ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၈/၁ စာ. ၁၅-၂၀
  • “ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်းရှိကြလော့”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်းရှိကြလော့”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သန့်ရှင်းသောအသက်တာ၊ သန့်ရှင်းသောတန်ဖိုး
  • မိသားစုအတွင်း သန့်ရှင်းသောအမူအကျင့်
  • သန့်ရှင်းမှုနှင့် ကျွန်ုပ်တို့၏မယုံကြည်သူမိသားစုဝင်များ
  • ကျွန်ုပ်တို့သည် အသင်းတော်၌ မည်သို့သန့်ရှင်းမှုရှိနိုင်မည်နည်း
  • ရပ်ကွက်ထဲတွင် ကျွန်ုပ်တို့၏သန့်ရှင်းမှု ထင်ရှားသလော
  • အလုပ်နှင့် ကျောင်း၌ သန့်ရှင်းမှုရှိခြင်း
  • ‘ငါသည်သန့်ရှင်းသောကြောင့် သင်တို့သည်လည်း သန့်ရှင်းခြင်းရှိရကြမည်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ‘ယေဟောဝါသည် သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏’
    ယေဟောဝါထံ ချဉ်းကပ်လော့
  • ‘မင်းတို့ သန့်ရှင်းရမယ်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • “ဘုရားသခင်ကိုကြောက်ရွံ့၍ သန့်ရှင်းခြင်း” ကို မီအောင်လိုက်ကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၈/၁ စာ. ၁၅-၂၀

“ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်းရှိကြလော့”

“သင်တို့ကိုခေါ်တော်မူသောသူသည် သန့်ရှင်းတော်မူသည်နည်းတူ ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်းရှိကြလော့။ အကြောင်းမူကား ‘ငါသည် သန့်ရှင်းတော်မူသောကြောင့် သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့’ ဟု ကျမ်းစာလာသတည်း။”—၁ ပေတရု ၁:၁၅၊ ၁၆။

၁။ ပေတရုသည် ခရစ်ယာန်များကို သန့်ရှင်းမှုရှိကြရန် အဘယ်ကြောင့်အားပေးတိုက်တွန်းခဲ့ရသနည်း။

အထက်ပါသြဝါဒကို တမန်တော်ပေတရု အဘယ့်ကြောင့်ပေးခဲ့ရသနည်း။ အကြောင်းမှာ ခရစ်ယာန်ယောက်စီယောက်တိုင်းတို့သည် မိမိတို့၏တွေးခေါ်မှုနှင့် လုပ်ရပ်များကို ယေဟောဝါ၏သန့်ရှင်းမှုနှင့်အညီဖြစ်စေရန် ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်ကြောင်း သူတွေ့ မြင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် အထက်ပါစကားများရှေ့တွင် “သင်တို့စိတ်နှလုံးကို ခါးပန်းစည်း၍ သမ္မာသတိရှိကြလော့။ . . . အထက်က သင်တို့သည် မှောင်မိုက်ထဲမှာကျင့်သောတပ်မက်ခြင်းတရားကို ယခုမလိုက်မကျင့်ဘဲ နားထောင်တတ်သောသူငယ်ကဲ့သို့ဖြစ်” ကြရန် သူပြောဆိုခဲ့ခြင်းဖြစ်သည်။—၁ ပေတရု ၁:၁၃၊ ၁၄။

၂။ သမ္မာတရားကို မသိရှိမီ ကျွန်ုပ်တို့၏အလိုဆန္ဒများသည် အဘယ်ကြောင့် သန့်ရှင်းမှုမရှိသနည်း။

၂ ကျွန်ုပ်တို့၏ယခင်အလိုဆန္ဒများသည် သန့်ရှင်းခြင်းမရှိခဲ့ပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ခရစ်ယာန်သမ္မာတရားကို ကျွန်ုပ်တို့လက်ခံမယူခဲ့မီက ကျွန်ုပ်တို့အများသည် လောကလမ်းစဉ်ကို လိုက်လျှောက်ခဲ့ကြသောကြောင့်ဖြစ်သည်။ “သာသနာပလူတို့၏အလိုသို့လိုက်၍ ကိလေသာညစ်ညူးခြင်း၊ ကာမတပ်မက်ခြင်း၊ စပျစ်ရည်နှင့်ယစ်မူးခြင်း၊ ပွဲလုပ်ခြင်း၊ သောက်ကြူးခြင်း၊ . . . ကို ကိုးကွယ်ခြင်း၌ကျင်လည်၍ ငါတို့လွန်စေပြီးသောအသက်ကာလသည် ငါတို့အား လောက်ပေ၏” ဟူ၍ ရှင်းလင်းစွာ ပေတရုရေးသားခဲ့စဉ်က ၎င်းကို သူကောင်းစွာသိရှိခဲ့သည်။ မျက်မှောက်လောက၌ ထူးခြားဆန်းပြားသော မသန့်ရှင်းသည့်လုပ်ရပ်များကို ထိုအချိန်က မသိရှိသေးသောကြောင့် ပေတရုဖော်ပြခဲ့ခြင်းမရှိချေ။—၁ ပေတရု ၄:၃၊ ၄။

၃၊ ၄။ (က) မှားယွင်းသောအလိုဆန္ဒများကို ကျွန်ုပ်တို့ မည်သို့တိုက်ဖျက်နိုင်သနည်း။ (ခ) ခရစ်ယာန်များသည် စိတ်လှုပ်ရှားမှုမရှိဘဲဖြစ်ရမည်လော။ ရှင်းပြပါ။

၃ ဤအလိုဆန္ဒများသည် အသွေးအသား၊ အမြင်အာရုံနှင့် စိတ်လှုပ်ရှားမှုတို့က တောင်းဆိုသောအရာများဖြစ်ကြောင်း သင်သတိပြုမိပါသလော။ ယင်းတို့ကို ကျွန်ုပ်တို့အား စိုးမိုးခြယ်လှယ်ခွင့်ပြုလိုက်ပါက ကျွန်ုပ်တို့၏အတွေးအခေါ်များနှင့် လုပ်ရပ်များသည် အလွန်လွယ်ကူစွာ မသန့်ရှင်းဘဲဖြစ်သွားမည်ဖြစ်သည်။ ယင်းက စဉ်းစားဆင်ခြင်နိုင်စွမ်းကို ကျွန်ုပ်တို့၏လုပ်ရပ်များအား ထိန်းချုပ်ခွင့်ပြုရန်လိုအပ်ကြောင်း ပြသလေသည်။ ၎င်းကို ပေါလုက “ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဖွယ်သောလက္ခဏာနှင့်ပြည့်စုံသောယဇ်ကို သင်တို့သည် ပူဇော်၍ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သောဝတ်ကိုပြုမည်အကြောင်း ဘုရားသခင်၏ကရုဏာတော်ကိုထောက်ထား၍ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေ၏” ဟူ၍ ဖော်ပြခဲ့သည်။—ရောမ ၁၂:၁၊ ၂။

၄ သန့်ရှင်းသောပူဇော်သကာကို ဘုရားသခင်အား ပေးဆက်နိုင်ရန်အတွက် စိတ်လှုပ်ရှားမှုကိုမဟုတ်ဘဲ စဉ်းစားဆင်ခြင်နိုင်စွမ်းကို လွှမ်းမိုးခွင့် ကျွန်ုပ်တို့ပြုကြရမည်ဖြစ်သည်။ စိတ်ခံစားမှုများက မိမိတို့၏အမူအကျင့်များကို ထိန်းချုပ်ရန် ခွင့်ပြုလိုက်ကြသောကြောင့် စာရိတ္တယိုယွင်းခြင်းအတွင်းသို့ ကျဆင်းသွားသူ မြောက်မြားစွာရှိသည်တကား! ၎င်းက ကျွန်ုပ်တို့၏စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားရမည်ဟု မဆိုလိုပါ; သို့ပြုပါက ယေဟောဝါ၏လုပ်ငန်းတော်၌ ပျော်ရွှင်ကြောင်း ကျွန်ုပ်တို့မည်သို့ဖော်ပြနိုင်တော့မည်နည်း။ မည်သို့ပင်ဖြစ်စေကာမူ ဇာတိပကတိအကျင့်မဟုတ်ဘဲ ဝိညာဉ်သီးများကို ကျွန်ုပ်တို့သီးပွင့်လိုပါက ကျွန်ုပ်တို့၏စိတ်ကို ခရစ်တော်၏တွေးတောပုံတွေးတောနည်းနှင့်အညီ ပြောင်းလဲရမည်ဖြစ်သည်။—ဂလာတိ ၅:၂၂၊ ၂၃; ဖိလိပ္ပိ ၂:၅။

သန့်ရှင်းသောအသက်တာ၊ သန့်ရှင်းသောတန်ဖိုး

၅။ ပေတရုသည် သန့်ရှင်းမှုအတွက် လိုအပ်ချက်ကို အဘယ်ကြောင့်သိမှတ်နေရသနည်း။

၅ ပေတရုသည် ခရစ်ယာန်သန့်ရှင်းမှုအတွက် လိုအပ်ချက်ကို အဘယ်ကြောင့် ဤမျှသိမှတ်နေရသနည်း။ အကြောင်းမှာ နာခံမှုရှိသောလူသားများကို ရွေးနုတ်ရန်အတွက် ပေးဆပ်ထားသည့် သန့်ရှင်းသောတန်ဖိုးကို သူကောင်းစွာသိရှိထားသောကြောင့်ဖြစ်သည်။ သူက “မိစဉ်ဘဆက်ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမူခြင်းမှ ရွှေငွေအစရှိသော ဖောက်ပြန်ပျက်စီးတတ်သော ဥစ္စာနှင့် သင်တို့ကို ရွေးတော်မူသည်မဟုတ်။ အဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့်ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏အသွေးတော်မြတ်နှင့် ရွေးတော်မူသည်ကို သိမှတ်ကြလော့” ဟု ရေးသားခဲ့သည်။ (၁ ပေတရု ၁:၁၈၊ ၁၉) မှန်သည်၊ သန့်ရှင်းမှု၏အရင်းအမြစ်ဖြစ်တော်မူသော ယေဟောဝါဘုရားသခင်သည် လူသားများကို ဘုရားသခင်နှင့်ကောင်းသောဆက်ဆံရေး ရရှိစေမည့် ရွေးနုတ်ဖိုးကိုပေးဆပ်ရန် “သန့်ရှင်းတော်မူသောအရှင်” ဖြစ်သည့် မိမိ၏တစ်ပါးတည်းသောသားတော်ကို ကမ္ဘာမြေသို့စေလွှတ်တော်မူခဲ့ခြင်းဖြစ်လေသည်။—ယောဟန် ၃:၁၆; ၆:၆၉၊ သမ္မာ; ထွက်မြောက်ရာ ၂၈:၃၆; မဿဲ ၂၀:၂၈။

၆။ (က) သန့်ရှင်းသောအမူအကျင့်ကို လိုက်စားရန် ကျွန်ုပ်တို့အတွက် အဘယ်ကြောင့်မလွယ်ကူသနည်း။ (ခ) ကျွန်ုပ်တို့၏အမူအကျင့်ကို သန့်ရှင်းမှုရှိစေရန် အဘယ်အရာက ကျွန်ုပ်တို့ကို အကူအညီပေးနိုင်သနည်း။

၆ သို့ရာတွင် စာတန်၏ယိုယွင်းဖောက်ပြန်နေသောလောကအလယ်၌ရှိနေစဉ် သန့်ရှင်းသောအသက်တာဖြင့် နေထိုင်ရန် လွယ်ကူလိမ့်မည်မဟုတ်ကြောင်း ကျွန်ုပ်တို့အသိအမှတ်ပြုရပေမည်။ သူ၏စနစ်အတွင်း၌ ဆက်လက်အသက်ရှင်နေထိုင်ရန်ကြိုးစားနေကြသည့် စစ်မှန်သောခရစ်ယာန်များအတွက် ထောင်ချောက်များ သူဆင်ထားသည်။ (ဧဖက် ၆:၁၂; ၁ တိမောသေ ၆:၉၊ ၁၀) လောကီလုပ်ငန်းမှ ဖိစီးမှု၊ မိသားစုဆန့်ကျင်မှုမှ ဖိစီးမှု၊ ကျောင်း၌ လှောင်ပြောင်ခံရခြင်းမှ ဖိစီးမှုနှင့် အဖော်အဖက်များထံမှ ဖိစီးမှုတို့က သန့်ရှင်းမှုကိုထိန်းသိမ်းလိုသောသူတစ်ဦးအတွက် သန်မာသောဝိညာဉ်ရေးရှိဖို့ တောင်းဆိုလေသည်။ ၎င်းက ကျွန်ုပ်တို့၏ကိုယ်ပိုင်လေ့လာမှုနှင့် ခရစ်ယာန်စည်းဝေးများကို မှန်မှန်တက်ရောက်မှု၏ အရေးပါသောကဏ္ဍကို အလေးပေးဖော်ပြနေလေသည်။ ပေါလုက “ငါ့ထံ၌ကြားရပြီးသော၊ စင်ကြယ်သော တရားစကားအချုပ်အခြာကို ယေရှုခရစ်၌ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ စွဲလမ်းလော့” ဟူ၍ တိမောသေကို ဩဝါဒပေးခဲ့သည်။ (၂ တိမောသေ ၁:၁၃) အကျိုးရှိသော ထိုစကားများကို ဘုရားသခင့်နိုင်ငံတော်ခန်းမနှင့် ကိုယ်ပိုင်ကျမ်းစာလေ့လာမှုများ၌ ကျွန်ုပ်တို့ကြားသိရကြသည်။ အမျိုးမျိုးအဖုံဖုံသော ဝန်းကျင်အသိုင်းအဝိုင်း၌ ကျွန်ုပ်တို့၏နေ့စဉ်ပြုမူကျင့်ကြံမှုများကို သန့်ရှင်းမှုရှိရန် ၎င်းတို့က ကျွန်ုပ်တို့ကို ကူညီပေးနိုင်လေသည်။

မိသားစုအတွင်း သန့်ရှင်းသောအမူအကျင့်

၇။ သန့်ရှင်းမှုသည် ကျွန်ုပ်တို့၏မိသားစုဘဝအသက်တာကို မည်သို့အကျိုးသက်ရောက်မှုရှိစေသင့်သနည်း။

၇ ဝတ်ပြုရာ ၁၁:၄၄ ကို ပေတရု အကိုးအကားပြုရာ၌ “အပြစ်မှ သီးခြားဖြစ်နေသောကြောင့် ဘုရားသခင်ကို ဆက်ကပ်ထားခြင်း၊ အထွတ်အမြတ်ဖြစ်ခြင်း” ဟု အဓိပ္ပာယ်ရသော ဂရိစကားလုံး ဟားဂျီးအော့စ်ကို သူအသုံးပြုထားသည်။ (ဒဗလျူ.အီး. ဗိုင်း၏ An Expository Dictionary of New Testament Words) ၎င်းက ကျွန်ုပ်တို့၏ခရစ်ယာန်မိသားစုဘဝအတွင်း၌ မည်သို့အကျိုးသက်ရောက်မှုရှိစေသင့်သနည်း။ ကျွန်ုပ်တို့၏မိသားစုဘဝသည် မေတ္တာပေါ်တွင်အခြေတည်သင့်ကြောင်း ယင်းကဆိုလိုခြင်းဖြစ်သည်မှာ သေချာပါသည်။ အကြောင်းမှာ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ” သောကြောင့်ဖြစ်၏။ (၁ ယောဟန် ၄:၈) ကိုယ်ကျိုးစွန့်မေတ္တာသည် လင်နှင့်မယားအကြား၊ မိဘနှင့် သားသမီးအကြားရှိဆက်ဆံရေးကို ချောမွတ်ပြေပြစ်မှုရှိအောင် ထည့်ပေးသော ဆီပင်ဖြစ်သည်။—၁ ကောရိန္သု ၁၃:၄-၈; ဧဖက် ၅:၂၈၊ ၂၉၊ ၃၃; ၆:၄; ကောလောသဲ ၃:၁၈၊ ၂၁။

၈၊ ၉။ (က) ခရစ်ယာန်အိမ်ထောင်စုတစ်စုအတွင်း၌ တစ်ခါတစ်ရံ အဘယ်အခြေအနေမျိုး ပေါ်ပေါက်တတ်သနည်း။ (ခ) ဤကိစ္စနှင့်ပတ်သက်၍ အဘယ်ကောင်းသောသြဝါဒကို ကျမ်းစာက ပေးထားသနည်း။

၈ ခရစ်ယာန်မိသားစုတစ်စုအတွင်း၌ ထိုကဲ့သို့သောမေတ္တာကို အလိုအလျောက်ပင်တင်ပြကြလိမ့်မည်ဟု ကျွန်ုပ်တို့ယူမှတ်ကောင်းယူမှတ်ပေမည်။ သို့သော်လည်း မေတ္တာသည် အချို့သောခရစ်ယာန်အိမ်ထောင်အတွင်း၌ လွှမ်းမိုးသင့်သလောက် လွှမ်းမိုးလေ့မရှိကြောင်း ဝန်ခံရပါမည်။ ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် ထိုသို့ပြုနိုင်ပါသော်လည်း အိမ်ထောင်အသိုင်းအဝိုင်း၌ ကျွန်ုပ်တို့၏သန့်ရှင်းမှုသည် အလွန်လွယ်ကူစွာပျောက်လွင့်သွားနိုင်သည်။ ဇနီးသည်သည် ကျွန်ုပ်တို့၏ခရစ်ယာန်ညီအစ်မတစ်ဦးပင်ဖြစ်ကြောင်း သို့မဟုတ် လင်ယောက်ျားသည် ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် ကျွန်ုပ်တို့၏လေးစားမှုခံရသော (ဓမ္မအမှုထမ်း သို့မဟုတ် အကြီးအကဲတစ်ဦးဖြစ်ကောင်းဖြစ်မည့်) ကျွန်ုပ်တို့၏ညီအစ်ကိုပင်ဖြစ်ကြောင်းကို ချက်ချင်းကျွန်ုပ်တို့မေ့ပျောက်သွားနိုင်သည်။ စိတ်အနှောင့်အယှက်ဖြစ်ကာ ပြင်းထန်သောငြင်းခုံမှုများ ဖြစ်ပေါ်လာနိုင်သည်။ ကျွန်ုပ်တို့၏ဘဝအသက်တာတွင်းသို့ နှစ်ဘဝစံသောအဖြစ်မျိုးပင် မသိမသာဝင်ရောက်လာနိုင်သည်။ ခရစ်တော်ကဲ့သို့သော လင်မယားဆက်ဆံရေးမဟုတ်တော့ဘဲ အတိုက်အခံပြုနေကြသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမျှသာဖြစ်သွားလေသည်။ အိမ်၌သန့်ရှင်းသော အသိုင်းအဝိုင်းရှိသင့်သည်ကို သူတို့မေ့သွားကြသည်။ သူတို့သည် လောကသားများကဲ့သို့ စတင်ပြောဆိုလာကြကောင်းပြောဆိုလာကြမည်။ ထိုအခါရိုင်းစိုင်း၍ ထိခိုက်နာကြည်းစေသောစကားများ အလွန်လွယ်ကူစွာ နှုတ်မှထွက်လာနိုင်သည်တကား!—သု. ၁၂:၁၈; တမန်တော် ၁၅:၃၇-၃၉ နှိုင်းယှဉ်။

၉ သို့သော်လည်း ပေါလုက “ညစ်ညူးသောစကား [ဂရိ၊ လိုဂေါ့စ် ဆာပရော့စ်၊ “မစင်ကြယ်သောစကား၊” ထို့ကြောင့် သန့်ရှင်းမှုမရှိ] တစ်ခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။ ကြားနာသောသူတို့၏အကျိုးကိုပြုစုစေခြင်းငှာ တည်ဆောက်စရာဖို့ ကောင်းသောစကားကိုသာ သုံးဆောင်ကြလော့” ဟု ဩဝါဒပေးခဲ့သည်။ ၎င်းမှာ ကလေးများအပါအဝင် အိမ်တွင်ရှိကြားနာရသောသူအားလုံးတို့ကို ရည်ညွှန်းနေခြင်းဖြစ်သည်။—ဧဖက် ၄:၂၉; ယာကုပ် ၃:၈-၁၀။

၁၀။ သန့်ရှင်းမှုနှင့်ပတ်သက်သောသြဝါဒသည် ကလေးများနှင့် မည်သို့သက်ဆိုင်သနည်း။

၁၀ သန့်ရှင်းမှုနှင့်ဆိုင်သော ဤညွှန်ကြားချက်သည် ခရစ်ယာန်မိသားစုအတွင်းရှိ ကလေးများနှင့်လည်း ထပ်တူပင်သက်ဆိုင်သည်။ သူတို့လေးများသည် ကျောင်းမှပြန်လာပြီး၊ ပုန်ကန်၍ လေးစားမှုမရှိသော သူတို့လောကအဖော်များ၏အပြောအဆိုများကို စတင်၍ တုပကျင့်ကြံကြရန် မည်မျှလွယ်ကူလှပါသည်တကား! ကလေးတို့၊ ယေဟောဝါ၏ပရောဖက်ကို စော်ကားခဲ့သော၊ ယနေ့အချိန်၌ ဆဲရေးတိုင်းထွာ၍ ရိုသေလေးစားမှုမရှိသူတို့ကို ပုံဆောင်သော ရိုင်းစိုင်းသည့်ယောက်ျားကလေးများ တင်ပြသည့်သဘောထားမျိုးသို့ အဆွဲဆောင်မခံပါနှင့်။ (၄ ဓမ္မရာဇဝင် ၂:၂၃၊ ၂၄) သင့်တင့်လျောက်ပတ်သောစကားများကို လုံးလုံးအသုံးမပြုလိုကြသော လူများတို့၏ ညစ်ညမ်းသည့်စကားများဖြင့် သင့်အပြောအဆိုကို မညစ်ညူးစေသင့်ပါ။ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့၏အပြောအဆိုသည် သန့်ရှင်းသော၊ နှစ်သက်ဖွယ်ဖြစ်သော၊ တည်ဆောက်မှုပေးသော၊ ကြင်နာသော၊ “ဆားအားဖြင့် ငန်သောအရသာနှင့်ပြည့်စုံ” သော စကားမျိုးဖြစ်သင့်သည်။ ၎င်းက ကျွန်ုပ်တို့ကို အခြားသူများမှ သီးခြားဖြစ်သူများအဖြစ် ထင်ရှားစေသင့်သည်။—ကောလောသဲ ၃:၈-၁၀; ၄:၆။

သန့်ရှင်းမှုနှင့် ကျွန်ုပ်တို့၏မယုံကြည်သူမိသားစုဝင်များ

၁၁။ သန့်ရှင်းမှုရှိခြင်းဟူသည် မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုထင်ခြင်းဖြစ်သည်ဟု အဘယ်ကြောင့်အဓိပ္ပာယ်မသက်ရောက်သနည်း။

၁၁ ကျွန်ုပ်တို့သည် တာဝန်သိသိဖြင့် သန့်ရှင်းမှုကို ကြိုးစားကျင့်ကြံနေစဉ်၌ သွေးကြီးခြင်း၊ မိမိကိုယ်ကိုဖြောင့်မတ်သည်ဟု ထင်သည့်ဟန်မျိုး မဖြစ်သင့်ချေ။ အထူးသဖြင့် မယုံကြည်သူမိသားစုဝင်များနှင့်ဆက်ဆံသောအခါ၌ ထိုသို့မဖြစ်သင့်ပေ။ ယေရှု၏ပုံဥပမာပါ ကောင်းသောရှမာရိလူ ပြုခဲ့သကဲ့သို့ မေတ္တာနှင့်ထောက်ထားညှာတာမှုကို မည်သို့တင်ပြရမည်ကို ကျွန်ုပ်တို့သိကြောင်း ကျွန်ုပ်တို့၏ကြင်နာသော ခရစ်ယာန်အမူအကျင့်များက အပြုသဘောဆောင်သောနည်းအားဖြင့် ကျွန်ုပ်တို့၏ကွာခြားမှုကို အနည်းဆုံး သူတို့သိမြင်အောင် အကူအညီဖြစ်စေသင့်သည်။—လုကာ ၁၀:၃၀-၃၇။

၁၂။ ခရစ်ယာန်အိမ်ထောင်ဖက်များသည် သူတို့၏ကြင်ဖော်များအား သမ္မာတရားကို ပို၍နှစ်သက်လာအောင် မည်သို့ပြုလုပ်နိုင်သနည်း။

၁၂ “အထက်ဆိုခဲ့ပြီးသည်နည်းတူ မိန်းမတို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။ သို့ပြု၍ နှုတ်ကပါဌ်တရားတော်ကိုနားမထောင်သော ယောက်ျားအချို့ရှိလျှင် ထိုသူတို့သည် တရားမနာသော်လည်း သင်တို့၏ကြောက်ရွံ့ ခြင်းနှင့် စင်ကြယ်သောအကျင့်တို့ကို ထောက်ရှု၍ မိမိမယား၏အကျင့်အားဖြင့် သွေးဆောင်လျက်အတူပါမည်အကြောင်းရှိ၏” ဟု ခရစ်ယာန်ဇနီးသည်များထံ ပေတရုရေးသားခဲ့စဉ်က ကျွန်ုပ်တို့၏မယုံကြည်သူမိသားစုဝင်များအပေါ် တော်လျော်သောသဘောထား ထားရှိခြင်း၏အရေးကြီးမှုကို သူအလေးပေးဖော်ပြခဲ့သည်။ ခရစ်ယာန်ဇနီးသည် (သို့မဟုတ် အလားတူ လင်ယောက်ျား) တစ်ဦး၏အမူအကျင့်သည် စင်ကြယ်မှုရှိမည်၊ ထောက်စာမှုရှိမည်၊ လေးစားဖွယ်ရာဖြစ်မည်ဆိုလျှင် မယုံကြည်သူအိမ်ထောင်ဖက်တစ်ဦးအား သမ္မာတရားကို ပို၍နှစ်သက်မှုရှိလာစေအောင် ပြုနိုင်မည်ဖြစ်သည်။ မယုံကြည်သူ အိမ်ထောင်ဖက်ကို အဖက်မတန်ပြုခြင်း သို့မဟုတ် လျစ်လျူပြုထားခြင်းမရှိစေခြင်းငှာ သီအိုကရက်တစ်အစီအစဉ်ဇယားများကို ပြောင်းသာလဲသာရှိစေသင့်သည်ဟု ယင်းကဆိုလိုနေခြင်းဖြစ်သည်။a—၁ ပေတရု ၃:၁၊ ၂။

၁၃။ တစ်ခါတစ်ရံ အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများသည် မယုံကြည်သူလင်ယောက်ျားများအား သမ္မာတရားကို လေးမြတ်မှုရှိလာအောင် မည်သို့အကူအညီပေးနိုင်သနည်း။

၁၃ တစ်ခါတစ်ရံ အကြီးအကဲနှင့် ဓမ္မအမှုထမ်းများသည် မယုံကြည်သူလင်ယောက်ျားနှင့် လူမှုရေးအရ သိကျွမ်းထားခြင်းဖြင့် အကူအညီပေးနိုင်လေသည်။ သို့အားဖြင့် သက်သေခံများသည် ကျမ်းစာအပြင် အခြားအကြောင်းအရာများကိုလည်းစိတ်ဝင်စားမှုရှိသော ယဉ်ကျေးသိမ်မွေ့သည့် သာမန်လူများသာဖြစ်ကြောင်း သူသိမြင်လာမည်ဖြစ်သည်။ အဖြစ်အပျက်တစ်ခု၌ အကြီးအကဲတစ်ဦးသည် လင်ယောက်ျားတစ်ဦး၏ ငါးမျှားသည့်ဝါသနာကို စိတ်ဝင်စားမှုတင်ပြခဲ့သည်။ ၎င်းက အေးစက်မှုကို ဖြိုခွဲပေးနိုင်ခဲ့၏။ နောက်ဆုံးတွင် ထိုလင်ယောက်ျားသည် နှစ်ခြင်းခံပြီးဖြစ်သော ညီအစ်ကိုတစ်ဦးဖြစ်လာလေသည်။ နောက်အဖြစ်အပျက်တစ်ခု၌ မယုံကြည်သူလင်ယောက်ျားတစ်ဦးသည် သင်္ဘော စာဝါငှက်များကို အလွန်စိတ်ဝင်စားမှုရှိသည်။ အကြီးအကဲများ ဇွဲမလျော့ခဲ့ပါ။ သူတို့ထဲမှတစ်ဦးသည် ထိုအကြောင်းအရာကိုလေ့လာခဲ့သောကြောင့် နောက်တစ်ကြိမ် ထိုလင်ယောက်ျားနှင့်တွေ့သောအခါ သူနှစ်သက်သောအကြောင်းအရာကို အပြန်အလှန်ပြောဆိုကြရန် အစပျိုးပေးနိုင်ခဲ့သည်! ထို့ကြောင့် သန့်ရှင်းမှုရှိခြင်းဟူသည် စည်းကမ်းတင်းကျပ်လွန်းခြင်း သို့မဟုတ် သဘောထားကျဉ်းမြောင်းခြင်းကို ဆိုလိုခြင်းမဟုတ်ချေ။—၁ ကောရိန္သု ၉:၂၀-၂၃။

ကျွန်ုပ်တို့သည် အသင်းတော်၌ မည်သို့သန့်ရှင်းမှုရှိနိုင်မည်နည်း

၁၄။ (က) အသင်းတော်ကို အခြေပျက်စေရန်အတွက် စာတန်အသုံးပြုသောနည်းလမ်းတစ်ခုကား အဘယ်နည်း။ (ခ) စာတန်၏ထောင်ချောက်ကို ကျွန်ုပ်တို့မည်သို့ရှောင်ရှားနိုင်မည်နည်း။

၁၄ စာတန်မာရ်နတ်သည် ရှုတ်ချဂုဏ်ဖျက်သူဖြစ်သည်။ အကြောင်းမှာ မာရ်နတ်ဟူသည့် ဂရိနာမည်သည် “စွပ်စွဲသူ” သို့မဟုတ် “ရှုတ်ချဂုဏ်ဖျက်သူ” ဟု အဓိပ္ပာယ်ရသော ဒိုင်အာဘိုလော့စ် ဖြစ်သောကြောင့်ဖြစ်သည်။ ရှုတ်ချဂုဏ်ဖျက်ခြင်းသည် သူ၏အထူးဂုဏ်အင်္ဂါရပ်တစ်ခုဖြစ်ပြီး ၎င်းကို အသင်းတော်အတွင်း၌ အသုံးပြုရန် သူကြိုးစားနေသည်။ သူ၏အနှစ်သက်ဆုံးနည်းစနစ်မှာ အတင်းအဖျင်းပြောဆိုခြင်းနည်းစနစ်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤမသန့်ရှင်းသောအမူအကျင့်၌ သူ၏လိမ်လည်လှည့်ဖြားခြင်းခံရသူဖြစ်သွားရန် ခွင့်ပြုကြပါသလော။ ယင်းသို့ မည်သို့ဖြစ်သွားနိုင်သနည်း။ ၎င်းကို အစပျိုးပေးခြင်း၊ ၎င်းကို ထပ်ခါထပ်ခါပြောဆိုခြင်း သို့မဟုတ် ၎င်းကို နားထောင်ခြင်းအားဖြင့် ဖြစ်သွားနိုင်သည်။ ပညာရှိသုတ္တံစကားက “သဘောကောက်သောသူသည် ရန်မျိုးစေ့ကိုကြဲတတ်၏။ ကုန်းတိုက်သောသူသည်လည်း မိတ်ဆွေတို့ကို ကွဲပြားစေတတ်၏” ဟု ဖော်ပြထားသည်။ (သု. ၁၆:၂၈) အတင်းအဖျင်းပြောဆိုခြင်းနှင့် ရှုတ်ချဂုဏ်ဖျက်ခြင်းအတွက် ဖြေရှင်းနည်းကား အဘယ်နည်း။ ကျွန်ုပ်တို့၏အပြောအဆိုသည် အမြဲတည်ဆောက်မှုပေးကာ မေတ္တာပေါ်အခြေခံသင့်သည်။ ကျွန်ုပ်တို့ထင်မြင်ယူဆထားသည့် ညီအစ်ကိုများ၏ အကျင့်ဆိုးများအစား သူတို့၏ကောင်းသောအရည်အသွေးများကို ကြည့်ရှုမည်ဆိုလျှင် ကျွန်ုပ်တို့၏ဆွေးနွေးပြောဆိုမှုသည် နှစ်သက်ဖွယ်ဖြစ်သော၊ ဝိညာဉ်ရေးနှင့်ဆိုင်သောအရာ အမြဲဖြစ်ပါလိမ့်မည်။ ဝေဖန်ပြောဆိုခြင်းသည် လွယ်ကူကြောင်း သတိရပါ။ ထို့အပြင် အခြားသူများအကြောင်းကို သင်နှင့်အတင်းအဖျင်းပြောသောပုဂ္ဂိုလ်သည် သင့်အကြောင်းကိုလည်း အခြားသူများနှင့်အတင်းအဖျင်းပြောနိုင်သည်တကား!—၁ တိမောသေ ၅:၁၃; တိတု ၂:၃။

၁၅။ အသင်းတော်တွင်းရှိသူအားလုံးတို့ကို သန့်ရှင်းမှုရှိစေရန် ခရစ်တော်နှင့်တူစေသော အဘယ်အရည်အသွေးက အကူအညီပေးမည်နည်း။

၁၅ အသင်းတော်ကို သန့်ရှင်းမှုရှိစွာ ထားရှိနိုင်ရန်အလို့ငှာ ခရစ်တော်၏စိတ်မျိုး ကျွန်ုပ်တို့အားလုံး၌ ရှိဖို့လိုပေသည်။ ကိုယ်တော်၏အဓိကအရည်အသွေးမှာ ချစ်ခြင်းမေတ္တာဖြစ်ကြောင်း ကျွန်ုပ်တို့သိကြသည်။ သို့ဖြစ်၍ ပေါလုက “ထိုကြောင့် သင်တို့သည် ဘုရားသခင်ရွေးကောက်သောသူ၊ သန့်ရှင်းသောသူ၊ ချစ်အပ်သောသူကဲ့သို့၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့။ . . . အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ . . . စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကို ထပ်၍ယူတင်ဝတ်ဆောင်ကြလော့” ဟု ခရစ်တော်ကဲ့သို့ ထောက်ထားကြင်နာမှုရှိကြရန် ကောလောသဲမြို့သားများကို ဩဝါဒပေးခဲ့သည်။ ထို့နောက် သူက “သင်တို့စိတ်နှလုံးအထဲ၌ ခရစ်တော်၏ငြိမ်သက်ခြင်း အုပ်စိုးစေ” ဟု ထပ်ဖြည့်စွက်ခဲ့သည်။ အမှန်ပင် ဤခွင့်လွှတ်တတ်သောစိတ်ဓာတ်ဖြင့် ကျွန်ုပ်တို့သည် အသင်းတော်၏စည်းလုံးမှုနှင့် သန့်ရှင်းမှုကို ဆက်လက်ထိန်းသိမ်းနိုင်ကြမည်ဖြစ်သည်။—ကောလောသဲ ၃:၁၂-၁၅။

ရပ်ကွက်ထဲတွင် ကျွန်ုပ်တို့၏သန့်ရှင်းမှု ထင်ရှားသလော

၁၆။ ကျွန်ုပ်တို့၏သန့်ရှင်းသောဝတ်ပြုကိုးကွယ်မှုသည် အဘယ်ကြောင့် ပျော်ရွှင်သောဝတ်ပြုကိုးကွယ်မှုဖြစ်သင့်သနည်း။

၁၆ ကျွန်ုပ်တို့၏အိမ်နီးချင်းများနှင့်ပတ်သက်၍ကော အသို့နည်း။ ကျွန်ုပ်တို့ကို သူတို့မည်သို့ရှုမြင်ကြသနည်း။ သမ္မာတရား၏ပျော်ရွှင်မှုကို ကျွန်ုပ်တို့ထင်ဟပ်ပြသလော သို့မဟုတ် ဝန်ထုပ်ဝန်ပိုးဖြစ်နေသကဲ့သို့ အမြင်ရှိစေသလော။ ယေဟောဝါသည် သန့်ရှင်းတော်မူသကဲ့သို့ ကျွန်ုပ်တို့သည်လည်းသန့်ရှင်းမည်ဆိုလျှင် ကျွန်ုပ်တို့၏အပြောအဆိုနှင့် အမူအကျင့်တို့တွင် ၎င်းကို ထင်ရှားပေါ်လွင်စေသင့်သည်။ ကျွန်ုပ်တို့၏သန့်ရှင်းသောဝတ်ပြုကိုးကွယ်မှုသည် ပျော်ရွှင်ဖွယ်ဝတ်ပြုကိုးကွယ်မှုဖြစ်ကြောင်း ထင်ရှားနေသင့်သည်။ အဘယ့်ကြောင့်နည်း။ အကြောင်းမှာ ကျွန်ုပ်တို့၏ဘုရားသခင် ယေဟောဝါရှင်သည် မိမိအားဝတ်ပြုကိုးကွယ်သူများကို ရွှင်လန်းစေလိုသော ပျော်ရွှင်သည့်ဘုရားတစ်ပါးဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ရှေးအချိန်က ယေဟောဝါ၏လူမျိုးတော်အကြောင်းနှင့်စပ်လျဉ်း၍ ဆာလံဆရာက “ယေဟောဝါကို မိမိဘုရားသခင်အဖြစ်ကိုးကွယ်သောလူမျိုးသည် ရွှင်လန်းဝမ်းမြောက်၏!” ဟု ပြောဆိုနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုပျော်ရွှင်မှုကို ကျွန်ုပ်တို့ရောင်ပြန်ဟပ်ပြပါသလော။ ကျွန်ုပ်တို့၏သားသမီးများသည် ယေဟောဝါလူမျိုးအလယ်တွင် ရှိနေရခြင်းအတွက် ကျေနပ်အားရမှုရှိကြောင်းကို ဘုရားသခင့်နိုင်ငံတော်ခန်းမနှင့် အစည်းအဝေးများ၌ တင်ပြကြပါသလော။—ဆာလံ ၈၉:၁၅၊ ၁၆; ၁၄၄:၁၅ခ၊ ကဘ။

၁၇။ မျှတမှုရှိသော သန့်ရှင်းမှုကိုတင်ပြရန် အဘယ်လက်တွေ့ကျသောအရာများကို ကျွန်ုပ်တို့ပြုလုပ်နိုင်မည်နည်း။

၁၇ ကျွန်ုပ်တို့၏ ပူးပေါင်းလုပ်ဆောင်လိုစိတ်နှင့် အိမ်နီးချင်းအပေါ် ရင်းနှီးသောကြင်နာမှုအားဖြင့်လည်း မျှတမှုရှိသော ကျွန်ုပ်တို့၏သန့်ရှင်းမှုကို ပြသနိုင်ကြသည်။ တစ်ခါတစ်ရံ အိမ်နီးချင်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပေမည်။ ရပ်ကွက်သန့်ရှင်းရေး လုပ်ရန်အတွက် သို့မဟုတ် အချို့နိုင်ငံများမှာကဲ့သို့ လမ်းများနှင့် အဝေးပြေးလမ်းမများကို ပြုပြင်မွမ်းမံရန်အတွက် ဖြစ်ကောင်းဖြစ်မည်။ ၎င်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့၏သန့်ရှင်းမှုကို ကျွန်ုပ်တို့၏ဥယျာဉ်ခြံမြေများ သို့မဟုတ် အခြားဥစ္စာပစ္စည်းများကို ဂရုစိုက်စောင့်ရှောက်ပုံတွင်လည်း ထင်ရှားပြနိုင်ပေသည်။ အမှိုက်များ ပြန့်ကျဲနေမည် သို့မဟုတ် ခြံထဲ၌ ရှုပ်ပွနေမည်၊ အားလုံးမြင်နိုင်လောက်သည့်နေရာ၌ပင် ပျက်စီးအိုဟောင်းနေပြီဖြစ်သော ယာဉ်များရှိကောင်းရှိနေမည်ဆိုလျှင် ကျွန်ုပ်တို့၏အိမ်နီးချင်းများကို ရိုသေလေးစားစွာဖြင့် ပြုမူဆက်ဆံနေပါသည်ဟု ပြောနိုင်မည်လော။—ဗျာဒိတ် ၁၁:၁၈။

အလုပ်နှင့် ကျောင်း၌ သန့်ရှင်းမှုရှိခြင်း

၁၈။ (က) ယနေ့ခေတ်ခရစ်ယာန်များအတွက် အဘယ်အကျပ်အတည်းတစ်ခုရှိသနည်း။ (ခ) ကျွန်ုပ်တို့သည် လောကနှင့် မည်သို့သီးခြားဖြစ်နိုင်မည်နည်း။

၁၈ “သင်တို့သည် မတရားသောမေထုန်၌မှီဝဲသောသူတို့နှင့်မပေါင်းဖော်မည်အကြောင်း၊ အထက်သြဝါဒစာ၌ ငါရေးထားခဲ့ပြီ။ ထိုသို့ရေးထားသော်၊ မတရားသောမေထုန်၌မှီဝဲခြင်း၊ လောဘလွန်ကျူးခြင်း၊ အနိုင်အထက်လုယူခြင်း၊ . . . ကိုကိုးကွယ်ခြင်းအမှုကိုပြုသော လောကီသားတို့နှင့်အလျှင်းမပေါင်းဖော်ရဟု မဆိုလို။ ထိုသို့ဆိုလျှင် သင်တို့သည် လောကီမှထွက်သွားရကြမည်” ဟု သန့်ရှင်းမှုမရှိသော ကောရိန္သုမြို့ရှိ ခရစ်ယာန်များထံသို့ တမန်တော်ပေါလု စာရေးခဲ့သည်။ (၁ ကောရိန္သု ၅:၉၊ ၁၀) ၎င်းမှာ စာရိတ္တယိုယွင်းဖောက်ပြန်သောသူများ သို့မဟုတ် ကိုယ်ကျင့်တရားမရှိသောသူများနှင့် နေ့စဉ်ကူးလူးဆက်ဆံနေရမည့် ခရစ်ယာန်များအတွက် အကျပ်အတည်းတစ်ခုဖြစ်သည်။ လိင်ဆိုင်ရာ အနှောင့်အယှက်ပေးမှု၊ စာရိတ္တပျက်ပြားမှုနှင့် မရိုးသားမှုများကို အားပေးသော သို့မဟုတ် ခွင့်ပြုထားသော ဒေသများတွင် အထူးသဖြင့် ၎င်းသည် သမာဓိဆိုင်ရာ ကြီးမားသောစမ်းသပ်မှုတစ်ရပ်ဖြစ်ပေသည်။ ဤကဲ့သို့သောဝန်းကျင်များတွင် ကျွန်ုပ်တို့၏ဝန်းကျင်ရှိသူတို့နှင့် “တန်းတူ” ဖြစ်သွားရန် ကျွန်ုပ်တို့၏စံချိန်များကို လျော့ချလိုက်ဖို့ မဖြစ်နိုင်ချေ။ သို့အစား ကျွန်ုပ်တို့၏ကြင်နာသော်လည်း ခြားနားသောခရစ်ယာန်အမူအကျင့်သည် ပိုင်းခြားဝေဖန်တတ်သောလူများ၊ ဝိညာဉ်ရေးလိုအပ်မှုကို အသိအမှတ်ပြုပြီး ပို၍ကောင်းသည့်အရာကို ရှာဖွေနေသောသူများရှေ့တွင် ကျွန်ုပ်တို့ကို ထင်ပေါ်စေသင့်သည်။—မဿဲ ၅:၃၊ ကဘ; ၁ ပေတရု ၃:၁၆၊ ၁၇။

၁၉။ (က) သင့်သားသမီးများသည် ကျောင်းတွင် အဘယ်စမ်းသပ်မှုများကိုရင်ဆိုင်ကြရသနည်း။ (ခ) မိဘများသည် မိမိတို့၏သားသမီးများနှင့် သူတို့၏သန့်ရှင်းသည့်အမူအကျင့်များကို မည်သို့အထောက်အမပြုနိုင်မည်နည်း။

၁၉ ထိုနည်းတူ ကျောင်း၌ ကျွန်ုပ်တို့၏သားသမီးများ ရင်ဆိုင်နေရကြသည့် စမ်းသပ်မှုများစွာရှိသည်။ အသင်မိဘများ သင့်ကလေးများတက်ရောက်နေသည့် ကျောင်းသို့ သွားရောက်လည်ပတ်ကြပါသလော။ ထို၌ အဘယ်ကဲ့သို့သောဝန်းကျင်မျိုးရှိသည်ကို သင်သိသလော။ ဆရာများနှင့် ဆက်သွယ်ပြောဆိုမှုရှိသလော။ ဤမေးခွန်းများသည် အဘယ်ကြောင့်အရေးကြီးရသနည်း။ အကြောင်းမှာ ကမ္ဘာပေါ်ရှိ မြို့ပြဒေသအများတွင် ကျောင်းများသည် ရာဇဝတ်မှု၊ မူးယစ်ဆေးဝါးနှင့် လိင်ဆိုင်ရာ တောကြီးမျက်မည်းဖြစ်လာနေသောကြောင့်ဖြစ်သည်။ သင့်သားသမီးများသည် သူတို့၏မိဘများထံမှ ထောက်ထားစာနာသော ထောက်မမှုအပြည့်အဝမရရှိပါက သူတို့၏သမာဓိနှင့် သူတို့၏အမူအကျင့်ကို မည်သို့သန့်ရှင်းမှုရှိစေနိုင်မည်နည်း။ သင့်လျော်စွာပင် မိဘများကို တမန်တော်ပေါလုက “အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာမပြုကြနှင့်။ ထိုသို့ပြုလျှင် သူတို့သည် အားလျော့စိတ်ပျက်ခြင်းသို့ရောက်ကြလိမ့်မည်” ဟု ဩဝါဒပေးခဲ့လေသည်။ (ကောလောသဲ ၃:၂၁) သားသမီးများကို မခံမရပ်နိုင်ဖြစ်စေသည့် နည်းတစ်နည်းမှာ သူတို့ နေ့စဉ်ကြုံတွေ့နေရသော ပြဿနာများနှင့် စမ်းသပ်မှုများကို နားလည်ရန် ပျက်ကွက်ခြင်းပင်ဖြစ်သည်။ ကျောင်း၌ကြုံတွေ့ရမည့် စမ်းသပ်မှုများအတွက် ပြင်ဆင်ခြင်းသည် ခရစ်ယာန်အိမ်ထောင်တစ်ခု၏ဝိညာဏအသိုင်းအဝိုင်းအတွင်းမှ စတင်လေသည်။—တရားဟောရာ ၆:၆-၉; သု. ၂၂:၆။

၂၀။ ကျွန်ုပ်တို့အားလုံးအတွက်သန့်ရှင်းမှုသည် အဘယ်ကြောင့်မရှိမဖြစ်လိုအပ်ရသနည်း။

၂၀ နိဂုံးချုပ်အနေနှင့် သန့်ရှင်းမှုသည် ကျွန်ုပ်တို့အားလုံးအတွက် အဘယ်ကြောင့်မရှိမဖြစ်လိုအပ်ရသနည်း။ အကြောင်းမှာ ၎င်းသည် စာတန့်လောကနှင့် အတွေးအခေါ်တို့၏တိုက်ခိုက်မှုမှ အကာအကွယ်ပေးသောကြောင့်ဖြစ်သည်။ ၎င်းသည် ယခုနှင့် အနာဂတ်အချိန်၌ရရှိမည့် ကောင်းချီးတစ်ရပ်ဖြစ်သည်။ ၎င်းသည် ဖြောင့်မတ်သောကမ္ဘာသစ်အတွင်း မှန်သောအသက်ဖြစ်လိမ့်မည့် အသက်တာအတွက် ကျွန်ုပ်တို့ကို အာမခံချက်ပေးသည်။ ၎င်းက ကျွန်ုပ်တို့ကို လိုက်လျောမှုမရှိသော တစ်ယူသန်သူများမဟုတ်ဘဲ မျှတသော၊ ချဉ်းကပ်ရလွယ်ကူသော၊ ဆက်သွယ်မှုရှိသောခရစ်ယာန်များဖြစ်ရန် အကူအညီပေးသည်။ အချုပ်ဖော်ပြရလျှင် ၎င်းသည် ကျွန်ုပ်တို့ကို ခရစ်တော်နှင့်တူစေလေသည်။—၁ တိမောသေ ၆:၁၉။

[အောက်ခြေမှတ်ချက်များ]

a မယုံကြည်သူအိမ်ထောင်ဖက်နှင့် လိမ္မာပါးနပ်စွာပြုမူဆက်ဆံမှုများနှင့်ပတ်သက်၍ ထပ်ဆင့်အကြောင်းအရာများအတွက် ကင်းမျှော်စင် ၁၉၉၀၊ ဩဂုတ် ၁၅၊ (လိပ်) ပါ “သင်၏အိမ်ထောင်ဖက်ကို လျစ်လျူမရှုပါနှင့်!” စာမျက်နှာ ၂၀-၂ နှင့် ၁၉၈၉၊ နိုဝင်ဘာ ၁၊ စာမျက်နှာ ၁၆-၇၊ အပိုဒ် ၂၀-၂ ရှု။

သင်မှတ်မိသလော

◻ သန့် ရှင်းမှုနှင့်ပတ်သက်၍ ခရစ်ယာန်များကို ဩဝါဒပေးရန်လိုအပ်သည်ဟု ပေတရု အဘယ်ကြောင့်ထင်မြင်ရသနည်း။

◻ သန့် ရှင်းမှုရှိသောဘဝအသက်တာဖြင့်အသက်ရှင်ရန် အဘယ်ကြောင့်မလွယ်ကူသနည်း။

◻ မိသားစုအတွင်း၌ သန့် ရှင်းမှုတိုးပွားစေရန် ကျွန်ုပ်တို့အားလုံး ဘာပြုလုပ်နိုင်သနည်း။

◻ အသင်းတော်တွင်း၌ သန့် ရှင်းမှုဆက်လက်ရှိနေရန် အဘယ်မသန့် ရှင်းသောအမူအကျင့်ကို ကျွန်ုပ်တို့ရှောင်ရှားရမည်နည်း။

◻ အလုပ်နှင့် ကျောင်းတွင် ကျွန်ုပ်တို့သည် သန့် ရှင်းမှုကို မည်သို့ဆက်လက်ထိန်းသိမ်းနိုင်မည်နည်း။

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ယေဟောဝါသက်သေများအနေနှင့် ဘုရားသခင်ထံ၌ အမှုထမ်းရာတွင်လည်းကောင်း၊ အခြားလုပ်ဆောင်မှုများတွင်လည်းကောင်း ရွှင်လန်းမှုရှိသင့်သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ