ဝတ်ပြုကိုးကွယ်မှုတိုင်းကို ဘုရားသခင်လက်ခံတော်မူသလော
ဘုရားသခင်သည် လူအား ဝိညာဏလိုအပ်ချက်တစ်ခုဖြစ်သော ဝတ်ပြုကိုးကွယ်လိုမှုဖြင့် ထည့်သွင်းဖန်ဆင်းခဲ့သည်။ ၎င်းသည် အဆင့်ဆင့်ဖြစ်လာသည့်အရာတစ်ခုမဟုတ်ပေ။ ၎င်းသည် အစကနဦးကတည်းက လူ့အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်။
သို့ရာတွင် ဝမ်းနည်းစရာကောင်းသည်မှာ လူသားတို့သည် ကွဲပြားသည့် ဝတ်ပြုကိုးကွယ်နည်းများကို ပေါ်ပေါက်စေပြီး အများစုတို့သည် ပျော်ရွှင်စည်းလုံးသည့်လူ့မိသားစုကို မဖြစ်ပေါ်စေကြခြင်းဖြစ်သည်။ သို့အစား ဘာသာရေးအမည်ခံ၍ သွေးကြောင်းစီးသောစစ်ပွဲများကို ဆင်နွှဲနေကြဆဲပင်ဖြစ်သည်။ ယင်းက ဘုရားသခင်ကို လူတစ်ဦးဝတ်ပြုကိုးကွယ်ပုံသည် အရေးပါပါသလောဟူသည့် အရေးကြီးသောမေးခွန်းကို ပေါ်ပေါက်စေသည်။
ရှေးအချိန်အခါက သံသယဖြစ်ဖွယ်ဝတ်ပြုကိုးကွယ်မှု
အရှေ့အလယ်ပိုင်းဒေသတွင် နေထိုင်ခဲ့ကြသော ရှေးလူမျိုးများက ထိုမေးခွန်းကိုဖြေဆိုရန်အတွက် ကျွန်ုပ်တို့အားအကူအညီဖြစ်စေသည့် သမိုင်းဝင်နမူနာတစ်ခုကို ပေးခဲ့သည်။ များစွာသောသူတို့သည် ဗာလဟုခေါ်သောဘုရားကို ဝတ်ပြုကိုးကွယ်ကြသည်။ အာရှရကဲ့သို့သော ဗာလ၏ ဣတ္ထိယအဖော်အဖက်များကိုလည်း ဝတ်ပြုကိုးကွယ်ကြသည်။ အာရှရဝတ်ပြုကိုးကွယ်မှု၌ လိင်ဆိုင်ရာသင်္ကေတတစ်ခုဖြစ်သည်ဟုယူမှတ်ရသော မြင့်မြတ်သည့်တိုင်ကို အသုံးပြုခြင်းပါဝင်လေသည်။ ထိုဒေသ၌လုပ်ဆောင်နေကြသော ရှေးဟောင်းသုတေသနပညာရှင်များသည် ဝတ်လစ်စလစ်အမျိုးသမီးရုပ်တုများစွာကို တူးဖော်ရရှိခဲ့ကြသည်။ အဆိုပါရုပ်တုများသည် . . . “အာရှရ . . . ကို ကိုယ်စားပြုခြင်းဖြစ်ဖွယ်ရှိသည်” ဟု The Encyclopedia of Religion က ဖော်ပြသည်။ တစ်ခုသေချာသည်မှာ ဗာလဝတ်ပြုကိုးကွယ်မှုသည် အလွန်ကိုယ်ကျင့်တရားကင်းမဲ့လေ့ရှိခြင်းပင်ဖြစ်သည်။
ထို့ကြောင့် ဗာလဝတ်ပြုကိုးကွယ်မှုတွင် လိင်ဆိုင်ရာအပျော်ကြူးသည့်ပွဲများပါဝင်ခြင်းသည် အံ့ဩစရာမဟုတ်ပေ။ (တောလည်ရာ ၂၅:၁-၃) ခါနာန်အမျိုးသားတစ်ဦးဖြစ်သော ရှေခင်သည် မိန်းမပျိုလေး ဒိနကို အဓမ္မပြုကျင့်ခဲ့သည်။ ဤသို့ပြုခဲ့သော်ငြားလည်း သူ၏အမျိုးသားချင်းတွင် အသရေအရှိဆုံးသောသူအဖြစ် ရှုမြင်ခံရလေသည်။ (ကမ္ဘာဦး ၃၄:၁၊ ၂၊ ၁၉) သွေးသားနီးစပ်တော်သူချင်း ကာမဆက်ဆံခြင်း၊ လိင်တူဆက်ဆံခြင်း၊ တိရစ္ဆာန်နှင့် ဆက်ဆံခြင်းတို့သည် ရိုးနေကြပေပြီ။ (ဝတ်ပြုရာ ၁၈:၆၊ ၂၂-၂၄၊ ၂၇) ယောက်ျားချင်း ကာမဆက်ဆံခြင်း အကျင့်တစ်ခုဖြစ်သော “sodomy” ဟူသည့် စကားလုံးသည် ကမ္ဘာ့ ထိုဒေသ၌ တစ်ချိန်က တည်ရှိခဲ့ဖူးသော မြို့တစ်မြို့၏အမည်မှ ဆင်းသက်လာရာဖြစ်သည်။ (ကမ္ဘာဦး ၁၉:၄၊ ၅၊ ၂၈) ဗာလဝတ်ပြုကိုးကွယ်မှုတွင် သွေးသွန်းခြင်းအမှုလည်းပါဝင်သည်။ ဗာလကိုဝတ်ပြုကိုးကွယ်သူများသည် သူတို့ဘုရားများအတွက် ယဇ်အဖြစ် မိမိတို့၏သားသမီးများကို အရှင်လတ်လတ် မီးတောက်မီးလျှံများအတွင်းသို့ ပစ်ထည့်ကြလေသည်! (ယေရမိ ၁၉:၅) ဤအလေ့အထအားလုံးတို့သည် ဘာသာရေးသွန်သင်ချက်များနှင့် ဆက်စပ်နေသည်။ မည်သို့အားဖြင့်နည်း။
ခါနာန်ဒဏ္ဍာရီပါ “လူမဆန်မှု၊ ရမ္မက်ကြီးမှု၊ ပေါက်လွှတ်ပြုမူမှုတို့သည် ထိုအချိန်က အရှေ့ဖျားဒေသတစ်ဝိုက်တွင် အဆိုးဆုံးဖြစ်သည်။ ထို့ ပြင် မည်သည့် ကိုယ်ကျင့်တရားသိက္ခာမျှမရှိသောခါနာန်နတ်ဘုရားများ၏ အံ့သြလောက်သည့်အကျင့်စရိုက်များ၊ သူတို့ကို ကိုးကွယ်ဆည်းကပ်သူများ၌ အဆိုးဆုံးသောစရိုက်များကို ဖော်ထုတ်ခဲ့ဖို့ရှိပြီး . . . ပြည့်တန်ဆာလုပ်ငန်း၊ [နှင့်] ကလေးယဇ်ပူဇော်ခြင်းကဲ့သို့သော ထိုအချိန်၌ အဆိုးဆုံးသောအကျင့်ပျက်စေသည့်အလေ့အထများစွာတို့ကို ဖြစ်ပေါ်စေကြသည်” ဟု ဒေါက်တာ မာရဲယ် အန်ဂါက သူ၏စာအုပ်ဖြစ်သော Archaeology and the Old Testament ၌ရှင်းပြသည်။
ခါနာန်တို့၏ဝတ်ပြုကိုးကွယ်မှုကို ဘုရားသခင်လက်ခံတော်မူခဲ့သလော။ လုံးဝလက်မခံခဲ့ပေ။ မိမိကို စင်ကြယ်သောနည်းဖြင့် မည်သို့ဝတ်ပြုကိုးကွယ်ရမည်ကို ဣသရေလလူမျိုးများအား ကိုယ်တော်သွန်သင်တော်မူခဲ့သည်။ အထက်တွင်ဖော်ပြခဲ့သောအကျင့်ဓလေ့များနှင့်ပတ်သက်၍ ကိုယ်တော်က “ထိုသို့သောအမှုအားဖြင့် ကိုယ်ကိုကိုယ်မညစ်ညူးစေရ။ သင်တို့ရှေ့ မှ ငါနှင်ထုတ်သောလူအမျိုးမျိုးတို့သည် ထိုသို့သောအမှုကိုပြု၍ ညစ်ညူးကြ၏။ သူတို့ပြည်သည်လည်းညစ်ညူး၏။ ညစ်ညူးသောအပြစ်ကြောင့် ငါဆုံးမ၍ ထိုပြည်သည် မိမိသားတို့ကို အော့အန်လိမ့်မည်” ဟု သတိပေးခဲ့သည်။—ဝတ်ပြုရာ ၁၈:၂၄၊ ၂၅။
စင်ကြယ်သောဝတ်ပြုကိုးကွယ်မှု ညစ်ညူးလာ
ဣသရေလလူမျိုးများစွာတို့သည် စင်ကြယ်သည့်ဝတ်ပြုကိုးကွယ်မှုနှင့်ပတ်သက်သော ဘုရားသခင်၏အမြင်ကို လက်မခံကြပေ။ သို့အစား သူတို့၏နိုင်ငံတွင် ဗာလကို ဆက်လက်ဝတ်ပြုကိုးကွယ်ခွင့်ပြုကြသည်။ ထို့ကြောင့် ဣသရေလလူမျိုးတို့သည် ယေဟောဝါ၏ဝတ်ပြုကိုးကွယ်ရေးကို ဗာလ၏ဝတ်ပြုကိုးကွယ်ရေးနှင့် ကြိုးစားရောနှောရန် လှည့်ဖြားခံရကြသည်။ ထိုသို့သော ရောနှောနေသည့်ဝတ်ပြုကိုးကွယ်မှုမျိုးကို ဘုရားသခင် လက်ခံတော်မူခဲ့သလော။ မနာရှေမင်း အုပ်စိုးစဉ်ကာလ၌ ဘာဖြစ်ခဲ့သည်ကို သုံးသပ်ကြည့်ပါ။ သူသည် ဗာလအတွက် ယဇ်ပလ္လင်တည်၊ ယဇ်အဖြစ် မိမိ၏သားတော်ကို မီးရှို့ကာ မှော်အတတ်ကို လိုက်စားသည်။ “‘ဤဗိမာန်၌ . . . ငါ့နာမကို အစဉ်အမြဲ ငါတည်စေမည်’ ဟု ထာဝရဘုရား . . . မိန့်တော်မူရာ၌ရည်ဆောင်သော ဗိမာန်တော်ထဲမှာ မိမိပြုစုသော အာရှရပင်နှင့်တူအောင်လုပ်သောရုပ်တုကို တင်ထား၏။”—၄ ဓမ္မရာဇဝင် ၂၁:၃-၇။
မနာရှေ၏ပြည်သားများသည် သူတို့မင်း၏ပုံနမူနာအတိုင်း လိုက်လျှောက်ကြသည်။ အမှန်ဆိုရသော် သူသည် “ဣသရေလအမျိုးသားတို့ရှေ့ မှာ ထာဝရဘုရားဖျက်ဆီးတော်မူသော လူမျိုးတို့ပြုသည်ထက်သာ၍ ဒုစရိုက်ကိုပြုစေခြင်းငှာ . . . သွေးဆောင်လေ၏။” (၄ ဓမ္မရာဇဝင် ၂၁:၉) ဘုရားသခင့်ပရောဖက်ထံမှ အထပ်ထပ်သတိပေးချက်များကို လိုက်နာမည့်အစား မနာရှေသည် အပြစ်မဲ့သားများ၏အသွေးနှင့် ယေရုရှလင်ကို ပြည့်စေသည့်အထိ လူသတ်မှုကို ကျူးလွန်ခဲ့သည်။ နောက်ဆုံး၌ မနာရှေ ပြုပြင်ပြောင်းလဲခဲ့သော်လည်း သူ၏သားတော်လည်းဖြစ် သူ့ကိုဆက်ခံသောသူလည်းဖြစ်သည့် အာမုန်မင်းသည် ဗာလဝတ်ပြုကိုးကွယ်မှုကို ပြန်လည်ဖော်ထုတ်ခဲ့သည်။—၄ ဓမ္မရာဇဝင် ၂၁:၁၆၊ ၁၉၊ ၂၀။
အတန်ကြာသော် ဗိမာန်တော်တွင် ယောက်ျားပြည့်တန်ဆာများ တစ်စခန်းထလာကြသည်။ ဗာလဝတ်ပြုရေး၏ ဤသရုပ်သကန်ကို ဘုရားသခင် မည်သို့ ရှုမြင်တော်မူသနည်း။ မောရှေမှတစ်ဆင့် ကိုယ်တော်က “ပြည့်တန်ဆာလုပ်၍ရသောငွေ၊ ခွေး [ယောက်ျားကလေးနှင့် ကာမဆက်ဆံဖြစ်ဟန်တူသူ] ကိုရောင်း၍ရသောငွေကို သစ္စာကတိပြေစေခြင်းငှာ သင်၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်သို့ မသွင်းရ။ ထိုသို့သောငွေကို စက်ဆုပ်ရွံရှာတော်မူ၏” ဟု သတိပေးထားတော်မူသည်။—တရားဟောရာ ၂၃:၁၇၊ ၁၈၊ အောက်ခြေမှတ်ချက် (ကဘ)။
မနာရှေ၏မြေးဖြစ်သော ယောရှိမင်းသည် စာရိတ္တယိုယွင်းသော ဗာလဝတ်ပြုကိုးကွယ်မှုကို ဗိမာန်တော်မှ ရှင်းလင်းခဲ့သည်။ (၄ ဓမ္မရာဇဝင် ၂၃:၆၊ ၇) သို့သော် အခြေအနေများမှာ အဖတ်ဆယ်၍မရနိုင်လောက်အောင်ဖြစ်နေပြီ။ ယောရှိမင်းသေဆုံးပြီး၍ များမကြာမီ ယေဟောဝါ၏ဗိမာန်တော်တွင် ရုပ်ပုံကိုးကွယ်မှုကို နောက်တစ်ဖန်ပြုလုပ်လာလေသည်။ (ယေဇကျေလ ၈:၃၊ ၅-၁၇) ထို့ကြောင့် ယေဟောဝါသည် ယေရုရှလင်နှင့် ယင်း၏ဗိမာန်တော်ကို ဗာဗုလုန်မင်းကြီးအားဖြင့် ဖျက်ဆီးပစ်လိုက်သည်။ ဤဝမ်းနည်းဖွယ် သမိုင်းကြောင်းဖြစ်ရပ်မှန်က အချို့သောဝတ်ပြုကိုးကွယ်ပုံတို့ကို ဘုရားသခင်လက်ခံတော်မမူကြောင်း သက်သေထူနေပေသည်။ ကျွန်ုပ်တို့၏ခေတ်ကာလ၌ကော အသို့နည်း။