ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၄/၁၅ စာ. ၁၆-၂၁
  • စစ်မှန်သောဝတ်ပြုရေး အဘယ်ကြောင့် ဘုရားသခင့်ကောင်းချီးရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စစ်မှန်သောဝတ်ပြုရေး အဘယ်ကြောင့် ဘုရားသခင့်ကောင်းချီးရ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စစ်မှန်သောဘာသာတရားသည် အဘယ်အသီး သီးရမည်နည်း
  • မုန်းတီးခြင်းမဟုတ် ချစ်ခြင်းမေတ္တာအမှတ်အသားရှိ ဘာသာတရား
  • စင်ကြယ်သောအကျင့်အကြံနှင့် သွန်သင်ချက်များကို ဘုရားသခင် ကောင်းချီးပေး
  • “သမ္မာတရားသည် သင်တို့ကိုလွှတ်လိမ့်မည်”
  • ထူးခြားသောအမည်နာမ
  • ဘုရားသခင်နှစ်သက်လက်ခံတဲ့ ဝတ်ပြုရေး
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • မှန်သောဘာသာကို ခွဲခြားသိမြင်ခြင်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ဘုရားသခင်ကို နည်းမှန်လမ်းကျ ဝတ်ပြုနိုင်ပုံ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ဘာသာတရားအားလုံး သည် ဘုရားသခင်ကို နှစ်သက်စေပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၄/၁၅ စာ. ၁၆-၂၁

စစ်မှန်သောဝတ်ပြုရေး အဘယ်ကြောင့် ဘုရားသခင့်ကောင်းချီးရ

“ဟာလေလုယ၊ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်းချမ်းသာ၊ ဘုန်းအသရေ တန်ခိုးတော်ပေတည်း။ စီရင်တော်မူခြင်းအရာတို့သည် ဟုတ်မှန်ဖြောင့်မတ်ကြ၏။”—ဗျာဒိတ် ၁၉:၁၊ ၂။

၁။ မဟာဗာဗုလုန်သည် မည်သို့နိဂုံးချုပ်ကြမည်နည်း။

“မဟာဗာဗုလုန်သည်” ဘုရားသခင်၏မျက်မှောက်တော်တွင် ပြိုလဲနေပြီဖြစ်၍ ယခုပျက်သုဉ်းခြင်းသို့ဦးတည်နေသည်။ ဤကမ္ဘာချီဘာသာရေး ပြည့်တန်ဆာကြီးသည် သူမ၏နိုင်ငံရေးဖောက်ပြားဖော်များ၏လက်ချက်ဖြင့် မကြာမီသေဒဏ်စီရင်ခံရမည်ဖြစ်ကြောင်း၊ သူမ၏ပျက်စီးခြင်းသည် တစ်ခဏခြင်းတွင် အလျင်အမြန်ပြီးဆုံးမည်ဖြစ်ကြောင်း ကျမ်းစာပရောဖက်ပြုချက်က ဖော်ပြသည်။ ယောဟန်ကို ယေရှုပေးတော်မူသောဗျာဒိတ်တော်တွင် ဤပရောဖက်ပြုချက်စကားများ ပါဝင်သည်– “ခွန်အားကြီးသော ကောင်းကင်တမန်တစ်ပါးသည် ကြီးစွာသောကြိတ်ဆုံကျောက်ကဲ့သို့သော ကျောက်ကိုချီယူ၍ ပင်လယ်ထဲသို့ချပစ်ပြီးလျှင် ‘ထိုနည်းတူ ဗာဗုလုန်မြို့ကြီးကို ပြင်းထန်စွာ ချပစ်၍ နောက်တစ်ဖန်မပေါ်မရှိရ။”—ဗျာဒိတ် ၁၈:၂၊ ၂၁။

၂။ ဗာဗုလုန်၏ပျက်စီးခြင်းကို ယေဟောဝါ၏ကျေးကျွန်များ မည်သို့တုံ့ပြန်ကြမည်နည်း။

၂ မဟာဗာဗုလုန်၏ပျက်စီးခြင်းကို စာတန့်လောကဝင် အစိတ်အပိုင်းအချို့သည် ယူကျုံးမရဖြစ်ကြလိမ့်မည်မှန်သော်လည်း ကောင်းကင်ပေါ်၊ မြေကြီးပေါ်ရှိ ဘုရားသခင်၏ကျေးကျွန်များမူကား ထိုသို့လုံးဝဖြစ်မည်မဟုတ်ပါ။ ဘုရားသခင်ထံ သူတို့ဝမ်းသာအားရစွာဖြင့် ကြွေးကြော်ကြမည်ကား “ဟာလေလုယ၊ ငါတို့ဘုရားသခင်၏ကယ်တင်တော်မူခြင်းချမ်းသာ၊ ဘုန်းအသရေ တန်ခိုးတော်ပေတည်း။ စီရင်တော်မူခြင်းအရာတို့သည် ဟုတ်မှန်ဖြောင့်မတ်ကြ၏။ မိမိမတရားသောမေထုန်အားဖြင့် မြေကြီးကို ပုပ်ပျက်စေသော ပြည့်တန်ဆာကြီးကို စစ်ကြောစီရင်တော်မူပြီ။ ကိုယ်တော်ကျွန်တို့၏အသွေးကို သူ၏လက်ဖြင့် သွန်းသောအပြစ်နှင့်အလျောက် ဒဏ်ပေးတော်မူပြီ” ဟူ၍ဖြစ်သည်။—ဗျာဒိတ် ၁၈:၉၊ ၁၀; ၁၉:၁၊ ၂။

စစ်မှန်သောဘာသာတရားသည် အဘယ်အသီး သီးရမည်နည်း

၃။ အဘယ်မေးခွန်းများကို ဖြေဆိုရန် လိုသနည်း။

၃ ကမ္ဘာမြေကြီးပေါ်မှ ဗာဗုလုန်ဘာသာတရားကို လုံးဝရှင်းပစ်မည်ဖြစ်သောကြောင့် အဘယ်မည်သောဝတ်ပြုရေးသာ ကျန်ရှိမည်နည်း။ စာတန်၏ ဗာဗုလုန်ဘာသာရေးဆိုင်ရာ ကမ္ဘာ့အင်ပါယာကြီးပျက်စီးပြီးနောက် အဘယ်ဘာသာရေးအုပ်စုသာ ကျန်ရှိမည်အကြောင်း ယနေ့မည်သို့ခွဲခြားသိမြင်နိုင်မည်နည်း။ ဤအုပ်စုအနေနှင့် သီးပွင့်ရမည့် ဖြောင့်မတ်သောအသီးကား အဘယ်နည်း။ ယေဟောဝါ၏ စစ်မှန်သောဝတ်ပြုရေးကို သိသာကွဲပြားစေသည့် အမှတ်အသား အနည်းဆုံး ဆယ်ခုရှိသည်။—မာလခိ ၃:၁၈; မဿဲ ၁၃:၄၃။

၄။ စစ်မှန်သောဝတ်ပြုရေး၏ ပထမလိုအပ်ချက်ကား အဘယ်နည်း။ ယေရှုသည် ယင်းနှင့်ပတ်သက်၍မည်သို့ပုံသက်သေချမှတ်တော်မူခဲ့သနည်း။

၄ ဦးဦးဆုံးကား စစ်မှန်သောခရစ်ယာန်များသည် ယေရှုအသက်စတေးတော်မူခဲ့သည့် ခမည်းတော်၏ ပိုင်သအုပ်စိုးခွင့်ကို အကြွင်းမဲ့ထောက်ခံရမည်ဖြစ်သည်။ ယေရှုသည် အဘယ်နိုင်ငံရေး၊ လူမျိုးနွယ်စုရေး သို့မဟုတ် လူမှုရေးအတွက်မျှ အသက်စွန့်တော်မူခြင်းမဟုတ်ပါ။ ကိုယ်တော်သည် ခမည်းတော်၏နိုင်ငံတော်ကို ဂျူးလူမျိုး၏ နိုင်ငံရေး သို့မဟုတ် တော်လှန်ရေး ရည်မှန်းချက်အားလုံးတို့ထက် ရှေ့တန်းတင်တော်မူခဲ့သည်။ ကိုယ်တော်အား ကမ္ဘာ့အာဏာကို စာတန်ကမ်းလှမ်းခဲ့ချိန်တွင် ကိုယ်တော်က “အချင်းစာတန်ထွက်သွားလော့။ ‘သင်၏ဘုရားသခင်ယေဟောဝါရှင်ကို ကိုးကွယ်ရမည်။ ထိုအရှင်ကိုသာလျှင် ရိုသေသမှုဝတ်ပြုရမည်’ ဟုရေးထားသောကြောင့်ဖြစ်၏’ ဟူ၍မိန့်တော်မူ၏။” ယေဟောဝါသည် ကမ္ဘာတစ်ခွင် စစ်မှန်သောပိုင်သအုပ်စိုးရှင်ဖြစ်တော်မူကြောင်း ဟေဗြဲကျမ်းစာစောင်များမှ ကိုယ်တော်သိတော်မူ၏။ အဘယ်ဘာသာရေးအဖွဲ့သည် ဤလောက၏နိုင်ငံရေးစနစ်များကိုမဟုတ်ဘဲ ယေဟောဝါ၏အုပ်ချုပ်ရေးကို ပြတ်ပြတ်သားသား ထောက်ခံပါသနည်း။—မဿဲ ၄:၁၀၊ ကဘ; ဆာလံ ၈၃:၁၈၊ ကဘ။

၅။ (က) စစ်မှန်သောဝတ်ပြုရေးကျင့်သုံးသူများသည် ဘုရားသခင်၏နာမတော်ကို မည်သို့ယူမှတ်သင့်သနည်း။ (ခ) ယေဟောဝါသက်သေများသည် ထိုနာမတော်မြတ်ကို ဂုဏ်တင်ကြောင်း အဘယ်အရာကဖော်ပြသနည်း။

၅ ဒုတိယလိုအပ်ချက်မှာ စစ်မှန်သောဝတ်ပြုရေးသည် ဘုရားသခင်၏နာမတော်ကို ချီးမြှောက်၍ သန့်ရှင်းမြင့်မြတ်စေရမည်ဖြစ်သည်။ အနန္တတန်ခိုးရှင်သည် ယေဟောဝါ (အချို့သောဘာသာပြန်ကျမ်းများတွင် ယာဝေးဟုပြန်ဆို) တည်းဟူသော မိမိ၏နာမတော်ကို ဣသရေလလူမျိုးအား ဖော်ပြတော်မူခဲ့၏။ ယင်းကို ဟေဗြဲကျမ်းစာစောင်များတွင် အကြိမ်ပေါင်းထောင်ချီ၍ အသုံးပြုထားပါသည်။ ထိုအချိန်မတိုင်မီကပင် အာဒံနှင့်ဧဝတို့အပြင် အခြားသူများလည်း နာမတော်ကို သိကြသည်၊ သို့သော် ယင်းကိုရိုသေလေးစားမှု အမြဲမပြခဲ့ကြပေ။ (ကမ္ဘာဦး ၄:၁; ၉:၂၆; ၂၂:၁၄; ထွက်မြောက်ရာ ၆:၂) ခရစ်ယာန်ဘောင်နှင့် ဂျူးဘာသာပြန်များသည် သူတို့၏ကျမ်းစာစောင်များမှ မြင့်မြတ်သောနာမတော်ကို ထုတ်ပစ်ထားလေ့ရှိသော်လည်း ယေဟောဝါသက်သေများမှာမူ သန့်ရှင်းသောကျမ်းစောင်များ၏ကမ္ဘာသစ်ဘာသာပြန်ကျမ်း၌ နာမတော်ကို ရှိသင့်ရှိအပ်သောနေရာတွင် ပြန်ထည့်ကာ ယင်းကိုရိုသေလေးမြတ်ကြောင်း တင်ပြခဲ့ကြသည်။ သူတို့သည် ရှေးခရစ်ယာန်များကဲ့သို့ပင် ထိုနာမတော်မြတ်ကို ဂုဏ်တင်ကြ၏။ ယာကုပ်က “ဘုရားသခင်သည် နာမတော်ဖြင့်သမုတ်ခံရမည့်လူစုကို တစ်ပါးအမျိုးသားအထဲမှရွေးကောက်ရန် ရှေးဦးစွာကြည့်ရှုတော်မူကြောင်း ရှိမုန်ပြန်ကြားလေပြီ။ ထိုအကြောင်းအရာသည်လည်း ပရောဖက်တို့၏စကားနှင့်ညီ၏။ . . . ငါယေဟောဝါကို လူအကျန်အကြွင်းဖြစ်သူတို့နှင့်အတူ နာမတော်ဖြင့်သမုတ်ခဲ့သမျှသော တစ်ပါးအမျိုးသားတို့ကိုရှာ၍ တွေ့အံ့သောငှာ . . . ဤအမှုအရာတို့ကို စီရင်တော်မူသော ယေဟောဝါမိန့်တော်မူ၏။”—တမန်တော် ၁၅:၁၄-၁၇၊ ကဘ; အာမုတ် ၉:၁၁၊ ၁၂။

၆။ (က) စစ်မှန်သောဝတ်ပြုရေးအတွက် တတိယလိုအပ်ချက်ကား အဘယ်နည်း။ (ခ) ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုကို ယေရှုနှင့် ဒံယေလတို့သည် မည်သို့အလေးအနက်ထားကြသနည်း။ (လုကာ ၁၇:၂၀၊ ၂၁)

၆ စစ်မှန်သောဝတ်ပြုရေး၏ တတိယလိုအပ်ချက်မှာ လူ့အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာအလုံးစုံတို့အတွက် တရားဝင်ဖြစ်၍ အောင်မြင်မည့် တစ်ခုတည်းသော ဖြေရှင်းနည်းဖြစ်သည့် ဘုရားသခင်၏နိုင်ငံတော်ကို ချီးမြှောက်သင့်ခြင်း ဖြစ်သည်။ ၎င်းနိုင်ငံတော် တည်ထောင်ဖို့၊ ကမ္ဘာမြေကြီးကို ဘုရားသခင်၏အစိုးရ အုပ်ချုပ်စေဖို့အတွက် ဆုတောင်းကြရန် တပည့်တော်များကို ရှင်းလင်းပြတ်သားစွာ ယေရှုသွန်သင်ပေးတော်မူခဲ့သည်။ ဒံယေလသည် နောက်ဆုံးကာလအကြောင်း ဤသို့ပရောဖက်ပြုရန် မှုတ်သွင်းခံခဲ့ရသည်– “ပျက်စီးခြင်းသို့မရောက်နိုင်သောနိုင်ငံတစ်ခုကို . . . ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် . . . အထက်ဆိုခဲ့ပြီးသော [လောကီဆန်၍ နိုင်ငံရေးသက်သက်ဖြစ်သော] နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။” ဤ ၂၀ ရာစုတွင် ထိုနိုင်ငံတော်ကို စိတ်နှလုံးတစုတစည်းတည်း ထောက်ခံအားပေးကြောင်း မိမိတို့လိုက်လျှောက်သောလမ်းစဉ်ဖြင့် တင်ပြသူများကား မည်သူများနည်း—မဟာဗာဗုလုန်၏ ဘာသာတရားများလော၊ ယေဟောဝါသက်သေများလော။—ဒံယေလ ၂:၄၄၊ ၄၅; မဿဲ ၆:၁၀; ၂၄:၁၄။

၇။ စစ်မှန်သောဝတ်ပြုရေးကိုကျင့်သုံးသူများသည် သမ္မာကျမ်းစာကို မည်သို့သဘောထားကြသနည်း။

၇ ဘုရားသခင်၏စိတ်တော်နှင့်တွေ့ရန် စတုတ္ထလိုအပ်ချက်မှာ ဘုရားသခင်၏စစ်မှန်သောကျေးကျွန်များသည် သမ္မာကျမ်းစာကို ဘုရားသခင်၏မှုတ်သွင်းခံ နှုတ်ကပါဌ်တော်အဖြစ် ထောက်ခံရမည် ဖြစ်သည်။ ယင်းကြောင့် သမ္မာကျမ်းစာသည် လူ့လက်ရာမျှဖြစ်သည့်အတွက် အမှားအယွင်းများသာပါမည်ဟု ကြိုးစားတင်ပြနေသည့် တန်းမြင့်ဝေဖန်ချက်တွင် သူတို့ကျော့မိခံကြမည်မဟုတ်ပါ။ သမ္မာကျမ်းစာသည် ဘုရားသခင်၏မှုတ်သွင်းခံ နှုတ်ကပါဌ်တော်ဖြစ်သည်ဟု တိမောသေထံ ပေါလုစာရေးပြောသည့်အတိုင်း ယေဟောဝါသက်သေများ ယုံကြည်ကြသည်– “ကျမ်းစာရှိသမျှသည် ဘုရားသခင်ဝိညာဉ်တော်မှုတ်သွင်းထား၍ ဘုရားသခင်၏လူကို အစွမ်းသတ္တိအပြည့်အဝရှိစေရန်၊ ကောင်းသောအလုပ်တိုင်းအတွက် စုံလင်စွာ ပြင်ဆင်လေ့ကျင့်ပေးရန်၊ သင်ကြားခြင်း၊ အပြစ်ဖော်ပြခြင်း၊ ပဲ့ပြင်ခြင်း၊ ဖြောင့်မတ်အောင် ဆုံးမခြင်းများအတွက် အကျိုးရှိ၏။”aထို့ကြောင့် ယေဟောဝါသက်သေများသည် သမ္မာကျမ်းစာကို သူတို့၏လမ်းပြ၊ သူတို့၏နေ့စဉ်ဘဝအတွက် လက်စွဲစာအုပ်၊ အနာဂတ်မျှော်လင့်ချက်အတွက် မူလအမြစ်အဖြစ် သူတို့ယူမှတ်ထားသည်။—၂ တိမောသေ ၃:၁၆၊ ၁၇၊ ကဘ။

မုန်းတီးခြင်းမဟုတ် ချစ်ခြင်းမေတ္တာအမှတ်အသားရှိ ဘာသာတရား

၈။ စစ်မှန်သောဝတ်ပြုရေး၏ ပဉ္စမလိုအပ်ချက်ကား အဘယ်နည်း။

၈ ယေရှုသည် မိမိ၏စစ်မှန်သောတပည့်နောက်လိုက်များကို မည်သို့ခွဲခြားဖော်ပြတော်မူသနည်း။ ကိုယ်တော်၏အဖြေသည် စစ်မှန်သောဝတ်ပြုရေး၏ ပဉ္စမအရေးကြီးသော ခွဲခြားတင်ပြချက်ကို ဖော်ပြသည်။ ယေရှုက “သင်တို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။ သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်” ဟုမိန့်တော်မူခဲ့သည်။ (ယောဟန် ၁၃:၃၄၊ ၃၅) ယေရှုသည် ချစ်ခြင်းမေတ္တာရှိတော်မူကြောင်း မည်သို့တင်ပြတော်မူသနည်း။ ရွေးဖိုးအဖြစ် မိမိအသက်ကို ပူဇော်ခြင်းအားဖြင့်ဖြစ်သည်။ (မဿဲ ၂၀:၂၈; ယောဟန် ၃:၁၆) ခရစ်ယာန်စစ်များတွင် စစ်မှန်သောချစ်ခြင်းမေတ္တာ အဘယ်ကြောင့်ရှိသင့်ရှိအပ်သနည်း။ ယောဟန်က “ချစ်သူတို့၊ ငါတို့သည် အချင်းချင်းချစ်ကြကုန်အံ့။ အကြောင်းမူကား၊ ချစ်ခြင်းမေတ္တာသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။ . . . ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟုရှင်းပြသည်။—၁ ယောဟန် ၄:၇၊ ၈။

၉။ စစ်မှန်သောချစ်ခြင်းမေတ္တာကို မည်သူတို့တင်ပြကြသနည်း။ မည်သို့တင်ပြကြသနည်း။

၉ ကျွန်ုပ်တို့၏ခေတ်တွင် လူမျိုး၊ နိုင်ငံ၊ သို့မဟုတ် လူမျိုးစုစပ်ကြား မုန်းတီးမှုဖြစ်ပွားနေစဉ်ပင် ဤသို့သောချစ်ခြင်းမေတ္တာကို မည်သူတို့တင်ပြခဲ့ကြပြီနည်း။ ချစ်ခြင်းမေတ္တာ အနိုင်ရစေရန် သေသည်တိုင်အောင် အပြင်းထန်ဆုံးသော စမ်းသပ်ချက်ကိုခံသူများကား မည်သူတို့ဖြစ်သနည်း။ ၁၉၉၄ ခုနှစ်က ရဝမ်ဒါနိုင်ငံတွင် လူမျိုးဖြုတ်သတ်ဖြတ်မှု၌ တာဝန်မကင်းပါဟု မိမိတို့ကိုယ်တိုင်ဝန်ခံခဲ့သော ချာ့ချ်ဘုန်းကြီးများနှင့် သီလရှင်များဟု ဆိုနိုင်မည်လော။ ဘော်လ်ကန်ပြည်တွင်းစစ်၌ “လူမျိုးစုသန့်စင်ရေး” တွင်လည်းကောင်း၊ ခရစ်ယာန်မဆန်သည့် အခြားအပြုအမူများတွင်လည်းကောင်း ပါဝင်ခဲ့သော ဆားဗီးယားမှ ဩသဒေါက်စ်များ သို့မဟုတ် ခရိုအေးရှားမှ ချာ့ချ်များဟု ဆိုနိုင်မည်လော။ သို့မဟုတ် လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း မြောက်ပိုင်းအိုင်ယာလန်တွင် ဘက်လိုက်ခြင်းနှင့် မုန်းတီးခြင်းစိတ်ထားကို မြှောက်ထိုးပင့်ကော်ပြုခဲ့သော ချာ့ချ် သို့မဟုတ် ပရိုတက်စတင့်ဓမ္မဆရာများဟု ဆိုမည်လော။ ဤကဲ့သို့သော ပဋိပက္ခများတွင် ယေဟောဝါသက်သေများပါဝင်ခဲ့သည်ဟု မည်သူမျှစွပ်စွဲပြောဆိုနိုင်မည်မဟုတ်သည်ကား အမှန်တကယ်ပင်ဖြစ်ပါသည်။ သူတို့သည် ခရစ်ယာန်မေတ္တာကိုသစ္စာဖျက်မည့်အစား သေသည့်အထိ အကျဉ်းထောင်များ၊ ချွေးတပ်စခန်းများတွင် ဒုက္ခဆင်းရဲခံခဲ့ကြပေပြီ။—ယောဟန် ၁၅:၁၇။

၁၀။ စစ်မှန်သောခရစ်ယာန်များသည် အဘယ်ကြောင့်ကြားနေကြသနည်း။

၁၀ ဘုရားသခင်နှစ်သက်တော်မူသော ဝတ်ပြုရေး၏ ဆဋ္ဌမလိုအပ်ချက်မှာ လောကီနိုင်ငံရေးတွင် ကြားနေခြင်းဖြစ်သည်။ ခရစ်ယာန်များသည် နိုင်ငံရေးတွင် အဘယ်ကြောင့်ကြားနေသင့်သနည်း။ ဤအနေအထားမျိုးယူရန် ခိုင်လုံသောအကြောင်းပြချက်ကို ပေါလု၊ ယာကုပ်နှင့် ယောဟန်တို့က ဖော်ပြခဲ့၏။ ကွဲပြားစေသောနိုင်ငံရေးအပါအဝင် နည်းအမျိုးမျိုးတို့ဖြင့် မယုံကြည်သူများ၏ဉာဏ်အလင်းကွယ်စေရန်ကြိုးစားနေသည့် “ဤလောကကိုအစိုးရသောဘုရား” သည် စာတန်ဖြစ်ကြောင်း တမန်တော်ပေါလုက ရေးသားခဲ့သည်။ တပည့်တော်ယာကုပ်က “ဤလောကနှင့် မိတ်သဟာယဖွဲ့လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်၏” ဟုဆိုသည်။ တမန်တော်ယောဟန်ကလည်း “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်” ဟုဆို၏။ ထို့ကြောင့် စစ်မှန်သောခရစ်ယာန်တစ်ဦးသည် စာတန်၏ လောကီနိုင်ငံရေးနှင့်အာဏာပြရေးတွင် ပါဝင်ပတ်သက်နေခြင်းအားဖြင့် ဘုရားသခင်အပေါ် ချစ်မြတ်နိုးခြင်းဝတ်ကို မလျော့ပေါ့နိုင်ပါ။—၂ ကောရိန္သု ၄:၄; ယာကုပ် ၄:၄; ၁ ယောဟန် ၅:၁၉။

၁၁။ (က) ခရစ်ယာန်များသည် စစ်မှုကို မည်သို့ယူမှတ်ကြသနည်း။ (ခ) ဤခံယူချက်အတွက် အဘယ်ကျမ်းဆိုင်ရာအခြေခံရှိသနည်း။ (၂ ကောရိန္သု ၁၀:၃-၅)

၁၁ အထက်ပါလိုအပ်ချက်နှစ်ခုကြောင့် သတ္တမလိုအပ်ချက်ဖြစ်သည့် ဘုရားသခင်ကို ဝတ်ပြုသူ ခရစ်ယာန်စစ်များသည် စစ်မှုတွင်မပါဝင်သင့်ခြင်းအကြောင်း သိသာထင်ရှားလာသည်။ စစ်မှန်သောဘာသာတရားသည် ချစ်ခြင်းမေတ္တာပေါ်အခြေခံသည့် ကမ္ဘာချီညီအစ်ကိုများအသင်းအပင်း ဖြစ်သောကြောင့် “လူပြည်အရပ်ရပ်တို့၌ရှိသော . . . ညီအစ်ကိုများ” ကိုအဘယ်အရာကမျှ စိတ်ဝမ်းကွဲခြင်း၊ သို့မဟုတ် ဖောက်လှဲဖောက်ပြန်ဖြစ်ခြင်း ပြုနိုင်မည်မဟုတ်ပါ။ ယေရှုသည် မုန်းတီးဖို့မဟုတ်၊ မေတ္တာထားဖို့; စစ်တိုက်ဖို့မဟုတ် သင့်တင့်ငြိမ်သက်စွာနေဖို့ သွန်သင်ပေးတော်မူခဲ့သည်။ (၁ ပေတရု ၅:၉; မဿဲ ၂၆:၅၁၊ ၅၂) အာဗေလကိုသတ်ရန် ကာဣနကိုတိုက်တွန်းခဲ့သော စာတန် “မာရ်နတ်” သည်ပင် လောကီသားတို့တွင် မုန်းတီးစိတ်ကို ဆက်ထည့်သွင်းနေပြီး နိုင်ငံရေး၊ ဘာသာရေးနှင့် လူမျိုးနွယ်စုအရေးများအားဖြင့် စိတ်ဝမ်းကွဲစေကာ ပဋိပက္ခများနှင့် သတ်ဖြတ်မှုများကိုပြုလုပ်ကြရန် တိုက်တွန်းနေဆဲရှိပါသည်။ စစ်မှန်သောခရစ်ယာန်များသည် အဖိုးအခမည်မျှပင်ပေးဆပ်ရစေကာမူ ‘စစ်အတတ်ကို မသင်ယူကြတော့’ ပေ။ ပုံတင်စကားဖြင့် သူတို့သည် ‘ဓားလက်နက်တို့ကို ထွန်သွားဖြစ်စေကြပြီ။ သူတို့၏လှံများကို တံစဉ်များ ဖြစ်စေကြပြီ။’ သူတို့သည် ငြိမ်သက်ခြင်းကိုဖြစ်ထွန်းစေသည့် ဘုရားသခင်၏ဝိညာဉ်အသီး သီးပွင့်နေကြပါသည်။—၁ ယောဟန် ၃:၁၀-၁၂; ဟေရှာယ ၂:၂-၄; ဂလာတိ ၅:၂၂၊ ၂၃။

စင်ကြယ်သောအကျင့်အကြံနှင့် သွန်သင်ချက်များကို ဘုရားသခင် ကောင်းချီးပေး

၁၂။ (က) အဋ္ဌမလိုအပ်ချက်ကား အဘယ်နည်း။ သို့သော် အဘယ်ဘာသာရေးကွဲပြားမှုများကို သင်ကိုးကားဖော်ပြနိုင်သနည်း။ (ခ) ပေါလုသည် ဤအဋ္ဌမလိုအပ်ချက်ကို မည်သို့ပေါ်လွင်စေခဲ့သနည်း။

၁၂ စစ်မှန်သောဝတ်ပြုရေး၏ အဋ္ဌမလိုအပ်ချက်ကား ခရစ်ယာန်စည်းလုံးမှုဖြစ်သည်။ သို့ရာတွင် ခရစ်ယာန်ဘောင်၏ ကွဲပြားစေသောဘာသာတရားတို့က ယင်းသို့ဖြစ်ရန် အထောက်အကူမပြုပါ။ အများလက်ခံထားသည်ဟုဆိုသော ဂိုဏ်းဂဏများသည် ဂိုဏ်းခွဲမြောက်မြားစွာသို့ အစိတ်စိတ်အမြွှာမြွှာကွဲသွားပြီး ရလဒ်ကား ရှုပ်ထွေးခြင်းပင်ဖြစ်သည်။ ဥပမာ၊ မြောက်ပိုင်းနှစ်ခြင်း (အမေရိကန်နိုင်ငံရှိ အမေရိကန်နှစ်ခြင်းအသင်းများ)၊ တောင်ပိုင်းနှစ်ခြင်း (တောင်ပိုင်းနှစ်ခြင်းအစုအဝေး) နှင့် ဂိုဏ်းခွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် အခြားအခြားနှစ်ခြင်းအဖွဲ့ အများအပြားရှိ အမေရိကန်နှစ်ခြင်းအသင်းကိုကြည့်ပါ။ (ကမ္ဘာ့ခရစ်ယာန်စွယ်စုံကျမ်း၊ စာမျက်နှာ ၇၁၄) အယူဝါဒအရသော်လည်းကောင်း၊ ချာ့ချ်ဖွဲ့စည်းပုံအရသော်လည်းကောင်း မတူသဖြင့် ဖြစ်ပေါ်လာသည့် အခြားကွဲပြားသောအသင်းများ (ဥပမာ၊ ပရက်စ်ဘီတီးရီးယန်းအသင်း၊ အီပစ္စကိုပဲလျန်အသင်း၊ ကွန်ဂရီဂေရှနယ်လ်အသင်းတို့) ရှိပါသေးသည်။ ခရစ်ယာန်ဘောင်ပြင်ပရှိဘာသာများဖြစ်သည့် . . . ဘာသာတရားတို့သည်လည်း ခရစ်ယာန်ဘောင်ကဲ့သို့ပင် အစိတ်စိတ်အမြွှာမြွှာကွဲပြားနေပါသည်။ ရှေးခရစ်ယာန်များကို တမန်တော်ပေါလု မည်သို့ ဩဝါဒပေးခဲ့သနည်း။ “ညီအစ်ကိုတို့၊ သင်တို့ရှိသမျှသည် စကားတညီတညွတ်တည်းဖြစ်၍ အချင်းချင်းမကွဲပြားဘဲ စိတ်သဘောတစ်သံတစ်သမတ်တည်းရှိသည်နှင့် စေ့စပ်စုံလင်ကြမည်အကြောင်း ငါတို့သခင်ယေရှုခရစ်၏နာမတော်ကို အမှီပြု၍ သင်တို့ကို ငါနှိုးဆော်တောင်းပန်ပါ၏။”—၁ ကောရိန္သု ၁:၁၀; ၂ ကောရိန္သု ၁၃:၁၁။

၁၃၊ ၁၄။ (က) ‘သန့်ရှင်းရမည်’ ဟုဆိုရာတွင် အဘယ်အရာကိုဆိုလိုသနည်း။ (ခ) စစ်မှန်သောဝတ်ပြုရေးသည် မည်သည့်နည်းဖြင့် သန့်ရှင်းစင်ကြယ်နေသနည်း။

၁၃ ဘုရားသခင်နှစ်သက်သောဘာသာတရား၏ နဝမလိုအပ်ချက်ကား အဘယ်နည်း။ ဝတ်ပြုရာ ၁၁:၄၅ တွင်တင်ပြထားသော ကျမ်းစာကျင့်ဝတ်ကား ဤသို့– “ငါသည် သန့်ရှင်းသောကြောင့် သင်တို့သည် သန့်ရှင်းခြင်းရှိရကြမည်။” တမန်တော်ပေတရုက “သင်တို့ကိုခေါ်တော်မူသောသူသည် သန့်ရှင်းတော်မူသည်နည်းတူ ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်းရှိကြလော့” ဟုရေးသားရာတွင် ဤလိုအပ်ချက်ကို ထပ်မံဖော်ပြသည်။—၁ ပေတရု ၁:၁၅။

၁၄ သန့်ရှင်းရန်လိုသည်ဟုဆိုတွင် အဘယ်အရာကိုဆိုလိုသနည်း။ ယေဟောဝါအားဝတ်ပြုသူများသည် ဝိညာဉ်ရေးအရသော်လည်းကောင်း၊ စာရိတ္တရေးအရသော်လည်းကောင်း သန့်ရှင်းစင်ကြယ်ရမည်ဖြစ်သည်။ (၂ ပေတရု ၃:၁၄) ခရစ်တော်၏ရွေးဖိုးပူဇော်သကာကို ပမာဏမပြုကြောင်း မိမိတို့အပြုအမူအားဖြင့် တင်ပြကြသော နောင်တမယူ၊ တမင်သက်သက်ပြစ်မှားသူများအတွက် နေရာမရှိပါ။ (ဟေဗြဲ ၆:၄-၆) ခရစ်ယာန်အသင်းတော်သည် သန့်ရှင်းစင်ကြယ်နေရန် ယေဟောဝါတောင်းဆိုတော်မူ၏။ ယင်းကို မည်သို့ပြုလုပ်နိုင်မည်နည်း။ တစ်နည်းကား အသင်းတော်ကိုညစ်ညူးစေသူများကို အသင်းမှနှင်ထုတ်ခြင်း တရားရေးအစီအစဉ်အားဖြင့်ဖြစ်သည်။—၁ ကောရိန္သု ၅:၉-၁၃။

၁၅၊ ၁၆။ ခရစ်ယာန်များစွာတို့သည် မိမိတို့၏ဘဝအသက်တာတွင် အဘယ်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီနည်း။

၁၅ များစွာသောသူတို့သည် ခရစ်ယာန်သမ္မာတရားကိုမသိကျွမ်းမီက အကျင့်ယိုယွင်းသော၊ ဇိမ်ခံပျော်ပါးသော၊ ကိုယ့်အရေးကိုသာ အဓိကထားသောအသက်တာရှိခဲ့ကြသည်။ သို့သော် ခရစ်တော်၏တရားတော်သည် သူတို့ကို ပြုပြင်ပြောင်းလဲစေပြီး အပြစ်လွှတ်ခြင်းခံခွင့်ရရှိစေခဲ့သည်။ ပေါလုက “မတရားသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရသည်ကို သင်တို့မသိကြသလော။ အလွဲမယူကြနှင့်။ မတရားသောမေထုန်၌ မှီဝဲသောသူ၊ . . . ၊ သူ့မယားကို ပြစ်မှားသောသူ၊ ယောက်ျားချင်း မေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ၊ သူ့ဥစ္စာကို ခိုးသောသူ၊ လောဘလွန်ကျူးသောသူ၊ သေရည်သေရက်နှင့် ယစ်မူးသောသူ၊ ဆဲရေးကဲ့ရဲ့သောသူ၊ အနိုင်အထက်လုယူသောသူတို့သည်ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ။ အထက်က သင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူ ဖြစ်ကြသော်လည်း ယခုတွင် . . . ဆေးကြောသန့်ရှင်း . . . ရာသို့ ရောက်ကြပြီ” ဟုပိုင်နိုင်စွာရေးသားခဲ့သည်။—၁ ကောရိန္သု ၆:၉-၁၁။

၁၆ ကျမ်းစာနှင့်မညီညွတ်သောအကျင့်များအတွက်ကြောင့် နောင်တယူပြီး စိတ်ပြောင်းလဲလာကာ ခရစ်တော်၏သွန်သင်ချက်များကို လိုက်လျှောက်သည့် စစ်မှန်သောတပည့်နောက်လိုက်များ ဖြစ်လာသူတို့ကို ယေဟောဝါ နှစ်သက်မြတ်နိုးတော်မူကြောင်း ထင်ရှားပါသည်။ ဤသူတို့သည် မိမိတို့နှင့်စပ်ဆိုင်သူများကို ကိုယ်နှင့်အမျှ အမှန်ချစ်ကြောင်း ကြားနာလိုသူတို့အား အသက်ရှင်ခြင်းတရားကမ်းလှမ်းသည့် ဓမ္မအမှုတွင် စွဲစွဲမြဲမြဲပါဝင်ခြင်း အစရှိသည့် နည်းအမျိုးမျိုးဖြင့် တင်ပြကြသည်။—၂ တိမောသေ ၄:၅။

“သမ္မာတရားသည် သင်တို့ကိုလွှတ်လိမ့်မည်”

၁၇။ စစ်မှန်သောဝတ်ပြုရေးအတွက် ဒသမလိုအပ်ချက်ကား အဘယ်နည်း။ ဥပမာများပေးပါ။

၁၇ ယေဟောဝါကို စိတ်ဝိညာဉ်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ဝတ်ပြုသူများထံမှ ကိုယ်တော်တောင်းဆိုသည့် ဒသမလိုအပ်ချက်ကား စင်ကြယ်သောသွန်သင်ခြင်းဖြစ်သည်။ (ယောဟန် ၄:၂၃၊ ၂၄) ယေရှုက မိမိ၏တပည့်နောက်လိုက်များအား “သမ္မာတရားကိုသိကြသဖြင့် ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်” ဟုမိန့်တော်မူခဲ့သည်။ (ယောဟန် ၈:၃၂) ကျမ်းစာ၏သမ္မာတရားသည် ဘုရားသခင်ကို ရှုတ်ချသော ဝိညာဉ်စိုးလ်မသေနိုင်၊ မီးငရဲနှင့် ငရဲကလေးအယူအဆတို့မှ ကျွန်ုပ်တို့ကို လွတ်မြောက်စေသည်။ (ဒေသနာ ၉:၅၊ ၆၊ ၁၀; ယေဇကျေလ ၁၈:၄၊ ၂၀) ခရစ်ယာန်ဘောင်၏ “အသန့်ရှင်းဆုံးသုံးပါးပေါင်းတစ်ဆူ” အယူဖြစ်သည့် ဗာဗုလုန်ဆိုင်ရာနက်နဲရာမှ လွတ်မြောက်စေ၏။ (တရားဟောရာ ၄:၃၅; ၆:၄; ၁ ကောရိန္သု ၁၅:၂၇၊ ၂၈) ကျမ်းစာသမ္မာတရားကို လိုက်နာခြင်းက လူတို့ကို ချစ်ခင်ကြင်နာ၊ သနားညှာတာတတ်ပြီး ကရုဏာရှိသူများ ဖြစ်စေပါသည်။ စစ်မှန်သောခရစ်ယာန်ဘာသာတရားသည် တိုမာစ်ဒီတော်ကမာဒါကဲ့သို့သော လက်စားချေလို၍ သည်းမခံနိုင်သည့် မေးမြန်းစစ်ဆေးသူများ မဖြစ်စေပါ။ ခရူးဆိတ်တိုက်ပွဲများဖြစ်စေရန် အားပေးခဲ့သည့် ပုပ်ရဟန်းမင်းများကဲ့သို့သော မုန်းတီးခက်ထန်မှုရှိပြီး စစ်လှုံ့ဆော်သူများလည်း မဖြစ်စေပါ။ မဟာဗာဗုလုန်မူကား နိမ်ရောဒအချိန်ကတည်းက ယခုအချိန်အထိ သမိုင်းတစ်လျှောက်လုံးတွင် ထိုကဲ့သို့သောအသီးအပွင့်များကို သီးပွင့်စေခဲ့ပေပြီ။—ကမ္ဘာဦး ၁၀:၈၊ ၉။

ထူးခြားသောအမည်နာမ

၁၈။ (က) စစ်မှန်သောဝတ်ပြုရေးအတွက် လိုအပ်ချက်ဆယ်ခုကို မည်သူတို့ပြည့်မီကြသနည်း။ မည်သို့အားဖြင့်နည်း။ (ခ) ကျွန်ုပ်တို့ရှေ့တွင်ရှိသောကောင်းချီးကို အမွေခံစားရရန် တစ်ဦးစီအနေနှင့် ဘာလုပ်ရမည်နည်း။

၁၈ ယနေ့ စစ်မှန်သောဝတ်ပြုရေးဆိုင်ရာ ဤလိုအပ်ချက် ဆယ်ခုစလုံးကို မည်သူတို့ အမှန်ပြည့်မီသနည်း။ သစ္စာတည်ကြည်ခြင်းနှင့် ငြိမ်သက်ခြင်းရှိသူများဟူ၍ လူအများအသိအမှတ်ပြုခံရသူများကား မည်သူတို့နည်း။ ယေဟောဝါသက်သေများသည် “ဤလောကနှင့်မစပ်ဆိုင်” ကြောင်း ကမ္ဘာတစ်ဝန်းတွင် နာမည်ကျော်ကြားကြပါသည်။ (ယောဟန် ၁၅:၁၉; ၁၇:၁၄၊ ၁၆; ၁၈:၃၆) ယေရှုခရစ်သည် ခမည်းတော်၏ သစ္စာရှိသက်သေတစ်ဦး ဖြစ်တော်မူခဲ့သည့်နည်းတူပင် ယေဟောဝါ၏လူများသည် ကိုယ်တော်၏နာမတော်ကိုခံယူခွင့်ရပြီး ကိုယ်တော်၏သက်သေများဖြစ်ခွင့်ရခြင်းကို ဂုဏ်ယူကြပါသည်။ ထိုသန့်ရှင်းသောနာမတော်ကို ကျွန်ုပ်တို့ခံယူထားကာ ၎င်းကိုယ်စားပြုသည့်အရာနှင့်အညီ အသက်ရှင်နေထိုင်ရန် တာဝန်ရှိကြောင်းကို အသိအမှတ်ပြုကြပါသည်။ ထို့ပြင် ကိုယ်တော်၏သက်သေခံများအနေနှင့် ကျွန်ုပ်တို့ရှေ့ အလွန်ထူးမြတ်သောအလားအလာရှိပါသည်တကား! ယင်းကား ပြန်လည်တည်ထောင်လျက်ရှိသည့် ကမ္ဘာ့ပရဒိသုတွင်နာခံမှုရှိပြီး စည်းလုံးသော လူ့မိသားစုဝင်တစ်ဦးအဖြစ် စကြဝဠာ၏ပိုင်သအုပ်စိုးရှင်အား ကိုးကွယ်ခွင့်ရရှိခြင်းတည်း။ ယင်းကောင်းချီးကိုခံစားရရန် စစ်မှန်သောဝတ်ပြုရေးဘက်တွင် ပြတ်ပြတ်သားသား ဆက်လက်ရပ်တည်ပြီး ယေဟောဝါ၏ “စီရင်တော်မူခြင်းအရာတို့သည် ဟုတ်မှန်ဖြောင့်မတ်” သောကြောင့် ယေဟောဝါသက်သေများဟူသောအမည်ကို ခံယူခွင့်ရသည့်အတွက် ဂုဏ်ယူကြစို့လေ!—ဗျာဒိတ် ၁၉:၂; ဟေရှာယ ၄၃:၁၀-၁၂; ယေဇကျေလ ၃:၁၁။

[အောက်ခြေမှတ်ချက်များ]

a ဘာသာပြန်ကျမ်းများကိုယ်နှိုက်သည် ဘုရားသခင်မှုတ်သွင်းခြင်းအားဖြင့်မဖြစ်ပါ။ ဘာသာပြန်ဟုဆိုကတည်းက သမ္မာကျမ်းစာကို မှတ်တမ်းတင်ရေးသားခဲ့သည့် မူလဘာသာစကားများကို သဘောပေါက်နားလည်မှု ကွဲပြားစေနိုင်မည်ဖြစ်ကြောင်း ဖော်ပြပေသည်။

သင်မည်သို့ဖြေဆိုမည်နည်း

◻ ယေဟောဝါ၏ကျေးကျွန်များသည် မဟာဗာဗုလုန်၏ပျက်စီးခြင်းကို မည်သို့သဘောထားသနည်း။

◻ စစ်မှန်သောဝတ်ပြုရေး၏ အဓိကလိုအပ်ချက်များကား အဘယ်နည်း။

◻ သမ္မာတရားသည် မည်သို့လွတ်မြောက်စေသနည်း။

◻ ယေဟောဝါသက်သေများအဖြစ် အထူးဂုဏ်ယူစရာကား အဘယ်နည်း။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို ယေဟောဝါသက်သေများ ဟောပြောသွန်သင်နေကြ၏

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ခရစ်ယာန်စစ်များသည် လောကီနိုင်ငံရေးနှင့်စစ်ပွဲများတွင် အမြဲကြားနေခဲ့ကြပြီ

[Credit Line]

လေယာဉ်ပျံ–Courtesy of the Ministry of Defense, London

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ