ဗာလဝတ်ပြုရေး—ဣသရေလလူတို့၏နှလုံးသဘောအတွက်ဆိုင်ပြိုင်မှု
အနှစ်တစ်ထောင်နီးပါးခန့် ဣသရေလလူတို့၏နှလုံးသဘောအတွက် ဆိုင်ပြိုင်ခဲ့သည်။ တစ်ဖက်တွင်ရှိ အယူသီးသောကြောက်ရွံ့ခြင်းနှင့် လိင်ဆိုင်ရာထုံးတမ်းများက အခြားသူများ၏ယုံကြည်ခြင်းနှင့် သစ္စာစောင့်သိမှုကို တိုက်ဖျက်ခဲ့သည်။ ဤသေရေးရှင်ရေးရုန်းကန်မှုသည် ယေဟောဝါအား ဝတ်ပြုရေးကို ဗာလဝတ်ပြုရေးက ဖီလာဆိုင်ပြိုင်ခဲ့၏။
ဣသရေလလူမျိုးသည် အီဂျစ်ပြည်မှ သူတို့ကို ကယ်နုတ်ခဲ့သည့် ဘုရားသခင်မှန်အား သစ္စာရှိစွာ ဆည်းကပ်မည်လော။ (ထွက်မြောက်ရာ ၂၀:၂၊ ၃) သို့မဟုတ် မြေသြဇာကောင်းစေမည်ဟု ကတိပြုခဲ့သည့်လူကြိုက်များသော ခါနာန်ဘုရားဗာလဘက်ပါကြမည်လော။
လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက တိုက်ခိုက်ခဲ့သော ဤဝိညာဉ်ရေးဆိုင်ပြိုင်မှုသည် ကျွန်ုပ်တို့အတွက် အရေးပါသည်။ အဘယ်ကြောင့်နည်း။ “ထိုအကြောင်းအရာရှိသမျှတို့သည် . . . ကပ်ကာလအဆုံးတွင်ဖြစ်သော ငါတို့ကို ဆုံးမစရာဖို့ ကျမ်းစာ၌ရေးထားလျက်ရှိသတည်း” ဟူ၍ တမန်တော်ပေါလုရေးခဲ့သည်။ (၁ ကောရိန္သု ၁၀:၁၁) ဗာလကား မည်သူဖြစ်ကြောင်း၊ ဗာလဝတ်ပြုရေးတွင် မည်သည့်အရာပါဝင်ကြောင်းကို ကျွန်ုပ်တို့သဘောပေါက်မည်ဆိုလျှင် သမိုင်းမှ အထက်ပါပဋိပက္ခ၏ အဓိကသတိပေးချက်သည် ပိုမိုအဓိပ္ပာယ်ရှိလာလိမ့်မည်။
ဗာလကားမည်သူနည်း
ဣသရေလလူတို့သည် ဘီ.စီ.အီး. ၁၄၇၃ ခုနှစ်ခန့်တွင် ခါနာန်ပြည်သို့ရောက်ရှိလာကြသောအခါ ဗာလနှင့်ဆက်သွယ်မှုရခဲ့ကြ၏။ အီဂျစ်ဘုရားများသည် သီးခြားအမည်၊ သီးခြားစရိုက်များရှိကြသော်လည်း ယင်းတို့နှင့်မတူသောဘုရားပေါင်းစုံကို ခါနာန်လူတို့ကိုးကွယ်ကြကြောင်း သူတို့တွေ့ရှိခဲ့သည်။ သို့သော် သမ္မာကျမ်းစာက ဗာလကို ခါနာန်လူတို့၏အဓိကဘုရားအဖြစ် ဖော်ပြကာ ရှေးဟောင်းသုတေသီများ ရှာဖွေတွေ့ရှိချက်များက ၎င်း၏ကြီးမြတ်မှုကို အတည်ပြုသည်။ (တရားသူကြီး ၂:၁၁) ဗာလသည် ခါနာန်လူ၏ဘုရားများအနက် အကြီးမြတ်ဆုံးဘုရားမဟုတ်သော်လည်း သူတို့အများစုအတွက် အလွန်အရေးပါသောဘုရားဖြစ်ခဲ့သည်။ ဗာလသည် မိုး၊ လေနှင့် တိမ်တို့အပေါ် ဩဇာရှိပြီး လူတို့နှင့်သူတို့၏တိရစ္ဆာန်များ၊ ကောက်ပဲသီးနှံများကိုပါ မတိုးပွားခြင်းမှမက သေခြင်းကပင် ဗာလသာကယ်တင်နိုင်သည်ဟု သူတို့ယုံကြည်ခဲ့ကြ၏။ ဗာလ၏ကာကွယ်မှုမရရှိလျှင် လက်တုံ့ပြန်တတ်သော ခါနာန်ဘုရားမော့သည် သူတို့အပေါ် ကပ်ဆိုးကြီးများ အမှန်ကျရောက်စေပါလိမ့်မည်။
ဗာလဝတ်ပြုရေးသည် လိင်ဆိုင်ရာထုံးတမ်းများဖြင့်ဖြစ်သည်။ မြင့်မြတ်သောကျောက်တိုင်များနှင့် မြင့်မြတ်သောတိုင်များအစရှိသည့် ဗာလနှင့်ဆက်နွှယ်သော ဘာသာရေးအထိမ်းအမှတ်များပင် လိင်နှင့်ပတ်သက်နေသည်။ ထို့ကြောင့် မြင့်မြတ်သောကျောက်တိုင်များ—ယောက်ျားတန်ဆာပုံထွင်းထားသည့် ကျောက်တိုင်များ—သည်သံဝါသပြုရာတွင် ယောက်ျား၏အပိုင်းဖြစ်သည့် ဗာလကိုကိုယ်စားပြုပုံရ၏။ မြင့်မြတ်သောတိုင်များမှာမူ ဗာလ၏ကြင်ဖော်၊ ဣတ္ထိယအပိုင်း အာရှရကိုကိုယ်စားပြုသည့် သစ်သားပစ္စည်းများ၊ သစ်ပင်များဖြစ်သည်။—၃ ဓမ္မရာဇဝင် ၁၈:၁၉။
ဗိမာန်တော်ပြည့်တန်ဆာနှင့် ကလေးကိုယဇ်ပူဇော်ခြင်းတို့သည် ဗာလဝတ်ပြုရေး၏ ထင်ရှားသောအခြားအသွင်အပြင်များဖြစ်ခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၄:၂၃၊ ၂၄; ၂ ရာဇဝင်ချုပ် ၂၈:၂၊ ၃) သမ္မာကျမ်းစာနှင့်ရှေးဟောင်းသုတေသန စာအုပ်က ဤသို့ဆိုသည်– “ခါနာန်လူတို့၏ဗိမာန်များတွင် ယောက်ျား၊ မိန်းမပြည့်တန်ဆာများ (‘မြင့်မြတ်သော’ အမျိုးသားများနှင့် အမျိုးသမီးများ) ရှိပြီး နည်းအမျိုးမျိုးဖြင့် လိင်ဖောက်ပြန်ကြသည်။ အဆိုပါအကျင့်ဓလေ့များသည် ကောက်ပဲသီးနှံများနှင့် တိရစ္ဆာန်အုပ်များကို တစ်နည်းနည်းဖြင့် တိုးပွားစေသည်ဟု [ခါနာန်လူတို့] ယုံကြည်ခဲ့ကြသည်။” မည်သို့ပင်ဆိုစေ ဤသို့သောကိုယ်ကျင့်တရားဖောက်ပြန်မှုသည် ဘာသာရေးကိုဗန်းပြပြီး ဝတ်ပြုသူများက စိတ်ကြိုက်ပြုမူနေကြခြင်းသာဖြစ်သည်။ သို့ဖြစ်လျှင် ဗာလသည် ဣသရေလလူတို့ကို မည်သို့ဖြားယောင်းသွေးဆောင်ခဲ့သနည်း။
အဘယ်ကြောင့် ဤမျှဆွဲဆောင်မှုရှိသနည်း
ဣသရေလလူများစွာသည် အနည်းငယ်သာတောင်းဆိုထားသော ဘာသာတရားတစ်ခုကိုခံယူရန် ပိုနှစ်သက်ကြပေမည်။ သူတို့သည် ဗာလကို ဝတ်ပြုခြင်းဖြင့် ဥပုသ်နှင့် ကိုယ်ကျင့်တရားချုပ်ချယ်မှုကဲ့သို့သော ပညတ်တရားကိုစောင့်စရာမလိုတော့ချေ။ (ဝတ်ပြုရာ ၁၈:၂-၃၀; တရားဟောရာ ၅:၁-၃) ဖြစ်နိုင်သည်မှာ၊ ခါနာန်လူတို့၏စည်းစိမ်ချမ်းသာကိုထောက်ပြီး ဗာလစိတ်ကျေအေးစေရန် ပြုလုပ်ပေးဖို့လိုသည်ဟု အခြားသူများယူမှတ်လာကြမည်ဖြစ်သည်။
မြင့်သောအရပ်များဟုခေါ်သည့် တောထူထပ်ရာတောင်ထိပ်များတွင်တည်ရှိသော ခါနာန်လူတို့၏ဗိမာန်ငယ်များသည် ထိုတွင်ပြုကျင့်ကြသည့် မျိုးပွားရေးထုံးစံဓလေ့များအတွက် ဆွဲဆောင်မှုရှိသော နောက်ခံဖြစ်ခဲ့ပေမည်။ များမကြာမီ ဣသရေလလူတို့သည် ခါနာန်လူတို့၏မြင့်မြတ်သောနေရာများသို့ သွားလာခြင်းနှင့် အားရကျေနပ်မှုမရှိကြတော့ချေ; ကိုယ်ပိုင်နေရာများကိုပင် ဆောက်လုပ်ခဲ့ကြသည်။ “မြင့်သောတောင်ရှိသမျှတို့အပေါ်၌လည်းကောင်း၊ စိမ်းသောသစ်ပင်ရှိသမျှတို့အောက်၌လည်းကောင်း၊ ကုန်းများ၊ [ရုပ်ပုံများ]၊ အာရှရပင်များကို တည်ကြ၏။”—၃ ဓမ္မရာဇဝင် ၁၄:၂၃; ဟောရှေ ၄:၁၃။
အဓိကအားဖြင့် ဗာလဝတ်ပြုရေးသည် သွေးသားကို ဆွဲဆောင်ခဲ့သည်။ (ဂလာတိ ၅:၁၉-၂၁) ကောက်ပဲသီးနှံနှင့်တိရစ္ဆာန်အုပ် များစွာရရှိဖို့အတွက်သာ ကာမရာဂအကျင့်များကို ပြုခဲ့ခြင်းမဟုတ်ချေ။ လိင်ကိုအမွှမ်းတင်ခဲ့ကြောင်း တူးဖော်ရရှိခဲ့သည့် ရာဂစိတ်နှိုးဆွခြင်းကိုဖော်ပြသော လိင်အင်္ဂါများကိုပုံကြီးချဲ့ထားသည့် ရုပ်တုငယ်များစွာက သိသာထင်ရှားစေသည်။ ပွဲလုပ်ခြင်း၊ ကခုန်ခြင်းနှင့် တေးသီချင်းတို့သည် စည်းမဲ့ကမ်းမဲ့ပြုမူကျင့်ကြံစေ၏။
ဆောင်းဦးပေါက်တွင် ဤကဲ့သို့သောမြင်ကွင်းတစ်ခုကို ကျွန်ုပ်တို့မြင်ယောင်နိုင်သည်။ ရင်သပ်ရှုမောဖွယ်ကောင်းသော ပတ်ဝန်းကျင်တွင် ဝတ်ပြုသူများသည် အစားအသောက်လွန်ကျူး၍ ကခုန်နေကြသည်။ သူတို့သည် မိုးရွာစေဖို့အတွက် နွေရာသီတွင် ဗာလ၏မလှုပ်ရှားတော့သော အခြေအနေမှ နိုးကြွလာစေဖို့ရည်ရွယ်ချက်ဖြင့် မျိုးပွားအကကို ကနေကြခြင်းဖြစ်သည်။ ယောက်ျားအင်္ဂါပုံရှိကျောက်တိုင်များနှင့် မြင့်မြတ်သောတိုင်များကို ဝိုင်းကြီးပတ်ပတ်ကခုန်ကြသည်။ အထူးသဖြင့် ဗိမာန်ပြည့်တန်ဆာများ၏ကပုံသည် ကာမရာဂစိတ်နိုးကြွလျက်ရှိသည်။ တေးသီချင်းများနှင့် ပရိသတ်ကလည်း သူတို့ကို စေ့ဆော်တိုက်တွန်းပေး၏။ ကခုန်ခြင်းအထွတ်အထိပ်သို့ရောက်သောအခါ ကခဲ့သူများသည် မတရားမေထုန်ပြုရန်အတွက် ဗာလကျောင်း၏အခန်းများထဲသို့ စုပြုံဝင်ရောက်သွားကြပုံရ၏။—တောလည်ရာ ၂၅:၁၊ ၂; ထွက်မြောက်ရာ ၃၂:၆၊ ၁၇-၁၉; အာမုတ် ၂:၈ နှိုင်းယှဉ်။
ယုံကြည်ခြင်းအားဖြင့်မဟုတ်ဘဲမျက်မှောက်မြင်ခြင်းအားဖြင့် သူတို့ကျင့်ဆောင်ပြုမူခဲ့ကြ
ဤကဲ့သို့သော ကာမရာဂဝတ်ပြုနည်းကို လူအများနှစ်သက်ကြသော်လည်း ကြောက်ရွံ့စိုးရိမ်စိတ်ကလည်း ဣသရေလလူတို့အား ဗာလဝတ်ပြုရေးကိုခံယူစေခဲ့သည်။ ဣသရေလလူတို့သည် ယေဟောဝါအားယုံကြည်ခြင်း ပျောက်ကွယ်သွားကြသောအခါ လူသေကိုကြောက်ရွံ့လာခြင်း၊ အနာဂတ်အတွက် စိုးရိမ်လာခြင်းနှင့် မှော်အတတ်ကို စိတ်ဝင်စားလာခြင်းတို့မှတစ်ဆင့် နတ်ဝိဇ္ဇာအတတ်ကိုလိုက်စားကြရာ ကိုယ်ကျင့်တရားအလွန်ပျက်ပြားလာကြလေသည်။ ရှေးဘိုးဘေးကိုးကွယ်မှုတစ်စိတ်တစ်ဒေသအဖြစ် ခွဲခွာသွားသော ဝိညာဉ်ကို မည်သို့ဂုဏ်တင်ကြောင်း နိုင်ငံတကာ စံတင်ကျမ်းစာစွယ်စုံကျမ်းက ဤသို့ဖော်ပြသည်– “ပွဲများကို . . . မိသားစုသင်္ချိုင်းဂူ သို့မဟုတ် ဈာပနအခမ်းအနားတွင် အရက်သေစာသောက်ခြင်းနှင့် သေဆုံးသူပင်ပါဝင်သည်ဟုယူမှတ်သည့် လိင်ဆက်ဆံခြင်း (သွေးသားနီးစပ်သူချင်းပါဝင်နိုင်ဖွယ်ရှိ) တို့ကို ပြုကျင့်ခဲ့ကြသည်။” ဤကဲ့သို့ယုတ်ညံ့သော နတ်ဝိဇ္ဇာအတတ်ကို လိုက်စားခြင်းဖြင့် ဣသရေလလူတို့သည် သူတို့၏ဘုရားသခင်ယေဟောဝါနှင့် ပို၍ပို၍ဝေးကွာသွားခဲ့ကြ၏။—တရားဟောရာ ၁၈:၉-၁၂။
ယုံကြည်ခြင်းအားဖြင့်ထက် မျက်မှောက်ပြုခြင်းအားဖြင့် ကျင့်ဆောင်ပြုမူခြင်းကို ပို၍နှစ်သက်ကြသော အဆိုပါဣသရေလလူတို့ကို ရုပ်ပုံများအပြင် ယင်းနှင့်ဆက်စပ်နေသောပွဲများကလည်း ဆွဲဆောင်ခဲ့သည်။ (၂ ကောရိန္သု ၅:၇) အီဂျစ်ပြည်မှထွက်ခွာလာခဲ့သော ဣသရေလလူများစွာတို့သည် ယေဟောဝါ၏မျက်မြင်မရလက်တော်ဖြင့်ပြုသော ထူးခြားသည့်အံ့ဖွယ်ရာများကို မြင်ရလျက်နှင့် ကိုယ်တော်၏မျက်မြင်ရနှိုးဆော်မှုကို ရရှိလိုခဲ့ကြသည်။ (ထွက်မြောက်ရာ ၃၂:၁-၄) ထိုနည်းတူစွာ သူတို့၏သားစဉ်မြေးဆက်အချို့သည် ဗာလရုပ်ပုံများကဲ့သို့သော မြင်ရသည့်အရာတစ်ခုခုကို ဝတ်ပြုလိုခဲ့ကြ၏။—၃ ဓမ္မရာဇဝင် ၁၂:၂၅-၃၀။
မည်သူအောင်ပွဲခံခဲ့သနည်း
ကတိထားရာပြည်တော်ထဲသို့မဝင်မီ မောဘလွင်ပြင်သို့ရောက်ချိန်မှစ၍ ဗာဗုလုန်သို့ပြည်နှင်ဒဏ်ပေးခံရချိန်အထိ ဣသရေလလူတို့၏နှလုံးသဘောကိုရရှိဖို့အတွက် ရာစုပေါင်းများစွာ ဆိုင်ပြိုင်ခဲ့သည်။ အခွင့်သာတစ်လှည့်၊ မသာတစ်လှည့်ဖြစ်ပုံရခဲ့၏။ တစ်ခါတစ်ရံ ဣသရေလလူအများစုသည် ယေဟောဝါအပေါ် သစ္စာစောင့်သိခဲ့ကြသော်လည်း များသောအားဖြင့် ဗာလဘက်သို့ ပါသွားလေ့ရှိသည်။ အဓိကအကြောင်းရင်းတစ်ခုမှာ သူတို့ပတ်ဝန်းကျင်ရှိ အယူမှားသူများနှင့်ပေါင်းသင်းမှုကြောင့်ဖြစ်ခဲ့သည်။
ခါနာန်လူတို့သည် စစ်ရှုံးပြီးနောက် ပို၍သိမ်မွေ့နက်နဲသောနည်းများဖြင့် တိုက်ခိုက်ခဲ့ကြသည်။ သူတို့သည် ဣသရေလလူတို့၏အနီးအနားတွင် နေထိုင်ကြကာ စစ်အောင်နိုင်သူများအား မိမိတို့တိုင်းပြည်ရှိဘုရားများကို ကိုးကွယ်ကြရန် အားပေးအားမြှောက်ပြုခဲ့ကြသည်။ ဂိဒေါင်နှင့်ရှမွေလကဲ့သို့ ရဲရင့်သောတရားသူကြီးများသည် ဤတိမ်းလွဲမှုကို ငြင်းဆန်ခဲ့၏။ “အခြားတစ်ပါးသောဘုရား . . . တို့ကိုပယ်၍ ထာဝရဘုရားအဖို့ သင်တို့စိတ်နှလုံးကို ပြင်ဆင်လျက်၊ ထာဝရဘုရားထံတော်သို့ စိတ်နှလုံးအကြွင်းမဲ့ပြန်လာ” ကြဟူ၍ ရှမွေလက လူတို့ကို တိုက်တွန်းနှိုးဆော်ခဲ့သည်။ ဣသရေလလူတို့သည် အချိန်အတန်ကြာ ရှမွေလ၏တိုက်တွန်းနှိုးဆော်ချက်ကိုလက်ခံခဲ့ကြပြီး “ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကိုပယ်၍ ထာဝရဘုရားကိုသာ ဝတ်ပြုကြ၏။”—၁ ဓမ္မရာဇဝင် ၇:၃၊ ၄; တရားသူကြီး ၆:၂၅-၂၇။
ရှောလုနှင့်ဒါဝိဒ်တို့ နန်းတက်ခဲ့ပြီးနောက် ရှောလမုန်သည် နောက်ပိုင်းနှစ်များတွင် တိုင်းတစ်ပါးဘုရားများကို စတင်ယဇ်ပူဇော်ခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၁:၄-၈) ဣသရေလနှင့်ယုဒပြည်မှ အခြားဘုရင်များသည် အလားတူပြုလုပ်ခဲ့၍ ဗာလဘက်ပါသွားခဲ့ကြ၏။ မည်သို့ပင်ဖြစ်ပါစေ၊ ဧလိယ၊ ဧလိရှဲနှင့် ယောရှိတို့ကဲ့သို့သော သစ္စာရှိပရောဖက်များနှင့် ဘုရင်များသည် ဗာလဝတ်ပြုရေးကို ဦးစီးဦးဆောင်တိုက်ဖျက်ခဲ့ကြသည်။ (၂ ရာဇဝင်ချုပ် ၃၄:၁-၅) ထို့ပြင် အဆိုပါဣသရေလသမိုင်းတစ်လျှောက်လုံးတွင် ယေဟောဝါအပေါ်သစ္စာရှိသူများရှိခဲ့ကြသည်။ ဗာလဝတ်ပြုရေးအထွတ်အထိပ်ရောက်ရှိချိန် အာဟပ်နှင့်ယေဇဗေလတို့လက်ထက်၌ပင် လူခုနစ်ထောင်သည် “ဗာလရှေ့၌ ဒူးထောက်ခြင်း” ကိုငြင်းပယ်ခဲ့၏။—၃ ဓမ္မရာဇဝင် ၁၉:၁၈။
နောက်ဆုံး၌ ဗာဗုလုန်သို့ပြည်နှင်ဒဏ်ခံရသော ဂျူးများပြန်ရောက်လာပြီးနောက်တွင် ဗာလဝတ်ပြုရေးအကြောင်း နောက်ထပ်မဖော်ပြတော့ချေ။ ဧဇရ ၆:၂၁ တွင်ဖော်ပြထားသောသူများကဲ့သို့ ရှိသမျှသောသူတို့သည် ‘ဣသရေလအမျိုး၏ဘုရားသခင် ယေဟောဝါကိုရှာလိုသောငှာ၊ တစ်ပါးအမျိုးသားနေရာအရပ် အညစ်အကြေးကိုပယ်ရှားခဲ့ကြသည်။’
ဗာလဝတ်ပြုရေးမှ သတိပေးချက်များ
ဗာလဝတ်ပြုရေးပျောက်ကွယ်သွားခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း အဆိုပါခါနာန်လူများ၏ဘာသာတရားနှင့် မျက်မှောက်ခေတ်လူ့အဖွဲ့အစည်းတွင် တူညီသောအချက်တစ်ချက်ရှိသည်—လိင်ကိုအမွှမ်းတင်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ရှူရှိုက်နေသည့် လေထဲတွင်ပင် အကျင့်ပျက်ပြားစေသော သွေးဆောင်မှုများရှိနေပုံပေါက်သည်။ “ငါတို့သည် ဤအမှောင်လောကကိုအစိုးရသော မျက်မြင်မရတန်ခိုးရှင်နှင့်လည်းကောင်း၊ ဆိုးသွမ်းမှုဌာနချုပ်၌ ကျင်လည်သော နတ်ဆိုးများနှင့်လည်းကောင်း ဆိုင်ပြိုင်တိုက်လှန်ကြရ၏။”—ဧဖက် ၆:၁၂၊ ဖိလစ်။
လူတို့ကို အပြစ်ကျွန်များဖြစ်စေရန် ဤ “မျက်မြင်မရတန်ခိုးရှင်” စာတန်သည် လိင်ဆိုင်ရာအကျင့်ပျက်ပြားမှုကို မြေတောင်မြှောက်ပေးလျက်ရှိသည်။ (ယောဟန် ၈:၃၄) မျက်မှောက်ခေတ် စည်းလွတ်ဝါးလွတ်လူ့ဘောင်တွင် လိင်ဖောက်ပြန်မှုကို မျိုးပွားထုံးစံတစ်ခုအဖြစ်မဟုတ်ဘဲ လူ့အလိုဆန္ဒကို ဖြည့်ဆည်းခြင်း သို့မဟုတ် ကိုယ့်အကြိုက်ကိုယ်လုပ်ကိုင်ခြင်းအနေနှင့် ပြုကျင့်ကြသည်။ ၎င်းကိုဝါဒဖြန့်ခြင်းသည်လည်း ထပ်တူဆွဲဆောင်မှုရှိ၏။ ဖျော်ဖြေမှု၊ တေးဂီတနှင့် ကြော်ငြာတို့မှတစ်ဆင့် လူတို့စိတ်ထဲ ရာဂစိတ်နှိုးဆော်ချက်များပြည့်နှက်နေသည်။ ဘုရားသခင့်ကျေးကျွန်များသည် အဆိုပါတိုက်ခိုက်မှုမှ မလွတ်ကင်းကြချေ။ ခရစ်ယာန်အသင်းတော်မှ နှင်ထုတ်ခံခဲ့ရသူအများစုသည် ဤအကျင့်များကို ပြုမူရန်သွေးဆောင်ခံခဲ့သူများဖြစ်ကြသည်။ ခရစ်ယာန်တစ်ဦးသည် အကျင့်ယိုယွင်းဖို့ဖိတ်ခေါ်ချက်များကို အဆက်မပြတ်ငြင်းပယ်နေမှသာ စင်ကြယ်နေမည်ဖြစ်သည်။—ရောမ ၁၂:၉။
သက်သေခံလူငယ်များသည် အန္တရာယ်အထူးကြုံတွေ့နေရသည်။ အကြောင်းမှာ သူတို့အားဆွဲဆောင်မည့်အရာများစွာသည် လိင်ကိုအသားပေးတင်ပြထားသောကြောင့်ပင်။ ထိုထက်ပိုဆိုးသည်မှာ အခြားလူငယ်များ၏ ဩဇာလွှမ်းမိုးမှုကိုမခံဘဲ ငြင်းဆန်နေကြရခြင်းဖြစ်သည်။ (သု. ၁:၁၀-၁၅ နှိုင်းယှဉ်။) ဥပမာ၊ မိတ်ဆုံစားပွဲကြီးများ၌ လူအများသည် ဒုက္ခရောက်ခဲ့ကြသည်။ ရှေးအခါက ဗာလဝတ်ပြုရေးတွင်ကဲ့သို့ တေးဂီတ၊ ကခုန်ခြင်းနှင့် ကာမရာဂစိတ်ကိုဆွဲဆောင်ခြင်းတို့သည် မူးတူးတွေဝေသွားစေပါသည်။—၂ တိမောသေ ၂:၂၂။
“လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့သန့်ရှင်းစေနိုင်ပါမည်နည်း” ဟုဆာလံဆရာက မေးခဲ့သည်။ ‘[ယေဟောဝါ၏] နှုတ်မြွက်စကားတော်အတိုင်း သတိပြုနေခြင်းအားဖြင့်ဖြစ်သည်’ ဟူ၍ သူပြန်ဖြေခဲ့သည်။ (ဆာလံ ၁၁၉:၉) ခါနာန်လူတို့နှင့် ရင်းရင်းနှီးနှီးပေါင်းသင်းခြင်းကိုရှောင်ရန် ဣသရေလလူတို့ကို ဘုရားသခင့်ပညတ်တော်က အမိန့်ပေးထားသကဲ့သို့ မကောင်းသောသူတို့နှင့်ပေါင်းဖော်ခြင်း၏ အန္တရာယ်ကို သမ္မာကျမ်းစာက သတိပေးထားသည်။ (၁ ကောရိန္သု ၁၅:၃၂၊ ၃၃) ခရစ်ယာန်လူငယ်တစ်ဦးသည် ကာမဂုဏ်ခံစားခြင်းမှာ မက်မောစရာဖြစ်သော်လည်း ကိုယ်ကျင့်တရားပျက်ပြားစရာဖြစ်နိုင်ကြောင်း သိထားသည့်အတွက် ငြင်းပယ်သောအခါ သူ၏ရင့်ကျက်မှုကို ပြသရာရောက်သည်။ သစ္စာရှိဧလိယနည်းတူ ကျွန်ုပ်တို့သည် လူအများအကြိုက်ကိုလိုက်ပြီး ဆုံးဖြတ်ချက်များမချနိုင်ကြပါ။—၃ ဓမ္မရာဇဝင် ၁၈:၂၁; မဿဲ ၇:၁၃၊ ၁၄ နှိုင်းယှဉ်။
အခြားသတိပေးချက်တစ်ခုမှာ “နှောင့်ယှက်တတ်သောဒုစရိုက်” ဟူသောယုံကြည်ခြင်းမရှိခြင်းဖြစ်သည်။ (ဟေဗြဲ ၁၂:၁) ဣသရေလလူများစွာတို့သည် ယေဟောဝါအား ယုံကြည်နေဆဲရှိခဲ့ကြသော်လည်း သူတို့၏ကောက်ပဲသီးနှံများကို ကာကွယ်ပေးပြီး နေ့စဉ်လိုအပ်ရာများကို ထောက်ပံ့ပေးမည့် ဘုရားအဖြစ် ဗာလကိုအားကိုးကြပုံပေါက်ခဲ့သည်။ ယေရုရှလင်ရှိ ယေဟောဝါဗိမာန်တော်သည် ဝေးလွန်းကာ ကိုယ်တော်၏ပညတ်တော်များကို စောင့်ခြင်းသည် လက်တွေ့မကျဟု သူတို့ထင်ကောင်းထင်နေကြပေလိမ့်မည်။ ဗာလဝတ်ပြုရေးသည် အလွန်တင်းကျပ်မှုမရှိသည့်အပြင် အဆင်ပြေသည်—သူတို့၏အိမ်မိုးများပေါ်၌ပင် နံ့သာပေါင်းကိုမီးရှို့၍ ပူဇော်နိုင်ခဲ့သည်။ (ယေရမိ ၃၂:၂၉) ဘာသာရေးထုံးတမ်းဓလေ့အချို့တွင်ပါဝင်ရုံဖြင့် သို့မဟုတ် ယေဟောဝါနာမတော်ဖြင့် ဗာလကိုပူဇော်ခြင်းအားဖြင့်ပင် ဗာလဝတ်ပြုရေးထဲသို့ မျောပါသွားခဲ့ခြင်းဖြစ်နိုင်သည်။
ကျွန်ုပ်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်အား မယုံကြည်တော့ဘဲ ကိုယ်တော့်အထံတော်မှ မည်သို့ထွက်ခွာသွားနိုင်သနည်း။ (ဟေဗြဲ ၃:၁၂) ပတ်စဉ်အစည်းအဝေးများနှင့်အစည်းအဝေးကြီးများအတွက် ကျွန်ုပ်တို့၏ယခင်ကရှိသောလေးမြတ်မှုသည် တဖြည်းဖြည်းပျောက်သွားနိုင်သည်။ ဤစိတ်ထားသည် ယေဟောဝါပြင်ဆင်ပေးနေသော “အချိန်တန်” ဝိညာဉ်အစာကို ယုံကြည်စိတ်ချမှုမရှိကြောင်း ဖော်ပြရာရောက်သည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ) သို့ဖြင့် ခွန်အားမရှိသည့်အတွက် ကျွန်ုပ်တို့သည် ‘အသက်ရှင်ခြင်းနှင့်ဆိုင်သော နှုတ်မြွက်တရားတော်ကို ဆုပ်ကိုင်’ မထားတော့ဘဲ စိတ်မပါ့တပါပင်ဖြစ်ပြီး စည်းစိမ်ဥစ္စာရှာခြင်း သို့မဟုတ် ကိုယ်ကျင့်တရားယိုယွင်းခြင်းအဖြစ်သို့ ရောက်သွားနိုင်ပေသည်။—ဖိလိပ္ပိ ၂:၁၆; ဆာလံ ၁၁၉:၁၁၃ နှိုင်းယှဉ်။
ကျွန်ုပ်တို့၏သစ္စာတည်ကြည်မှုကိုမြဲမြံစွာဆုပ်ကိုင်ထားခြင်း
ယနေ့တွင် နှလုံးသဘောအတွက် ဆိုင်ပြိုင်နေသည်မှာ ယုံမှားဖွယ်မရှိချေ။ ကျွန်ုပ်တို့သည် ယေဟောဝါအား သစ္စာစောင့်သိမည်လော၊ သို့မဟုတ် ဤလောက၏လျော့ရဲသည့်အကျင့်ကြောင့် လမ်းလွဲသွားမည်လော။ ဝမ်းနည်းစရာမှာ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ခါနာန်လူတို့၏အကျင့်များကို ဣသရေလလူတို့ ကျင့်ကြံသကဲ့သို့ ယနေ့ ခရစ်ယာန်အမျိုးသား၊ အမျိုးသမီးအချို့သည် ရှက်စရာကောင်းသောအမူအကျင့်များကိုကျင့်ရန် သွေးဆောင်ခံခဲ့ကြရ၏။—သု. ၇:၇၊ ၂၁-၂၃ နှိုင်းယှဉ်။
ကျွန်ုပ်တို့သာ မောရှေနည်းတူ “မျက်မြင်မရသောဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ” မည်ဆိုပါက ထိုကဲ့သို့သောဝိညာဉ်ရေးရှုံးနိမ့်မှုကို ရှောင်နိုင်မည်ဖြစ်သည်။ (ဟေဗြဲ ၁၁:၂၇) “ယုံကြည်ခြင်းတရားဘက်မှာ . . . ကြိုးစား၍တိုက်လှန်” ကြရမည်။ (ယုဒ ၃) ဘုရားသခင်နှင့် ကိုယ်တော်၏မူများအပေါ် သစ္စာစောင့်သိခြင်းအားဖြင့် မှောက်မှားသောဝတ်ပြုရေး ထာဝစဉ်ပျောက်ကွယ်သွားတော့မည့်အချိန်ကို ကျွန်ုပ်တို့စောင့်မျှော်နိုင်ကြပါသည်။ ယေဟောဝါ၏ဝတ်ပြုရေးသည် ဗာလဝတ်ပြုရေးကို အနိုင်ရခဲ့သကဲ့သို့ မကြာမီတွင် “ပင်လယ်ရေသည် မိမိနေရာကို လွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရဘုရားကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်” ကိုကျွန်ုပ်တို့စိတ်ချနိုင်ပါသည်။—ဟေရှာယ ၁၁:၉။
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ဗာလဝတ်ပြုရေးတွင်အသုံးပြုခဲ့သောဂီဇာမြို့ရှိမြင့်မြတ်သောကျောက်တိုင်များ၏အပျက်အယွင်း
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
Musée du Louvre, Paris