်– “နှစ်ဆယ်ရာစု၏အစကို ဆင်ခြင်တုံတရားလက်ကိုင်ထားသည့်ခေတ်၏ တကယ့်အစအဖြစ် ဋီကာကျမ်းအများတွင် ခေါ်စမှတ်ပြုကြသည်။ . . . ယင်း၏ကတိကဝတ်နှင့် သွေဖည်လျက် ဤနှစ်ဆယ်ရာစုသည် လူသားတို့၏သွေးထွက်သန်ယိုမှုအများဆုံးနှင့် အမုန်းတီးဆုံးရာစုနှစ်၊ ကယောင်ချောက်ချားဖြစ်နေသော ကြောက်ခမန်းလိလိသတ်ဖြတ်မှုတို့၏ရာစုနှစ် ဖြစ်လာခဲ့သည်။ ရက်စက်ကြမ်းကြုတ်မှုသည် တစ်ခါမျှမကြုံဖူးသည့်အတိုင်းအတာအထိ အခြေတည်လာကာ သေစေနိုင်သည့်အရာများကို အစုလိုက်အပြုံလိုက်ထုတ်လုပ်မှုအပေါ်အခြေခံလျက် ဖွဲ့စည်းထားသည်။ ကောင်းကျိုးအတွက် သိပ္ပံဆိုင်ရာအလားအလာနှင့် အမှန်တကယ်လွတ်ထွက်လာသည့် ဆိုးယုတ်မှုတို့၏ ကွာဟမှုမှာ ထိတ်လန့်စရာဖြစ်သည်။ ယခင်သမိုင်းတွင်တစ်ခါမျှမကြုံခဲ့ဖူးသော တစ်ကမ္ဘာလုံးဤမျှပျံ့နှံ့နေသည့် သတ်ဖြတ်မှု၊ ယခင်ကမရှိခဲ့ဖူးသည့် ဤမျှများပြားလှသည့်လူများ၏အသက်များကို ဝါးမျိုမှု၊ လူ့အသက်ကိုသုတ်သင်ပစ်ရန် ဤကဲ့သို့သော ထောင်လွှားစွာအဆင်အခြင်ကင်းမဲ့သော ပန်းတိုင်များအကျိုးအလို့ငှာ စွမ်းစွမ်းတမံအားထုတ်မှုကို ဤမျှအာရုံစိုက်ကာလိုက်စားခြင်းတို့သည် ယခင်ကမရှိခဲ့ဖူးပါ။” ယင်းသည် မှန်လိုက်လေခြင်း!

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

၁၉၁၄ ခုနှစ်တွင် နိုင်ငံတော်တည်ထောင်ပြီးနောက် မိက္ခေလသည် စာတန်နှင့်သူ၏အဖွဲ့ကို မြေကြီးပေါ်သို့ ပစ်ချခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ