ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၄/၁၅ စာ. ၅-၇
  • ရှေ့တွင် သတင်းကောင်း!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရှေ့တွင် သတင်းကောင်း!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သတင်းဆိုးမှန်သမျှကိုဖြစ်စေသည့် အကြောင်းများ
  • သတင်းဆိုး အဘယ်ကြောင့်တိုးများလာရသနည်း
  • ဤသို့ အမြဲဖြစ်သွားမည်ကားမဟုတ်
  • တိုးများလာနေသောအဖြစ်အပျက် သတင်းဆိုး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • “သတင်းကောင်း”
    ယေဟောဝါကို ‘ရွှင်လန်းစွာ တေးသီကျူးကြ’
  • ထာဝရအသက်၏ ရန်သူတစ်ပါး
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • နာမ်ဝိညာဉ်ဘုံက ပုန်ကန်မှု
    လူသေတွေရဲ့ဝိညာဉ်—ကောင်းကျိုးပြုနိုင်သလား၊ အန္တရာယ်ပေးနိုင်သလား။ တကယ်ကော တည်ရှိရဲ့လား။
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၄/၁၅ စာ. ၅-၇

ရှေ့တွင် သတင်းကောင်း!

ကျွန်ုပ်တို့အားလုံးသည် မိမိတို့ကို ထိခိုက်စေသောသတင်းဆိုး ကြားရသည့်အခါတိုင်း ဝမ်းနည်းပက်လက်ဖြစ်ကြရသည်။ တစ်ဖက်တွင်မူ ကျွန်ုပ်တို့အတွက် သို့မဟုတ် ကျွန်ုပ်တို့၏ချစ်မြတ်နိုးရသူများအတွက် ရွှင်လန်းစေသည့် သတင်းကောင်းကို ကြားရသောအခါတွင် ဝမ်းပန်းတသာဖြစ်ကြသည်။ သို့သော် အခြားသူများကို ထိခိုက်ပြီး ကျွန်ုပ်တို့ကို မထိခိုက်သော သတင်းဆိုးဖြစ်လျှင်မူ စပ်စုစရာတစ်ခုဖြစ်လေ့ရှိသည်။ အခြားသူများကြမ္မာငင်သည့်အဖြစ်ကို ကြားရလျှင် ပျော်သူတချို့ပင်ရှိသည်။ ယင်းက သတင်းဆိုး အဘယ်ကြောင့် အလွန်ရောင်းကောင်းကြောင်း တစ်ပိုင်းတစ်စရှင်းပြချက်ဖြစ်မည်တည်း!

ဒုတိယကမ္ဘာစစ်၏ အစောပိုင်းအတွင်း အချို့သူများတွင် ဒုက္ခကပ်ဘေးဆိုက်ရောက်သည်ကို မအပ်မရာစိတ်ဝင်စားကြသည့် ထင်ရှားသောနမူနာတစ်ခုရှိခဲ့သည်။ တန်ချိန် ၁၀,၀၀၀ ရှိသော တိုက်သင်္ဘောငယ် ဂရပ်ဖ် ရှဖေးသည် ၁၉၃၉ ခုနှစ် ဂျာမန်သင်္ဘောအုပ်စု၏ ဂုဏ်တက်စရာဖြစ်ခဲ့သည်။ ဤတိုက်သင်္ဘောသည် တောင်အတ္တလန္တိတ်နှင့် အိန္ဒိယသမုဒ္ဒရာတွင် မဟာမိတ်တို့၏ကုန်သင်္ဘောများကို ရက်သတ္တပတ်များစွာကြာ တိုက်ခိုက်ဖျက်ဆီးနေခဲ့သည်။ နောက်ဆုံး၌ ဗြိတိသျှ ခရုဇာသင်္ဘော သုံးစင်းသည် ဂရပ်ဖ် ရှဖေးကို ရှာဖွေတိုက်ခိုက်ခဲ့ရာ သေကျေမှုဖြစ်ပွားပြီး ထိုသင်္ဘောမူ လွန်းတင်ဖို့အတွက် ယူရူဂွေးနိုင်ငံ မွန်တီဗွီဒီယိုမြို့ ဆိပ်ကမ်းသို့ အနိုင်နိုင် ကြိုးစားပြီး ကမ်းကပ်ခဲ့ရသည်။ ယူရူဂွေးအစိုးရက ဤတိုက်သင်္ဘောကို ပင်လယ်သို့ ချက်ချင်း ပြန်လှည့်လျှင်လှည့်၊ မလှည့်လျှင် ထိန်းသိမ်းခံရမည်ဟု ရာဇသံပေးခဲ့သည်။ ထို့ကြောင့် တစ်ဖက်သတ်အနိုင်ရမည့် မီးကုန်ယမ်းကုန်စစ်ပွဲကြီး ဆင်နွှဲတော့မည့်ပုံဖြစ်နေသည်။

ဤသတင်းကို ကြားသောအခါ အမေရိကန်ပြည်ထောင်စုမှ ကြွယ်ဝသော စီးပွားရေးလုပ်ငန်းရှင်တစ်စုသည် သွေးထွက်သံယိုစစ်ပွဲကို တွေ့မြင်လိုသောကြောင့် ယူရူဂွေးနိုင်ငံသို့ သွားရန် တစ်ဦးလျှင် ဒေါ်လာ ၂,၅၀၀ ခန့်အကုန်အကျခံကာ လေယာဉ်တစ်စင်းကို စင်းလုံးငှားခဲ့ကြသည်။ စစ်ပွဲမဖြစ်သောအခါ စိတ်ပျက်သွားကြသည်။ အဒေါ့ဖ် ဟစ်တလာက ဂရပ်ဖ် ရှဖေးကို နှစ်မြုပ်ပစ်လိုက်ဖို့ အမိန့်ပေးခဲ့သည်။ မီးကုန်ယမ်းကုန်အဏ္ဏဝါတိုက်ပွဲကို တွေ့မြင်ရနိုးနှင့် ဆိပ်ကမ်းတွင် ကျိတ်ကျိတ်တိုးနေသည့် ထောင်နှင့်ချီသောပရိသတ်တို့မှာ ဂရပ်ဖ် ရှဖေးကို ပင်လယ်ကြမ်းပြင်အောက်သို့အရောက်ပို့ခဲ့သည့် နားပင်းမတတ်ပေါက်ကွဲသံကြီးကိုလည်းကောင်း၊ ယင်း၏သင်္ဘောသားအုပ်စုက ဖောက်ခွဲနှစ်မြှုပ်ပစ်လိုက်ကြသည်ကိုလည်းကောင်း တွေ့ရကြားရခဲ့ကြသည်။ မာလိန်မှူးသည် မိမိခေါင်းကို သေနတ်နှင့်ပစ်ကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားသည်။

အချို့သူများတွင် မအပ်မရာသဘောထားအနည်းအကျဉ်းရှိသည့်ကြားကပင် လူအများစုသည် သတင်းဆိုးထက် သတင်းကောင်းကို လိုလားနှစ်ခြိုက်ကြကြောင်း သဘောတူကြပေလိမ့်မည်။ သင်ဤသို့ မခံစားရပေလော။ သို့ဆိုလျှင် သမိုင်းမှတ်တမ်းတွင် သတင်းဆိုးသည် အဘယ်ကြောင့် ဤမျှများပြားနေပြီး သတင်းကောင်းမူ မရှိသလောက်ဖြစ်နေရသနည်း။ အခြေအနေကို လုံးဝပြောင်းပြန်လှန်ပစ်နိုင်သလော။

သတင်းဆိုးမှန်သမျှကိုဖြစ်စေသည့် အကြောင်းများ

ကျမ်းစာက သတင်းကောင်းချည်းသာ ကြားရတော့မည့်အချိန်အကြောင်း ဖော်ပြထားသည်။ သတင်းဆိုးသည် မသိရှိ၊ မကြားနာရတော့သော အရာဖြစ်သွားသည်။ ယေဟောဝါဘုရားသခင်သည် မိမိ၏ဖန်ဆင်းခြင်းလုပ်ငန်းများကို လက်စသတ်သောအခါ ကမ္ဘာဂြိုဟ်သည် လူသားနှင့် တိရစ္ဆာန်တို့အတွက် မွေ့လျော်ရန် အရန်သင့်ဖြစ်ခဲ့သည်။ ကမ္ဘာဦးကျမ်း မှတ်တမ်းက ကျွန်ုပ်တို့အား ဤသို့ဖော်ပြသည်– “ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကို ကြည့်ရှုလျှင်၊ အလွန်ကောင်းသည်ကို မြင်တော်မူ” ၏။—ကမ္ဘာဦး ၁:၃၁။

လူသားကို ဖန်ဆင်းပြီးနောက် သတင်းဆိုးမရှိသည့်အချိန်မှာ ကြာရှည်မခံပါ။ အာဒံနှင့် ဧဝတို့ သားသမီးတစ်ယောက်မျှ မမွေးဖွားမီ ဘုရားသခင်နှင့် ကိုယ်တော်၏ စည်းစနစ်ကျသော စကြဝဠာဆိုင်ရာ အစီအစဉ်ကို ဆန့်ကျင်သည့် ပုန်ကန်မှုသတင်းဆိုး ထွက်ပေါ်လာသည်။ အဆင့်မြင့်သော နာမ်ဝိညာဉ်သားတစ်ပါးသည် မိမိအားအပ်နှင်းထားသည့် ရာထူးကို အလွဲသုံးစားလုပ်သူဖြစ်လာပြီး ပုန်ကန်သစ္စာဖောက်သောလမ်းစဉ်တွင် သူနှင့်အတူပါဝင်ဖို့ ပထမလူသားမောင်နှံကို အပါစည်းရုံးနိုင်ခဲ့သည်။—ကမ္ဘာဦး ၃:၁-၆။

ဤအချိန်မှစ၍ လူသားတွေ့ကြုံရသည့် သတင်းဆိုးသည် မကြားချင်အဆုံးဖြစ်လာသည်။ လျှို့ဝှက်ကြံစည်မှု၊ လှည့်စားမှု၊ လိမ်လည်မှု၊ မရိုးသားမှုနှင့် မမှန်တစ်ဝက်မှန်တစ်ဝက်စကားတို့သည် ကမ္ဘာတွင်မကြုံစဖူး လွှမ်းမိုးပျံ့နှံ့နေသည့် သတင်းဆိုးတွင် အလွန့်အလွန်ထင်ရှားစွာ ပါဝင်နေခြင်းမှာ အံ့အားသင့်စရာမဟုတ်ပါလေ။ ယေရှုခရစ်က သတင်းဆိုး၏မူလတရားခံအဖြစ် စာတန်မာရ်နတ်ကို တိုက်ရိုက်အပြစ်ဖို့ခဲ့ပြီး မိမိခေတ်ရှိ ဘာသာရေးခေါင်းဆောင်များကို ဤသို့ပြောသည်– “သင်တို့သည် သင်တို့၏အဘတည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့အဘ၏အလိုသို့လည်းလိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေးဦးစွာမှစ၍ လူအသက်ကို သတ်သောသူဖြစ်၏။ သူ၌သစ္စာတရားမရှိသောကြောင့် သစ္စာတရား၌မတည်မနေ။ သူသည် မုသာစကားကို ပြောသောအခါ မိမိပကတိအတိုင်းပြော၏။ မုသာစကား၌ကျင်လည်သောသူဖြစ်၏။ မုသာ၏အဘလည်းဖြစ်၏။”—ယောဟန် ၈:၄၄။

လူဦးရေတိုးလာသည်နှင့်အမျှ သတင်းဆိုးလည်း လိုက်၍တိုးများလာသည်။ ဘဝတွင် ရွှင်လန်းမှုဖြစ်ပေါ်စေသည့် အရာများစွာရှိသောကြောင့် ရွှင်လန်းချိန်နှင့် ပျော်ရွှင်မြူးထူးချိန်လုံးဝမရှိခဲ့ဟူ၍တော့ မဆိုလိုသည်မှာအမှန်။ သို့တိုင် ဒုက္ခသုက္ခနှင့် ဝမ်းနည်းကြေကွဲမှု တိမ်တိုက်များသည် ယနေ့ထိတိုင် လူမျိုးဆက်တိုင်းကို အုပ်မိုးလာခဲ့သည်။

ဤဝမ်းနည်းကြေကွဲဖွယ်အခြေအနေကို ဖြစ်စေသည့် အခြေခံအကြောင်းရင်းနောက်တစ်ခုရှိသည်။ ၎င်းမှာ ကျွန်ုပ်တို့၏မွေးရာပါ အမှားပြုလိုသည့်သဘောနှင့် ဘေးဒုက္ခသို့ခြေဦးလှည့်လိုသည့် သဘောတို့ဖြစ်သည်။ ယေဟောဝါကိုယ်တော်တိုင်က သတင်းဆိုးပေါ်ပေါက်ရသည့် မလွှဲမရှောင်နိုင်သောအကြောင်းရင်းကို ဤသို့မိန့်တော်မူကာ ရှင်းရှင်းလင်းလင်းသိမြင်စေသည်– “လူတို့သည် ငယ်သောအရွယ်မှစ၍ စိတ်နှလုံးအကြံအစည်ဆိုးကြ၏။”—ကမ္ဘာဦး ၈:၂၁။

သတင်းဆိုး အဘယ်ကြောင့်တိုးများလာရသနည်း

သို့သော် ဤ ၂၀ ရာစုတွင် သတင်းဆိုးတိုးများလာရသည့်အကြောင်း တစ်ခုရှိသည်။ ၂၀ ရာစု လူသားများသည် ‘နောက်ဆုံးကာလ’ သို့မဟုတ် “အမှုကုန်ရသောကာလ” အဖြစ် သိရှိထားသည့် ထူးခြားသောအချိန်ကာလပိုင်းတွင် ရောက်နေကြောင်း ကျမ်းစာက ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။ (၂ တိမောသေ ၃:၁; ဒံယေလ ၁၂:၄) ကျမ်းစာပရောဖက်ပြုချက်နှင့် ကျမ်းဆိုင်ရာ သက္ကရာဇ်စဉ်က ၁၉၁၄ တွင် စတင်သော ဤ “ဆုံးခန်းကာလ” ကို အထင်အရှားမှတ်သားဖော်ပြသည်။ ယင်းနှင့်ပတ်သက်သည့် အသေးစိတ် ကျမ်းစာအထောက်အထားများကို နယူးယောက်မြို့ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်းမှ ထုတ်ဝေထားသော ထာဝရအသက်ရစေသော အသိပညာ [လိပ်] စာအုပ် အခန်း ၁၁ တွင် ကျေးဇူးပြု၍ ကြည့်ပါ။

နောက်ဆုံးကာလသည် ကမ္ဘာပေါ်တွင် သတင်းဆိုးကို အလိုလိုတိုးပွားစေမည့် အဖြစ်အပျက်တစ်ခုနှင့် စတင်ရမည်။ ယင်းကား အဘယ်နည်း။ စာတန်မာရ်နတ်နှင့် သူ၏နတ်ဆိုးအုပ်စုတို့ကို ကောင်းကင်မှ နှင်ချခြင်းဖြစ်သည်။ သတင်းဆိုးမလွဲဧကန်တိုးပွားရခြင်းနှင့်ပတ်သက်၍ ကွက်ကွက်ကွင်းကွင်းဖော်ပြချက်ကို ဗျာဒိတ် ၁၂:၉၊ ၁၂ တွင် သင်ဖတ်ရှုနိုင်သည်– “ဤလောကတစ်နိုင်ငံလုံးကို လှည့်ဖြား၍မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကို လည်းကောင်း၊ သူနှင့်အတူ သူ၏တမန်တို့ကိုလည်းကောင်း မြေကြီးသို့ချလိုက်ကြ၏။ . . . မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလတစ်ခဏသာရှိသည်ကို သိ၍ ပြင်းစွာသောဒေါသအမျက်နှင့်တကွသင်တို့ရှိရာသို့ ဆင်းလေပြီ။”

ထို့ကြောင့် နောက်ဆုံးကာလ နိဂုံးရောက်သည့်အထိ အချိန်မည်မျှပင်ကျန်ရှိစေကာမူ သတင်းဆိုးသည် အရေအတွက်တွင်ကော အရှိန်အဟုန်တွင်ပါ ဆက်၍တိုးနေမည်ဖြစ်ကြောင်း ကျွန်ုပ်တို့မျှော်လင့်နိုင်သည်။

ဤသို့ အမြဲဖြစ်သွားမည်ကားမဟုတ်

ကမ္ဘာပေါ်မှီတင်းနေထိုင်သူများအတွက် ဝမ်းသာစရာကား ယနေ့ခေတ်တွင် သတင်းဆိုးကို ဆက်ခါဆက်ခါပေါ်ပေါက်စေသည့် စိတ်မချမ်းမြေ့ဖွယ်အခြေအနေသည် အမြဲတည်ရှိသွားမည်မဟုတ်ခြင်းဖြစ်သည်။ အမှန်မှာ၊ သတင်းဆိုးများဆက်တိုက်ကြားနေရသည့် ရက်များသည် များများစားစားမကျန်တော့ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချစွာပြောနိုင်သည်။ အခြေအနေက မျှော်လင့်ချက်ကင်းမဲ့နေပုံပေါက်သော်လည်း ယင်းသို့မဟုတ်ပါ။ သတင်းဆိုးရှိရှိသမျှ အဆုံးတိုင်တော့မည်ဖြစ်ပြီး ဘုရားသခင်သတ်မှတ်သောအချိန်တွင် မပျက်မကွက်ဖြစ်လာမည်။

ယင်းကို ကျွန်ုပ်တို့စိတ်ချနိုင်သည်။ အကြောင်းမှာ နောက်ဆုံးကာလသည် သတင်းဆိုးကိုဖြစ်စေသည့်အရာမှန်သမျှကို ဘုရားသခင်ဖျက်ဆီးခြင်းနှင့် ဖယ်ရှားပစ်ခြင်းတို့ဖြင့် အထွတ်အထိပ် သို့မဟုတ် နိဂုံးရောက်မည်ဟု ပရောဖက်ပြုထားသောကြောင့်ဖြစ်သည်။ မိမိတို့၏လမ်းစဉ်မှားမှ မပြောင်းလဲ၊ မလှည့်လာလိုသော ပဋိပက္ခကို သွေးထိုးပေးသည့် လူဆိုးများကို ကိုယ်တော်ဖယ်ရှားပစ်တော်မူမည်။ အာမဂေဒုန်တိုက်ပွဲဟု အများသိကြသော အနန္တတန်ခိုးရှင် ဘုရားသခင့် နေ့တော်ကြီးစစ်ပွဲတွင် ယင်း၏အထွတ်အထိပ်ရောက်မည်။ (ဗျာဒိတ် ၁၆:၁၆) ဤစစ်ပွဲပြီးလျှင်ပြီးချင်း စာတန်မာရ်နတ်နှင့် သူ၏နတ်ဆိုးတပ်ဖွဲ့များ ချုပ်နှောင်ခြင်းခံရမည်။ ဗျာဒိတ် ၂၀:၁-၃ တွင် သတင်းဆိုးအားလုံးကို စတင်ဖြစ်ပေါ်စေသူ စာတန်ကို ချုပ်နှောင်ခြင်းအကြောင်း ဤသို့ဖော်ပြသည်– “ကောင်းကင်တမန်သည် အနက်ဆုံးသောတွင်း၏ သော့နှင့်သံကြိုးကြီးကိုကိုင်လျက် ကောင်းကင်ကဆင်းသက်သည်ကို ငါမြင်၏။ ရှေးမြွေဟောင်းမာရ်နတ်စာတန်တည်းဟူသော နဂါးကို ကိုင်ဖမ်း၍၊ အနှစ်တစ်ထောင်ဖို့ ချည်နှောင်လေ၏။ အနှစ်တစ်ထောင်မကုန်မီတိုင်အောင်၊ လူအမျိုးမျိုးတို့ကို မလှည့်ဖြားရမည်အကြောင်း၊ အနက်ဆုံးသောတွင်းထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခတ်လေ၏။”

ဤထူးခြားသည့် အဖြစ်အပျက်များနောက်ပိုင်း ယခင်ကမရှိခဲ့ဖူးသည့် သတင်းကောင်းကိုကြားရမည့်ကာလသည် ဤကမ္ဘာမြေကြီးနှင့် ယင်းတွင်မှီတင်းနေထိုင်သူများအတွက် ရောက်ရှိလာမည်။ ဤမှီတင်းနေထိုင်သူများတွင် အာမဂေဒုန်၏ လက်စတုံးစစ်ပွဲကို ကပ်ကျော်သည့် သန်းနှင့်ချီသောသူများနှင့် သင်္ချိုင်းများတွင် သေခြင်းမှ ရှင်ပြန်ထမြောက်လာကြမည့် သန်းထောင်နှင့်ချီသောသူများ ပါဝင်ကြမည်။ အကောင်းတကာ့ အကောင်းဆုံးသတင်းကောင်းကို ကျမ်းစာ၏နောက်ဆုံးစာစောင်တွင် ဤသို့တင်ပြထားသည်– “ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင်သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”—ဗျာဒိတ် ၂၁:၃၊ ၄။

ထိုပျော်ရွှင်ဖွယ်အခါသမယကို သင့်စိတ်ကူးထဲတွင်ပုံဖော်ကြည့်နိုင်သလော။ သတင်းဆိုးမရှိတော့သည့် ဘုန်းကျက်သရေရှိသော အနာဂတ်အခါသမယအမှန်ပင်ဖြစ်သည်။ မှန်ပါသည်၊ သတင်းဆိုးရှိရှိသမျှ အဆုံးတိုင်သွားပြီး တစ်ဖန်မကြားရတော့ပါ။ သတင်းကောင်းက ပြန်လည်စိုးမိုးမင်းမူလာမည်ဖြစ်ပြီး ထာဝစဉ်လွှမ်းမိုးပျံ့နှံ့နေပါလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ