တိုးများလာနေသောအဖြစ်အပျက် သတင်းဆိုး
သတင်းကောင်းကို ထုတ်ပြန်ကြေညာသည့် ခေါင်းစီးများထက် သတင်းဆိုးကို ဖော်ပြသည့် ခေါင်းစီးများက ဖတ်ရှုသူကို သာ၍စိတ်ဝင်စားစေကြောင်း သင်သတိထားမိသလော။ သဘာဝဘေးဒဏ်တစ်ခုနှင့်ပတ်သက်သည့် သတင်းစာခေါင်းစဉ်ဖြစ်စေ၊ ချောမွေ့တောက်ပြောင်သောမဂ္ဂဇင်းတစ်စောင်၏ မျက်နှာဖုံးတွင် ထင်ထင်ရှားရှားဖော်ပြထားသော အတင်းအဖျင်းစကားတချို့ဖြစ်စေ သတင်းကောင်းထက် သတင်းဆိုးကို သာ၍ရောင်းကောင်းပုံရသည်။
ယနေ့ သတင်းဆိုးမပြတ်မလပ်ပေါ်ပေါက်နေသည်။ သတင်းထောက်များနှင့် ပင်တိုင်ဆောင်းပါးရှင်များသည် မည်သည့်သတင်းကောင်းအတွက်မျှ နေရာမပေးဘဲ သတင်းဆိုးကို ရှာဖွေဖော်ထုတ်ရန် လေ့ကျင့်ပေးခြင်းခံထားရသူများ ဖြစ်လေရော့သလားဟု တစ်ခါတစ်ရံ ယူဆစရာဖြစ်နေသည်။
သမိုင်းတစ်လျှောက် ဒုနှင့်ဒေး
အမှန်မှာ၊ သတင်းဆိုးသည် သမိုင်းတစ်လျှောက်တွင် ဒုနှင့်ဒေးရှိခဲ့ပြီး မည်သည့်သတင်းကောင်းထက်မဆို အလေးသာသည်။ သမိုင်းဝင်မှတ်တမ်းများတွင် လူသားများ၏ကြမ္မာဖြစ်သည့် ဒုက္ခဆင်းရဲ၊ စိတ်ဓာတ်ကျမှုနှင့် မျှော်လင့်ချက်ကုန်ဆုံးမှုတို့သည် အများဆုံးနေရာယူခဲ့သည်။
နမူနာတချို့ကိုသာ သုံးသပ်ကြည့်ကြစို့။ ဇာ့ခ်လဂရန်း၏လက်ရာဖြစ်သည့် ကမ္ဘာ့သမိုင်းမှတ်တမ်းစာအုပ်က မှတ်တမ်းအထွေထွေကို တင်ပြကာ ဖြစ်ပျက်ခဲ့သောအရာတစ်ခုစီကို နေ့စွဲအတိအကျဖြင့်ရေးသားထားခြင်းဖြစ်သော်လည်း ဤအဖြစ်အပျက်ကို ယနေ့ခေတ်ရှိ ပင်တိုင်ဆောင်းပါးရှင်တစ်ဦးက ပြောပြနေဘိသကဲ့သို့ဖြစ်သည်။ ကောင်းကောင်းရှာဖွေစုဆောင်းထားသော ဤသတင်းမှတ်တမ်းများမှ ကျွန်ုပ်တို့သည် ဤကမ္ဘာဂြိုဟ်တွင် ဒုက္ခများမြောင်လှသည့် ဘဝတစ်လျှောက် လူသားများကြားခဲ့ရသည့် ပျံ့နှံ့နေသောသတင်းဆိုးကို အပေါ်စီးမှရှုမြင်ရသည်။
ဦးဆုံးအနေနှင့်၊ ဘီ.စီ.အီး. ၄၂၉ ခုနှစ်တွင် ဂရိနိုင်ငံမှ ဤသတင်းဦးကို သုံးသပ်ကြည့်ပါ။ အေသင်နှင့် စပါတာမြို့တို့ဆင်နွှဲကြသည့် စစ်ပွဲအကြောင်း ဤသို့တင်ပြထားသည်– “ပြည်သူပြည်သားများက လူသေများ၏အသားကို စားခဲ့ရသည့်အထိ ငတ်မွတ်သည့်အခြေအနေရောက်သွားပြီးနောက် ကိုယ်ပိုင်အုပ်ချုပ်သည့် ပေါ်တာဒီးယားမြို့တော်သည် ဝိုင်းထားသည့် အေသင်မြို့သားတို့ထံ လက်နက်ချအညံ့ခံဖို့ ဖိအားပေးခံခဲ့ရသည်။” သတင်းဆိုးအမှန်ဖြစ်သည်တကား!
ကျွန်ုပ်တို့၏ ခေတ်သက္ကရာဇ်မတိုင်မီ ပထမရာစုသို့ တရွေ့ရွေ့ရောက်လာရာ ဘီ.စီ. ၄၄ မတ်လ ၁၅ ရက် ရောမမြို့ဟု နေ့စွဲနှင့်နေရာရေးထိုးထားသည့် ဂျူးလီယက် ဆီဇာ၏သေခြင်းအကြောင်း အထင်အရှားဖော်ပြထားသောသတင်းတစ်ပိုဒ်ကို ကျွန်ုပ်တို့တွေ့ရသည်။ “ဂျူးလီယက်ဆီဇာ လုပ်ကြံခံလိုက်ရသည်။ မတ်လ ၁၅ ရက်၊ ယနေ့တွင် ဆီးနိတ်လွှတ်တော်အဆောက်အအုံ၌ သူထိုင်နေစဉ် သူ၏အရင်းနှီးဆုံးမိတ်ဆွေတချို့ပါဝင်သော ပူးပေါင်းကြံစည်သည့် အုပ်စုတစ်စုအားဖြင့် အသေထိုးသတ်ခံခဲ့ရသည်။”
နောက်ပိုင်းရာစုများအတွင်း သတင်းဆိုးသည် တင်းကျမ်းတိုးများလာသည်။ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော နမူနာတစ်ခုမှာ ၁၄၈၇ ခုနှစ်တွင် မက္ကဆီကိုမှလာသည့် ဤသတင်းဖြစ်သည်– “အက်ဇ်တက်မြို့တော် တေနော့ချ်တီတလန်၌ မြင်ခဲ့ဖူးသမျှထဲမှ အကြီးကျယ်ဆုံးသော ယဇ်ပူဇော်ပွဲတွင် စစ်ဘုရား ဝီးတ်ဇီးလောပေါချ်တလီးအတွက် လူ ၂၀,၀၀၀ တို့၏နှလုံး ဆုံးရှုံးခဲ့ရသည်။”
လူသား၏ ရက်စက်ကြမ်းကြုတ်မှုကသာမကဘဲ ဂရုမစိုက်မှုကလည်းသတင်းဆိုးကို စာရင်းရှည်ကြီး ထပ်ဆောင်းပေးခဲ့သည်။ လန်ဒန်မြို့ မီးလောင်မှုကြီးသည် ဤအကြောင်းကြောင့်ဖြစ်သော ဘေးဒုက္ခတစ်ခုဖြစ်ပုံရှိသည်။ ၁၆၆၆၊ စက်တင်ဘာ ၅ ရက် နေ့စွဲတပ်ထားသည့် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှ သတင်းကို ဤသို့ဖတ်ရသည်– “လေးရက်လေးညလောင်ပြီးနောက် ယော့ခ်မြို့စားက လန်ဒန်မီးကို ငြိမ်းသတ်ခဲ့သည်။ အဆိုပါပုဂ္ဂိုလ်သည် ရေတပ်ဖောက်ခွဲရေးအဖွဲ့များကိုခေါ်၍ မီးလောင်ရာလမ်းကြောင်းတစ်လျှောက်ရှိ အဆောက်အအုံများကို ဖောက်ခွဲဖြိုချပစ်စေခဲ့သည်။ ချာ့ချ် ၈၇ လုံးနှင့် အိမ်ခြေ ၁၃,၀၀၀ ကျော်ပါဝင်သည့် မြေဧက ၄၀၀ ခန့် ပျက်စီးသွားသည်။ လူကိုးဦးသာ အသက်ဆုံးရှုံးခဲ့သည်မှာ အံ့ဩစရာပင်။”
တိုက်ကြီးများကို မွှေနှောက်ခဲ့သော ကူးစက်ရောဂါကိုလည်း ဤသတင်းဆိုးနမူနာများတွင် စာရင်းသွင်းနိုင်သည်။ ဥပမာ၊ ၁၈၃၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် ကာလဝမ်းရောဂါကူးစက်မှုဖြစ်သည်။ ပုံနှိပ်ထားသည့် ခေါင်းစဉ်ကြီးက သတင်းတင်ပြသည်ကို ဤသို့ဖတ်ရသည်– “ကာလဝမ်းရောဂါကို ကြောက်လန့်သည့်စိတ်က ဥရောပကို စိတ်တစ္ဆေခြောက်နေသည်။” ဆက်လာသည့်သတင်းအမှန်က ကြောက်လန့်စရာအဖြစ်ဆုံး သတင်းဆိုးကို ဤသို့ဖော်ပြသည်– “၁၈၁၇ ခုနှစ်အထိ ဥရောပတွင် မသိရှိကြသေးသော ကာလဝမ်းရောဂါသည် အာရှမှတစ်ဆင့် အနောက်ဘက်သို့ ပျံ့နေသည်။ မော်စကိုနှင့် စိန့်ပီတာစဘာ့ဂ် ကဲ့သို့သောမြို့ကြီးများတွင် ပြည်သူလူထုအများအပြား သေကျေခဲ့ရသည်၊ သားကောင်ဖြစ်ရသူအများစုမှာ မြို့နေဆင်းရဲသားများဖြစ်သည်။”
မကြာသေးမီက နှစ်များတွင် တိုးများလာခြင်း
ထိုသို့ သတင်းဆိုးသည် သမိုင်းမှတ်တမ်းတစ်လျှောက် အဖြစ်မှန်ဖြစ်နေစဉ် ဤ ၂၀ ရာစု၏ မကြာသေးမီဆယ်စုနှစ်များက သတင်းဆိုးသည် ဆက်၍တိုးလာကြောင်း အထောက်အထားနှင့် တွေ့ရှိရသည်၊ ယင်းသည် အမှန်ပင် တစ်မုဟုတ်ချင်းတိုးများလာသည်။
ကျွန်ုပ်တို့၏လက်ရှိရာစု၌ ကြားရသမျှသတင်းဆိုးထဲတွင် အဆုံးရွားဆုံးမှာ စစ်သတင်းဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိပါ။ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ဟု ဆီလျော်စွာကင်ပွန်းတပ်ထားသော သမိုင်းတွင် အကြီးမားဆုံးစစ်ပွဲနှစ်ခုအတွင်း အလွန်ထိတ်လန့်ဖွယ်ကောင်းသော သတင်းဆိုးများပေါ်ပေါက်ခဲ့သည်။ သို့သော် ယင်းသည် ဤစိတ်မချမ်းမြေ့ဖွယ် ရာစုနှစ်အတွင်းမှ သတင်းဆိုးတစ်စိတ်တစ်ဒေသမျှသာဖြစ်သည်။
အဆင်ပြေသလိုရွေးချယ်ထားသည့် ခေါင်းစဉ်ကြီးအနည်းငယ်မျှကို သုံးသပ်ကြည့်ပါ–
၁၉၂၃၊ စက်တင်ဘာ ၁– တိုကျိုငလျင်—၃၀၀,၀၀၀ သေ; ၁၉၃၁၊ စက်တင်ဘာ ၂၀– အကျပ်အတည်း—ဗြိတိန်ပေါင်ငွေ တန်ဖိုးကျဆင်းမှု; ၁၉၅၀ ပြည့်နှစ် ဇွန် ၂၅– မြောက်ကိုရီးယားက တောင်ကိုရီးယားသို့ စစ်ချီ; ၁၉၅၆၊ အောက်တိုဘာ ၂၆– ဟန်ဂေရီလူမျိုးများက ဆိုဗီယက်အုပ်စိုးမှုကို ထကြွပုန်ကန်; ၁၉၆၃၊ နိုဝင်ဘာ ၂၂– ဒဲလပ်စစ်မြို့တွင် ဂျွန် ကနေဒီ ပစ်သတ်ခံရ; ၁၉၆၈၊ ဩဂုတ် ၂၁– ပရာ့ဂ် ပုန်ကန်ထကြွမှုကို ချေမှုန်းရန်ရုရှား၏တင့်ကားများ အလုံးအရင်းနှင့်ဝင်လာ; ၁၉၇၀ ပြည့်နှစ် စက်တင်ဘာ ၁၂– ပြန်ပေးဆွဲခံရသော ဂျက်လေယာဉ်များ သဲကန္တာရတွင် ပေါက်ကွဲသွား; ၁၉၇၄၊ ဒီဇင်ဘာ ၂၅– ထရေစီး ဆိုင်ကလုန်းမုန်တိုင်း ဒါဝင်မြို့ကို ပြားပြားဝပ်သွားစေ—၆၆ ဦးသေ; ၁၉၇၅၊ ဧပြီ ၁၇– ကမ္ဘောဒီးယားသည် ကွန်မြူနစ်စစ်တပ်များ၏ လက်အောက်ရောက်; ၁၉၇၈၊ နိုဝင်ဘာ ၁၈– ဂူယာနာတွင် အစုလိုက်အပြုံလိုက် ကိုယ့်ကိုယ်ကို သတ်သေမှု; ၁၉၈၄၊ အောက်တိုဘာ ၃၁– မစ္စက် ဂန္ဒီ ပစ်သတ်ခံရ; ၁၉၈၆ ခုနှစ် ဇန်နဝါရီ ၂၈– လွန်းပြန်အာကာသယာဉ် အထွက်တွင် ပေါက်ကွဲ; ၁၉၈၆၊ ဧပြီ ၂၆– ဆိုဗီယက် နျူကလီးယားဓာတ်ပေါင်းဖို မီးလောင်နေ; ၁၉၈၇၊ အောက်တိုဘာ ၁၉– စတော့ခ် ဈေးကွက် အနိမ့်ဆုံးအဆင့်သို့ ကျဆင်း; ၁၉၈၉၊ မတ် ၂၅– ရေနံယိုဖိတ်မှုကြောင့် အလာစကာ အကြီးအကျယ်ထိခိုက်; . . .
မှန်ပါသည်၊ နှိုင်းစာကြည့်ပါက သတင်းကောင်းသည် ရှားပါးနေစဉ် သတင်းဆိုးမှာမူ အမြဲပင် ဒုနှင့်ဒေးရှိနေကြောင်း သမိုင်းကပြသည်။ မကြာသေးမီက ဆယ်စုနှစ်များတွင် သတင်းဆိုးက အလျင်အမြန်တိုးပွားလာနေစဉ် တစ်နှစ်ပြီးတစ်နှစ်ကုန်လွန်လာသည်နှင့်အမျှ သတင်းကောင်းသည် လျော့ပါးမှေးမှိန်သွားနေသည်။
အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။ ထိုသို့အမြဲပင် ဆက်ဖြစ်နေမည်လော။
နောက်ဆောင်းပါးက ဤမေးခွန်းနှစ်ခုကို အဖြေပေးပါမည်။
[Picture Credit Line on page 3]
WHO/League of Red Cross