‘ကျွန်ုပ်တို့ မည်သို့ဆုတောင်းရမည်ကို သင်ကြားပေးတော်မူပါ’
‘သခင်၊ ကျွန်ုပ်တို့ မည်သို့ဆုတောင်းရမည်ကို သင်ကြားပေးတော်မူပါ။’ ဤမေတ္တာရပ်ခံချက်ကို ယေရှုခရစ်၏တပည့်တော်တစ်ပါးက ပြုခဲ့ခြင်းဖြစ်၏။ (လုကာ ၁၁:၁) နာမည်ဖော်ပြထားခြင်းမရှိသော ဤတပည့်တော်သည် ဆုတောင်းခြင်းကို အလွန်တန်ဖိုးထားလေးစားသောသူတစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။ ထပ်တူပင် ယနေ့ စစ်မှန်သောဝတ်ပြုကိုးကွယ်သူများသည် ၎င်းကို အရေးကြီးသောအရာအဖြစ် မှတ်ယူကြသည်။ အမှန်သော် ဆုတောင်းခြင်းသည် စကြဝဠာ၌ အကြီးမြတ်ဆုံးသောပုဂ္ဂိုလ်၏နားထောင်ပေးမှုကို ကျွန်ုပ်တို့ရရှိနိုင်သည့် နည်းလမ်းဖြစ်သတည်း! ထို့ပြင် စဉ်းစားသာကြည့်ပါ! “ပတ္ထနာစကားကို နားထောင်တော်မူသောဘုရား” သည် ကျွန်ုပ်တို့၏စိုးရိမ်ကြောင့်ကြမှုများကို ကိုယ်တိုင်ကိုယ်ကျဂရုပြုတော်မူ၏။ (ဆာလံ ၆၅:၂) ပို၍အရေးကြီးသည်ကား ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်ကို ကျွန်ုပ်တို့ကျေးဇူးတင်၊ ချီးမွမ်းကြခြင်းဖြစ်သည်။—ဖိလိပ္ပိ ၄:၆။
သို့သော်လည်း ‘ကျွန်ုပ်တို့ မည်သို့ဆုတောင်းရမည်ကို သင်ကြားပေးတော်မူပါ’ ဟူသည့် စကားရပ်များက အရေးကြီးသောမေးခွန်းအချို့ကို ပေါ်ပေါက်စေသည်။ ကမ္ဘာတစ်ဝန်းလုံး၌ ဘာသာရေးအသီးသီးတို့က ဘုရားသခင်ထံ ချဉ်းကပ်နည်းအသွယ်သွယ်ကို အသုံးပြုကြသည်။ သို့သော် ဆုတောင်းရာတွင် မှန်ကန်သောနည်းနှင့် မှားယွင်းသောနည်း ရှိပါသလော။ အဖြေအတွက် ဆုတောင်းခြင်းပါဝင်ပတ်သက်သော နာမည်ကြီးဘာသာရေးဓလေ့ထုံးစံအချို့ကို ဦးစွာစေ့စေ့ကြည့်ရှုကြစို့။ လက်တင်အမေရိကား၌ ကျင့်ကြံလိုက်လျှောက်သူများကို ကျွန်ုပ်တို့အာရုံစိုက်ကြမည်။
အရုပ်များနှင့် “ကျေးဇူးရှင် သူတော်စင်များ”
အများအားဖြင့် လက်တင်အမေရိက နိုင်ငံများသည် အလွန်ဘာသာရေးကိုင်းရှိုင်းကြ၏။ ဥပမာအနေနှင့် မက္ကဆီကိုနယ်တစ်လျှောက်လုံးတွင် “ကျေးဇူးရှင် သူတော်စင်များ” ကို ဆုတောင်းသည့် နာမည်ကြီးလှသည့်အလေ့အထကို တွေ့ မြင်နိုင်သည်။ အမှန်သော် အချို့သောနေ့ရက်များ၌ “ကျေးဇူးရှင် သူတော်စင်များ” အတွက် ပွဲများကျင်းပပေးခြင်းသည် မက္ကဆီကန်မြို့လေးများအတွက် အလေ့အထဖြစ်နေပေပြီ။ မက္ကဆီကန်ကက်သလစ်များသည်လည်း အရုပ်အမျိုးမျိုးထံသို့ ဆုတောင်းကြသည်။ သို့သော် အဘယ် “သူတော်စင်” ထံ ဆုတောင်းပတ္ထနာပြုသနည်းဟူမူ ကိုးကွယ်ဝတ်ပြုသူက အဘယ်တောင်းဆိုချက်ပုံစံမျိုးကို တောင်းဆိုလိုသည်ဟူသည့်အချက်အပေါ် မူတည်၏။ လူတစ်ဦးက ဖူးစာရှင်ကို ရှာဖွေနေသည်ဆိုလျှင် သူသည် ဖယောင်းတိုင်တစ်တိုင်ကို မီးထွန်းပြီး “သူတော်စင်” အန်တိုနီထံသို့ ပူဇော်မည်ဖြစ်သည်။ ဆိုင်ကယ်ဖြင့် ခရီးထွက်တော့မည့် လူတစ်ဦးသည် ခရီးသည်များ၏ကျေးဇူးရှင်ဖြစ်သော၊ အထူးသဖြင့် ယာဉ်မောင်းများနှင့်ဆိုင်သည့် “သူတော်စင်” ခရစ္စတိုဖာထံသို့ ကူညီမစပေးရန် မိမိကိုယ်ကို အပ်နှံမည်ဖြစ်သည်။
သို့သော် ထိုကဲ့သို့သော အလေ့အထများသည် အဘယ်အရပ်မှ စတင်ပေါ်ပေါက်လာခြင်းဖြစ်သနည်း။ စပိန်ပြည်သားများ မက္ကဆီကိုသို့ရောက်ရှိသွားသောအချိန်၌ လူအများတို့သည် . . . ဘုရားများကို ဝတ်ပြုကိုးကွယ်ခြင်း၌ စုံးစုံးမြှုပ်နေကြကြောင်းကို သူတို့တွေ့ရှိခဲ့ကြသည်။ “ထိုတွင် ကိုယ်ပိုင်ဘုရားများရှိ၏။ သစ်ပင်တိုင်း၌ ၎င်း၏ဘုရားများ ရှိကြ၏။ လုပ်ဆောင်မှုတိုင်း၌ ၎င်း၏ဘုရား သို့မဟုတ် ဘုရားမများရှိကြ၏။ ကိုယ့်ကိုယ်ကိုသတ်သေခြင်း၌ပင် ဘုရားတစ်ပါးရှိ၏။ ယကာဒက်ခုလီသည် စီးပွားရေးသမားများ၏ နတ်ဘုရားဖြစ်သည်။ ဘုရားတစ်ဆူထက်မက ကိုးကွယ်ကြသော ဤလောကကြီးတွင် ဘုရားအားလုံးတို့၌ ပြတ်ပြတ်သားသားသတ်မှတ်ထားသောစိတ်ဓာတ်များနှင့် လုပ်ဆောင်မှုများ ရှိကြသည်” ဟု ဗစ်တာ ဝတ်ကဲန် ဗို ဟန်ကာက Los Aztecas, Hombre y Tribu (အာ့စ်တဲကာစ်၊ လူသားနှင့်မျိုးနွယ်) ဟူသည့် သူ၏စာအုပ်ထဲတွင် ဖော်ပြထားသည်။
ဤဘုရားများနှင့် ကက်သလစ် “သူတော်စင်များ” ၏ ဆင်တူမှုမှာ အလွန်သိသာလှရာ အောင်နိုင်သူစပိန်လူမျိုးများက ထိုလူမျိုးများကို “ခရစ်ယာန်ဘာသာတွင်းသို့ သွတ်သွင်း” ရန် ကြိုးစားကြသောအခါ ဤသူများသည် သူတို့၏အရုပ်များမှ ချာ့ချ် “သူတော်စင်များ” အပေါ်သို့ သစ္စာစောင့်သိမှုကိုသာ ပြောင်းလဲလိုက်ရုံ ပြောင်းလဲလိုက်ကြ၏။ The Wall Street Journal ပါ ဆောင်းပါးတစ်ပုဒ်က မက္ကဆီကို၏ အချို့သောအပိုင်းများတွင် ကျင့်ကြံလိုက်လျှောက်ကြသော ကက်သလစ်အယူဝါဒ၏ သာသနာပအရင်းအမြစ်များမှဖြစ်မှုကို ဟုတ်မှန်ကြောင်းဝန်ခံထားသည်။ ဒေသတစ်ခုတွင် လူအများ ကြည်ညိုလေးစားကြသော “သူတော်စင်” ၆၄ ပါးအနက် အများစုတို့သည် “ထူးခြားသော မာယာဘုရားများ” နှင့် ဆက်နွှယ်မှုရှိကြကြောင်း ၎င်းက သတိပြုဖော်ပြသည်။
“သူတော်စင်နှင့် ကမ္ဘာပေါ်ရှိသူတို့အကြားတွင် ယုံကြည်စိတ်ချမှုရှိစေသော ရင်းနှီးသည့်ဆက်ဆံရေးနှောင်ကြိုးတစ်ခု တည်ရှိ၏။ . . . ထိုနှောင်ကြိုးသည် ဘုရားသခင်အပြင် ခရစ်တော်နှင့်ဆက်ဆံရေးတို့မှ လမ်းလွဲသွားစေဖို့ဝေးစွ ၎င်းကို ပို၍အဓိပ္ပာယ်ရှိစေပြီး လေးနက်မှုရှိစေသည်” ဟု New Catholic Encyclopedia က ငြင်းချက်ထုတ်သည်။ သို့သော် မှားယွင်းသောအယူဝါဒ၏လက္ခဏာတစ်ရပ်ဖြစ်ကြောင်း ထင်ရှားသည့် နှောင်ကြိုးတစ်ခုက စစ်မှန်သောဘုရားသခင်နှင့် လူတစ်ဦး၏ဆက်ဆံရေးကို ပို၍လေးနက်မှုရှိစေမည်လော။ အဆိုပါ “သူတော်စင်များ” ထံ တောင်းဆိုသည့် ဆုတောင်းချက်များကို ဘုရားသခင် အမှန်ပင်နှစ်သက်နိုင်ပါမည်လော။
စိပ်ပုတီး၏ မူလအမြစ်
နာမည်ကြီးလှသော နောက်အလေ့အထတစ်ခုတွင် စိပ်ပုတီးကို အသုံးပြုခြင်းနှင့်ပတ်သက်၏။ စိပ်ပုတီးကို “ပုတီးစေ့ ငါးဆယ် သို့မဟုတ် တစ်ရာ့ငါးဆယ်ပါပြီး ဆယ်ခုစီကို ပိုကြီးသည့်အခြားပုတီးများဖြင့် ခွဲထားကာ အဆုံးပိုင်း၌ လက်ဝါးကားတိုင်ဖြင့်ဆက်ထားသော၊ ယခုအချိန်၌ ပုတီးစေ့သုံးစေ့ဖြင့် ဆက်ထားသောကြိုး” တစ်ချောင်းအဖြစ် Diccionario Enciclopédico Hispano-Americano (ဟစ်စပီနစ်ခ်-အမေရိကန် စွယ်စုံကျမ်းအဘိဓာန်) က ဖော်ပြထားသည်။
“သန့်ရှင်းမြင့်မြတ်သော စိပ်ပုတီးသည် ရွေးနုတ်ခြင်းနှင့်ဆိုင်သော နက်နဲရှုပ်ထွေးလှသည့်အကြောင်းကို အသံထွက်နှင့် စိတ်ပိုင်းဆိုင်ရာနည်းအားဖြင့်တောင်းသည့် ဆုတောင်းချက်ပုံစံတစ်မျိုးဖြစ်သည်။ ၎င်းသည် ဆယ်ခုစီပိုင်းထားသော အပိုင်းဆယ့်ငါးပိုင်းပါဝင်သည်။ ဆယ်ခုစီပိုင်းထားသော အပိုင်းတိုင်းတွင် သခင့်ဆုပတ္ထနာ၊ ဟေးလ် မေရီ ဆယ်ကြိမ်နှင့် ဂလိုရီယာ ပက်ထရီ တစ်ကြိမ် ရွတ်ဆိုခြင်း ပါဝင်လေသည်။ သိမ်မွေ့နက်နဲရာတစ်ခုကို ဆယ်ခုစီပိုင်းထားသော အပိုင်းတိုင်း၌ ဆင်ခြင်တွေးတောကြသည်” ဟု စိပ်ပုတီးကို မည်သို့အသုံးပြုခြင်းနှင့်ပတ်သက်၍ ကက်သလစ်စာပေတစ်ခုက ဆိုသည်။ သိမ်မွေ့နက်နဲရာများမှာ ခရစ်တော်ယေရှု၏အသက်တာ၊ ဒုက္ခဝေဒနာနှင့် သေခြင်းကို ရည်ညွှန်းရာ၌ ကက်သလစ်များ သိထားသင့်သည့် အယူဝါဒ သို့မဟုတ် သွန်သင်ချက်များဖြစ်သည်။
“စိပ်ပုတီးဖြင့် ဆုတောင်းသည့် အစောပိုင်းပုံစံများသည် အလယ်ခေတ်များ၌ ခရစ်ယာန်ဘာသာတရားတွင် စတင်လာသော်လည်း ၁၄၀၀ ပြည့်လွန်နှစ်များနှင့် ၁၅၀၀ ပြည့်လွန်နှစ်များကျမှသာ အနှံ့အပြားအသုံးပြုလာကြခြင်းဖြစ်သည်” ဟု The World Book Encyclopedia က ဆို၏။ စိပ်ပုတီးကို အသုံးပြုခြင်းသည် ကက်သလစ်အယူဝါဒတစ်ခုတည်း၌သာလော။ မဟုတ်ပါ။ “ထို့နည်းတူပုတီးစေ့များကို အစ္စလာမ်ဘာသာ၊ လာမားဘာသာနှင့် . . . ဝတ်ပြုကိုးကွယ်မှု၌ အသုံးပြုကြသည်” ဟု Diccionario Enciclopédico Hispano-Americano က ဖော်ပြသည်။ အမှန်ပင်၊ “အစ္စလာမ်ဘာသာဝင်များသည် သူတို့၏စိပ်ပုတီးများကို . . . ရယူခဲ့ပြီး တစ်ဖန် ခရစ်ယာန်များက ခရူးဆိတ်စစ်ပွဲများ အချိန်အတောအတွင်း၌ ပြန်လည်ရယူခဲ့ခြင်းဖြစ်သည်ဟူ၍ ဆိုခဲ့ကြသည်” ဟု Diccionario de Religiones (ဘာသာရေးအဘိဓာန်) က သတိပြုဖော်ပြသည်။
ဆုတောင်းချက်အတော်များများကို ထပ်ခါတလဲ ရွတ်ဆိုရသောကြောင့် စိပ်ပုတီးသည် မှတ်ဉာဏ်အတွက် အကူအညီတစ်ခုမျှသာဖြစ်သည်ဟု အချို့သူတို့က ငြင်းဆိုကြသည်။ သို့သော် ၎င်းကို အသုံးပြုခြင်းအား ဘုရားသခင်နှစ်သက်ပါသလော။
ထိုကဲ့သို့သော အလေ့အထများ၏ခြေမြစ်မှု သို့မဟုတ် လျော်ကန်မှုတို့ကို စကားစစ်ထိုးရန် သို့မဟုတ် မှန်းဆမှုပြုနေရန် ကျွန်ုပ်တို့အလိုမရှိပါ။ ကိုယ်တော်၏တပည့်တော်များကို မည်သို့ဆုတောင်းကြရန် သင်ကြားပေးဖို့ မေတ္တာရပ်ခံချက်ကို ခိုင်လုံယုံကြည်လောက်စွာ ယေရှုဖြေကြားပေးခဲ့သည်။ ကိုယ်တော်မိန့်ဆိုခဲ့ရာများသည် စာဖတ်သူများကို သိမြင်နားလည်လာစေပြီး အံ့သြသွားစေကောင်း အံ့သြသွားစေပေမည်။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
ကက်သလစ်များသည် စိပ်ပုတီးများကို အသုံးပြုကြလေ့ရှိသည်။ ၎င်းတို့၏မူလအမြစ်ကား အဘယ်နည်း